Tuesday, 5 July 2011

ငြမ်းဆင်လျက် နွှဲ

စိတ်ဓါတ်တွေ စုပြုံကျနေခိုက်မို့ စိတ်ဓါတ်ငြိမ်းချမ်းစရာ တရားတော်များ၊ စိတ်ဓါတ်အင်အား တက်စရာ ဟောပြောမှုများကို မကြာခဏ အချိန်ပေး နားထောင်ဖြစ်သည်။ စိတ်ဓါတ်အင်အားမြှင့် စာအုပ်များကို မကြာခဏ ဖတ်ဖြစ် မှတ်ဖြစ်သည်။ ဖတ်စရာ မှတ်စရာ နားထောင်စရာများကို ညအခါ၌သာ သူ ပြုလုပ်လေ့ရှိသည်။ အသံကြောင့် စိတ်ဓါတ်ပျံ့လွယ်တတ်သည့် သူ့အတွက် သမာဓိထူထောင်ဖို့ ညအခါသမယသည် အဆင်ပြေဆုံး ဖြစ်သည်။ အင်္ဂလန်၏ နွေညများသည် တိုတောင်းလှသည်။ ည ၁၀ နာရီလောက်မှ အလင်းရောင် စကွယ်သည်။ သို့သော် နံနက် ၃ နာရီခွဲခန့်၌ အလင်းရောင် စပေါ်ထွက်လာပြန်သည်။ ထို့ကြောင့် မအိပ်လိုက်ရဘဲ မိုးလင်းသည်များ သူ ခဏခဏ ကြုံဖူးသည်။

မနေ့ညက ဆရာတော် ဦးဃောသိတ တရားတော်များ နာယူပြီး အိပ်ချင်စိတ် မရှိသေးသည့်အတွက် ဆရာဦးအောင်သင်း၏ ဟောပြောချက်များကို ကျကျနန အာရုံစိုက်ပြီး နားထောင်ဖြစ်သည်။ ဟောပြောချက် ပြီးဆုံးသွားသည့်အခါ နာရီကို မော့ကြည့်လိုက်မိသည်။ နံနက် ၃ နာရီခွဲ။ မကြာမီ ရောင်နီလာတော့မည်။ အိပ်ပျက်ညများ များလာသည့်အတွက် သူ အိပ်စက် အနားယူဖို့ လိုအပ်နေသည်။ အသက် ဥာဏ်စောင့်၊ ဥစ္စာ ကံစောင့် ဟု ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။

နွေကာလမို့ ညအပူချိန်သည် ဒီဂရီ ၂၀ ခန့်ရှိသည်။ ပုံမှန်ချမ်းအေးသည့် နိုင်ငံ၌ ထို အပူချိန် ၂၀ သည် ပူစပ်စပ် နိုင်လှသည်။ ထို့ကြောင့် Ventilator ကို ပါဝါ မြင့်မြင့် ဖွင့်ပြီး အိပ်စက်ဖို့ ပြင်ဆင်လိုက်သည်။ မျက်စိမှိတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။ ပတ်ဝန်းကျင်မှ ကျေးငှက်မြည်သံများ၊ လူတစ်ချို့ စကားပြောသံများ တိုးတိုးသဲ့သဲ့ ကြားနေရသည်။ အိမ်နဘေးမှ ဖြတ်သန်းသွားသည့် ကားသံများကိုလည်း ကြားနေရသည်။ ကောင်းကင်ထက် သုံးမိနစ် နှစ်စီးကျ ပျံသန်းနေသည့် လေယာဉ်ပျံသံတို့ကိုလဲ ကြားနေရသည်။ မိုးလင်းခါ နီးနေပြီကော။

သူ မှိတ်ကနဲ အိပ်ပျော်သွားသည်။ ထို့နောက် အိပ်မက်ကို ရသလောက် သူ မက်လိုက်သေးသည်။ အိပ်မက်ထဲ၌ သူ့ထံသို့ သူ့အမေ ရောက်ရှိလာသည်။ လေယာဉ်ပျံစီးပြီး လာခြင်း ဖြစ်သည်။ အမေ့မျက်နှာ ပြုံးနေသည်။ ကျက်သရေ အရမ်းရှိသည်။ အမေသည် သူ့အနား ခဏထိုင်ပြီး သူ့ကို အားပေးစကား တတွတ်တွတ် ပြောနေသည်။ ဘ၀ဇာတ်ခုံပေါ်က လူသားတိုင်း အခက်အခဲ အထုအနှက် အစောင်းအမြှောင်း အဆဲအဆို အကဲ့အရဲ့ ခံရတတ်ကြောင်း၊ သူ တစ်ယောက်ထဲ ခံနေရတာ မဟုတ်ကြောင်း၊ မြတ်စွာဗုဒ္ဓတောင်မှ အစွပ်အစွဲ အနှောင့်အယှက်တွေ မကြာခဏ ခံရသေးကြောင်း၊ လျောက်လှမ်းတဲ့ ဘ၀မှာ စိတ်ဓါတ်မကျဖို့ လိုကြောင်း၊ ပညာကိုသာ တစ်စိုက်မတ်မတ် သင်ယူသင့်ကြောင်း၊ ပတ်ဝန်းကျင်ကို အရမ်း ဂရုစိုက်ဖို့ မလိုကြောင်း၊ ပညာတတ်မှ အများအကျိုး သယ်ပိုးနိုင်မှာ ဖြစ်ကြောင်း စသဖြင့် အားတက်စရာ အားရစရာ အားပေးစကားများကို သူ့အား စိတ်ပါလက်ပါ ပြောကြားနေလေသည်။ ထို့နောက် ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာထဲမှ "ပန်းပန်လျက်ဘဲ" ဆိုသည့် ကဗျာလေးအား သံနေသံထားလေးဖြင့် အေးအေးလေး ဆိုပြသည်။ ဘယ်က ပျံ့လွင့်လာသည့်မသိသည့် တီးလုံးလေးကလည်း အမေသီဆိုနေသည့် ကဗျာလေးအား စည်းချက်မှန်မှန် လိုက်တီးပေးနေသည်။ ထိုကဗျာလေးအား ရွတ်ဆိုပြီးနောက် ဖြုတ်ကနဲ အမေ ပျောက်ကွယ်သွားလေသည်။

သူ့ရင်ထဲမှာ ၀မ်းနည်းသလိုလို၊ ၀မ်းသာကြည်နူးသလိုလို ခံစားနေရသည်။ အမေ သူ့ကို ရာသက်ပန် ခွဲခွါသွားခဲ့သည်မှာ ဆယ်စုနှစ်ပင် ကျော်ခဲ့လေပြီ။ သို့သော် အမေသည် သူပျော်ရွှင်စဉ်၊ သူ အဆင်ပြေနေစဉ် သူ့ထံ ရောက်မလာတတ်ပေမယ့် သူ စိတ်ဓါတ်ကျနေသည့်အခါတိုင်း၊ စိတ်ဆင်းရဲမှုတွေ ရောပြွမ်းနေသည့်အခါတိုင်း သူ့ဆီ ရောက်လာတတ်ပြီး အားပေးစကား ပြောပေးလေ့ရှိသည်။ ထိုသည်ပင်လျှင် အမေ့မေတ္တာ ဖြစ်မည်။

နံနက် ၉ နာရီခန့်၌ ဧည့်သည် သူငယ်ချင်းတစ်ယောက် ရောက်လာသည့်အတွက် အိပ်ရာမှ ထလိုက်သည်။ ခဏ စကားပြောပြီး ဧည့်သည် ပြန်သွားသည်။ ထို့နောက် သူ အိပ်မက်ကို ဆက်စဉ်းစားနေဖြစ်သည်။ "စိတ်ဓါတ်ကျမှု၊ အိပ်မက်၊ အမေ"။ သူ့ဘ၀ကို သူ့အမေသည် တမလွန်မှ စောင့်ရှောက်နေသည်ဟု သူခံစားနေရသည်။ သူသွားလေရာ သူ့အမေ လိုက်ပါနေသည်ဟုလည်း သူခံစားနေရသည်။ သူ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အမေက အမြဲ မြင်တွေ့နေမည်ဖြစ်သည်။ သူပျော်သည်ဖြစ်စေ စိတ်ညစ်နေသည်ဖြစ်စေ အမေ အမြဲရှိနေမည်။ သို့သော် အမေသည် သူစိတ်ဓါတ်ကျနေသည့်အခါမှသာ သူ့ဆီလာပြီး အားပေးစကား ပြောပေးလေ့ရှိသည်။ အော်.... အမေ... အမေ။

အိပ်မက်ထဲ၌ အမေရွတ်ဆိုခဲ့သည့် ဆရာဇော်ဂျီ၏ "ပန်းပန်လျက်ဘဲ" ကဗျာလေးအား သူ ကြားယောင်နေမိသည်။ ပြုံးတစ်ဝက် ညိုးငယ်တစ်ဝက်ဖြင့် ထိုကဗျာလေးအား သူ တွတ်တိုးဆိုနေမိသည်။ ထို့နောက် သူ့ ကဗျာဥာဏ်အတိုင်း ထိုကဗျာလေးအား ကာရန်အလိုက် ယူကာ သူကိုယ်ပိုင် ကဗျာလေး အဖြစ် ဖန်တီးလိုက်မိသည်။ ထို ကဗျာလေးသည်ပင်လျင် သူ့အတွက် သူ့အမေ ပေးခဲ့သည့် အားဆေး တစ်ခွက် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ "ငြမ်းဆင်လျက်နွှဲ" တဲ့။


ငြမ်းဆင်လျက် နွှဲ

ယောင်ချာချာ၊ ပညာသင်ထွက်ရင်း
ဝိုင်းဖျက်ရာ ပညာပျက်၊ ၀ိုင်းနှက်ရာ ညှဉ်း။
ညှဉ်းကြလဲ တစ်သက်သာ
မုန်းချက်တွေ ရေလို ပေါ၊ နှောစုံလို့ပါ။

အတင်းနဲ့ မာယာ၊ ပညာက ခလေး
မုန်းချက်ပွေ လူ့အတွေး၊ ကြောက်ခဲ့ရသေး။
ကြောက်ရလဲ တစ်သက်သာ
အောက်အကျေ၊ ပြေ* အလုံးက
မုန်းလိုက်ပြန်ရာ။

ယုတ်*လေပေါ့ တော် မရာ*၊ ဘ၀စေရာ ခဏ
ပြန်တစ်ရာ ရိုင်းသမှ၊ ဆော်လိုက်ပြန်ကြ။
ဆော်ပြန်လဲ တစ်သက်သာ
စောင်း*တစ်သွယ်၊ မြှောင်း*မယ်ထဲက
ဆဲချက်က နာ။

သဲလှုပ်ကာ တစ်နာ နှစ်နာ၊ ပညာက ရွှေရင်ထဲ
အနှက် အမာန်* ခံလို့
ပညာထံ မာန်ကိုစွဲ*၊ ငြမ်းဆင်လျက် နွှဲ။ ။

{ကိုကိုမောင် (၀၅၊၀၇၊၂၀၁၁၊ အင်္ဂါနေ့) }



ခက်ဆစ်
*ပြေ = ပြည်
*ယုတ် = ယုတ်မာခြင်း

*တော် မရာ = မတော်မရာ

*စောင်း = စောင်းမြှောင်းခြင်း

*မြှောင်း = စောင်းမြှောင်းခြင်း

*အမာန် = မာန်မဲကြိမ်းမောင်းခြင်း

*မာန်ကိုစွဲ = အားမာန်တင်းခြင်း


.

မှတ်ချက်။

ဆရာဇော်ဂျီ၏ မူရင်း "ပန်းပန်လျက်ဘဲ" ကဗျာလေးကိုပါ တစ်ပါတည်း ဖော်ပြပေးလိုက်ပါသည်။




ပန်းပန်လျက်ဘဲ

ညိုပြာပြာ၊ လတာပြင် ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။
ဆင်းရလဲမသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့သာ။

အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။

မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ဘဲ။

[ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)]


ဝန်ခံချက်။
ဆရာဇော်ဂျီ၏ မူရင်း ကဗျာကာရန် အတော်များများအား လိုက်တုထားပါသည်။ တမလွန်မှ ဆရာဇော်ဂျီ ခွင့်လွတ်နားလည်နိုင်မည်ဟု ယူဆပါသည်။ ကဗျာကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် လုံးဝ မပါဘဲ မိမိ၏ ခံစားချက်အတိုင်း ရေးစပ်လိုက်မိခြင်း ဖြစ်သည်။ (ကိုကိုမောင်၊ ပန်းရနံ့)။

.


Friday, 1 July 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်စက)


"သူကြီးမင်း.. မန်းမှုတ်တဲ့ဟာလေး လုပ်ပါဦးဗျ"

"ဘာကြီးလဲဟ ပေါက်ကျော်ရ၊ မင့်ဟာက အရင်းမရှိ အဖျားမရှိနဲ့"

"သူကြီးမင်းဘဲ ဟိုတစ်နေ့က ပြောခဲ့တယ်လေ၊ မန်းမှုတ်သားကို တစ်ဝါတွင်းလုံး ဘုဉ်းပေးသွားရရှာတယ်ဆိုတာ"

"အော်.... အဲဒီ အကြောင်းကို မင်းက သိချင်နေတာကိုး"

"သူကြီးမင်းကလဲ သိရဲ့သားနဲ့"

"ကြားချင်သပဆိုရင်လဲ ပြောပြရတာပေါ့ကွာ။ တစ်ခါတုန်းက အမျိုးသမီးကြီးတစ်ယောက်ဟာ မြို့တက်ဘုရားဖူးရင်း ရဟန်းငယ်တစ်ပါးနဲ့ အသိမိတ်ဆွေ ဖြစ်လာတယ်တဲ့။ ရဟန်းလေးက အသားက ၀င်းဝင်း နေပုံထိုင်ပုံကလဲ တည်ကြည်ဆိုတော့ အဲဒီ အမျိုးသမီးကြီးဟာ ရဟန်းငယ်အပေါ် အတော်လေး ကြည်ညိုသွားသတဲ့။ တစ်နှစ်မှာ အဲဒီ အမျိုးသမီးကြီးက အဲဒီ ရဟန်းငယ်ကို ရွာမှာ တစ်ဝါလောက် လာပြီး ၀ါဆိုဝါကပ်ဖို့ လျှောက်ထားသတဲ့။ ရဟန်းငယ်ကလဲ သဘောတူလိုက်သတဲ့။ လိုရင်းပြောရရင်တော့ အဲဒီ ရဟန်းငယ်ဟာ အမျိုးသမီးကြီးရွာမှာ တစ်ဝါ သွားဆိုလိုက်သတဲ့"

"အဲဒီရွာက တုံးဖလားရွာ မဟုတ်လား သူကြီးမင်း"

"မင်းကတော့ လုပ်ပြီ။ တုံးဖလားတစ်ရွာထဲနဲ့ ဒီလောက် ပုံပြင်ပေါများပါ့မလားကွာ။ တစ်ခြားရွာတစ်ရွာလို့သာ မှတ်လိုက်ပေါ့။ အဲဒီ ရဟန်းငယ်ဟာ အသီးအရွက်ထက် အသားဟင်း အသားခြောက်ကို ပို ကြိုက်သတဲ့။ အကြိုက်ဆုံးကတော့ အမဲသား ဖြစ်သတဲ့။ အမျိုးသမီးကြီးလဲ သူ ကြည်ညိုလို့ ပင့်ထားတာဆိုတော့ နေ့စဉ်ဘဲ အဲဒီ ရဟန်းငယ်ကို အမဲသားခြောက်ဖုတ်၊ အမဲသားဟင်း၊ အမဲသားကြော် အစရှိသဖြင့် အမဲသားဖြစ် ဟင်းတို့ကို တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ် ကြော်လှော် ဆက်ကပ်သတဲ့"

"သူကြီးမင်း ပြောတာ ကြားရတာနဲ့တင် ကျနော်တောင် သွားရည်ကျနေပြီ။ ကော်ဖီလေးနဲ့ အမဲသားခြောက်ဖုတ်ကလေးနဲ့ မြည်းလိုက်ရလို့ကတော့..."

"ပုံပြင်ကိုသာ နားထောင်စမ်းပါ။ မင့်ဟာက ပုံပြင်လဲပြောရ၊ ကော်ဖီလဲ တိုက်ရ၊ ပြီးတော့ အမြည်းကိုတောင် တမ်းတလိုက်သေး"

"ဟဲ ဟဲ။ အဲဒီ ရဟန်းငယ်နေရာမှာ ခဏ နေလိုက်ချင်တယ်။ တရားကျင့်ချင်လို့တော့ မဟုတ်ဘူး။ အမဲသားကြော်လေး ဘာလေး စားရမလားလို့"

"အေး... မင်း စားချင်ရင် အဲဒီ အမျိုးသမီးကြီးဆီ မင့်ကို လွတ်လိုက်မယ်။ နေ့တိုင်း မရိုးစေရဘူး။ မင့်ကို ပြုစုလိမ့်မယ်။ သူ့လက်ဖြစ် အမဲသားဟင်းနဲ့"

"ဘယ်လို ဘယ်လို သူကြီးမင်း"

"ဘယ်လိုမှ မဟုတ်ဘူး။ ဆက်သာ နားထောင်။ အဲဒီ ရဟန်းငယ်လဲ ၀ါတွင်းတစ်တွင်းလုံး လျောင်း ထိုင် ရပ် သွား လေးပါဣရိယာ မျှကာရွှင်ပြုံး သီတင်းသုံးပြီးတဲ့အခါကျတာ့ မြို့ ပြန်ချင်တော့တာပေါ့။ ဒါနဲ့ ၀ါကျွတ်ပြီး ပ၀ါရဏာကံဆောင်ပြီးတဲ့အခါ အဲဒီ အမျိုးသမီးကြီးကို နှုတ်ဆက်စကား ဆိုသတဲ့"

"သူကြီးမင်း.. ကြားဖြတ် မေးလိုက်ဦးမယ်။ အဲဒီ ပ၀ါရဏာကံဆောင်တယ်ဆိုတာ ဘာကို ပြောတာလဲ မသိဘူး"

"အေး... မေးတော့လဲ ပြောပြရတာပေါ့ကွာ။ ပ၀ါရဏာဆို ပါဠိစကားလုံးလေးပါ။ ဖိတ်ကြားခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဘာအတွက် ဖိတ်ကြားတာလဲ ဆိုတော့ သံဃာအချင်းချင်း အပြစ်ကြီးအပြစ်ငယ် အသွယ်သွယ်တွေ ရှိခဲ့ရင် ထောက်ပြပြောဆို ဆုံးမဖို့ သံဃာကို ဖိတ်ကြားတာပါ။ အပြစ်ကျူးလွန်နေတာကို မြင်ခြင်း ကြားခြင်း ယုံမှားသံသယရှိခြင်း တစ်စုံတစ်ရာ ရှိခဲ့ရင် သနားသောအားဖြင့် ပြောဆို ဆုံးမတော်မူပါလို့ သိမ်အတွင်း သံဃာ့ပရိသတ်အလယ်မှာ ဖိတ်မန္တက ပြုတာကို ပ၀ါရဏာပြုတယ်၊ ပ၀ါရဏာ ကံဆောင်တယ်လို့ ခေါ်ပါတယ်။ ရဟန်းတော်တွေဟာ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ၀ါဆို ၀ါကပ်ကြတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ ပ၀ါရဏာပြုရပါတယ်။ ပ၀ါရဏာ ပြုပြီးရင် ၀ါကျွတ်သွားပါပြီ။ မြို့နယ်အလိုက်၊ ဒါမှမဟုတ် အုပ်စုအလိုက် စသဖြင့် သံဃာတွေအားလုံး တစ်ကျောင်းထဲမှာစုပြီး ပ၀ါရဏာ ပြုကြရပါတယ်"

"ဗုဒ္ဓချမှတ်ထားခဲ့တဲ့ စနစ်က အရမ်းကောင်းတယ်နော် သူကြီးမင်း"

"စနစ်ကတော့ အရမ်းကောင်းပါတယ်"

"စနစ်ကတော့ ဆိုတော့ သူကြီးမင်းက နဲနဲ မဟုတ်တာ ပြောချင်နေပြီ ထင်တယ်"

"အဲလိုလဲ မဟုတ်ပါဘူး။ မနှစ်က ပ၀ါရဏာပွဲတုန်းက အဖြစ်အပျက်ကလေးကို အမှတ်ရသွားလို့ပါ"

"အဲဒီ ပ၀ါရဏာ ပြုပွဲမှာ ဘာဖြစ်ခဲ့လို့လဲ သူကြီးမင်း"

"အင်း.. မနှစ်က ပ၀ါရဏာပြုပွဲကို ပေါက်ပင်ရွာဦးကျောင်းမှာ ပြုလုပ်ခဲ့တယ်။ ထုံးစံအတိုင်း တိုက်နယ်မှာရှိကြတဲ့ သံဃာအားလုံး ကြွကြရတာပေါ့။ ပေါက်ပင်ရွာသူ ရွာသားတွေလဲ ဆွမ်းကပ်ပြုစု လုပ်ကျွေးကြတာပေါ့။ နေ့ဆွမ်း ဘုဉ်းပေးပြီး သံဃာတော်တွေအားလုံး သိမ်ကျောင်းထဲမှာ ပ၀ါရဏာ ပြုကြတယ်။ ရွာသူရွာသားတွေကလဲ ကြည်ညိုနေကြတာပေါ့။ ၀ါစဉ်အလိုက် ပ၀ါရဏာပြုပြီးတဲ့အခါကျတော့ ဆရာတော်တစ်ပါးက ပေါက်ပင်ဆရာတော်ကို ဆုံးမစကားဆိုတယ်။ ပေါက်ပင်ဆရာတော် ဘုန်းကြီး ဖြစ်ရဲ့သားနဲ့ နွားမွေးထားတာတော့ မသင့်တော်ပါဘူး ဆိုပြီးတော့ပေါ့။ အဲဒီ ပေါက်ပင်ဆရာတော်လဲ ဟိုနားဒီနားသွားတဲ့အခါ ရွာထဲက နွားလှည်း ခဏခဏ ခေါ်ရတာ အားနာတာနဲ့ ကိုယ်ပိုင် နွားမွေးထားပြီး ကျောင်းသားတွေကို နွားလှည်းမောင်းခိုင်းတယ်လေ။ တောရွာဆိုတော့လဲ မော်တော်ကား အစားထိုး နွားလှည်းပေါ့ကွာ။ အဲဒီလိုလဲ ဆရာတော်တစ်ပါးက ပေါက်ပင်ဆရာတော်ကို ပြောဆိုဆုံးမလိုက်ရော ဘာပြောကောင်းမလဲ သူ့ကို လူပရိသတ် သံဃာ့ပရိသတ်ရှေ့မှာ စော်ကားရမလားဆိုပြီး လက်သီးလက်မောင်း တန်းကာ စိန်ခေါ်တော့တာဘဲ"

"သူကြီးမင်းကတော့ ကြုံလဲ ကြုံတတ်တယ်"

"ကြုံဆို ငါက ပ၀ါရဏာပြုပွဲကို နှစ်စဉ် သွားနေကျလေကွာ။ တစ်နေ့ထဲနဲ့ တိုက်နယ် သံဃာကုန် ဖူးမြင်ရလို့လေ"

"အင်း... တော်ပါသေးရဲ့။ တစ်နှစ်မှ တစ်ခါ ပ၀ါရဏာပြုပွဲလုပ်လို့။ နို့မို့ဆို စိတ်ဆတ်တဲ့ ဘုန်းကြီးတွေ လုပ်ပုံနဲ့တော့ ပ၀ါရဏာဆိုတဲ့ ပါဠိစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မယ်"

"ကြုံတုန်း တစ်ခု ပြောပြရဦးမယ်။ တခြားတော့ မဟုတ်ပါဘူး။ ဥပုသ်အကြောင်းလေးပါ။ ပ၀ါရဏာပြုတာကို တစ်နှစ်မှ တစ်ခါ လုပ်ပေမဲ့ ဥပုသ်ပြုတာကိုတော့ လပြည့် လကွယ်တိုင်း ပြုလုပ်ကြရတယ်။ တစ်လကို နှစ်ကြိမ်ပေါ့။ သီတင်းကျွတ်လပြည့်နေ့ကလွဲရင် ကျန်တဲ့ လပြည့် လကွယ်နေ့တိုင်း ဥပုသ်ပြုကြရတယ်"

"သီတင်းကျွတ်လပြည့်နေ့က ဘာဖြစ်လို့လဲ သူကြီးမင်း"

"မင်းကလဲ တုံးနေပြန်ပါပြီ။ သီတင်းကျွတ်လပြည့်နေ့မှာ ဥပုသ်အစား ပ၀ါရဏာပြုကြတယ်လေ။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ကို ပ၀ါရဏာနေ့ဆိုပြီး ခေါ်တွင်တယ်။ တစ်ခြားတစ်ဘက်က အဘိဓမ္မာအခါတော်နေ့လို့လဲ ခေါ်ကြတယ်။ နှစ်မည်ရ လပြည့်နေ့ပေါ့"

"ဥပုသ်ပြုခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ သူကြီးမင်း"

"အဓိကကတော့ သီလစင်ကြယ်ရေးနှင့် စည်းလုံးညီညွတ်ရေးဘဲ ဆိုကြပါတော့။ ဥပုသ်မပြုခင်မှာ ကျူးလွန်ထားတဲ့ အပြစ်လေးတွေ ပျောက်ကင်းဖို့ ဒေသနာပြောကြားကြရတယ်။ ဒေသနာကြားတယ်ဆိုတာ အချင်းချင်း အပြစ်ကို ၀န်ခံကြတာပါဘဲ။ နောင်ကို မကျူးလွန်ဖို့ကိုလဲ ကတိပေးကြရတယ်။ အာပတ်ဖြေတယ်လို့လဲ ခေါ်ဝေါ်တယ်။ အာပတ် (အပြစ်) တန်းလန်းကြီးနဲ့ ဥပုသ် မပြုကောင်းဘူး။ ပြုရင် အပြစ်ထပ်ရတယ်။ နောက်ပြီး ရဟန်းအချင်းချင်း နှစ်တောင့်ထွာအတွင်း နီးနီးကပ်ကပ် ထိုင်ကြရတဲ့အတွက် ညီညွတ်မှုကိုလဲ သဘောဆောင်တယ်။ သံဃာ့ကိစ္စ တစ်ခုခု ပေါ်ပေါက်ခဲ့ရင်လဲ ဥပုသ်ပြုပြီးတဲ့အခါ သံဃာ့ဆန္ဒခံယူလို့ရတယ်"

"ရဟန်းတွေ ဥပုသ်ပြုတာကလဲ လူတွေလို ရှစ်ပါးသီလ ခံယူရတာလား သူကြီးမင်း"

"တစ်ခြားစီပါ။ ဘာမှ မဆိုင်ပါဘူး။ ရဟန်းတော်တွေ ဥပုသ်ပြုတယ်ဆိုတာက လွယ်လွယ်ပြောရရင် ပါတိမောက်ရွတ်ဆို နာကြားကြတာပါ။ ပါတိမောက်ဆိုတာ ရဟန်းတော်အတွက် ဗုဒ္ဓကိုယ်တိုင် ချမှတ်ထားခဲ့တဲ့ စည်းကမ်းဥပဒေသတွေပါဘဲ။ အကျယ်သိချင်ရင်တော့ မဟာဂန္ဓာရုံဆရာတော်ရဲ့ ပါတိမောက်ဘာသာဋီကာကိုသာ ရှာဖတ်ပေတော့"

"သူကြီးမင်း.... ချော်ထွက်သွားလို့ ဥပုသ်အထိတောင် ရောက်လာပြီ။ ဒါနဲ့ ဟို ရဟန်းငယ် ပြန်ကြွခါနီးမှာ အဲဒီ အမျိုးသမီးကြီးကို နှုတ်ဆက်စကားဆိုတော့ ဘာတွေ အထူးအဆန်း ဖြစ်ခဲ့သေးလဲ သူကြီးမင်း"

"အဲဒီ အမျိုးသမီးကြီးက ရဟန်းငယ်လေးကို စကားတစ်ခွန်းဘဲ လျောက်လိုက်တယ်"

"ဘယ်လို စကားမျိုးလဲ သူကြီးမင်း"

"ရဟန်းငယ်လေးက " ဒကာမကြီး ဦးဇင်း မြို့ပြန်ကြွတော့မယ်။ ဒီရွာမှာ ၀ါဆိုစဉ်အတွင်း နေ့စဉ် အမဲသားချက် ကြော် လှော် ဖုတ် စတာတွေ ကပ်လှူတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်သတဲ့။ ဒါနဲ့ အဲဒီ အမျိုးသမီးကြီးက ပြန်လျောက်လိုက်တယ် "အရှင်ဘုရား ပြန်ကြွရင်လဲ ကြွပါတော့ တပည့်တော် အိမ်နောက်က ထန်းပင်ကြီးလဲ ကုန်ခါနီးပြီ" တဲ့"

"ဘာအဓိပ္ပါယ်ကြီးလဲ သူကြီးမင်း"

"ဘာအဓိပ္ပါယ်မှ မဟုတ်ဘူး မောင်ပေါက်ကျော်။ အဲဒီ အမျိုးသမီးကြီးက စုန်းမကြီးလေ။ သူပင့်လာတဲ့ ရဟန်းငယ်လေးကို ကြည်ညိုလွန်းလို့ နေ့စဉ် အမဲသားဖြစ် ဟင်းတွေကို ဆက်ကပ်တယ်။ ဒါပေမဲ့ မင်းဘဲ စဉ်းစားကြည့်လေ။ အဲဒီလို နေ့စဉ်ဆက်ကပ်နိုင်ဖို့ သူ ဘယ်မှာ အမဲသား ရနိုင်ပါ့မလဲ။ ရွာကလဲ အမဲပေါ်တဲ့ ရွာ မဟုတ်ဘူးလေ။ ဒါနဲ့ဘဲ သူ့အိမ်နောက်ဘက်မှာ ရှိတဲ့ ထန်းပင်ကြီးကို ရန်ရှာကြတော့တာပေါ့။ ထန်းလက်ခြောက်၊ ထန်းခေါင်း၊ ထန်းပင်စည်တွေကနေ သင့်တော်ရာ အစိတ်အပိုင်းကို ဖြတ်တောက်ပြီး အမဲသားအဖြစ် မန်းမှုတ်ပြီး ချက်ပြုတ်ကြော်လှော်တယ်။ ပြီးတော့ ရဟန်းငယ်လေးကို အမဲသားဟင်းအဖြစ် ကပ်လှူတယ်လေ။ အဲဒီလိုနဲ့ ကြာလာတော့လဲ ထန်းပင်ကြီး လုံးပါး ပါးလာတော့တာပေါ့"

"ကြောက်စရာကြီးပါလား သူကြီးမင်းရယ်။ လာမဲ့ သင်္ကြန်မှာ ကျနော် ဒုလ္လဘ၀တ်မယ်လို့ စိတ်ကူးထားတာ။ အခု မ၀တ်ချင်တော့ဘူး။ တော်ကြာ အဲဒီလို အမျိုးသမီးကြီး တစ်ယောက်ယောက်က အမဲသားဟင်း လာကပ်နေရင် ဒုက္ခ"

"မင်းက ဒါမျိုးကျတော့ ကြောက်တတ်သားဘဲ"

"သူကြီးမင်း... ဒါနဲ့ အဲဒီ ရဟန်းမှာ အဆိပ်အတောက် မဖြစ်ဖူးလား။ ကျနော်ကြားဖူးတာ အပင်းဆိုလား ဘာဆိုလား"

"ဒါကတော့ အစားအစာကျွေးတဲ့သူရဲ့ စိတ်နဲ့ဘဲ သက်ဆိုင်ပါတယ်။ သူက စေတနာနဲ့ စားစေချင်လို့ ကျွေးတာဆိုတော့ ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ ထန်းခြောက်တွေမှာလဲ အာဟာရဓါတ်က ပါသင့်သလောက်ပါတယ်လေ။ ဒါကြောင့် ဘာအန္တရာယ်မှ မရှိပါဘူး။ အဲဒီ အမျိုးသမီးက စေတနာဆိုးနဲ့ တစ်ခုခု ဖြစ်စေချင်လို့ ကျွေးတာဆိုရင်တော့ အဆိပ်အတောက်တို့ အပင်းတို့ ဖြစ်မှာပေါ့"

"တစ်ချိန်တုန်းက တောရွာတွေ အတော်များများမှာ စုန်းမတွေ အတော်ရှိခဲ့ကြပုံရတယ်နော် သူကြီးမင်း"

"အင်း ဆိုပါတော့။ ဒါကြောင့် အဲဒီ ခေတ်တုန်းက ဘုန်းကြီးတွေ အတော်များများ စားခွက်နှိုက်ဆေးတို့ ကိုယ်လုံဆေးတို့ ထိုးကြရတယ်တဲ့။ စားခွက်နှိုက်ဆေးဆိုတာကတော့ ဥပမာ ထန်းလက်ခြောက်ကြီးကို ထုချေပြီး အမဲသားဟင်းအဖြစ် လာကပ်ရင် ခွက်ထဲ နှိုက်လိုက်တာနဲ့ အမဲသားကနေ ထန်းလက်ခြောက်အဖြစ် ချက်ချင်း ပြောင်းသွားတဲ့ ဆေးမျိုးပေါ့"

"ဒါဖြင့် ကိုယ်လုံဆေးဆိုတာကကော သူကြီးမင်း"

"ကိုယ်လုံးဆေးဆိုတာကတော့ ခွက်ထဲနှိုက်လိုက်ရင် ဘာမှ မပြောင်းလဲသွားပေမဲ့ အဲဒီလို မန်းမှုတ်သားတွေကို ဘယ်လောက်စားစား ဘာမှ မဖြစ်ဘူး။ တကယ့်ဟင်းစားရသလိုဘဲတဲ့"

"ထူးဆန်းတယ်နော်"

"အင်း... အဲဒီခေတ်တုန်းက စားခွက်နှိုက်ဆေး ထိုးထားတဲ့ ဘုန်းကြီးတစ်ပါးဆီ အမျိုးသမီးတစ်ယောက် အသုပ်တစ်ပွဲ လာပို့တယ်တဲ့။ မြင်းခွါရွက်သုပ်တဲ့။ ဘုန်းကြီးလဲ အဲဒီ အမျိုးသမီး ပြန်သွားပြီး ဆွမ်းစားချိန်ရောက်တော့ မြင်းခွါရွက်သုပ်ကို နှိုက်လိုက်တော့ ကျောင်းစိမ်းထမီ အဟောင်းတွေကို လှီးဖြတ်ပြီး အဆာပလာထည့် သုပ်ထားတာကို တွေ့လိုက်ရတယ်တဲ့"

"ဟင်းးးးး ကြောက်လာပြီ သူကြီးမင်းရေ့..... ပြီးတော့ စုန်းမဆိုတာကလဲ ဦးချိုပေါက်နေတာ မဟုတ်တော့ ဘယ်သူက စုန်းတတ်တယ် မတတ်ဘူးဆိုတာကိုလဲ သိခွင့်ရတာ မဟုတ်ဘူး"

"ငါကြားဖူးတာတစ်ခုတော့ ရှိတယ်ကွ။ စုန်းတွေဟာ သူတို့ရဲ့ မျက်စိကို အကြည့်မခံဘူးတဲ့။ ကြည့်လိုက်ရင် မျက်နှာ လွဲသွားကြတယ်တဲ့။ မရမက ကြည့်ပြန်ရင်လဲ အငြိုးအတေး ထားတတ်ကြတယ်တဲ့"

"ဘာဖြစ်လို့ သူတို့မျက်နှာကို အကြည့်မခံတာလဲ သူကြီးမင်း"

"သူတို့ မျက်စိထဲမှာ လူတွေရဲ့ အရိပ်ဟာ ဇောက်ထိုးကြီး ဖြစ်နေလို့တဲ့။ မင်းလဲ သတိထားဦး။ ကောင်မလေးတွေကို ပိုးပန်းတော့မယ်ဆိုရင် မသိမသာ သူတို့ မျက်စိကို ကြည့်လိုက်ဦး။ သူတို့ မျက်စိထဲမှာ မင့်အရိပ်က ပြောင်းပြန်ဇောက်ထိုးကြီး ဖြစ်နေရင် သေချာပြီ။ အဲဒီ ကောင်မလေးဟာ စုန်းမဘဲ"

"သူကြီးမင်း အကြံပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျနော်က စုန်းမနဲ့ အိမ်ထောင် ကျမယ်ထင်တယ်"

"ဟေ.. ဘာဖြစ်လို့လဲကွ"

"ကျနော့်ခေါင်းမှာ ဗွေနှစ်လုံး ပါလို့လေ"

"ဗွေနှစ်လုံးပါတိုင်း စုန်းမ လင် ဖြစ်ရမလားကွ"

"ရွာဦးကျောင်း ဆရာတော်က ပြောတယ်။ ကျနော် ကိုရင်ဝတ်ဖို့ ခေါင်းရိတ်ချိန်တုန်းကပေါ့။ မင်းခေါင်းက ဗွေနှစ်လုံး ကြီးပါလားကွတဲ့။ မှတ်ထား။ ဗွေနှစ်လုံး စုန်းမ လင် တဲ့"

"ဟေ.. ဆရာတော်က အဲဒီလို ပြောလား။ ဒါဖြင့် ငါ့ခေါင်းမှာလဲ ဗွေနှစ်လုံးပါတယ်။ ဒုက္ခဘဲ။ ဒီဘ၀တော့ အိမ်ထောင် မပြုဘဲ နေမှ ဖြစ်တော့မယ် ထင်တယ်"

"ဟာ.. သူကြီးမင်းလဲ ဗွေနှစ်လုံးဘဲလား။ ဒါဆို ကျနော်တို့က အတူတူဘဲ။ အဖော်ရသွားပြီ။ သူကြီးမင်းလဲ ဗွေနှစ်လုံးဆိုရင် ကျနော် မကြောက်တော့ဘူး"

"ဘာဖြစ်လို့လဲ"

"သူကြီးမင်းဆီမှာ စုန်းမကို နိုင်တဲ့ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်လေ"

" အော်... အဲဒီလိုလား။ ငါတို့ ငယ်ငယ်တုန်းကတော့ ကြားဖူးတာဘဲ။ ငါကိုယ်တိုင်လဲ လုပ်ခဲ့ဖူးတယ်။ အစားအစာတစ်ခုခုကို သံသယရှိတဲ့အခါ မတ်တပ်ရပ်ပြီး ခြေထောက်တစ်ချောင်းကို အပေါ် နဲနဲကားပြီး မြှောက်လိုက်တယ်။ ပြီးရင် အစားအစာကို ဘယ်ဘက်လက်က ကိုင်ပြီး ကားထားတဲ့ ပေါင်အောက် လျိုးပြီး ထိုးပေးလိုက်တယ်။ ဒီဘက်ကနေ ညာဘက်လက်နဲ့ လှမ်းယူလိုက်တယ်။ ပြီးရင် ဘယ်လက်ကို ပြန်ပေးလိုက်တယ်။ ဘယ်လက်ကယူပြီး နောက်တစ်ခါ ပေါင်အောက် ထိုးပေးလိုက်ပြန်တယ်။ ညာဘက်လက်နဲ့ လှမ်းယူပြန်တယ်။ အဲဒီ အဲဒီလို သုံးခါတိတိလုပ်ပြီးမှ စားလေ့ရှိကြတယ်။ အဲဒါ အပင်းအဆို့ မဖြစ်တဲ့နည်းတဲ့။ မန်းမှုတ်ထားတဲ့ အစားအစာကို ပြန်ပြီး အဲဒီနည်းနဲ့ တုန့်ပြန်လိုက်တာလေ"

"ဒါဆို ကျနော်လဲ နောက်ဆို အဲဒီလို လုပ်ပြီး စားမှ ဖြစ်မယ်။ တော်ကြာ အပင်းအဆို့တွေ ဖြစ်မှာ ကြောက်ရတယ်"

"ဒါကလဲ တန်ခိုးသိပ်မကြီးတဲ့ စုန်းမက ကျွေးတဲ့ အစားအစာမှ အဲဒီနည်းက အစွမ်းထက်တာတဲ့။ တန်ခိုးကြီးတဲ့ စုန်းဆို မင်းအဲဒီလို သုံးခါတိတိ လုပ်လိုက်ရင် မင့်ပေါင်ကို စတီးကြိုးနဲ့ ခပ်တင်းတင်း သုံးပတ် ပတ်ပြီးသား ဖြစ်သွားရောပေါ့။ ဘယ်လိုမှ ဖြေလို့ မရတော့ဘူးတဲ့"

"အမလေးးးး သူကြီးမင်းရယ်... ပြောရင်းနဲ့ ပေါင်တစ်ခုလုံး တင်းကြပ်လာသလား ခံစားရတယ်"

"ကဲပါ. ကဲပါ။ ဒါတွေ ထားပြီး ကြောင်ဖမ်းဆရာတော်ဘက် လှည့်ကြဦးစို့ရဲ့"

"ဟုတ်ကဲ့ သူကြီးမင်း"
...

"ကြောင်ဖမ်းဆရာတော်ဟာ အဲဒီရွာနား တစ်လျောက်က ကျေးငှက် တိရစ္ဆာန်တွေကို ပစ်သတ်ဖမ်းယူလိုက်တာ တောကောင်တွေတောင် ပြုန်းသွားတော့သတဲ့။ တစ်နေ့မှာ ကြောင်ဖမ်းဆရာတော် ဦးဆောင်တဲ့ ကိုရင် ကျောင်းသားအဖွဲ့ဟာ ထုံးစံအတိုင်း တောလိုက် ထွက်ပြန်ကြတာပေါ့။ တောလိုက်ထွက်ပေမဲ့လဲ ဘာကောင်ကို လိုက်မယ်ဆိုတာတော့ ရည်ရွယ်ချက် မရှိပါဘူး။ တွေ့တဲ့အကောင် ၀ိုင်းလိုက်ပြီး သမကြတာပါဘဲ။ ရွာဦးကျောင်းက ထွက်ပြီဆိုကထဲက ကိုရင်ကျောင်းသားတွေကလဲ ပျော်၊ ခွေးတွေကလဲ ပျော်နဲ့။ နတ်ဒိုးသီချင်းလိုလို ဘာလိုလို သီချင်းကိုလဲ သံပြိုင် ဟစ်အော်နေကြလေရဲ့"


"ကျောင်းပေါ်မှာ မပျော်
တောထဲမှာ ပျော်
ခွေးတွေကို ခေါ်
(ကိုရင်တွေလဲ ပါသနော်..)
(ကျောင်းသားတွေလဲ ပါသနော်..)
တို့ကျောင်းတော်က
ကြောင်ဖမ်း ဆရာတော်ာ်ာ်ာ်...."

"အဝေးက မြင်သော်..
အတွေး မမှားနဲ့နော်
ပြေးမှ လွတ်မနော်..
တို့ကျောင်းတော်က
ကြောင်ဖမ်း ဆရာတော်ာ်ာ်ာ်...."

"အမြေးလေးကို မျှော်
တေးလေး တကျော်ကျော်
လာပြီနော်.. လာပြီနော်...
တို့ကျောင်းတော်က
ကြောင်ဖမ်းဆရာတော်ာ်ာ်ာ်ာ်ာ်......"

"ဟေးးး ၀ါးးးးးးးးး ၀ါးးးးးးးးးးး
ဝူးးးးးး ၀ူးးးးးးးးး ၀ူးးးးးးးးးးးးး"

"ကိုရင်ကျောင်းသားတွေလဲ ဟေးဝါးဝါးဆိုပြီး ပျော်မြူး ခွေးတွေလဲ ၀ူးးးးးအူးးးအူးးး ဆိုပြီး အူမြူး အထူးထူးသော လက်နက် ပစ္စည်း စုံလင်စွာနဲ့ ၀နာတောတစ်ခွင်မှာ ကျွတ်ထိုက်တဲ့ သတ္တ၀ါတွေကို ချေချွတ်ဖို့ အက္ခောဘိနီတပ်ကြီးဖြန့်ကာ ဘယ်ညာ ဘယ်ညာ တန်းညှိပြီး တစ်စီတစ်တန်းကြီး ထွက်ခွါသွားကြတော့တာပေါ့။ တောထဲ ၀င်ဝင်ချင်းဘဲ ခွေးဟောင်သံတွေ ကြားလို့ သွားကြည့်လိုက်တော့ ရှဥ့်မီးနီ တစ်ကောင်ကို တွေ့လိုက်ကြတယ်။ အားလုံး လိုက်...လိုက်.. လိုက်...ဆိုပြီး ညာသံပေးကာ ရှဥ့်မီးနီနောက် ကိုရင်ကျောင်းသားတွေရာ ခွေးတွေရော ကြောင်ဖမ်းဆရာတော်ရော ၀ိုင်းပြီး လိုက်ကြတော့တာပေါ့။ ရှဥ့်မီးနီလေးလဲ အသက်အန္တရာယ် ကြောက်လွန်းတဲ့အတွက် နီးစပ်ရာ သစ်ပင်အိုကြီးတစ်ပင်ရဲ့ သစ်ခေါင်းထဲ ၀င်ပြေးတော့တာပေါ့။ သစ်ပင်ရဲ့ အောက်ခြေကစပြီး အထက်ထိ သစ်ခေါင်းပေါက်ကြီးက အရှည်ကြီးဘဲ။ ကဲ... မောင်ပေါက်ကျော်... မင်းစဉ်းစားစမ်း။ သစ်ခေါင်းထဲ ၀င်ပြေးတဲ့ ရှဥ့်မီးနီကို ဘယ်လို ရအောင် ဖမ်းယူမလဲ။ အဲဒါ မင်းအတွက် ပဟေဠိဘဲ။ နောက်တစ်နေ့ ငါ့ဆီလာရင် မင်း စဉ်းစားထားတဲ့အတိုင်း ငါ့ကို ပြောပြ။ ပြီးမှ ငါပုံပြင်ကို ဆက်ပြောမယ်။ ဒီနေ့တော့ ဒီလောက်ဘဲ"

"သူကြီးမင်းကလဲ ဆုံးအောင် ပြောပြတာ မဟုတ်ဘူး။ လူတွေကို ကသိကအောက် ဖြစ်အောင် အမြဲလုပ်တယ်"

.

Saturday, 25 June 2011

မတရားကြွေသူ (ကြော်ငြာဝင်ခြင်း)

မှတ်ချက်။

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင်သည် လွန်စွာမှ ရှည်လျားထွေပြားလှသည့်အတွက် အပိုင်းဆက် ဇာတ်လမ်းများ၏ ထုံးတမ်းစဉ်လာအတိုင်း ကြော်ငြာတစ်ခု ၀င်ရောက်လေတော့သတတ်။


"မောင်ပေါက်ကျော်"

"ခင်ဗျား.. သူကြီးမင်း"

"၀တ်ကောင်း စားလှတွေနဲ့ ဘယ်က လှည့်ဝင်လာတာလဲကွ"

"ရွာအလည်ပိုင်းက ကိုဖြိုးမောင်မိန်းမ မမြ၀င်းရဲ့ မွေးနေ့ပွဲက ပြန်လာတာ သူကြီးမင်း"

"အော်... ဒါဆိုတော့ မင်းးဗိုက် ခွေးနမ်းမဲ့ ကိန်းဆိုက်နေပြီပေါ့လေ"

"ဟဲ ဟဲ သိပ်မစားခဲ့ဘူး သူကြီးမင်း။ သူကြီးမင်းအိမ်က တိုက်မဲ့ ကော်ဖီ တစ်ခွက်စာလောက်တော့ ဗိုက်ထဲ နေရာ ချန်ထားပါသေးတယ်"

"မင်းကတော့ သောက်မယ်ဆိုတာချည်းဘဲ။ ကဲပါ။ အိမ်ပေါ်တက် ကော်ဖီသောက်ရင်း စကားပြောကြတာပေါ့"

"ဒါနဲ့ သူကြီးမင်း၊ မမြ၀င်းက တော်တော်လေးကို ချောတယ်နော်""

"ချောဆို.. သူက အပျိုဘ၀တုန်းက တုံးဖလားရွာရဲ့ ကွမ်းတောင်ကိုင်လေ"

"အော်.. ဒါကြောင့် ဒီလောက် ချောနေတာကိုး"

"သူ ချောလွန်း လှလွန်းလို့လဲ သူ့ကို ပြိုင်ပိုးကြရင်းနဲ့ အသဲကွဲ ကျန်ရစ်တဲ့သူတွေ မနည်းဘူးကွ။ အဲဒီ အထဲမှာ မောင်သက်ထွားက အဆိုးဆုံးဘဲ"

"မောင်သက်ထွားဆိုတာ မမြမေရဲ့တူ ကိုကြီးသက်ထွားကို ပြောတာလား သူကြီးမင်း"

"အေး.. ဟုတ်တယ်"

"စိတ်ဝင်စားစရာဘဲ သူကြီးမင်း။ အခုတော့ ကိုကြီးသက်ထွားလဲ တရားသမားလိုလို ဘာလိုလို ဖြစ်နေပြီနော်"

"အင်း.. သူလဲ အတော်လေးကို ခံစားခဲ့ရတာကိုးကွ။ ဒါကြောင့် တရားသံဝေတွေရပြီး ဘာသာရေးဘက် ပိုလုပ်ဖြစ်တယ် ထင်ပါရဲ့။ အေးလေ... တစ်ခါ တစ်လေတော့လဲ ကာမဘက်လိုက်ရင်း ဓမ္မဘက် ရောက်သွားတတ်ကြပါတယ်။ ပြောရရင်တော့ အကုသိုလ်ကနေ ကုသိုလ်ကို ကျေးဇူးပြုတဲ့ သဘောပေါ့ကွာ။ ဒါတွေ ထားလိုက်ပါတော့"

"ဒါဖြင့် အဲဒီ ကိုကြီး သက်ထွား အကြောင်း ပြောပြပါလား သူကြီးမင်း"

"အေးကွ... ပြောပြရင်တော့ မြ၀င်းက ဦးကျော်ဖေ ဒေါ်သန်းသန်းတို့ရဲ့ တစ်ဦးတည်းသော သမီး၊ ရွာရဲ့ ကွမ်းတောင်ကိုင်။ လူပျိုကာလသားတိုင်းက မြ၀င်းကို မျက်စိကျနေခဲ့ကြတယ်။ ဒါပေမဲ့ အဖြစ်အသည်းဆုံးက နွေမရဲ့မောင် ဖြိုးမောင်နှင့် မြမေရဲ့တူ မောင်သက်ထွားတို့ဘဲ။ သူတို့နှစ်ယောက်က သူတို့နည်း သူတို့ဟန်နဲ့ ချဉ်းကပ်ပြီး မြ၀င်းကို ပေါ်တင်ကော တိုးတိုးတိတ်တိတ်ကော ပိုးခဲ့ကြတယ်။ နှစ်ယောက်လုံးကလဲ မြ၀င်းကိုမှ မရရင် သူတို့ကိုယ် သူတို့ သတ်သေကြတော့မဲ့ပုံဘဲ"

"ကာမရောဂါက ကြောက်စရာကောင်းတယ်နော် သူကြီးမင်း"

"အင်း.. ကြောက်စရာကောင်းဆို ကုရာနတ္ထိ ဆေးမရှိဘူးလေကွာ။ ဒါကြောင့်လဲ မန်လည်ဆရာတော်ဘုရားကြီးက သူ့ရဲ့ မဃဒေ၀လင်္ကာကျမ်းကြီးမှာ.... ကာမရောဂါ၊ ၀မ်းတွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာ၊ သတိသာလျှင်၊ မဟာသြသဓ၊ ဆေးမည်စွရှင့်.. ဆိုပြီး စပ်ဆိုတော်မူထားခဲ့တာပေါ့။ ကာမရောဂါကို ကုသနိုင်တာက ဆေးတစ်မျိုးဘဲ ရှိတယ်ကွ။ အဲဒီ ဆေးကတော့ သတိဘဲ။ မောင်သက်ထွားလဲ အဲဒီ သတိလေးနဲ့ သူ့ကာမရောဂါကို ကုသလိုက်ပုံရတယ်။ အခုဆို ငြိမ် နေတာဘဲ"

"အင်း ဟုတ်တယ်နော် သူကြီးမင်း"

"အဲဒီ အချိန်တုန်းက တုံးဖလားရွာမှာ ကာလသား ခေါင်းဆောင်က ကိုသာအောင်တဲ့။ သူ့စီမံမှု အောက်မှာ အပျိုလူပျိုတွေ ရပ်ရေးရွာရေး သာသနာရေး ဘာသာရေးတွေကို လုပ်ကြရတယ်။ ပြီးတော့ သူက အောင်သွယ်လုပ်ပေးတဲ့ နေရာမှာလဲ အရမ်းတော်တယ်။ ဒါပေမဲ့ အောင်သွယ်လုပ်ခတော့ သူ့ကို ပူဇော်ပသရတယ်"

"လူတွေက အခွင့်အရေးရမယ်ဆို ယူမယ်ဆိုတာချည်းဘဲနော်"

"အင်း... အဲဒီ အကွက်ကို ကိုဖြိုးမောင်က သိတယ်။ ဒါပေမဲ့ ကိုသက်ထွားက မသိရှာဘူး။ အဲဒီမှာ ကိုသက်ထွား တစ်ကွက် နောက်ကျသွားတော့တာပေါ့။ ကိုဖြိုးမောင်က မြ၀င်းကို ဖြတ်လမ်းက လိုက်တယ်။ ကိုသက်ထွားက မြ၀င်းကို တစ်ဖြည်းဖြည်းချင်းလိုက်တယ်။ လိုက်တာချင်း တူပေမဲ့ ဖြတ်လမ်းသမားက အရင် မြ၀င်းကို မီသွားတော့တာပေါ့"

"ဘယ်လို မီသွားတာလဲ သူကြီးမင်း"

"ကိုဖြိုးမောင်က ကိုသာအောင်နဲ့ သွားတိုင်ပင်တယ်။ မြ၀င်းနဲ့ သူနဲ့ရအောင် လုပ်ပေးနိုင်ရင် ပိုက်ဆံ ငါးသိန်းပေးမယ်ပေါ့။ ကိုသာအောင်လဲ သဘောတူတယ်။ ကိုသာအောင်က လူပျို ခေါင်းဆောင်ဆိုတော့ မြ၀င်းကို စည်းရုံးရ ပိုလွယ်သွားတော့တာပေါ့။ ကိုသာအောင်က မြ၀င်းဆီသွားပြီး ကိုဖြိုးမောင် တော်ကြောင်း၊ စိတ်ထားသဘောထားကောင်းကြောင်း၊ လုပ်ရည်ကိုင်ရည်ရှိကြောင်း၊ ယောက်ျားပီသကြောင်း၊ ကိုသက်ထွားထက် အစစအရာရာ သာလွန်ကြောင်း၊ ဘ၀အတွက်ဆို ကိုဖြိုးမောင်ကိုသာ ရွေးချယ်သင့်ကြောင်း ခဏခဏ သွားပြောတယ်လေ။ မြ၀င်းလဲ မိန်းမသားဆိုတော့.... တွန်းတိုက်ကာများ.. နဲ့နဲ့လို့ လာတယ်... အသဲနှလုံးဆိုတာ.. ကျောက်ရုပ်မဟုတ်ဘူး.... ဆိုသလိုပေါ့။ ကိုဖြိုးမောင်အပေါ်ကို မေတ္တာတွေ အားလုံး ပုံအပ်လိုက်တော့တယ်"

"ဒါဖြင့် ကိုကြီးသက်ထွား ကြွေရောပေါ့"

"အင်း.. ဘယ်ပြောကောင်းမလဲ။ သေလုမျောပါး ခံစားခဲ့ရရှာတယ်"

"သနားပါတယ်"

"နောက်ပိုင်း ကိုဖြိုးမောင်နှင့်မမြ၀င်းတို့ လက်ထပ်ပြီးမှ စိတ်ဝင်စားစရာတစ်ခုက မထင်မှတ်ဘဲ ပေါ်ပေါက်လာခဲ့တယ်"

"ဟုတ်လား သူကြီးမင်း၊ ဘာတွေ ပေါ်ပေါက်ခဲ့တာလဲ"

"အင်း.... အမှန်က ကိုသာအောင်ကို ကိုဖြိုးမောင်က မမြ၀င်းနဲ့ ရပြီးတဲ့ အထိ ပိုက်ဆံ မပေးရသေးဘူးတဲ့။ အကြွေးအနေနဲ့ဘဲ မှတ်ခိုင်းထားခဲ့တာတဲ့။ နောက်ပိုင်းမှ မင်္ဂလာလက်ဖွဲ့ရတဲ့ ပိုက်ဆံတွေနဲ့ အကြေ ဆပ်လိုက်ရတယ်တဲ့"

"ဟောဗျာ... ကိုဖြိုးမောင်တို့ကတော့ ပိုင်ချက်"

"ဒါကြောင့်လဲ တုံးဖလားရွာထဲမှာ နာမည်ကြီးသွားတော့တာပေါ့။ ကာလသားခေါင်းဆောင် ကိုသာအောင်က မမြ၀င်းကို ကိုဖြိုးမောင်ဆီမှာ အကြွေးသွားပေါင်တာဆိုပြီးတော့လေ။ ကိုဖြိုးမောင်မှ ပိုက်ဆံမပေးနိုင်ရင် ကိုသာအောင်ဘဲ မမြ၀င်းကို ယူတော့မယောင်ယောင်နဲ့။ နောက်ပြီး ကိုဖြိုးမောင်ကိုလဲ အချောင်သမားဆိုပြီး ကဲ့ရဲ့ကြတယ်။ ဟုတ်တယ်လေ။ ဘယ့်နှယ် မင်္ဂလာလက်ဖွဲ့ရတဲ့ ပိုက်ဆံတွေနဲ့မှ ကိုသာအောင်ကို အောင်သွယ်ကြေး ပေးရတယ်လို့"

"ဒါကြောင့် အချစ်နဲ့ စစ်မှာ မတရားတာ မရှိ၊ အောင်မြင်ဖို့သာ အဓိက လို့ ဆိုထားတာထင်ပါရဲ့"

"အင်း... ကိုသက်ထွားတစ်ယောက်ကတော့ နဂိုကထဲက ရင်ကွဲနာကျနေရတဲ့အထဲ အခုလို ဖြစ်ကြောင်း ကုန်စင် ကြားရပြန်တော့ ပိုပြီး ယူကြုံးမရ အပူလုံး ကြွနေတော့တာပေါ့။ သေလုမျောပါး အချစ်နာ ကျနေခဲ့တယ်လေ။ သူ့ကို သူ့ရဲ့အဒေါ် မမြမေလဲ အရမ်းသနားသွားတယ်။ ဒါပေမဲ့ ပြန်ပြင်လို့ မရတော့တာချင်းအတူတူ သူ့တူလေးကို ပျော်ပါစေတော့ရယ်ဆိုပြီး နေ့စဉ် စလိုက် နောက်လိုက် ပြောင်လိုက် လှောင်လိုက် လုပ်ပေးနေရရှာတယ်"

"ဘယ်လို လှောင်ပြောင်တာလဲ သူကြီးမင်း"

"ငါ့တူလေးရာ.. နင်က ကျားမှ ကောင်းကောင်း မကစားတတ်တာ၊ ဟိုဘက်က ကင်းဝင်ပြီး စားသွားပြီး။ နင် တစ်ကွက်မှားလို့ ခံလိုက်ရတာ။ ဒါပေမဲ့ မြ၀င်းကို မလိုချင်စမ်းပါနဲ့ ငါ့တူရာ။ ဒီလို အပေါင်ခံ မိန်းမကို ငါ့တူနဲ့ မပေးစားနိုင်ပါဘူး။ ငါ့တူက တော်လေးဝ ၀င်တဲ့ မိန်းခလေးနဲ့ဘဲ ထိုက်တန်တာပါ။ မြ၀င်းကို မရခဲ့တာ ကံကောင်းတယ်မှတ်။ ကဲ ငါ့တူလေး ပြုံးလိုက်စမ်းပါ။ အဲဒီလို ငူတူတူကြီးမနေစမ်းပါနဲ့။ အဲဒီလို ငူတူတူကြီးနေရင် ဗိုက်ပူပူ မိန်းမကြီးနဲ့ ညားတတ်တယ်နော်။ ဟား ဟား ဟား။ အဲဒီလို မမြမေက နေ့စဉ် သူ့ရဲ့တူ ကိုသက်ထွားကို စလိုက်နောက်လိုက် လုပ်ပေမဲ့လဲ ကိုသက်ထွား တစ်ယောက်ကတော့ အသဲ ဟက်တက် ကွဲမြဲ ကွဲနေလျက် ဖြစ်နေခဲ့တာပေါ့ကွာ"

"ကိုကြီးသက်ထွားကို သနားလိုက်တာ"

"အင်း... သနားမယ်ဆိုလဲ သနားစရာပေါ့။ ဒါပေမဲ့ ငါကတော့ အဲဒီ ဇာတ်လမ်းလေးကို ကြားသိရပြီးတဲ့နောက် ဘယ်လိုက ဘယ်လို စိတ်ကူးစိတ်သန်း ၀င်လာလို့လဲ မသိဘူး။ ကဗျာတစ်ပုဒ် စပ်ဆိုချင်စိတ်ပေါက်လာခဲ့တယ်။ ဒါနဲ့ စပ်ဖြစ်လိုက်တယ် ဆိုပါစို့ကွာ။ ကဗျာခေါင်းစဉ်လေးက မတရား ကြွေသူတဲ့။ အရမ်းကြေကွဲနေတဲ့ သူလို့ဘဲ ဆိုကြပါစို့"


(မတရား ကြွေသူ)


ချစ်မရှိ ချစ်ရှာ။


မြ၀င်းကို အကြွေးပေါင်လို့

နွေမ မောင် အချောင် တွက်တယ်

(ကိုသာအောင် ဖြိုးမောင်အတွက်ရယ်)

ဖမ်းချက်က နာ။


မြမေ တူ ကိုသက်ထွားမှာလ

တစ်ကွက်မှားလို့ အူချာချာ

ရည်စူးကာ လိုက်လဲ။


ညစ်ပေပေ

မြမေမှာ အလှောင် မပျက်တယ်

သဲ ဟက်တက်ကွဲ။


"သူကြီးမင်းက ကဗျာစပ် အရမ်းကောင်းတာဘဲ။ အိုင်ဒီယာလေးလဲ ကောင်းတယ်"

"ကောင်းမနေနဲ့ မောင်ပေါက်ကျော်ရေ... အဲဒီ ကဗျာလေးကို စပ်ပြီး လေးငါးရက်အတွင်း တုံးဖလားတစ်ရွာလုံး အလွတ်နီးပါး ရသွားကြတယ်။ ကာရန်လေးနဲ့ဆိုတော့ ဆိုလို့လဲ ကောင်းတယ်လေ။ ဒါပေမဲ့ တစ်နေ့မှာ ဘုန်းကြီးကျောင်းသား တစ်ယောက် ငါ့အိမ်ကို ရောက်လာတယ်"

"ဗျို့ သူကြီးမင်း"

"အေး... ဘာလဲကွ.. မောင်ကျောင်းသားရ"

"သူကြီးမင်းကို ပြစရာရှိတယ်"

"အဲဒီ ဘုန်းကြီးကျောင်းသားလေးက သူ့လက်ထဲမှာ ပါလာတဲ့ ဘာသာရေး မဂ္ဂဇင်း(အပ္ပမာဒ ထင်တယ်) စာအုပ်ကလေးကို ဖွင့်ပြီး ငါ့ကို ဆက်ပြောတယ်"

"သူကြီးမင်းရဲ့ မတရားကြွေသူ ကဗျာအလိုက်နဲ့ ရေးထားတဲ့ ကဗျာတစ်ပုဒ် ဒီစာအုပ်ထဲ တွေ့လို့ သူကြီးမင်းကို လာပြတာ"

"ဟေ.. ဟုတ်လား.. ပြစမ်းပါဦး"

"ဒီမှာလေ သူကြီးမင်း"

"အဲဒီ ဘုန်းကြီးကျောင်းသား ညွန်ပြတဲ့ စာမျက်နှာကို ကြည့်လိုက်တော့ ကျေးဇူးရှင် မန်လည်ဆရာတော် ဘုရားကြီးရဲ့ ပတ္တမြား ရွှေဂူ ဆိုတဲ့ ကဗျာလေးကို တွေ့လိုက်ရတယ်"


(ပတ္တမြား ရွှေဂူ)


ပြစ်မရှိ ပြစ်ရှာ။


လမင်းကို ခွေးဟောင်လို့

ရွှေလရောင် ပြောင်မပျက်တယ်

ထွန်းလျှက်ပင် သာ။


မြရွှေဂူ ပတ္တမြားကိုလ

ဝက်များက ငြူစူစွာ

ညွန်လူးကာ တိုက်နှဲ။


ပွတ်လေလေ

ဂူရွှေမှာ အရောင်ထွက်တယ်

ရှေးကထက် ကဲ။


"အဲဒီ ကဗျာလေးကို ညွန်ပြပြီး အဲဒီ ဘုန်းကြီးကျောင်းသားလေးက ငါ့ကို ပြောတယ်"

"သူကြီးမင်း... အဲဒီ မန်လည်ဆရာတော်က သူကြီးမင်းရဲ့ ကဗျာအလိုက်ကို အတုခိုးပြီး ဒီ ပတ္တမြား ရွှေဂူ ကဗျာကို စပ်ဆိုခဲ့တာ ထင်တယ်နော်"

"အဲဒီ ဘုန်းကြီးကျောင်းသား စကားကြားလိုက်ရတော့ ငါ့ခေါင်းထဲမှာ ထူကနဲ ပူကနဲ ဖြစ်သွားတယ်။ မန်လည်ဆရာတော်ဘုရားကြီးကိုလဲ ရည်မှန်းပြီး ဦးအကြိမ်ကြိမ်ချ ကန်တော့နေမိခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေအားလုံး ဘုန်းကြီးကျောင်းသားလေး ထင်မြင်ယူဆသလို အားလုံး ထင်မြင်ယူဆသွားရင် ဆရာတော်ကို စော်ကားမိသလို ဖြစ်သွားမှာ မဟုတ်လား။ ဒါကြောင့် အဲဒီ ဘုန်းကြီးကျောင်းသားလေးကို အမြန်ဆုံး အဖြစ်မှန်ကို ရှင်းပြလိုက်ရတယ်"

"မောင်ကျောင်းသားရေ.. ငါပြောပြမယ်။ အမှန်က အဲဒီကဗျာကို ငါက အရင် စပ်ဆိုခဲ့ပြီး ဆရာတော်က နောက်မှ ကာရန်အလိုက်ယူပြီး စပ်ဆိုခဲ့တာ မဟုတ်ဘူး။ ဆရာတော်ဘုရားကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကထဲက အဲဒီ ပတ္တမြားရွှေဂူကို စပ်ဆိုခဲ့တာပါ။ ဆရာတော်ဘုရားကြီးလဲ အခု သက်ရှိထင်ရှား မရှိတော့ပါဘူး။ ငါကသာ ဆရာတော်ဘုရားကြီးရဲ့ ပတ္တမြားရွှေဂူ ကဗျာကို အလိုက်ယူပြီး မတရား ကြွေသူ လို့ ကာရန်ကို အတုခိုး စပ်ဆိုခဲ့တာပါ။ မင်း ရွာဦးကျောင်း ပြန်ရောက်ရင် ရွာဦးကျောင်းဆရာတော်ကိုလဲ အဖြစ်မှန် လျောက်လိုက်ဦး။ ငါလဲ ရွာသူရွာသားတွေကို ရှင်းပြလိုက်ဦးမယ်"

"အဲဒီ မောင်ကျောင်းသားလေး ပြန်သွားမှ ငါ့ကိုငါ အဲဒီ မတရား ကြွေသူ ကဗျာကို စပ်ဆိုခဲ့မိတာ နောင်တ ရနေမိတော့တာပေါ့"

"အော်... ဒါဖြင့် သူကြီးမင်းက အတုခိုးခဲ့တာပေါ့နော်"

"အေးကွာ...ဒါပေမဲ့ အတုခိုးတာက အစစ်ခိုးတာနဲ့ စာရင်တော့ အပြစ်သေးလောက်ပါတယ်"

"အတုဘဲခိုးခိုး အစစ်ဘဲ ခိုးခိုး အဒိန္နာဒါနကံ ထိုက်တာဘဲ မဟုတ်လား သူကြီးမင်းရ"

"အင်း... ဒါကတော့ ဒီလို ရှိတယ် မောင်ပေါက်ကျော်ရ... ဟိုဒင်း... အဲ...ဟိုဟာ.. အင်းး.. .. ဟဲ .. ဟဲ .. ဟဲ...."


မှတ်ချက်။

ပေါ ကောင်းကောင်းနဲ့ ပေါလိုက်တာ။ ခွင့်လွတ်ပါ ဆရာတော်ဘုရား။ ကဗျာအလိုက်ယူမိတဲ့ သူကြီးမင်း အမိုက်မဲလေးပါ။း)))

...

Monday, 20 June 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်အလယ်)


"သူကြီးမင်း.. မနေ့က ကြောင်ဖမ်းဆရာတော် ပုံပြင် မဆုံးသေးဘူးနော်"

"အင်း... သိပါတယ်။ ဒါပေမဲ့ ကြောင်ဖမ်းဆရာတော်ထက် မင်းပြောတဲ့ ၀ိနည်းတတ် ကြက်သတ်ဆိုတဲ့ စကားပုံလေးကို ငါ ပိုစိတ်ဝင်စားတယ်။ အဲဒီ စကားပုံနဲ့ နီးစပ်တဲ့ ပုံပြင်လေးကို အရင်ပြောပြမယ်"

"သူကြီးမင်း သဘောပါဘဲ"

တစ်ခါက ရွာတစ်ရွာမှာ ဘုန်းတော်ကြီးတစ်ပါး ကျောင်းထိုင်သတဲ့။ ကျောင်းထိုင်ပြီး သုံးလေးနှစ် ကုန်တာ ကုန်သွားတယ်၊ အသားဟင်းကောင်းကောင်း တစ်ခါမှ မဘုဉ်ပေးရရှာဘူးတဲ့။ ဒေသထွက် အသီးအရွက်ဟင်းတွေကိုသာ နေ့စဉ် ဘုဉ်းပေးနေရသတဲ့။ ရာသီပွဲ၊ မင်္ဂလာပွဲ၊ ရှင်ပြုပွဲစတဲ့ ပွဲလေးတွေ ရှိမှ အသားဟင်း ကောင်းကောင်း ဘုဉ်းပေးခွင့်ရသတဲ့။ ကျန်တဲ့ ရက်တွေမှာ ထုံးစံအတိုင်း နွေ မိုး ဆောင်း ရာသီအလိုက် ချဉ်ပေါင်ဟင်း၊ မျှစ်ဟင်း၊ စရစ်ဟင်း၊ မုန့်ညှင်းဟင်း၊ ကင်မွန်းချဉ်ဟင်း၊ ဆူးပုပ်ရွက်ဟင်း၊ ဗူးသီးဟင်းစတဲ့ အသီးအရွက်တွေသာ ဆွမ်းစားပွဲပေါ် နေရာယူလေ့ရှိသတဲ့။ အသီးအရွက်ချည်း စားရတာ များလာတဲ့အတွက် ဘုန်းတော်ကြီးလဲ စိတ်ညစ်ညစ်နဲ့ ကဗျာတစ်ပုဒ် စပ်ပြီး ဒကာဒကာမတွေ မြင်သာလောက်တဲ့ ကျောင်းနံရံတစ်ခုမှာ ကပ်ထားလိုက်သတဲ့။

နွေမှာ စရစ်
မိုးမှာ မျှစ်
ဆောင်းမှာ မုန့်ညှင်း
ဘုန်းကြီးပျင်း၏


အဲဒီလို ကဗျာစပ်ထား၊ ကပ်ထားပေမဲ့လဲ ရွာထဲမှာမှ အသားဟင်းငါးဟင်း ရောင်းတဲ့သူ မရှိတာ ဘယ်တတ်နိုင်မလဲ။ ဘုန်းကြီး ပျင်းရင်လဲ ပျင်းပေါ့။ ဆွမ်းဟင်းခွက်တွေကတော့ မပြောင်းလဲပါဘူး။ ထုံးစံအတိုင်း အသီးအရွက်ဟင်းတွေ ချည်းဘဲပေါ့။

တစ်နေ့ ညနေခင်းမှာ အဲဒီ ဘုန်းတော်ကြီးဟာ ပုတီးစိပ်ပြီး ကျောင်းဝင်း တစ်ပတ် လမ်းလျှောက်သွားတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ပုတီးလဲ စိပ်ပြီးသား၊ ကျန်းမာရေးအတွက် လမ်းလဲ လျှောက်ပြီးသား။ ပုတီးစိပ်တယ်ဆိုပေမဲ့လဲ ပုထုဇဉ်ပီပီ သမာဓိကို အရမ်း ထူထောင်လို့ မရနိုင်ဘူးပေါ့။ ဟိုနား ချောက် ချောက် ဆို ဖျတ်ကနဲ လှည့်ကြည့်လိုက်၊ ဒီနား ဖတ် ဖတ်ကို လှမ်းကြည့်လိုက်နဲ့ ကျောင်းရဲ့ အနောက်တောင်ဒေါင့်က မန်ကျည်းပင်ကြီးအောက် ရောက်လာတယ်။ မန်းကျည်းကိုင်းလှုပ်သံ ကြားရလို့ မန်းကျည်းပင်ပေါ် မော့ကြည့်လိုက်တဲ့အခါ မန်းကျည်းကိုင်း တစ်ခုပေါ်မှာ တွယ်ကပ်နေတဲ့ ဖွတ်တစ်ကောင်ကို ဘုန်းတော်ကြီး မြင်တွေ့သွားတယ်။

ပုတီးကို မေ့သွားပြီး.. ဟာ ဟန်ကျလိုက်တာ၊ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲလာတာဘဲ ဆိုပြီး ဘုန်းတော်ကြီး ဖွတ်သားဟင်း စားချင်စိတ် ပေါက်လာရော။ ဒါပေမဲ့ ချက်ချင်းဘဲ ပြန်စဉ်းစားလိုက်မိပြန်တယ်။ အာ... မဖြစ်သေးပါဘူး။ ငါက ဘုန်းကြီးဆိုတော့ သတ္တ၀ါတွေရဲ့ အသက်ကို မသတ်တာဘဲ ကောင်းပါတယ်။ ငါ ဘယ်လို ကြံရပါ့မလဲဆိုပြီး စဉ်းစားခန်း ထုတ်နေတော့တာပေါ့။ အဲဒီ အချိန်မှာ ဘုန်းကြီးကျောင်းသား တစ်ယောက်ကို လှမ်းမြင်လိုက်လို့ အဲဒီ ကျောင်းသားကို ခေါ်ယူလိုက်သတဲ့။

"ဟဲ့.. မောင်ကျောင်းသား။ ဒီ မန်ကျည်းပင်ကြီးမှာ မန်ကျည်းကိုင်း ဘယ်နှစ်ကိုင်း ရှိလဲ ရေတွက်ကြည့်စမ်း"

"တင်ပါ့။ တစ်ကိုင်း... နှစ်ကိုင်း... သုံးကိုင်း.... (ပ) ဆယ့်လေးကိုင်း.. ဆယ့်ငါးကိုင်း။ စုစုပေါင်း ဆယ့်ငါးကိုင်း တိတိ ရှိပါတယ် ဘုရား"

"မဟုတ်သေးပါဘူး။ ထပ် ရေတွက်စမ်းပါဦး"

"တစ်ကိုင်း....(ပ) ဆယ့်ငါးကိုင်း။ ဆယ့်ငါးကိုင်း တိတိဘဲ ရှိပါတယ် ဘုရား"

"မင်း နဲနဲ လွဲနေသေးတယ်။ ထပ်ရေတွက် စမ်းပါဦး"

"တစ်ကိုင်း....(ပ) ဆယ့်ငါးကိုင်း။ မှန်လှပါ။ ဆယ့်ငါးကိုင်း တိတိဘဲ ရှိပါတယ် ဘုရား"

"အော်.. မင်းက သေချာလဲ မရေတွက် တတ်ဘဲကိုး။ သေချာကြည့် ငါရေတွက်ပြမယ်။ တစ်ကိုင်း... နှစ်ကိုင်း... (ပ) ဆယ့်လေးကိုင်း ပြီးတော့ ဖွတ်ကိုင်း"

အဲဒီတော့မှ ကျောင်းသားလဲ မန်ကျည်းကိုင်းတစ်ခုပေါ် တွယ်ကပ်နေတဲ့ ဖွတ်ကို မြင်တွေ့သွားတယ်။

"ဘုန်းကြီး... ဖွတ်ကြီးက အကြီးကြီးဘဲ ဘုရား"

"အေး... ဟုတ်လား။ ဒါဖြင့် မင်း အဲဒီ ဖွတ်ကို မသတ်လိုက်နဲ့နော်"

"တင်ပါ့ဘုရား"

ကျောင်းသားကလဲ တင်ပါ့ဘုရားသာ လျှောက်လိုက်ရတယ်။ ဘုန်းကြီးက ပရိယာယ်နဲ့ ခိုင်းနေမှန်း သဘောပေါက်တယ်။ ဒါက သွေးရိုးသားရိုး မန်ကျည်းကိုင်းကို ရေတွက်ခိုင်းတာမှ မဟုတ်ဘဲလေ။ ဒါနဲ့ ကျောင်းသားလဲ အဲဒီ ဖွတ်ကို ဘုန်းတော်ကြီး ကျောင်းပေါ် ပြန်ကြွကြွချင်း မန်ကျည်းပင်ပေါ်တက်ပြီး သတ်ပစ်လိုက်တယ်။ တပည့်လိမ္မာတော့ ဆရာ အာပတ်လွတ်တာပေါ့။ ကျောင်းသားလဲ ကျောင်းပေါ် တက်ပြီး ဘုန်းတော်ကြီးကို သွားလျှောက်လိုက်တယ်။

"ဘုန်းကြီး။ တပည့်တော် ခုနက ဖွတ်ကို သတ်လိုက်မိပြီဘုရား"

"ဟေ.. ဟုတ်လား။ မင်း တော်တော် မိုက်မဲတာဘဲ။ ဘာဖြစ်လို့ သတ်လိုက်ရတာလဲ။ သနားပါတယ်။ အေးလေ ခုမှတော့ ဘယ်တတ်နိုင်တော့မလဲ။ ဒါပေမဲ့ မင်း အဲဒီ ဖွတ်ကို ဖွတ်သားဟင်း မချက်လိုက်နဲ့နော်"

"တင်ပါ့ဘုရား"

"ကျောင်းသားက သဘော လုံးဝ ပေါက်သွားတယ်။ ဘုန်းကြီး ဖွတ်သားဟင်း စားချင်နေမှန်း ကောင်းကောင်း သိသွားတယ်။ ဒါကြောင့် ဖွတ်သားဟင်းကို ကျကျနန ချက်ပြုတ်လိုက်တယ်။ အဲဒီလို ချက်ပြုတ်နေရင်း မီးဖိုနား ဘုန်းတော်ကြီး ရောက်ရှိလာတယ်။

"မောင်ကျောင်းသား။ ဘာလုပ်နေလဲ"

"ခွင့်လွတ်ပါဘုရား။ ဘုန်းကြီး တားမြစ်တဲ့ ကြားထဲက တပည့်တော် ဖွတ်သားဟင်း ချက်လိုက်မိပြီ ဘုရား"

"တယ်လဲ မိုက်လုံး ကြီးလှသကိုး။ ကဲ ကဲ ချက်ပြီးမှတော့ ဘယ်တတ်နိုင်တော့မလဲ။ ဒါပေမဲ့ မနက်ဖန် အဲဒီ ဖွတ်သားဟင်းကို ငါ့ဆွမ်းဝိုင်းပေါ် လုံးဝ မတင်နဲ့နော်။ ကြားလား"

"တင်ပါ့ဘုရား"

"အဲဒီလို ဘုန်းတော်ကြီးနဲ့ ကျောင်းသား အတိုင်အဖောက် ညီညီ ဖွတ်သားဟင်း တစ်ခွက်အတွက် ရတက်များကြရောပေါ့ကွာ။ ပေါက်ကျော်ရေ.. မင်းလဲ သေချာ မှတ်ထားဦးနော်။ တို့ တုံးဖလား ရွာဦးကျောင်း ဆရာတော်လဲ မင့်ကို ခေါ်ပြီး မန်ကျည်းကိုင်း ရေတွက်ခိုင်းချင် ခိုင်းနေဦးမှာ"

"ဟုတ်ကဲ့ပါ သူကြီးမင်း။ ဒါပေမဲ့ တစ်ခု မရှင်းလို့။ အဲဒီလို သတ်ချင်စိတ် ရှိရဲ့သားနဲ့ စကားလှီးလွဲပြီး ပရိယာယ်နဲ့ ခိုင်းရင်ကော ဘုန်းတော်ကြီးမှာ အာပတ်မသင့်ဘူးလား"

"မင်း တိုးတက်လာပြီ။ မေးခွန်းကောင်းကောင်း မေးတတ်နေပြီ။ ငါပြောပြမယ် မောင်ပေါက်ကျော်ရေ။ (မနောဒွါရေ အာပတ္တိနာမ နတ္ထိ) စိတ်နဲ့ပြစ်မှားကျူးလွန်လို့ အာပတ်သင့်တယ်ဆိုတာ လုံးဝ မရှိပါဘူးတဲ့။ အဲဒါ ငါ့ပါးစပ်ဖြစ် ပါဠိမဟုတ်ဘူးနော်။ ၀ိနည်းကျမ်းဂန်ထဲက တိုက်ရိုက်လာတာ။ ဘုန်းကြီးက စိတ်ထဲက ဖွတ်ကို သတ်ပြီး ချက်ပြုတ်စားသောက်ချင်ပေမဲ့ ပါးစပ်က တိုက်ရိုက် ခိုင်းတာ မဟုတ်တော့ ၀ိနည်းကြောင်းအရတော့ အပြစ်လွတ်တာပေါ့ကွာ။ ဒါပေမဲ့ လောကအနေနဲ့ ကြည့်ရင်တော့ ပယောဂပါတဲ့အတွက် အပြစ်မလွတ်ဘူးပေါ့။ ကာယကံမြောက် ၀စီကံမြောက် တိုက်ရိုက်ကျူးလွန်မှဘဲ ၀ိနည်းကြောင်းအရ အပြစ်ရှိတာပါ"

"ရှုပ်တော့ ခပ်ရှုပ်ရှုပ်ဘဲနော် သူကြီးမင်း"

"မရှုပ်ပါဘူးကွာ။ နားလည်ရင် လွယ်လွယ်လေးပါ။ အင်္ဂလိပ်စာမှာတောင် loophole ဆိုတဲ့ စကားလုံး ရှိသေးတာဘဲ။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး တရားဝင် ရှောင်ရှားတဲ့သဘောပေါ့။ ဥပမာ။ မင့်ကို ပြောပြမယ်။ ရဟန်းဆိုတာ သစ်သီးကို ကိုယ်တိုင် ခွဲမစားကောင်းဘူး။ တစ်ခြားသူကိုလဲ မခွဲခိုင်းကောင်းဘူး။ သစ်သီးဆိုတာကတော့ အသီးထဲမှာ မျိုးစေ့ရှိတဲ့ အသီးကိုဘဲ ဆိုလိုတာပါ။ ဥပမာ အုန်းသီးဆိုပါစို့။ ရဟန်းတစ်ပါးက အုန်းသီးကို စားချင်ရင် ဟေ့ ကျောင်းသား.. အဲဒီ အုန်းသီးသွားခွဲချေ လို့ မပြောရဘူး။ အဲဒီလို ပြောရင် မအပ်စပ်ဘူး"

"ဒါဖြင့် ဘယ်လို ပြောမှ အပ်စပ်မှာလဲ သူကြီးမင်း"

"အင်း.. ပြောမယ်လေ။ မလောပါနဲ့။ ငါလဲ ၀ိနည်းကြောင်းဆိုတော့ စဉ်းစဉ်းစားစား ပြောနေရတာ။ မှားသွားရင် ကျမ်းဂန်စူးမှာ ကြောက်ရတယ်။ အပ်စပ်အောင် ဒီလို ပြောရမယ်။ ဟေ့ ကျောင်းသား.. အုန်းသီးကို ကပ္ပိစမ်း... အဲဒီလို ပြောရတယ်"

"ဒါနဲ့.. အဲဒီ ကပ္ပိဆိုတာက ဘာကြီးလဲ သူကြီးမင်း"

"ဘာဟုတ်ရမှာလဲကွ။ ပါဠိစာလုံးကြီးပေါ့"

"အဓိပ္ပါယ်ကကော ဘယ်လိုထွက်လဲ သူကြီးမင်း"

"ကပ္ပိဆိုတာ အပ်စပ်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ပြီးတော့ အပ်စပ်အောင် လုပ်ပေးတဲ့သူကို ကပ္ပိယလို့ ခေါ်တယ်။ ဆိုလိုတာက ဒီလိုကွ။ ရဟန်းက အုန်းသီးကို ညွန်ပြပြီး ကျောင်းသားကို ကပ္ပိယံ ကရောဟိ (အပ်စပ်အောင် လုပ်လော့) လို့ ပြောရတယ်။ ကျောင်းသားကလဲ ကပ္ပိယံ ဘန္တေ (အပ်စပ်အောင် လုပ်ပြီးပါပြီ)လို့ ပြောလဲပြော အုန်းသီးကိုလဲ ဓါးနဲ့ ခွဲရတယ်။ အဲဒါဆိုရင် ရဟန်းအတွက် အပ်စပ်သွားပြီ။ ဘုဉ်းပေးလို့ ရသွားပြီ"

"ဒါဖြင့် စကားလုံး အသုံးအနှုန်းလိမ္မာရင် အာပတ်က လွတ်နိုင်တာပေါ့နော်"

"အင်း.. အဲဒီ သဘောပါဘဲ။ မင်းပြောတဲ့ ၀ိနည်းတတ် ကြက်သတ်ဆိုတာလဲ အဲဒီ သဘောဘဲပေါ့။ ဒါပေမဲ့ သိက္ခာပုဒ်တိုင်းကိုတော့ အဲဒီနည်းနဲ့ ရှောင်လွဲလို့ မရနိုင်ပါဘူး။ တစ်ချို့ သိက္ခာပုဒ်မှဘဲ အဲဒီနည်းနဲ့ ရှောင်လွဲလို့ ရတာပါ"

"ထူးဆန်းပါဘိ ဆတွတ်ရယ်... အဲ သူကြီးမင်းရယ်"

"မထူးဆန်းနဲ့ မောင်ပေါက်ကျော်။ သောတာပန်ဖြစ်ပြီးတဲ့ ဗိမ္ဗိသာရမင်းကြီးတောင် စကားပရိယာယ်နဲ့ ရန်သူကို နှိမ်နှင်းခဲ့သေးတာဘဲ"

"ဘယ်လို သူကြီးမင်း"

"ဒီလိုလေကွာ။ သောတာပန်ပုဂ္ဂိုလ်ဆိုတာ အရိယာစစ်စစ် ပေါ့။ အသက်သာ အသေခံမယ်။ ငါးပါးသီလကို ဘယ်လိုမှ မကျူးလွန်တော့ဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူအုပ်ချုပ်နေတဲ့ ရာဇဂြိုဟ်ပြည် နယ်စွန်နယ်ဖျားမှာ သူပုန်ထပါလေရော။ ရန်သူတွေကို သတ်ဖြတ်ဖို့ အမိန့်လဲ ပေးလို့မဖြစ်၊ မင်းကျင့်တရားနဲ့အညီ တိုင်းသူ ပြည်သားတွေကိုလဲ ကာကွယ်ပေးရမှာဆိုတော့ စကားပရိယာယ် လှလှလေးဘဲ သူ သုံးနှုန်းခဲ့တယ်"

"ဘယ်လို သုံးနှုန်းခဲ့တာလဲ သူကြီးမင်း"

"စစ်သူကြီးကို ခေါ်ပြီး.. အမောင်စစ်သူကြီး နယ်စပ်မှာ မငြိမ်းမချမ်းဖြစ်နေတယ်လို့ ကြားတယ်။ ငြိမ်းချမ်းရေး သွားဖော်ဆောင်လော့.. လို့ ပြောလိုက်တယ်တဲ့"

"လေးစားစရာကောင်းလှတဲ့ ဘုရင်ကြီးဘဲ"

"လေးစားစရာကောင်းဆို သူက အရိယာစစ်စစ်ကြီးကိုးကွ"

"ဒါနဲ့ သူကြီးမင်း။ ခုနက ရဟန်းတော်တွေ အပြစ်သင့်တဲ့ အာပတ်အကြောင်း နဲနဲ ပြန်ပြောပြပေးပါလား"

"အေး ပြောပြမယ်လေ။ မင်းက ဘာကို သိချင်လို့လဲ"

"ဒီလိုပါ သူကြီးမင်း။ အဲဒီ အာပတ်တွေမှာ အသေး အကြီး ရှိသလား သိချင်လို့ပါ"

"မင်းမေးတာ ကောင်းတယ်။ အစိုးရ ဥပဒေမှာတောင် သေဒဏ်တို့ တစ်သက်တစ်ကျွန်းတို့ ထောင်ဒဏ် ၁၀ နှစ်တို့ ထောင်ဒဏ် ၆ လ တို့ ရှိသေးတာဘဲ။ ရဟန်းတော်တွေရဲ့ ၀ိနည်းဥပဒေမှာလဲ အာပတ် အကြီးအသေး ရှိတာပေါ့။ မင်းသေချာ မှတ်ထားနော်။ ငါပြောပြမယ်"

"ဟုတ်ကဲ့ သူကြီးမင်း"

"၀ိနည်းသိက္ခာပုဒ်တွေ အများအပြားရှိပေမဲ့ တူရာတူရာ ပေါင်းလိုက်တော့ အာပတ်အမျိုးအစားက ၇ မျိုးဘဲ ရှိတယ်။ အဲဒီ ၇ မျိုးကို အာပတ်အကြီးဆုံးကစပြီး အသေးဆုံးအထိ အစဉ်အတိုင်း မင်းကို ပြောပြမယ်...
၁။ ပါရာဇိကအာပတ်
၂။သံဃာဒိသိသ်အာပတ်
၃။ထုလ္လစ္စယအာပတ်
၎။ပါစိတ်အာပတ်
၅။ပါဋိဒေသနီအာပတ်
၆။ဒုက္ကဋ်အာပတ်
၇။ဒုဗ္ဘာသီအာပတ်"

"သူကြီးမင်းက ဒါတွေလဲ သိတာဘဲနော်"

"သိဆို ငါက သူကြီးမင်းလေကွာ။ လူ့ဥပဒေ ရဟန်းဥပဒေ အကုန်လေ့လာထားရတာပေါ့။ ဒါမှ အရေးနဲ့ဆို တရားစီရင်လို့ ရမှာလေကွာ။ အဲဒီ အာပတ်အမျိုးအစား ၇ မျိုးကို ရဟန်းတော်တွေကတော့ အာပတ် ၇ ပုံ လို့ သုံးနှုန်းကြတယ်။ အဲဒီ အထဲက ပထမဖြစ်တဲ့ ပါရာဇိက အာပတ် ကျူးလွန်မိတဲ့ ရဟန်းကတော့ တစ်ခါထဲနဲ့ ရဟန်းဘ၀က လျောကျသွားရတယ်။ လူထွက်ရုံဘဲပေါ့။ ရဟန်းဘ၀နဲ့ နေလို့ မရတော့ဘူး။ နေရင် အပါယ်သွားရလောက်အောင် အပြစ်ပိုကြီးတယ်။ ဥပမာ သေဒဏ်ကျခံရသလိုပေါ့။ နောက် ဥပမာတစ်ခုကတော့ အေအိုင်ဒီအက်စ် ရောဂါလိုပေါ့။ ပြန်ကုသလို့ မရတော့ဘူး"

"ဒါဖြင့် ကျန်တဲ့ အာပတ်တွေ သင့်ရင်ရော သူကြီးမင်း"

"ကျန်တဲ့ အာပတ်တွေကတော့ ကုစားလို့ ရပါတယ်။ အာပတ်အကြီးအသေးအလိုက်တော့ ကုစားနည်း ကွာတာပေါ့"

"ဒါဖြင့် အဲဒီ ပါရာဇိကအာပတ်ဆိုတာက ဘယ်လိုလုပ်မှ အာပတ်သင့်တာလဲ"

"မေထုန်မှု၊ ခိုးမှု၊ လူသတ်မှု၊ ဈာန်မဂ်ဖိုလ်မရဘဲ ဈာန်မဂ်ဖိုလ်ရတယ်လို့ လိမ်လည်မှုဆိုပြီး ပါရာဇိက အမှုက လေးမှုဘဲ ရှိပါတယ်။ အဲဒီ အမှုလေးမှုထဲက တစ်ခုခုကို ကျူးလွန်ရင် ပါရာဇိက အာပတ်သင့်တာပေါ့"

"ဒါဖြင့် ညနေစာ ထမင်းစားတာတို့ အရက်သောက်တာတို့ကော ပါရာဇိက မကျဘူးလား သူကြီးမင်း"

"ဘယ်ကလာ ပါရာဇိက ကျရမှာလဲ။ ပါစိတ်အာပတ်ဘဲ သင့်တယ်။ ပါစိတ်အာပတ်ဆိုတာ အလယ်အလတ် အာပတ်ပေါ့။ ရဟန်းအချင်းချင်း ၀န်ခံပြီး အာပတ်ဖြေ(ကုစား) လို့ ရတယ်။ သိပ် အခက်ကြီး မဟုတ်ဘူး။ ဒါပေမဲ့ မကျူးလွန်ရင်တော့ အကောင်းဆုံးပေါ့"

"သိပါဘူး ကျနော်က ညနေစာစားရင် အရက်သောက်ရင် ပါရာဇိက ကျတယ် ထင်နေတာ"

"အင်း.. အဲဒါက လူတွေရဲ့ Concept တစ်မျိုးပေါ့ကွာ။ သူတို့က အဲဒီလို သတ်မှတ်ချင် သတ်မှတ်ကြမှာပေါ့။ ဒါပေမဲ့ အမှန်က ညနေစာစားတာ၊ အရက်သောက်တာ၊ သီချင်းဆိုတာ၊ ဗီဒီယိုကြည့်တာ၊ မြေကြီးတူးတာ စတဲ့ ကျူးလွန်မှုတွေဟာ ရဟန်းတွေအတွက်တော့ အပြစ်အတူတူတွေပါဘဲ"

"တော်သေးတယ်။ အထင်မှားကုန်တော့မလို့။ သူကြီးမင်းနဲ့ တွေ့မှဘဲ အမှန်ကို သိခွင့်ရတော့တယ်"

"ဒါကလဲ မှားတတ်ပါတယ်။ ပဉ္စမသံဂါယနာတင် ဘ၀ရှင်မင်းတုန်းမင်းတရားကြီးတောင်မှ အဲဒီ Concept မျိုး ရှိခဲ့ပုံပေါ်တယ်"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"ဘာဖြစ်လို့လဲ ဆိုတော့ သူကိုယ်တိုင် အဲဒီခေတ်က နာမည်ကြီး ဆရာတော်တစ်ပါးကို လျောက်ခဲ့ဖူးတယ်တဲ့"

"ဘယ်လို လျောက်ခဲ့တာလဲ သူကြီးမင်း"

"အရှင်ဘုရားတို့ ရဟန်းတော်တွေကို မိန်းမမယူဘဲ ရှောင်ကြဉ်နိုင်တာနှင့် ညနေစာ မစားဘဲ ရှောင်ကြဉ်နိုင်တာနဲ့တင် တပည့်တော် ကြည်ညိုလှပါပြီ တဲ့"

"ဒါကတော့ အဲဒီ နှစ်ခုလုံးက သူ့သည်းခြေကြိုက်တွေကိုး။ သူ့အကြိုက်ကို ရှောင်ကြဉ်နိုင်တဲ့ ရဟန်းတော်တွေကို ကြည်ညိုမှာပေါ့"

"မင်းကတော့ ပြောရော့မယ်"

"ဒါနဲ့ သူကြီးမင်း... အာပတ်ဆိုတာ ဘာကို ပြောတာလဲ"

"အာပတ်ဆိုတာ အာပတ္တိဆိုတဲ့ ပါဠိစကားလုံးက ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ ရောက်ခြင်း တဲ့။ ဘာတွေကို ရောက်သလဲ ဆိုရင် ဥပမာ ပါရာဇိကအာပတ်ဆိုကြပါစို့။ ပါရာဇိကဆိုတာ ပါဠိစာလုံးပါ။ ဆုံးရှုံးခြင်းလို့ အနက်အဓိပ္ပါယ်ထွက်တယ်။ ဘာတွေ ဆုံးရှုံးတာလဲ ဆိုရင် သာသနာတော်မှ ဆုံးရှုံးတာ တဲ့။ ဒါကြောင့် ပါရာဇိကအာပတ်ဆိုတာ သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမဲ့ လွယ်လင့်သကူဘဲ ပါရာဇိကအာပတ်သင့်တယ်။ ပါရာဇိကကျတယ်။ အဲဒီလိုဘဲ သုံးနှုန်းကြပါတယ်"

"သူကြီးမင်းနဲ့တွေ့မှဘဲ ရှင်းရှင်းလင်းလင်း သိခွင့်ရတော့တယ်။ ဒါနဲ့ ကျန်တဲ့ အာပတ် ၆ ပါးလဲ သူ့အဓိပ္ပါယ်နဲ့ သူ ရှိမှာပေါ့နော်။ ကျနော် သိချင်လိုက်တာ"

"မောင်ပေါက်ကျော်ရေ့... ငါက ပုံပြင်ပြောပြနေတာကွ။ မင့်ကို ၀ိနည်းစာဝါ ချပေးနေတာ မဟုတ်ဘူး။ အသေးစိပ် သိချင်ရင်တော့ ရွာဦးကျောင်း ဆရာတော်ဆီ သွားပြီးသာ မေးမြန်းပေတော့"

"ဟုတ်ပါပြီ သူကြီးမင်း။ ဒါနဲ့.. ဟို ပုံပြင်ထဲက ဖွတ်သားဟင်း ဘုဉ်းပေးချင်တဲ့ ဘုန်းတော်ကြီးကတော့ နောက်တစ်နေ့မှာ ဖွတ်သား ဆီပြန်ဟင်းကို အားရပါးရ ဘုဉ်းပေးရမှာပေါ့နော်"

"မဘုဉ်းပေးလိုက်ရဘူး"

"ဟင်..... ဘယ်လို ဖြစ်သွားလို့လဲ သူကြီးမင်း။ ကြောင်ခိုးစားသွားလို့လား"

"ဘယ်ကလာ ကြောင်ခိုးစားရမှာလဲ။ ဘုန်းကြီးကျောင်းသား ပညာပြလိုက်တာလေကွာ"

"ဘယ်လို ဘယ်လို သူကြီးမင်း"

"ဒီလိုကွာ။ နောက်တစ်နေ့ ဆွမ်းစားချိန်ရောက်တော့ ဘုန်းတော်ကြီးလဲ ဖွတ်သားဟင်း စားရပြီ အထင်နဲ့ ဆွမ်းဝိုင်းကို ရောက်လာတယ်။ ဒါပေမဲ့ ဆွမ်းဝိုင်းပေါ်မှာ ဖွတ်သားဟင်းကို မတွေ့ရဘူး။ သူ့စိတ်ထဲကတော့ မောင်ကျောင်းသား ဖွတ်သားဟင်း နွေးထားတာ မပူသေးလို့ လာမကပ်သေးတာ ထင်တယ်ဆိုပြီး ရှိတဲ့ အသီးအရွက်ဟင်းလေးတွေနဲ့ဘဲ ဘုဉ်းပေးရင်း စောင့်မျှော်နေသတဲ့။ ဘုဉ်းပေးလို့ ပြီးခါနီးထိ ဖွတ်သားဟင်းက မရောက်လာတော့ ဘုန်းတော်ကြီးလဲ စိတ် မထိန်းနိုင်တော့ဘဲ ကျောင်းသားကို ခေါ်မေးလိုက်တော့သတဲ့"

"မောင်ကျောင်းသား။ မနေ့က မင်းချက်ထားတဲ့ ဖွတ်သားဟင်းက ဘယ်မှာလဲ။ ယူခဲ့လေကွာ"

"မရှိတော့ဘူး ဘုရား။ တပည့်တော် အကုန်လုံး စားလိုက်ပြီ"

"ဟေ.. မင်းက ဘာဖြစ်လို့ ငါ့ကို မကပ်ဘဲ မင်းတစ်ယောက်ထဲ အကုန်စားပစ်လိုက်ရတာလဲ"

"ဘုန်းကြီးဘဲ ပြောတယ်လေ ဘုရား။ ဖွတ်သားဟင်း ချက်ပြီးရင် ငါ့ဆွမ်းဝိုင်းပေါ် လာမတင်နဲ့ လို့"

"မင်းကွာ... ပထမ စကားတွေတုန်းကတော့ နားမထောင်ဘဲနဲ့ နောက်ဆုံးစကားမှ နားထောင်ရတယ်လို့.... တောက်.... ဟင်းးးးးးးးးးးး"

"ဘုန်းတော်ကြီးမှာ ကျောင်းသားကို စိတ်လဲဆိုး ရယ်လဲ ရယ်ချင်ဆိုတော့ ဆွမ်းစားတာကို အမြန်လက်စသတ်ပြီး သူ့ကျက်သရေဆောင်ထဲ တန်းပြီး ကြွသွားလေတော့သတဲ့"

"ဒါဖြင့် ဘုန်းတော်ကြီး အဲဒီနေ့က ဖွတ်သားဟင်း မစားလိုက်ရဘူးပေါ့"

"ဘယ် စားလိုက်ရတော့မလဲ။ ထုံးစံအတိုင်း အသီးအရွက်ဟင်းဘဲ စားလိုက်ရတော့တာပေါ့"

"သနားပါတယ်။ အတော်နောက်တဲ့ ဘုန်းကြီးကျောင်းသားဘဲ။ ဘုန်းတော်ကြီးကလဲ အသားဟင်း ဘုဉ်းပေးရမဲ့ ဘုန်းကံ မပါလာဘူး ထင်ပါရဲ့"

"ဒါလဲ ဖြစ်နိုင်တာပါဘဲ"

"တကယ်လို့ အဲဒီဘုန်းတော်ကြီးမှာ ဟင်းသီး ဟင်းရွက်တွေကို အသားဟင်း ဖြစ်အောင် မှန်းမှုတ်လို့ရတဲ့ ပညာလေး တတ်ထားရင်တော့ မဆိုးဘူးနော် သူကြီးမင်း။ ဒါဆို နေ့တိုင်း မှန်းမှုတ်ပြီး ဘုဉ်းပေးလို့ရတယ်"

"အင်း အင်း.. မင်းပြောမှဘဲ အဲဒီလို မှန်းမှုတ်ထားတဲ့ အသားဟင်းကို တစ်ဝါတွင်းလုံး ဘုဉ်းပေး သွားရရှာတဲ့ ဘုန်းတော်ကြီး တစ်ပါး အကြောင်း အမှတ်ရသွားတယ်။ ဒါပေမဲ့ ဒီနေ့တော့ အချိန်မရှိတော့ဘူး။ နောက် အခွင့်အခါ သင့်တဲ့အခါ အဲဒီအကြောင်းကို မင်းကို ပြောပြဦးမယ်"

"သူကြီးမင်းကလဲ တစ်ထောင့်တစ်ည ပုံပြင် ကျနေတာဘဲ။ မူရင်း ပုံပြင်ဖြစ်တဲ့ ကြောင်ဖမ်းဆရာတော်ပုံပြင်တောင် ဘယ်နား ရောက်သွားမှန်း မမှတ်မိတော့ဘူး"

"မင်းက အစ ဆွဲထုတ်တာကိုးကွ။ ဒါကြောင့် ငါ့ ဦးဏှောက်ထဲ ပုံပြင်တွေ အစီအရီ ပေါ်လာတာ"

"အား.. ကျွတ်... ကျွတ်.. ကျွတ်.. ထိုင်ရတာ ခါးညောင်းသွားပြီ သူကြီးမင်း ပြန်လိုက်ဦးမယ်။ အဟီး... ခါးလဲနာတယ်.. နားထောင်လဲ ကောင်းတယ်..."

"ခွေးကောင်.. ပေါက်ကျော်.... ငါ့ကိုတော့ အားမနာဘူး"


...

Saturday, 18 June 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်မသိမ်း)


"ဗျို့ သူကြီးမင်း"

"အေးလကွာ။ မောင်ပေါက်ကျော်လား။ တက်ခဲ့ တက်ခဲ့။ အဲဒီ လှေခါးအတိုင်း တက်ခဲ့"

"သူကြီးမင်းကလဲ လှေခါးက မတက်လို့ ဘယ်က တက်ရမှာလဲ"

"မင်းကလဲ လောကွတ်လုပ်ကြည့်တာလေကွာ။ ဟဲ ဟဲ။ ကဲ ထိုင်။ ဘာကိစ္စ"

"မနောက်နဲ့လေဗျာ။ ညတုန်းက အိပ်ပျော်နိုင်ဘဲ ဖြစ်နေခဲ့တာ"

"ဘာဖြစ်လို့လဲ ကြမ်းပိုး ကိုက်လို့လား"

"သူကြီးမင်းကလဲ သိရဲ့သားနဲ့။ နောက်နေပြန်ပါပြီ။ သူကြီးမင်းက ပုံပြင်ကို အဆုံးမသတ်ဘဲ ကျနော့်ကို နှင်လွတ်လိုက်တော့ တစ်ညလုံး အဲဒီပုံပြင်ဆီ စိတ်ရောက်ပြီး အိပ်မပျော် ဖြစ်နေခဲ့တာ"

"အော်... မင်းကလဲ ကလေးပေါက်စကျနေတာဘဲ။ ပုံပြင်ကို ဒီလောက် ကြိုက်ရလား"

"သူကြီးမင်းက အတည်ပေါက်ကြီးနဲ့ ပြောတော့ ဘယ်က စိတ်မ၀င်စားဘဲ နေနိုင်ပါ့မလဲ။ သိကြားမင်းတောင် သူကြီးမင်းနဲ့တွေ့ပြီးရင် နေ့တိုင်း နတ်ပြည်က ဆင်းပြီး ပုံပြင် လာနားထောင်လောက်တယ်"

"မြှောက်မနေပါနဲ့ကွာ။ ဆက်ပြောဆို ပြောပါ့မယ်။ ဒါနဲ့ မနေ့က ပုံပြင်ကို ဘယ်အနားမှာ အဆုံးသတ်လိုက်တာလဲ"

"ကုသိုလ်နဲ့ အကုသိုလ် တိုက်ပွဲ"

"အင်း... သတိရပြီ။ တိုက်ပွဲ ဆိုပေမဲ့ သိပ်တော့ မတိုက်လိုက်ရပါဘူးကွာ။ လွယ်လင့်တကူဘဲ အဲဒီနေ့မှာ အကုသိုလ်က ချန်ပီယံဖြစ်သွားတယ်"

"အာ.. သူကြီးမင်းကလဲ အဲဒီလိုကြီး အဖြေကို အရင်ပြောတော့ ပုံပြင်က ဘယ်စိတ်ဝင်စားစရာ ကောင်းတော့မလဲ။ ကျနော်က ပြန်ထုတ်လွင့်ပေးတဲ့ ဘောလုံးပွဲတောင် ဘယ်လောက်ကောင်းကောင်း အဖြေသိပြီးရင် မကြည့်ချင်တော့ဘူး"

"မောင်ပေါက်ကျော်၊ စကားမများနဲ့ကွာ။ နားမထောင်ချင်ရင်လဲ ပြန်။ မင်းဟာက အရိုးများသလေး ချေးခါးသလေးနဲ့"

"ဟဲ ဟဲ ဟဲ။ သူကြီးမင်းကလဲ ဒေါသ ထွက်တတ်သားဘဲ။ ကျနော်က စတာပါ။ သူကြီးမင်းပြောရင် ဘာပြောပြော ဘယ်ကစပြောပြော နားထောင်ကောင်းပြီးသား။ ဆက်ပြောပါ သူကြီးမင်းရယ် နော် နော်"

"ဒါနဲ့ မင်းကို မေးရဦးမယ်။ အဲဒီ ကုသိုလ်နဲ့ အကုသိုလ် တိုက်ပွဲက ဘာကို ပြောတယ်ဆိုတာ မင်းသိတယ်ဟုတ်"

"သိပါတယ် သူကြီးမင်း။ ဦးတော ဦးဆောင်တဲ့ ကိုရင် ကျောင်းသားအဖွဲ့တွေ တောကြောင် လိုက်ဖမ်းကြမှာကို ပြောတာပါ"

"အင်း.. ဟုတ်တယ်။ ထုံးစံအတိုင်း နေ့ဆွမ်း စားပြီးတဲ့အချိန်မှာ တောထဲ တန်းထွက်လာကြတယ်။ တောထဲ ရောက်ပြီး သိပ်မကြာလိုက်ပါဘူး။ ခွေးတွေ အားကိုးနဲ့ တောကြောင် မိသားစုကို ခြေရာခံ လိုက်နိုင်ခဲ့တယ်။ မိသားစု အားလုံး အရွယ်ရောက်ပြီးတဲ့ ကြောင်တွေဖြစ်တဲ့အတွက် ပထမတော့ ဖမ်းရခက်နေသေးတယ်။ တောကြောင်ဆိုတော့ တောထဲမှာ ပြေးတာ မြန်သလား မမေးနဲ့။ ဦးတောရဲ့ ၀လုံး ပုံစံ နည်းပညာလဲ သူ့ရဲ့ အမိန့်ပေးမှုအောက်မှာ ၀ိ ဖြစ်လိုက် ထ ဖြစ်လိုက် ၀ွ ဖြစ်လိုက်နဲ့ တောကြောင်ပြေးလမ်းအလိုက် ရွှေ့လျား နေရာ ယူကြရတယ်။ အတော်လေး ကြာတော့ တောကြောင် မိသားစုတွေ အုပ်စု ကွဲသွားပြီး ပြေးမိပြေးရာ ပြေးကြတယ်။ နောက်ဆုံးတော့လဲ ဦးတောရဲ့ နည်းပညာ၊ ကိုရင်ကျောင်းသားတွေရဲ့ လက်ဖြောင့်ပစ်ချက်၊ ကျောင်းခွေးတွေရဲ့ ကျွမ်းကျင်မှု အောက်မှာ တောကြောင် မိသားစု အားလုံး အသက်ပျောက်ခဲ့ကြရှာတယ်။ တောကြောင်အသေတွေကို ရေတွက်ကြည့်လိုက်တော့၊ တစ်ကောင် နှစ်ကောင် သုံးကောင် လေးကောင် ငါးကောင် ခြောက်ကောင်။ အင်း တောကြောင်အမေ အပါအ၀င် စုစုပေါင်း ခြောက်ကောင်တိတိ အသေဖမ်းမိခဲ့ကြတယ်။ အကုသိုလ်တွေရဲ့ အောင်ပွဲပေါ့"

"နားထောင်ရတာ စိတ်မကောင်းလိုက်တာ သူကြီးမင်းရာ။ တောကြောင်လေးတွေ သနားပါတယ်။ ဂျင်နိုဆိုက်ဒ် အလုပ်ခံကြရရှာတယ်"

"သူ့ကံ ကိုယ့်ကံပေါ့ကွာ။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒီလောက် လူအား ခွေးအား နည်းပညာအား အများကြီးရှိတဲ့ ကိုရင်ကျောင်းသားတွေအဖွဲ့နဲ့ တွေ့ရင် ဘယ်တောကောင်မှ ပြေးလွတ်လေ့ မရှိကြပါဘူး"

"ဒီလိုလေးဘဲ တွေးလိုက်တော့မယ် သူကြီးမင်း။ တိရစ္ဆာန်ဆိုတာက လူချွတ်မှ ကျွတ်ခွင့်ရတဲ့ သတ္တ၀ါပေဘဲလို့။ မသေခင် ကိုရင်ကျောင်းသားတွေကို မြင်သွားရတာဆိုတော့ လူ့ဘ၀ ရောက်ချင် ရောက်လာကြမှာပါ"

"အင်း မင်းပြောမှ ငါသတိရတယ်။ ရွာအလည်ပိုင်းက မိသန်းလေးဟာ အရင်ဘ၀တုန်းက ဂျီမလေးတဲ့။ သူကိုယ်တိုင် ပြောပြတာ"

"သူကြီးမင်းက ဟိုစပ်စပ် ဒီစပ်စပ် သိလဲ သိတတ်တယ်"

"မင်းကလဲ မသိဘဲ နေမလားကွာ။ အဲဒီ မိသန်းအဖေ ဦးကျော်က နာမည်ကြီး တောလိုက်မုဆိုးလေ။ တစ်နေ့မှာ ဂျီတစ်ကောင်ကို သူ့ရဲ့ တူမီးသေနတ်နဲ့ နားထင်တည့်တည့် ပစ်သတ်လိုက်တယ်။ နောက်တော့လဲ သူ့မိန်းမ ဗိုက်ထဲ အဲဒီ ဂျီမလေး ၀င်စားတော့တာပါဘဲ။ မိသန်းငယ်ငယ်တုန်းက ခဏခဏ ပြောတယ်။ အဖေ အဖေ ဒီကို သေနတ်နဲ့ ဒုန်း ဆိုပြီး သူ့နားထင်လေးကို ကိုင်ကိုင်ပြီး ပြောတယ်။ သေချာကြည့်လိုက်တော့လဲ သူ့နားထင်မှာ သေနတ်ဒဏ်ရာလိုမျိုး အမှတ်အသားက မွေးရာပါ ဖြစ်နေတာကို အံ့သြစွာ တွေ့ရတယ်"

"သူကြီးနဲ့တွေ့မှဘဲ မကြားဖူးတာတွေ ကြားရတော့တယ်"

"အင်းပါ။ ပုံပြင်ဘက် ဆက်ကြဦးစို့။ ဦးတော ဦးဆောင်တဲ့ ကိုရင်ကျောင်းသားအဖွဲ့ဟာ တောကြောင် ခြောက်ကောင်ထမ်းပြီး လာလမ်းအတိုင်း ပြန်လာခဲ့ကြတယ်။ လမ်းမှာ တွေ့တဲ့ ရွာသူရွာသားတွေဆိုရင် မအံ့သြဘဲ မနေနိုင်ကြဘူး။ ရွာထဲက မုဆိုးတွေတောင် နေ့ချင်း သားကောင် အဲဒီလောက် ရဖူးကြတာ မဟုတ်ဘူးလေ"

"သူကြီးမင်း ကြားဖြတ်ပြီး မေးရဦးမယ်။ ရွာသူရွာသားတွေက ကိုရင်ကျောင်းသားတွေ တိရစ္ဆာန်တွေ အသက်ကို သတ်တာ ဘာမှ အပြစ်မမြင်ကြဘူးလား။ အမှန်ဆို ရွာဦးကျောင်းသွားပြီး လူတွေက သီလယူကြတာလေ"

"အင်း... မင်းက မေးခွန်းကောင်းကောင်း မေးတတ်သားဘဲ။ အမှန်က ပထမတော့ အပြစ်ပြောသံ ကြားရသေးတယ်။ နောက်တော့လဲ ကိုရင်ကျောင်းသားဆိုတာကလဲ ရွာထဲက သူတို့သားတွေဘဲ ဆိုတော့ အချစ်မြင် အပြစ်မတင်တော့ဘူးပေါ့။ အဲဒီလို အဲဒီလိုနဲ့ အဖိတ်နေ့ဆိုတဲ့အတိုင်း တစ်ပတ်လုံး ဘုရားစာတွေ ကျက်အံထားတဲ့ ကုသိုလ်တရားတွေ ဖိတ်လွင့်ကုန်တော့တာပါဘဲ"

"အော်... သူတို့လက်ထက်ရောက်မှဘဲ အဖိတ်နေ့ဆိုတာ ကုသိုလ်တွေ ဖိတ်စင်တဲ့နေ့ ဖြစ်သွားရောလား သူကြီးမင်း"

"အဲဒီ သဘောမျိုး ဖြစ်နေတော့တာပေါ့။ အဲဒီနေ့က ဦးတောလဲ ခဏချင်း နာမည်ကြီးသွားတယ်။ ဒီလောက် မြန်မြန်ပြေးနိုင်တဲ့ တောကြောင်မိသားစု အားလုံးကို နည်းပညာ ဗျူဟာသုံးပြီး ဖမ်းယူ သတ်ဖြတ်နိုင်ခဲ့လို့လေ။ ပြီးတော့ တစ်ရွာလုံး တစ်ကျောင်းလုံးက တက်ညီလက်ညီဘဲ ဦးတောကို နာမည်သစ် တစ်ခု ထပ်ချီးမြှင့်လိုက်ကြပြန်တယ်။ ကြောင်ဖမ်းဆရာတော် တဲ့"

"ဒါဖြင့် ငါးမည်ရ ကြောင်ဖမ်းဆရာတော် ဖြစ်သွားပြီပေါ့"

"အင်း ဒီတစ်ခါတော့ မင်းတော်သွားပြီ။ ဟုတ်တယ် ငါးမည်ရ ကြောင်ဖမ်းဆရာတော်။ မင်း ပြောကြည့်စမ်းပါဦး အဲဒီ ငါးမည်ရကို"

"ဦးသောပါက၊ ဦးသော၊ သောနုတ္ထိုရ်၊ ဦးတော၊ ကြောင်ဖမ်းဆရာတော်"

"ငါ ပုံပြင်ပြောရကျိုးနပ်သွားပြီ။ မင်း မှတ်မိနေတယ်"

"ဒီလောက်တော့ ဖြစ်ပါသေးတယ်။ သူကြီးမင်းရာ။ ဒါနဲ့ စကားမစပ်။ ကိုရင်ကျောင်းသားတွေ အခုလို တောလိုက်ထွက်နေတာကို ရွာဦးကျောင်း ဆရာတော်က ဘာမှ မတားမြစ်ဖူးလား"

"သဗ္ဗေသတ္တာ ကမ္မဿကာဆိုပြီး ဥပေက္ခာဘဲ ရှုလိုက်ပုံရပါတယ်။ ဘာမှ မတားမြစ်ဖူး"

"ဒါဖြင့် အဲဒီ ရလာတဲ့ သားကောင်တွေရဲ့ အသားတွေကိုရော ဆရာတော် ဘုဉ်းပေးလား မသိဘူး"

"အမှန်ဆို ဆရာတော်က အဲဒီလောက် သားကောင် ကြီးကြီးတွေကို ရမှန်း မသိဘူး။ ငှက်ကလေးတွေလောက် ရကြတာလို့ဘဲ ထင်ပုံရတယ်။ ဒါကြောင့် တစ်ခါတစ်ခါ ဆရာတော့် ဆွမ်းစားပွဲပေါ် မသိမသာ ကိုရင်ကျောင်းသားတွေ ရလာတဲ့ အသားဟင်းလေးတွေ တင်ကြည့်ကြတယ်။ ဆရာတော်မသိလို့ထင်တယ်။ ဘုဉ်းပေးတယ်ဗျား"

"ဟာ ဒါဖြင့် ဆရာတော် အာပတ် သင့်မှာပေါ့"

"မင်းကလဲ ရဟန်းလောကမှာ ဆိုရိုးတောင် ရှိသေးတာဘဲ။ အာပတ်မရှိရင် ရဟန်းမဟုတ်ဘူးတဲ့"

"သူကြီးမင်း ကြည့်လဲ ပြောဦးနော်။ ကျနော် ကြောက်တယ်"

"မကြောက်ပါနဲ့ကွာ။ ငါ ပြောတာ ဘာမှ အမှားမပါပါဘူး။ အမှန်အတိုင်း ပြောတာပါ။ သိန်းသန်းချီရှိတဲ့ စည်းကမ်းတွေ အာပတ်တွေနဲ့ ချုပ်ခြယ်ခံရထားရတဲ့ ဘ၀ဆိုတော့လဲ ဒါတွေနဲ့ ဘယ်ကင်းနိုင်ပါ့မလဲ။ ကိုယ်ချင်းစာလို့ ရပါတယ်။ အာပတ်သင့်ကြပေမပေါ့"

"ကိုရင်ကျောင်းသားတွေကလဲ ဆရာတော်ကို ချစ်လို့ ဘုဉ်းပေးစေချင်ကြတာနဲ့ တူတယ်နော် သူကြီးမင်း"

"ဖြစ်လောက်ပါတယ်"

"ဒါပေမဲ့ ဆရာတော် အာပတ်သင့်မှာ စိုးရိမ်မိတယ်"

"မင်းကလဲ အာပတ်ဘဲ ပြောနေတော့တာဘဲ။ အမှန်က အာပတ်မသင့်ပါဘူးကွာ"

"သူကြီးမင်းကတော့ ရှုပ်အောင် လုပ်နေပြန်ပါပြီ"

"ဘာမှ မရှုပ်ဘူး မောင်ပေါက်ကျော်။ မသိရင် မှတ်ထားလိုက်ဦး။ ရဟန်းတွေ မစားအပ်တဲ့ အသားက ဆယ်မျိုးဘဲ ရှိတယ်။ ကျန်တဲ့အသား အကုန်စားကောင်းတယ်"

"ဆိုစမ်းပါဦး သူကြီးမင်း"

"သေချာမှတ်ထားနော်"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"လူသား၊ ခွေးသား၊ မြင်းသား၊ ဆင်သား၊ သစ်သား၊ ကျားသား၊ ခြင်္သေ့သား၊ ၀ံသား၊ အောင်းသား၊ မြွေသား။ စုစုပေါင်း ဆယ်မျိုး။ မှတ်မိလား မသိဘူး။ အဲဒီ ဆယ်မျိုးလုံး အရိုး အရေ အသား အသွေး ဘာမှ ရဟန်းနဲ့ မအပ်စပ်ဘူး"

"သိပ်မမှတ်မိတော့ဘူး သူကြီးမင်း ထပ်ပြောပါဦး"

"အင်းး.... မှတ်မိလွယ်အောင် လင်္ကာလေးနဲ့ လိုက်မှတ်ထားလိုက်"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

'' လူ ခွေး မြင်း ဆင်၊ သစ် ကျား ခြင်၊ ၀ံလျှင် အောင်း မြွေမျိုး၊
ရိုး ရေ သား သွေး၊ အမွေး တို့ပါ၊ မသုံးရာ၊ ဆယ်ဖြာအသားမျိုး''

"ဟာ သူကြီးမင်းက အရမ်းတော်တာဘဲ။ ကဗျာကို လက်တန်း စပ်နိုင်တယ်"

"ဇွတ် အထင်ကြီးမနေနဲ့ဦး။ အဲဒါ ငါကိုယ်တိုင် စပ်ထားတဲ့ ကဗျာ မဟုတ်ဘူး။ လယ်တီဆရာတော်ဘုရားကြီး ၀ိနယ သံခိပ်ကျမ်းမှာ ရေးခဲ့တဲ့ ကဗျာလင်္ကာလေးပါ"

"အော်..."

"မအော်နဲ့။ နောက်ထပ် ရဟန်းတော်တွေ မစားအပ်တဲ့ အသား သုံးမျိုး ရှိသေးတယ်"

"ဟုတ်လား သူကြီးမင်း"

"အင်း.... မြင်သား၊ ကြားသား၊ ယုံမှားသားတဲ့"

"သူကြီးမင်းကလဲ ဘယ်လိုကြီးလဲ။ နားမလည်ဘူး။ မြင်းသား ကျားသား ယုန်သားဆို တော်သေး"

"ထွီးမှဘဲ။ မင်းကလဲ ပိန်းနေပြန်ပါပြီ။ မသိရင်လဲ မေးမြန်းတာ မဟုတ်ဘူး။ သေချာမှတ်ထားလိုက်ဦး။ ရဟန်းကို ကပ်လှူဖို့ ရည်ရွယ်ပြီး သတ်ဖြတ်နေတာကို ရဟန်းကိုယ်တိုင် မျက်စိနဲ့ မြင်တဲ့ မြင်သား၊ နားနဲ့ ကြားရတဲ့ ကြားသား၊ ကပ်လှူဖို့ ရည်ရွယ်ပြီး သတ်တာ ဖြစ်မှာပါလို့ ယုံမှားသံသယရှိတဲ့ ယုံမှားသား။ အဲဒီ သုံးမျိုးကိုလဲ ရဟန်းတွေ မစားအပ်ဘူး။ ဒါပေမဲ့ အခု တောကြောင်သားက ပထမဆယ်မျိုးထဲလဲ မပါဝင်ဘူး။ ဒုတိယ သုံးမျိုးထဲလဲ မပါဝင်ဘူး။ ဒါကြောင့် ရွာဦးကျောင်းဆရာတော် အာပတ်လုံးဝမသင့်ဘူး"

"သူကြီးမင်းကတော့ ဘက်စုံဘဲ။ မချီးကျူးဘဲကို မနေနိုင်တော့ဘူး"

"ဒီလိုဘက်စုံလို့လဲ မင်းတို့က ငါ့ကို ခိုင်းစားလို့ကောင်းအောင် သူကြီးမင်းရာထူး ထိုးအပ်ထားတာ မဟုတ်လား"

"ဒါနဲ့ သူကြီးမင်း။ ၀ိနည်းတတ် ကြက်သတ်ဆိုလား မသိဘူး။ ကြားဖူးတယ်"

"အော်.. အဲဒါလား။ အဲဒီ စကားပုံလေး ကြားရတော့ ငါ ဟိုပုံပြင်လေးကို ပြေးသတိရမိတယ်"

"အာ... သူကြီးမင်း... ကြောင်ဖမ်းဆရာတော် ပုံပြင်တောင် မပြီးသေးဘူး။ နောက် ပုံပြင်တစ်ခု ကူးတော့မလို့လား။ ဒီနေ့ကတော့ ဒီလောက်ဘဲနော်။ ကျနော် ရှူရှူးပေါက်ချင်နေပြီ။ ပြီးတော့ အိမ်မှာလဲ လုပ်စရာလေး နဲနဲရှိနေသေးလို့ ဟီး ဟီး"

မှတ်ချက်။
အဆုံးသတ်ချင်ပေမဲ့ မဆုံးနိုင်သေးတာ နားလည်ပေးကြပါ။ ။ :D :D :D

..

Wednesday, 15 June 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင်


"ဟေ့ကောင် ပေါက်ကျော်.. ပြွတ်ကလေး တကိုင်ကိုင်နဲ့ ဘယ်သွားမလို့လဲကွ"

"ထွေးတင်တို့ အုပ်စုကို ရေသွားပက်မလို့ သူကြီးမင်း"

"မင်းကတော့ လုပ်ပြီ။ သင်္ကြန်ပြီးသွားတာတောင် ဆယ်ရက် ကျော်သွားပြီလေ"

"အာ.. သူကြီးမင်းကလဲ ကျနော်တို့ ရွာဓလေ့ကို မသိတာ ကျနေတာဘဲ"

"ဆိုစမ်းပါဦး"

"ကျနော်တို့ရွာမှာ သင်္ကြန်က တစ်လကျော်ကျော် ကျတယ်လေ"

"ဟေ..."

"မဟေနဲ့ သူကြီးမင်း။ သင်္ကြန်မတိုင်ခင် ၁၅ ရက်၊ သင်္ကြန်ပြီး ၁၅ ရက်၊ ပြီးတော့ သင်္ကြန်ရက်တွေနဲ့ပါ ထပ်ပေါင်းရင် ကျနော်တို့ရွာမှာ သင်္ကြန်က ရက်ပေါင်း ၃၀ ကျော်တိတိ ကျတယ်လေ။ ဒါကြောင့် တုံးဖလား သင်္ကြန်ရာသီ မကုန်ခင်လေး ရေသွားပက်မလို့ ဟဲ ဟဲ"

"အေးပါကွာ။ လုပ်ချင်တာ လုပ်ကြပါ။ မင်းတို့ အချင်း အဆင်ပြေကြရင် ပြီးတာပါဘဲ။ ဒါပေမဲ့ ခဏလောက် ငါ့ အိမ်ပေါ် တက်ပြီး ကော်ဖီလေး ဘာလေး သောက်ဦးလေကွာ"

"ဟဲ ဟဲ အားနာစရာကြီး သူကြီးမင်းရာ.."
....


"ဆိုစမ်းပါဦးကွ။ မင်းက ထွေးတင်တို့ အုပ်စုကို ရေသွားပက်မယ်ဆိုတော့ သူတို့အုပ်စုထဲမှာ မင်းကြိုက်နေတဲ့ ကောင်မလေးများ ပါနေလို့လား"

"ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ သူကြီးမင်းရာ။ သင်္ကြန်ကာလမှာ ဒီလိုဘဲ ရေပက်ရင်း အမဲ(သားကောင်) လိုက်ရှာရတာလေ။ အဆင်ပြေလို ပြေညားပေါ့"

"မိန်းခလေးတွေက သားကောင်မှ မဟုတ်တာကွာ၊ လူဘဲ ဥစ္စာ"

"သူကြီးမင်းကလဲ ပြေးသူနဲ့ လိုက်သူဟာ သားကောင်နဲ့ မုဆိုး မဟုတ်လို့ ဘာဖြစ်ဦးမှာလဲ။ အခုဆို ကျနော်က မနုဿ မုဆိုး၊ သူတို့လေးတွေက မနုဿ သားကောင်။ ဟဲ ဟဲ"

"အင်း.. အင်းးး မင်းပြောမှဘဲ ငါ ဟို ပုံပြင်ကို သွားသတိရမိတယ်"

"ဟာ... သူကြီးမင်း ပုံပြင် ပြောပြမလို့လား။ သူကြီးမင်းသာ ပုံပြင်ပြောရင် ကျနော် ရေ သွားမပက်တော့ဘူး။ ဒီမှာဘဲ အေးအေးဆေးဆေး နေလိုက်တော့မယ်"

"အင်းးး ပြောဆိုလဲ ပြောရုံပေါ့ကွာ။ ငါကလဲ ပြောချင်နေတာကိုး။ ပုံပြင်က တစ်ခြားသူ အကြောင်းတော့ မဟုတ်ဘူးကွ။ ဘုန်းကြီးတစ်ပါး အကြောင်း ပြောမလို့"

"ဟာ... ဖြစ်ပါ့မလား သူကြီးမင်း။ တော်ကြာ သံဃာ့ကံတွေ ဘာတွေ ထိုက်နေကုန်ပါဦးမယ်"

"မထိုက်ပါဘူးကွာ။ အမှန်ကို အမှန်အတိုင်း ပြောတာဘဲလေ။ ပြီးတော့ သံဃာ့ကံထိုက်တယ်ဆိုတာက ညီညွတ်နေတဲ့ သံဃာတော်တွေကို အချင်းချင်း ကံကြီးကံငယ် မပြုနိုင်လောက်အောင် ဂုံးတိုက် ဂုံးချောလုပ်မှ ထိုက်တာပါကွ။ ဥပမာ ဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးပေါ့။ အခုက အဲဒီလို ဂုံးတိုက်နေတာမှ မဟုတ်တာ"

"ဒါဖြင့် ဘယ်လို ပုံပြင်မျိုးလဲ သူကြီးမင်း"

"ပုံပြင်ဆိုတာထက် အဖြစ်အပျက် အမှန်ဆိုရင် ပိုမှန်ပါလိမ့်မယ်"

"ဆက်ပြောပါ သူကြီးမင်း"

"တစ်ခြားတော့ မဟုတ်ပါဘူးကွာ။ ကြောင်ဖမ်းဆရာတော် တစ်ပါး အကြောင်း ပြောပြမလို့ပါ"

"အာ.. သူကြီးမင်းကလဲ ကြောင်ပန်းဆရာတော်လို့ လုပ်ပါ။ ဘယ့်နှယ် ကြောင်ဖမ်းဆရာတော်တဲ့"

"အေးကွ.... အခုဟာက ဟို တစ်ခေတ်က နာမည်ကြီးခဲ့တဲ့ ကြောင်ပန်းဆရာတော်ဘုရားကြီး အကြောင်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ပုံပြင်တစ်ပုဒ်ပါဘဲ။ ငါလဲ ရှေ့မီနောက်မီ လူကြီးတွေဆီက တစ်ဆင့် ကြားသိရတာ။ သူက ကြောင်ပန်းဆရာတော် မဟုတ်ဘူး။ ကြောင်ဖမ်းဆရာတော်လို့ဘဲ ခေါ်ကြပါတယ်"

"ဒါဖြင့် ပြောပါ သူကြီးမင်း ကျနော် နားထောင်ချင်ပါတယ်"

"ပြောရရင်တော့.. ဟိုခေတ် ဟိုအခါတုန်းက ဘုန်းကြီးကျောင်း ပညာရေးက မနိမ့်ဘူးကွ။ မနိမ့်ဆို ကျောင်းထိုင်ဘုန်းကြီးတွေ ကိုယ်တိုင်က စာချင်စာသင် အရမ်းဝါသနာပါကြတာကိုး။ ပြီးတော့ ဗာဟိရကိစ္စ လူမှုရေးကိစ္စတွေကလဲ အရမ်းများတဲ့ ခေတ်မဟုတ်ဘူးလေ။ အဖိတ်နေ့နဲ့ ဥပုသ်နေ့က လွဲရင် ကျန်တဲ့ ရက်တွေ အားလုံး စာချ စာသင် လုပ်ပေးတယ်။ နောက်ပြီး အဲဒီ သင်ပေးထားတဲ့ စာတွေအတွက် ဥပုသ်နေ့တိုင်းမှာ စာမေးပွဲ စစ်ပေးတယ်။ ဒီကြောင့် တစ်ပတ်မှာ လွတ်လွတ်ကျွတ်ကျွတ် နားရတာဆိုလို့ အဖိတ်နေ့ တစ်ရက်ဘဲ ရှိတယ်။ ဒါတောင်မှ အဲဒီအဖိတ်နေ့မှာ ကျောင်းဝင်း ပေါင်းရှင်းရတယ်။ တံမြက်စည်းလှဲရတယ်။ ခွက်ပန်းကန်တွေကို အလှည့်ကျ အဖွဲ့ဖွဲ့ပြီး တစ်ဖွဲ့စီ ကျကျနန တိုက်ချွတ်ဆေးကြောရတယ်"

"တော်တော် စနစ်ကျခဲ့တဲ့ ဘုန်းကြီးကျောင်း ပညာရေးဘဲနော် သူကြီးမင်း"

"မနက်ပိုင်းမှာ ကျောင်းသန့်ရှင်းရေးတွေ အားလုံး ပြီးပြီဆိုတော့ ကိုရင်ကျောင်းသားတွေ စိတ်ပြေလက်ပျောက် ဖြစ်ဖို့အတွက် ကျောင်းထိုင်ဆရာတော်က တောထဲတောင်ထဲ လျောက်လည်ဖို့ ခွင့်ပြုတယ်။ တောတောင်တွေကလဲ ထူထပ်သလား မမေးနဲ့။ နေ့လည်ပိုင်းသာ ဆိုရင် နေရောင် သိပ်မရတော့ ခပ်မှောင်မှောင်ပါဘဲ။ ကျေးငှက် တိရစ္ဆာန်တွေကလဲ ပေါမှပေါ။ ကျောင်းမှာလဲ ခွေးတွေ မွေးထားတယ်။ မွေးထားတဲ့ ခွေးတွေက အများကြီးဘဲ။ အနည်းဆုံး ဆယ်ကောင်အထက်မှာ ရှိတယ်။ ဒီတော့ ကိုရင်ကျောင်းသားတွေလဲ ပျော် ခွေးတွေလဲ ပျော်အောင်ဆိုပြီး အဖိတ်နေ့ နေ့လည်စာ စားပြီးတဲ့ အချိန်ကစပြီး ညနေထိအောင် တောထဲတောင်ထဲ သွားလည်ကြဖို့ ခွင့်ပြုချက်ပေးတာလေ"

"ဒါကလဲ အလွန်ကောင်းတဲ့ အချက်ဘဲ သူကြီးမင်း"

"အဲဒီလို တောတောင်အရိပ်မှာ စိတ်ကြည်နူးဖို့ ခွင့်ပြုတာကို အခွင့်ကောင်းယူပြီး ကိုရင်ကျောင်းသားတွေက ငှက်တွေ့ရင် လေးခွနဲ့ ပစ်တယ်။ ယုန် ချေ တောကြောင် ရှဉ့် စတဲ့ သတ္တ၀ါလေးတွေကို တွေ့ရင်လဲ ခွေးတွေ အားကိုးနဲ့ ညာသံပေးပြီး လိုက်ကြတာပေါ့။ အဲဒီလို အဲဒီလိုနဲ့ အဖိတ်နေ့ဟာ ကိုရင် ကျောင်းသားတွေအတွက် အမဲလိုက်တဲ့နေ့ ဖြစ်မှန်းမသိ ဖြစ်သွားတော့တာပေါ့။ ဒါကြောင့် အဖိတ်နေ့ မနက်ပိုင်း ကျောင်းသန့်ရှင်းရေး လုပ်ပြီးရင် ရွှံ့စေးမြေတွေ တူးယူပြီး ခဲစာ(လောက်စာ)လုံးတွေ လုံးပြီး နေလှန်းထားလေ့ရှိကြတယ်။ နေ့လည်စာ စားပြီးချိန်ဆို ကွက်တိဘဲ။ ခဲစာ(လောက်စာ)လုံးလေးတွေက ခြောက်နေကြပြီလေ။ တောလိုက်ဖို့ အဆင်သင့်ပေါ့"

"အော်.... စိတ်က မကောင်းမှုမှာ ပျော်မွေ့တတ်တယ် ဆိုတာ မှန်လိုက်တာ"

"တောလိုက်တာကလဲ ကံပါမှ အမဲရတတ်တာ မဟုတ်လား။ ကိုရင်ကျောင်းသားတွေက တစ်ပတ်လုံး ဘုရားစာတွေ အံထား ဖတ်ထားကြတာဆိုတော့ ကုသိုလ်အရှိန်လေးက ကျန်နေသေးတယ်လေ။ လေးခွနဲ့ ငှက်တွေကို ပစ်တိုင်း မထိတာက များတယ်။ ကုသိုလ်ကံက အကုသိုလ်မဖြစ်အောင် ဖယ်ပေးတာ ထင်ပါရဲ့။ ဒါပေမဲ့လဲ တောလိုက်တဲ့ အထုံများလာတော့ အကုသိုလ်ဘဲ များလာလို့လား မသိဘူး။ ငှက်တွေ ရှဥ့်တွေ အပြင် ယုန် ချေ တောကြောင် ဖြူး မြွေ စတဲ့ အကောင်ကြီးကြီးတွေပါ ရလာတတ်ကြတယ်"

"ဟာ.. ဒီ ကိုရင် ကျောင်းသားတွေတော့ လုပ်ပြီ"

"အဲဒီလို အမဲတွေ အများကြီး ရလာတတ်တာက ခေါင်းဆောင် ကောင်းလို့ပါ။ အဲဒီ ခေါင်းဆောင် မပါရင် ကိုရင်ကျောင်းသားတွေ ဘာသားကောင်မှ မရတတ်ကြဘူး။ သူပါမှ ပွဲစည်တာလေ"

"အဲဒီ ခေါင်းဆောင်က ရွာထဲက တကယ့် မုဆိုးကြီးလား သူကြီးမင်း"

"မဟုတ်ဘူးကွ။ အဲဒီခေါင်းဆောင်က အဲဒီ ရွာဦးကျောင်းက ဦးဇင်းတစ်ပါးဘဲ။ သူ့ဘွဲ့က ဦးသောပါက တဲ့။ ရဟန်း တစ်ဝါ နှစ်ဝါလောက် ရနေပြီလေ။ သူ့ကို ဦးသောလို့ဘဲ အရင်းဆွတ်ပြီး ခေါ်ကြတယ်"

"အာ.. သူကြီးမင်းကလဲ အဖျားဆွတ်ပြီး ခေါ်ကြတယ်လို့ လုပ်ပါ"

"မင်းကတော့ လုပ်ပြီ။ အရင်းဆွတ်ဆွတ် အဖျားဆွတ်ဆွတ် ဆွတ်မိဖို့က အရေးကြီးတာ မဟုတ်လား"

"ဟုတ်ပါပြီ.. သူကြီးမင်းနဲ့ ပြိုင်မငြင်းတော့ပါဘူး။ ဆက်သာ ပြောပါ သူကြီးမင်း"

"တောလိုက်တဲ့ အထဲမှာ သူပါမှ သားကောင် များများရတတ်လာလေ။ ကြလာတော့ ရွာသူရွာသားတွေကလဲ ကိုရင်ကျောင်းသားတွေ တောလိုက်တဲ့ အကြောင်း ဦးသောကိုယ်တိုင်ပါမှ သားကောင် များများ ရတတ်ကြောင်း စတာတွေကို သိသွားကြတော့တာပေါ့။ ဒါကြောင့် ဇာတ်တော်ထဲက မုဆိုးကြီး သောနုတ္ထိုရ်ကို အားကျပြီး ရွာသားတွေက သူ့ကို သောနုတ္ထိုရ် လို့ ကွယ်ရာမှာ ခေါ်ကြလေ့ရှိတယ်။ နောက်ပိုင်းကျတော့လဲ အရင်းဆွတ်ခေါ်ခေါ်နေတဲ့ ဦးသောကနေ ဦးတော ဖြစ်သွားပြန်ရော"

"ဘာဖြစ်လို့ သ ကနေ တ ၀မ်းပူ ဖြစ်သွားရတာလဲ သူကြီးမင်း"

"တောလိုက်တဲ့ ဘက်မှာ ထူးချွန်လို့ ဦးတောဆိုပြီး နာမည်တွင်သွားရော ဆိုပါတော့ကွာ"

"အော်.. အဲလိုလား.."

"အင်း... အဲဒီ အချိန်တုန်းကတော့ လေးမည်ရ ဆရာတော်ပေါ့ကွာ"

"ဘယ်လို လေးမည်ရလဲ သူကြီးမင်း"

"ဒီလိုလေကွာ။ ဦးသောပါက၊ ဦးသော၊ သောနုတ္ထိုရ်၊ ဦးတော။ အဲဒီလို လေးမည်ရပေါ့ကွာ"

"အော်... ပေါက်ပြီ သူကြီးမင်း"

"မင်းကတော့ ပြောမှသိ ထိမှနာ သာမှနေ သေမှခင် ဆိုတဲ့ လူမျိုးဘဲကွ။ ပြောလိုက်မှ သိရတာချည်းဘဲ။ နဲနဲလောက်တော့ ကိုယ်ပိုင်ဥာဏ်လေး ထုတ်သုံးဦးမှပေါ့"

"အာ... သူကြီးမင်းတစ်ယောက်လုံး ရှိနေတာဘဲ။ လိုသေးလို့လား။ မသိရင် သူကြီးမင်း ရှိတယ်လေ။ ဟဲ ဟဲ"

"အင်းပါ အင်းပါ။ ထားပါတော့။ မင်းလို လူနဲ့တော့ ငါ ပြိုင် မပြောနိုင်ပါဘူး။ ဆက်ပြောရရင် ထူးဆန်းတာက ကျောင်းမှာ မွေးထားတဲ့ ခွေးတွေ အားလုံး လိမ်မာ ပါးနပ်မှု ရှိကြတာဘဲ။ သားကောင်တွေ့ရင် ဘယ်တော့မှ အဲဒီ သားကောင်နောက် ခွေးတွေ အားလုံး လိုက်မသွားကြဘူး။ အလိုအလျောက် အုပ်စု ခွဲပြီး လိုက်ကြတယ်။ တစ်ချို့ခွေးတွေက သားကောင် ပြေးလမ်း ရှေ့ကို အမြန်သွားပြီး နေရာယူတယ်။ တစ်ချို့  ခွေးတွေက ဘေးပတ်ပတ်လည် တောင်ပံ ဖြန့်ပြီး နေရာယူကြတယ်။ ကျန်တဲ့ ခွေးတွေက နောက်က လိုက်ကြတယ်။ သားကောင်ကို သူတို့ဖာသာ ဖမ်းမိရင်လဲ ကိုက်ချီပြီး ကိုရင် ကျောင်းသားတွေရှေ့ လာချပေးတယ်"

"စိတ်ဝင်စားစရာဘဲ သူကြီးမင်း"

"ခွေးတွေတင် မကဘူးကွ။ ကိုရင် ကျောင်းသားတွေလဲ အတူတူဘဲ။ ယုန်တို့ ဒရယ်တို့ တောကြောင်တို့ဆိုရင် အဖွဲ့ခွဲပြီး ၀ိုင်းလိုက်ကြတာပါဘဲ။ ကိုရင်ကျောင်းသား အရေအတွက်ကလဲ လေးဆယ် ၀န်းကျင်၊ ခွေးတွေကလဲ အကောင် ၂၀ နီးနီးဆိုတော့ သားကောင်တွေ့ရင် မလွတ်တမ်းပါဘဲ။ တပ်ဖြန့်ပြီး သားကောင်ကို ၀လုံး ပုံစံ ၀ိုင်းထားလိုက်ကြတယ်။ ပြီးတော့ ဖြည်းဖြည်းချင်း ၀လုံးပုံစံကို ကျုံ့ပစ်လိုက်တယ်။ လူရော ခွေးရော ၀ိုင်းလိုက်ကြတော့ သားကောင် ဘယ်လိုမှ ပြေးမလွတ်တော့ပါဘူး။ အဲဒီလို နည်းဗျူဟာကို ဦးသော(ဦးတော)က ခေါင်းဆောင်ပြီး စီမံခန့်ခွဲပေးတာလေ"

"အဲဒီ ဦးဇင်းက မုဆိုး ၀င်စားခဲ့တာ ထင်တယ်နော် သူကြီးမင်း"

"ဘယ်သိမလဲကွာ။ ဘ၀ါဘ၀က ၀ါသနာ အထုံလဲ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ ဒါနဲ့ တစ်နေ့မှာ ရွာထဲက ကောင်လေးတွေ ဘုန်းကြီးကျောင်းလာပြီး သတင်းပေးတယ်။ တောကြောင် မိသားစု အုပ်စုလိုက်ကြီး တောထဲမှာ တွေ့ခဲ့တယ်။ သူတို့ ၀ိုင်းပြီးလိုက်ကြတာ မမိလိုက်ဖူးတဲ့။ အဲဒါ ခွေးတွေ ခေါ်ပြီး သွားကြပါလားတဲ့။ ဒါနဲ့ အဖိတ်နေ့ တစ်ရက်မှာ ဦးသော(ဦးတော) ဦးဆောင်တဲ့ ကိုရင်ကျောင်းသားတွေ လက်နက် ပစ္စည်း စုံလင်စွာနဲ့ တောထဲကို ချီတက်သွားကြတယ်။ လက်နက် ပစ္စည်းဆိုတာတွေကတော့ လေးခွ လောက်စာလုံး ဓါး ပေါက်ပြား တူးရွင်း ခွန် မီးခြစ် စတာတွေပေါ့"

"တကယ် စစ်တိုက်ထွက်မှာ ကျနေတာဘဲ"

"အင်းလေ... ဒါလဲ စစ်တိုက်ထွက်တာ တစ်မျိုးဘဲ။ ပညာတတ်လူသားတွေနဲ့ အပြစ်မဲ့ တိရစ္ဆာန်တွေရဲ့ တိုက်ပွဲပေါ့။ နောက်တစ်မျိုးလဲ ပြောလို့ ရသေးတယ်။ ကုသိုလ်နဲ့ အကုသိုလ် တိုက်ပွဲ"

"ဘယ်လို သူကြီးမင်း။ ကုသိုလ်နဲ့ အကုသိုလ် တိုက်ပွဲ"

"အော်.. မင်းကလဲ တုံးလိုက်တာ။ တစ်ပတ်လုံး ဘုရားစာတွေကို ကျက်အံထားတာက ကုသိုလ်၊ အခုလို သားကောင်ရှာထွက်တာက အကုသိုလ်လေကွာ။ တစ်ပတ်လုံး ပြုခဲ့တဲ့ ကုသိုလ်နဲ့ တစ်ရက်စာ အကုသိုလ်တွေရဲ့ တိုက်ပွဲပေါ့"

"အော်... ရှင်းသွားပြီ သူကြီးမင်း"

"ကဲ.. ကဲ.. ရှင်းမနေနဲ့တော့။ ငါလဲ မအားသေးဘူး။ ဇာတ်လမ်းက နဲနဲ ရှည်သေးတယ်။ နောက်နေ့မှဘဲ ဆက်ပြောပြတော့မယ်။ မင်းလဲ ကော်ဖီသောက်ပြီးရင် ခွက်ဆေးပြီး ပြန်တော့"

"အာ... သူကြီးမင်းကတော့ လုပ်ချလိုက်ပြန်ပါပြီ"


မှတ်ချက်။
အေပရယ်လ်လကထဲက ရေးထားတဲ့ ပုံပြင်လေးပါ။ အဆုံးမသတ်ရသေးပါဘူး။ မအားမလပ် ဖြစ်နေလို့ပါ။ ဘလော့ညီအကို မောင်နှမများထံ တိတ်တိတ်ကလေးတော့ လာဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်မင့်မချန်ထားဖြစ်ခဲ့ဘူး။ အားလုံးကို ခင်မင် လေးစားလျှက်ပါ။


.

Wednesday, 4 May 2011

အထုပ်ကလေး ဖြေကြည့်ရာဝယ်

နွေကာလမို့ အပူဒဏ်က ငရဲအသေးစားမျှ ပူပြင်းလှသည်။ ပတ်ဝန်းကျင် တစ်ခုလုံး၌လဲ အရိုးစုတွေ စုပုံထားသလို ရိုးတံကျဲကျဲ သစ်ပင်တွေသာ ရှိသည်။ တစ်ချက်တစ်ချက် တိုက်ခတ်လာသည့် လေပူတို့သည် စိတ်အစဉ်ကို မလန်းဆန်းစေနိုင်သည့် အပြင် စိတ်ကို ကသိကအောက် ပိုဖြစ်စေသေးသည်။ နံနက်ခင်းပေမဲ့ ခပ်ဝေးဝေးသို့ မျှော်ကြည့်လိုက်လျှင် တရိပ်ရိပ် တက်နေသည့် တံလျပ်အငွေ့တန်းကိုသာ မြင်တွေ့နေရလေသည်။ ဒီရာသီ ဒီကာလရောက်လာမှာကို သူ အကြောက်ဆုံးဖြစ်သည်။ သို့ပေမဲ့ အခု သူကြောက်တဲ့ရာသီ ရောက်ရှိနေလေပြီ။

"ဖူးးးးးးးးးး ပူလိုက်တာကွာ"

လေပြင်းတစ်ချက် ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်ရင်း သူငြီးငြူလိုက်မိသည်။ ထို့နောက် အပူဒဏ် သက်သာလို သက်သာငြား ပြတင်းပေါက်နား သွားပြီး ပတ်ဝန်းကျင်ကို မျှော်ကြည့်လိုက်မိသည်။ ဒီအချိန် လေပြေအေးအေးလေး တစ်ချက်လောက် တိုက်ခတ်ပေးရင် သိပ်ကောင်းမှာဘဲ ဟု စိတ်ထဲက တောင့်တ နေမိသည်။ သို့သော် လောကကြီးက သူ့အား မျက်နှာသာ မပေးချေ။

"တောက်.. မီးကလဲ ခဏခဏ ပျက်တော့တာဘဲကွာ.. ဘာမှ လုပ်လို့ကို မရဘူး"

တစ်ဘက်ခန်းမှ အဆောင်အတူနေ ကျောင်းသား တစ်ယောက်၏ ငြီးတွားသံကို သူကြားရသည်။ ထိုအသံကြားမှ သူလဲ ယောင်ယမ်းပြီး သူ့အခန်းထဲက မီးခလုပ်ကို ထောက်ကနဲ ဖွင့်ကြည့်လိုက်မိသည်။ သွားပြီ။ ဒီနေ့အဖို့ ကော်ဖီပူပူလေး သူ သောက်ခွင့် ရတော့မှာ မဟုတ်တော့။ မှုန့်ဘူးထဲမှ ဘီစကစ်ခြောက်ကလေး နှစ်ပြားသုံးပြားကို ပါးစပ်ထဲ သူပစ်ထည့်ပြီး ၀ါးလိုက်သည်။ ထို့နောက် စူပါ ကော်ဖီမစ်ထုတ်ကလေးကို ဖောက်ပြီး အမှုန့်တွေကို ပါးစပ်ထဲ မော့ချလိုက်သည်။ ထို့နောက် ပါရမီသောက်ရေသန့် ဗူးထဲမှ ရေတစ်ခွက် ငှဲ့ယူကာ ပါးစပ်ထဲ၌ ဂလုဂလု လုပ်ကာ မျိုချလိုက်တော့သည်။ ဒါဆို သူ့အတွက် ဘရိတ်ဖာ့စ်တ် ပြီးသွားပြီ။ အဆောင်နေ ကျောင်းသားတွေအဖို့ ဒီလိုနည်းနဲ့ဘဲ နှစ်ပတ်လည်ရတော့သည်။

သူ ပြတင်းပေါက်နားသို့ တစ်ခေါက် ထပ်လာပြီး ခြောက်ကပ်ကပ်နိုင်လှသည့် ရှုခင်းကို ပျင်းရိစွာ ငေးကြည့်နေပြန်သည်။ ထိုအခိုက် တစ်ဘက် ငါးခန်းကျော်မှ ကိုခင်အေး တစ်ယောက် ကျွတ်ကျွတ်အိတ် အထုပ်ကလေး တစ်ထုပ်ကို ဆွဲကာ အဆောင် မျက်နှာစာရှိ ပန်းခြံလေးထဲသို့ ထွက်ခွါသွားသည်ကို သူ လှမ်းမြင်လိုက်ရသည်။ ထို့နောက် ပတ်ဝန်းကျင် ၀ဲယာကို တစ်ချက် မျက်စိကစားပြီး ပန်းခြံဒေါင့်အနီးရှိ ပုဏ္ဍရိက်ပန်းရုံ အောက်ခြေသို့ ထိုအထုပ်ကို ပစ်ချလိုက်သည်ကို သူ မြင်နေရသည်။ ထို့နောက် ကိုခင်အေး တစ်ယောက် ဣနြေ္ဒမပျက် အဆောင်သို့ ပြန်လာသည်ကို တွေ့နေရသည်။ သိပ်မကြာခင် ကိုခင်အေး အထုပ်ပစ်ချထားခဲ့သည့် နေရာသို့ အမွေးစုပ်ဖွားဖွား ခွေးတစ်ကောင် ခပ်စိုက်စိုက် သွားနေသည်ကို သူလှန်းမြင်နေရသည်။

ရာသီဥတု ပူနေသည်ကို သူခဏမေ့သွားသည်။ မြင်ကွင်းက သူ့ကို ဆွဲဆောင်နေသည်။ ထိုခွေးသည် ထိုအထုပ်အား တက်ကြွစွာ နှုတ်သီးဖြင့် ဖြေပြီး အားရပါးရ စားသောက်နေသည်ကို သူ စိတ်ဝင်စားစွာ ငေးကြည့်နေဖြစ်သည်။ ကိုခင်အေးတစ်ယောက် ယတြာတစ်ခု သွားချေတာလား မသိဘူး ဟူသော အတွေးက သူ့ကို ပို စိတ်ဝင်စားမှု ဖြစ်စေသည်။ ဗေဒင်သမား ယတြာသမားတို့ ထိုအပြုအမူမျိုး မကြာမကြာ လုပ်တတ်သည်ကို သူသိသည်။ သူကိုယ်တိုင်ပင် လွန်ခဲ့သည့် သုံးနှစ်ကျော်က အညံ့တွေ ပျောက်သွားအောင်ဆိုပြီး ယတြာဆရာတစ်ယောက်၏ လမ်းညွန်မှုဖြင့် ရွှေပုဇွန်ကိတ်မှုန့် ခပ်ကောင်းကောင်းတစ်တုံးကို ရှိတဲ့ငွေစလေးဖြင့် ခြစ်ချုပ်ဝယ်ယူပြီး နီးစပ်ရာ အမှိုက်ပုံတစ်ခုသို့ သွားကာ နောက်ပြန် ပစ်ချထားခဲ့ဖူးသည်။ ယတြာဆရာပြောသည်မှာ ထို ကိတ်မုန့်အား ၆ နာရီအတွင်း ခွေးတစ်ကောင်ကောင် လာစားလျှင် ယတြာအောင်ပြီ၊ အညံ့တွေ ပျောက်ပြီ ဟူ၍ ဖြစ်သည်။ သူသည် ကိတ်မုန့် ပစ်ချပြီး ၅ နာရီကျော် အချိန်၌ ထို အမှိုက်ပုံသို့ သွားကြည့်ရာ သူပစ်ချထားခဲ့သည့် ရွှေပုဇွန်ကိတ်မုန့်ကြီးအား အစအနမျှပင် မတွေ့ရတော့သည်ကို အံ့သြစွာ ကြုံခဲ့ရဖူးသည်။ အခု ကိုခင်အေးလဲ ယတြာတစ်ခုခု လုပ်တာ ဖြစ်မှာ ဟု သူ တထစ်ကျ တွက်နေမိသည်။

နောက်တစ်နေ့ မနက်ပိုင်း၌လဲ အလားတူပင် မီးမလာပေ။ နေပူသည်။ ကိုခင်အေး အထုပ်သွားပစ်သည်။ ခွေးလာစားသည်။ သူ ပိုစိတ်ဝင်စားသွားသည်။ ထို့နောက် "မနက်ဖန်ကျရင် သေချာပေါက် စောင့်ကြည့်ပြီး ကိုခင်အေး ဘာအထုပ် သွားပစ်တယ်ဆိုတာ သိအောင် လုပ်မယ်" ဆိုပြီး သူ ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့သို့ ရောက်ပြီ။ ထုံးစံအတိုင်း မီးမလာပေ။ သူ ခပ်စောစောထပြီး ပြတင်းပေါက်က တစ်ဆင့် လျှို့ဝှက်စွာ ပန်းခြံထဲသို့ စိုက်ကြည့်နေဖြစ်သည်။ သိပ်မကြာခင် ကိုခင်အေးတစ်ယောက် လေကလေး တစ်ချွန်ချွန်ဖြင့် ပန်းခြံထဲသို့ အထုပ်ကလေး တစ်ထုပ်ဆွဲကာ ထွက်သွားသည်ကို တွေ့ရသည်။ ထို့နောက် လုပ်နေကျအတိုင်း ထိုအထုပ်ကလေးအား ပုဏ္ဍရိက်ပန်းရုံ ခြေရင်းသို့ မသိမသာ ပစ်ချထားခဲ့ကာ အဆောင်ဘက်သို့ ပြန်လာသည်။ သူ အခွင့်အရေးကို အမိအရ အသုံးချလိုက်သည်။ ကိုခင်အေး အဆောင်ပေါ်တက်ပြီး အခန်းထဲ ၀င်သွားသည့်အခါ သူ အဆောင်အောက်သို့ ဆင်းပြီး ပန်းခြံထဲသို့ ခပ်သုတ်သုတ် ထွက်လာမိသည်။ နဲနဲနောက်ကျရင် လာစားနေကျ ခွေး ဦးသွားနိုင်သည် မဟုတ်ပါလား။

ပန်းခြံထဲသို့ ရောက်လျှင် ကိုခင်အေး အထုပ်ပစ်နေကျ ပုဏ္ဍရိက်ပန်းခြုံဆီသို့ သူ အမြန်လျောက်သွားလေသည်။ တွေ့လိုက်ပါပြီ။ ပန်းခြုံအောက်က အထုပ်ကလေး။ ကျွတ်ကျွတ်အိတ် အပြာရင့်ရောင်ဖြင့် ကျကျနန ထုပ်ထားသည်မှာ ပါဆယ်ထုပ် တစ်ထုပ်နဲ့ပင် တူလှတော့သည်။ ထို့နောက် သူသည် (သူများလုပ်ထားတဲ့ ယတြာထုပ်ကို လက်နဲ့ကိုင်မိလျှင် အညံ့တွေ လာကူးမှာ စိုးရိမ်ရတယ် ဟု စဉ်းစားပြီး) ထိုအထုပ်အား လက်ဖြင့် ဖြေကြည့်ရန် မ၀ံ့ရဲလှသဖြင့် အနီးနားရှိ သစ်ကိုင်းခြောက်လေးကို ကောက်ယူပြီး ထိုအထုပ်ကို ထုတ်ချင်းပေါက် ထိုးဖောက်လိုက်လေသည်။ ထို့နောက် ထိုအပေါက်ကလေးအား ပထမ သစ်ကိုင်းခြောက်ကလေးဖြင့် သေချာ ဖိထားလိုက်ပြီး အခြား သစ်ကိုင်းခြောက် တစ်ခုဖြင့် ခပ်ဆဆ ဖြဲကြည့်လိုက်တဲ့အခါ လုံးဝထင်မှတ် မထားတဲ့ အနံ့တစ်ခု ထောင်းကနဲ ထွက်လာပေါ်လာလေသည်။

"ဟင်းးးးးးးးးးး " "... တောက်....."

အံသြမှုနဲ့အတူ တောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ပြီး သူ အဆောင်ဘက်သို့ ပြန်လာသည်။ အဆောင်ပေါ် တက်ပြီး ကိုခင်အေး အခန်းသို့ သူ တန်းတန်းမတ်မတ် သွားလေသည်။ သူ့ကို မြင်တဲ့အခါ ကိုခင်အေးက.. "ဟာ.. လာထိုင်.. တရုတ်သူဋ္ဌေးလေး" ဟု သူ့ကို ဖိတ်ခေါ်လေသည်။ သူ့ကို ကိုခင်အေးက တရုတ်သူဋ္ဌေးဟု ခေါ်နေကျဖြစ်သည်။ အသားလဲဖြူ ရှော့ပင်လဲခဏခဏ ထွက်သောကြောင့် ထိုကဲ့သို့ ခေါ်ခြင်းပင်ဖြစ်သည်။ သူ ကိုခင်အေး အခန်းထဲ ၀င်ထိုင်ပြီး...

"ကိုခင်အေး... ခင်များကို ကျနော် ကြည့်နေတာ သုံးရက်တိတိရှိပြီ။ မနက်ခင်းတိုင်း အထုပ်ကလေး တစ်ထုပ်ဆွဲပြီး ပန်းခြံထဲက ပုဏ္ဍရိက်ပင်အောက်မှာ သွားပစ်ထားတာကို တွေ့ရတယ်။ ခင်များ အထုပ်ပစ်ပြီး မကြာခင် ခွေးတစ်ကောင်လာပြီး အဲဒီ အထုပ်ကို လာစားတယ်။ အဲဒါ.... ဘာအထုပ် သွားပစ်တာလဲ။ ယတြာသွားချေတာလား။ ဒါမှ မဟုတ် ဘာအတွက် အခုလို သွားပစ်ရတာလဲ"

ဟု အထုပ်အကြောင်းကို စိတ်ဝင်စားစွာဖြင့် ကိုခင်အေးအား မေးမြန်းလေသည်။ သူ့အမေးကို ကြားရတဲ့အခါ ကိုခင်အေးတစ်ယောက် အူတက်မတတ် တဟားဟား ရယ်မောပြီး သူ့ကို ဖြစ်ကြောင်း ကုန်စင် ရှင်းပြလေတော့သည်။

(..."ကဲ....ပရိတ်သတ်ကြီးတို့ရေ.... ကိုခင်အေး ဘာအထုပ် သွားပစ်တာလဲ။ စဉ်းစားပေးကြပါဦးဗျ။ ဦးဏှောက်ခြောက်လောက်တဲ့အထိ စဉ်းစားလို့ မရတော့မှ ဒီလင့်ခ်(http://kokomaunguk.blogspot.com/2011/04/blog-post_04.html)လေးကို နှိပ်ပြီး အဖြေကို ကြည့်ကြနော်။ ကွက်ကွက်ကွင်းကွင်း အဖြေပေါ်လာပါလိမ့်မယ်"...)

..