"မအေးတင် ဗိုက်ကြီးကတော့ တင်းနေပြီဟေ့၊ ပေါက်ကွဲကာနီးနေပြီ"
နေ့စေ့လစေ့ဖြစ်နေသည့် တုံးဖလားရွာမှ မအေးတင်၏ ဗိုက်ကြီးကို ကြည့်ပြီး ကာလသားတစ်သိုက်က အရွှန်းပေါက်၍ ပြောနေကြခြင်းဖြစ်၏။
...
ပေါက်ကွဲတတ်သည့် အရာမှန်သမျှ ပေါက်ကွဲတတ်ချေ၏။ မှန်၏။ ပေါက်ကွဲသည့်အရာမှန်သမျှတိုင်းလည်း ပေါက်ကွဲတတ်သည့် သဘောရှိသည်ချည်းဖြစ်၏။ ပေါက်ကွဲခြင်း၏ အစသည် တွန်းကန်ခြင်းပင်ဖြစ်၏။ တွန်းကန်ခြင်း၏ ကနဦးသည် လှုပ်ရှားမှုကြောင့်ဖြစ်၏။ ရှင်းရှင်းဆိုရသော် လှုပ်ရှား> တွန်းကန်> ပေါက်ကွဲ ဟု ဆိုရမည်ပင်ဖြစ်၏။ ထိုသဘောကိုပင် အဘိဓမ္မာ၌ ၀ါယောဓါတ်လွန်ကဲခြင်းဟု အမည်တွင်၏။ ထိုဝါယောဓါတ်သည် ဓါတ်ကြီးလေးပါးထဲမှ တစ်ပါးဖြစ်၏။ ထို့ကြောင့် ဓါတ်ကြီးလေးပါးကို အမြွက်မျှ ရှင်းပြချင်၏။ အဘယ့်ကြောင့်ဆိုသော် ထိုဓါတ်ကြီးလေးပါးလုံး သူ့နည်းသူ့ဟန်ဖြင့် ပေါက်ကွဲတတ်သောကြောင့် ဖြစ်၏။
ပ အာ ၀ါ တေ ဓါတ်ကြီးလေးထွေ ဟု ဆိုရိုးစကားရှိသည့်အတိုင်း ဓါတ်ကြီးလေးပါးသည် ပထ၀ီဓါတ် (မာမှု ပျော့မှုသဘော)၊ အာပေါဓါတ် (ယိုစီးမှုသဘော)၊ ၀ါယောဓါတ် (လှုပ်ရှားတွန်းကန်သဘော)၊ တေဇောဓါတ် (အပူလောင် အအေးလောင် သဘော) တို့ပင်ဖြစ်၏။ ထိုဓါတ်ကြီးလေးပါးသည် အချင်းချင်း ညီမျှနေရမည်ဖြစ်၏။ အကယ်၍ အချင်းချင်းညီမျှခြင်းနယ်ပယ်ကို ကျော်လွန်ခဲ့ငြားအံ့၊ ထိုအခါ၌ ပေါက်ကွဲမှုသဘောက ချက်ချင်းလာရောက်နေရာယူမည်ဖြစ်၏။
အရှင်းဆိုရပါမူ ပထ၀ီဓါတ်လွန်ကဲလျှင် ထုံကျင်မှု တောင့်တင်းမှု၊ လေဖြတ်မှု စသည်တို့ဖြစ်ပေါ်တတ်၏။ အာပေါဓါတ် လွန်ကဲလျှင် ရေဖျဉ်းတည်မှု ရှူးရှူးပေါက်မှု၊ ၀၀တုတ်တုတ် ဖိုးဝရုပ်လိုဖြစ်တတ်မှုတို့ ဖြစ်ပေါ်တတ်၏။ ၀ါယောဓါတ်လွန်ကဲလျှင် လေလည်မှု လေချဉ်တက်မှု နားအတွင်းမှ လေထွက်မှု စသည်တို့ ဖြစ်ပေါ်တတ်၏။ တေဇောဓါတ်လွန်ကဲလျှင် နှုတ်ခမ်းကွဲမှု၊ မျက်စိမွဲမှု၊ ဆံပင်ဖြူမှု ပိန်ပိန်လိန်လိန်ဖြစ်မှု စသည်တို့ ဖြစ်တတ်၏။ ထိုသည်တို့သည် ဓါတ်ကြီးလေးပါးလုံး၏ ပေါက်ကွဲမှု တစ်စိပ်တစ်ဒေသပင်ဖြစ်၏။ ထိုသို့ ဓါတ်ကြီးလေးပါး မညီမျှ၍ ဖြစ်ပေါ်လာတတ်သည့် သဘောသဘာဝများသည် ဇရာ၏ လမ်းကြောင်း အသွင်ကို ဆောင်နေတော့၏။
ဤနေရာ၌ ၀ါယောဓါတ်၏ ပေါက်ကွဲမှုကို အထူးပြုလို၏။ အဘယ့်ကြောင့်ဆိုသော် ၀ါယောဓါတ်၏ ပေါက်ကွဲမှုက ပို၍ ထင်ရှားသောကြောင့်ဖြစ်၏။ အစကနဦးစကားကို ပြန်ယူရပါမူ ပေါက်ကွဲတတ်သည့် အရာမှန်သမျှ ပေါက်ကွဲတတ်ချေ၏။ လေအပြည့်မှုတ်ထည့်ထားသော ပူစီဖောင်းသည် ပေါက်ကွဲတတ်ချေ၏။ ဂယက်ကြောင့် ဖြစ်ပေါ်လာသည့် ရေမြှုပ်တို့သည် ပေါက်ကွဲတတ်ချေ၏။ လေအပြည့်ထိုးထားသည့် တာယာ(ကျွတ်)ဘီးတို့သည် ပေါက်ကွဲတတ်ချေ၏။ တွန်းကန်အား ပြင်းထန်သည့် လက်ပစ်ဗုံး၊ အနုမြူဗုံးစသည်တို့သည် ပေါက်ကွဲတတ်ချေ၏။ ယုတ်စွအဆုံး ကိုယ်ဝန်ဆောင်နေသည့် အမျိုးသမီးတို့၏ ၀မ်းဗိုက်သည်ပင် ပေါက်ကွဲတတ်သော သဘောရှိချေ၏။
ပေါက်ကွဲသည်ဆိုရာဝယ် ပေါက်ကွဲလွယ်သော နေရာမှ စတင်၍ ပေါက်ကွဲ၏။ အမှန်ဆိုရပါမူ ပါးလွှာသော သို့မဟုတ် လမ်းကြောင်းပေးထားသော နေရာမှ စတင်၍ ပေါက်ကွဲ၏။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာသို့ တွန်းကန်မှုတို့ အလုံးလိုက်အခဲလိုက် ရောက်လာကြသောကြောင့်ဖြစ်၏။ အမျိုးသမီးတစ်ယောက် ကလေးမွေးသည်ကို ဥပမာပေးချင်၏။ ၀မ်းဗိုက်ကြီးဖောင်းကားနေသော်လည်း ၀မ်းဗိုက်ပေါက်ကွဲသည်ဟူ၍ မရှိ၊ မွေးလမ်းကြောင်းအတိုင်းသာ ဆင်းပြီး ပေါက်ကွဲ၏။ မွေးလမ်းကြောင်းသည် ၀မ်းဗိုက်၏ အပါးလွှာဆုံးသော နေရာဖြစ်သည့်အတွက် ထိုကဲ့သို့ ထိုနေရာ၌ ပေါက်ကွဲခြင်းဖြစ်၏။ ပူစီဖောင်း၊ တာယာ(ကျွတ်)ဘီး၊ ဗုံး စသည်တို့လည်း ထိုကဲ့သို့ သဘောရှိသည်ပင်ဖြစ်၏။ ပါးလွှာသော သို့မဟုတ် ထွက်ပေါက်ရှိနိုင်သော နေရာကစပြီး ပေါက်ကွဲကြ၏။
ထိုသို့ပေါက်ကွဲရာဝယ် အဆင့်အားဖြင့် သုံးဆင့်ရှိ၏။ ထိုသုံးဆင့်တို့မှာ ပေါက်ကွဲတတ်သောသဘော(အမြုတေ)၊ ပေါက်ကွဲဖို့ တာစူခြင်းသဘော၊ ပေါက်ကွဲခြင်းသဘောတို့ပင်ဖြစ်၏။ ဥပမာအားဖြင့် ပူစီဖောင်းလေးသည် ပေါက်ကွဲတတ်သောသဘောရှိ၏။ ၀ါယောဓါတ်များစွာ လွန်ကဲနေ၍ ဖြစ်၏။ သို့သော် ပေါက်ကွဲစေလောက်သည့် အထိအခိုက်မျိုးမရှိလျှင်မူ ပေါက်ကွဲခြင်းသို့ တာစူနေမည်မဟုတ်ပေ။ သို့ရာတွင် ထိုပူစီဖောင်းလေးအား အပ်ဖျားလေးဖြင့် ထိုးဆွလိုက်ပါမူ ထိုထိုးဆွခိုက်၌ ပေါက်ကွဲဖို့ တာစူနေပြီဖြစ်၏။ ထို့နောက် ထိုအပ်ဖြင့် ထိုးဖောက်ထားသည့် နေရာသို့ ၀ါယောဓါတ်တို့သည် အစုအဝေးဖြင့် လာရောက်ထွက်ပေါက်ရှာကြ၏။ အပေါက်ပမာဏနှင့် ၀ါယောဓါတ်ပမာဏ မညီမျှသည့်အတွက် ပူစီဖောင်းရှိအပ်အပေါက်ကလေးသည် လွန်စွာမှ ကျယ်ဟလာပြီး ပူစီဖောင်းလေးခမျာ ပေါက်ကွဲခြင်းသို့ ရောက်ရရှာလေတော့၏။ ထိုအဆင့်သုံးဆင့်တို့၏ ဖြစ်ပျက်မှုသည် မြန်ဆန်လွန်းသည့်အတွက် အများသူငါတို့မှာ ပေါက်ကွဲခြင်းအဆင့်မျှကိုသာ ပို၍မြင်တတ်ကြလေ၏။
ထိုပေါက်ကွဲခြင်း၏ ဆိုးကျိုးကို ဘေးပတ်ဝန်းကအရာဝတ္ထုတွေထက် အပေါက်ကွဲခံပစ္စည်းက ပို၍ ခံစားရ၏။ ထင်ရှားစွာပြအံ့။ ပူစီဖောင်းပေါက်ကွဲခြင်းကြောင့် အနီးနားမှ ငှက်များလန့်ဖြတ်ထပျံခြင်း၊ ကလေးငယ်များ လန့်၍ ငိုကြွေးခြင်း၊ လူကြီးများ လန့်၍ ယောင်ယမ်းအော်ဟစ်ခြင်းစသည်တို့လောက်သာ ဆိုးကျိုးဖြစ်စေ၏။ သို့ရာတွင် ပူစီဖောင်းလေးမှာ ပေါက်ကွဲပျက်စီးခြင်းသို့ ရောက်ရရှာပြီး ဘ၀ပျက်ရတဲ့အထိ ဆိုးကျိုးကို ခံစားရလေတော့၏။ အလားတူပင် အနုမြူဗုံးပေါက်ကွဲလျှင်လည်း ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ အရာဝတ္ထုများ ပျက်စီးဆုံးရှုံးကြရတတ်သည်ထက် အပေါက်ကွဲခံပစ္စည်းဖြစ်သည့် ထိုအနုမြူဗုံးလေးကိုယ်တိုင်သည် အစပင်ရှာ၍မရလောက်အောင် ပိုမို၍ပျက်စီးသည့် ဆိုးကျိုးတို့ကို ခံစားလေတော့၏။ ထို့ကြောင့်ပင် ပေါက်ကွဲမှု မှန်သမျှတို့သည် ဘေးပတ်ဝန်းကျင်ကို ထိခိုက်စေသည်ထက် မိမိကိုယ်ကို ပိုမို၍ ထိခိုက်စေသည်ဟု ဆိုခြင်းဖြစ်၏။
..
ဘာသာရေးနယ်ဖက်ကို အနည်းငယ်မျှ ငဲ့စောင်းကြည့်ချင်၏။ ပုထုဇဉ်နယ်ပယ်၌ အကြမ်းဖျဉ်းအားဖြင့် ကုသိုလ် အကုသိုလ်ဟူ၍ နှစ်မျိုးနှစ်စားရှိ၏။ ထိုတွင် အကုသိုလ်ကို အထူးပြုလို၏။ ပို၍ ထင်ရှားသောကြောင့်ဖြစ်၏။ အကုသိုလ်ကို လောဘ ဒေါသ မောဟ ဟူသည့် ဟိတ်သုံးပါးတို့ဖြင့် ဖွဲ့စည်းထား၏။ ထိုသုံးပါးတို့တွင် လောဘသည် မောဟနှင့်ယှဉ်တွဲ၍ ဖြစ်၏။ ဒေါသသည်လည်း မောဟနှင့်ယှဉ်တွဲ၍ ဖြစ်၏။ ထို့ကြောင့် ထို လောဘ ဒေါသတို့ကို ဒွိဟိတ်စိတ်(ဟိတ်နှစ်ပါးရှိသောစိတ်) ဟူ၍ ခေါ်တွင်ကြ၏။ မောဟသည် သူ့ဖာသာ အိုင်ဆိုလေးရှင်းအဖြစ်နဲ့ ရှင်သန်၏။ ထို့ကြောင့် ဧကဟိတ်စိတ် (ဟိတ်တစ်ပါးတည်းသာ ရှိသောစိတ်) ဟူ၍ အမည်တွင်၏။ မောဟသည် လောဘ ဒေါသ တရားများလောက် ထင်ရှားမှုမရှိဘဲ တိမ်မြှုပ်နေတတ်၏။ လောဘနှင့်ဒေါသတို့မှာမူ ထင်ရှားစွာ ဖြစ်ပေါ်တတ်လေ၏။ အဘယ့်ကြောင့်ဆိုသော် ပေါက်ကွဲမှု ပြင်းထန်သောကြောင့် ဖြစ်၏။
ထိုလောဘနှင့်ဒေါသ ပေါက်ကွဲမှုတို့သည်လည်း အဆင့်အားဖြင့် သုံးဆင့်ရှိလေ၏။ တိမ်မြှုပ်နေခြင်း(အနုသယ)၊ ထကြွလာခြင်း(ပရိယုဋ္ဌာန)၊ လွန်ကျူးခြင်း(၀ီတိက္ကမ)တို့ပင် ဖြစ်၏။ ဥပမာဆိုရသော် လောဘသည် ပုထုဇဉ်တိုင်း၌ရှိ၏။ သို့သော် တိမ်မြှုပ်နေစဉ် မရှိသလိုထင်မှတ်ရ၏။ လိုချင်မှု အရာဝတ္ထုကို တွေ့မြင်ရသည့်အခါမှသာ ထကြွလာ၏။ ထကြွလာပြီး လိုချင်မှုလွန်ကဲသောကြောင့် ခိုးယူမှု လွန်ကျူးမှု စသည်တို့ဖြစ်ပေါ်လာ၏။ တိမ်မြှုပ်အဆင့်၌ မထင်ရှားသော်လည်း ထကြွအဆင့်၌ ထင်ရှားလာ၏။ လွန်ကျူးအဆင့်၌မူ အထင်ရှားဆုံးအဆင့်သို့ ရောက်လာလေတော့၏။
ဒေါသသည်လည်း ထိုကဲ့သို့ပင် တိမ်မြှုပ်မှု၊ ထကြွမှု၊ လွန်ကျူးမှုဟူ၍ပင် အဆင့်သုံးဆင့်ရှိလေ၏။ စိတ်ကြည်လင်နေခိုက် တည်ငြိမ်နေသလောက် ဒေါသဖြစ်လာလျှင် တရှူးရှူးဖြစ်တတ်၏။ စိတ်တည်ကြည်နေစဉ်၌ ဒေါသသည် စိတ်အစဉ်အတွင်း မရှိတော့သယောင်ထင်မှတ်ရ၏။ ဒေါသကင်းသွားပြီဟူ၍ပင် ထင်မှတ်တတ်ကြ၏။ သို့သော် မနှစ်သက်သည့် အရာဝတ္ထုကို မြင်တွေ့ရမှု ကြားရမှု အနံ့ရှူရမှု စားရမှု တွေ့ထိရမှုတို့၌ ကြုံတွေ့လာသည့်အခါမှာကား ဒေါသသည် အိပ်စက်ရာမှ လန့်နိုးလာသကဲ့သို့ ထကြွလှုပ်ရှားလာလေတော့၏။ အထူးအားဖြင့် မိမိမနှစ်သက်သည့်သူ၊ မိမိမုန်းတီးသည့်သူကို မြင်တွေ့ရ၊ ထိုသူ၏ အသံကို ကြားရသည့်အခါမျိုး၌ ဒေါသသည် ထကြွတွန်းကန်လှုပ်ရှားပြီး အပြင်းထန်ဆုံး ပေါက်ကွဲခြင်းအဆင့်သို့ ရောက်ရှိလေတော့၏။ မနောကံပေါက်ကွဲမှုမှသည် ၀စီကံပေါက်ကွဲမှု သို့မဟုတ် ကာယကံပေါက်ကွဲမှုအဆင့်သို့ရောက်ရှိပြီး အတင်းတုတ်ခြင်း၊ ဂုန်းတိုက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ ရိုက်နှက်သတ်ပုတ်ခြင်းအဆင့်သို့ပင် ရောက်ရှိလေတော့၏။
လောဘထက် ဒေါသသည် ပို၍ ပေါက်ကွဲမှု ပြင်းထန်၏။ ပို၍ပြင်းထန်ခြင်းကြောင့် အပေါက်ကွဲခံရသူထက် ပေါက်ကွဲသူကိုယ်တိုင်က ပို၍ခံစားရ၏။ ပို၍ အနေရခက်၏။ ပို၍အနေရကြပ်၏။ အပေါက်ကွဲခံသူတို့က ဖာသိဖာသာ နေမည်ဆိုနေနိုင်ကြသော်လည်း ပေါက်ကွဲသူကိုယ်တိုင်ကမူ တစ်မြေ့မြေ့ လောင်ကျွမ်းခံစားရ၏။ တောက်တစ်ခေါက်ခေါက်ရှိနေတတ်၏။ စဉ်းစားကြည့်လေ ပိုပြီးဒေါသထွက်လေ ဖြစ်တတ်၏။ ပေါက်ကွဲခြင်း၏ ဆိုးကျိုးပင်ဖြစ်၏။
ရုပ်ဝတ္ထုတို့၏ ပေါက်ကွဲမှုဖြစ်စေ၊ စိတ်အစဉ်၌ရှိသည့် အကုသိုလ်တရားတို့၏ ပေါက်ကွဲမှုဖြစ်စေ၊ ပေါက်ကွဲမှုဟူသမျှတို့၌ ပေါက်ကွဲသူကိုယ်တိုင်သာလျှင် ပို၍အထိခိုက်ဆုံး အနစ်နာဆုံး အပျက်စီးဆုံး ဖြစ်၏။ ထို့ကြောင့် ထိုအကုသိုလ်ပေါက်ကွဲမှုဖြစ်သည့် လောဘပေါက်ကွဲမှု ဒေါသပေါက်ကွဲမှုတို့ကို အဆုံးစွန်ထိ မကျော်လွှားနိုင်ကြသေးသော်လည်း တစ်စတစ်စ လျော့လျော့ပြီး ပေါက်ကွဲမှုတို့ကို ထိန်းထားသင့်၏။ လူတို့၏ သက်တမ်းသည် လက်ရှိအနေအားဖြင့် ၇၅ နှစ်သက်တမ်းသာ ဖြစ်၏။ ၇၅ နှစ်ဟူသော အချိန်သည် လေးညှို့ မှလွတ်လိုက်သည့် မြှားကဲ့သို့ ခဏအတွင်း ရောက်ရှိလာမည်ဖြစ်၏။ ထိုတိုတောင်းလှသည့် ကာလလေးတစ်ခုအတွင်း၌ အကုသိုလ်ပေါက်ကွဲမှုတို့နှင့်သာ အမြဲတမ်းပေါက်ကွဲနေကြမည်ဆိုလျှင် ပတ်ဝန်းကျင်အတွက်ကော မိမိအတွက်ပါ ပျော်စရာ ကြည်နူးစရာ အချိန်များကို အကျိုးမဲ့ဖြုန်းတီးပစ်ရာ ရောက်ချေတော့၏။ သံသရာနှင့်ချီပြီး နစ်နာဆုံးရှုံးမှုကို တိုင်းတာပြန်ပါကလည်း ဒေါရဲ လောပြိတ် မောတိရိစ် ဟူသည့် အဘိဓမ္မာဆိုရိုးစကားအတိုင်း ဒေါသပူစီဖောင်း ပြင်းထန်ပေါက်ကွဲပြီး သေဆုံးလျှင် ငရဲသို့ ကျရောက်တတ်၏။ လောဘပူစီဖောင်း ပြင်းထန်ပေါက်ကွဲပြီးသေဆုံးလျှင် ပြိတ္တာဘုံဘ၀ ရောက်တတ်လေ၏။ (ထို့အတူပင် မောဟလွှမ်းမိုးပြီး သေဆုံးလျှင် တိရစ္ဆာန်ဘုံဌာနသို့ ရောက်ရတတ်လေ၏။)
ပေါက်ကွဲခြင်းကြောင့် မည်သူတွေ နစ်နာမည်နည်း။ မိမိကိုယ်တိုင်သာ နစ်နာမည်သာတည်း။ ။
...
ရက်သိပ်မကြာမီမှာပင် မအေးတင်တစ်ယောက် ကလေးတစ်ယောက်ကို မွေးဖွားလေတော့၏။ တောရိုးရာအတိုင်း လက်သည်ဖြင့်ပင် မွေးဖွားရလေ၏။ သားဦးလေးမို့ မအေးတင်ခမျာ အတော်လေးခံလိုက်ရ၏။ ဆယ်လခန့်စုထားသည့် အစိုင်အခဲတစ်ခု အပြင်သို့ ပေါက်ကွဲထွက်စင်ခြင်းပင်ဖြစ်၏။ ထိုပေါက်ကွဲမှုကြောင့် ဘေးပတ်ဝန်းကျင်မှ လူများ သတ္တ၀ါလေးများကို မထိခိုက်သော်လည်း ပေါက်ကွဲသူ မအေးတင်ကိုယ်တိုင်မှာမူ ပြင်းထန်စွာ ခံစားရလေ၏။
ထပ်ပြီးပြောပါဦးမည်။
"ပေါက်ကွဲခြင်းကြောင့် မည်သူတွေ နစ်နာမည်နည်း။ မိမိကိုယ်တိုင်သာ နစ်နာမည်သာတည်း"
မှတ်ချက်။ ။
အကုသိုလ်ပူစီဖောင်းများ၏ ပေါက်ကွဲသံစဉ်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားနိုင်ကြရန် ရည်ရွယ်၍ ကျွန်ုပ်ကိုကိုမောင်(ပန်းရနံ့)၏ (၂) မြောက် ဘလော့မွေးနေ့လေး၌ ကျွန်ုပ်၏ တတ်သလောက် မှတ်သလောက် မဖြစ်စလောက် ပညာလေးဖြင့် ရေးခြယ်လိုက်ခြင်းပင် ဖြစ်ပေတော့၏။ အမှားမြင်တွေ့ပါက အချိန်မဆိုင်းဘဲ ၀ုန်း ဒိုင်း ဂွမ်း ညာသံပေးပြီး ခပ်သွက်သွက်ထောက်ပြပေးကြပါရန်ကိုလည်း တောင်းဆိုသမှု ပြုလိုက်ပါ၏။ ။
.

22 comments:
အမငေး.....
အတော်ကို လေ့လာထားတာပါလား။ မသိရင် အထဲကို ပြန်တောင်မှ ဝင်ပြီးမှ လေ့လာထားသလား မှတ်ရတယ်။
လောဘပေါက်ကွဲခြင်း ၊ ဒေါသပေါက်ကွဲခြင်း ၊ မောဟပေါက်ကွဲခြင်းထက် မနာလို မိစ္တိယစိတ်ပေါက်ကွဲခြင်းက အဲဒီသုံးမျိုးလုံး ပါဝင်နေတော့ ပိုပြီးတော့ မဆိုးလွန်းဘူးလား ကိုကိုမောင်ရေ။
ဘလော့ နှစ်နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာ အောင်မြင်ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ။
ကျနော်တို့တွေ တကယ်သတိထားသင့်တဲ့ အချက်ပါပဲဗျာ။
၂ နှစ်ပြည့်ပြီလား ...
ငယ်သေးတာပေါ့ ... သူကြီးမင်းရယ် ... ဆက်ကြိုးစားလိုက်ပါအုံး။ ဟဲဟဲ နောက်တာပါ ...
၂ နှစ်ပြည့်မှသည် ... ယနေ့မှစ နှစ်တရာတိုင်ကွယ်လို့ ဆုတောင်းပေးလိုက်ပါတယ်။
ပေါက်ကွဲတာနဲ့ ပတ်သက်လို့ ပြောချင်ပါသေးတယ်။
တခါတခါကျတော့လဲ မြုံထားတာထက် ပေါက်ကွဲသွားအောင် ဖောက်ခွဲလိုက်တာက မကောင်းဘူးလား။
အနာတွေဆို ပြည်မပေါက်ဘဲ မြုံနေရင် အတွင်းလှိုက်စားသတဲ့။ ဒါကြောင့် ဓားနဲ့ ခွဲပြီး သွေးပုပ် ပြည်ပုပ်တွေ ထုတ်ပစ်ကြတယ် မဟုတ်လား။
လောဘကြီးသူ ဒေါသကြီးသူတယောက်ဟာ သူ့လောဘ ဒေါသကို လူတကာ မြင်သာအောင် ပေါက်ကွဲပြီးဖော်ပြတော့ အများက ဒီလူ လောဘကြီးပါလား ဒေါသကြီးပါလားလို့ အလွယ်တကူ သိပြီး ဆင်ခြင် (ရှောင်ကြဉ်) ဆက်ဆံနိုင်တယ်။
ဒီလိုမဟုတ်ဘဲ ကိုယ့်လောဘ ဒေါသ ဣဿာ မစ္ဆရိယ စတာတွေကို အများမသိစေဘဲ မြုံစိစိနဲ့ လျှို့ဝှက်စွာနေရင်း အတွင်းကောက် ကောက်ကျစ် ကြံစည်ပြီး နောက်ကျောက ဓားနဲ့ထိုးတာမျိုးက ပေါက်ကွဲသူထက် ပိုဆိုးတယ် မဟုတ်လား သူကြီးမင်းရေ ... ။
သိသင့်တာလေးတွေ မှတ်သားသွားပါတယ်..
ဖတ်သွားပါတယ် အတိုမှောင် ...
အားပေးလျက်
ပေါက်ကွဲသံကြားလို့ နှာခေါင်းပိတ်ပြေးပြီ သဂျီးရေ့
ခွန်ကတော့ သိပ်မပေါက်ကွဲတက်ဘူး။ အဲဒါကြောင့် အတွင်းလှိုက်စားပြီး ကိုယ်ဘဲပြန်ခံရပြန်တယ်လေ။ အဲလိုမျိုးနဲ့ နစ်နာတဲ့သူတွေလည်း ရှိတာဘဲ....
အဲဒါနဲ့၂နှစ်တောင် ရှိသွားပြီလား... ခွန့်ထက်တစ်နှစ်ကြီးတာပေါ့... ;)
ငါ့ကိုဂျီး စာတွေအများကြီးဆက်ရေးနိုင်ပါစေတော်........
ကိုကိုမောင် (ပန်းရနံ့) ဘလော့လေး ရဲ့ ၂နှစ်မြောက် အခမ်းအနားကို ကျမ နှင်းဟေမာ ရွာကနေ လှည်းနဲ့ အပြေးအလွှားတတ်ရောက် ချီးမြှင့်သွားပါတယ်...း)
အခမ်းအနားကျင်းပရာ ပန်းရနံ့ ခမ်းမဆောင်ကြီးထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ... ပေါက်ကွဲတတ်သည် မထိရဟူသော ဆိုင်းပုဒ်ကြီးနှင့်အတူ ဖြူနှီပြာဝါပူစီပေါင်းတွေကို ချိတ်ဆွဲထားတာတွေ့လိုက်ရပါတယ် ...။ တတ်ရောက်ချီးမြှင့်ကြသူ ဘလော့မောင် နှမတွေကိုတော့ ကိုကိုမောင် ကိုယ်တိုင် ဓါတ်ကြီးလေးပါးနည်းနှင့် အထူးစံမံ ချက်ပြုတ်ကြော်လှော်ထားသော ဟင်းလျာများနဲ့ဘူးဖေးအဖြစ် ကျွေးမွေးဧည့်ခံတာတွေ့ရပါတယ် ...။
ထိုအခမ်းအနားမှာ ထူးထူးခြားခြား ကိုကိုမောင်က ရောက်လာသူမောင်နှမများကို ပေါက်ကွဲခြင်းနိယာမခေါင်းစဉ်ဖြင့်မိန့်ခွန်းပြောကြားပီး ကျေးဇူးတင်စကားဖြင့် နိ၈ုံးချူပ်ခဲ့ပါတယ်းD
ဓါတ်ကြီးလေးပါး ဘူဖေးစားပြီး အားရပါးရ လေလည်ချင်နေရှာသော ကျမ မိနှင်း အပါအ၀င် ဘလော့ဂါ မောင်နှမများအားလုံး ရှုံ့မဲ့နေသော မျက်နှာများဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကကြီးကာဖြင့် အောင့်အီးသီးခံပြီး ပြန်ခဲ့ကြရပါတယ် ။
အဘယ့်ကြောင့်ဆိုသော ကိုကိုမောင် ၏ နိဂုံး မှတ်ချက်တွင် ပေါက်ကွဲသံစဉ်များကို အတတ်နိုင်ဆုံးထိမ်းချူပ်ထားနိုင်ရန် ရည်ရွယ်သည်ဟု ပြောကြားသွားသောကြောင့်ဖြစ်ပေသည် ...။
( အစ်ကိုရေ... အစအဆုံး ဖတ်မှတ်သွားပါတယ်... ပန်းရနံ့ ၂နှစ်ပြည့်မှာ သတိရစရာလေးဖြစ်သွားအောင် ဟာသလေးနဲ့ အမှတ်တရ ရေးသွားခဲ့ပါတယ် ... သုတ ရသ ဟာသ စသည်ဖြင့် ကဏ္ဍစုံလင်သော ဒီနေရာလေးမှာ ကျမတို့မောင်နှမတွေ အားလုံးနဲ့အတူ အသက်ရှင်နိုင်သော နေ့ရက်တွေအထိ အတူတူလက်တွဲပြီး ဆက်လက်ရေးသားမျှဝေခံစားနိုင်ပါစေဟု တောင်းဆုပြုလိုက်ပါတယ်
(ရေးချင်ရာတွေရေးသွားပီဗျို့ .........)
ခင်မင်လေးစားစွာဖြင့်
မိနှင်း
အကိုရေ (၂) မြောက် ဘလော့မွေးနေ့လေးမှ နှစ်ပေါင်းများစွာ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းစွာနဲ့ ဆက်လက် ရေးသား၊ ဖြန့်ဝေပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။
အမနှင်းရဲ့ တောင်းဆုချွေတာလေးကိုလည်း အပိုဆုအနေနဲ့ ဖတ်ခွင့်ရတဲ့အတွက် ပြုံးပျော်စွာ ကျေးဇူးတင်ပါတယ်နော်
ခင်မင်စွာဖြင့်
ဇွန်မ
သူငယ်ချင်း ကိုကိုမောင် ဘလော့(၂) နှစ်ပြည့်မှသည် နောင် နှစ်ပေါင်းများစွာ စာပေများ ဆက်လက်ဖြန့်ဖြူးနိုင်ပါစေရှင်. . .
ပေါက်ကွဲခြင်းကို တရားသဘော၊ဓာတ်သဘောနှင့် လူ့လောက အဖြစ်အပျက်များ ဥပမာပေးရေးထားတာ အရမ်းကို တန်ဖိုးရှိပါတယ်
ခင်မင်စွာဖြင့်
ပန်းကဗျာ
သူ(သဂျီး)နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်။ တစ်ယောက်တည်းဒေါသထွက်နေချိန်မှာ လာဖတ်မိတယ်ဗျို့။ ပေါက်ကွဲ ပြီးကိုယ်တိုင်ရော သူများတွေရော မထိခိုက်အောင် တစ်ယောက်တည်းချုပ်တည်းပြီး နေတယ်။ ဖြေစရာ ရှာပြီး အမြစ်ပြတ်အောင် စိတ်ကို ကုနေပါတယ်။
အင်း ခန့်မှန်းခြေ လေးငါးရက်ထက်မပိုပါဘူး။
2 နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်စေသား သဂျီးမင်း ခင်ဗျား
ပေါက်ကွဲသံ တွေ ကြားထဲမှာတော့ ဟိုပေါက်ကွဲသံက အနာဆုံး အဲ အနံဆုံး ဘဲဗျို့ ပြေးပြီ...
၂နှစ်မြောက်မွေးနေ့လေး မှာ ဘောလုံး လေး လက်ဆောင် ပေးရကောင်း မလားလို့ သကြီးကန်ဘို့ ကန်ဘို့
နှစ်နှစ် မှ နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပါစေဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
သူကြီးမင်း ဒီပို့စ်ကိုရေးဖို့ အတော်များများကို လေ့လာခဲ့တယ်လို့ထင်ပါတယ်.... ခပ်တည်တည်လေးရေးထားတာကြောင့် မနောက်တော့ဘူး... အတော်ကောင်းတဲ့ပို့စ်တစ်ပုဒ်ပါ...း))))) ဘလော့်ခ်က ၂ နှစ်ပြည့်ပြီဆိုတော့ အနားယူချေတော့.. ဟားဟား...
ခင်မင်တဲ့
နေ၀သန်
ကိုကိုမောင် ၂နစ်ပြည့်မှသည်သည် နှစ်၁၀၀တိုင်.. ဟီးဟီး ဘလောက် ကိုပြောတာနော်... ဘလောက် ဒီထက်မက အောင်မြင်နိုင်ပါစေ.. ပို့စ်လေးကိုလည်း သဘောကျတယ်... :)
သူကြီးရဲ့ ၂နှစ်ပြည့်ပေါက်ကွဲခြင်းက အတော်မိုက်ပါလား ဥပမာကလည်း ကောင်းမှကောင်း။
ဆရာသမား ဓတ်ကြီးလေးပါးတော့ အတော် နိုင်နင်းပုံရတယ်...
ဘာဘဲဖြစ်ဖြစ် ဘလော့ဂ် ၂နှစ်ပြည့်မှသည် နောင် အချိန်များစွာတိုင် စိတ်ဆန္ဒရှိသလောက် အောင်မြင်ပျော်ရွှင်စွာ စာတွေရေးနိုင်ပါစေ။ စိတ်ဆန္ဒတွေအားလုံး ပြည့်စုံပါစေနော်။
အမှားမမြင်ပါသော်လည်း၊
ဝုန်း ဒိုင်း ဂွမ်း ။
ရွှီး ရွှမ်း ဖလန်း။
ဆိုပြီး မီးရှူးမီးပန်းးတွေကို ပစ်လွှတ်ပြီး၊ ၂နှစ်မြောက်ကို ဂုဏ်ပြုပါတယ်။
(ဂျပန်မှာနေတော့ ဒီလိုပဲ၊ စိတ်ထဲကကြည်နူးပြီး ပျော်လာရင် မီးပန်းလွှတ်တတ်တယ်။ )
းD
“ပေါက်ကွဲခြင်း နိယာမ” ကို အဓိပါယ်သတ်မှတ်ချက်၊ ကျမ်းကိုး၊ ဥပမာ ဖြစ်စဉ်များနှင့် ဖတ်ရှုရသည်မှာ အလွန်ပင် သဘောပေါက်လွယ်ပါသဖြင့် ကျေးဇူးတင်ရှိကြောင်းပြောကြားလိုက်ပါရစေ။
ခင်မင်စွာဖြင့်
မအေးတင် မွေးတော့ ဇာတ်လမ်းစပြီ ထင်တာ။ ပြီးသွားရောတဲ့။ စိတ်တိုသွားပြီး ထွက်တော့မယ့် ဒေါသတွေကို မှတ်ချက်ဖတ်ပြီး အမြန်ပြန်ထိန်းလိုက်ရတယ်။
ဘလော့ ၂ နှစ်ပြည့်မှသည် နောက် ၄၊ ၅ နှစ်တိုင်အောင် ရပ်တည်နိင်ဖို့ ဆန္ဒပြုပါတယ်ဗျာ။
ကျွန်တော်တို့ နှစ်ယောက်က ဘလော့ဂ် သက်တမ်း သိပ်မကွာသလို မှတ်မှတ်ရရ တစ်ခုက ကျွန်တော့် ဘလော့ဂ်ရဲ့ ဟိုးယခင်ထဲက အခုချိန်ထိ အမာခံ ပရိတ်သတ်ကလည်း ကိုကိုမောင်ပါပဲဗျာ။
ကိုကိုမောင် ဘလော့ဂ်ကို ခင်မင်လေးစားစိတ်နဲ့ ဆက်လက်ရပ်တည်နိင်ဖို့ တောင်းဆု ပြုပါတယ်။
အင်း... တော်တော်လေ့လာထားတယ်နဲ့ တူတယ်။ စုံစုံစေ့စေ့လေးကို ရေးနိုင်တယ်။ ဘလောဒ့်နှစ်နှစ်ပြည့်ဆိုပေမယ့်အခုမှ ရောက်ဖူးတယ်။နောက်မှထပ်လာခဲ့ပါဦးမယ်။
ဟိုင်း ကိုကိုမောင်းးးးးးးသူဂျီးးးးးးးးးးး...
မရောက်တာ ကြာပေါ့.. အင်း.. မအေးတင် မအေးတင်... သီနားပါဒယ်... သူ့ကို အကြောင်းပြုတဲ့ ပေါက်ကွဲမှု ..ဝေဒနာ သံစဉ်များ.. ။
နေပါအုံး.. ၇၅..နှစ် ဆိုတာ မြန်မာ ပြည်ကို ရည်ညွန်းတာလား.. များ တို့ ယူရုတ် ထဲက နိုင်ငံတွေရောပါသေးလား.. ပါရင် ရှာဖတ်လို့ပြောမလို့.. ဟဲ..။ (၇၅ နှစ်သန်းသာ) လို့ ရေးထားတာ နဲနဲပြန်ပြင်ပေးပါ.. ဖတ်ရတာ ထောက်လို့..( စေတနာ ပေါက်ကွဲမှု သံစဉ်အပေါစား)..။
ပျော်ရွင်ပါစေ ကိုကိုမောင်ရှင်...ပျော်ရွင်စွာ ပေါက်ကွဲ နိုင်ပါစေကြောင်း...
ပန်းဗေဒါ
တခါတလေတော့လည်းပေါက်ကွဲ
ပစ်လိုက်တာကပိုကောင်းတယ်..အကိုမောင်ရ
မြိုသိပ်ထားတာထက်စာရင်
ဖောက်ကွဲပေါက်ကွဲလိုက်တာက
ပေါ့သွားသလိုပါဘဲလေ..
နှစ်နှစ်တောင်ပြည့်ပြီလားအကိုမောင်
နောင်နှစ်ပေါင်းများစွာတိုင်အောင်
စာတွေရေးပါလို့..
ခင်မင်တဲ့....BR
နှစ်နှစ်ပြည့်မွေးနေ့လေးကနေ နောက်နှစ်တွေအထိ
လူအများ ဖတ်ချင်စရာ စာကောင်းလေးတွေကို
မျှဝေရေးသားနိုင်ပါစေ သူကြီးရေ..။
ခင်မင်စွာ
သဒ္ဓါ
"ပေါက်ကွဲခြင်းကြောင့် မည်သူတွေ နစ်နာမည်နည်း။ မိမိကိုယ်တိုင်သာ နစ်နာမည်သာတည်း"
အမှန်ကန်ဆုံးစကားလေးမှတ်သားသွားပါကြောင်း
ဘလော့ ၂နှစ်မှ နောင်နှစ်ပေါင်းများစွာတိုင် စာတွေလည်းရေးနိုင် လက်တွေ့မှာလည်း စိတ်ရောကိုယ်ပါ ကျမ်းမာချမ်းသာပြီး သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်နိုင်ပါစေရှင်းး
စာဖတ်နောက်ကျတာတော့ခွင့်လွတ်ပါ။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
Post a Comment