Wednesday, 15 June 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင်


"ဟေ့ကောင် ပေါက်ကျော်.. ပြွတ်ကလေး တကိုင်ကိုင်နဲ့ ဘယ်သွားမလို့လဲကွ"

"ထွေးတင်တို့ အုပ်စုကို ရေသွားပက်မလို့ သူကြီးမင်း"

"မင်းကတော့ လုပ်ပြီ။ သင်္ကြန်ပြီးသွားတာတောင် ဆယ်ရက် ကျော်သွားပြီလေ"

"အာ.. သူကြီးမင်းကလဲ ကျနော်တို့ ရွာဓလေ့ကို မသိတာ ကျနေတာဘဲ"

"ဆိုစမ်းပါဦး"

"ကျနော်တို့ရွာမှာ သင်္ကြန်က တစ်လကျော်ကျော် ကျတယ်လေ"

"ဟေ..."

"မဟေနဲ့ သူကြီးမင်း။ သင်္ကြန်မတိုင်ခင် ၁၅ ရက်၊ သင်္ကြန်ပြီး ၁၅ ရက်၊ ပြီးတော့ သင်္ကြန်ရက်တွေနဲ့ပါ ထပ်ပေါင်းရင် ကျနော်တို့ရွာမှာ သင်္ကြန်က ရက်ပေါင်း ၃၀ ကျော်တိတိ ကျတယ်လေ။ ဒါကြောင့် တုံးဖလား သင်္ကြန်ရာသီ မကုန်ခင်လေး ရေသွားပက်မလို့ ဟဲ ဟဲ"

"အေးပါကွာ။ လုပ်ချင်တာ လုပ်ကြပါ။ မင်းတို့ အချင်း အဆင်ပြေကြရင် ပြီးတာပါဘဲ။ ဒါပေမဲ့ ခဏလောက် ငါ့ အိမ်ပေါ် တက်ပြီး ကော်ဖီလေး ဘာလေး သောက်ဦးလေကွာ"

"ဟဲ ဟဲ အားနာစရာကြီး သူကြီးမင်းရာ.."
....


"ဆိုစမ်းပါဦးကွ။ မင်းက ထွေးတင်တို့ အုပ်စုကို ရေသွားပက်မယ်ဆိုတော့ သူတို့အုပ်စုထဲမှာ မင်းကြိုက်နေတဲ့ ကောင်မလေးများ ပါနေလို့လား"

"ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ သူကြီးမင်းရာ။ သင်္ကြန်ကာလမှာ ဒီလိုဘဲ ရေပက်ရင်း အမဲ(သားကောင်) လိုက်ရှာရတာလေ။ အဆင်ပြေလို ပြေညားပေါ့"

"မိန်းခလေးတွေက သားကောင်မှ မဟုတ်တာကွာ၊ လူဘဲ ဥစ္စာ"

"သူကြီးမင်းကလဲ ပြေးသူနဲ့ လိုက်သူဟာ သားကောင်နဲ့ မုဆိုး မဟုတ်လို့ ဘာဖြစ်ဦးမှာလဲ။ အခုဆို ကျနော်က မနုဿ မုဆိုး၊ သူတို့လေးတွေက မနုဿ သားကောင်။ ဟဲ ဟဲ"

"အင်း.. အင်းးး မင်းပြောမှဘဲ ငါ ဟို ပုံပြင်ကို သွားသတိရမိတယ်"

"ဟာ... သူကြီးမင်း ပုံပြင် ပြောပြမလို့လား။ သူကြီးမင်းသာ ပုံပြင်ပြောရင် ကျနော် ရေ သွားမပက်တော့ဘူး။ ဒီမှာဘဲ အေးအေးဆေးဆေး နေလိုက်တော့မယ်"

"အင်းးး ပြောဆိုလဲ ပြောရုံပေါ့ကွာ။ ငါကလဲ ပြောချင်နေတာကိုး။ ပုံပြင်က တစ်ခြားသူ အကြောင်းတော့ မဟုတ်ဘူးကွ။ ဘုန်းကြီးတစ်ပါး အကြောင်း ပြောမလို့"

"ဟာ... ဖြစ်ပါ့မလား သူကြီးမင်း။ တော်ကြာ သံဃာ့ကံတွေ ဘာတွေ ထိုက်နေကုန်ပါဦးမယ်"

"မထိုက်ပါဘူးကွာ။ အမှန်ကို အမှန်အတိုင်း ပြောတာဘဲလေ။ ပြီးတော့ သံဃာ့ကံထိုက်တယ်ဆိုတာက ညီညွတ်နေတဲ့ သံဃာတော်တွေကို အချင်းချင်း ကံကြီးကံငယ် မပြုနိုင်လောက်အောင် ဂုံးတိုက် ဂုံးချောလုပ်မှ ထိုက်တာပါကွ။ ဥပမာ ဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးပေါ့။ အခုက အဲဒီလို ဂုံးတိုက်နေတာမှ မဟုတ်တာ"

"ဒါဖြင့် ဘယ်လို ပုံပြင်မျိုးလဲ သူကြီးမင်း"

"ပုံပြင်ဆိုတာထက် အဖြစ်အပျက် အမှန်ဆိုရင် ပိုမှန်ပါလိမ့်မယ်"

"ဆက်ပြောပါ သူကြီးမင်း"

"တစ်ခြားတော့ မဟုတ်ပါဘူးကွာ။ ကြောင်ဖမ်းဆရာတော် တစ်ပါး အကြောင်း ပြောပြမလို့ပါ"

"အာ.. သူကြီးမင်းကလဲ ကြောင်ပန်းဆရာတော်လို့ လုပ်ပါ။ ဘယ့်နှယ် ကြောင်ဖမ်းဆရာတော်တဲ့"

"အေးကွ.... အခုဟာက ဟို တစ်ခေတ်က နာမည်ကြီးခဲ့တဲ့ ကြောင်ပန်းဆရာတော်ဘုရားကြီး အကြောင်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ပုံပြင်တစ်ပုဒ်ပါဘဲ။ ငါလဲ ရှေ့မီနောက်မီ လူကြီးတွေဆီက တစ်ဆင့် ကြားသိရတာ။ သူက ကြောင်ပန်းဆရာတော် မဟုတ်ဘူး။ ကြောင်ဖမ်းဆရာတော်လို့ဘဲ ခေါ်ကြပါတယ်"

"ဒါဖြင့် ပြောပါ သူကြီးမင်း ကျနော် နားထောင်ချင်ပါတယ်"

"ပြောရရင်တော့.. ဟိုခေတ် ဟိုအခါတုန်းက ဘုန်းကြီးကျောင်း ပညာရေးက မနိမ့်ဘူးကွ။ မနိမ့်ဆို ကျောင်းထိုင်ဘုန်းကြီးတွေ ကိုယ်တိုင်က စာချင်စာသင် အရမ်းဝါသနာပါကြတာကိုး။ ပြီးတော့ ဗာဟိရကိစ္စ လူမှုရေးကိစ္စတွေကလဲ အရမ်းများတဲ့ ခေတ်မဟုတ်ဘူးလေ။ အဖိတ်နေ့နဲ့ ဥပုသ်နေ့က လွဲရင် ကျန်တဲ့ ရက်တွေ အားလုံး စာချ စာသင် လုပ်ပေးတယ်။ နောက်ပြီး အဲဒီ သင်ပေးထားတဲ့ စာတွေအတွက် ဥပုသ်နေ့တိုင်းမှာ စာမေးပွဲ စစ်ပေးတယ်။ ဒီကြောင့် တစ်ပတ်မှာ လွတ်လွတ်ကျွတ်ကျွတ် နားရတာဆိုလို့ အဖိတ်နေ့ တစ်ရက်ဘဲ ရှိတယ်။ ဒါတောင်မှ အဲဒီအဖိတ်နေ့မှာ ကျောင်းဝင်း ပေါင်းရှင်းရတယ်။ တံမြက်စည်းလှဲရတယ်။ ခွက်ပန်းကန်တွေကို အလှည့်ကျ အဖွဲ့ဖွဲ့ပြီး တစ်ဖွဲ့စီ ကျကျနန တိုက်ချွတ်ဆေးကြောရတယ်"

"တော်တော် စနစ်ကျခဲ့တဲ့ ဘုန်းကြီးကျောင်း ပညာရေးဘဲနော် သူကြီးမင်း"

"မနက်ပိုင်းမှာ ကျောင်းသန့်ရှင်းရေးတွေ အားလုံး ပြီးပြီဆိုတော့ ကိုရင်ကျောင်းသားတွေ စိတ်ပြေလက်ပျောက် ဖြစ်ဖို့အတွက် ကျောင်းထိုင်ဆရာတော်က တောထဲတောင်ထဲ လျောက်လည်ဖို့ ခွင့်ပြုတယ်။ တောတောင်တွေကလဲ ထူထပ်သလား မမေးနဲ့။ နေ့လည်ပိုင်းသာ ဆိုရင် နေရောင် သိပ်မရတော့ ခပ်မှောင်မှောင်ပါဘဲ။ ကျေးငှက် တိရစ္ဆာန်တွေကလဲ ပေါမှပေါ။ ကျောင်းမှာလဲ ခွေးတွေ မွေးထားတယ်။ မွေးထားတဲ့ ခွေးတွေက အများကြီးဘဲ။ အနည်းဆုံး ဆယ်ကောင်အထက်မှာ ရှိတယ်။ ဒီတော့ ကိုရင်ကျောင်းသားတွေလဲ ပျော် ခွေးတွေလဲ ပျော်အောင်ဆိုပြီး အဖိတ်နေ့ နေ့လည်စာ စားပြီးတဲ့ အချိန်ကစပြီး ညနေထိအောင် တောထဲတောင်ထဲ သွားလည်ကြဖို့ ခွင့်ပြုချက်ပေးတာလေ"

"ဒါကလဲ အလွန်ကောင်းတဲ့ အချက်ဘဲ သူကြီးမင်း"

"အဲဒီလို တောတောင်အရိပ်မှာ စိတ်ကြည်နူးဖို့ ခွင့်ပြုတာကို အခွင့်ကောင်းယူပြီး ကိုရင်ကျောင်းသားတွေက ငှက်တွေ့ရင် လေးခွနဲ့ ပစ်တယ်။ ယုန် ချေ တောကြောင် ရှဉ့် စတဲ့ သတ္တ၀ါလေးတွေကို တွေ့ရင်လဲ ခွေးတွေ အားကိုးနဲ့ ညာသံပေးပြီး လိုက်ကြတာပေါ့။ အဲဒီလို အဲဒီလိုနဲ့ အဖိတ်နေ့ဟာ ကိုရင် ကျောင်းသားတွေအတွက် အမဲလိုက်တဲ့နေ့ ဖြစ်မှန်းမသိ ဖြစ်သွားတော့တာပေါ့။ ဒါကြောင့် အဖိတ်နေ့ မနက်ပိုင်း ကျောင်းသန့်ရှင်းရေး လုပ်ပြီးရင် ရွှံ့စေးမြေတွေ တူးယူပြီး ခဲစာ(လောက်စာ)လုံးတွေ လုံးပြီး နေလှန်းထားလေ့ရှိကြတယ်။ နေ့လည်စာ စားပြီးချိန်ဆို ကွက်တိဘဲ။ ခဲစာ(လောက်စာ)လုံးလေးတွေက ခြောက်နေကြပြီလေ။ တောလိုက်ဖို့ အဆင်သင့်ပေါ့"

"အော်.... စိတ်က မကောင်းမှုမှာ ပျော်မွေ့တတ်တယ် ဆိုတာ မှန်လိုက်တာ"

"တောလိုက်တာကလဲ ကံပါမှ အမဲရတတ်တာ မဟုတ်လား။ ကိုရင်ကျောင်းသားတွေက တစ်ပတ်လုံး ဘုရားစာတွေ အံထား ဖတ်ထားကြတာဆိုတော့ ကုသိုလ်အရှိန်လေးက ကျန်နေသေးတယ်လေ။ လေးခွနဲ့ ငှက်တွေကို ပစ်တိုင်း မထိတာက များတယ်။ ကုသိုလ်ကံက အကုသိုလ်မဖြစ်အောင် ဖယ်ပေးတာ ထင်ပါရဲ့။ ဒါပေမဲ့လဲ တောလိုက်တဲ့ အထုံများလာတော့ အကုသိုလ်ဘဲ များလာလို့လား မသိဘူး။ ငှက်တွေ ရှဥ့်တွေ အပြင် ယုန် ချေ တောကြောင် ဖြူး မြွေ စတဲ့ အကောင်ကြီးကြီးတွေပါ ရလာတတ်ကြတယ်"

"ဟာ.. ဒီ ကိုရင် ကျောင်းသားတွေတော့ လုပ်ပြီ"

"အဲဒီလို အမဲတွေ အများကြီး ရလာတတ်တာက ခေါင်းဆောင် ကောင်းလို့ပါ။ အဲဒီ ခေါင်းဆောင် မပါရင် ကိုရင်ကျောင်းသားတွေ ဘာသားကောင်မှ မရတတ်ကြဘူး။ သူပါမှ ပွဲစည်တာလေ"

"အဲဒီ ခေါင်းဆောင်က ရွာထဲက တကယ့် မုဆိုးကြီးလား သူကြီးမင်း"

"မဟုတ်ဘူးကွ။ အဲဒီခေါင်းဆောင်က အဲဒီ ရွာဦးကျောင်းက ဦးဇင်းတစ်ပါးဘဲ။ သူ့ဘွဲ့က ဦးသောပါက တဲ့။ ရဟန်း တစ်ဝါ နှစ်ဝါလောက် ရနေပြီလေ။ သူ့ကို ဦးသောလို့ဘဲ အရင်းဆွတ်ပြီး ခေါ်ကြတယ်"

"အာ.. သူကြီးမင်းကလဲ အဖျားဆွတ်ပြီး ခေါ်ကြတယ်လို့ လုပ်ပါ"

"မင်းကတော့ လုပ်ပြီ။ အရင်းဆွတ်ဆွတ် အဖျားဆွတ်ဆွတ် ဆွတ်မိဖို့က အရေးကြီးတာ မဟုတ်လား"

"ဟုတ်ပါပြီ.. သူကြီးမင်းနဲ့ ပြိုင်မငြင်းတော့ပါဘူး။ ဆက်သာ ပြောပါ သူကြီးမင်း"

"တောလိုက်တဲ့ အထဲမှာ သူပါမှ သားကောင် များများရတတ်လာလေ။ ကြလာတော့ ရွာသူရွာသားတွေကလဲ ကိုရင်ကျောင်းသားတွေ တောလိုက်တဲ့ အကြောင်း ဦးသောကိုယ်တိုင်ပါမှ သားကောင် များများ ရတတ်ကြောင်း စတာတွေကို သိသွားကြတော့တာပေါ့။ ဒါကြောင့် ဇာတ်တော်ထဲက မုဆိုးကြီး သောနုတ္ထိုရ်ကို အားကျပြီး ရွာသားတွေက သူ့ကို သောနုတ္ထိုရ် လို့ ကွယ်ရာမှာ ခေါ်ကြလေ့ရှိတယ်။ နောက်ပိုင်းကျတော့လဲ အရင်းဆွတ်ခေါ်ခေါ်နေတဲ့ ဦးသောကနေ ဦးတော ဖြစ်သွားပြန်ရော"

"ဘာဖြစ်လို့ သ ကနေ တ ၀မ်းပူ ဖြစ်သွားရတာလဲ သူကြီးမင်း"

"တောလိုက်တဲ့ ဘက်မှာ ထူးချွန်လို့ ဦးတောဆိုပြီး နာမည်တွင်သွားရော ဆိုပါတော့ကွာ"

"အော်.. အဲလိုလား.."

"အင်း... အဲဒီ အချိန်တုန်းကတော့ လေးမည်ရ ဆရာတော်ပေါ့ကွာ"

"ဘယ်လို လေးမည်ရလဲ သူကြီးမင်း"

"ဒီလိုလေကွာ။ ဦးသောပါက၊ ဦးသော၊ သောနုတ္ထိုရ်၊ ဦးတော။ အဲဒီလို လေးမည်ရပေါ့ကွာ"

"အော်... ပေါက်ပြီ သူကြီးမင်း"

"မင်းကတော့ ပြောမှသိ ထိမှနာ သာမှနေ သေမှခင် ဆိုတဲ့ လူမျိုးဘဲကွ။ ပြောလိုက်မှ သိရတာချည်းဘဲ။ နဲနဲလောက်တော့ ကိုယ်ပိုင်ဥာဏ်လေး ထုတ်သုံးဦးမှပေါ့"

"အာ... သူကြီးမင်းတစ်ယောက်လုံး ရှိနေတာဘဲ။ လိုသေးလို့လား။ မသိရင် သူကြီးမင်း ရှိတယ်လေ။ ဟဲ ဟဲ"

"အင်းပါ အင်းပါ။ ထားပါတော့။ မင်းလို လူနဲ့တော့ ငါ ပြိုင် မပြောနိုင်ပါဘူး။ ဆက်ပြောရရင် ထူးဆန်းတာက ကျောင်းမှာ မွေးထားတဲ့ ခွေးတွေ အားလုံး လိမ်မာ ပါးနပ်မှု ရှိကြတာဘဲ။ သားကောင်တွေ့ရင် ဘယ်တော့မှ အဲဒီ သားကောင်နောက် ခွေးတွေ အားလုံး လိုက်မသွားကြဘူး။ အလိုအလျောက် အုပ်စု ခွဲပြီး လိုက်ကြတယ်။ တစ်ချို့ခွေးတွေက သားကောင် ပြေးလမ်း ရှေ့ကို အမြန်သွားပြီး နေရာယူတယ်။ တစ်ချို့  ခွေးတွေက ဘေးပတ်ပတ်လည် တောင်ပံ ဖြန့်ပြီး နေရာယူကြတယ်။ ကျန်တဲ့ ခွေးတွေက နောက်က လိုက်ကြတယ်။ သားကောင်ကို သူတို့ဖာသာ ဖမ်းမိရင်လဲ ကိုက်ချီပြီး ကိုရင် ကျောင်းသားတွေရှေ့ လာချပေးတယ်"

"စိတ်ဝင်စားစရာဘဲ သူကြီးမင်း"

"ခွေးတွေတင် မကဘူးကွ။ ကိုရင် ကျောင်းသားတွေလဲ အတူတူဘဲ။ ယုန်တို့ ဒရယ်တို့ တောကြောင်တို့ဆိုရင် အဖွဲ့ခွဲပြီး ၀ိုင်းလိုက်ကြတာပါဘဲ။ ကိုရင်ကျောင်းသား အရေအတွက်ကလဲ လေးဆယ် ၀န်းကျင်၊ ခွေးတွေကလဲ အကောင် ၂၀ နီးနီးဆိုတော့ သားကောင်တွေ့ရင် မလွတ်တမ်းပါဘဲ။ တပ်ဖြန့်ပြီး သားကောင်ကို ၀လုံး ပုံစံ ၀ိုင်းထားလိုက်ကြတယ်။ ပြီးတော့ ဖြည်းဖြည်းချင်း ၀လုံးပုံစံကို ကျုံ့ပစ်လိုက်တယ်။ လူရော ခွေးရော ၀ိုင်းလိုက်ကြတော့ သားကောင် ဘယ်လိုမှ ပြေးမလွတ်တော့ပါဘူး။ အဲဒီလို နည်းဗျူဟာကို ဦးသော(ဦးတော)က ခေါင်းဆောင်ပြီး စီမံခန့်ခွဲပေးတာလေ"

"အဲဒီ ဦးဇင်းက မုဆိုး ၀င်စားခဲ့တာ ထင်တယ်နော် သူကြီးမင်း"

"ဘယ်သိမလဲကွာ။ ဘ၀ါဘ၀က ၀ါသနာ အထုံလဲ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ ဒါနဲ့ တစ်နေ့မှာ ရွာထဲက ကောင်လေးတွေ ဘုန်းကြီးကျောင်းလာပြီး သတင်းပေးတယ်။ တောကြောင် မိသားစု အုပ်စုလိုက်ကြီး တောထဲမှာ တွေ့ခဲ့တယ်။ သူတို့ ၀ိုင်းပြီးလိုက်ကြတာ မမိလိုက်ဖူးတဲ့။ အဲဒါ ခွေးတွေ ခေါ်ပြီး သွားကြပါလားတဲ့။ ဒါနဲ့ အဖိတ်နေ့ တစ်ရက်မှာ ဦးသော(ဦးတော) ဦးဆောင်တဲ့ ကိုရင်ကျောင်းသားတွေ လက်နက် ပစ္စည်း စုံလင်စွာနဲ့ တောထဲကို ချီတက်သွားကြတယ်။ လက်နက် ပစ္စည်းဆိုတာတွေကတော့ လေးခွ လောက်စာလုံး ဓါး ပေါက်ပြား တူးရွင်း ခွန် မီးခြစ် စတာတွေပေါ့"

"တကယ် စစ်တိုက်ထွက်မှာ ကျနေတာဘဲ"

"အင်းလေ... ဒါလဲ စစ်တိုက်ထွက်တာ တစ်မျိုးဘဲ။ ပညာတတ်လူသားတွေနဲ့ အပြစ်မဲ့ တိရစ္ဆာန်တွေရဲ့ တိုက်ပွဲပေါ့။ နောက်တစ်မျိုးလဲ ပြောလို့ ရသေးတယ်။ ကုသိုလ်နဲ့ အကုသိုလ် တိုက်ပွဲ"

"ဘယ်လို သူကြီးမင်း။ ကုသိုလ်နဲ့ အကုသိုလ် တိုက်ပွဲ"

"အော်.. မင်းကလဲ တုံးလိုက်တာ။ တစ်ပတ်လုံး ဘုရားစာတွေကို ကျက်အံထားတာက ကုသိုလ်၊ အခုလို သားကောင်ရှာထွက်တာက အကုသိုလ်လေကွာ။ တစ်ပတ်လုံး ပြုခဲ့တဲ့ ကုသိုလ်နဲ့ တစ်ရက်စာ အကုသိုလ်တွေရဲ့ တိုက်ပွဲပေါ့"

"အော်... ရှင်းသွားပြီ သူကြီးမင်း"

"ကဲ.. ကဲ.. ရှင်းမနေနဲ့တော့။ ငါလဲ မအားသေးဘူး။ ဇာတ်လမ်းက နဲနဲ ရှည်သေးတယ်။ နောက်နေ့မှဘဲ ဆက်ပြောပြတော့မယ်။ မင်းလဲ ကော်ဖီသောက်ပြီးရင် ခွက်ဆေးပြီး ပြန်တော့"

"အာ... သူကြီးမင်းကတော့ လုပ်ချလိုက်ပြန်ပါပြီ"


မှတ်ချက်။
အေပရယ်လ်လကထဲက ရေးထားတဲ့ ပုံပြင်လေးပါ။ အဆုံးမသတ်ရသေးပါဘူး။ မအားမလပ် ဖြစ်နေလို့ပါ။ ဘလော့ညီအကို မောင်နှမများထံ တိတ်တိတ်ကလေးတော့ လာဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်မင့်မချန်ထားဖြစ်ခဲ့ဘူး။ အားလုံးကို ခင်မင် လေးစားလျှက်ပါ။


.

15 comments:

Angelhlaing(May everybody be happy and healthy! said...

အဆုံးမသတ်သေးတော့လည်း စောင့်မျှော်အားပေးရမျာပေါ့ နော်အကို...:):)
ကောင်းသောနေ့လေး ဖြစ်ပါစေ။

ညိမ်းနိုင် said...

တဂျီး...ပျောက်လှချည်လား...၊ကြောင်ဖမ်းများထွက်နေ
ရော့သလားဗျ...:))) ဆက်ရန်ကို မျော့နေမယ် တဂျီးရေ...။
အားရင်တော့ မြန်မြန်လုပ်...၊မအားရင်တော့ နေပစေ..:P

အင်္ဂါဟူး said...

"အာ... သူကြီးမင်းကတော့ လုပ်ချလိုက်ပြန်ပါပြီ"


မြန်မြန် ဆက်စေလိုပါသည်။

Anonymous said...

တဂျီးနော်
အဲလို တန်းလန်းချီးမလုပ်နဲ့လေ
ပီးတော့ တူညားအိမ်တွေဆီ တိတ်တိတ်ကလေး လာလာမချောင်းနဲ့ သိလား
း)
း)


မောင်ဘကြိုင်
နေပြည်တော်မှလာသည်

သဒ္ဓါလှိုင်း said...

ကုသိုလ်နဲ့ အကုသိုလ်တိုက်ပွဲ ဘယ်လိုဆက်တိုက်မလဲဆိုတာ စိတ်ဝင်စားလိုက်တာ.
ဆက်ဖတ်ရန် မျှော်ရတော့မယ်
ခင်မင်လျက်
သဒ္ဓါ

SHWE ZIN U said...

နေပြည်တော် က တောင်လာတဲ့ လူကတော့ ရေးပြီး သွားပြီ ဟောဒီက ဘုရင့် ရွှေမြို့တော် ကလည်း လာပါပြီဗျာ သကြီး ကတော့ ပျောက်ချက်သားကောင်း ပြီး အခုမှ ခွေးတွေနဲ့ဂွ တွေနဲ့ ပြန်ပေါ်လာပြီ

တိတ်တိတ်လေး လာမချောင်း နဲ့ နော် တွေ့သွားမယ် .... ဟို စာတွေ ပြောတာပါ

ချော(အစိမ်းရောင်လွင်ပြင်) said...

တိတ်တိတ်လေးဖတ်ပြီး ပြန်မလို့ဘဲ
တော်ကြာ သူဂျီမင်း မသိလိုက်မှာစိုးလို့း)
ပျောက်လှချည်လား သူဂျီးမင်း
နေကောင်းကျန်းမာ ရှိပါလေစ ..
ဆက်ရန်လာဦးမယ်ဆိုပါတော့

ကောင်းမွန်ဝင်း said...

အကိုတော် သဂျီးမင်း
ပေါ်မလာ အတော်ကြာလို့
နေပြည်တော် ရွှေပြည်တော် အရပ်စုံက
ဆွေသဟာတွေ အော်တာတွေကြားရတယ်။

၁။ တူများဘလော့ဂ်လာမချောင်းနဲ့။
၂။ ကွန်မန့်မချန် တိတိတ်မပြန်နဲ့။
၃။ ကိုယ့်ဘလော့ဂ်ကို အားရင်ရေး၊ မအားရင်မရေးနဲ့။
၎။ ဒီပို့စ်ရဲ့ “ဆက်ရန်”ကိုတော့ ဖြစ်နိုင်ရင် “မနက်ဖန်”တင်ပေး။

တောက်ပကြယ်စင် said...

ကိုကိုမောင်ရေ မင်္ဂလာပါ။ ဆက်ရန်ကို မျှော်နေမယ်နော်။ ကိုကိုမောင်ကို စိတ်ဆိုးတော့မလို့။ ခုတော့ မဆိုးဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ တိတ်တိတ်ကလေးတော့ လာဖတ်ဖြစ်တယ်၊ ကွန်မန့်တော့ မချန်ထားခဲ့ဖြစ်ဖူးဆိုလို့။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

flowerpoem said...

သူကြိးကတော့ လုပ်ချလိုက်ပြန်ပြီ မြန်၂နော် ကြာရင် တော့ . . . . :P

ဟန်ကြည် said...

အင်း...ဖတ်မိမှတော့လည်း ပြီးအောင်ဖတ်ဖို့ သည်းခံရဦးတော့မှာပေါ့...မြန်မြန်ဖတ်ချင်တဲ့လောဘစိတ်(အကုသိုလ်)နဲ့ တစ်ဖက်သားကို အလုပ်မပိုစေချင်တဲ့စိတ်(ကုသိုလ်) အားပြိုင်အောင်များ လုပ်လေရော့သလား မသိ...

လသာည said...

ဟာ.. သဂျီးကလည်း ကော်ဖီလေးကလည်း သောက်ကောင်းတုန်း ပြောနေတဲ့ဟာကလည်း ဇာတ်ရှိန်မြင့်နေလို့ သိချင်ပါတယ်ဆို အတင်းပြန်ခိုင်းတာ ကောင်းလား..။ နောက်တခါ ဇာတ်သိမ်းတဲ့အထိ တခါတည်းပြောပါ ..။
ပုံ/ မြို့ဝင်မင်းး))

နေ၀ဿန် said...

ဟားးးးးး သူကြီးမင်းက သိပ်ဈေးကိုင်တာပဲ...း((((((((((((((((...း))))))))))))))))



ခင်မင်လျက်
နေ၀ဿန်

အဖြူရောင်နတ်သမီး said...

မရောက်တာကြာလို့ လာလည်ပါတယ်..
သူကြီးမင်းရဲ့ တန်းလန်းကြီးနဲ့တိုးပါပေါ့လား..
သူကြီးမင်း လူဇိုးးးးးးးးးးးး

မြစ်ကျိုးအင်း said...

ခုမှ လာဖတ်ဖြစ်တယ် သူကြီးရေ..
အပိုင်း ၁ တော့ ဖတ်ပြီးပြီး နောက်တပိုင်း ဆက်ဖတ်လိုက်အုံးမယ်။