Tuesday 26 January 2010

ခေတ်ကြီးကိုက..


ရာသီတွေ နရီကျိုးချိန်မှာ
တိမ်မဲညိုပြတ်ရွေ့ တစ်ချို့ 
မုတ်သုန်လေ ခပ်ကြမ်းကြမ်း ပွေ့ပိုက်မှုအောက်
ခြောက်ကပ်ကပ်တေးသွားနဲ့
မြိုင်ထကို ကဗျာလွတ်ကနေကြတယ်။


ဝတ်စုံမပြည့်စုံတဲ့ သစ်ပင်တွေကိုကြည့်ရင်း
သံဝေဂမျက်မှန်ဝတ်ရုံမိပါရဲ့ 
မိုးစက်ရွယ်စုံတို့ဟာလဲ
နောက်ဆုံးတော့
သမုဒ္ဒရာမှာ ၀ပ်စင်းကြရတာပါဘဲ
ဒါဖြင့်..ဘာကြောင့်
မိုးကောင်းပါစေလို့ ဆုတောင်းနေကြတာပါလိမ့်။


ခုခေတ်မှာ..
ရေမပြည့်အိုးတွေလဲ
ဘောင်ဘင်မခတ်ရဲကြတော့ဘူး
ရေပြည့်အိုးတွေလာပြီး အေးဓါးမြတိုက်လွန်းလို့။


ဒီလိုစဉ်းစားဖူးတယ်
သမုဒ္ဒရာကြီးက ရေလှောင်ကန်ဖြစ်ပြီး
ပြောင်းပြန်စီးရင်း
မြစ် ချောင်း အင်း အိုင် လယ်ယာမြေတို့ကို
ရေပြန်ဝေပေးနိုင်ရင် သိပ်ကောင်းမှာဘဲ ပေါ့။


ဒါပေမဲ့...


ဒီလိုလေးမှတ်ဖူးပြန်တယ်
သမုဒ္ဒရာဆိုတာ မိုးလုံးပြည့်မိုးရွာပေမဲ့
ရေတို့ဖြင့်
တင်းတိမ်ရောင့်ရဲမှု မရှိဘူးတဲ့။


ကိုင်း......

..

10 comments:

မိုးခါး said...

ခုတလော ပေါက်ကွဲနေပါလား ..း))

ဟုတ်တယ်
ခေတ်ကြီးကိုက .............

ဇွန်မ said...

"ရာသီဥတုတွေ နာရီကျိုးချိန်မှာ" လို့ရေးတာလားဟင်?
'နရီ' ဖြစ်နေလို့ ပြောတာမှားရင် ဆောရီးနော်။
ကဗျာလေး စောစောဝင်ဖတ်သွားပါတယ်..

Unknown said...

ကဗျာလေး လာဖတ်သွားတယ် ...ထုံးစံအတိုင်း
ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ ...ခေတ်ကြီးကိုက ... ဆက်မပြောတော့ပါဘူးလေ ...း)
နှင်းဟေမာ

khun said...

ကိုင်း....

အဲဒိတော့ ဘာလုပ်ကြမတုန်း
သိတော့ဘူး :P

ငြိမ်းချမ်းပါစေ
ခွန်သဒ္ဒါ

flowerpoem said...

အဲ ကဗျာကတော့ အကောင်းစားပဲ လန်းတယ်ဗျို့

မြစ်ကျိုးအင်း said...

လူ့လောဘက ပင်လယ်ထက် ပိုကြီးနေမလားပဲ ထင်မိတယ် ။

ကြယ်ပြာ said...

ကဗျာဖတ်ပြီး စိတ်မကောင်းဖြစ်မိပြန်ရော ... ရေမပြည့်အိုးတွေတောင် ဘောင်ဘင်မခတ်ရဲကြတော့ဘူးတဲ့လား ....
ဒီစာပိုဒ်လေး ရင်ထဲရောက်တယ် ....

သူကြီးမင်း (တုံးဖလား) said...

ဇွန်မရေ...
ဒီနေရာမှာကတော့ နာရီမဟုတ်ပါဘူး။ နရီပါ။
စည်းချက်(သို့) စည်းဝါးလို့ အဓိပ္ပါယ်ရပါတယ်။

ရာသီတွေ နရီကျိုးချိန်မှာ.. ဆိုတာကတော့
ရာသီဥတုမမှန်ကန်တာ၊ ဖောက်ပြန်နေတာကို ဆိုလိုတာပါ။
(တိုက်ရိုက်ကြီးတော့မယူနဲ့ပေါ့။ တင်စားထားတဲ့သဘောလေးပါ။)

ရွှေသုန္ဒရီ (မြန်မာပြည်သိန်းတန်)သီချင်း နားထောင်ဖူးမယ်ထင်ပါတယ်။
စည်းဝါးနရီ... ပိုင်နိုင်သည်.... မိုးမလင်းမီ.. ရွှေသုန္ဒရီ... ကကျိုးပျောက်မှာ စိုးလှသည်.. တဲ့။

ပြန်ရှင်းပြတာနော် ညီမ။ တစ်မျိုးမထင်နဲ့။ မဟုတ်ကဟုတ်က ကဗျာလေးကို စာလုံးပေါင်းကစ သေချာဖတ်သွားလို့ ညီမကို အထူးကျေးဇူးတင်ပါတယ်။

ပျော်ရွှင်ပါစေ ညီမ။

ခြေလှမ်းသစ် said...

ခေတ်ကို ထင်ဟပ်နေပါလားဗျာ .... ဖတ်ရင်း ဘာသာပြန် သွားတယ်ဗျို့

လင်းကြယ်ဖြူ said...

ခေတ်ကြီးကို..က...
ခေတ်ကြီးကို..က...
မျိုချပြီးမှ ..ခါးမှန်းသိ..သတဲ့လေ...

ပျော်ပါစေဘော်ဒါရေ
*.*.*