Saturday, 30 January 2010

အနမ်းတစ်ပွင့်မတိုင်ခင်...


နှင်းငွေရောင် ဖြူလွှ..... တူစွသဏ္ဍာန်ပေ.. ငွေရည်ပုလဲနုတို့... စုခါဖျန်းတော့... လန်းဆန်းစိုပြေ... နှင်းတွေဝေကျ.. ဆောင်းဟေမန္တ... နှောင်း...ပြောင်းပြန်တော့လေ...

ဘယ်ဆီဘယ်ဝယ်ကမှန်း မသိသည့် နှင်းပျောက်တဲ့နွေ သီချင်းလေးက လေလှိုင်းထဲ လွင့်ပါလာသည်။
ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသည့် ဆောင်းလယ်ကာလနှင့် ထိုသီချင်းကား လားလားမျှ အပ်စပ်မှု မရှိလှပေ။
သို့သော်.. ထိုသီချင်းလေးက လွမ်းဆွေးမှုကို ဖြစ်စေသည်။ တမ်းတမှုကို ဖြစ်စေသည်။ မှန်းဆမှုကိုဖြစ်စေလေသည်။

ကလင်... ကလင်... ကလင်...

မိုဘိုင်းမြည်သံကြားမှ သီချင်းအာရုံကြောနောက် လိုက်မျောနေမိသည့် စိတ်တို့ကို ဘရိတ်အုပ်လိုက်ရသည်။ အော်... ချစ်သူလေးဆီက ဖုန်းကိုး။ မေ့နေလိုက်တာ။ တည်းခိုနေသည့် ဟိုတယ်ကို ည ၇ နာရီအရောက်ပြန်ခဲ့မယ် ဆိုပြီး ထွက်လာခဲ့တာ။ အခု ရှစ်နာရီတောင် ထိုးခါနီးနေပြီ။

အင်းလေးကန်ပုံစံနှင့်အလွန်ဆင်တူလှသည့် အင်းကြီးတစ်ခုထဲသို့ ချစ်သူလေးနှင့်အတူ အပျော်ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ကျနော်က လေညှင်းခံထွက်ရတာကို အရသာတစ်မျိုးဟုထင်သည်။ ကျနော် အင်းတစ်လျောက် လေညှင်းခံထွက်ချင်ကြောင်း ချစ်သူလေးကို ပြောပြလိုက်သည်။ တစ်နေ့လုံးလျောက်လည်ထားခဲ့ကြတဲ့အတွက် ချစ်သူလေးက ခြေဖမိုးလေးတွေ နဲနဲယောင်ကိုင်းနေသည်။ သူက ဟိုတယ်မှာ ဆေးလူးရင်းအနားယူဦးမယ်လို့ ပြောသည်။ ထို့ကြောင့် သူ့ကို ဟိုတယ်မှာ ထားခဲ့သည်။ ထိုဟိုတယ်သည်လည်း အင်းအတွင်း(အင်းထဲ)၌ပင်ဖြစ်သည်။ ညစာစားအပြီး ကျနော်တစ်ယောက်ထဲ အင်းထဲသို့ လှေတစ်စင်းငှားကာ ကိုယ်တိုင်လှော်ခတ်ပြီး ထွက်လာခဲ့သည်။ လေညှင်းခံရင်း ကြယ်လစုံသည့် ကောင်းကင်ကို မော့ကြည့်ရင်းဖြင့် အချိန်တွေ အတော်လေးတိုက်စားသွားခဲ့သည်။

"ကိုရေ... ၇ နာရီပြန်လာမယ်ဆိုပြီး အခု ရှစ်နာရီထိုးတော့မယ်၊ ပြန်လာပါတော့။ တစ်ယောက်ထဲ ပျင်းတယ်"

"အော်... ချစ်လေး... အခု ကို ပြန်လာပါပြီ။ မကြာခင်ရောက်တော့မယ်နော်"

မျှော်နေရှာပြီဖြစ်သည့် ချစ်သူရှိရာ ဟိုတယ်သို့ လှေကို အပြင်းလေး လှော်ခတ်ခဲ့သည်။ ဟိုတယ်အခန်းကို ပြန်အရောက် ချစ်သူ၏ ဆီးကြိုပွေ့ဖက်မှုက လေညှင်းခံခဲ့သည့် ကျနော့် ခန္ဓာကိုယ်တစ်ခုလုံးအား နွေးထွေးပူရှိန်းမှုကို ဖြစ်စေလေသည်။

"စောင့်နေရတာ မောလှပြီ။။ ဘယ်တွေ လျောက်သွားနေတာလဲ ကိုရယ်... ကိုမရှိတဲ့ နာရီပိုင်းအတွင်းမှာ နာရီတွေ အရမ်းနှေးနေသလိုပါဘဲ။ ကို..အခြားတစ်ယောက်နှင့် အပျော်ရှာနေတာတော့မဟုတ်ပါဘူးနော်"

မျက်လုံးအ၀ိုင်းသားကလေးဖြင့် ကျနော့်မျက်နှာကို သူ စူးစမ်းသလိုကြည့်သည်။

"ချစ်ကလဲကွာ။ သိရဲ့ သားနဲ့။ ကို့ဘ၀မှာ ချစ်ကလွဲရင် ကျန်တဲ့ မိန်းခလေးတွေအတွက် အချစ်တွေ မရှိတော့ပါဘူးကွာ"

"ဒါဘဲနော်။ ချစ်ကို ပစ်ထားခဲ့ရင်တော့ အဆိုးမဆိုနဲ့... ချစ်က လိုက်ရှာပြီး အတူတူသေပွဲဝင်...."

သူ့စကားမဆုံးခင် သူ့နှုတ်ခမ်းလွှာလေးကို ကျနော့် လက်ချောင်းလေးများဖြင့် အသာလေးပိတ်လိုက်သည်။
ချစ်ရည်ဝန်းလဲ့နေသည့် သူ့မျက်ဝန်းထဲ၌ စိုးရိမ်နေသည့်အရိပ်အယောင်အချို့ ကို ကျနော်ဖတ်ရှုမိလိုက်သည်။
ကျနော့်ကို တကယ် နစ်နစ်ကာကာ ချစ်နေသည့် မိန်းခလေးဖြစ်သည့်အတွက် ကျနော်ကလဲ ဘ၀တစ်ခုလုံးနဲ့ ရင်းပြီး သူ့ကို ချစ်ခဲ့ရပါသည်။

"အော်... ချစ်လေးရယ်.. ဆက်မပြောပါနဲ့တော့... ကိုတို့ ဘယ်တော့မှ မခွဲဘူးနော်။ မကြာခင်မှာ... လက်ထပ်ကြတာပေါ့။ မဟုတ်ဘူးလား"

ဟန်ပါပါဖြင့် ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်သည့် သူ့အမူအယာလေးသည် ခုန်နေသည့် ကျနော့်ရင်ကို ဆွပေးသယောင် ထင်မိလေသည်။ စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် ကျနော် သူ့ကို သိမ်းကြုံးဖက်ယူမိလိုက်လေသည်။ အခန်းအတွင်းထဲ၌ နှစ်ယောက်ထဲ ရှိသည့်အတွက် လွတ်လပ်မှုက ကိုယ့်ဘက်ပါလေသည်။ ခန္ဓာကိုယ်နှစ်ခု နီးကပ်စွာထိတွေ့မှုကြောင့် ဖော်မပြနိုင်သည့် ဝေဒနာကိုယ်စီ၏ ၀င်ရောက်စိုးမိုးမှုအောက် နှစ်ယောက်သား ရောက်သွားကြလေသည်။

"အရမ်းချစ်တာဘဲ ချစ်လေးရယ်"

"ချစ်ကလဲ ကို့ကို အရမ်း အရမ်းကို ချစ်နေမိပြီ ကိုရယ်"

ည၏ဖျားယောင်းမှုနှင့် မလင်းမမှောင် မီးထိန်ထိန်လေး၏ ဆွဲဆောင်မှုတို့ကြောင့် လွတ်လပ်မှုတို့ ကမ်းကုန်လေပြီ။ သူ့ခန္ဓာကိုယ်တွင် ဆွတ်ဖျန်းထားသည့် ခပ်ပျော့ပျော့ပြင်သစ်ရေမွှေးရနံ့က ကျနော့်နှာသီးဝကို လာမိတ်ဆက်သည်။ ကျနော်လှုပ်လှုပ်ရွရွဖြစ်သွားသည်။ ခပ်ပါးပါးလိမ်းခြယ်ထားသည့် မိတ်ကပ်တို့ဖြင့် ၀င်းလက်နေသည့် သူမပါးပြင်လေးက ကျနော့်ကို ဖိတ်ခေါ်နေသယောင်ထင်မိသည်။ လေယူရာပါမည့်ဟန် ခပ်နွဲ့နွဲ့ ခပ်ယိုင်ယိုင် သူမခန္ဓာကိုယ်လေးက စည်းရုံးစရာ သိပ်မလိုတော့ပေ။ မှိတ်တစ်ဝက် ဖွင့်တစ်ဝက်ဖြစ်နေသည့် သူမ၏ မျက်လုံးစင်းစင်းများက ကျနော့်၏ စိတ်ကို တားဆီးနိုင်စွမ်းမရှိအောင် ဆွဲဆောင်နေလေပြီ။

မထူးတော့ပြီ။ စိတ်၏လွတ်လပ်မှုနောက် ခန္ဓာကိုယ်လိုက်ပါသွားဖို့ ဟန်ရေးပြင်မိသည်။ ခပ်တင်းတင်းပွေ့ဖက်ထားသည့် သူမ၏နူးနူးညံ့ညံ့ခန္ဓာကိုယ်လေးကို ပို၍တင်းကြပ်စွာ ဖက်လိုက်ပြီး ဖောင်းအိနေသည့် သူမပါးပြင်လေးကို အားရပါးရ မွှေးမွှေးပေးဖို့ သူမ၏ မျက်နှာကို အသာလေးဆွဲယူလိုက်သည်။ သူမလည်း အလိုက်ထိုက်ပါလာလေသည်။ ရင်ခုန်ချင်စရာကြီးပါလားနော်။

ထိုအခိုက်၌ မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။ ကျနော့်နှာခေါင်းသည် အသက်ရှူ၍မရတော့။ နှာခေါင်းပေါက်ပိတ်သွားသလိုလိုခံစားလာရသည်။ အသက်ရှူရလည်း ကြပ်လာသည်။ မောပန်းသလိုလို ခံစားလာရသည်။ ဒုက္ခဘဲ။ အင်းစောင့်နတ်မကြိုက်လို့ ပြုစားလိုက်တာများလား။ အရေးအကြောင်းဆို ဒီနှာခေါင်းက ပြဿနာပေးပြီ။ နှာခေါင်းပေါက်အတွင်းမှလည်း အရည်တစ်ချို့ စီးကျလာသည်။ ဘာဖြစ်တာပါလိမ့်။ ဟတ်ချိုး... ဟတ်ချိုး... ဟတ်ချိုး။ နှာသုံးခါတိတိချေပြီး အိပ်စက်ရာမှ ကျနော်လန့်နိုးလာသည်။ အော်... အိပ်မက်ပါလား။ ကျနော့်ခန္ဓာကိုယ်အထက်ပိုင်းတစ်ခုလုံးလဲ ခြုံစောင်တွေလွတ်လို့။ ငါ... နှာစေးနေပြီ။ နှာရည်တွေလဲ ယိုလို့ပါလား။ ဒီအိပ်မက်နှယ်.. မသိတတ်လိုက်တာ.. မွှေးမွှေးပေးပြီးမှ လန့်နိုးလာရင်လဲ ရရဲ့ သားနဲ့။ ခုတော့.. :P.. (: ..။ လန်ဒန်ရောက်သည်မှာ နှစ်နှစ်ကျော်လေပြီ။ နေမကောင်းဖြစ်ဖို့နေနေသာသာ တစ်ခါမျှ နှာစေး ချောင်းဆိုးတောင် မဖြစ်ဖူးခဲ့ချေ။ ထို့ကြောင့် ယခု ကျနော် မှတ်တမ်းတင်မိလေသည်။ ဤနေ့(၃၀၊၁၊၂၀၁၀)သည်ကား လန်ဒန်ရောက် ကိုကိုမောင်၏ ပထမဦးဆုံးအကြိမ် နှာစေးခြင်းပင် ဖြစ်ပေတော့သတည်း ဟူ၍။ ။

....

7 comments:

ဇွန်မ said...

ဇာတ်လမ်းလေး ဖတ်လို့ကောင်းပေမဲ့ ဇာတ်သိမ်းခန်းက 'ဟတ်ချိုး' ဖြစ်နေတော့ ဆေးသောက်လိုက်အုံးနော် :D

မိုးစက်အိမ် said...

ထင်တယ် ထင်နေတယ် ဒါကြောင့်အင်ဒရိုမှာ စကားလုံး
တွေဒီလောက်နူးညံ့သိမ်မွေ့ နေတာ ထင်တဲ့ အတိုင်း
အိမ်မက်ဖြစ်နေတာကိုး ဟတ် အဲနှခေါင်းဆိုလို့  နာ့အစ်ကို
က စိုးသူတော့ ဟုတ်ပါဘူးနော် ဟီးးးးးးးးး

ချော (အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီး အသံထွက်အောင် ရယ်မောမိပါတယ်..
ဖြစ်မှဖြစ်၇လေလို့လဲ တွေးမိပါရဲ့.. အိပ်မက်ဆိုတာ အဲင်္ဒီလိုပါဘဲ.. အစားအသောက်ကောင်းတာ စားမယ်ဆိုရင် မစားရသေးခင် နိုးလာတတ်တယ်..
သိပ်ဆိုးတဲ့ အိမ်မက်နော်

ဝက်ဝံလေး said...

ဟိဟိ ကောင်းခန်းမှာ နော် ဟွင်းးး လူဂျီးးးးးးးး

ဘာလဲ နေရာတိုင်းတွေ့တယ်ဆိုတော့ အမြင်ကတ်တယ်ပေါ့လေ ဒီလို လား

မင်းအိမ်ဖြူ said...

ဟားဟာ

နှားစေးတာလား

နှာ-ူးတာလား P:


နောက်တာဂျ

ပျော်ရွှင်ပါစေ

ဆေးလည်းသောက်အုံး

မင်းအိမ်ဖြူ

flowerpoem said...

ကောင်းခန်းရောက်မှ ကိုကိုမောင် ရာ ပျက်ရတယ်လို့ အိပ်မက်အတိုင်း ဖြစ်ပါစေဗျာ

Anonymous said...

တော်သေးတာပေါ့ အိပ်မက်မဟုတ်ဘဲ အပြင်မှာဆို ပါရာဇိကဏ်ကျပြီ။ ;)