Monday, 20 June 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်အလယ်)


"သူကြီးမင်း.. မနေ့က ကြောင်ဖမ်းဆရာတော် ပုံပြင် မဆုံးသေးဘူးနော်"

"အင်း... သိပါတယ်။ ဒါပေမဲ့ ကြောင်ဖမ်းဆရာတော်ထက် မင်းပြောတဲ့ ၀ိနည်းတတ် ကြက်သတ်ဆိုတဲ့ စကားပုံလေးကို ငါ ပိုစိတ်ဝင်စားတယ်။ အဲဒီ စကားပုံနဲ့ နီးစပ်တဲ့ ပုံပြင်လေးကို အရင်ပြောပြမယ်"

"သူကြီးမင်း သဘောပါဘဲ"

တစ်ခါက ရွာတစ်ရွာမှာ ဘုန်းတော်ကြီးတစ်ပါး ကျောင်းထိုင်သတဲ့။ ကျောင်းထိုင်ပြီး သုံးလေးနှစ် ကုန်တာ ကုန်သွားတယ်၊ အသားဟင်းကောင်းကောင်း တစ်ခါမှ မဘုဉ်ပေးရရှာဘူးတဲ့။ ဒေသထွက် အသီးအရွက်ဟင်းတွေကိုသာ နေ့စဉ် ဘုဉ်းပေးနေရသတဲ့။ ရာသီပွဲ၊ မင်္ဂလာပွဲ၊ ရှင်ပြုပွဲစတဲ့ ပွဲလေးတွေ ရှိမှ အသားဟင်း ကောင်းကောင်း ဘုဉ်းပေးခွင့်ရသတဲ့။ ကျန်တဲ့ ရက်တွေမှာ ထုံးစံအတိုင်း နွေ မိုး ဆောင်း ရာသီအလိုက် ချဉ်ပေါင်ဟင်း၊ မျှစ်ဟင်း၊ စရစ်ဟင်း၊ မုန့်ညှင်းဟင်း၊ ကင်မွန်းချဉ်ဟင်း၊ ဆူးပုပ်ရွက်ဟင်း၊ ဗူးသီးဟင်းစတဲ့ အသီးအရွက်တွေသာ ဆွမ်းစားပွဲပေါ် နေရာယူလေ့ရှိသတဲ့။ အသီးအရွက်ချည်း စားရတာ များလာတဲ့အတွက် ဘုန်းတော်ကြီးလဲ စိတ်ညစ်ညစ်နဲ့ ကဗျာတစ်ပုဒ် စပ်ပြီး ဒကာဒကာမတွေ မြင်သာလောက်တဲ့ ကျောင်းနံရံတစ်ခုမှာ ကပ်ထားလိုက်သတဲ့။

နွေမှာ စရစ်
မိုးမှာ မျှစ်
ဆောင်းမှာ မုန့်ညှင်း
ဘုန်းကြီးပျင်း၏


အဲဒီလို ကဗျာစပ်ထား၊ ကပ်ထားပေမဲ့လဲ ရွာထဲမှာမှ အသားဟင်းငါးဟင်း ရောင်းတဲ့သူ မရှိတာ ဘယ်တတ်နိုင်မလဲ။ ဘုန်းကြီး ပျင်းရင်လဲ ပျင်းပေါ့။ ဆွမ်းဟင်းခွက်တွေကတော့ မပြောင်းလဲပါဘူး။ ထုံးစံအတိုင်း အသီးအရွက်ဟင်းတွေ ချည်းဘဲပေါ့။

တစ်နေ့ ညနေခင်းမှာ အဲဒီ ဘုန်းတော်ကြီးဟာ ပုတီးစိပ်ပြီး ကျောင်းဝင်း တစ်ပတ် လမ်းလျှောက်သွားတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ပုတီးလဲ စိပ်ပြီးသား၊ ကျန်းမာရေးအတွက် လမ်းလဲ လျှောက်ပြီးသား။ ပုတီးစိပ်တယ်ဆိုပေမဲ့လဲ ပုထုဇဉ်ပီပီ သမာဓိကို အရမ်း ထူထောင်လို့ မရနိုင်ဘူးပေါ့။ ဟိုနား ချောက် ချောက် ဆို ဖျတ်ကနဲ လှည့်ကြည့်လိုက်၊ ဒီနား ဖတ် ဖတ်ကို လှမ်းကြည့်လိုက်နဲ့ ကျောင်းရဲ့ အနောက်တောင်ဒေါင့်က မန်ကျည်းပင်ကြီးအောက် ရောက်လာတယ်။ မန်းကျည်းကိုင်းလှုပ်သံ ကြားရလို့ မန်းကျည်းပင်ပေါ် မော့ကြည့်လိုက်တဲ့အခါ မန်းကျည်းကိုင်း တစ်ခုပေါ်မှာ တွယ်ကပ်နေတဲ့ ဖွတ်တစ်ကောင်ကို ဘုန်းတော်ကြီး မြင်တွေ့သွားတယ်။

ပုတီးကို မေ့သွားပြီး.. ဟာ ဟန်ကျလိုက်တာ၊ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲလာတာဘဲ ဆိုပြီး ဘုန်းတော်ကြီး ဖွတ်သားဟင်း စားချင်စိတ် ပေါက်လာရော။ ဒါပေမဲ့ ချက်ချင်းဘဲ ပြန်စဉ်းစားလိုက်မိပြန်တယ်။ အာ... မဖြစ်သေးပါဘူး။ ငါက ဘုန်းကြီးဆိုတော့ သတ္တ၀ါတွေရဲ့ အသက်ကို မသတ်တာဘဲ ကောင်းပါတယ်။ ငါ ဘယ်လို ကြံရပါ့မလဲဆိုပြီး စဉ်းစားခန်း ထုတ်နေတော့တာပေါ့။ အဲဒီ အချိန်မှာ ဘုန်းကြီးကျောင်းသား တစ်ယောက်ကို လှမ်းမြင်လိုက်လို့ အဲဒီ ကျောင်းသားကို ခေါ်ယူလိုက်သတဲ့။

"ဟဲ့.. မောင်ကျောင်းသား။ ဒီ မန်ကျည်းပင်ကြီးမှာ မန်ကျည်းကိုင်း ဘယ်နှစ်ကိုင်း ရှိလဲ ရေတွက်ကြည့်စမ်း"

"တင်ပါ့။ တစ်ကိုင်း... နှစ်ကိုင်း... သုံးကိုင်း.... (ပ) ဆယ့်လေးကိုင်း.. ဆယ့်ငါးကိုင်း။ စုစုပေါင်း ဆယ့်ငါးကိုင်း တိတိ ရှိပါတယ် ဘုရား"

"မဟုတ်သေးပါဘူး။ ထပ် ရေတွက်စမ်းပါဦး"

"တစ်ကိုင်း....(ပ) ဆယ့်ငါးကိုင်း။ ဆယ့်ငါးကိုင်း တိတိဘဲ ရှိပါတယ် ဘုရား"

"မင်း နဲနဲ လွဲနေသေးတယ်။ ထပ်ရေတွက် စမ်းပါဦး"

"တစ်ကိုင်း....(ပ) ဆယ့်ငါးကိုင်း။ မှန်လှပါ။ ဆယ့်ငါးကိုင်း တိတိဘဲ ရှိပါတယ် ဘုရား"

"အော်.. မင်းက သေချာလဲ မရေတွက် တတ်ဘဲကိုး။ သေချာကြည့် ငါရေတွက်ပြမယ်။ တစ်ကိုင်း... နှစ်ကိုင်း... (ပ) ဆယ့်လေးကိုင်း ပြီးတော့ ဖွတ်ကိုင်း"

အဲဒီတော့မှ ကျောင်းသားလဲ မန်ကျည်းကိုင်းတစ်ခုပေါ် တွယ်ကပ်နေတဲ့ ဖွတ်ကို မြင်တွေ့သွားတယ်။

"ဘုန်းကြီး... ဖွတ်ကြီးက အကြီးကြီးဘဲ ဘုရား"

"အေး... ဟုတ်လား။ ဒါဖြင့် မင်း အဲဒီ ဖွတ်ကို မသတ်လိုက်နဲ့နော်"

"တင်ပါ့ဘုရား"

ကျောင်းသားကလဲ တင်ပါ့ဘုရားသာ လျှောက်လိုက်ရတယ်။ ဘုန်းကြီးက ပရိယာယ်နဲ့ ခိုင်းနေမှန်း သဘောပေါက်တယ်။ ဒါက သွေးရိုးသားရိုး မန်ကျည်းကိုင်းကို ရေတွက်ခိုင်းတာမှ မဟုတ်ဘဲလေ။ ဒါနဲ့ ကျောင်းသားလဲ အဲဒီ ဖွတ်ကို ဘုန်းတော်ကြီး ကျောင်းပေါ် ပြန်ကြွကြွချင်း မန်ကျည်းပင်ပေါ်တက်ပြီး သတ်ပစ်လိုက်တယ်။ တပည့်လိမ္မာတော့ ဆရာ အာပတ်လွတ်တာပေါ့။ ကျောင်းသားလဲ ကျောင်းပေါ် တက်ပြီး ဘုန်းတော်ကြီးကို သွားလျှောက်လိုက်တယ်။

"ဘုန်းကြီး။ တပည့်တော် ခုနက ဖွတ်ကို သတ်လိုက်မိပြီဘုရား"

"ဟေ.. ဟုတ်လား။ မင်း တော်တော် မိုက်မဲတာဘဲ။ ဘာဖြစ်လို့ သတ်လိုက်ရတာလဲ။ သနားပါတယ်။ အေးလေ ခုမှတော့ ဘယ်တတ်နိုင်တော့မလဲ။ ဒါပေမဲ့ မင်း အဲဒီ ဖွတ်ကို ဖွတ်သားဟင်း မချက်လိုက်နဲ့နော်"

"တင်ပါ့ဘုရား"

"ကျောင်းသားက သဘော လုံးဝ ပေါက်သွားတယ်။ ဘုန်းကြီး ဖွတ်သားဟင်း စားချင်နေမှန်း ကောင်းကောင်း သိသွားတယ်။ ဒါကြောင့် ဖွတ်သားဟင်းကို ကျကျနန ချက်ပြုတ်လိုက်တယ်။ အဲဒီလို ချက်ပြုတ်နေရင်း မီးဖိုနား ဘုန်းတော်ကြီး ရောက်ရှိလာတယ်။

"မောင်ကျောင်းသား။ ဘာလုပ်နေလဲ"

"ခွင့်လွတ်ပါဘုရား။ ဘုန်းကြီး တားမြစ်တဲ့ ကြားထဲက တပည့်တော် ဖွတ်သားဟင်း ချက်လိုက်မိပြီ ဘုရား"

"တယ်လဲ မိုက်လုံး ကြီးလှသကိုး။ ကဲ ကဲ ချက်ပြီးမှတော့ ဘယ်တတ်နိုင်တော့မလဲ။ ဒါပေမဲ့ မနက်ဖန် အဲဒီ ဖွတ်သားဟင်းကို ငါ့ဆွမ်းဝိုင်းပေါ် လုံးဝ မတင်နဲ့နော်။ ကြားလား"

"တင်ပါ့ဘုရား"

"အဲဒီလို ဘုန်းတော်ကြီးနဲ့ ကျောင်းသား အတိုင်အဖောက် ညီညီ ဖွတ်သားဟင်း တစ်ခွက်အတွက် ရတက်များကြရောပေါ့ကွာ။ ပေါက်ကျော်ရေ.. မင်းလဲ သေချာ မှတ်ထားဦးနော်။ တို့ တုံးဖလား ရွာဦးကျောင်း ဆရာတော်လဲ မင့်ကို ခေါ်ပြီး မန်ကျည်းကိုင်း ရေတွက်ခိုင်းချင် ခိုင်းနေဦးမှာ"

"ဟုတ်ကဲ့ပါ သူကြီးမင်း။ ဒါပေမဲ့ တစ်ခု မရှင်းလို့။ အဲဒီလို သတ်ချင်စိတ် ရှိရဲ့သားနဲ့ စကားလှီးလွဲပြီး ပရိယာယ်နဲ့ ခိုင်းရင်ကော ဘုန်းတော်ကြီးမှာ အာပတ်မသင့်ဘူးလား"

"မင်း တိုးတက်လာပြီ။ မေးခွန်းကောင်းကောင်း မေးတတ်နေပြီ။ ငါပြောပြမယ် မောင်ပေါက်ကျော်ရေ။ (မနောဒွါရေ အာပတ္တိနာမ နတ္ထိ) စိတ်နဲ့ပြစ်မှားကျူးလွန်လို့ အာပတ်သင့်တယ်ဆိုတာ လုံးဝ မရှိပါဘူးတဲ့။ အဲဒါ ငါ့ပါးစပ်ဖြစ် ပါဠိမဟုတ်ဘူးနော်။ ၀ိနည်းကျမ်းဂန်ထဲက တိုက်ရိုက်လာတာ။ ဘုန်းကြီးက စိတ်ထဲက ဖွတ်ကို သတ်ပြီး ချက်ပြုတ်စားသောက်ချင်ပေမဲ့ ပါးစပ်က တိုက်ရိုက် ခိုင်းတာ မဟုတ်တော့ ၀ိနည်းကြောင်းအရတော့ အပြစ်လွတ်တာပေါ့ကွာ။ ဒါပေမဲ့ လောကအနေနဲ့ ကြည့်ရင်တော့ ပယောဂပါတဲ့အတွက် အပြစ်မလွတ်ဘူးပေါ့။ ကာယကံမြောက် ၀စီကံမြောက် တိုက်ရိုက်ကျူးလွန်မှဘဲ ၀ိနည်းကြောင်းအရ အပြစ်ရှိတာပါ"

"ရှုပ်တော့ ခပ်ရှုပ်ရှုပ်ဘဲနော် သူကြီးမင်း"

"မရှုပ်ပါဘူးကွာ။ နားလည်ရင် လွယ်လွယ်လေးပါ။ အင်္ဂလိပ်စာမှာတောင် loophole ဆိုတဲ့ စကားလုံး ရှိသေးတာဘဲ။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး တရားဝင် ရှောင်ရှားတဲ့သဘောပေါ့။ ဥပမာ။ မင့်ကို ပြောပြမယ်။ ရဟန်းဆိုတာ သစ်သီးကို ကိုယ်တိုင် ခွဲမစားကောင်းဘူး။ တစ်ခြားသူကိုလဲ မခွဲခိုင်းကောင်းဘူး။ သစ်သီးဆိုတာကတော့ အသီးထဲမှာ မျိုးစေ့ရှိတဲ့ အသီးကိုဘဲ ဆိုလိုတာပါ။ ဥပမာ အုန်းသီးဆိုပါစို့။ ရဟန်းတစ်ပါးက အုန်းသီးကို စားချင်ရင် ဟေ့ ကျောင်းသား.. အဲဒီ အုန်းသီးသွားခွဲချေ လို့ မပြောရဘူး။ အဲဒီလို ပြောရင် မအပ်စပ်ဘူး"

"ဒါဖြင့် ဘယ်လို ပြောမှ အပ်စပ်မှာလဲ သူကြီးမင်း"

"အင်း.. ပြောမယ်လေ။ မလောပါနဲ့။ ငါလဲ ၀ိနည်းကြောင်းဆိုတော့ စဉ်းစဉ်းစားစား ပြောနေရတာ။ မှားသွားရင် ကျမ်းဂန်စူးမှာ ကြောက်ရတယ်။ အပ်စပ်အောင် ဒီလို ပြောရမယ်။ ဟေ့ ကျောင်းသား.. အုန်းသီးကို ကပ္ပိစမ်း... အဲဒီလို ပြောရတယ်"

"ဒါနဲ့.. အဲဒီ ကပ္ပိဆိုတာက ဘာကြီးလဲ သူကြီးမင်း"

"ဘာဟုတ်ရမှာလဲကွ။ ပါဠိစာလုံးကြီးပေါ့"

"အဓိပ္ပါယ်ကကော ဘယ်လိုထွက်လဲ သူကြီးမင်း"

"ကပ္ပိဆိုတာ အပ်စပ်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ပြီးတော့ အပ်စပ်အောင် လုပ်ပေးတဲ့သူကို ကပ္ပိယလို့ ခေါ်တယ်။ ဆိုလိုတာက ဒီလိုကွ။ ရဟန်းက အုန်းသီးကို ညွန်ပြပြီး ကျောင်းသားကို ကပ္ပိယံ ကရောဟိ (အပ်စပ်အောင် လုပ်လော့) လို့ ပြောရတယ်။ ကျောင်းသားကလဲ ကပ္ပိယံ ဘန္တေ (အပ်စပ်အောင် လုပ်ပြီးပါပြီ)လို့ ပြောလဲပြော အုန်းသီးကိုလဲ ဓါးနဲ့ ခွဲရတယ်။ အဲဒါဆိုရင် ရဟန်းအတွက် အပ်စပ်သွားပြီ။ ဘုဉ်းပေးလို့ ရသွားပြီ"

"ဒါဖြင့် စကားလုံး အသုံးအနှုန်းလိမ္မာရင် အာပတ်က လွတ်နိုင်တာပေါ့နော်"

"အင်း.. အဲဒီ သဘောပါဘဲ။ မင်းပြောတဲ့ ၀ိနည်းတတ် ကြက်သတ်ဆိုတာလဲ အဲဒီ သဘောဘဲပေါ့။ ဒါပေမဲ့ သိက္ခာပုဒ်တိုင်းကိုတော့ အဲဒီနည်းနဲ့ ရှောင်လွဲလို့ မရနိုင်ပါဘူး။ တစ်ချို့ သိက္ခာပုဒ်မှဘဲ အဲဒီနည်းနဲ့ ရှောင်လွဲလို့ ရတာပါ"

"ထူးဆန်းပါဘိ ဆတွတ်ရယ်... အဲ သူကြီးမင်းရယ်"

"မထူးဆန်းနဲ့ မောင်ပေါက်ကျော်။ သောတာပန်ဖြစ်ပြီးတဲ့ ဗိမ္ဗိသာရမင်းကြီးတောင် စကားပရိယာယ်နဲ့ ရန်သူကို နှိမ်နှင်းခဲ့သေးတာဘဲ"

"ဘယ်လို သူကြီးမင်း"

"ဒီလိုလေကွာ။ သောတာပန်ပုဂ္ဂိုလ်ဆိုတာ အရိယာစစ်စစ် ပေါ့။ အသက်သာ အသေခံမယ်။ ငါးပါးသီလကို ဘယ်လိုမှ မကျူးလွန်တော့ဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူအုပ်ချုပ်နေတဲ့ ရာဇဂြိုဟ်ပြည် နယ်စွန်နယ်ဖျားမှာ သူပုန်ထပါလေရော။ ရန်သူတွေကို သတ်ဖြတ်ဖို့ အမိန့်လဲ ပေးလို့မဖြစ်၊ မင်းကျင့်တရားနဲ့အညီ တိုင်းသူ ပြည်သားတွေကိုလဲ ကာကွယ်ပေးရမှာဆိုတော့ စကားပရိယာယ် လှလှလေးဘဲ သူ သုံးနှုန်းခဲ့တယ်"

"ဘယ်လို သုံးနှုန်းခဲ့တာလဲ သူကြီးမင်း"

"စစ်သူကြီးကို ခေါ်ပြီး.. အမောင်စစ်သူကြီး နယ်စပ်မှာ မငြိမ်းမချမ်းဖြစ်နေတယ်လို့ ကြားတယ်။ ငြိမ်းချမ်းရေး သွားဖော်ဆောင်လော့.. လို့ ပြောလိုက်တယ်တဲ့"

"လေးစားစရာကောင်းလှတဲ့ ဘုရင်ကြီးဘဲ"

"လေးစားစရာကောင်းဆို သူက အရိယာစစ်စစ်ကြီးကိုးကွ"

"ဒါနဲ့ သူကြီးမင်း။ ခုနက ရဟန်းတော်တွေ အပြစ်သင့်တဲ့ အာပတ်အကြောင်း နဲနဲ ပြန်ပြောပြပေးပါလား"

"အေး ပြောပြမယ်လေ။ မင်းက ဘာကို သိချင်လို့လဲ"

"ဒီလိုပါ သူကြီးမင်း။ အဲဒီ အာပတ်တွေမှာ အသေး အကြီး ရှိသလား သိချင်လို့ပါ"

"မင်းမေးတာ ကောင်းတယ်။ အစိုးရ ဥပဒေမှာတောင် သေဒဏ်တို့ တစ်သက်တစ်ကျွန်းတို့ ထောင်ဒဏ် ၁၀ နှစ်တို့ ထောင်ဒဏ် ၆ လ တို့ ရှိသေးတာဘဲ။ ရဟန်းတော်တွေရဲ့ ၀ိနည်းဥပဒေမှာလဲ အာပတ် အကြီးအသေး ရှိတာပေါ့။ မင်းသေချာ မှတ်ထားနော်။ ငါပြောပြမယ်"

"ဟုတ်ကဲ့ သူကြီးမင်း"

"၀ိနည်းသိက္ခာပုဒ်တွေ အများအပြားရှိပေမဲ့ တူရာတူရာ ပေါင်းလိုက်တော့ အာပတ်အမျိုးအစားက ၇ မျိုးဘဲ ရှိတယ်။ အဲဒီ ၇ မျိုးကို အာပတ်အကြီးဆုံးကစပြီး အသေးဆုံးအထိ အစဉ်အတိုင်း မင်းကို ပြောပြမယ်...
၁။ ပါရာဇိကအာပတ်
၂။သံဃာဒိသိသ်အာပတ်
၃။ထုလ္လစ္စယအာပတ်
၎။ပါစိတ်အာပတ်
၅။ပါဋိဒေသနီအာပတ်
၆။ဒုက္ကဋ်အာပတ်
၇။ဒုဗ္ဘာသီအာပတ်"

"သူကြီးမင်းက ဒါတွေလဲ သိတာဘဲနော်"

"သိဆို ငါက သူကြီးမင်းလေကွာ။ လူ့ဥပဒေ ရဟန်းဥပဒေ အကုန်လေ့လာထားရတာပေါ့။ ဒါမှ အရေးနဲ့ဆို တရားစီရင်လို့ ရမှာလေကွာ။ အဲဒီ အာပတ်အမျိုးအစား ၇ မျိုးကို ရဟန်းတော်တွေကတော့ အာပတ် ၇ ပုံ လို့ သုံးနှုန်းကြတယ်။ အဲဒီ အထဲက ပထမဖြစ်တဲ့ ပါရာဇိက အာပတ် ကျူးလွန်မိတဲ့ ရဟန်းကတော့ တစ်ခါထဲနဲ့ ရဟန်းဘ၀က လျောကျသွားရတယ်။ လူထွက်ရုံဘဲပေါ့။ ရဟန်းဘ၀နဲ့ နေလို့ မရတော့ဘူး။ နေရင် အပါယ်သွားရလောက်အောင် အပြစ်ပိုကြီးတယ်။ ဥပမာ သေဒဏ်ကျခံရသလိုပေါ့။ နောက် ဥပမာတစ်ခုကတော့ အေအိုင်ဒီအက်စ် ရောဂါလိုပေါ့။ ပြန်ကုသလို့ မရတော့ဘူး"

"ဒါဖြင့် ကျန်တဲ့ အာပတ်တွေ သင့်ရင်ရော သူကြီးမင်း"

"ကျန်တဲ့ အာပတ်တွေကတော့ ကုစားလို့ ရပါတယ်။ အာပတ်အကြီးအသေးအလိုက်တော့ ကုစားနည်း ကွာတာပေါ့"

"ဒါဖြင့် အဲဒီ ပါရာဇိကအာပတ်ဆိုတာက ဘယ်လိုလုပ်မှ အာပတ်သင့်တာလဲ"

"မေထုန်မှု၊ ခိုးမှု၊ လူသတ်မှု၊ ဈာန်မဂ်ဖိုလ်မရဘဲ ဈာန်မဂ်ဖိုလ်ရတယ်လို့ လိမ်လည်မှုဆိုပြီး ပါရာဇိက အမှုက လေးမှုဘဲ ရှိပါတယ်။ အဲဒီ အမှုလေးမှုထဲက တစ်ခုခုကို ကျူးလွန်ရင် ပါရာဇိက အာပတ်သင့်တာပေါ့"

"ဒါဖြင့် ညနေစာ ထမင်းစားတာတို့ အရက်သောက်တာတို့ကော ပါရာဇိက မကျဘူးလား သူကြီးမင်း"

"ဘယ်ကလာ ပါရာဇိက ကျရမှာလဲ။ ပါစိတ်အာပတ်ဘဲ သင့်တယ်။ ပါစိတ်အာပတ်ဆိုတာ အလယ်အလတ် အာပတ်ပေါ့။ ရဟန်းအချင်းချင်း ၀န်ခံပြီး အာပတ်ဖြေ(ကုစား) လို့ ရတယ်။ သိပ် အခက်ကြီး မဟုတ်ဘူး။ ဒါပေမဲ့ မကျူးလွန်ရင်တော့ အကောင်းဆုံးပေါ့"

"သိပါဘူး ကျနော်က ညနေစာစားရင် အရက်သောက်ရင် ပါရာဇိက ကျတယ် ထင်နေတာ"

"အင်း.. အဲဒါက လူတွေရဲ့ Concept တစ်မျိုးပေါ့ကွာ။ သူတို့က အဲဒီလို သတ်မှတ်ချင် သတ်မှတ်ကြမှာပေါ့။ ဒါပေမဲ့ အမှန်က ညနေစာစားတာ၊ အရက်သောက်တာ၊ သီချင်းဆိုတာ၊ ဗီဒီယိုကြည့်တာ၊ မြေကြီးတူးတာ စတဲ့ ကျူးလွန်မှုတွေဟာ ရဟန်းတွေအတွက်တော့ အပြစ်အတူတူတွေပါဘဲ"

"တော်သေးတယ်။ အထင်မှားကုန်တော့မလို့။ သူကြီးမင်းနဲ့ တွေ့မှဘဲ အမှန်ကို သိခွင့်ရတော့တယ်"

"ဒါကလဲ မှားတတ်ပါတယ်။ ပဉ္စမသံဂါယနာတင် ဘ၀ရှင်မင်းတုန်းမင်းတရားကြီးတောင်မှ အဲဒီ Concept မျိုး ရှိခဲ့ပုံပေါ်တယ်"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"ဘာဖြစ်လို့လဲ ဆိုတော့ သူကိုယ်တိုင် အဲဒီခေတ်က နာမည်ကြီး ဆရာတော်တစ်ပါးကို လျောက်ခဲ့ဖူးတယ်တဲ့"

"ဘယ်လို လျောက်ခဲ့တာလဲ သူကြီးမင်း"

"အရှင်ဘုရားတို့ ရဟန်းတော်တွေကို မိန်းမမယူဘဲ ရှောင်ကြဉ်နိုင်တာနှင့် ညနေစာ မစားဘဲ ရှောင်ကြဉ်နိုင်တာနဲ့တင် တပည့်တော် ကြည်ညိုလှပါပြီ တဲ့"

"ဒါကတော့ အဲဒီ နှစ်ခုလုံးက သူ့သည်းခြေကြိုက်တွေကိုး။ သူ့အကြိုက်ကို ရှောင်ကြဉ်နိုင်တဲ့ ရဟန်းတော်တွေကို ကြည်ညိုမှာပေါ့"

"မင်းကတော့ ပြောရော့မယ်"

"ဒါနဲ့ သူကြီးမင်း... အာပတ်ဆိုတာ ဘာကို ပြောတာလဲ"

"အာပတ်ဆိုတာ အာပတ္တိဆိုတဲ့ ပါဠိစကားလုံးက ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ ရောက်ခြင်း တဲ့။ ဘာတွေကို ရောက်သလဲ ဆိုရင် ဥပမာ ပါရာဇိကအာပတ်ဆိုကြပါစို့။ ပါရာဇိကဆိုတာ ပါဠိစာလုံးပါ။ ဆုံးရှုံးခြင်းလို့ အနက်အဓိပ္ပါယ်ထွက်တယ်။ ဘာတွေ ဆုံးရှုံးတာလဲ ဆိုရင် သာသနာတော်မှ ဆုံးရှုံးတာ တဲ့။ ဒါကြောင့် ပါရာဇိကအာပတ်ဆိုတာ သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမဲ့ လွယ်လင့်သကူဘဲ ပါရာဇိကအာပတ်သင့်တယ်။ ပါရာဇိကကျတယ်။ အဲဒီလိုဘဲ သုံးနှုန်းကြပါတယ်"

"သူကြီးမင်းနဲ့တွေ့မှဘဲ ရှင်းရှင်းလင်းလင်း သိခွင့်ရတော့တယ်။ ဒါနဲ့ ကျန်တဲ့ အာပတ် ၆ ပါးလဲ သူ့အဓိပ္ပါယ်နဲ့ သူ ရှိမှာပေါ့နော်။ ကျနော် သိချင်လိုက်တာ"

"မောင်ပေါက်ကျော်ရေ့... ငါက ပုံပြင်ပြောပြနေတာကွ။ မင့်ကို ၀ိနည်းစာဝါ ချပေးနေတာ မဟုတ်ဘူး။ အသေးစိပ် သိချင်ရင်တော့ ရွာဦးကျောင်း ဆရာတော်ဆီ သွားပြီးသာ မေးမြန်းပေတော့"

"ဟုတ်ပါပြီ သူကြီးမင်း။ ဒါနဲ့.. ဟို ပုံပြင်ထဲက ဖွတ်သားဟင်း ဘုဉ်းပေးချင်တဲ့ ဘုန်းတော်ကြီးကတော့ နောက်တစ်နေ့မှာ ဖွတ်သား ဆီပြန်ဟင်းကို အားရပါးရ ဘုဉ်းပေးရမှာပေါ့နော်"

"မဘုဉ်းပေးလိုက်ရဘူး"

"ဟင်..... ဘယ်လို ဖြစ်သွားလို့လဲ သူကြီးမင်း။ ကြောင်ခိုးစားသွားလို့လား"

"ဘယ်ကလာ ကြောင်ခိုးစားရမှာလဲ။ ဘုန်းကြီးကျောင်းသား ပညာပြလိုက်တာလေကွာ"

"ဘယ်လို ဘယ်လို သူကြီးမင်း"

"ဒီလိုကွာ။ နောက်တစ်နေ့ ဆွမ်းစားချိန်ရောက်တော့ ဘုန်းတော်ကြီးလဲ ဖွတ်သားဟင်း စားရပြီ အထင်နဲ့ ဆွမ်းဝိုင်းကို ရောက်လာတယ်။ ဒါပေမဲ့ ဆွမ်းဝိုင်းပေါ်မှာ ဖွတ်သားဟင်းကို မတွေ့ရဘူး။ သူ့စိတ်ထဲကတော့ မောင်ကျောင်းသား ဖွတ်သားဟင်း နွေးထားတာ မပူသေးလို့ လာမကပ်သေးတာ ထင်တယ်ဆိုပြီး ရှိတဲ့ အသီးအရွက်ဟင်းလေးတွေနဲ့ဘဲ ဘုဉ်းပေးရင်း စောင့်မျှော်နေသတဲ့။ ဘုဉ်းပေးလို့ ပြီးခါနီးထိ ဖွတ်သားဟင်းက မရောက်လာတော့ ဘုန်းတော်ကြီးလဲ စိတ် မထိန်းနိုင်တော့ဘဲ ကျောင်းသားကို ခေါ်မေးလိုက်တော့သတဲ့"

"မောင်ကျောင်းသား။ မနေ့က မင်းချက်ထားတဲ့ ဖွတ်သားဟင်းက ဘယ်မှာလဲ။ ယူခဲ့လေကွာ"

"မရှိတော့ဘူး ဘုရား။ တပည့်တော် အကုန်လုံး စားလိုက်ပြီ"

"ဟေ.. မင်းက ဘာဖြစ်လို့ ငါ့ကို မကပ်ဘဲ မင်းတစ်ယောက်ထဲ အကုန်စားပစ်လိုက်ရတာလဲ"

"ဘုန်းကြီးဘဲ ပြောတယ်လေ ဘုရား။ ဖွတ်သားဟင်း ချက်ပြီးရင် ငါ့ဆွမ်းဝိုင်းပေါ် လာမတင်နဲ့ လို့"

"မင်းကွာ... ပထမ စကားတွေတုန်းကတော့ နားမထောင်ဘဲနဲ့ နောက်ဆုံးစကားမှ နားထောင်ရတယ်လို့.... တောက်.... ဟင်းးးးးးးးးးးး"

"ဘုန်းတော်ကြီးမှာ ကျောင်းသားကို စိတ်လဲဆိုး ရယ်လဲ ရယ်ချင်ဆိုတော့ ဆွမ်းစားတာကို အမြန်လက်စသတ်ပြီး သူ့ကျက်သရေဆောင်ထဲ တန်းပြီး ကြွသွားလေတော့သတဲ့"

"ဒါဖြင့် ဘုန်းတော်ကြီး အဲဒီနေ့က ဖွတ်သားဟင်း မစားလိုက်ရဘူးပေါ့"

"ဘယ် စားလိုက်ရတော့မလဲ။ ထုံးစံအတိုင်း အသီးအရွက်ဟင်းဘဲ စားလိုက်ရတော့တာပေါ့"

"သနားပါတယ်။ အတော်နောက်တဲ့ ဘုန်းကြီးကျောင်းသားဘဲ။ ဘုန်းတော်ကြီးကလဲ အသားဟင်း ဘုဉ်းပေးရမဲ့ ဘုန်းကံ မပါလာဘူး ထင်ပါရဲ့"

"ဒါလဲ ဖြစ်နိုင်တာပါဘဲ"

"တကယ်လို့ အဲဒီဘုန်းတော်ကြီးမှာ ဟင်းသီး ဟင်းရွက်တွေကို အသားဟင်း ဖြစ်အောင် မှန်းမှုတ်လို့ရတဲ့ ပညာလေး တတ်ထားရင်တော့ မဆိုးဘူးနော် သူကြီးမင်း။ ဒါဆို နေ့တိုင်း မှန်းမှုတ်ပြီး ဘုဉ်းပေးလို့ရတယ်"

"အင်း အင်း.. မင်းပြောမှဘဲ အဲဒီလို မှန်းမှုတ်ထားတဲ့ အသားဟင်းကို တစ်ဝါတွင်းလုံး ဘုဉ်းပေး သွားရရှာတဲ့ ဘုန်းတော်ကြီး တစ်ပါး အကြောင်း အမှတ်ရသွားတယ်။ ဒါပေမဲ့ ဒီနေ့တော့ အချိန်မရှိတော့ဘူး။ နောက် အခွင့်အခါ သင့်တဲ့အခါ အဲဒီအကြောင်းကို မင်းကို ပြောပြဦးမယ်"

"သူကြီးမင်းကလဲ တစ်ထောင့်တစ်ည ပုံပြင် ကျနေတာဘဲ။ မူရင်း ပုံပြင်ဖြစ်တဲ့ ကြောင်ဖမ်းဆရာတော်ပုံပြင်တောင် ဘယ်နား ရောက်သွားမှန်း မမှတ်မိတော့ဘူး"

"မင်းက အစ ဆွဲထုတ်တာကိုးကွ။ ဒါကြောင့် ငါ့ ဦးဏှောက်ထဲ ပုံပြင်တွေ အစီအရီ ပေါ်လာတာ"

"အား.. ကျွတ်... ကျွတ်.. ကျွတ်.. ထိုင်ရတာ ခါးညောင်းသွားပြီ သူကြီးမင်း ပြန်လိုက်ဦးမယ်။ အဟီး... ခါးလဲနာတယ်.. နားထောင်လဲ ကောင်းတယ်..."

"ခွေးကောင်.. ပေါက်ကျော်.... ငါ့ကိုတော့ အားမနာဘူး"


...

11 comments:

တောက်ပကြယ်စင် said...

ဖတ်လို့ကောင်းလိုက်တာ Ex-monk ရယ်။ (အဲ ဟုတ်ဖူး သူကြီးမင်းရယ်) ဖွပ်သားတော့ မစားရဲပေါင်။ လိမ်ပြီး ကပ်ရင်တော့ မပြောတတ်။ တစ်ချို့ဆို ပရစ်တောင်စားကြတယ်နော်။ စားဖို့နေနေသာသာ မြင်ရတာကိုပဲ စိတ်ထဲက တစ်မျိုးကြီးပဲ။ အသားနဲ့ ဟင်းသီးဟင်းရွက်တွေ မျှစားပေးနိုင်ရင် မဆိုးဘူး သိလား။ အိန္ဒိယမှာဆို နေ့စဉ်နှင့်အမျှ ဟင်းသီးဟင်းရွက်နဲ့ပဲ နှစ်ပါးသွားနေရတယ်။ ကြာတော့ ငြီးငွေ့လာတယ်။ မလေး၊ စင်္ကာပူရောက်လာပြန်တော့လည်း ဟင်းသီးဟင်းရွက်တွေ တောင်းတနေရပြန်တယ်။ အော် ဒါနဲ့ ငယ်ငယ်တုန်းက မြွေသားစားဖူးတယ်။ သိလား။ ပြောမှ မပြောရသေးတာ ဘယ်သိသေးမှာတုန်း။ အဲဒီတုန်းက ချစ်စရာအရွယ်ပဲ ရှိသေးတယ်။ ကိုရင်ကြီးတွေ မြွေတစ်ကောင် သတ်လိုက်ကြတယ်။ သူတို့ချက်တော့ ဘုန်းဘုန်းကို ထင်းသွားသယ်ခိုင်းတယ်။ မသယ်ဘူး၊ စားလည်းမစားဘူးပေါ့။ အဲဒါနဲ့ ချက်လည်းပြီးရော အနံ့လေးက မွှေးနေတော့ စားပစ်လိုက်တယ် (ထင်တယ်)။ စာရှည်သွားပြီ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေနော့...

ခွန် said...

သူကြီးမင်း
အခန်းဆက်တွေချည်း ရေးနေတယ်...
ကိုရီးယားကားတွေ အားကျနေပုံရတယ်။
ရေးလည်းရေးနိုင်ပါပေ့ ဒီလောက်အရှည်ကြီးကို....

SHWE ZIN U said...

သကြီးမင်း ရေ

တပုဒ် ထက် တပုဒ် ဖတ်လို့ ပိုကောင်းလာသလို ပညာလည်း ပိုပါလာတယ် ဖတ်လို့ ကောင်းလိုက်တာ ဆက်ရန်လေး ကို လည်း မြန်မြန်တင်ပေးပါဗျာ မန်းမှုတ် ပြီး အသားဟင်းစားဘို့ ဆိုတော့ အတော်စိတ်ဝင်စားသဗျ

အေးချမ်းပါစေ
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

ဖတ်လို့ကောင်းယုံတင်မဟုတ်ပဲ ဗဟုသုတလေးတွေလည်း ရသွားပေါ့။ ဆက်ပြောမယ့် ပုံပြင်လေးတွေလည်း မျှော်နေပါတယ်။
ခင်မင်လျက်
သဒ္ဓါ

ညိမ်းနိုင် said...

ဗဟုသုတရလိုက်တာတဂျီးရာ...၊ဇာတ်အလယ်ဆိုတော့
သိမ်းဖို့နီးလာဘီပေါ့နော်...၊အသားဟင်းမန်းမှုတ်ပြီး ဘုန်း
ပေးတာကိုလည်း စိတ်ဝင်စားသဗျိုး....။

မြစ်ကျိုးအင်း said...

မသိတာတွေလည်းသိရပါတယ်။ ဖတ်လို့လည်း ကောင်းတယ် သူကြီးရေ..။ အခန်းဆက်ရေးမှ စာတွေ ဆက်တိုက်ရေးဖြစ်တာ မို့လို့ သဘောကျတယ်ဗျ။

နေ၀ဿန် said...

ဒါနဲ့ သူကြီးအခု သုတေသနလုပ်နေတာ ပါဠိဘာသာနဲ့တော့ မဟုတ်ပါဘူးနော်.. :P.. အတော်နောကျေနေလို့.... :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုံပြောအတော်ကောင်းတဲ့ သူဂျီးပါလား
ဘယ်သူ့တွေကို ဒီလို ပုံတွေ အမြဲပြောနေကျလဲမသိဘူး
ဘာလဲဖြစ်ဖြစ် စောင့်ဖတ်ျေနပါတယ်သူဂျီးရေ..
အသီးအရွက်တွေကို မန်းမှုတ်ပြီး အသားဖြစ်အောင်လုပ်လို့ ဂါထာရှိရင်လည်း မျှဝေပါဦး
ဈေးမှာ သွားရောင်ြး့ပီး ပိုက်ဆံရှာမလို့း)

ကောင်းမွန်ဝင်း said...

တောက်ပကြယ်စင် ဘုန်းဘုန်းရဲ့ ကော်မန့်ကိုသဘောကျတယ်။


ဘုန်းကြီးတွေရဲ့ ဘ၀ကို ဝေဖန်မေးမြန်းပုံကလေးနဲ့ တွေနဲ့ရေးထားတာ မသိတာတွေနဲ့ မတင်မကျဖြစ်ရတာတွေကို ရှင်းသွားရတယ်။

လသာည said...

သူကြီး..
သူကြီးပိုစ်တွေဖတ်ရတာ အိမ်မှာ ဘဘတို့ ပုံပြင်ပြောသလိုမျိုး နားထောင်ကောင်း (ဖတ်ကောင်းတယ်)။ ဗဟုသုတလည်းရ၊ စိတ်လည့်းရွှင်လန်း..။
နောက်ထပ်ရေးပါဦးနော်။

flowerpoem said...

ဆက်ရန်ကို အားရပါးရမျှော်လျှက်ပါ..