အကောင်းဆုံးအလုပ်ဟာ နှစ်ခြိုက်စွာ အိပ်စက်ခြင်းပါဘဲ။
အိပ်တယ်ဆိုတာ အပြောလွယ်သလောက် ကျနော့်အတွက်တော့ တကယ်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဒါကြောင့်မို့လဲ ခဏလေးအတွင်း စကားပြောရင်းနဲ့ ဟောက်သံပေးပြီး အိပ်စက်တတ်ကြတဲ့သူတွေကိုတွေ့ရင် အားကျမိတယ်။ သူတို့လို ဖြစ်ချင်တယ်။
အမြဲနိုးကြားမှုရှိလို့ဘဲလား ဒါမှမဟုတ် အတိတ်ဘ၀က သူများအိပ်ပျော်နေတဲ့အခါ နှောင့်ယှက်ခဲ့မိလို့ ၀ဋ်လည်တာလားတော့ မပြောတတ်တော့ပါဘူး။ ဘယ်လောက်ဘဲ အိပ်မောကျနေနေ အသံလေးတစ်သံကြားလိုက်ရင် ကျနော် ဖြတ်ကနဲနိုးလာတတ်တယ်။ ပြီးတော့ ပြန်အိပ်ရင်လဲ တော်တော်နဲ့ အိပ်မပျော်တတ်တော့ဘူး။ ကျနော့်ကို ကျနော် အတော်လေးစိတ်တိုမိတယ်။
အိပ်ပျော်လွယ်အောင်ပြုလုပ်တဲ့ နည်းတွေလဲ အတော်လေးကျင့်သုံးပြီးပါပြီ။ တစ်ခုမှ အစပ်မတည့်ဘူးဖြစ်နေတယ်။ တစ်ကနေ တစ်ထောင်အထိ အိပ်ရင်းနဲ့ စိတ်ထဲက ရေတွက်ကြည့်ဖူးတယ်။ တစ်ထောင်သာကျော်သွားတယ်။ အိပ်လို့မပျော်ဘူး။ မေတ္တသုတ်ကိုလဲ တစ်ခေါက်ပြီးတစ်ခေါက်ရွတ်ကြည့်ပါတယ်။ ဒါပေမဲ့ ထိုနည်းလည်းကောင်းပါဘဲ။ အဆင်မပြေဘူး။ မိတ်ဆွေတစ်ယောက်ရဲ့  အကြံပေးမှုကြောင့် ထွက်လေ၀င်လေကိုလဲ ကြိုးစားမှတ်ဖူးပါတယ်။ အဲဒါလဲ အသုံးမတည့်ဘူးဖြစ်နေတယ်။
အခုအချိန်မှာ တကယ်လို့ တစ်စုံတစ်ယောက်က ကိုကိုမောင်ရေ.. မင်းအလိုချင်ဆုံးအရာက ဘာပါလဲ လို့ မေးလာရင် ကျနော် အလိုချင်ဆုံးအရာဟာနှစ်သက်စွာ အိပ်စက်ခြင်းကိုပါဘဲ လို့ မဆိုင်းမတွ ဖြေဆိုဖြစ်မှာ သေချာပါတယ်။ အိပ်ရေးပျက်တဲ့ညတွေ အရမ်းများခဲ့တာကိုး။
ပြီးတော့ တစ်ယောက်ထဲ အခန်းထဲမှာ အိပ်ခဲ့ဖူးတဲ့ အလေ့အထက ရှိလေတော့ တစ်ခန်းထဲ နှစ်ယောက် သုံးယောက်စုအိပ်ကြရင် ကျနော် တော်တော်နဲ့ အိပ်မပျော်တတ်တော့ဘူး။ ယုတ်စွအဆုံး တစ်ယောက်ယောက်ရဲ့  အသက်ရှူသံကို ကြားနေရရင် ကျနော် အိပ်လို့မရတော့ဘူး။ အိပ်ဟောက်တတ်တဲ့သူပါလာရင် ပိုဆိုးရောပေါ့။
ခြေနင်းသံ တံခါးဖွင့်သံ ကုတင်တကျိကျိမြည်သံ အရာဝတ္ထုတစ်ခုခုကိုပစ်ချသံ ရေကိုဂလုဂလုမြည်အောင်သောက်သံ ချောင်းဆိုးသံ ကြို့ထိုးသံ နှာချီသံ ချွဲခပ်ထုတ်သံ လေလည်သံစတဲ့ အသံတွေလဲ ကျနော့်ရဲ့  အိပ်စက်ခြင်းကို ပျက်ပြားစေပါတယ်။
ဒါတွေရေးပြနေလို့ ကျနော့်အခန်းဖော်တွေကို အပြစ်တင်နေတယ်လို့ မထင်စေချင်ပါဘူး။ ကျနော့်ကိုကျနော်ဘဲ မကျေမနပ်ဖြစ်နေတာပါ။ သူများတွေ အိပ်ပျော်နေရင် ကျနော်လဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်။ နှစ်ခြိုက်စွာအိပ်စက်ခြင်းမှ နိုးထလာတဲ့အခါ စိတ်က အရမ်းလန်းဆန်းနေတတ်တယ်မဟုတ်လား။
အိပ်စက်ခြင်းကို အပြည့်အ၀လိုလားတဲ့အတွက် သူများတွေ နှစ်ခြိုက်စွာ အိပ်ပျော်နေရင်လဲ ကျနော် ဘာအသံမှ မမြည်အောင် သတိထားပြီးနေပါတယ်။ ဘ၀ဆက်တိုင်း ၀ဋ်လည်မှာ အရမ်းကြောက်နေပြီ။ အိပ်မပျော်တိုင်း ကြိုးစားပြီးအိပ်ပျော်အောင်ကြိုးစားတယ်။ ကြိုးစားပေမဲ့ အိပ်မပျော်ရင် ကျနော့်ကိုကျနော် အရမ်းစိတ်တိုတယ်။ တစ်ခါတစ်လေ တစ်ညလုံး အိပ်ရာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နဲ့ အချိန်ကုန်တတ်တယ်။ ဟိုအကြောင်းဒီအကြောင်း မစဉ်းစားဘဲ ခေါင်းထဲရောက်လာပြီး အတွေးယာဉ်ကြောနောက် ပါပါသွားတတ်တယ်။
သေချာပါတယ်။ ဟိုအရင်ဘ၀က ကျနော် သူများတွေကို အတော်လေးဒုက္ခပေးခဲ့ပုံရတယ်။ အထူးသဖြင့် သူများတွေ အိပ်ပျော်နေတဲ့အချိန်မှာ အနှောင့်အယှက်တွေ ပေးခဲ့မိတာဖြစ်နိုင်တယ်။ ဒါကြောင့် ၀ဋ်လည်နေတာ။
ဒါကြောင့် မိတ်ဆွေတို့ကိုလဲ သူများတွေ အိပ်ပျော်နေရင် လန့်နိုးလာအောင် မစကြမနှောက်ကြဖို့ အကြံပေးလိုပါတယ်။ အိပ်မပျော်တတ်တဲ့ရောဂါဟာ အဆိုးဝါးဆုံးရောဂါတစ်ခုပါဘဲ။ ခေါင်းအုံးပေါ်ခေါင်းချလိုက်ရင် အိပ်ပျော်တတ်ကြတဲ့သူတွေက အိပ်စက်ခြင်းကို အလေးမထားပေမဲ့ တကယ်အိပ်မရတဲ့အခါကျရင် အိပ်စက်ခြင်းရဲ့  တန်ဖိုးကို သိလာမှာသေချာပါတယ်။ တကယ်ကို နေရထိုင်ရခက်ပါတယ်။ စိတ်လဲ မရွှင်လန်းဘူး။ စိတ်တိုမြန်လာတတ်တယ်။ အရာတိုင်းကို အလိုမကျတတ်ဘူး။ ကိုယ့်ကိုကိုယ်လဲ စိတ်တိုင်းမကျတတ်ဘူး။
တကယ်လို့ မိတ်ဆွေတို့ဆီမှာ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို ဖြစ်ပေါ်စေတတ်တဲ့ နည်းစနစ်ကလေးတွေရှိရင် ကျနော့်ကို မျှဝေပေးကြစေလိုပါတယ်။ ကျနော် တကယ်လိုအပ်နေလို့ပါ။
ကျနော့်ဘ၀ရဲ့  အလိုအပ်ဆုံးအရာဟာ အိပ်စက်ခြင်းပါဘဲဗျာ။
.....
4 comments:
ကိုကိုမောင်ရေ---
အိပ်ယာမဝင် မှီ ရေနွေးပူပူလေးနဲ့ရေချိုးပါ--
ညစာ အဝစားပါ--အဆာမခံပါနဲ့
ကော်ဖီ--လဘက်ရည်မသောက်နဲ့--
ည အိပ် အဝတ်အစားကိုချောင်ချိစွာဝတ်ပါ--
အချိန်ယူပြီး အိပ်ရာဝင်ပါ--
စာဖတ်ပါ---မျက်လုံးစင်းလာမယ်-
အိပ်ချင်လာမှအိပ်လိုက်ပါ--
အိပ်ပျော်ပါစေ--
ကိုကိုမောင်ရေ မသက်ဇင်ပြောသလိုလုပ်ကြည့်ပါ. . စာဖတ်ပါ အိပ်ခါနီး.. ပြီးတော့ ဘုရားစာကိုရွတ်ပြီး အိပ်ကြည့်ပါ အိပ်ပျော်မယ်လို့ထင်ပါတယ်...
ကျွန်တော်ကတော့ အိပ်ကာ နီးရင် တရားထိုင်တယ်..။
ခါးညောင်းသွား ရင် ခြေလက်ဆန့် ပြီးတော့
အာနာပါ နရှု ပြီးအိပ်တယ်..။
သိုးလို့ 
မသက်ဇင်ပြောတာလည်း မဆိုးဘူး..။
ရေနွေး ပူပူလေးနဲ့ ရေချိုးတာ အိပ်ပျော်ဖို့ တွန်းအား ပေးတယ်..။
8 ma ya yin 8 sayy tauk pyi 8
Post a Comment