Friday 23 September 2011

သူကြီးမင်းရဲ့ "ဧရာဝတီ" ပုံပြင်


"မောင်ပေါက်ကျော်ရေ.."

"ခင်ဗျား သူကြီးမင်း"

"လာ ထိုင်ကွာ။ ဒီနေ့တော့ မင့်ကို ငါ ပုံပြင်ပြောမပြတော့ပါဘူး။ ဒါပေမဲ့ ဖျားနာနေတဲ့ သူမ အကြောင်း ပြောပြမယ်"

"အလဲ့.. သူကြီးမင်းက သူမတွေ ဘာတွေနဲ့ပါလား တိုးတက်လာပြီထင်တယ်"

"အေးကွာ။ ငါလဲ သူမလေးနဲ့မှ ဘာဖြစ်တယ် မသိပါဘူး။ ငါ့မိဘနှစ်ပါး ဆုံးပြီးကထဲက ငါ့ဆီမှာရှိတဲ့ ၀မ်းနည်းစိတ်တွေ ပျောက်သွားပြီထင်နေခဲ့တာ။ အခု သူမနဲ့ကျမှ ၀မ်းနည်းစိတ်က ပိုများပြားလာသလိုဘဲ။ သူမ ခံစားနေရတာကို ကြည့်ပြီး ငါ မကြည့်ရက်နိုင်ဘူး။ ဒီတောင်ကို ကျမ ကျော်လွှားနိုင်ပါ့မလား မသိဘူးဆိုပြီး ငိုညည်း မြည်တမ်းတဲ့အသံလေး ကြားရတဲ့အခါတိုင်း ငါ့ရင်ထဲ မချိအောင် နာကျင်မိတယ်။ သူမရဲ့ ဝေဒနာတွေကို ငါကုသ ပေးချင်စိတ်ပေါက်နေမိတယ်။ အဲဒါ မင်းလဲ ကူညီကွာ။ ဟုတ်ပြီလား"

"အာ... သူကြီးမင်းကလဲ လူနာဆိုတာ ဆေးရုံ ဒါမှမဟုတ် ဆေးခန်းပို့မှ အဆင်ပြေမှာပေါ့။ ဘယ်လိုလုပ်ပြီး ကျနော်က ကူညီပေးနိုင်ပါ့မလဲ"

"ဆေးရုံပို့ဖို့ မလိုပါဘူးကွာ။ ၀ိုင်းဝန်းပြီး အားပေးစကားပြောကြားကြရင်တော့ သူမရောဂါ သက်သာလာမှာပါ။ ဒါကြောင့် ငါတို့ တုံးဖလားရွာသားတွေအားလုံး သူမကို အားပေးစကား ပြောကြားကြရင် ကောင်းမလားလို့ပါ။ အခုအချိန်မှာ သူမ အရမ်းအားငယ်နေတယ်လေ"

"ဒါနဲ့ နေစမ်းပါဦး သူကြီးမင်း။ သူမလေးက ဘယ်ရွာကလဲ ဟိုတစ်ခါ သူကြီးမင်း အလည်သွားခဲ့တဲ့ မန်ကျည်းပင်ရွာက ကွမ်းတောင်ကိုင်လေးလား"

"မဟုတ်ပါဘူးကွာ။ သူမလေးက ဘိရုမာရွာက ရွာသူလေးပါ။ အရမ်းရိုးသားပြီး ချစ်စရာကောင်းတယ်။ သဘောမနောလဲ ဖြူစင်တယ်။ လူတွေကိုလဲ ကူညီတတ်တဲ့ စိတ်ထားသဘောထားလေးရှိတယ်။ အဲဒီလို ရိုးသားဖြူစင်တဲ့ သူမလေးမှာမှ အခုလို နေမကောင်းဖြစ်ရတယ်လို့ကွာ။ ငါ လုံးဝ မကြည့်ရက်ဘူး"

"ဒါနဲ့ သူမနာမည်လေးက ဘာတဲ့လဲ မသိဘူး"

"ဧရာဝတီ တဲ့"

"ဟာ.. နာမည်လေးက အရမ်းလှတာဘဲ နော် သူကြီးမင်း။ နာမည်လေး ကြားရရုံနဲ့ စိတ်ကြည်နူးလိုက်တာ။ အဲဒီ နာမည်လေး ကြားလိုက်ရတဲ့အတွက် ကျနော့်ရင်ထဲ အေးမြသွားတာဘဲ"

"အင်း.. အေးမြဆို သူမနာမည်လေးရဲ့ အစစာလုံးကလေးကတောင်မှ ဧချမ်းခြင်းအသွင်ကို ဆောင်နေတယ်လေ။ အေးလေ... ဒါပေမဲ့ အခုတော့ မငြိမ်းချမ်းနိုင်ရှာတော့ပါဘူးလေ။ ပေါက်ဖော်တို့ နှောင့်ယှက်လို့ နေထိုင်မကောင်း ဖြစ်နေလေရဲ့။ ပေါက်ဖော်တို့က လည်ပင်းညှစ်ပြီး အလင်းရောင်ပေးဖို့ အကြပ်ကိုင်နေတာကိုး။ ကျန်းမာရေး ချူချာရှာပေမပေါ့"

"ဒီ ပေါက်ဖော်ဆိုတဲ့ ကောင်က ဘာကောင်မို့လို့ ဧရာဝတီလေးကို လည်ပင်းညှစ်နေရတာလဲ သူကြီးမင်း။ ဧရာဝတီလေးကိုကော ကူညီပေးမဲ့သူ မရှိဘူးလား"

"ကဲ ကဲ မောင်ပေါက်ကျော်.. ရှင်းရှင်းဘဲ ပြောပါတော့မယ်။ ဧရာဝတီဆိုတာ မင်းထင်သလို မိန်းခလေး တစ်ယောက်ရဲ့ အမည် မဟုတ်ပါဘူးကွာ။ ငါတို့ မြန်မာတစ်နိုင်ငံလုံး အမှီပြုနေရတဲ့ မြစ်ကြီးတစ်စင်းရဲ့ အမည်ပါ။ မြန်မာနိုင်ငံ ထိပ်ပိုင်းကစပြီး အောက်ပိုင်းပင်လယ်ထဲထိ စီးဆင်းနေတဲ့ မြစ်တစ်စင်းပါ။ ငါတို့ နိုင်ငံရဲ့ ပင်မသွေးလွတ်ကြောကြီးဆိုရင်လဲ မမှားဘူးပေါ့။ အဲဒီ မြစ်ကြီးကို အမှီပြုပြီး ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး... ကုန်ကုန်ပြောရရင် စားဝတ်နေရေး အားလုံး အဲဒီ ဧရာဝတီပေါ် မူတည်နေကြရတယ်လေ။ အခု အဲဒီ ဧရာဝတီမြစ်ကြီးကို အထက် လည်ချောင်းဝကနေ ပိတ်ဆို့ဖို့ တရုတ်ပေါက်ဖော်တို့အုပ်စု ကြံစည်နေကြပြီလေ"

"ဘာအတွက် ဘယ်နေရာမှာ ပိတ်ဆို့နေကြတာလဲ သူကြီးမင်း"

"တောရော မြို့ပါမကျန် ၂၄ နာရီ မီးလင်းရေးအတွက် ရေအားလျပ်စစ်စီမံကိန်းတဲ့။ ဧရာဝတီမြစ်ဖျားခံရာ ကချင်ပြည်နယ် အထက်ပိုင်း မေခ မလိခ ပေါင်းဆုံတဲ့ နေရာမှာပါ"

"ဟာ သူကြီးမင်း ဒါဆို ကောင်းတာပေါ့။ ရေအားလျပ်စစ်ဆိုတော့ အဲဒီဆည်ကြီးပြီးရင် ကျနော်တို့ တုံးဖလားရွာလဲ လျပ်စစ်မီး ရလောက်တယ်လေ"

"ရတော့မယ် အားကြီးကြီး။ မင်းသိတဲ့ အတိုင်းဘဲ၊ မြန်မာနိုင်ငံတစ်လျှောက် ဖွင့်လိုက်တဲ့ ရေအားလျပ်စစ်တွေ နဲတာ မဟုတ်ဘူး။ ဘယ်မှာလဲ မြို့တွေ ရွာတွေ မီးလင်းတာ။ ငါတို့ တုံးဖလားမှာဆို အခုထက်ထိ ရေနံဆီ မီးခွက်နဲ့ နေရတုန်း။ တစ်ရွာလုံးမှာမှ တစ်ဆိုင်ထဲရှိတဲ့ အပျိုကြီး ဒေါ်ညွန့်ဆိုင်က ရေနံဆီနှင့် ဖယောင်းတိုင်ကို အကြွေးနဲ့ ၀ယ်သုံးနေရတုန်း။ ပြီးတော့ သဖန်းဆိပ်ဆည်ဆို ငါတို့ တုံးဖလားနဲ့ ဘာမှ ဝေးတာ မဟုတ်ဘူး။ ဟို အရှေ့ဘက်က တိမ်ဖောက်တောင် တောင်ရိုးတွေ ခံနေလို့ ရေသောက်ဧရိယာထဲ ငါတို့ရွာ ပါမသွားတာ ကံကောင်းတယ်မှတ်။ နို့မို့ဆို ငါတို့ မှီခိုစားလုပ်ကိုင် စားသောက် နေရတဲ့ လယ်ယာမြေတွေ ရေအောက်ရောက်သွားတာ ကြာပါပကော။ နောက်ပြီး ရှိသေးတယ်။ ငါတို့မြို့နယ် ၂၄ နာရီ မီးလင်းရေးတဲ့။ ဘတ်စ်ကား လက်မှတ်ဝယ်လဲ ငါးဆယ်ကျပ် အပိုထည့်ပေးရတယ်။ မီးရထားလက်မှတ်ဝယ်လဲ ငါးဆယ်ကျပ် အပိုဆောင်းပေးရတယ်။ အဲဒီလို လုပ်ခဲ့တာ ဆယ်စုနှစ် တစ်စု မကတော့ဘူး။ ဘယ်မှာလဲ မီးလင်းတာ။ ၂၄ နာရီ မီးလင်းရေးတဲ့။ အင်းးး လူတွေကတောင် ပြောနေကြပြီ။ ၂၄ နာရီ မီးလင်းရေးမဟုတ်ဘူးတဲ့။ ၂ ရက် ၄ နာရီ မီးလင်းရေးတဲ့။ အင်ဂျင်စက်ကြီး တဒုန်းဒုန်းမြည်သံကို နားငြီးအောင် ကြားနေရပြီးမှ ၂ ရက်ပေါင်း ၄ နာရီလောက်သာ မီးလင်းလို့တဲ့။ နောက် ပြောနေကြသေးတယ်။ ၂၄ နာရီ မီးလင်းရေး မီးလင်းရေးနဲ့ လျပ်စစ်မီးတော့ မလင်းဘူး။ ဒါပေမဲ့ လင်းတဲ့ မီးတော့ရှိတယ်။ အဲဒါက နောက်မီးတဲ့။ လျပ်စစ်မီးမရှိတော့ မှောင်ရိပ်ခို နောက်မီး လင်းကြရောပေါ့။ ပြောရရင် မကောင်းတော့ပါဘူး မောင်ပေါက်ကျော်ရာ။ ရင်နာလွန်းလို့"

"သူကြီးမင်း..အခုတစ်ခါ ပေါက်ကွဲလှချည်လား။ အရင်တုန်းက ပုံပြင်နားထောင်ရသလို ပျော်စရာလဲ မကောင်းတော့ဘူး"

"အေးး ပုံပြင်တွေဘဲ စိတ်ဝင်စားရင် ပုံပြင်စာအုပ်တွေဘဲ ၀ယ်ဖတ်တော့။ အခု မင့်ကို ငါ ပုံပြင်ပြောဖို့ အချိန် မပေးနိုင်တော့ဘူး။ အဲဒီ မြစ်ကြီးကို မပိတ်ဆို့ရေး မြို့တက်ပြီး ပေါ်စတာသွားကပ်ဖို့ ရွာထဲက လယ်သမားခေါင်းဆောင် ဖိုးသာအောင်နဲ့ တိုင်ပင်ပြီးပြီ။ မင်းလဲ.. တကယ်လို့ နိုင်ငံကို ချစ်ရင်.. ဧရာဝတီအရေးဟာ မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတာ သဘောပေါက်နားလည်ရင် ငါနဲ့ တစ်ခါထဲ မြို့ကိုလိုက်ခဲ့။ ဧရာဝတီ ကယ်တင်ရေး ပေါ်စတာ သွားကပ်ကြမယ်"

မောင်ပေါက်ကျော်တစ်ယောက် မျက်စိမျက်ဆံ ပြူးတူးတူးဖြင့် ကြောက်ရွံ့စွာ စကားဆိုလေ၏။

"ဧ= ဧချမ်းစွာဘဲ နေပါရစေ သူကြီးမင်းရယ်
ရာ= ရာဇ၀တ်သင့်စရာတွေ မလုပ်ပါရစေနဲ့
ဝ= ၀ပြော သာယာနေပြီ မဟုတ်လား နိုင်ငံတော်ကြီးကလေ
တီ= တီတီတာတာ ဖြစ်သလိုလေးဘဲ နေပါရစေ"

"ဘာ"

သူကြီးမင်း၏ "ဘာ" ဆိုသော အသံသည် အထက်ဘ၀ဂ် အောက်အ၀ီစိ ပျံ့နှံ့သွားရလောက်အောင် ကျယ်လောင်လေ၏။ ထို့နောက် ဆက်လက်၍ပင် သူကြီးမင်းက မောင်ပေါက်ကျော်အား ပေါက်ကွဲလေတော့၏။

"ဧ= ဧချမ်းစွာ နေပါရစေ ဟုတ်လား မောင်ပေါက်ကျော်
ရာ= ရာဇ၀တ်မှုတွေ များပြားလာမှာဖြင့် မင်းထည့်မတွက်ဘူး
ဝ= ၀ပြောသာယာနေပြီတဲ့။ ၀၀လင်လင်ကော မင့်မိသားစုတွေ စားကြရရဲ့လား
တီ= တီတီတာတာ ဖြစ်သလိုလေး နေချင်ရင် ရွာထဲမှာ မနေနဲ့၊ မဟာမြိုင်တောထဲ သွားနေ မောင်ပေါက်ကျော်"

"သူကြီးမင်းရယ်.. ကျနော်တို့ တုံးဖလားရွာသားတွေ ဧရာဝတီကို ရောက်ဖူးတဲ့သူ လက်ချိုးရေတွက်ကြည့်၊ ဆယ်ယောက်တောင် မပြည့်ပါဘူး။ ဧရာဝတီ ရေတစ်ပေါက်ကိုလဲ ကျနော်တို့ ရွာသားတွေ တစ်ယောက်မှ သောက်ဖူးတဲ့သူ မရှိပါဘူး။ ဒီလောက် မိုင်ရာချီဝေးကွာနေတဲ့ ဧရာဝတီကို မေ့ထားပြီး ကျနော်တို့ရွာလေး တိုးတက်ရေးကိုဘဲ စဉ်းစားကြရအောင်လား"

"တော်တော့ မောင်ပေါက်ကျော်။ မင်းက ဒီတုံးဖလားရွာလေး တစ်ရွာထဲကိုဘဲ မြန်မာပြည်လို့ ထင်နေတာလား။ မင့်လို အတ္တဆန်ဆန် အတွေးတွေရှိတဲ့ သူတွေ များနေလို့ ငါတို့နိုင်ငံ အခုလို ဖြစ်နေတာ။ မင်းသိတာက ဇီးရွက်လောက် ရှိတဲ့ မင့်လယ်ကွက်ကလေးက စပါးများများထွက်ဖို့၊ မင်းပိုင်တဲ့ ကျွဲနွားတွေ စားကျက်ကောင်းကောင်း ရှိဖို့၊ မင့်မိသားစုလေး အဆင်ပြေစေဖို့။ ဒီလောက်ဘဲ သိနေတာကိုး။ မှတ်ထား မောင်ပေါက်ကျော်။ နှမ်းတစ်စေ့ထဲနဲ့ ဆီမဖြစ်သလို ဒီတုံးဖလားတစ်ရွာထဲနဲ့လဲ မြန်မာနိုင်ငံဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံဆိုတာ မြို့နယ်တွေ ကျေးလက်တွေများစွာနဲ့ တည်ဆောက်ထားတာ။ မြန်မာနိုင်ငံမှာ လူ့စွမ်းအားတွေ ရှိတယ်၊ သဘာဝရင်းမြှစ်တွေ ရှိတယ်၊ သယံဇာတတွေ ရှိတယ်။ အဲဒါတွေ မပျောက်ပျက် မပျက်စီးသွားရအောင် ထိန်းသိမ်းပေးဖို့ ငါတို့ အားလုံးမှာ တာဝန်ရှိတယ်။ အခု ငါပြောနေတာတွေက နိုင်ငံရေးလဲ မဟုတ်ဘူး။ စီးပွါးရေးလဲ မဟုတ်ဘူး။ လူမှုရေးလဲ မဟုတ်ဘူး။ အဲဒီ အရေးတွေကို ငါလဲ သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး။ အခု ဖြစ်ပျက်နေတာက ပင်မအသက်သွေးကြောကြီး ပျက်သုဉ်းမဲ့ အန္တရာယ် ကျရောက်နေတာကို ကာကွယ်ဖို့ဘဲ။ ဧရာဝတီပျက်စီးသွားရင် မြန်မာလူမျိုးတွေ ဘာဖြစ်သွားမယ်ထင်လဲ"

"မသိပါဘူး သူကြီးမင်း ရှင်းပြပါဦး"

"အေးး မသိရင် ငါပြောပြမယ်။ မင်း ဘာကိုမှ မကြည့်နဲ့။ ငါတို့ တုံးဖလားရွာလေးကိုဘဲ ကြည့်။ တစ်ထွာလောက်သာ ရှိတဲ့ ချောင်းကလေးကို မှီခိုပြီး စပါးသီးထပ်သီးညှပ်တွေ စိုက်ပျိုးနေရတာမဟုတ်လား။ ချောင်းအထက်ဘက်မှာ ကံညွန့်ရဲ့ဆည် ပိတ်ထားတယ်။ အလယ်လောက်မှာ မြမောင်တို့ဆည် ပိတ်ထားတယ်။ အဲဒီတော့ မိုးမမှန်တဲ့ နှစ်တွေဆိုရင် ချောင်းအောက်ပိုင်းမှာ ရှိတဲ့ လယ်တွေထဲ ရေ မရောက်နိုင်တော့ဘူး။ အထက်က ဆည်နှစ်ခုနဲ့တင် ချောင်းရေက ကုန်နေပြီ။ အဲဒီတော့ ချောင်းအောက်ပိုင်းက လယ်တွေ စပါးထွက်အား ကောင်းနိုင်ပါတော့မလား။ မင်းစဉ်းစားကြည့်စမ်းပါဦး"

"စပါးအထွက် မကောင်းနိုင်ပါဘူး သူကြီးမင်း"

"အေးးး တစ်ထွာလောက် ရှိတဲ့ ငါတို့ တုံးဖလားချောင်းလေးကို မှီခို စားသောက်နေကြတဲ့ ငါတို့ရွာသား ဦးရေက အလွန်အကျွံရှိလှ အယောက် ၂၅၀ ပေါ့။ ဧရာဝတီမြစ်ဆိုတာက မြန်မာနိုင်ငံ အထက်နဲ့အောက် မိုင်ပေါင်း ထောင်ကျော် တောက်လျှောက် စီးဆင်းနေတဲ့ မြစ်ကြီးတစ်စင်းလေ။ မှီခိုစားသောက်သူတွေ သန်းပေါင်းများစွာရှိတယ်။ မြစ်ရဲ့ အထက်ဘက်မှာ ဧရာမဆည်ကြီးတွေ ပိတ်ပြီး စီးဆင်းနေတဲ့ ရေတွေကို တားဆီးထားလိုက်ရင် မြစ်အောက်ပိုင်းက လယ်ယာမြေတွေ ဘယ်လို လုပ်စားကြတော့မလဲ။ နောက်ပြီး အဲဒီ မြစ်ကြောကြီးကို အသုံးပြုပြီး သဘောင်္ စက်လှေ သမ္ဗန် မြောက်မြားစွာနဲ့ ကုန်စည်စီးဆင်းမှု ပြုလုပ်ကြတယ်လေ။ အခု ငါတို့ တုံးဖလားရွာမှာ အများဆုံး အသုံးပြုနေတဲ့ အသုံးအဆောင်တွေက ဗန်းမော်ဘက်ကနေ ဧရာဝတီမြစ်ကြောအတိုင်း စုံဆင်းပြီးမှ ရောက်လာတဲ့ ပစ္စည်းတွေ မဟုတ်လား။ မြစ်ကြောင်း သာတော့ ၀ယ်သုံးရတာလဲ ဈေးသက်သာ လာတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း အထက်က ဆည်ပိတ်ဆို့ထားတဲ့အတွက် မြစ်ရေ ကောသွားပြီး သောင်တွေ ထွန်းနေရင် သင်္ဘောတွေ သွားလာလို့ ရတော့မှာ မဟုတ်ဘူး။ သင်္ဘောတွေ မသွားနိုင်ရင် ကုန်စည်တွေ ဘယ်လို စီးဆင်းမလဲ။ ရထားတစ်တန် ကားတစ်တန်နဲ့ စီးဆင်းလာကြရတော့မှာ။ အဲဒီတော့ သယ်ယူစရိတ်နဲ့ ကာမိအောင် ပစ္စည်းဈေးနှုန်းတွေ ထောင်တက်ကုန်မှာပေါ့။ ဥပမာ တစ်ခု တစ်ဆယ် ပေးရတဲ့ ပစ္စည်းက တစ်ခု တစ်ရာ ဖြစ်သွားမယ်။ တစ်ခု တစ်ထောင် ပေးရတဲ့ ပစ္စည်းက တစ်ခု တစ်သောင်း ဖြစ်သွားမယ်။ အဲဒီတော့ ဘယ်သူတွေ နစ်နာမလဲ။ မင်းတို့ ငါတို့လို သာမန်လူတန်းစား ပြည်သူတွေဘဲ နစ်နာကြမှာ မဟုတ်လား"

"ဟုတ်ပါတယ် သူကြီးမင်း"

"အေး... ဒါတင် မကသေးဘူး။ ဧရာဝတီ ခမ်းခြောက်သွားလို့ စိုက်ပျိုးရေးတွေ ကုန်သွယ်ရေးတွေ စီးပွါးရေးတွေ အဆင်မပြေတော့ဘူးဆိုရင် ပြည်သူပြည်သားတွေ ဆင်းရဲလာကြမယ်။ ငတ်ပြတ်လာကြမယ်။ မောင်ပေါက်ကျော် သေချာမှတ်ထား လူဆိုတာ ငတ်ပြတ်လာရင် ဘာကိုမှ မကြောက်တတ်ကြတော့ဘူး။ သတ်ရဲ ဖြတ်ရဲလာမယ်။ ခိုးမှု လုမှုတွေ ပေါ်လာမယ်။ ဓါးပြမှုတွေ ပေါ်ပေါက်လာမယ်။
=ဧရာ ဧကြောင်း နေလို့ ရတော့မှာ မဟုတ်ဘူး။
ရာ=ရာဇ၀တ်မှုတွေ ထူပြောလာမယ်။
=၀၀လင်လင် စားရ အိပ်ရတော့မှာလဲ မဟုတ်ဘူး
တီ=တီတီ အသံကြားတိုင်း အချက်ပေးသံ ကင်းခေါက်သံထင်မှတ်ပြီး ကြောက်ကြောက်လန့်လန့် နေကြရမယ်။ ပြီးတော့ အချင်းချင်း ယုံကြည်မှုတွေ အားနည်းလာမယ်။ အဲဒီလို အခြေအနေရောက်ရှိနေတဲ့ နိုင်ငံမှာ မင်း ဘယ်လို နေထိုင်ရုန်းကန်မလဲ"

"အဲဒီလောက်ကြီး မြန်မြန်တော့ အခြေအနေ မဆိုးလောက်ပါဘူး သူကြီးမင်း"

"အခု အခြေအနေမဆိုးရင်တောင် နောက်နောင် ဆိုးရွားလာမှာ သေချာတယ်။ ငါတို့လက်ထက် မဟုတ်ရင် ငါတို့ရဲ့ သားသမီးလက်ထက်၊ ငါတို့ရဲ့ သားသမီးလက်ထက်မဟုတ်ရင် ငါတို့ရဲ့ မြေး မြစ် တီ တွတ် ကျွတ် ဆတ်။ သူတို့ရဲ့ လက်ထက်မှာ အဲဒီလို အခြေအနေ ရောက်လာနိုင်တယ်။ ကုန်ကုန်ပြောရရင် ဧရာဝတီမရှိတော့ရင် မြန်မာဆိုတာလဲ ကမ္ဘာပေါ်မှာ တည်တံ့ဖို့ အတော်လေး ခက်ခဲသွားလိမ့်မယ်။ ဒါကြောင့် ငါတို့ တစ်သက်စာလောက်သာ မကြည့်ဘဲ အနာဂါတ်ကို ရေရှည်ကြည့်ပြီး ကာကွယ်သင့်တာကို ကာကွယ်ရမှာက လက်ရှိငါတို့ရဲ့ တာဝန်ဘဲ မဟုတ်လား"

"ဒါလဲ ဟုတ်ပါတယ် သူကြီးမင်း"

"မင်းအခု ကြည့်။ ငါတို့ တုံးဖလားရွာလေး ဘယ်လောက် အေးချမ်းလိုက်သလဲလို့။ သူခိုး ဓါးပြ လုယက်မှု ဘာမှ မရှိဘူး။ ယုတ်စွအဆုံး အိမ်တိုင်းစေ့ လိုက်ကြည့်။ အလုပ်ခွင်သွားရင် အိမ်ကို တံခါး ဟောင်းလောင်းနဲ့ ဒီအတိုင်း ပစ်ထားခဲ့ကြတာဘဲ။ တံခါး ပိတ်ပြီး အပြင်ထွက်တဲ့ ဓလေ့က ငါတို့ရွာမှာ မရှိသေးဘူးလေ။ မရှိဆို တစ်ရွာသားလုံး ဘယ်သူမှ ခိုးယူတိုက်ခိုက်တဲ့သူမှ မရှိတာ။ ဘယ်လောက်ကောင်းလိုက်သလဲ။ အေး... ဒါပေမဲ့ ဧရာဝတီရဲ့ ဒဏ်ရာတွေကြောင့် နောက်ပိုင်းဆို ငါတို့ ရွာလေးလဲ ညရေးညတာ အလှည့်ကျ ကင်းစောင့်အိပ်ရမဲ့ အခြေအနေဘက် ရောက်သွားလိမ့်မယ်"

"အဲဒီလောက်တောင်ဘဲလား သူကြီးမင်း"

"အေး.. နောက်တစ်ခု ငါကြားဖူးတာ ရှိသေးတယ်။ ပေါက်ဖော်တို့က "မင်းတို့ မြန်မာပြည်လောက်တော့ ငါတို့ နိုင်ငံက လူတွေ ခါခါဘိုရာဇီတောင်ထိပ်တက်ပြီး တစ်ယောက်တစ်လှည့် ရှူးရှူး ပန်းချလိုက်ရင် မြန်မာပြည်ဆိုတာ ရေကမ္ဘာအောက် ရောက်သွားလိမ့်မယ်"လို့ ကြွေးကြော်ကြသတဲ့။ သူတို့ လူဦးရေက သန်းထောင်ချီရှိတာကိုး။ အခုတော့ အပင်ပန်းခံပြီး ရှူးရှူးပန်းဖို့ မလိုတော့ဘူးလေ။ မြန်မာနိုင်ငံရဲ့ ထိပ်ဖျားက ဧရာမဆည်ကြီးကို ဖောက်ချလိုက်ရုံနဲ့ ကိစ္စက ပြီးသွားပြီ။ ဒါပေမဲ့ မဖောက်ချခင်လေးတော့ ရသမျှစွမ်းအားတွေ သူတို့ ယူသုံးကြဦးမယ်လေ။ ပေါက်ဖော်တို့ လုပ်ချက် မပိုင်ဘူးလား"

"အင်း... တော်တော်ဆိုးတဲ့ ပေါက်ဖော်တွေဘဲနော် သူကြီးမင်း။ ကျနော်တောင် နဲနဲ တင်းလာပြီ"

"ငါ ဧရာဝတီမြစ်ကြော တစ်လျှောက် မြစ်ဆုံ မြစ်ကြီးနား ဗန်းမော် ရွှေကူ ကသာ မန္တလေး စစ်ကိုင်း ပုဂံ ပြည် ညောင်တုန်း။ နေရာ အတော်များများ ရောက်ဖူးတယ်။ အဲဒီတုန်းက ဧရာဝတီစီးဆင်းသံလေးဟာ ရယ်မောသံ၊ ကြည်နူးသံ၊ ပျော်ရွှင်သံလေးတွေနဲ့ ပြည့်နှက်နေသလို ခံစားမိတယ်။ အကူအညီလိုတဲ့ သူတွေ ကြိုက်သလောက် အကူအညီ ယူနိုင်ပါတယ်ဆိုတဲ့ သံစဉ်လေးနဲ့လေ။ အခုနောက်ပိုင်းတော့ အဲဒီလို မဟုတ်တော့ဘူး။ ဧရာဝတီ ရေစီးသံက ငိုချင်းရှည် ဟစ်အော်သံလိုလို ကယ်ပါယူပါ တစာစာ အော်ဟစ် အကူအညီတောင်းသံလိုလို နာတာရှည်ရောဂါရှင် ငိုညည်းသံလိုလို စိတ်မချမ်းသာစရာ အသံတွေ ဖြစ်နေတယ်။ ငါကတော့ မခံစားနိုင်ဘူး။ ကန့်ကွက်ရမှာဘဲ။ ကဲ..ကဲ မောင်ပေါက်ကျော်... မင်းဖာသာ မင်း တစ်ကိုယ်ကောင်းဆန်ပြီး အေးအေးဆေးဆေး နေချင်ရင်လဲ နေရစ်ခဲ့ပေတော့။ ငါကတော့ မြို့တက်ပြီး ဧရာဝတီ နေကောင်းကျန်းမာလာရေးအတွက် ဧရာဝတီရှင်သန်ရေးအတွက် ဧရာဝတီသံစဉ်လေးတွေ ပြန်ကောင်းလာရေးအတွက် ကန့်ကွက်ရေး ပေါ်စတာကပ်ပြီး တစ်ဘက်တစ်လမ်းက သွားပါဝင်လိုက်ဦးမယ်"

"အာ.... သူကြီးမင်း အဲဒီလိုတော့ မလုပ်ပါနဲ့ဗျာ။ သူကြီးနဲ့ ပေါက်ကျော်၊ ပေါက်ကျော်နဲ့ သူကြီး၊ ခွဲလို့ရတဲ့အရာမှ မဟုတ်တာ။ သူကြီးဆန္ဒဟာ ဟောဒီက ပေါက်ကျော်ဆန္ဒဘဲပေါ့။ ပေါက်ကျော်ကို မထားခဲ့နဲ့ဗျာ။ ပေါက်ကျော်လဲလိုက်မယ်။ သူကြီးမင်းရဲ့ အချစ်တော် ဧရာဝတီကို ကာကွယ်ဖို့ ပေါက်ကျော်လဲ တစ်ဘက်တစ်လမ်းက ပါဝင်မယ်ဗျာ"

ခဏလောက် ကြာသည့်အခါ မောင်ပေါက်ကျော် တစ်ယောက် သူကြီးမင်းရဲ့ ဟောတရားကို ကောင်းကောင်း သဘောပေါက်သွားပြီး သီချင်းတစ်ပိုင်းတစ်စကို စိတ်ပါလက်ပါ အော်ဟစ်သီဆိုကာ သူကြီးမင်းနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့လေတော့၏။

"ပေါက်ကျော်လဲ... လိုက်မယ်... ချန်... မထားနဲ့... သူကြီးသွားတော့... ပျင်းလှတယ်။ ပေါက်ကျော်လဲ...လိုက်မယ်.. ချန် ... မထားနဲ့..."

မောင်ပေါက်ကျော်နဲ့ စကားများနေတုန်း ဘယ်အချိန်က ဘယ်လို ရောက်နေကြမှန်းမသိသည့် တုံးဖလား ရွာသူ ရွာသားတို့သည်လည်း တက်တက်ကြွကြွဖြင့် လက်သီးလက်မောင်းတန်းကာ မောင်ပေါက်ကျော်သီဆိုနေသည့် သီချင်းအား သံပြိုင် သီဆို အော်ဟစ်ကြလေတော့၏။


"ကျုပ်တို့လဲ လိုက်မယ်... ချန်... မထားနဲ့... သူကြီးသွားတော့.... ပျင်းလှတယ်။ ကျုပ်တို့လဲ.... လိုက်မယ်.. ချန် ... မထားနဲ့..."


"ကျုပ်တို့လဲ.... လိုက်မယ်... ချန်.... မထားနဲ့... သူကြီးသွားတော့.... ပျင်းလှတယ်။ ကျုပ်တို့လဲ.... လိုက်မယ်.. ချန် ... မထားနဲ့..."


"ကျုပ်တို့လဲ.... လိုက်မယ်... ချန်... မထားနဲ့... သူကြီးသွားတော့.... ပျင်းလှတယ်။ ကျုပ်တို့လဲ... လိုက်မယ်.. ချန် ... မထားနဲ့..."


.
အမရွှေစင် နှင့် အမ စစ သူကြီးမင်းလဲ အချိန်မီ လုပ်လိုက်ပြီနော်။ သူကြီးမင်း ရွာသားတွေကတော့ စံဘဲ။ ဧရာဝတီကိုတောင် မြင်ဖူးရှာကြသေးတာ မဟုတ်ဘူး။း)))။ မဒန်ကိုးလေးလဲ ကိုရင်သာဖျော့ လက်ဆောင်ပေးထားတဲ့ မွေးနေ့ကိတ်လှီးဓါးကြီးနဲ့ မလိုက်တော့နဲ့နော်။ တဂ်စာလေးတွေ ရေးလိုက်ပြီးပြီ။

မြစ်ဆုံဆည် တည်ဆောက်ရေးအား အပြတ်အသတ် ကန့်ကွက်ပါသည်။

.

25 comments:

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

sosegado said...

ကိုပေါက်ကျော်နှင့်အတူ သီချင်းလိုက်ဆိုမှ ထင်တယ်

ငွေလမင်း said...

မီမီဝင်းဖေ မီမီဝင်းဖေ
သီချင်းကို ပြောတာပါ
ဧရာဝတီ ကို တစ်လုံးချင်း ဖွင့်ဆိုသွားတာ ကောင်းတယ်ဗျာ

San San Htun said...

ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ။

ကိုရင် said...
This comment has been removed by the author.
ကိုရင် said...

ဖျားနေတဲ့ သူမတဲ့လား.. ဖျားယုံပဲဖျားပါ..မနာပါစေနဲ့တော့..

Anonymous said...

သေချာသုံးသပ်ပြီး
ဧရာဝတီအကျိုးနဲ့ ပြည်သူ့အသံကိုနားစွန့် အလေးထားစေချင်ပါရဲ့ သဂျီးရယ်

ဧရာဝတီချစ်သူ
မောင်ဘကြိုင်

Candy said...

စာလာဖတ်ပါတယ်ရှင့်.... :D

Myanmar Good Knowledg Co., Ltd said...

သဂျီးရေးတာ ဖတ်လို့ကောင်းတယ်။
ဇတ်လမ်းလေးနဲ့ တင်စားမှုတွေ ထေ့လုံးတွေ နဲ့။

An Asian Tour Operator said...

ကန့်ကွက်ခြင်း ကို အပြတ်အသတ် ထောက်ခံပါသည်။ :)

ုမြသွေးနီ said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီးမင်းတို့ကတော့ အကွန့်လေးတွေနဲ့ စိတ်ဝင်စားဖွယ်ရေးတတ်ပါပေရဲ့
မောင်ပေါက်ကျော်တို့လိုဘဲ
မြစ်ဆုံဆည်တည်ဆောက်ရေးကို အပြင်းအထန်ကန့်ကွက်ပါတယ်သူဂျီးမင်းရေ

SHWE ZIN U said...

သကြီးမင်း ရေ

ရိုက်ချက်ကတော့ မိုက်လှပါတယ်..
ပေါက်ဖော် မှာ လည်း ပေါက်ဖော် အစိုးရ ကို မတားစီးနိုင်ပါဘူး တဲ့ ဝ တို့လည်း ဝတို့ စိုးရ ကိုကြောက်ပါတယ်တဲ့

သကြီးမင်း ရေ ရွှေစင်ဦး ကိုလည်း ချန်မထား နဲ့ လိုက်ခဲ့မယ် သကြီး မရှိရင်ပျင်း လှတယ်

ကျေးဇူး သကြီးရေ
အမောကိုပြေသွားတာဘဲ ရီလိုက်ရတာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

seesein said...

ဧ ချမ်းစွာနေရဖို့
ရာ ဇ၀တ်မှုဖြစ်ချင်လဲဖြစ်
ဝ ပြောသာယာတဲ့ နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့
တီ တီတာတာစကားတွေ နဲ့ ချော့မရရင်တော့
ကဲသူဂျီးမင်းရေ ဘီလူးဆိုင်းနဲ့
ဗိန်းဗောင်းတီးပြီး ပို့ကြစို...
ဧရာဝတီ ထာဝရ စီးဆင်းစေဖို့....


ခင်မင်တဲ့
seesein

စံပယ်ချို said...

သူကြီးရေ....ချန်မထားနဲ့ jas တို့လဲလိုက်မယ်
ဧရာဝတီ ဆက်လက်ရှင်သန်ဖို့ သူကြီးနဲ့အတူ
ကြိုးစားစို့.....
ခင်မင်တဲ့ jasmine

mstint said...

ပုံပြောကောင်းတဲ့ သူကြီးမင်းရေ ရေးလည်းရေးတတ်ပါ့။
ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ ရင်နာစရာပဲနော်။
'မြစ်ဧရာ' ထာဝရအေးချမ်းစွာစဉ်ဆက်မပြတ် စီးဆင်းနိုင်ခွင့်ရှိပါစေလို့ ဆုတောင်းမိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းဧရာ said...

ဗျို့ သူကြီးမင်း.....
ရွာ ပေါ်ကိုကျော်လာတဲ့
ပေါက်ဖေါ် တွေကို ထင်းတုံးလုပ်ပြီး
ကျံနေတဲ့ ငမိုက်သားတွေကို မီးမြိုက်စားကြဆို့ဗျာ။

blackroze said...

ပစ်ပစ်လည်းလိုက်မယ်ချန်မထားနဲ့...

PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

ချယ်ရီမြေ said...

သူကြီးမင်းနဲ့အတူ မြစ်ဆုံရေကာတာစီမံကိန်းကို အပြတ်အသတ် ကန့်ကွက်ပါတယ်...
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မြတ်မွန် said...

ဧရာဝတီ ကမ္ဘာတည်သရွေ့ထာဝရတည်ရှိနေပါစေလို့ပဲ ဆုတောင်း ပြုနိုင်တော့တယ် သူကြီးမင်းရေ။

ညိမ်းနိုင် said...

ဟယ်...တဂျီး....တဂျီး ပေါ်စတာသွားကပ်တာမသိလိုက်
ဘူးရယ်...ခုမှ တဂျီးအမှားတွေအကြောင်းလာဖတ်ရင်း
တွေ့တာရယ်....ကဲတဂျီး....ကျုပ်လည်း လိုက်မဗျ....။

မြစ်ကျိုးအင်း said...

ကျနော်တို့လည်း လိုက်တယ်ဗျို့...။

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

သတိုး said...

အရောက်လာလို့ တုံးဖလားသူကြီးပြောတဲ့ ဧရာဝတီပုံပြင်ကို နားထောင်ခဲ့ပါတယ် သူကြီးရယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ...ဟု။

သဒ္ဓါလှိုင်း said...

သူကြီးမင်းနဲ့အတူ ဧရာဝတီအတွက် လိုက်ခဲ့မယ်နော် ချန်မထားခဲ့ပါနဲ့.။
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။
ခင်မင်လျက်
သဒ္ဓါ