Saturday, 25 June 2011

မတရားကြွေသူ (ကြော်ငြာဝင်ခြင်း)

မှတ်ချက်။

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင်သည် လွန်စွာမှ ရှည်လျားထွေပြားလှသည့်အတွက် အပိုင်းဆက် ဇာတ်လမ်းများ၏ ထုံးတမ်းစဉ်လာအတိုင်း ကြော်ငြာတစ်ခု ၀င်ရောက်လေတော့သတတ်။


"မောင်ပေါက်ကျော်"

"ခင်ဗျား.. သူကြီးမင်း"

"၀တ်ကောင်း စားလှတွေနဲ့ ဘယ်က လှည့်ဝင်လာတာလဲကွ"

"ရွာအလည်ပိုင်းက ကိုဖြိုးမောင်မိန်းမ မမြ၀င်းရဲ့ မွေးနေ့ပွဲက ပြန်လာတာ သူကြီးမင်း"

"အော်... ဒါဆိုတော့ မင်းးဗိုက် ခွေးနမ်းမဲ့ ကိန်းဆိုက်နေပြီပေါ့လေ"

"ဟဲ ဟဲ သိပ်မစားခဲ့ဘူး သူကြီးမင်း။ သူကြီးမင်းအိမ်က တိုက်မဲ့ ကော်ဖီ တစ်ခွက်စာလောက်တော့ ဗိုက်ထဲ နေရာ ချန်ထားပါသေးတယ်"

"မင်းကတော့ သောက်မယ်ဆိုတာချည်းဘဲ။ ကဲပါ။ အိမ်ပေါ်တက် ကော်ဖီသောက်ရင်း စကားပြောကြတာပေါ့"

"ဒါနဲ့ သူကြီးမင်း၊ မမြ၀င်းက တော်တော်လေးကို ချောတယ်နော်""

"ချောဆို.. သူက အပျိုဘ၀တုန်းက တုံးဖလားရွာရဲ့ ကွမ်းတောင်ကိုင်လေ"

"အော်.. ဒါကြောင့် ဒီလောက် ချောနေတာကိုး"

"သူ ချောလွန်း လှလွန်းလို့လဲ သူ့ကို ပြိုင်ပိုးကြရင်းနဲ့ အသဲကွဲ ကျန်ရစ်တဲ့သူတွေ မနည်းဘူးကွ။ အဲဒီ အထဲမှာ မောင်သက်ထွားက အဆိုးဆုံးဘဲ"

"မောင်သက်ထွားဆိုတာ မမြမေရဲ့တူ ကိုကြီးသက်ထွားကို ပြောတာလား သူကြီးမင်း"

"အေး.. ဟုတ်တယ်"

"စိတ်ဝင်စားစရာဘဲ သူကြီးမင်း။ အခုတော့ ကိုကြီးသက်ထွားလဲ တရားသမားလိုလို ဘာလိုလို ဖြစ်နေပြီနော်"

"အင်း.. သူလဲ အတော်လေးကို ခံစားခဲ့ရတာကိုးကွ။ ဒါကြောင့် တရားသံဝေတွေရပြီး ဘာသာရေးဘက် ပိုလုပ်ဖြစ်တယ် ထင်ပါရဲ့။ အေးလေ... တစ်ခါ တစ်လေတော့လဲ ကာမဘက်လိုက်ရင်း ဓမ္မဘက် ရောက်သွားတတ်ကြပါတယ်။ ပြောရရင်တော့ အကုသိုလ်ကနေ ကုသိုလ်ကို ကျေးဇူးပြုတဲ့ သဘောပေါ့ကွာ။ ဒါတွေ ထားလိုက်ပါတော့"

"ဒါဖြင့် အဲဒီ ကိုကြီး သက်ထွား အကြောင်း ပြောပြပါလား သူကြီးမင်း"

"အေးကွ... ပြောပြရင်တော့ မြ၀င်းက ဦးကျော်ဖေ ဒေါ်သန်းသန်းတို့ရဲ့ တစ်ဦးတည်းသော သမီး၊ ရွာရဲ့ ကွမ်းတောင်ကိုင်။ လူပျိုကာလသားတိုင်းက မြ၀င်းကို မျက်စိကျနေခဲ့ကြတယ်။ ဒါပေမဲ့ အဖြစ်အသည်းဆုံးက နွေမရဲ့မောင် ဖြိုးမောင်နှင့် မြမေရဲ့တူ မောင်သက်ထွားတို့ဘဲ။ သူတို့နှစ်ယောက်က သူတို့နည်း သူတို့ဟန်နဲ့ ချဉ်းကပ်ပြီး မြ၀င်းကို ပေါ်တင်ကော တိုးတိုးတိတ်တိတ်ကော ပိုးခဲ့ကြတယ်။ နှစ်ယောက်လုံးကလဲ မြ၀င်းကိုမှ မရရင် သူတို့ကိုယ် သူတို့ သတ်သေကြတော့မဲ့ပုံဘဲ"

"ကာမရောဂါက ကြောက်စရာကောင်းတယ်နော် သူကြီးမင်း"

"အင်း.. ကြောက်စရာကောင်းဆို ကုရာနတ္ထိ ဆေးမရှိဘူးလေကွာ။ ဒါကြောင့်လဲ မန်လည်ဆရာတော်ဘုရားကြီးက သူ့ရဲ့ မဃဒေ၀လင်္ကာကျမ်းကြီးမှာ.... ကာမရောဂါ၊ ၀မ်းတွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာ၊ သတိသာလျှင်၊ မဟာသြသဓ၊ ဆေးမည်စွရှင့်.. ဆိုပြီး စပ်ဆိုတော်မူထားခဲ့တာပေါ့။ ကာမရောဂါကို ကုသနိုင်တာက ဆေးတစ်မျိုးဘဲ ရှိတယ်ကွ။ အဲဒီ ဆေးကတော့ သတိဘဲ။ မောင်သက်ထွားလဲ အဲဒီ သတိလေးနဲ့ သူ့ကာမရောဂါကို ကုသလိုက်ပုံရတယ်။ အခုဆို ငြိမ် နေတာဘဲ"

"အင်း ဟုတ်တယ်နော် သူကြီးမင်း"

"အဲဒီ အချိန်တုန်းက တုံးဖလားရွာမှာ ကာလသား ခေါင်းဆောင်က ကိုသာအောင်တဲ့။ သူ့စီမံမှု အောက်မှာ အပျိုလူပျိုတွေ ရပ်ရေးရွာရေး သာသနာရေး ဘာသာရေးတွေကို လုပ်ကြရတယ်။ ပြီးတော့ သူက အောင်သွယ်လုပ်ပေးတဲ့ နေရာမှာလဲ အရမ်းတော်တယ်။ ဒါပေမဲ့ အောင်သွယ်လုပ်ခတော့ သူ့ကို ပူဇော်ပသရတယ်"

"လူတွေက အခွင့်အရေးရမယ်ဆို ယူမယ်ဆိုတာချည်းဘဲနော်"

"အင်း... အဲဒီ အကွက်ကို ကိုဖြိုးမောင်က သိတယ်။ ဒါပေမဲ့ ကိုသက်ထွားက မသိရှာဘူး။ အဲဒီမှာ ကိုသက်ထွား တစ်ကွက် နောက်ကျသွားတော့တာပေါ့။ ကိုဖြိုးမောင်က မြ၀င်းကို ဖြတ်လမ်းက လိုက်တယ်။ ကိုသက်ထွားက မြ၀င်းကို တစ်ဖြည်းဖြည်းချင်းလိုက်တယ်။ လိုက်တာချင်း တူပေမဲ့ ဖြတ်လမ်းသမားက အရင် မြ၀င်းကို မီသွားတော့တာပေါ့"

"ဘယ်လို မီသွားတာလဲ သူကြီးမင်း"

"ကိုဖြိုးမောင်က ကိုသာအောင်နဲ့ သွားတိုင်ပင်တယ်။ မြ၀င်းနဲ့ သူနဲ့ရအောင် လုပ်ပေးနိုင်ရင် ပိုက်ဆံ ငါးသိန်းပေးမယ်ပေါ့။ ကိုသာအောင်လဲ သဘောတူတယ်။ ကိုသာအောင်က လူပျို ခေါင်းဆောင်ဆိုတော့ မြ၀င်းကို စည်းရုံးရ ပိုလွယ်သွားတော့တာပေါ့။ ကိုသာအောင်က မြ၀င်းဆီသွားပြီး ကိုဖြိုးမောင် တော်ကြောင်း၊ စိတ်ထားသဘောထားကောင်းကြောင်း၊ လုပ်ရည်ကိုင်ရည်ရှိကြောင်း၊ ယောက်ျားပီသကြောင်း၊ ကိုသက်ထွားထက် အစစအရာရာ သာလွန်ကြောင်း၊ ဘ၀အတွက်ဆို ကိုဖြိုးမောင်ကိုသာ ရွေးချယ်သင့်ကြောင်း ခဏခဏ သွားပြောတယ်လေ။ မြ၀င်းလဲ မိန်းမသားဆိုတော့.... တွန်းတိုက်ကာများ.. နဲ့နဲ့လို့ လာတယ်... အသဲနှလုံးဆိုတာ.. ကျောက်ရုပ်မဟုတ်ဘူး.... ဆိုသလိုပေါ့။ ကိုဖြိုးမောင်အပေါ်ကို မေတ္တာတွေ အားလုံး ပုံအပ်လိုက်တော့တယ်"

"ဒါဖြင့် ကိုကြီးသက်ထွား ကြွေရောပေါ့"

"အင်း.. ဘယ်ပြောကောင်းမလဲ။ သေလုမျောပါး ခံစားခဲ့ရရှာတယ်"

"သနားပါတယ်"

"နောက်ပိုင်း ကိုဖြိုးမောင်နှင့်မမြ၀င်းတို့ လက်ထပ်ပြီးမှ စိတ်ဝင်စားစရာတစ်ခုက မထင်မှတ်ဘဲ ပေါ်ပေါက်လာခဲ့တယ်"

"ဟုတ်လား သူကြီးမင်း၊ ဘာတွေ ပေါ်ပေါက်ခဲ့တာလဲ"

"အင်း.... အမှန်က ကိုသာအောင်ကို ကိုဖြိုးမောင်က မမြ၀င်းနဲ့ ရပြီးတဲ့ အထိ ပိုက်ဆံ မပေးရသေးဘူးတဲ့။ အကြွေးအနေနဲ့ဘဲ မှတ်ခိုင်းထားခဲ့တာတဲ့။ နောက်ပိုင်းမှ မင်္ဂလာလက်ဖွဲ့ရတဲ့ ပိုက်ဆံတွေနဲ့ အကြေ ဆပ်လိုက်ရတယ်တဲ့"

"ဟောဗျာ... ကိုဖြိုးမောင်တို့ကတော့ ပိုင်ချက်"

"ဒါကြောင့်လဲ တုံးဖလားရွာထဲမှာ နာမည်ကြီးသွားတော့တာပေါ့။ ကာလသားခေါင်းဆောင် ကိုသာအောင်က မမြ၀င်းကို ကိုဖြိုးမောင်ဆီမှာ အကြွေးသွားပေါင်တာဆိုပြီးတော့လေ။ ကိုဖြိုးမောင်မှ ပိုက်ဆံမပေးနိုင်ရင် ကိုသာအောင်ဘဲ မမြ၀င်းကို ယူတော့မယောင်ယောင်နဲ့။ နောက်ပြီး ကိုဖြိုးမောင်ကိုလဲ အချောင်သမားဆိုပြီး ကဲ့ရဲ့ကြတယ်။ ဟုတ်တယ်လေ။ ဘယ့်နှယ် မင်္ဂလာလက်ဖွဲ့ရတဲ့ ပိုက်ဆံတွေနဲ့မှ ကိုသာအောင်ကို အောင်သွယ်ကြေး ပေးရတယ်လို့"

"ဒါကြောင့် အချစ်နဲ့ စစ်မှာ မတရားတာ မရှိ၊ အောင်မြင်ဖို့သာ အဓိက လို့ ဆိုထားတာထင်ပါရဲ့"

"အင်း... ကိုသက်ထွားတစ်ယောက်ကတော့ နဂိုကထဲက ရင်ကွဲနာကျနေရတဲ့အထဲ အခုလို ဖြစ်ကြောင်း ကုန်စင် ကြားရပြန်တော့ ပိုပြီး ယူကြုံးမရ အပူလုံး ကြွနေတော့တာပေါ့။ သေလုမျောပါး အချစ်နာ ကျနေခဲ့တယ်လေ။ သူ့ကို သူ့ရဲ့အဒေါ် မမြမေလဲ အရမ်းသနားသွားတယ်။ ဒါပေမဲ့ ပြန်ပြင်လို့ မရတော့တာချင်းအတူတူ သူ့တူလေးကို ပျော်ပါစေတော့ရယ်ဆိုပြီး နေ့စဉ် စလိုက် နောက်လိုက် ပြောင်လိုက် လှောင်လိုက် လုပ်ပေးနေရရှာတယ်"

"ဘယ်လို လှောင်ပြောင်တာလဲ သူကြီးမင်း"

"ငါ့တူလေးရာ.. နင်က ကျားမှ ကောင်းကောင်း မကစားတတ်တာ၊ ဟိုဘက်က ကင်းဝင်ပြီး စားသွားပြီး။ နင် တစ်ကွက်မှားလို့ ခံလိုက်ရတာ။ ဒါပေမဲ့ မြ၀င်းကို မလိုချင်စမ်းပါနဲ့ ငါ့တူရာ။ ဒီလို အပေါင်ခံ မိန်းမကို ငါ့တူနဲ့ မပေးစားနိုင်ပါဘူး။ ငါ့တူက တော်လေးဝ ၀င်တဲ့ မိန်းခလေးနဲ့ဘဲ ထိုက်တန်တာပါ။ မြ၀င်းကို မရခဲ့တာ ကံကောင်းတယ်မှတ်။ ကဲ ငါ့တူလေး ပြုံးလိုက်စမ်းပါ။ အဲဒီလို ငူတူတူကြီးမနေစမ်းပါနဲ့။ အဲဒီလို ငူတူတူကြီးနေရင် ဗိုက်ပူပူ မိန်းမကြီးနဲ့ ညားတတ်တယ်နော်။ ဟား ဟား ဟား။ အဲဒီလို မမြမေက နေ့စဉ် သူ့ရဲ့တူ ကိုသက်ထွားကို စလိုက်နောက်လိုက် လုပ်ပေမဲ့လဲ ကိုသက်ထွား တစ်ယောက်ကတော့ အသဲ ဟက်တက် ကွဲမြဲ ကွဲနေလျက် ဖြစ်နေခဲ့တာပေါ့ကွာ"

"ကိုကြီးသက်ထွားကို သနားလိုက်တာ"

"အင်း... သနားမယ်ဆိုလဲ သနားစရာပေါ့။ ဒါပေမဲ့ ငါကတော့ အဲဒီ ဇာတ်လမ်းလေးကို ကြားသိရပြီးတဲ့နောက် ဘယ်လိုက ဘယ်လို စိတ်ကူးစိတ်သန်း ၀င်လာလို့လဲ မသိဘူး။ ကဗျာတစ်ပုဒ် စပ်ဆိုချင်စိတ်ပေါက်လာခဲ့တယ်။ ဒါနဲ့ စပ်ဖြစ်လိုက်တယ် ဆိုပါစို့ကွာ။ ကဗျာခေါင်းစဉ်လေးက မတရား ကြွေသူတဲ့။ အရမ်းကြေကွဲနေတဲ့ သူလို့ဘဲ ဆိုကြပါစို့"


(မတရား ကြွေသူ)


ချစ်မရှိ ချစ်ရှာ။


မြ၀င်းကို အကြွေးပေါင်လို့

နွေမ မောင် အချောင် တွက်တယ်

(ကိုသာအောင် ဖြိုးမောင်အတွက်ရယ်)

ဖမ်းချက်က နာ။


မြမေ တူ ကိုသက်ထွားမှာလ

တစ်ကွက်မှားလို့ အူချာချာ

ရည်စူးကာ လိုက်လဲ။


ညစ်ပေပေ

မြမေမှာ အလှောင် မပျက်တယ်

သဲ ဟက်တက်ကွဲ။


"သူကြီးမင်းက ကဗျာစပ် အရမ်းကောင်းတာဘဲ။ အိုင်ဒီယာလေးလဲ ကောင်းတယ်"

"ကောင်းမနေနဲ့ မောင်ပေါက်ကျော်ရေ... အဲဒီ ကဗျာလေးကို စပ်ပြီး လေးငါးရက်အတွင်း တုံးဖလားတစ်ရွာလုံး အလွတ်နီးပါး ရသွားကြတယ်။ ကာရန်လေးနဲ့ဆိုတော့ ဆိုလို့လဲ ကောင်းတယ်လေ။ ဒါပေမဲ့ တစ်နေ့မှာ ဘုန်းကြီးကျောင်းသား တစ်ယောက် ငါ့အိမ်ကို ရောက်လာတယ်"

"ဗျို့ သူကြီးမင်း"

"အေး... ဘာလဲကွ.. မောင်ကျောင်းသားရ"

"သူကြီးမင်းကို ပြစရာရှိတယ်"

"အဲဒီ ဘုန်းကြီးကျောင်းသားလေးက သူ့လက်ထဲမှာ ပါလာတဲ့ ဘာသာရေး မဂ္ဂဇင်း(အပ္ပမာဒ ထင်တယ်) စာအုပ်ကလေးကို ဖွင့်ပြီး ငါ့ကို ဆက်ပြောတယ်"

"သူကြီးမင်းရဲ့ မတရားကြွေသူ ကဗျာအလိုက်နဲ့ ရေးထားတဲ့ ကဗျာတစ်ပုဒ် ဒီစာအုပ်ထဲ တွေ့လို့ သူကြီးမင်းကို လာပြတာ"

"ဟေ.. ဟုတ်လား.. ပြစမ်းပါဦး"

"ဒီမှာလေ သူကြီးမင်း"

"အဲဒီ ဘုန်းကြီးကျောင်းသား ညွန်ပြတဲ့ စာမျက်နှာကို ကြည့်လိုက်တော့ ကျေးဇူးရှင် မန်လည်ဆရာတော် ဘုရားကြီးရဲ့ ပတ္တမြား ရွှေဂူ ဆိုတဲ့ ကဗျာလေးကို တွေ့လိုက်ရတယ်"


(ပတ္တမြား ရွှေဂူ)


ပြစ်မရှိ ပြစ်ရှာ။


လမင်းကို ခွေးဟောင်လို့

ရွှေလရောင် ပြောင်မပျက်တယ်

ထွန်းလျှက်ပင် သာ။


မြရွှေဂူ ပတ္တမြားကိုလ

ဝက်များက ငြူစူစွာ

ညွန်လူးကာ တိုက်နှဲ။


ပွတ်လေလေ

ဂူရွှေမှာ အရောင်ထွက်တယ်

ရှေးကထက် ကဲ။


"အဲဒီ ကဗျာလေးကို ညွန်ပြပြီး အဲဒီ ဘုန်းကြီးကျောင်းသားလေးက ငါ့ကို ပြောတယ်"

"သူကြီးမင်း... အဲဒီ မန်လည်ဆရာတော်က သူကြီးမင်းရဲ့ ကဗျာအလိုက်ကို အတုခိုးပြီး ဒီ ပတ္တမြား ရွှေဂူ ကဗျာကို စပ်ဆိုခဲ့တာ ထင်တယ်နော်"

"အဲဒီ ဘုန်းကြီးကျောင်းသား စကားကြားလိုက်ရတော့ ငါ့ခေါင်းထဲမှာ ထူကနဲ ပူကနဲ ဖြစ်သွားတယ်။ မန်လည်ဆရာတော်ဘုရားကြီးကိုလဲ ရည်မှန်းပြီး ဦးအကြိမ်ကြိမ်ချ ကန်တော့နေမိခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေအားလုံး ဘုန်းကြီးကျောင်းသားလေး ထင်မြင်ယူဆသလို အားလုံး ထင်မြင်ယူဆသွားရင် ဆရာတော်ကို စော်ကားမိသလို ဖြစ်သွားမှာ မဟုတ်လား။ ဒါကြောင့် အဲဒီ ဘုန်းကြီးကျောင်းသားလေးကို အမြန်ဆုံး အဖြစ်မှန်ကို ရှင်းပြလိုက်ရတယ်"

"မောင်ကျောင်းသားရေ.. ငါပြောပြမယ်။ အမှန်က အဲဒီကဗျာကို ငါက အရင် စပ်ဆိုခဲ့ပြီး ဆရာတော်က နောက်မှ ကာရန်အလိုက်ယူပြီး စပ်ဆိုခဲ့တာ မဟုတ်ဘူး။ ဆရာတော်ဘုရားကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကထဲက အဲဒီ ပတ္တမြားရွှေဂူကို စပ်ဆိုခဲ့တာပါ။ ဆရာတော်ဘုရားကြီးလဲ အခု သက်ရှိထင်ရှား မရှိတော့ပါဘူး။ ငါကသာ ဆရာတော်ဘုရားကြီးရဲ့ ပတ္တမြားရွှေဂူ ကဗျာကို အလိုက်ယူပြီး မတရား ကြွေသူ လို့ ကာရန်ကို အတုခိုး စပ်ဆိုခဲ့တာပါ။ မင်း ရွာဦးကျောင်း ပြန်ရောက်ရင် ရွာဦးကျောင်းဆရာတော်ကိုလဲ အဖြစ်မှန် လျောက်လိုက်ဦး။ ငါလဲ ရွာသူရွာသားတွေကို ရှင်းပြလိုက်ဦးမယ်"

"အဲဒီ မောင်ကျောင်းသားလေး ပြန်သွားမှ ငါ့ကိုငါ အဲဒီ မတရား ကြွေသူ ကဗျာကို စပ်ဆိုခဲ့မိတာ နောင်တ ရနေမိတော့တာပေါ့"

"အော်... ဒါဖြင့် သူကြီးမင်းက အတုခိုးခဲ့တာပေါ့နော်"

"အေးကွာ...ဒါပေမဲ့ အတုခိုးတာက အစစ်ခိုးတာနဲ့ စာရင်တော့ အပြစ်သေးလောက်ပါတယ်"

"အတုဘဲခိုးခိုး အစစ်ဘဲ ခိုးခိုး အဒိန္နာဒါနကံ ထိုက်တာဘဲ မဟုတ်လား သူကြီးမင်းရ"

"အင်း... ဒါကတော့ ဒီလို ရှိတယ် မောင်ပေါက်ကျော်ရ... ဟိုဒင်း... အဲ...ဟိုဟာ.. အင်းး.. .. ဟဲ .. ဟဲ .. ဟဲ...."


မှတ်ချက်။

ပေါ ကောင်းကောင်းနဲ့ ပေါလိုက်တာ။ ခွင့်လွတ်ပါ ဆရာတော်ဘုရား။ ကဗျာအလိုက်ယူမိတဲ့ သူကြီးမင်း အမိုက်မဲလေးပါ။း)))

...

16 comments:

နေ၀ဿန် said...

ဟားဟား... အဲဒါကြောင့် အဲဒီကဗျာလေးကို သိပါတယ်ဆို... :D


ခင်မင်လျက်
နေ၀ဿန်

သဒ္ဓါလှိုင်း said...

ကဗျာလေးတော့မိုက်ပဲ။ စိတ်ဝင်စားအောင်ရေးတတ်တဲ့ သူကြီးမင်းကိုကိုမောင်ရဲ့ ဇာတ်လမ်းလေးတွေလည်း မျှော်နေပါတယ်။
ခင်မင်လျက်
သဒ္ဓါ

Anonymous said...

ဘယ်သူ့ကိုစောင်းရေးထားတာ မှတ်လား။

အဖြူရောင်နတ်သမီး said...

အိမ်း...
ဒီတခါတော့ရှိပစေတော့...

ခွေးလွှတ်တယ်... ခွေးလွှတ်တယ်....



ပုံ/ ဆရာတော်ကိုယ်စား
ကပ္ပိယ

:P

ချော(အစိမ်းရောင်လွင်ပြင်) said...

အဒိန္နာဒါနကံ ထိုက်တယ်ဆိုတော့ အတုရော အစစ်ရော မခိုးတော့ပါဘူး သူဂျီးမင်းရယ်
ကြောက်ပါတယ်း)

SHWE ZIN U said...

သကြီး မင်း ရေ

ီကြော်ငြာ ကလည်း ဖတ်လို့ကောင်းပါတယ် ဆက်ရန်လေး လည်း လုပ်အုန်းနော်

အသားဟင်းချက်ရတာ ပျင်းလို့ ဂါထာလေး မျှော်နေတာ

အကုသိုလ် လုပ်ရင်း ကုသိုလ် ဖြစ်တာကောင်းပါတယ် ကုသိုလ် လုပ်ရင်း အကုသိုလ် ဖြစ်တာတော့ ဆိုးလှသဗျ

တောက်ပကြယ်စင် said...

တွန်းတိုက်ကာများ.. နဲ့နဲ့လို့ လာတယ်... အသဲနှလုံးဆိုတာ.. ကြောက်ရုပ်မဟုတ်ဘူး....ပျိုပျိုမေရယ်...

(ဗဒင်ကို သတိရသောအားဖြင့် သူ့သီချင်းလေးနဲ့ သူဂျီးမင်းကို ဖျော်ဖြေပေးလိုက်သည်)

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

PhyoPhyo said...

ဖတ်လို့ကောင်းလိုက်တာ။
အတုခိုးတာပဲဟာ အပြစ်သေးပါတယ် သူဂျီးမင်းရယ်နော်။
ခင်မင်လေးစားလျှက်

ညိမ်းနိုင် said...

ကဲဒါဖြင့် အတုမခိုးနဲ့ အတုယူဗျား.....
(ကြောင်ဖမ်းဇာတ်ကို အစပိုင်းတွေပြန်မမေ့ခင် မြန်မြန်လေး
လုပ်ဗျိုးးးးးးးးးးး:)

မြတ်မွန် said...

အတုခိုးတာက အစစ်ခိုးတာနဲ့ စာရင်တော့ အပြစ်သေးလောက်ပါတယ်...
သိပ်ကြိုက်တဲ့ စကားလေးပါပဲ..
အကိုရေ...
ပိုစ့်လေး ကောင်းတယ်..။

မင်းဧရာ said...

အကိုရေ.....
စာတွေကို ဖတ်ပြီးတိုင်း comment မပေးမိပေမယ့်
ရေးသမျှ post တိုင်းကိုတော့ ထိုင်စောင့်ပြီးတော့ကို
ဖတ်နေမယ်။

flowerpoem said...

အခန်းဆက်လေးလည်း မျှော်နေလျှက်ပါ. . . မေ့သွားမှာ စိုးလို့ပါ....

မြစ်ကျိုးအင်း said...

သဂျီး ဥာဏ်တွေ သိပ်မြူးနေတယ်။ စာမေးပွဲ ပြီးသွားလို့လားး))

ဟန်ကြည် said...

ကောင်းလိုက်တဲ့ ကပြောင်(ကဗျာကို ပြောင်နောက်ပြီးစပ်ထားလို့) ကာရန်ကိုလှနေတာပဲ...မန်လည်ဆရာတော်သာရှိရင်တော့ ဆုချခံရမှာသေချာပေါ့...တောင်ဝှေးနဲ့လေ...ဟား ဟား...ကြားဖြတ်လေးလဲ ကောင်းသားပဲဗျ...၀ထ္ထုလတ်လောက်ဖြစ်အောင် ရေးလို့ရတဲ့ ဇာတ်ကလေးပဲ...ကိုင်း ပုံပြင်လေးလဲ ဆက်စမ်းပါဦး ပန်းရနံ့ရေ...

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရင်းပြုံးရင်း အတွေးရော အရေးပါ ကောင်းတဲ့အကိုရေ ယယခံစားပေးလျှက်ပါ လို့.. ကောင်ေးသာနေကရက်လေး ဖြစ်ပါစေလို့ ဆန္ဒပြု လျှက်...

စော said...

ဟင် နှစ်ကိုယ်ခွဲးပြီး ပြောပြတာပေါ့
ကော်ဖီကတော့ ကိုယ်ဘာသာ သောက်ပြီး ဒီပုံရိုက်တာ ထင်တယ်