Thursday, 14 January 2010

ငါးမရ ရေချိုးပြန်

ရာသီဥတုကလဲ ဆိုးရွားလိုက်တာ။ ဒါပေမဲ့ သာယာကြည်နူးဖွယ်ကောင်းတဲ့ ဆိုးရွားမှုမျိုးပါ။
မြန်မာမှာ နေစဉ်က နှင်းတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတာ တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။ ဒီရောက်မှ နှစ်တိုင်း တွေ့မြင်နေရတယ်။ အရင်ရောက်နေကြတဲ့ သူတွေက ပြောတယ်။ ဟိုတုန်းက ဒီလောက် ဒီမှာ နှင်းမကျဖူးဘူးတဲ့။ (ဟိုတုန်းကဆိုတာ သူတို့ ရောက်နေစဉ် ဆယ့်လေးငါးနှစ်အတွင်းပြောတာဖြစ်မှာပါ)။ ဒီနှစ်တွေအတွင်းမှ နှင်းတွေ အရမ်းကျတာတဲ့။

ကျနော်လဲ နှင်းတွေကြည့်ချင်တာနဲ့ အတော်ဖြစ်သွားတယ်။ အရင်နှစ်တွေတုန်းကတော့ နှင်းတောထဲ လျောက်လည်ဖြစ်ခဲ့တယ်။ ဒီနှစ်ကတော့ အပူချိန်က အနှုတ် ၅ လောက်အထိ ဆင်းသွားတော့ အပြင်ထွက်ချင်စိတ်တောင်မရှိတာ။ ခရစ်စမတ် မတိုင်ခင်ကထဲက ကျနေတဲ့ နှင်း ဒီနေ့ထိ အပြီးမသတ်နိုင်သေးဘူး။ နောက်နေ့တွေလဲ ထပ်ကျဖို့ ရှိသေးတယ်တဲ့။

ခက်တာက အပြင်မထွက်ချင်လို့ မရဘူး။ ကျောင်းသွားရဦးမယ်လေ။ ဟော်လီးဒေးရက်က ကုန်သွားပြီ။
မြန်မာမှာ ငယ်ငယ်တုန်းကဆို မိုးအရမ်းအားကြီးရင် ကျောင်းတွေ ပိတ်တတ်ကြတယ်။ ကလေးပီပီ ပျော်လို့ပေါ့။
အခုလဲ စဉ်းစားမိလိုက်သေးတယ်။ နှင်းတွေအရမ်းကျလို့ အတန်းတွေ ပိတ်လိုက်ရင် သိပ်ကောင်းမှာဘဲလို့။
နယ်က ကျောင်းတွေကတော့ ကျောင်းပေါင်း ထောင်ချီပြီး ပိတ်တယ်လေ။ Transport အခက်အခဲကြောင့်ရယ်။ Icy snow တွေရဲ့ ဘေးရန်ကြောင့်ရယ်ပေါ့။
အချို့ ဆို နှင်းကတစ်ဆင့် ရေခဲပြင်ဖြစ်နေတဲ့လမ်းပေါ်လျောက်ရင်း တဘုံးဘုံး ချော်လှဲကြတာ။

ပျင်းတင်းတင်းနဲ့ဘဲ ဒီနေ့ ကျောင်းကို သွားခဲ့တယ်။ ကျလာတဲ့နှင်းတွေ မျက်စိကို လာလာစင်တဲ့အရသာကလဲ တစ်မျိုးတော့ခပ်ကောင်းကောင်း။ နှင်းမျက်စဉ်း ခပ်ရသလိုလို။ အ၀တ်အစားတွေလဲ နှင်းတွေ ဖြူဖြူဖွေးဖွေးနဲ့ နှင်းလူသားဆန်ဆန်ပေါ့။ နှင်းထုတွေ ထူထဲပေမဲ့ မြေအောက်ရထားကတော့ အလုပ်လုပ်နေဆဲဘဲ။ ကျနော်သွားရတာလဲ မြေအောက်ရထားနဲ့ပါ။ မြေအောက်ရထားဆိုပေမဲ့ မြေအောက်လျှိုးလိုက် မြေပေါ်ရောက်လိုက်ပါဘဲ။ နှင်းကျနေတဲ့ ရှုခင်းကတော့ ခပ်ကောင်းကောင်းရယ်။

ခရစ်စမတ် ကျောင်းပိတ်ကထဲက ဆရာနှင့်မတွေ့ရသေးဘူး။ ဒီနေ့မှ အတန်းပြန်စလို့ တွေ့ရမယ်လေ။ ဒါကြောင့် နှစ်သစ်ရက်တွေ အတော်လေး လွန်ခဲ့ပြီးပေမဲ့ Happy New Year လုပ်ရဦးမယ်။ ပြီးတော့ ဘာစကားတွေ ဆက်ပြောရဦးမလဲ။ ဟောလီးဒေးအကြောင်းတွေ ပြန်ပြောရင် ကောင်းမလား။ ဒါမှ မဟုတ် ဟောလီးဒေးအတွင်းမှာ ကြိတ်ပြီး ရေးခဲ့တဲ့ အက်ဆေးအကြောင်းဘဲ ပြောရမလား။ ပြီးတော့....။

စဉ်းစားရင်းနှင့် စာသင်ခန်းထဲ ရောက်လာတယ်။ ဆရာကတော့ မလာသေးဘူး။ ထိုင်စောင့်ရုံပေါ့။ ၁၁ နာရီမှာ စမဲ့အတန်းက ၁၁ နာရီ ၁၀ မိနစ်ထိ ဆရာက မလာသေးဘူး။ ပြောရင်းဆိုရင်းနဲ့ ခြေသံကြားတယ်။ ဆရာလာပြီ ထင်တယ်။ ဒါပေမဲ့ ဆရာမဟုတ်ဘူး။ ရုံးဝန်ထမ်းတစ်ယောက်။ ဖြုန်းကလဲ ပေါ်လာပြီး စာသင်ခန်း တံခါးဝမှာ စာတစ်ခု ကပ်သွားတယ်။ Transport အခက်အခဲကြောင့် ဒီနေ့ ဆရာမလာနိုင်ပါ၊ နောက်ကျမှ အကြောင်းကြားရတဲ့အတွက် တောင်းပန်ပါတယ် တဲ့။ အဲဒါမှ ဟိုက် ရှာလပတ်ရည် ပေါ့။ ကြိုးစားပမ်းစား နှင်းထုနဲ့အပြိုင် လာခဲ့ရတာ။ ပြီးတော့ ရထားစရိတ်က ကုန်သေး။ အချိန်က ကုန်သေး။ ကုန်သွားတဲ့ ရထားစရိတ်ကို KFC ၀ယ်စားပြီး ကုန်သွားတဲ့အချိန်ကို တစ်ရေးတစ်မော အိပ်လိုက်ရရင် ဘယ်လောက်များ ဇိမ်ရှိလိုက်မလဲနော်။ နှမြောလိုက်ပါဘိ။ အဟဲ။ ဒါပေမဲ့ ကျောင်းသားပီပီ ဆရာမလာဘူးဆိုတော့လဲ ပျော်သလိုလိုကြီး။(ကျောင်းစရိတ်ပိုက်ဆံအများကြီးသွင်းထားရတာကိုတော့ မမြင်ဘူး :D)။

နောက်ဆုံးတော့ လန်ဒန်တက္ကသိုလ်မှာလဲ ရာသီဥတုမကောင်းရင် အခုလို အတန်းပိတ်တတ်တယ်ဆိုတာ သိခွင့်ရလိုက်ပြီပေါ့။ အတန်းမရှိတော့ ရင်ထဲမှာတော့ ဟာတာတာရယ်။ ဘာလုပ်ရင် ကောင်းမလဲ။ အချိန်တွေက အများကြီး ကျန်နေသေးတယ်။ နေ့လည်စာစားဖို့ကလဲ ဗိုက်က မဆာသေးဘူး။ ဒါနဲ့ မထူးပါဘူးဆိုပြီး တက္ကသိုလ်နားမှာ ရှိတဲ့ Park (Pub မဟုတ်ပါ) တစ်ခုထဲ ၀င်ပြီး နှင်းတွေကို ဓါတ်ပုံရိုက်ယူလိုက်တယ်။ အဲဒီလို နှင်းတွေကို ဓါတ်ပုံရိုက်ရတာကြိုက်တယ်။ (အရေးထဲ ကင်မရာ ရက်စွဲက မှားနေသေးတယ် :P)။ ပျော်စရာတော့ အကောင်းသား။ မတတ်နိုင်ဘူး။ ငါးမရမှတော့ ရေချိုးပြန်ရုံပေါ့။ ။

....







5 comments:

သီဟသစ် said...

နှင်းတော ထဲမှာ လမ်းလျှောက်ရတာ ပျော်စရာကြီး နေမှာဗျ
:)
ချစ်သူနဲ့ အတူဆိုရင် ပြောတာ

Mr. ကိုကိုမောင်တော့ ဘယ်လိုလျှောက်တယ် မသိ
:)

ခင်မင်စွာဖြင့်
သီဟသစ်

thadar said...

ကိုယ်ချင်းစာတယ်ပါတယ်...
အေးလို့မနက်ဆိုမထချင်တော့ဘူး။
အရင်ကျောင်းတက်ခဲ့တဲ့မြို့က နှင်းတအားကျပေမယ့်
tokyoကတော့ နှင်းကိုတခါတလေမှမြင်ရတယ်...
parkမဟုတ်တဲ့pubကိုဘဲသွားလိုက်တာတော့
မဟုတ်ဘူး...ဟဲ

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

ခြေလှမ်းသစ် said...

နှင်းတွေက အရမ်းလှတယ်ဗျ .. ဒါပေမယ့် အအေး လွန်ကဲတာကိုတော့ မကြိုက်ဘူး

flowerpoem said...

သယ်ရင်းရေ အရမ်းလှတာပဲ နှင်းတွေ ဒါပေမယ့် ကျွန်မဆိုနေနိုင်မှာဟုတ်ဘူး အအေးဒဏ်မခံနိုင်လို့လေ :)

ဇွန်မ said...

သစ်ရွက်ပေါ် နှင်းလေးတွေ တင်နေတဲ့ပုံလေးတွေ ကြည့်လို့ကောင်းတယ်။ အဲဒီလို ဒေသကို ရောက်ဖူးချင်တယ် :)