ကျွန်ုပ်၌မိဘနှစ်ပါးရှိခဲ့သည်။
ကျွန်ုပ်တို့ကို လူလားမြောက်အောင် အမေ ပြုစုပျိုးထောင်ပေးခဲ့သည်။ သားငါးယောက်တို့၏ စားဝတ်နေရေးအတွက် ကောက်စိုက်ပျိုးနှုပ်ဘ၀ဖြင့် အမေကျင်လည်လှုပ်ရှားနေခဲ့ရသည်။ အမေ့လက်နုနု၌ အသားမာတို့နေရာယူကြကုန်ပြီ။ အဖေ့အလွမ်းပြေအဖြစ် အမေကွမ်းစားတတ်လာသည်။ ထို့ကြောင့် အမေ့သွားတို့ နီကျင်ကျင်ဖြစ်နေကြသည်။ အဖေဆုံးစဉ်က အမေ့အသက် ၃၀ မျှသာရှိသေးသည်။ သို့သော် နောက်အိမ်ထောင်ကို အမေလုံးဝမစဉ်းစားခဲ့ပေ။ သားငါးယောက်တို့၏ ဘ၀သည် အမေ့ဘ၀ဖြစ်သည်။ သားငါးယောက် ပြုံးပျော်နေသည်ကို မြင်တွေ့ရလျှင် အမေကျေနပ်နေတတ်သည်။ သားငါးယောက် အဆင်မပြေဖြစ်နေသည်ကို မြင်ရလျှင် အမေ ခိုးပြီးမျက်ရည်ကျတတ်သည်။ အမေ့ဘ၀သည် ကြမ်းတမ်းလွန်းလှသည်။ ဘ၀အတွက် ရုန်းကန်လှုပ်ရှားရလွန်း၍ အသက်ငယ်ငယ်ရှိသေးသည့် အမေသည် အသက် ၅၀ ကျော်အရွယ်ဟု ထင်ရလောက်အောင် အရွယ်ကျမြန်လွန်းလှသည်။
ကျွန်ုပ်တို့ မိသားစု အလွန်ဆင်းရဲခဲ့သည်။ အလွန်ဒုက္ခရောက်ခဲ့ကြသည်။ အထူးသဖြင့် ဒုက္ခအားလုံး အမေ့အပေါ် ပုံကျလာတတ်သည်။ ကျွန်ုပ်၏အကိုလတ်သည် အမေဆင်းရဲနေသည်ကို မကြည့်ရက်တော့ပေ။ ထို့ကြောင့် အမေနှင့်တကွ မိသားစုအားလုံး ချမ်းသာဖို့အရေး မြို့တက်ပြီးအလုပ်ရှာသည်။ ရန်ကုန်ထိတက်၍ အလုပ်လုပ်သည်။ နောက်ဆုံး သူငယ်ချင်းတစ်စုနှင့်အတူ တာချီလိတ်သို့ ရောက်သွားသည်။ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံတွင်းသို့ ပုန်းလျှိုးကွယ်လျှိုးရောက်သွားသည်။ မိသားစုအရေး အကိုလတ်စွန့်စားလွန်းသည်။ သူသည် ချမ်းသာကြွယ်ဝသည့် အမေနှင့်ညီအစ်ကိုတို့ကို ပုံဖော်ကြည့်ပြီး အားတက်စွာ အလုပ်လုပ်သည်။ သို့သော် ယနေ့တိုင် အကိုလတ်ကို အဆက်အသွယ်မရတော့ပေ။ သေလားရှင်လား မသိရလောက်အောင် ပျောက်ဆုံးစာရင်းဝင်နေလေသည်။
ပထမဆုံးနှင့်နောက်ဆုံးအဖြစ် အကိုလတ်ပို့ခဲ့သည့် ငွေကြေးအနည်းငယ်ဖြင့် အမေ့အိမ်ကို တည်ဆောက်ခဲ့ကြသည်။ အကိုလတ်သည် မိသားစုအားလုံးထဲတွင် မြို့တက်ပညာသင်နေသည့် ကျွန်ုပ်နှင့်သာ အဆက်အသွယ်လုပ်သည်။ နောက်ပိုင်း၌ ကျွန်ုပ်နှင့်ပင် အဆက်အသွယ်ပြတ်တောက်သွားသည်။ ဘယ်ဆီဘယ်ဝယ်ရောက်သွားမှန်း မသိတော့ပေ။ အကိုလတ်ကို ကျွန်ုပ် မကြာမကြာ အိပ်မက်မက်သည်။ "မချမ်းသာမချင်း မပြန်လာဘူး"ဟု ဟစ်ကြွေးသွားခဲ့သည့် အကိုလတ်၏ စကားကို ကျွန်ုပ်အမှတ်ရနေမိသည်။ အမေသည် ကျွန်ုပ်အား "အကိုလတ်နှင့်အဆက်အသွယ်ရလား" ဟူ၍ အကြိမ်ပေါင်း တစ်ရာမက မေးသည်။ ကျွန်ုပ်လည်း အမှန်အတိုင်း "မရဘူး" ဟုပင်ပြန်ဖြေသည်။ မြို့ကနေ ကျွန်ုပ် အလည်အပတ်ပြန်လာတိုင်း အမေက ကျွန်ုပ်ကို အကိုလတ်အကြောင်း ခဏခဏမေးလေ့ရှိသည်။ ထိုသို့ခဏခဏမေးလွန်းသည့်အတွက် ကျွန်ုပ်က "အမေရယ်... အနားမှာရှိတဲ့သားတွေကို အားမကိုးဘဲနဲ့ ဘာဖြစ်လို့ အမေတစ်ယောက်လုံးကိုတောင် အဆက်အသွယ်မလုပ်တဲ့သားအကြောင်းကိုမှ ခဏခဏမေးနေရတာလဲ၊ အမေ့ကို သူသတိရရင် သူဆက်သွယ်မှာပေါ့၊ မေ့ထားလိုက်စမ်းပါ အမေရာ" ဟု ၀မ်းနည်းသံကြီးဖြင့် ပြောလိုက်မိလေသည်။ အမေမျက်နှာသိသိသာသာ ညှိုးငယ်သွားသည်ကို ကျွန်ုပ် တွေ့မြင်လိုက်ရပြီး စိတ်မကောင်းဖြစ်မိသည်။ ထိုနေ့မှ စ၍ ကျွန်ုပ်ကို အကိုလတ်အကြောင်း အမေ ဘယ်တော့မှ မမေးတော့ပေ။
ကျွန်ုပ်သည် တစ်မြို့ပြီးတစ်မြို့ ပြောင်းပြီး ပညာသင်ယူသည်။ မြို့ကြီးတစ်မြို့၌ ပညာသင်ကြားနေခိုက် တစ်နေ့၌ ဖုန်းတစ်ခုဝင်လာသည်။ "အမေနေမကောင်းသည့်အကြောင်း၊ အစားအစာမ၀င်တာ နှစ်လလောက်ရှိပြီ ဖြစ်ကြောင်း၊ နေမကောင်းခါစကထဲက ကျွန်ုပ်ကို အကြောင်းကြားချင်သော်လည်း ကျွန်ုပ်၏ပညာရေး အနှောက်အယှက်ဖြစ်မှာစိုးရိမ်၍ အမေက အကြောင်းမကြားဖို့ တားမြစ်ထားခဲ့သည့်အတွက် အကြောင်းမကြားခဲ့တာ ဖြစ်ကြောင်း၊ ယခု အခြေအနေဆိုးရွားလာ၍ အမေမသိခင် ခိုးပြီးဖုန်းဆက်အကြောင်းကြားရခြင်းဖြစ်ကြောင်း၊ အခြေအနေလုံးဝမကောင်းတော့ကြောင်း" စသည်ဖြင့် အမေ့ကျန်းမာရေးအတွက် အကြောင်းကြားသောဖုန်းပင်ဖြစ်သည်။ ကျွန်ုပ်ကြိတ်ငိုနေမိခဲ့သည်။ ကျွန်ုပ်တို့၏ ဦးတည်ချက်သည် အမေ့အတွက်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကြိုးစားမှုသည် အမေ့ ငြိမ်းချမ်းမှုအတွက်ဖြစ်သည်။ အမေ့ကို ချမ်းချမ်းသာသာထားချင်သည်။ တင့်တောင့်တယ်တယ်ဖြင့် ရပ်ရွာအလည်မှာ ၀င့်ကြွားစေချင်သည်။ အမေပြုံးပျော်နေတာကို မြင်ချင်သည်။ ကျွန်ုပ်တို့နှင့်ပတ်သက်၍ အမေဂုဏ်ယူနေတာကို ကြုံတွေ့ချင်သည်။ အမေသည် အမေ့အလှည့်၌ ကျွန်ုပ်တို့သားငါးယောက်လုံးကို တတ်နိုင်သလောက် ဆင်ပေးခဲ့သည်။ ကျွေးမွေးခဲ့သည်။ ပညာပေးခဲ့သည်။ သို့သော် ကျွန်ုပ်တို့အလှည့်ကို အမေစောင့်နိုင်အံ့မထင်တော့ပေ။ ထိုအတွက် ကျွန်ုပ် ပို၍ ၀မ်းနည်းမိသည်။
ဖုန်းသတင်းရရချင်း နှစ်ညအိပ် သုံးရက်ခရီးဖြင့် အမေရှိရာ(တုံးဖလားရွာ)သို့ ရထားတစ်တန် ကားတစ်တန်ဖြင့် ကျွန်ုပ်အပြေးပြန်လာခဲ့သည်။ အမေ့အိမ်ရောက်သောအခါ အမေ့ကို အိပ်ရာထဲမှာ ပက်လက်အနေအထားဖြင့် တွေ့ရသည်။ အမေ့မျက်နှာသည် ချုံးချုံးကျနေလေသည်။ အမေ့လက်ဖျံရိုးတို့သည် အရိုးပေါ်အရေတင်ရုံသာရှိပြီး ကျူရိုးပုံစံဖြစ်နေလေသည်။ အမေ့လက်ဖ၀ါးပြင်တို့သည် ဖြူဖတ်ဖြူရော်ဖြစ်နေကြသည်။ အမေ့လက်ဖ၀ါးလေးကို ကျွန်ုပ်ကိုင်ကြည့်သည်။ ကျွန်ုပ်အဖို့ သိတတ်စအရွယ်ကထဲက အမေ့အသားကို ပထမဦးဆုံး ထိဖူးခြင်းပင်ဖြစ်သည်။ အမေ့လက်ဖ၀ါးသည် နွေးနွေးထွေးထွေးရှိလှသည်။ ကျွန်ုပ်၏ လက်ကို အမေ ပြန်ဆုပ်ကိုင်ပြီး "သားလေးကို ညတုန်းက အမေအိပ်မက်မက်တယ်" ဟု ကျွန်ုပ်ကို စကားတိုးတိုးညှင်းညှင်းလေးပြောလေသည်။ အမှန်ဆို ကျွန်ုပ်ကို အကြောင်းကြားထားမှန်း အမေမသိရှိခဲ့ပေ။ ကျွန်ုပ်ရောက်လာမည်ကိုလည်း အမေကြိုတင်သိမနေခဲ့ပေ။ သို့သော် ကျွန်ုပ်ရွာပြန်လာသည်ကို အမေကြိုသိနေသယောင်ဖြစ်သည်။ အမေက ဆက်ပြီး စကားဆိုသည်။ "သားလေးရယ်... ဘာဖြစ်လို့ ပညာရေးတွေအပျက်ခံပြီး အမေ့ဆီ ပြန်လာရတာလဲ။ အမေ့အသက် သေချင်သေသွားပါစေ။ အမေ့သားလေးရဲ့ ပညာရေးကို အမေ အဆုံးရှုံးမခံနိုင်ပါဘူး" ဟု ပြောပြီး အမေ မျက်ရည်ကျလေသည်။ အမေ့ကိုကြည့်ပြီး ကျွန်ုပ်လည်း အားရပါးရငိုကြွေးမိသည်။ ကျွန်ုပ်၏ ညီအကိုများအားလုံးလည်း ငိုကြွေးကြလေသည်။ ထိုနေ့၌ (အကိုလတ်မှ လွဲ၍) ကျွန်ုပ်တို့ မိသားစု စုံစုံလင်လင် ငိုပွဲဆင်ခဲ့ကြသည်။
ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။
မှတ်ချက်။
အမှတ် (၁) အမှတ် (၂) အမှတ် (၃) နှင့် အမှတ် (၄) တို့ကိုလည်း လင့်ခ်ကလေး ချိတ်ပေးလိုက်ပါသည်။
...

24 comments:
ဘဝဖြစ်စဉ် အစ-အဆုံး ဖတ်သွားခဲ့တယ် အကိုရေ လောကဓံတရားကို လူသားတိုင်း နည်းအမျိုးမျိုးနဲ့ ခံစားကြရတာ ဓမ္မတာပါ။ ဒီလောကဓံကို ကြံ့ကြံ့ခံရင်း လက်တကမ်းအလိုက အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကိုလတ်နဲ့လည်း အမြန်ဆုံးပြန်လည်ဆုံဆည်း နိုင်ပါစေ။
ဟင်းးးးးးသက်ပြင်းပဲ ချနိုင်တော့တယ် တဂျီးရာ...။
နည်းနည်းတော့ ဇာတ်ဆန်သလိုပဲ...၊သို့ပေမယ့် အပြင်လက်တွေ့ ဘဝတွေက တခါတလေတော့လည်း
ဝတ္ထုဇာတ်လမ်းတွေထက် ပိုပြီ ကြေကွဲ ရင်နင့်ရတာတွေပါ..။
စာဖတ်ပြီးရင်ထဲမကောင်းဖြစ်မိပါတယ်။
သာယာချမ်းမြေ့တဲ့မိသားစုဘဝကိုပိုင်နိုင်ပါစေရှင်း
မိုး
သဂျီး တကယ့်အဖြစ်အပျက်လား...သားကိုတွေ့တော့ အမေပြန်ကျန်းမာလာတယ်လား...
ကျနော့အမေတော့ သားတွေပြန်ရောက်လာရင် ချက်ချင်းထူထူထောင်ထောင် ဖြစ်ပြီး နေကောင်းသွားတာပဲ..
ဗျို့ သူကြီးမင်း .. သူကြီးမင်း။ နံပါတ်ငါး ဖတ်ပြီး မျက်ရည်လည်လာလို့.. 1+2+3+4 နောက်နေ့မှ ဖတ်မယ် နို့မို့ဆို သူဂျီး တို့ မိသားစုနဲ့ ရော ငိုမိမှာ
လဲကျရင် ပြန်ထပါ သူဂျီးမင်း။ စေတနာ စကားဆိုရလျှင် ဒါတွေ ဟာ သဂျီးမင်းအတွက် အကောင်းဆုံး တွန်းအားတွေ ဖြစ်ပါစေ။
တစ်ကယ့်အဖြစ်အပျက်လေးတစ်ခုလို့ထင်ပါတယ်..
ကိုယ်ကိုယ်တိုင် ခံစားကြည့်ရင်း လေးလေးနက်နက်ဖတ်သွားဖြစ်ပါတယ်
လူရယ်လို့ ဖြစ်လာရင် စင်းလုံးချော အခက်အခဲမရှိသူဆိုတာ ရှားပါးပါတယ်
အကြောင်းမတိုက်ဆိုင်လို့ မပြောဖြစ်ကြပေမယ့် အားလုံးနီးပါးမှာ လောကဓံရဲ့ ဒဏ် ဘ၀ရဲ့ အခက်အခဲလေးတွေဆိုတာ အနည်းအများရှိတတ်ကြပါတယ် ...။ ဒီလို ဘ၀ပိုင်ရှင်တွေက သာမန်လူတွေထက်လဲ အောင်မြင် ထွန်းပေါက်တတ်ကြပါတယ် ...။
အမြဲတမ်း အောင်မြင်မှုတွေရယူပိုင်ဆိုင်ပြီး အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းတွေနဲ့ ပြည့်ဝနိုင်ပါစေ ...
ခင်မင်လေးစားလျှက်ပါ
မနှင်း
ဖတ်ပြီး မျက်ရည်ဝဲမိတယ် ....
ပညာရေးကို အားပေးတဲ့အမေ .. ခုလို သူ့သား ဘိလပ်မှာ ပညာသင်နေတာ မြင်ရရင် သိပ်ဝမ်းသာရှာမယ်နော်။ အမေ ဖြစ်စေချင်တဲ့ ဆန္ဒတွေ ဒီ့ထက်မက ပြည့်ဝအောင် အကောင်အထည် ဖော်နိုင်တဲ့ သားလိမ်မာလေး ဖြစ်ပါစေ ... ။
နှိုင်းမရတဲ့ မိဘမေတ္တာပေါ့နော်။
အမေတွေဟာ သားသမီးတွေအတွက်ဆိုရင် ပေးဆပ်သူတွေပါဘဲ။
ရယူသူတွေဖြစ်ခဲ့ကြတဲ့သားသမီးတွေကလည်း အချိန်မီ ပြန်လည်ကျေးဇူးဆပ်ခွင့်ရနိုင်အောင် ကြိုးစားရမှာပါနော်။
တစ်ချိန်ချိန်မှ နောင်တ ရခဲ့ရင် ကျေးဇူးဆပ်စရာ မိဘက မရှိတော့ဘူးဆိုရင် ၀မ်းနည်းဖို့ သိပ်ကောင်းမှာပါဘဲ။
မိဘရဲ့မေတ္တာကအရမ်းကိုအေးချမ်းတာပဲနော်.။
ဖတ်ပြီးစိတ်မကောင်းဘူး..။ သားသမီးတွေကလည်း
မိဘရဲ့မေတ္တာကိုနားလည်နိုင်တဲ့သူများဖြစ်ကြပါစေလို့..
ကျေးဇူးဆပ်ခွင့်ရနိုင်ကြပါစေ..
ခင်မင်စွာ
သဒ္ဓါ
ကိုကိုမောင် ရေးထားတဲ့. .
ကျွန်ုပ်တို့၏ ဦးတည်ချက်သည် အမေ့အတွက်ဖြစ်သည်။ ......ဆိုတဲ့ စာကြောင်းတွေ နားက စာတွေ အားလုံးက ကျနော့်ရင်ထဲမှာလည်း အခုထိ ရှိနေဆဲပေါ့ဗျာ။ တစ်ခါတလေ သေသေချာချာ ပြန်စဉ်းစားမိတယ်။ ဒီလို ဘဝမျိုး ရောက်လာလိမ့်မယ် လို့ တစ်ခါမှ မစဉ်းစားမိဘူး။ ဒါပေမဲ့ လောကဓံကိုတော့ အရှိကို အရှိတိုင်း ခံယူတတ်ပါတယ်။
ကိုယ်ကလည်း ရပ်နေတာမှ မဟုတ်တာဗျာ။ အဟောင်းလေးတွေ ဆက်ဖတ်လိုက်ဦးမယ်။
:( :( :( :( :(
swe
ဖတ်ပြီး မျက်ရည်ဝဲသွားရတယ်။ ဟုတ်ပါတယ် ကျွန်မတို့တွေအားလုံးကြိုးစားနေတာ မိဘနှစ်ပါးအတွက်ပါပဲ။ အဲဒီခံယူချက်နဲ့ပဲ အခက်အခဲတွေကိုကြံ့ကြံ့ခံကျော်လွှားနိုင်ခဲ့တာပါ။ ကိုကိုမောင်တို့မိသားစုလည်း အမေနဲ့တကွ ညီအစ်ကိုငါးယောက်လုံးစုံစုံလင်လင်ပျော်ရွှင်ချမ်းမြေ့စွာ
အတူတကွနေနိုင်တဲ့နေ့ကိုအမြန်ဆုံးရောက်ရှိနိုင်ပါစေ။
သကြီး ရေ
ဒီတခါ ဖတ်ရတာ စိတ်မကောင်း ဘူး နောက်က အတွဲ တွေလည်း အကုန်ပြန်ဖတ်သွားတယ်
ဘာဘဲဖြစ်ဖြစ် အားမာန်အပြည့် နဲ့ဆက်လက် ချီတက်နိုင်ပါစေ အားလုံး ပြန်လည် ဆုံတွေ့နိုင်ပါစေ အမေ ရော နေကောင်းသွားလား ရှိသေးလား သကြီး မရှိဘို့များမယ်ထင်တယ်နော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
သယ်ရင်းရေ စာလာဖတ်ပါတယ် မိဘကျေးဇူးအကြောင်း အမြဲရေးတဲ့ ကိုကိုမောင် မိဘရဲ့ ကျေးဇူးကို အမြန်ဆုံး ဆပ်နိုင်ပါစေရှင်
"အမေရယ်... အနားမှာရှိတဲ့သားတွေကို အားမကိုးဘဲနဲ့ ဘာဖြစ်လို့ အမေတစ်ယောက်လုံးကိုတောင် အဆက်အသွယ်မလုပ်တဲ့သားအကြောင်းကိုမှ ခဏခဏမေးနေရတာလဲ၊ အမေ့ကို သူသတိရရင် သူဆက်သွယ်မှာပေါ့၊ မေ့ထားလိုက်စမ်းပါ အမေရာ"
အဲဒီစကားကိုအကြိုက်ဆုံးဘဲ တထပ်တည်းပြော
ခဲ့ ဘူးတယ်ဗျ-
တကယ့်ဖြစ်ရပ်ဆိုတဲ့ အသိကြောင့် ပိုပြီးပြီး လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်။
အိမ်ကိုဖုန်းဆက်တိုင်း အမေလွမ်းလိုက်တာ သားလေးရယ် လို့ပြောရင် မေမေကလည်း အနားမှာ သားသမီးတွေ အများကြီး ဝိုင်းနေတာပဲ နဲနဲလွမ်းတယ်ဆို ဟုတ်သေးတယ်လို့ ပြန်ပြောဖြစ်တယ်။
အမေတွေက သားသမီး တစ်ယောက်ချင်းစီ အတွက်ကို နှိုင်းမရလောက်အောင် မေတ္တာတွေ ထားတတ်ကြတာပဲ။ ကျနော်တို့ ဘယ်တော့မှ မမေ့မလျော့ဖို့ အရေးကြီးတယ်။
ရင်ထဲမှာ ဒီပို့စ်လေး ဖတ်ပြီ ကိုကိုမောင်နဲ့ တူတူ ထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်မိပါတယ်။ ကိုကိုမောင် ခုလို ပညာတွေ တတ်ပြီ လူတော်လူကောင်းကြီး ဖြစ်နေတာကို ကိုကိုမောင် အမေရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို ဖြည့်ပေးလိုက်တာနဲ့ တူတူပါပဲ။ ဒါကြောင့် အမေကျေးဇူး ဆပ်နေတယ်လို့ပဲ သဘောထားလိုက်ပါနော်... :)
ကျွန်မငိုပစ်လိုက်တယ်။
ဖတ်ရတာစိတ်မကောင်းဘူး
ကွဲကွာနေတဲ့အကိုလတ်နဲ့လည်း..
ပြန်လည်ဆုံဆည်းပါစေလို့...
လောကကြီးကလဲတခါတခါပေးတဲ့
ခံစားချက်တွေကတကယ်ကိုပြင်းလွန်းပါတယ်လေ
မိဘမေတ္တာဆိုတာ အနှိုင်းမဲ့ ပါ...
မိဘကို ကျေးဇူးဆပ်နိုင်တဲ့ သားကောင်းတယောက်ဖြစ်ပါစေရှင်...
ကိုကိုမောင့်ဘ၀ဇာတ်ကြောင်းလေးဖတ်မိတော့ တကယ်စိတ်မကောင်းဘူး။ ဘ၀ကိုအရှုံးမပေးပဲ ဆက်ပြီးကြိုးစားပါ ကိုကိုမောင်ရေ..
စိတ်ဓါတ်လေးကိုတော့ တကယ်ချီးကျူးတယ်..ကိုယ်သာဆိုရင် ကိုကိုမောင့်လိုတောင်ဖြစ်လာပါ့မလားပဲ။
အမေ ဆိုတာတော့ မရှိတော့ပေမယ့်လည်း ဘယ်တော့မှ မမေ့နိုင်မယ့် ကျေးဇူးရှင်ပါပဲလေ..
တကယ့်ဖြစ်ရပ် ရင်တွင်းဖြစ်တွေမို့ထင့်
ဖတ်ရတာ လွမ်းလွမ်းဆွေးဆွေးရှိလိုက်တာ....။
အဟောင်းလေးတွေလည်း နှစ်ခြိုက်ခြိုက်ဖတ်သွားတယ်
ကိုကိုမောင်ရေ.....အကုန်တော့မပြီးသေးဘူး။
ဖြေးဖြေးချင်းဖတ်မှ.....
ကိုကျောက်ဆီရောက်တော့လည်း ဝမ်းနည်း
မြသွေးနီဆီသွားတော့လည်း ဟာတာတာ
အခု သကြီးဆီလာပြန်တော့လည်း ဝမ်းနည်းမျက်ရည်စို့
ပြန်ပြီဗျာာာာ
မောင်ဘကြိုင်
Post a Comment