Friday, 1 July 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်စက)


"သူကြီးမင်း.. မန်းမှုတ်တဲ့ဟာလေး လုပ်ပါဦးဗျ"

"ဘာကြီးလဲဟ ပေါက်ကျော်ရ၊ မင့်ဟာက အရင်းမရှိ အဖျားမရှိနဲ့"

"သူကြီးမင်းဘဲ ဟိုတစ်နေ့က ပြောခဲ့တယ်လေ၊ မန်းမှုတ်သားကို တစ်ဝါတွင်းလုံး ဘုဉ်းပေးသွားရရှာတယ်ဆိုတာ"

"အော်.... အဲဒီ အကြောင်းကို မင်းက သိချင်နေတာကိုး"

"သူကြီးမင်းကလဲ သိရဲ့သားနဲ့"

"ကြားချင်သပဆိုရင်လဲ ပြောပြရတာပေါ့ကွာ။ တစ်ခါတုန်းက အမျိုးသမီးကြီးတစ်ယောက်ဟာ မြို့တက်ဘုရားဖူးရင်း ရဟန်းငယ်တစ်ပါးနဲ့ အသိမိတ်ဆွေ ဖြစ်လာတယ်တဲ့။ ရဟန်းလေးက အသားက ၀င်းဝင်း နေပုံထိုင်ပုံကလဲ တည်ကြည်ဆိုတော့ အဲဒီ အမျိုးသမီးကြီးဟာ ရဟန်းငယ်အပေါ် အတော်လေး ကြည်ညိုသွားသတဲ့။ တစ်နှစ်မှာ အဲဒီ အမျိုးသမီးကြီးက အဲဒီ ရဟန်းငယ်ကို ရွာမှာ တစ်ဝါလောက် လာပြီး ၀ါဆိုဝါကပ်ဖို့ လျှောက်ထားသတဲ့။ ရဟန်းငယ်ကလဲ သဘောတူလိုက်သတဲ့။ လိုရင်းပြောရရင်တော့ အဲဒီ ရဟန်းငယ်ဟာ အမျိုးသမီးကြီးရွာမှာ တစ်ဝါ သွားဆိုလိုက်သတဲ့"

"အဲဒီရွာက တုံးဖလားရွာ မဟုတ်လား သူကြီးမင်း"

"မင်းကတော့ လုပ်ပြီ။ တုံးဖလားတစ်ရွာထဲနဲ့ ဒီလောက် ပုံပြင်ပေါများပါ့မလားကွာ။ တစ်ခြားရွာတစ်ရွာလို့သာ မှတ်လိုက်ပေါ့။ အဲဒီ ရဟန်းငယ်ဟာ အသီးအရွက်ထက် အသားဟင်း အသားခြောက်ကို ပို ကြိုက်သတဲ့။ အကြိုက်ဆုံးကတော့ အမဲသား ဖြစ်သတဲ့။ အမျိုးသမီးကြီးလဲ သူ ကြည်ညိုလို့ ပင့်ထားတာဆိုတော့ နေ့စဉ်ဘဲ အဲဒီ ရဟန်းငယ်ကို အမဲသားခြောက်ဖုတ်၊ အမဲသားဟင်း၊ အမဲသားကြော် အစရှိသဖြင့် အမဲသားဖြစ် ဟင်းတို့ကို တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ် ကြော်လှော် ဆက်ကပ်သတဲ့"

"သူကြီးမင်း ပြောတာ ကြားရတာနဲ့တင် ကျနော်တောင် သွားရည်ကျနေပြီ။ ကော်ဖီလေးနဲ့ အမဲသားခြောက်ဖုတ်ကလေးနဲ့ မြည်းလိုက်ရလို့ကတော့..."

"ပုံပြင်ကိုသာ နားထောင်စမ်းပါ။ မင့်ဟာက ပုံပြင်လဲပြောရ၊ ကော်ဖီလဲ တိုက်ရ၊ ပြီးတော့ အမြည်းကိုတောင် တမ်းတလိုက်သေး"

"ဟဲ ဟဲ။ အဲဒီ ရဟန်းငယ်နေရာမှာ ခဏ နေလိုက်ချင်တယ်။ တရားကျင့်ချင်လို့တော့ မဟုတ်ဘူး။ အမဲသားကြော်လေး ဘာလေး စားရမလားလို့"

"အေး... မင်း စားချင်ရင် အဲဒီ အမျိုးသမီးကြီးဆီ မင့်ကို လွတ်လိုက်မယ်။ နေ့တိုင်း မရိုးစေရဘူး။ မင့်ကို ပြုစုလိမ့်မယ်။ သူ့လက်ဖြစ် အမဲသားဟင်းနဲ့"

"ဘယ်လို ဘယ်လို သူကြီးမင်း"

"ဘယ်လိုမှ မဟုတ်ဘူး။ ဆက်သာ နားထောင်။ အဲဒီ ရဟန်းငယ်လဲ ၀ါတွင်းတစ်တွင်းလုံး လျောင်း ထိုင် ရပ် သွား လေးပါဣရိယာ မျှကာရွှင်ပြုံး သီတင်းသုံးပြီးတဲ့အခါကျတာ့ မြို့ ပြန်ချင်တော့တာပေါ့။ ဒါနဲ့ ၀ါကျွတ်ပြီး ပ၀ါရဏာကံဆောင်ပြီးတဲ့အခါ အဲဒီ အမျိုးသမီးကြီးကို နှုတ်ဆက်စကား ဆိုသတဲ့"

"သူကြီးမင်း.. ကြားဖြတ် မေးလိုက်ဦးမယ်။ အဲဒီ ပ၀ါရဏာကံဆောင်တယ်ဆိုတာ ဘာကို ပြောတာလဲ မသိဘူး"

"အေး... မေးတော့လဲ ပြောပြရတာပေါ့ကွာ။ ပ၀ါရဏာဆို ပါဠိစကားလုံးလေးပါ။ ဖိတ်ကြားခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဘာအတွက် ဖိတ်ကြားတာလဲ ဆိုတော့ သံဃာအချင်းချင်း အပြစ်ကြီးအပြစ်ငယ် အသွယ်သွယ်တွေ ရှိခဲ့ရင် ထောက်ပြပြောဆို ဆုံးမဖို့ သံဃာကို ဖိတ်ကြားတာပါ။ အပြစ်ကျူးလွန်နေတာကို မြင်ခြင်း ကြားခြင်း ယုံမှားသံသယရှိခြင်း တစ်စုံတစ်ရာ ရှိခဲ့ရင် သနားသောအားဖြင့် ပြောဆို ဆုံးမတော်မူပါလို့ သိမ်အတွင်း သံဃာ့ပရိသတ်အလယ်မှာ ဖိတ်မန္တက ပြုတာကို ပ၀ါရဏာပြုတယ်၊ ပ၀ါရဏာ ကံဆောင်တယ်လို့ ခေါ်ပါတယ်။ ရဟန်းတော်တွေဟာ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ၀ါဆို ၀ါကပ်ကြတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ ပ၀ါရဏာပြုရပါတယ်။ ပ၀ါရဏာ ပြုပြီးရင် ၀ါကျွတ်သွားပါပြီ။ မြို့နယ်အလိုက်၊ ဒါမှမဟုတ် အုပ်စုအလိုက် စသဖြင့် သံဃာတွေအားလုံး တစ်ကျောင်းထဲမှာစုပြီး ပ၀ါရဏာ ပြုကြရပါတယ်"

"ဗုဒ္ဓချမှတ်ထားခဲ့တဲ့ စနစ်က အရမ်းကောင်းတယ်နော် သူကြီးမင်း"

"စနစ်ကတော့ အရမ်းကောင်းပါတယ်"

"စနစ်ကတော့ ဆိုတော့ သူကြီးမင်းက နဲနဲ မဟုတ်တာ ပြောချင်နေပြီ ထင်တယ်"

"အဲလိုလဲ မဟုတ်ပါဘူး။ မနှစ်က ပ၀ါရဏာပွဲတုန်းက အဖြစ်အပျက်ကလေးကို အမှတ်ရသွားလို့ပါ"

"အဲဒီ ပ၀ါရဏာ ပြုပွဲမှာ ဘာဖြစ်ခဲ့လို့လဲ သူကြီးမင်း"

"အင်း.. မနှစ်က ပ၀ါရဏာပြုပွဲကို ပေါက်ပင်ရွာဦးကျောင်းမှာ ပြုလုပ်ခဲ့တယ်။ ထုံးစံအတိုင်း တိုက်နယ်မှာရှိကြတဲ့ သံဃာအားလုံး ကြွကြရတာပေါ့။ ပေါက်ပင်ရွာသူ ရွာသားတွေလဲ ဆွမ်းကပ်ပြုစု လုပ်ကျွေးကြတာပေါ့။ နေ့ဆွမ်း ဘုဉ်းပေးပြီး သံဃာတော်တွေအားလုံး သိမ်ကျောင်းထဲမှာ ပ၀ါရဏာ ပြုကြတယ်။ ရွာသူရွာသားတွေကလဲ ကြည်ညိုနေကြတာပေါ့။ ၀ါစဉ်အလိုက် ပ၀ါရဏာပြုပြီးတဲ့အခါကျတော့ ဆရာတော်တစ်ပါးက ပေါက်ပင်ဆရာတော်ကို ဆုံးမစကားဆိုတယ်။ ပေါက်ပင်ဆရာတော် ဘုန်းကြီး ဖြစ်ရဲ့သားနဲ့ နွားမွေးထားတာတော့ မသင့်တော်ပါဘူး ဆိုပြီးတော့ပေါ့။ အဲဒီ ပေါက်ပင်ဆရာတော်လဲ ဟိုနားဒီနားသွားတဲ့အခါ ရွာထဲက နွားလှည်း ခဏခဏ ခေါ်ရတာ အားနာတာနဲ့ ကိုယ်ပိုင် နွားမွေးထားပြီး ကျောင်းသားတွေကို နွားလှည်းမောင်းခိုင်းတယ်လေ။ တောရွာဆိုတော့လဲ မော်တော်ကား အစားထိုး နွားလှည်းပေါ့ကွာ။ အဲဒီလိုလဲ ဆရာတော်တစ်ပါးက ပေါက်ပင်ဆရာတော်ကို ပြောဆိုဆုံးမလိုက်ရော ဘာပြောကောင်းမလဲ သူ့ကို လူပရိသတ် သံဃာ့ပရိသတ်ရှေ့မှာ စော်ကားရမလားဆိုပြီး လက်သီးလက်မောင်း တန်းကာ စိန်ခေါ်တော့တာဘဲ"

"သူကြီးမင်းကတော့ ကြုံလဲ ကြုံတတ်တယ်"

"ကြုံဆို ငါက ပ၀ါရဏာပြုပွဲကို နှစ်စဉ် သွားနေကျလေကွာ။ တစ်နေ့ထဲနဲ့ တိုက်နယ် သံဃာကုန် ဖူးမြင်ရလို့လေ"

"အင်း... တော်ပါသေးရဲ့။ တစ်နှစ်မှ တစ်ခါ ပ၀ါရဏာပြုပွဲလုပ်လို့။ နို့မို့ဆို စိတ်ဆတ်တဲ့ ဘုန်းကြီးတွေ လုပ်ပုံနဲ့တော့ ပ၀ါရဏာဆိုတဲ့ ပါဠိစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မယ်"

"ကြုံတုန်း တစ်ခု ပြောပြရဦးမယ်။ တခြားတော့ မဟုတ်ပါဘူး။ ဥပုသ်အကြောင်းလေးပါ။ ပ၀ါရဏာပြုတာကို တစ်နှစ်မှ တစ်ခါ လုပ်ပေမဲ့ ဥပုသ်ပြုတာကိုတော့ လပြည့် လကွယ်တိုင်း ပြုလုပ်ကြရတယ်။ တစ်လကို နှစ်ကြိမ်ပေါ့။ သီတင်းကျွတ်လပြည့်နေ့ကလွဲရင် ကျန်တဲ့ လပြည့် လကွယ်နေ့တိုင်း ဥပုသ်ပြုကြရတယ်"

"သီတင်းကျွတ်လပြည့်နေ့က ဘာဖြစ်လို့လဲ သူကြီးမင်း"

"မင်းကလဲ တုံးနေပြန်ပါပြီ။ သီတင်းကျွတ်လပြည့်နေ့မှာ ဥပုသ်အစား ပ၀ါရဏာပြုကြတယ်လေ။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ကို ပ၀ါရဏာနေ့ဆိုပြီး ခေါ်တွင်တယ်။ တစ်ခြားတစ်ဘက်က အဘိဓမ္မာအခါတော်နေ့လို့လဲ ခေါ်ကြတယ်။ နှစ်မည်ရ လပြည့်နေ့ပေါ့"

"ဥပုသ်ပြုခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ သူကြီးမင်း"

"အဓိကကတော့ သီလစင်ကြယ်ရေးနှင့် စည်းလုံးညီညွတ်ရေးဘဲ ဆိုကြပါတော့။ ဥပုသ်မပြုခင်မှာ ကျူးလွန်ထားတဲ့ အပြစ်လေးတွေ ပျောက်ကင်းဖို့ ဒေသနာပြောကြားကြရတယ်။ ဒေသနာကြားတယ်ဆိုတာ အချင်းချင်း အပြစ်ကို ၀န်ခံကြတာပါဘဲ။ နောင်ကို မကျူးလွန်ဖို့ကိုလဲ ကတိပေးကြရတယ်။ အာပတ်ဖြေတယ်လို့လဲ ခေါ်ဝေါ်တယ်။ အာပတ် (အပြစ်) တန်းလန်းကြီးနဲ့ ဥပုသ် မပြုကောင်းဘူး။ ပြုရင် အပြစ်ထပ်ရတယ်။ နောက်ပြီး ရဟန်းအချင်းချင်း နှစ်တောင့်ထွာအတွင်း နီးနီးကပ်ကပ် ထိုင်ကြရတဲ့အတွက် ညီညွတ်မှုကိုလဲ သဘောဆောင်တယ်။ သံဃာ့ကိစ္စ တစ်ခုခု ပေါ်ပေါက်ခဲ့ရင်လဲ ဥပုသ်ပြုပြီးတဲ့အခါ သံဃာ့ဆန္ဒခံယူလို့ရတယ်"

"ရဟန်းတွေ ဥပုသ်ပြုတာကလဲ လူတွေလို ရှစ်ပါးသီလ ခံယူရတာလား သူကြီးမင်း"

"တစ်ခြားစီပါ။ ဘာမှ မဆိုင်ပါဘူး။ ရဟန်းတော်တွေ ဥပုသ်ပြုတယ်ဆိုတာက လွယ်လွယ်ပြောရရင် ပါတိမောက်ရွတ်ဆို နာကြားကြတာပါ။ ပါတိမောက်ဆိုတာ ရဟန်းတော်အတွက် ဗုဒ္ဓကိုယ်တိုင် ချမှတ်ထားခဲ့တဲ့ စည်းကမ်းဥပဒေသတွေပါဘဲ။ အကျယ်သိချင်ရင်တော့ မဟာဂန္ဓာရုံဆရာတော်ရဲ့ ပါတိမောက်ဘာသာဋီကာကိုသာ ရှာဖတ်ပေတော့"

"သူကြီးမင်း.... ချော်ထွက်သွားလို့ ဥပုသ်အထိတောင် ရောက်လာပြီ။ ဒါနဲ့ ဟို ရဟန်းငယ် ပြန်ကြွခါနီးမှာ အဲဒီ အမျိုးသမီးကြီးကို နှုတ်ဆက်စကားဆိုတော့ ဘာတွေ အထူးအဆန်း ဖြစ်ခဲ့သေးလဲ သူကြီးမင်း"

"အဲဒီ အမျိုးသမီးကြီးက ရဟန်းငယ်လေးကို စကားတစ်ခွန်းဘဲ လျောက်လိုက်တယ်"

"ဘယ်လို စကားမျိုးလဲ သူကြီးမင်း"

"ရဟန်းငယ်လေးက " ဒကာမကြီး ဦးဇင်း မြို့ပြန်ကြွတော့မယ်။ ဒီရွာမှာ ၀ါဆိုစဉ်အတွင်း နေ့စဉ် အမဲသားချက် ကြော် လှော် ဖုတ် စတာတွေ ကပ်လှူတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်သတဲ့။ ဒါနဲ့ အဲဒီ အမျိုးသမီးကြီးက ပြန်လျောက်လိုက်တယ် "အရှင်ဘုရား ပြန်ကြွရင်လဲ ကြွပါတော့ တပည့်တော် အိမ်နောက်က ထန်းပင်ကြီးလဲ ကုန်ခါနီးပြီ" တဲ့"

"ဘာအဓိပ္ပါယ်ကြီးလဲ သူကြီးမင်း"

"ဘာအဓိပ္ပါယ်မှ မဟုတ်ဘူး မောင်ပေါက်ကျော်။ အဲဒီ အမျိုးသမီးကြီးက စုန်းမကြီးလေ။ သူပင့်လာတဲ့ ရဟန်းငယ်လေးကို ကြည်ညိုလွန်းလို့ နေ့စဉ် အမဲသားဖြစ် ဟင်းတွေကို ဆက်ကပ်တယ်။ ဒါပေမဲ့ မင်းဘဲ စဉ်းစားကြည့်လေ။ အဲဒီလို နေ့စဉ်ဆက်ကပ်နိုင်ဖို့ သူ ဘယ်မှာ အမဲသား ရနိုင်ပါ့မလဲ။ ရွာကလဲ အမဲပေါ်တဲ့ ရွာ မဟုတ်ဘူးလေ။ ဒါနဲ့ဘဲ သူ့အိမ်နောက်ဘက်မှာ ရှိတဲ့ ထန်းပင်ကြီးကို ရန်ရှာကြတော့တာပေါ့။ ထန်းလက်ခြောက်၊ ထန်းခေါင်း၊ ထန်းပင်စည်တွေကနေ သင့်တော်ရာ အစိတ်အပိုင်းကို ဖြတ်တောက်ပြီး အမဲသားအဖြစ် မန်းမှုတ်ပြီး ချက်ပြုတ်ကြော်လှော်တယ်။ ပြီးတော့ ရဟန်းငယ်လေးကို အမဲသားဟင်းအဖြစ် ကပ်လှူတယ်လေ။ အဲဒီလိုနဲ့ ကြာလာတော့လဲ ထန်းပင်ကြီး လုံးပါး ပါးလာတော့တာပေါ့"

"ကြောက်စရာကြီးပါလား သူကြီးမင်းရယ်။ လာမဲ့ သင်္ကြန်မှာ ကျနော် ဒုလ္လဘ၀တ်မယ်လို့ စိတ်ကူးထားတာ။ အခု မ၀တ်ချင်တော့ဘူး။ တော်ကြာ အဲဒီလို အမျိုးသမီးကြီး တစ်ယောက်ယောက်က အမဲသားဟင်း လာကပ်နေရင် ဒုက္ခ"

"မင်းက ဒါမျိုးကျတော့ ကြောက်တတ်သားဘဲ"

"သူကြီးမင်း... ဒါနဲ့ အဲဒီ ရဟန်းမှာ အဆိပ်အတောက် မဖြစ်ဖူးလား။ ကျနော်ကြားဖူးတာ အပင်းဆိုလား ဘာဆိုလား"

"ဒါကတော့ အစားအစာကျွေးတဲ့သူရဲ့ စိတ်နဲ့ဘဲ သက်ဆိုင်ပါတယ်။ သူက စေတနာနဲ့ စားစေချင်လို့ ကျွေးတာဆိုတော့ ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ ထန်းခြောက်တွေမှာလဲ အာဟာရဓါတ်က ပါသင့်သလောက်ပါတယ်လေ။ ဒါကြောင့် ဘာအန္တရာယ်မှ မရှိပါဘူး။ အဲဒီ အမျိုးသမီးက စေတနာဆိုးနဲ့ တစ်ခုခု ဖြစ်စေချင်လို့ ကျွေးတာဆိုရင်တော့ အဆိပ်အတောက်တို့ အပင်းတို့ ဖြစ်မှာပေါ့"

"တစ်ချိန်တုန်းက တောရွာတွေ အတော်များများမှာ စုန်းမတွေ အတော်ရှိခဲ့ကြပုံရတယ်နော် သူကြီးမင်း"

"အင်း ဆိုပါတော့။ ဒါကြောင့် အဲဒီ ခေတ်တုန်းက ဘုန်းကြီးတွေ အတော်များများ စားခွက်နှိုက်ဆေးတို့ ကိုယ်လုံဆေးတို့ ထိုးကြရတယ်တဲ့။ စားခွက်နှိုက်ဆေးဆိုတာကတော့ ဥပမာ ထန်းလက်ခြောက်ကြီးကို ထုချေပြီး အမဲသားဟင်းအဖြစ် လာကပ်ရင် ခွက်ထဲ နှိုက်လိုက်တာနဲ့ အမဲသားကနေ ထန်းလက်ခြောက်အဖြစ် ချက်ချင်း ပြောင်းသွားတဲ့ ဆေးမျိုးပေါ့"

"ဒါဖြင့် ကိုယ်လုံဆေးဆိုတာကကော သူကြီးမင်း"

"ကိုယ်လုံးဆေးဆိုတာကတော့ ခွက်ထဲနှိုက်လိုက်ရင် ဘာမှ မပြောင်းလဲသွားပေမဲ့ အဲဒီလို မန်းမှုတ်သားတွေကို ဘယ်လောက်စားစား ဘာမှ မဖြစ်ဘူး။ တကယ့်ဟင်းစားရသလိုဘဲတဲ့"

"ထူးဆန်းတယ်နော်"

"အင်း... အဲဒီခေတ်တုန်းက စားခွက်နှိုက်ဆေး ထိုးထားတဲ့ ဘုန်းကြီးတစ်ပါးဆီ အမျိုးသမီးတစ်ယောက် အသုပ်တစ်ပွဲ လာပို့တယ်တဲ့။ မြင်းခွါရွက်သုပ်တဲ့။ ဘုန်းကြီးလဲ အဲဒီ အမျိုးသမီး ပြန်သွားပြီး ဆွမ်းစားချိန်ရောက်တော့ မြင်းခွါရွက်သုပ်ကို နှိုက်လိုက်တော့ ကျောင်းစိမ်းထမီ အဟောင်းတွေကို လှီးဖြတ်ပြီး အဆာပလာထည့် သုပ်ထားတာကို တွေ့လိုက်ရတယ်တဲ့"

"ဟင်းးးးး ကြောက်လာပြီ သူကြီးမင်းရေ့..... ပြီးတော့ စုန်းမဆိုတာကလဲ ဦးချိုပေါက်နေတာ မဟုတ်တော့ ဘယ်သူက စုန်းတတ်တယ် မတတ်ဘူးဆိုတာကိုလဲ သိခွင့်ရတာ မဟုတ်ဘူး"

"ငါကြားဖူးတာတစ်ခုတော့ ရှိတယ်ကွ။ စုန်းတွေဟာ သူတို့ရဲ့ မျက်စိကို အကြည့်မခံဘူးတဲ့။ ကြည့်လိုက်ရင် မျက်နှာ လွဲသွားကြတယ်တဲ့။ မရမက ကြည့်ပြန်ရင်လဲ အငြိုးအတေး ထားတတ်ကြတယ်တဲ့"

"ဘာဖြစ်လို့ သူတို့မျက်နှာကို အကြည့်မခံတာလဲ သူကြီးမင်း"

"သူတို့ မျက်စိထဲမှာ လူတွေရဲ့ အရိပ်ဟာ ဇောက်ထိုးကြီး ဖြစ်နေလို့တဲ့။ မင်းလဲ သတိထားဦး။ ကောင်မလေးတွေကို ပိုးပန်းတော့မယ်ဆိုရင် မသိမသာ သူတို့ မျက်စိကို ကြည့်လိုက်ဦး။ သူတို့ မျက်စိထဲမှာ မင့်အရိပ်က ပြောင်းပြန်ဇောက်ထိုးကြီး ဖြစ်နေရင် သေချာပြီ။ အဲဒီ ကောင်မလေးဟာ စုန်းမဘဲ"

"သူကြီးမင်း အကြံပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျနော်က စုန်းမနဲ့ အိမ်ထောင် ကျမယ်ထင်တယ်"

"ဟေ.. ဘာဖြစ်လို့လဲကွ"

"ကျနော့်ခေါင်းမှာ ဗွေနှစ်လုံး ပါလို့လေ"

"ဗွေနှစ်လုံးပါတိုင်း စုန်းမ လင် ဖြစ်ရမလားကွ"

"ရွာဦးကျောင်း ဆရာတော်က ပြောတယ်။ ကျနော် ကိုရင်ဝတ်ဖို့ ခေါင်းရိတ်ချိန်တုန်းကပေါ့။ မင်းခေါင်းက ဗွေနှစ်လုံး ကြီးပါလားကွတဲ့။ မှတ်ထား။ ဗွေနှစ်လုံး စုန်းမ လင် တဲ့"

"ဟေ.. ဆရာတော်က အဲဒီလို ပြောလား။ ဒါဖြင့် ငါ့ခေါင်းမှာလဲ ဗွေနှစ်လုံးပါတယ်။ ဒုက္ခဘဲ။ ဒီဘ၀တော့ အိမ်ထောင် မပြုဘဲ နေမှ ဖြစ်တော့မယ် ထင်တယ်"

"ဟာ.. သူကြီးမင်းလဲ ဗွေနှစ်လုံးဘဲလား။ ဒါဆို ကျနော်တို့က အတူတူဘဲ။ အဖော်ရသွားပြီ။ သူကြီးမင်းလဲ ဗွေနှစ်လုံးဆိုရင် ကျနော် မကြောက်တော့ဘူး"

"ဘာဖြစ်လို့လဲ"

"သူကြီးမင်းဆီမှာ စုန်းမကို နိုင်တဲ့ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်လေ"

" အော်... အဲဒီလိုလား။ ငါတို့ ငယ်ငယ်တုန်းကတော့ ကြားဖူးတာဘဲ။ ငါကိုယ်တိုင်လဲ လုပ်ခဲ့ဖူးတယ်။ အစားအစာတစ်ခုခုကို သံသယရှိတဲ့အခါ မတ်တပ်ရပ်ပြီး ခြေထောက်တစ်ချောင်းကို အပေါ် နဲနဲကားပြီး မြှောက်လိုက်တယ်။ ပြီးရင် အစားအစာကို ဘယ်ဘက်လက်က ကိုင်ပြီး ကားထားတဲ့ ပေါင်အောက် လျိုးပြီး ထိုးပေးလိုက်တယ်။ ဒီဘက်ကနေ ညာဘက်လက်နဲ့ လှမ်းယူလိုက်တယ်။ ပြီးရင် ဘယ်လက်ကို ပြန်ပေးလိုက်တယ်။ ဘယ်လက်ကယူပြီး နောက်တစ်ခါ ပေါင်အောက် ထိုးပေးလိုက်ပြန်တယ်။ ညာဘက်လက်နဲ့ လှမ်းယူပြန်တယ်။ အဲဒီ အဲဒီလို သုံးခါတိတိလုပ်ပြီးမှ စားလေ့ရှိကြတယ်။ အဲဒါ အပင်းအဆို့ မဖြစ်တဲ့နည်းတဲ့။ မန်းမှုတ်ထားတဲ့ အစားအစာကို ပြန်ပြီး အဲဒီနည်းနဲ့ တုန့်ပြန်လိုက်တာလေ"

"ဒါဆို ကျနော်လဲ နောက်ဆို အဲဒီလို လုပ်ပြီး စားမှ ဖြစ်မယ်။ တော်ကြာ အပင်းအဆို့တွေ ဖြစ်မှာ ကြောက်ရတယ်"

"ဒါကလဲ တန်ခိုးသိပ်မကြီးတဲ့ စုန်းမက ကျွေးတဲ့ အစားအစာမှ အဲဒီနည်းက အစွမ်းထက်တာတဲ့။ တန်ခိုးကြီးတဲ့ စုန်းဆို မင်းအဲဒီလို သုံးခါတိတိ လုပ်လိုက်ရင် မင့်ပေါင်ကို စတီးကြိုးနဲ့ ခပ်တင်းတင်း သုံးပတ် ပတ်ပြီးသား ဖြစ်သွားရောပေါ့။ ဘယ်လိုမှ ဖြေလို့ မရတော့ဘူးတဲ့"

"အမလေးးးး သူကြီးမင်းရယ်... ပြောရင်းနဲ့ ပေါင်တစ်ခုလုံး တင်းကြပ်လာသလား ခံစားရတယ်"

"ကဲပါ. ကဲပါ။ ဒါတွေ ထားပြီး ကြောင်ဖမ်းဆရာတော်ဘက် လှည့်ကြဦးစို့ရဲ့"

"ဟုတ်ကဲ့ သူကြီးမင်း"
...

"ကြောင်ဖမ်းဆရာတော်ဟာ အဲဒီရွာနား တစ်လျောက်က ကျေးငှက် တိရစ္ဆာန်တွေကို ပစ်သတ်ဖမ်းယူလိုက်တာ တောကောင်တွေတောင် ပြုန်းသွားတော့သတဲ့။ တစ်နေ့မှာ ကြောင်ဖမ်းဆရာတော် ဦးဆောင်တဲ့ ကိုရင် ကျောင်းသားအဖွဲ့ဟာ ထုံးစံအတိုင်း တောလိုက် ထွက်ပြန်ကြတာပေါ့။ တောလိုက်ထွက်ပေမဲ့လဲ ဘာကောင်ကို လိုက်မယ်ဆိုတာတော့ ရည်ရွယ်ချက် မရှိပါဘူး။ တွေ့တဲ့အကောင် ၀ိုင်းလိုက်ပြီး သမကြတာပါဘဲ။ ရွာဦးကျောင်းက ထွက်ပြီဆိုကထဲက ကိုရင်ကျောင်းသားတွေကလဲ ပျော်၊ ခွေးတွေကလဲ ပျော်နဲ့။ နတ်ဒိုးသီချင်းလိုလို ဘာလိုလို သီချင်းကိုလဲ သံပြိုင် ဟစ်အော်နေကြလေရဲ့"


"ကျောင်းပေါ်မှာ မပျော်
တောထဲမှာ ပျော်
ခွေးတွေကို ခေါ်
(ကိုရင်တွေလဲ ပါသနော်..)
(ကျောင်းသားတွေလဲ ပါသနော်..)
တို့ကျောင်းတော်က
ကြောင်ဖမ်း ဆရာတော်ာ်ာ်ာ်...."

"အဝေးက မြင်သော်..
အတွေး မမှားနဲ့နော်
ပြေးမှ လွတ်မနော်..
တို့ကျောင်းတော်က
ကြောင်ဖမ်း ဆရာတော်ာ်ာ်ာ်...."

"အမြေးလေးကို မျှော်
တေးလေး တကျော်ကျော်
လာပြီနော်.. လာပြီနော်...
တို့ကျောင်းတော်က
ကြောင်ဖမ်းဆရာတော်ာ်ာ်ာ်ာ်ာ်......"

"ဟေးးး ၀ါးးးးးးးးး ၀ါးးးးးးးးးးး
ဝူးးးးးး ၀ူးးးးးးးးး ၀ူးးးးးးးးးးးးး"

"ကိုရင်ကျောင်းသားတွေလဲ ဟေးဝါးဝါးဆိုပြီး ပျော်မြူး ခွေးတွေလဲ ၀ူးးးးးအူးးးအူးးး ဆိုပြီး အူမြူး အထူးထူးသော လက်နက် ပစ္စည်း စုံလင်စွာနဲ့ ၀နာတောတစ်ခွင်မှာ ကျွတ်ထိုက်တဲ့ သတ္တ၀ါတွေကို ချေချွတ်ဖို့ အက္ခောဘိနီတပ်ကြီးဖြန့်ကာ ဘယ်ညာ ဘယ်ညာ တန်းညှိပြီး တစ်စီတစ်တန်းကြီး ထွက်ခွါသွားကြတော့တာပေါ့။ တောထဲ ၀င်ဝင်ချင်းဘဲ ခွေးဟောင်သံတွေ ကြားလို့ သွားကြည့်လိုက်တော့ ရှဥ့်မီးနီ တစ်ကောင်ကို တွေ့လိုက်ကြတယ်။ အားလုံး လိုက်...လိုက်.. လိုက်...ဆိုပြီး ညာသံပေးကာ ရှဥ့်မီးနီနောက် ကိုရင်ကျောင်းသားတွေရာ ခွေးတွေရော ကြောင်ဖမ်းဆရာတော်ရော ၀ိုင်းပြီး လိုက်ကြတော့တာပေါ့။ ရှဥ့်မီးနီလေးလဲ အသက်အန္တရာယ် ကြောက်လွန်းတဲ့အတွက် နီးစပ်ရာ သစ်ပင်အိုကြီးတစ်ပင်ရဲ့ သစ်ခေါင်းထဲ ၀င်ပြေးတော့တာပေါ့။ သစ်ပင်ရဲ့ အောက်ခြေကစပြီး အထက်ထိ သစ်ခေါင်းပေါက်ကြီးက အရှည်ကြီးဘဲ။ ကဲ... မောင်ပေါက်ကျော်... မင်းစဉ်းစားစမ်း။ သစ်ခေါင်းထဲ ၀င်ပြေးတဲ့ ရှဥ့်မီးနီကို ဘယ်လို ရအောင် ဖမ်းယူမလဲ။ အဲဒါ မင်းအတွက် ပဟေဠိဘဲ။ နောက်တစ်နေ့ ငါ့ဆီလာရင် မင်း စဉ်းစားထားတဲ့အတိုင်း ငါ့ကို ပြောပြ။ ပြီးမှ ငါပုံပြင်ကို ဆက်ပြောမယ်။ ဒီနေ့တော့ ဒီလောက်ဘဲ"

"သူကြီးမင်းကလဲ ဆုံးအောင် ပြောပြတာ မဟုတ်ဘူး။ လူတွေကို ကသိကအောက် ဖြစ်အောင် အမြဲလုပ်တယ်"

.

15 comments:

ညိမ်းနိုင် said...

ဟုတ်ပါ့...ကသိကအောက်ဖြစ်အောင်တယ်လုပ်တဲ့တဂျီးပဲ
.....:))) ဘာပဲပြောပြော အတော်ဗဟုသုတရသဗျာ...
အပင်းလာဆို့လဲ ဆို့ပစေဗျိုး....စားခါနီး အဲ့လိုတော့ လုပ်
မနေနိုင်တော့ဘူး...စားပလိုက်မှာပဲ....:D

လသာည said...

တဂျီး တကယ်ပြောတာ တဂျီးရေးတာတွေ အများကြီး ဗဟုသုတရတယ်..

Angelhlaing(May everybody be happy and healthy! said...

အကိုရေ သူများတွေပြောနေလို့ ဘာမှမပြောပဲ ပြန်ပြီ..:):)

mstint said...

ဒီဘလော့ဂ်မှာ ပို့စ်တော်တော်များများဝင်ဖတ်ဖူးတယ် အဓိက ဇာတ်ကောင်ကတော့ သူကြီးမင်းပေါ့နော် တုံးဖလားသူကြီးမင်းမို့ထင်တယ်း)
ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

သကြီး မင်းရေ

မန်းမှုတ်ထားတဲ့ အသားဟင်းတော့ ကြောက်သွားပြီ အဟဲ စုန်းမ ဆို ကြောက် ကြောက် ဆက်ရန်လေး လည်း မျှော်နေမယ်နော်


ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

စုန်းမတောင် လက်လန်တဲ့ ဦးဇင်းလေးပါလားး)
ဒါနဲ့ သစ်ခေါင်းထဲက ရှဉ့်နီလေး အပြင်ထွက်လာဖို့ မီးခိုးမှိုင်းတိုက်ရင်ရမလား သူဂျီး
စုန်းမနဲ့ ပတ်သက်တဲ့ ဗဟုသုတတော့ အတော်ရသွားပြီ။ တစ်ချို့တွေရှိသေးရဲက ဗိုက်ထဲနေ ဆံပင်ချည်အထွေးလိုက် ထွက်လာတာ ငါးအကောင်လိုက် ထွက်လာတာတွေ။ ထူးတော့ထူးဆန်းတယ် သူဂျီး
ဘယ်လိုများ လုပ်တယ် မသိ.. လောကကြီးကလည်း အံ့သြစရာပါဘဲ

flowerpoem said...

မှတ်သားစရာတွေ အများကြီးရပါတယ်ရှင်. .

နေ၀သန် said...

း)... ဖတ်ရင်းနဲ့ တမေ့တမောကိုဖြစ်လို့.. ပုံပြောကောင်းတဲ့ တဂျီး..း))


ခင်မင်လျက်
နေ၀ဿန်

ဟန်ကြည် said...

အရင်တုန်းကတော့ စုန်းမတွေ၊ ပညာသည်တွေနဲ့ပတ်သက်တဲ့ပုံပြင်တွေ ကြားဖူးပါတယ်...အဘိုးတွေ လက်ကောက်ဝတ်မှာ ဆေးစက်မည်းမည်းလေးတွေ ထိုးထားတာကို စားခွက်နှိုက်ဆေးလို့ခေါ်မှန်းလည်း မှတ်ထားဖူးပါတယ်...ပုံပြင်ပြီးအောင် စောင့်ဖတ်ရတော့မှာပေါ့...ကြောင်ဖမ်းလို့ ကောင်းနေတုန်းကိုး...စကားမစပ်...အဲဒီပ၀ါရဏာပွဲမှာ နွားမွေးတဲ့ ဆရာတော်ကို ဆုံးမတဲ့ ဆရာတော်ရှိသေးရင် ဒီဘက်ဒေသကို ပင့်ချင်လိုက်တာ...ကားတ၀ီဝီ၊ ဆိုင်ကယ်တ၀ီဝီနဲ့သွားနေတဲ့ ကိုယ်တော်တွေကို ဆုံးမစေချင်လို့ဗျာ...

Myanmar Good Knowledg Co., Ltd said...

ဗဟုသုတ အပြည့်ပါပဲ။
ကျေးဇူးတင်တယ်။
သဂျီးရေ
ကျမ္မာရေးလည်း ဂရုစိုက်ပါ။

တောက်ပကြယ်စင် said...

သူကြီးမင်းရေ မင်္ဂလာပါလို့ နှုတ်ခွန်းခြွေလိုက်ပါရစေနော်...

မနေ့ည ကျိန်းစက်ခါနီးမှာ ဖတ်သေးတယ်...ဖတ်လို့ကောင်းနေတုန်းမှာပဲ...မီးက မီးကလေ...ဘတ်ခနဲ စိတ်ကောက်သွားတယ်...မခေါ်တော့ဘူးတဲ့...ဘယ်ရမှာ လည်း သူပြန်ခေါ်တဲ့အချိန်...ပြန်ဖတ်တာပေါ့...

သူကြီးမင်းကတော့ လုပ်ပြီ...ဘုန်းဘုန်းက အမဲသားကြိုက်ပါတယ်ဆိုနော်...မြင်းခွါရွက်သုပ်လည်း ကြိုက်တယ်...(မျက်စိအားကောင်းသည်ဟု အများက ပြောစမှတ်ပြုထားသောကြောင့် ဖြစ်သည်)

အစိမ်းရောင် ပြောသလိုပဲ...အဲဒီလိုလေး ကြားဖူးတယ်ပေါ့နော်...ပြောပြရမှာလား...ပြောပြလိုက်ပါမယ်လေ...တောက ဘုန်းကြီးတစ်ပါး...ရန်ကုန်မြို့ဆေးတက်ကုတော့...ဗိုက်ထဲမှာ...ဓားတွေ၊ မှန်ကွဲတွေတွေ့တယ်တဲ့ သူဂျီးမင်း...(ပြောနေရင်းနဲ့ ကြက်သီးမွေးညင်း အနည်းငယ် ထောင်တက်လာကြသည်၊ သူဂျီးမင်းကော မကြောက်ဘူးလားလို့ စိတ်ထဲက တိုးတိုးလေး မေးမိသေးသည်)

စာရှည်သွားပြီ (စာရှည်သွားတာကို ခွင့်လွှတ်လိမ့်မည်ဟု စိတ်ထဲက တွေးနေမိသည်)

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်း အေးမြပါစေနော့...

တောက်ပကြယ်စင် said...

သူဂျီးမင်းရေ မင်္ဂလာပါ။

မနေ့က ဖတ်ပြီးသွားပြီ ဖတ်လို့ကောင်းနေတုန်း မီးကလေ ဘတ်ခနဲဆို မခေါ်တော့ဘူး စိတ်ကောက်နေပြီတဲ့ အဲဒါနဲ့ ဘယ်ရမှာလည်း ဒီနေ့ထပ်ဖတ်တာပေါ့။

သူကြီးမင်းကတော့ လုပ်ပြီနော်။ အမဲသားကြိုက်ပါတယ်ဆိုနေမှ။ မြင်းခွါရွက်သုပ်လည်း ကြိုက်တယ်။ (မျက်စိအားကောင်းတယ်ဆိုပြီး ပြောစမှတ်ပြုကြလို့လေ)

အစိမ်းရောင်ပြောတဲ့ပုံစံမျိုးလည်း ကြားဖူးတယ်။ စုန်းမဆိုလို့လ။ ဦးဇင်းတစ်ပါး မြို့တက်ပြီး ဗိုက်ခွဲတော့ ဗိုက်ထဲမှာ ဓားတွေ၊ မှန်ကွဲတွေ တွေ့နေရတယ်။ ဟင့်...ပြောရင်းနဲ့ ကြက်သီးမွေးညှင်းတွေ ထထောင်လာတယ်။ (လူကြီးမင်းကော ကြောက်တတ်သလားလို့ စိတ်ထဲက မေးမိသေးသည်)။

စာရှည်သွားပီ၊ လစ်မှ...
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

ချစ်ခြင်းအလင်္ကာ said...

လွယ်ပါတယ်.သူကြီးရဲ့..
မီးခိုးမှိုင်းတိုက်လိုက်ပေါ့..
ဖုတ်ကနဲ့ပြုတ်ကျလာမှာပေါ့ဗျ..

ဖတ်ရတာဆန့်တငံ့ငံ့ကြီးနဲ့...

း)
ခင်တဲ့
ချစ်ခြင်းအလကာင်္

ခွန် said...

မြင်းခွါရွက်သုပ်ကနေ အဲဒီလိုကြီးပြောင်းသွားတာ
မျက်စိထဲမြင်ယောင်ပြီး ကြက်သီးတောင်ထတယ်...
ကြောက်စရာကြီး....:(

Anonymous said...

တယ်ဂျီးပြောသောပုံပြင်ကို တခုတ်တရလာဖတ်သွားပါ တယ်တယ်ဂျီး
ကျန်းမာပျော်ရွှင်ပါစေ

မောင်ဘကြိုင်
နေပြည်တော်မှလာသည်