Monday 7 September 2009

ချင်ခြင်းတစ်ခုပြည့်စုံသွားခြင်း

ချင်ခြင်းတစ်ခုရှိခဲ့ဖူးသည်။
ရွှေတိဂုံမြောက်ဖက်မုဒ် အောင်မြေပေါ်ထိုင်ပြီး မိုးကောင်းကင်ရှိ တိမ်တိုက်တို့ကို ထိုးဖောက်လုဟန် ရွှေတိဂုံဘုရားကြီးကို ရိုရိုသေသေဖူးမြော်ပြီး တစ်ခု စဉ်းစားမိ၏ ။ ရန်သူခပင်းကို အောင်မြင်ခဲ့သည့် နေရာ (အောင်မြေ)ကို ယခု ငါရောက်ရှိခဲ့ပြီ။ ဂုဏ်ယူဖွယ်ရှိပေစွ။ ကြည်နူးဖွယ်ဖြစ်ပေစွဟူ၏
နယ်မှနေ၍ နှစ်ညအိပ်သုံးရက်ခရီး ရန်ကုန်ဆင်းလာခဲ့သည့်အတွက် မောပန်းလာခဲ့စိတ်အစဉ်သည် ရွှေတိဂုံဘုရားကြီးကို အောင်မြေပေါ်နင်းပြီး ဖူးလိုက်ရသည့်အခါ လန်းဆန်းအေးမြသွား၏။


သို့သော်.. သို့သော်..
ကျွန်ုပ်သည် ပုထုဇဉ်လူသားတစ်ဦးဖြစ်သည့်အားလျော်စွာ တင်းတိမ်နိုင်မှုမရှိ။ ဖော်ပြမရနိုင်သည့် ချင်ခြင်းတစ်ခု ကျွန်ုပ်စိတ်အစဉ်ဝယ် ကိန်းအောင်းတည်ဝပ်လာ၏။ ရွှေတိဂုံကုန်းမြေရှိအောင်မြေကို နင်းရသကဲ့သို့ ကျွန်ုပ်အကြိုက် ဘောလုံးအသင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက် ဘောလုံးကွင်းအတွင်းသို့ ၀င်ရောက်လည်ပတ်ခွင့်ရပါမူကား ကောင်းလေစွဟူ၍။ သို့သော် တောမှာမွေးဖွားသည့် တောသား တစ်ယောက်ဖြစ်သည့် ကျွန်ုပ်သည် မန်ချက်စတာဘောလုံးကွင်းကို မဆိုထားဘိ မန္တလေးမြို့ရှိ ဗထူးကွင်း၊ ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနှင့်သုဝဏ္ဏကွင်းတို့ကိုပင် မရောက်ဖူးသေး။ မန်ချက်သို့ ရောက်ဖို့ရန်မှာ လူအ အိပ်မက်မြင်မက်သလိုလိုပင်။


ကံတရားကား ဆန်းကြယ်လှပေ၏။ အိပ်မက်သည် တစ်ခါတစ်ရံ အမှန်ဖြစ်တတ်၏။ ကံအားလျော်စွာ ကျွန်ုပ် ချင်ချင်းပြည့်ခွင့်ကြုံလေ၏။ လန်ဒန်သို့ ပညာတော်သင်အနေဖြင့် ကျွန်ုပ်ရောက်ရှိလာခဲ့၏။ ကျွန်ုပ်တို့ လန်ဒန်ယူနီဗာစီတီ၌ တက်ရောက်နေသည့် Pre-sessional courses သည် သြဂုတ်လ ၂၈ ရက်နေ့၌ အပြီးသတ်ခဲ့၏။ မာစတာကို စက်တင်ဘာ ၂၈ ရက်နေ့မှ စတင်တက်ရောက်ရမည်ဖြစ်၏။ ကြားကာလ တစ်လအတိုင်းအရှည်သည် ကျွန်ုပ်တို့အတွက် ဟောလီးဒေးကာလပေတည်း။


လိုရင်းတိုရှင်း ဆိုရပါမူ ကျွန်ုပ်တို့ အုပ်စုသည် စက်တင်ဘာ တစ်ရက်နေ့၌ စကော့တလန်ခရီးစဉ်ကို စတင်၏။ ၄င်းညတွင် ဆန်းဒါးလင်းမြို့ ATHOL HOUSE တည်းခိုခန်း ၌ အနားယူအိပ်စက်ခဲ့၏။ ဆန်းဒါးလင်းသည် လန်ဒန်နှင့် မိုင် ၃၀၀ ကျော် ဝေးကွာ၏။ နောက်တစ်နေ့၌ ဆန်းဒါးလင်းရှိ
ရိုမန်ဖော့ဒ်(ခံတပ်)နှင့်ပင်လယ်ကမ်းခြေသို့ လည်ပတ်ပြီး နယူးကာဆယ်သို့ ချီတက်ခဲ့ကြ၏။ နယူးကာဆယ်ရှိ မီလျံနီယံ တံတားကြီးသို့ လည်ပတ်ကြည့်ရှုကြ၏။ ထို့နောက် တစ်ဆက်တည်း စကော့တလန်သို့ အပြင်းမောင်းနင်ခဲ့ကြလေသတည်း။


စကော့တလန် အေဒင်ဘရာမြို့တော်ကို ညနေခပ်စောင်းစောင်းတွင် ရောက်ရှိပြီး အချိန်ရသေးသည့်အတွက် ကမ္ဘာ့နာမည်ကြီး အေဒင်ဘရာရဲတိုက်ကြီးသို့ သွားရောက်လည်ပတ်ကြ၏။ ထို့နောက် Calton Hill သို့ ချီတက်ကြ၏။ ၄င်းတောင်ကုန်းပေါ်၌ မြန်မာစာဖြင့်ရေးထွင်းထားသည့် အမြောက်ကြီးတစ်လက်ကို တွေ့ရသည်မှာ အံ့သြချင်စရာ။
ညတွင် Borough Hotel ၌ အိပ်စက်အနားယူကြ၏။ ခရီးအတူသွားကြသည့်သူများမှာ ကားဆရာကိုနေလင်း ကိုခင်မောင်ဌေး ဘလော့ဂါကိုမင်းထက် နှင့်ကျွန်ုပ်ကိုယ်တိုင်ပင်တည်း။


နောက်တစ်နေ့ (စက်တင်ဘာ သုံးရက်နေ့) နံနက် ကိုးနာရီခွဲခန့်၌ အေဒင်ဘရာမြို့မှ အင်္ဂလန်သို့ ပြန်ချိုးလာပြီး မန်ချက်စတာမြို့သို့ ၀င်ရောက်ခဲ့ကြသည်။ ဘုရားဖူးဖို့သွားရောက်ခြင်းမဟုတ်ပေ။ မန်ချက်စတာယူနိုက်တက် ဘောလုံးကွင်းအတွင်းသို့ သွားရောက်လည်ပတ်ဖို့ပင် ဖြစ်ပေတော့၏။ လမ်းအခြေအနေကြောင့် မန်ချက်စတာဘောလုံးကွင်းသို့ ညနေ သုံးနာရီခွဲခန့်လောက်မှ ရောက်ရှိ၏။ လေးနာရီခွဲ၌ ဘောလုံးကွင်းထဲသို့ ဂိုက်အကူအညီဖြင့် ၀င်ရောက်ကြရ၏။ ၀င်ခ ၁၂ ပေါင်နှင့်ဆင့် ၅၀ ပေးရ၏။ ကျောင်းသားကဒ်ပါလျင် ၈ ပေါင်သာပေးရသည်ဟုသိရ၏။ ကျွန်ုပ်တို့အုပ်စုကား ကိုနေလင်းမှလွဲ၍ မည်သူမှ ကျောင်းသားကဒ်မရသေးပေ။ ကွင်းအတွင်းရောက်ရှိသောအခါ ပွဲကြည့်စင်ပေါ် ကျွန်ုပ်တို့ ထိုင်ကြရ၏။ ထို့နောက် ဂိုက်က မန်ချက်ဘောလုံးစတင်ဖြစ်ပေါ်လာပုံအကြောင်း၊ ဖလားများစွာ ရထားဖူးသည့်အကြောင်း၊ မြူးနစ်၌လေယာဉ်ပျက်ကြခဲ့သည့်အကြောင်း စသဖြင့်စသဖြင့် အပြည့်အစုံရှင်းပြပေးလေသည်။


ထို့နောက် ကွင်းတစ်ပတ်လိုက်ပြပေးသည်။ ကစားကွင်းမြက်ခင်းပေါ်ကား ဖြတ်နင်းခွင့်မပြုပေ။ ကစားသမားနားနေခန်း (၄င်းအခန်း၌ ဒေးဘက်ဘက်ဟမ်နှင့်ဗစ်တိုးရီးယားစတွေ့ခဲ့သည်ဟု ပြောပြသည်) ဘောလုံးပွဲအပြီး ဘီဘီစီတွေ့ဆုံမေးမြန်းသည့်နေရာ၊ ဘောလုံးကစားဖို့ ကစားသမားများထွက်လာသည့် ထွက်ပေါက်၊ မန်နေဂျာထိုင်ခံ၊ ကစားသမားများထိုင်ခုံ စသဖြင့် အစုံအလင် ကြည့်ရှုထိတွေ့ခွင့်ရရှိခဲ့သည်။ ဘောလုံးကွင်းအတွင်း လိုက်ပတ်ကြည့်ရှုချိန်မှာ တစ်နာရီကျော်ကျော် ကြာလေသည်။


ဘောလုံးကွင်းကထွက်ခွါပြီး အပြန်ခရီး၌မူ ကျွန်ုပ်၏ ခန္ဓာကိုယ်သည် လွန်စွာမှ ပေါ့ပါးလန်းဆန်း၍ တက်ကြွနေလေတော့၏။ အဘယ့်ကြောင့်ဆိုသော် အနှစ်နှစ်အလလမှ စတင်ပြီး ကျွန်ုပ်၏ စိတ်အတွင်း သန္ဓေတည်ရှိခဲ့သည့် မဟာချင်ခြင်းကြီး ပြီးပြည့်စုံသွားသောကြောင့်ပင်တည်း။ ။


......

3 comments:

ခြေလှမ်းသစ် said...

ကိုကိုမောင် ရေ ဒီချင်ချင်းလေးကို ကျွန်ုပ်လည်း ရပါလို ကြောင်း ... ဒီလိုပဲပေါ့ဗျာ လူဟာကြိုးစားရင် ဘယ်တောရွာက မွေးဖွား မွေးဖွား တော်လွန်းတော့ စင်တော်က ကောက်ရတာပေါ့ .... ဓါတ်ပုံလေးများကြည့် ရင်း အာသာဖြည်သွားရပါတယ်

မြစ်ကျိုးအင်း said...

ဟေ့လူ အားကျအောင်လုပ်နေတာလားဗျ
ကျနော်လည်း အဲဒီ့ စိတ်ဆန္ဒရှိတယ်ဗျ ဘယ်တော့မှ ရောက်ဖြစ်မလဲတော့မသိသေးဘူး။
အားကျစရာပဲဗျာ။
အင်္ဂလန်ရောက်ဖူးချင်တဲ့ထဲမှာ မန်ယူကွင်းမှာ မန်ယူပွဲ ကို သွားကြည့် ချင်တာက ၆၀ ရာခိုင်နှုန်းလောက်ရှိတယ်

မိုးစက်အိမ် said...

ကျွန်တော်လည်း ရောက်ချင်လိုက်တာဗျာ
သရဲနီတွေရဲ. အောင်မြေ ထိတွေ.ခွင်.ကို
တောင်.တမိတယ် အစ်ကိုရာ ...