Saturday, 18 June 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်မသိမ်း)


"ဗျို့ သူကြီးမင်း"

"အေးလကွာ။ မောင်ပေါက်ကျော်လား။ တက်ခဲ့ တက်ခဲ့။ အဲဒီ လှေခါးအတိုင်း တက်ခဲ့"

"သူကြီးမင်းကလဲ လှေခါးက မတက်လို့ ဘယ်က တက်ရမှာလဲ"

"မင်းကလဲ လောကွတ်လုပ်ကြည့်တာလေကွာ။ ဟဲ ဟဲ။ ကဲ ထိုင်။ ဘာကိစ္စ"

"မနောက်နဲ့လေဗျာ။ ညတုန်းက အိပ်ပျော်နိုင်ဘဲ ဖြစ်နေခဲ့တာ"

"ဘာဖြစ်လို့လဲ ကြမ်းပိုး ကိုက်လို့လား"

"သူကြီးမင်းကလဲ သိရဲ့သားနဲ့။ နောက်နေပြန်ပါပြီ။ သူကြီးမင်းက ပုံပြင်ကို အဆုံးမသတ်ဘဲ ကျနော့်ကို နှင်လွတ်လိုက်တော့ တစ်ညလုံး အဲဒီပုံပြင်ဆီ စိတ်ရောက်ပြီး အိပ်မပျော် ဖြစ်နေခဲ့တာ"

"အော်... မင်းကလဲ ကလေးပေါက်စကျနေတာဘဲ။ ပုံပြင်ကို ဒီလောက် ကြိုက်ရလား"

"သူကြီးမင်းက အတည်ပေါက်ကြီးနဲ့ ပြောတော့ ဘယ်က စိတ်မ၀င်စားဘဲ နေနိုင်ပါ့မလဲ။ သိကြားမင်းတောင် သူကြီးမင်းနဲ့တွေ့ပြီးရင် နေ့တိုင်း နတ်ပြည်က ဆင်းပြီး ပုံပြင် လာနားထောင်လောက်တယ်"

"မြှောက်မနေပါနဲ့ကွာ။ ဆက်ပြောဆို ပြောပါ့မယ်။ ဒါနဲ့ မနေ့က ပုံပြင်ကို ဘယ်အနားမှာ အဆုံးသတ်လိုက်တာလဲ"

"ကုသိုလ်နဲ့ အကုသိုလ် တိုက်ပွဲ"

"အင်း... သတိရပြီ။ တိုက်ပွဲ ဆိုပေမဲ့ သိပ်တော့ မတိုက်လိုက်ရပါဘူးကွာ။ လွယ်လင့်တကူဘဲ အဲဒီနေ့မှာ အကုသိုလ်က ချန်ပီယံဖြစ်သွားတယ်"

"အာ.. သူကြီးမင်းကလဲ အဲဒီလိုကြီး အဖြေကို အရင်ပြောတော့ ပုံပြင်က ဘယ်စိတ်ဝင်စားစရာ ကောင်းတော့မလဲ။ ကျနော်က ပြန်ထုတ်လွင့်ပေးတဲ့ ဘောလုံးပွဲတောင် ဘယ်လောက်ကောင်းကောင်း အဖြေသိပြီးရင် မကြည့်ချင်တော့ဘူး"

"မောင်ပေါက်ကျော်၊ စကားမများနဲ့ကွာ။ နားမထောင်ချင်ရင်လဲ ပြန်။ မင်းဟာက အရိုးများသလေး ချေးခါးသလေးနဲ့"

"ဟဲ ဟဲ ဟဲ။ သူကြီးမင်းကလဲ ဒေါသ ထွက်တတ်သားဘဲ။ ကျနော်က စတာပါ။ သူကြီးမင်းပြောရင် ဘာပြောပြော ဘယ်ကစပြောပြော နားထောင်ကောင်းပြီးသား။ ဆက်ပြောပါ သူကြီးမင်းရယ် နော် နော်"

"ဒါနဲ့ မင်းကို မေးရဦးမယ်။ အဲဒီ ကုသိုလ်နဲ့ အကုသိုလ် တိုက်ပွဲက ဘာကို ပြောတယ်ဆိုတာ မင်းသိတယ်ဟုတ်"

"သိပါတယ် သူကြီးမင်း။ ဦးတော ဦးဆောင်တဲ့ ကိုရင် ကျောင်းသားအဖွဲ့တွေ တောကြောင် လိုက်ဖမ်းကြမှာကို ပြောတာပါ"

"အင်း.. ဟုတ်တယ်။ ထုံးစံအတိုင်း နေ့ဆွမ်း စားပြီးတဲ့အချိန်မှာ တောထဲ တန်းထွက်လာကြတယ်။ တောထဲ ရောက်ပြီး သိပ်မကြာလိုက်ပါဘူး။ ခွေးတွေ အားကိုးနဲ့ တောကြောင် မိသားစုကို ခြေရာခံ လိုက်နိုင်ခဲ့တယ်။ မိသားစု အားလုံး အရွယ်ရောက်ပြီးတဲ့ ကြောင်တွေဖြစ်တဲ့အတွက် ပထမတော့ ဖမ်းရခက်နေသေးတယ်။ တောကြောင်ဆိုတော့ တောထဲမှာ ပြေးတာ မြန်သလား မမေးနဲ့။ ဦးတောရဲ့ ၀လုံး ပုံစံ နည်းပညာလဲ သူ့ရဲ့ အမိန့်ပေးမှုအောက်မှာ ၀ိ ဖြစ်လိုက် ထ ဖြစ်လိုက် ၀ွ ဖြစ်လိုက်နဲ့ တောကြောင်ပြေးလမ်းအလိုက် ရွှေ့လျား နေရာ ယူကြရတယ်။ အတော်လေး ကြာတော့ တောကြောင် မိသားစုတွေ အုပ်စု ကွဲသွားပြီး ပြေးမိပြေးရာ ပြေးကြတယ်။ နောက်ဆုံးတော့လဲ ဦးတောရဲ့ နည်းပညာ၊ ကိုရင်ကျောင်းသားတွေရဲ့ လက်ဖြောင့်ပစ်ချက်၊ ကျောင်းခွေးတွေရဲ့ ကျွမ်းကျင်မှု အောက်မှာ တောကြောင် မိသားစု အားလုံး အသက်ပျောက်ခဲ့ကြရှာတယ်။ တောကြောင်အသေတွေကို ရေတွက်ကြည့်လိုက်တော့၊ တစ်ကောင် နှစ်ကောင် သုံးကောင် လေးကောင် ငါးကောင် ခြောက်ကောင်။ အင်း တောကြောင်အမေ အပါအ၀င် စုစုပေါင်း ခြောက်ကောင်တိတိ အသေဖမ်းမိခဲ့ကြတယ်။ အကုသိုလ်တွေရဲ့ အောင်ပွဲပေါ့"

"နားထောင်ရတာ စိတ်မကောင်းလိုက်တာ သူကြီးမင်းရာ။ တောကြောင်လေးတွေ သနားပါတယ်။ ဂျင်နိုဆိုက်ဒ် အလုပ်ခံကြရရှာတယ်"

"သူ့ကံ ကိုယ့်ကံပေါ့ကွာ။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒီလောက် လူအား ခွေးအား နည်းပညာအား အများကြီးရှိတဲ့ ကိုရင်ကျောင်းသားတွေအဖွဲ့နဲ့ တွေ့ရင် ဘယ်တောကောင်မှ ပြေးလွတ်လေ့ မရှိကြပါဘူး"

"ဒီလိုလေးဘဲ တွေးလိုက်တော့မယ် သူကြီးမင်း။ တိရစ္ဆာန်ဆိုတာက လူချွတ်မှ ကျွတ်ခွင့်ရတဲ့ သတ္တ၀ါပေဘဲလို့။ မသေခင် ကိုရင်ကျောင်းသားတွေကို မြင်သွားရတာဆိုတော့ လူ့ဘ၀ ရောက်ချင် ရောက်လာကြမှာပါ"

"အင်း မင်းပြောမှ ငါသတိရတယ်။ ရွာအလည်ပိုင်းက မိသန်းလေးဟာ အရင်ဘ၀တုန်းက ဂျီမလေးတဲ့။ သူကိုယ်တိုင် ပြောပြတာ"

"သူကြီးမင်းက ဟိုစပ်စပ် ဒီစပ်စပ် သိလဲ သိတတ်တယ်"

"မင်းကလဲ မသိဘဲ နေမလားကွာ။ အဲဒီ မိသန်းအဖေ ဦးကျော်က နာမည်ကြီး တောလိုက်မုဆိုးလေ။ တစ်နေ့မှာ ဂျီတစ်ကောင်ကို သူ့ရဲ့ တူမီးသေနတ်နဲ့ နားထင်တည့်တည့် ပစ်သတ်လိုက်တယ်။ နောက်တော့လဲ သူ့မိန်းမ ဗိုက်ထဲ အဲဒီ ဂျီမလေး ၀င်စားတော့တာပါဘဲ။ မိသန်းငယ်ငယ်တုန်းက ခဏခဏ ပြောတယ်။ အဖေ အဖေ ဒီကို သေနတ်နဲ့ ဒုန်း ဆိုပြီး သူ့နားထင်လေးကို ကိုင်ကိုင်ပြီး ပြောတယ်။ သေချာကြည့်လိုက်တော့လဲ သူ့နားထင်မှာ သေနတ်ဒဏ်ရာလိုမျိုး အမှတ်အသားက မွေးရာပါ ဖြစ်နေတာကို အံ့သြစွာ တွေ့ရတယ်"

"သူကြီးနဲ့တွေ့မှဘဲ မကြားဖူးတာတွေ ကြားရတော့တယ်"

"အင်းပါ။ ပုံပြင်ဘက် ဆက်ကြဦးစို့။ ဦးတော ဦးဆောင်တဲ့ ကိုရင်ကျောင်းသားအဖွဲ့ဟာ တောကြောင် ခြောက်ကောင်ထမ်းပြီး လာလမ်းအတိုင်း ပြန်လာခဲ့ကြတယ်။ လမ်းမှာ တွေ့တဲ့ ရွာသူရွာသားတွေဆိုရင် မအံ့သြဘဲ မနေနိုင်ကြဘူး။ ရွာထဲက မုဆိုးတွေတောင် နေ့ချင်း သားကောင် အဲဒီလောက် ရဖူးကြတာ မဟုတ်ဘူးလေ"

"သူကြီးမင်း ကြားဖြတ်ပြီး မေးရဦးမယ်။ ရွာသူရွာသားတွေက ကိုရင်ကျောင်းသားတွေ တိရစ္ဆာန်တွေ အသက်ကို သတ်တာ ဘာမှ အပြစ်မမြင်ကြဘူးလား။ အမှန်ဆို ရွာဦးကျောင်းသွားပြီး လူတွေက သီလယူကြတာလေ"

"အင်း... မင်းက မေးခွန်းကောင်းကောင်း မေးတတ်သားဘဲ။ အမှန်က ပထမတော့ အပြစ်ပြောသံ ကြားရသေးတယ်။ နောက်တော့လဲ ကိုရင်ကျောင်းသားဆိုတာကလဲ ရွာထဲက သူတို့သားတွေဘဲ ဆိုတော့ အချစ်မြင် အပြစ်မတင်တော့ဘူးပေါ့။ အဲဒီလို အဲဒီလိုနဲ့ အဖိတ်နေ့ဆိုတဲ့အတိုင်း တစ်ပတ်လုံး ဘုရားစာတွေ ကျက်အံထားတဲ့ ကုသိုလ်တရားတွေ ဖိတ်လွင့်ကုန်တော့တာပါဘဲ"

"အော်... သူတို့လက်ထက်ရောက်မှဘဲ အဖိတ်နေ့ဆိုတာ ကုသိုလ်တွေ ဖိတ်စင်တဲ့နေ့ ဖြစ်သွားရောလား သူကြီးမင်း"

"အဲဒီ သဘောမျိုး ဖြစ်နေတော့တာပေါ့။ အဲဒီနေ့က ဦးတောလဲ ခဏချင်း နာမည်ကြီးသွားတယ်။ ဒီလောက် မြန်မြန်ပြေးနိုင်တဲ့ တောကြောင်မိသားစု အားလုံးကို နည်းပညာ ဗျူဟာသုံးပြီး ဖမ်းယူ သတ်ဖြတ်နိုင်ခဲ့လို့လေ။ ပြီးတော့ တစ်ရွာလုံး တစ်ကျောင်းလုံးက တက်ညီလက်ညီဘဲ ဦးတောကို နာမည်သစ် တစ်ခု ထပ်ချီးမြှင့်လိုက်ကြပြန်တယ်။ ကြောင်ဖမ်းဆရာတော် တဲ့"

"ဒါဖြင့် ငါးမည်ရ ကြောင်ဖမ်းဆရာတော် ဖြစ်သွားပြီပေါ့"

"အင်း ဒီတစ်ခါတော့ မင်းတော်သွားပြီ။ ဟုတ်တယ် ငါးမည်ရ ကြောင်ဖမ်းဆရာတော်။ မင်း ပြောကြည့်စမ်းပါဦး အဲဒီ ငါးမည်ရကို"

"ဦးသောပါက၊ ဦးသော၊ သောနုတ္ထိုရ်၊ ဦးတော၊ ကြောင်ဖမ်းဆရာတော်"

"ငါ ပုံပြင်ပြောရကျိုးနပ်သွားပြီ။ မင်း မှတ်မိနေတယ်"

"ဒီလောက်တော့ ဖြစ်ပါသေးတယ်။ သူကြီးမင်းရာ။ ဒါနဲ့ စကားမစပ်။ ကိုရင်ကျောင်းသားတွေ အခုလို တောလိုက်ထွက်နေတာကို ရွာဦးကျောင်း ဆရာတော်က ဘာမှ မတားမြစ်ဖူးလား"

"သဗ္ဗေသတ္တာ ကမ္မဿကာဆိုပြီး ဥပေက္ခာဘဲ ရှုလိုက်ပုံရပါတယ်။ ဘာမှ မတားမြစ်ဖူး"

"ဒါဖြင့် အဲဒီ ရလာတဲ့ သားကောင်တွေရဲ့ အသားတွေကိုရော ဆရာတော် ဘုဉ်းပေးလား မသိဘူး"

"အမှန်ဆို ဆရာတော်က အဲဒီလောက် သားကောင် ကြီးကြီးတွေကို ရမှန်း မသိဘူး။ ငှက်ကလေးတွေလောက် ရကြတာလို့ဘဲ ထင်ပုံရတယ်။ ဒါကြောင့် တစ်ခါတစ်ခါ ဆရာတော့် ဆွမ်းစားပွဲပေါ် မသိမသာ ကိုရင်ကျောင်းသားတွေ ရလာတဲ့ အသားဟင်းလေးတွေ တင်ကြည့်ကြတယ်။ ဆရာတော်မသိလို့ထင်တယ်။ ဘုဉ်းပေးတယ်ဗျား"

"ဟာ ဒါဖြင့် ဆရာတော် အာပတ် သင့်မှာပေါ့"

"မင်းကလဲ ရဟန်းလောကမှာ ဆိုရိုးတောင် ရှိသေးတာဘဲ။ အာပတ်မရှိရင် ရဟန်းမဟုတ်ဘူးတဲ့"

"သူကြီးမင်း ကြည့်လဲ ပြောဦးနော်။ ကျနော် ကြောက်တယ်"

"မကြောက်ပါနဲ့ကွာ။ ငါ ပြောတာ ဘာမှ အမှားမပါပါဘူး။ အမှန်အတိုင်း ပြောတာပါ။ သိန်းသန်းချီရှိတဲ့ စည်းကမ်းတွေ အာပတ်တွေနဲ့ ချုပ်ခြယ်ခံရထားရတဲ့ ဘ၀ဆိုတော့လဲ ဒါတွေနဲ့ ဘယ်ကင်းနိုင်ပါ့မလဲ။ ကိုယ်ချင်းစာလို့ ရပါတယ်။ အာပတ်သင့်ကြပေမပေါ့"

"ကိုရင်ကျောင်းသားတွေကလဲ ဆရာတော်ကို ချစ်လို့ ဘုဉ်းပေးစေချင်ကြတာနဲ့ တူတယ်နော် သူကြီးမင်း"

"ဖြစ်လောက်ပါတယ်"

"ဒါပေမဲ့ ဆရာတော် အာပတ်သင့်မှာ စိုးရိမ်မိတယ်"

"မင်းကလဲ အာပတ်ဘဲ ပြောနေတော့တာဘဲ။ အမှန်က အာပတ်မသင့်ပါဘူးကွာ"

"သူကြီးမင်းကတော့ ရှုပ်အောင် လုပ်နေပြန်ပါပြီ"

"ဘာမှ မရှုပ်ဘူး မောင်ပေါက်ကျော်။ မသိရင် မှတ်ထားလိုက်ဦး။ ရဟန်းတွေ မစားအပ်တဲ့ အသားက ဆယ်မျိုးဘဲ ရှိတယ်။ ကျန်တဲ့အသား အကုန်စားကောင်းတယ်"

"ဆိုစမ်းပါဦး သူကြီးမင်း"

"သေချာမှတ်ထားနော်"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"လူသား၊ ခွေးသား၊ မြင်းသား၊ ဆင်သား၊ သစ်သား၊ ကျားသား၊ ခြင်္သေ့သား၊ ၀ံသား၊ အောင်းသား၊ မြွေသား။ စုစုပေါင်း ဆယ်မျိုး။ မှတ်မိလား မသိဘူး။ အဲဒီ ဆယ်မျိုးလုံး အရိုး အရေ အသား အသွေး ဘာမှ ရဟန်းနဲ့ မအပ်စပ်ဘူး"

"သိပ်မမှတ်မိတော့ဘူး သူကြီးမင်း ထပ်ပြောပါဦး"

"အင်းး.... မှတ်မိလွယ်အောင် လင်္ကာလေးနဲ့ လိုက်မှတ်ထားလိုက်"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

'' လူ ခွေး မြင်း ဆင်၊ သစ် ကျား ခြင်၊ ၀ံလျှင် အောင်း မြွေမျိုး၊
ရိုး ရေ သား သွေး၊ အမွေး တို့ပါ၊ မသုံးရာ၊ ဆယ်ဖြာအသားမျိုး''

"ဟာ သူကြီးမင်းက အရမ်းတော်တာဘဲ။ ကဗျာကို လက်တန်း စပ်နိုင်တယ်"

"ဇွတ် အထင်ကြီးမနေနဲ့ဦး။ အဲဒါ ငါကိုယ်တိုင် စပ်ထားတဲ့ ကဗျာ မဟုတ်ဘူး။ လယ်တီဆရာတော်ဘုရားကြီး ၀ိနယ သံခိပ်ကျမ်းမှာ ရေးခဲ့တဲ့ ကဗျာလင်္ကာလေးပါ"

"အော်..."

"မအော်နဲ့။ နောက်ထပ် ရဟန်းတော်တွေ မစားအပ်တဲ့ အသား သုံးမျိုး ရှိသေးတယ်"

"ဟုတ်လား သူကြီးမင်း"

"အင်း.... မြင်သား၊ ကြားသား၊ ယုံမှားသားတဲ့"

"သူကြီးမင်းကလဲ ဘယ်လိုကြီးလဲ။ နားမလည်ဘူး။ မြင်းသား ကျားသား ယုန်သားဆို တော်သေး"

"ထွီးမှဘဲ။ မင်းကလဲ ပိန်းနေပြန်ပါပြီ။ မသိရင်လဲ မေးမြန်းတာ မဟုတ်ဘူး။ သေချာမှတ်ထားလိုက်ဦး။ ရဟန်းကို ကပ်လှူဖို့ ရည်ရွယ်ပြီး သတ်ဖြတ်နေတာကို ရဟန်းကိုယ်တိုင် မျက်စိနဲ့ မြင်တဲ့ မြင်သား၊ နားနဲ့ ကြားရတဲ့ ကြားသား၊ ကပ်လှူဖို့ ရည်ရွယ်ပြီး သတ်တာ ဖြစ်မှာပါလို့ ယုံမှားသံသယရှိတဲ့ ယုံမှားသား။ အဲဒီ သုံးမျိုးကိုလဲ ရဟန်းတွေ မစားအပ်ဘူး။ ဒါပေမဲ့ အခု တောကြောင်သားက ပထမဆယ်မျိုးထဲလဲ မပါဝင်ဘူး။ ဒုတိယ သုံးမျိုးထဲလဲ မပါဝင်ဘူး။ ဒါကြောင့် ရွာဦးကျောင်းဆရာတော် အာပတ်လုံးဝမသင့်ဘူး"

"သူကြီးမင်းကတော့ ဘက်စုံဘဲ။ မချီးကျူးဘဲကို မနေနိုင်တော့ဘူး"

"ဒီလိုဘက်စုံလို့လဲ မင်းတို့က ငါ့ကို ခိုင်းစားလို့ကောင်းအောင် သူကြီးမင်းရာထူး ထိုးအပ်ထားတာ မဟုတ်လား"

"ဒါနဲ့ သူကြီးမင်း။ ၀ိနည်းတတ် ကြက်သတ်ဆိုလား မသိဘူး။ ကြားဖူးတယ်"

"အော်.. အဲဒါလား။ အဲဒီ စကားပုံလေး ကြားရတော့ ငါ ဟိုပုံပြင်လေးကို ပြေးသတိရမိတယ်"

"အာ... သူကြီးမင်း... ကြောင်ဖမ်းဆရာတော် ပုံပြင်တောင် မပြီးသေးဘူး။ နောက် ပုံပြင်တစ်ခု ကူးတော့မလို့လား။ ဒီနေ့ကတော့ ဒီလောက်ဘဲနော်။ ကျနော် ရှူရှူးပေါက်ချင်နေပြီ။ ပြီးတော့ အိမ်မှာလဲ လုပ်စရာလေး နဲနဲရှိနေသေးလို့ ဟီး ဟီး"

မှတ်ချက်။
အဆုံးသတ်ချင်ပေမဲ့ မဆုံးနိုင်သေးတာ နားလည်ပေးကြပါ။ ။ :D :D :D

..

13 comments:

သဒ္ဓါလှိုင်း said...

မဆုံးသေးဘူးဆိုတော့လည်း ဆက်ဖတ်ရန် မျှော်နေရမှာပေါ့။ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ခင်မင်လျက်
သဒ္ဓါ

ညိမ်းနိုင် said...
This comment has been removed by the author.
ညိမ်းနိုင် said...

ဇာတ်မသိမ်း လို့ရေးထားတာကို ဖတ်တာလျှမ်း
သွားတာတဂျီးရေ....ဆောတီး...:)))ဖုံးလေးနဲ့
ဆိုတော့ မသဲကွဲဘူးတဂျီးရဲ့...:)
မသိမ်းသေးတော့လည်း ဆက်မျော့ရတာပ တဂျီး
ရာ.....

flowerpoem said...

မျှော် ..............

SHWE ZIN U said...

သကြီး ကလည်း ဆက်ရန် လုပ်ပြန်ပြီ မြန်မြန်လေး ဖတ်ချင်ပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင် ဆက်ရန်ရှိသေးသကိုးလေ
ဒါဆိုလည်း မျှော်ရတာပေါ့လေး)
ရဟန်းမစားအပ်တဲ့ အသား၁၀မျိုးတော့ မှတ်သားစရာပါဘဲ
တစ်ခါမှမသိခဲ့သေးလို့ သိလိုက်ရတာ ကျေးဇူးပါ

ဟန်ကြည် said...

ဟား...ကောင်းလိုက်တာ...ပုံပြင်လဲဖတ်ရတဲ့ အပြင်...အသားဆယ်မျိုးပါ လက်ဆောင်ရသွားတယ်....ကျေးဇူးဗျာ...ကိုယ့်ဖာသာရှာဖတ်ဖို့ဆိုတာ တော်တော်အားစိုက်ရမယ်...အခုတော့ လက်ဆေးပြီးစားလိုက်ရုံပဲဖြစ်သွားတယ်...ပန်းရနံ့ရဲ့ ပုံပြင်ကိုဖတ်ရင်း မောင်ထင်ရေးတဲ့ လူကြီးများဖတ်ဖို့ပုံပြင်စာအုပ်ကို သတိရသွားတယ်...

တောက်ပကြယ်စင် said...

သူကြီးမင်းရဲ့ အသိပညာဗဟုသုတကိုတော့ လေးစားသွားပီဗျာ။ (ဘုန်းဘုန်းလည်း အဲဒီဆောင်ပုဒ်လေးကို သာမဏေကျော် ဒုတိယဆင့်လုပ်တုန်းက ကျက်မှတ်ခဲ့ဖူးပါသေးတယ်)။ ဆက်ရန်ကို တရစပ်မျှော်နေမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ သူကြီးမင်းလည်း ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့်။
ခင်မင်လျက်

မောင်မောင် said...

သဂျီးမင်း ( သူကြီးမင်း) ပုံပြင်လာဖတ်ပါသည်။
နောက်ဆက်ရန်မြန်မြန်ရေးပါ..
သိကြားမင်း ဆင်းစောင့်နေပါသည်။

နေ၀ဿန် said...

ကျွန်တော်ကြားဖူးတာက သူကြီးမင်းပြောတဲ့ အဲဒီအသားဆယ်မျိုးက ရဟန်းတင်မဟုတ်ပါဘူး.. လူတွေပါ မစားအပ်ဘူးလို့ ကြားဖူးတာပဲ.... ကျမ်းဂန်နဲ့တော့ ချမပြတတ်ဘူးပေါ့လေ...


ခင်မင်လျက်
နေ၀ဿန်

မြစ်ကျိုးအင်း said...

ဒီနေ့မှာ လာဖတ်ဖြစ်တာ တော်သေးတာပေါ့။ မျှော်စရာ မလိုတော့ဘူး။ နောက်တပိုင်း ဆက်ဖတ်ရုံပဲ..

ကောင်းမွန်ဝင်း said...

ရဟန်းသံဃာတော်တွေအကြောင်းအနည်းအကျဉ်း ဗဟုသုတရသွားတယ်။

ဒါမျိုးလေးတွေကြိုက်တယ်။

လသာည said...

"ဘက်စုံလို့လဲ မင်းတို့က ငါ့ကို ခိုင်းစားလို့ကောင်းအောင် သူကြီးမင်းရာထူး ထိုးအပ်ထားတာ မဟုတ်လား"

အဲဒီစကားလေး တော်တော်သဘောကျတယ်..။ ပညာရှင်ဆိုတာ ဒီလိုပဲလေ တဂျီးရာ..း)))။

ဆက်ရေးပါဗျို့