Saturday, 24 September 2011

သူကြီးမင်းရဲ့ "အမှား" ပုံပြင်


မနေ့က သာယာလျက်ရှိသည့် ကောင်းကင်ပြင်၌ ဒီနေ့ တိမ်သလ္လာများ ဖုန်းအုပ်နေလေ၏။ မြူဝေ့နေသော လန်ဒန်မြို့၏ ရာသီဥတုမှာ မှုန်တုန်တုန်ကြီး ဖြစ်နေလေ၏။ ထိုရာသီဥတုနှင့် အပြိုင် ဘိလပ်ရောက် တုံးဖလားရွာသူကြီးမင်း ကိုကိုမောင်၏ စိတ်သည်လည်း မှုန်တုန်တုန်ကြီးပင် ဖြစ်နေလေ၏။ သူကြီးမင်းသည် သူနေထိုင်သည့် မြို့အစွန်က အိမ်ကလေးတစ်လုံး၏ ဧည့်ခန်းတွင်း၌ လက်ကို နောက်ပစ်ကာ လူးလာခေါက်တုန့် လမ်းလျောက်နေလေ၏။ သူ၏ မျက်နှာအမူအယာမှာ တင်းမာသယောင်ထင်ရသော်လည်း လောကကြီးကို အရှုံးပေးထားဟန်ရှိလေ၏။ အောက်နှုတ်ခမ်းကို အထက်သွားများဖြင့် ဖိကိုက်ထားသည်ကို ထောက်သောအားဖြင့် တစ်စုံတစ်ခုအတွက် ရင်ဖွင့်ပြီး ဟစ်အော်ပစ်လိုက်ချင်ပေမဲ့ အဓိဋ္ဌာန်ဖြင့် စကားတစ်လုံးမှ မပြောဖြစ်အောင် ၀စီပိတ်သဘော ထိန်းချုပ်ထားဟန်တူလေ၏။

"တရားတရားဟောပါများ တရားထဲက ပါဠိရ၊ စကား စကား ပြောပါများ စကားထဲက ဇာတိပြ" ဟူသည့် အဆိုကို သူကြီးမင်းလက်ခံထား၏။ ထို့ကြောင့်ပင် စကားများများ မပြောဖြစ်အောင် စောင့်ထိန်းထားသည်ထင်၏။ စကားမပြောခြင်းသည် ပြဿနာတို့အား တားဆီးခြင်းတစ်မျိုးဟု သူကြီးမင်းယူဆထား၏။ သို့သော် သူကြီးမင်း၏ သီအိုရီသည် ပက်ပက်စက်စက်မှားယွင်းနေကြောင်းကိုမူ သူကြီးမင်းကိုယ်တိုင် မသိရှာသည်မှာ လွန်စွာမှ သနားစရာကောင်းလေတော့၏။ အခုလို မော်ဒန်ခေတ်ကြီးထဲ၌ ရေငုံနှုတ်ပိတ်နေခြင်းသည် ပြဿနာတို့ကို လက်ယပ်ခေါ်နေသယောင်ဖြစ်၏။ များများပြောမှ အမှန်တရားဖြစ်၏။ များများကြွားမှ လူများယုံကြည်ကြ၏။ ဟန်ဆောင်ကောင်းမှ သူတော်ကောင်းဖြစ်၏။ မျက်နှာဖုံးတပ်ထားမှ လူများလေးစားကြ၏။ ရက်စက်ယုတ်မာပြမှ လူကောင်းစာရင်းဝင်၏။ အထက်ပါသီအိုရီများကို သူကြီးမင်းမသိရှိထားသည့်အတွက် ထိုအဖြစ်အပျက်များဖြင့် ကြုံဆုံသည့်ခဏ၌ သူကြီးမင်းမှာ ယူကြုံးမရအဖြစ်ကြီးဖြစ်နေလေတော့၏။

သူကြီးမင်း ဘိလပ်၌ ပညာသင်ယူနေစဉ် တုံးဖလားရွာကို ခေတ္တတာဝန်ယူထားသည့် တိုးမောင်သည် သူကြီးမင်းပလ္လင်ကို လုယူချင်နေ၏။ ရွာသူရွာသားများကို စည်းရုံးရေးဆင်းနေ၏။ သူကြီးမင်း၏ မပြောပလောက်သည့် အပြစ်အနာအဆာတို့ကို ပေါ်တင်ကြီးအပုပ်ချ၏။ သူကြီးမင်းအုပ်ချုပ်စဉ်အတွင်း ရပ်ရွာမတိုးတက်ဘဲ လူဦးရေးများသာ တိုးတက်လာကြောင်း၊ အလုပ်အကိုင်လုပ်ချင်စိတ်မရှိကြဘဲ လွယ်ကူရာအိမ်တွင်းအလုပ်တို့ကိုသာ တသွင်သွင်ကြီးလုပ်နေကြကြောင်း၊ ဘိလပ်၌နေစဉ်အတွင်း ရပ်ရွာကို ပစ်ထားကြောင်း၊ သူကြီးမင်းဒုလ္လဘ၀တ်စဉ်ကထဲက ရွာသားများအတွက် အားကိုး၍မရတော့ကြောင်း စသဖြင့် နည်းမျိုးစုံ ပရိယာယ်မျိုးစုံ အတင်းအဖျင်းပေါင်းစုံတို့ဖြင့် သူကြီးမင်းကို တိုက်ခိုက်နေလေတော့၏။ ထိုသို့သော အကြောင်းအရာတို့ကြောင့် သူကြီးမင်းသည် စိတ်ထွက်ပေါက်အနေနဲ့ တစ်စုံတစ်ခုကို တိုင်တည်အော်ဟစ်ချင်စိတ်ပေါက်နေလေ၏။

"ကောင်းခြင်း မကောင်းခြင်းကို ခွဲခြမ်းသိမြင်တတ်သောကြောင့် လူမည်၏" တဲ့။ ဗုဒ္ဓစာပေတွေထဲက လေ့လာမှတ်သားထားတဲ့ စာပိုဒ်လေးတစ်ခုပါ။ ထို့ကြောင့် မသိသေးသည့် ကောင်းမွန်သောအရာကို သိအောင်ပြုလုပ်သင့်၏။ သိပြီးလျှင် သိပြီးသည့်အတိုင်း ကျင့်ကြံ အားထုတ်သင့်၏။ ထိုသို့ ကျင့်ကြံအားထုတ်မှု ပြုလုပ်မှ ငြိမ်းအေးမှု အထွတ်အထိပ်သို့ ရောက်ခြင်းကို ခံစားရမည်ဖြစ်၏။ သို့သော် သူကြီးမင်း၏ ပတ်ဝန်းကျင်၌ ထိုသီအိုရီကို ကျင့်သုံးကြသူ အလွန်နည်းပါးကြလေ၏။ ရပ်ရွာအကျိုးကို အခါတစ်ရာမက ဆောင်ရွက်စဉ်အခါက သူကြီးမင်းမှ သူကြီးမင်း ဖြစ်နေကြသည့် ရပ်သူရွာသားတို့သည် ယခုအခါ၌ သူကြီးမင်းအပေါ် ငြူစူနေကြလေ၏။ သူကြီးမင်း စေတနာဖြင့် ပြုလုပ်ပေးခဲ့သည့် အိမ်ထောင်ရေးကုထုံး နှင့် ချစ်ရေးချစ်ရာကုထုံးတို့ကြောင့် အပြစ်ပြောစ ပြုလာကြ၏။ ထိုကုထုံးတို့ကြောင့် လူဦးရေ အဆမတန် များပြားလာကြောင်းကို အပြစ်ပြောမဆုံး ဖြစ်နေကြလေတော့၏။

သူကြီးမင်းသည် "အော် လောက လောက၊ တယ်ပြီး တရားရဖို့ကောင်းလေစွတကား" ဟု အခါခါ အခါခါ နှလုံးသွင်းမှု ပြုလုပ်ပြီး မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀ လင်္ကာအပိုင်းအစ တစ်ခုကို ရွတ်ဆိုနေလေတော့၏။

လူ၏အကြိုက်၊ ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ
ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏
သတိမြဲမြံ၊ ကြည့်ဆက်ဆံလော့။ ။

ဟီရိုရှီးမားကို ကြဲချခဲ့သည့် အနုမြူဗုံးထက် ပြင်းဆအား အဆ တစ်ထောင်ရှိသော ခေတ်သစ်အနုမြူဗုံးကြီး အလုံးအရေအတွက် တစ်ရာခန့်ကို သူကြီးမင်း၏ ၀မ်းဗိုက်အတွင်း မျိုသိပ်သိမ်းဆည်းထားရသည့်အလား သူကြီးမင်း၏ စိတ်အစဉ်တို့သည် ပေါက်ကွဲလွင့်စဉ်ထွက်ပေါက်ရှာချင်နေလေ၏။ ထို့ကြောင့် သံကုန်အော်ဟစ်ပြီး ပေါက်ကွဲလွင့်စင်ဖို့အတွက် လန်ဒန်မြို့ ဟောင်းစလိုး ဟိုက်စထရိအမည်ရှိ ရှော့ပင်းမောကြီး၌ ငွေကြေးအမြောက်အမြား ကုန်ကျခံကာ ၀ယ်ယူထားသည့် မန်ချက်စတာ ယူနိုက်တက်ဒ် အားကစားဝတ်စုံ (ဘောလုံးကန်ဖိနပ်၊ ခြေအိတ်၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ ရှပ်အင်္ကျီ၊ လက်အိတ်၊ ခေါင်းဆောင်း) အပြည့်ဝတ်ဆင်ပြီး ပို့စ်မောက် အမည်ရှိ ဆိပ်ကမ်းမြို့ နာမည်ကြီးဈေးတစ်ခု၌ ၀ယ်ယူခဲ့သည့် အော့ကလေ အမည်ရှိ ပေါင်ရာကျော်တန် မျက်မှန်ကြီးကို ၀င့်ကြွားစွာ တပ်ဆင်ပြီး နေအိမ်မှ ဘတ်စ်ကား မှတ်တိုင်သို့ ခြေလှမ်းကြဲကြီးဖြင့် ခပ်သုတ်သုတ် ထွက်လာခဲ့လေတော့၏။

ဘတ်စ်ကားမှတ်တိုင်သို့သွားရာ ပလက်ဖောင်းပေါ်၌ ရှေ့တူရူမှ စည်းကမ်းမဲ့စွာ တစ်ရှိန်ထိုးစီးနင်းလာသည့် စက်ဘီးတစ်စီးနှင့် စိတ်လောလောဖြင့် ခပ်သွက်သွက် လမ်းလျောက်လာသည့် သူကြီးမင်းတို့သည် ထိပ်တိုက် ရင်ဆိုင်တွေ့ကြလေတော့၏။ သူရှောင်နိုး ကိုယ်ရှောင်နိုးဖြင့် စက်ဘီးသည် နီးသထက်နီးလာလေ၏။ အနီးရောက်မှ "မဖြစ်ချေဖူး ငါ ရှောင်လိုက်တာ ကောင်းပါတယ်" ဆိုပြီး လမ်းဘေးကပ်ထာ ရှောင်ပေးလိုက်သည့်အခါရောက်မှ စက်ဘီးစီးနင်းသူလည်း သူကြီးမင်းစဉ်းစားသည့်အတိုင်း လမ်းဘေးကပ်ကာ ရှောင်ပေးလေ၏။ သို့သော် စက်ဘီးသမားရှောင်ပေးလိုက်သည့် လမ်းဘေးနှင့် သူကြီးမင်းရှောင်ပေးလိုက်သည့် လမ်းဘေးတို့သည် တိုက်ဆိုင်စွာပင် အတူတူဖြစ်နေလေ၏။ ထို့ကြောင့် စက်ဘီးသမားသည် ဘရိတ်ကို ချက်ချင်း တုံ့ကနဲ ထိုးရပ်လိုက်ပြီး စက်ဘီးကို တစ်ဘက်သို့စောင်းကာ ခြေတစ်ချောင်းဖြင့် မြေကြီးကို ဆင်းထိန်းလေ၏။ သို့သော် အရှိန်မထိန်းနိုင်ဘဲ စက်ဘီးသမားသည် ဘေးတစ်ဘက်သို့ စက်ဘီးနှင့်အတူ လဲကျသွားလေတော့၏။

"S..... ခင်များဗျာ၊ စက်ဘီးတစ်စီးလုံးလာတာတောင် မမြင်ဘူးလား၊ F...... you" စသည်ဖြင့် မျက်စိမျက်နှာပျက်စွာ ဆဲရေးတိုင်းထွာမှု ပြုနေလေ၏။ သူကြီးမင်းလည်း အနှစ်နှစ်အလလက သင်ယူထားသည့် အဆင့်မြင့်မြင့် အင်္ဂလိပ်စကားတစ်လုံးတည်းဖြင့် တောင်းပန်သမှု ပြုလိုက်ရလေ၏။ ထိုစကားလုံးမှာ ဆောရီး ဟူ၍ပင် ဖြစ်လေသတည်း။ မည်သူမှားမှန်း မသိပေမဲ့ သူကြီးမင်း အမှားဟုပင် ခံယူလိုက်လေ၏။

ထို့နောက် သူကြီးမင်းသည် ဘတ်စ်ကားမှတ်တိုင်၌ နှစ်ထပ်ဘတ်စ်ကား နီနီကြီးကို အများနည်းတူ တန်းစီပြီး စောင့်ဆိုင်းနေလေ၏။ ဘတ်စ်ကားရောက်လာပြီးနောက် ဘတ်စကားပေါ်သို့တက်ကာ Oyster အမည်ရှိ ကဒ်ပြားဖြင့် ဘတ်စ်ကားပေါ်ရှိ ဘုကလေးတစ်ခုသို့ တီကနဲ မြည်အောင် ထိကပ်လိုက်ပြီး ဘတ်စ်ကားအပေါ်ထပ်သို့ မှင်သေသေဖြင့် တက်ရောက်ကာ ရှေ့တည့်တည့်ထိပ်ဆုံးထိုင်ခုံပေါ်၌ စွင့်စွင့်ကြီးထိုင်ကာ ဘတ်စ်ကားခရီးဖြင့် အသံကုန်အော်ဟစ်ဖို့ စီစဉ်ထားသည့် သစ်ပင်ကြီးကြီးရှိရာ နေရာသို့ ခရီးစတင်လေတော့၏။

သူကြီးမင်းသည် ဦးတည်ရာ ဘတ်စ်ကားမှတ်တိုင်သို့ ရောက်သည့်အခါ ဘတ်စ်ကားရပ်ရန် အချက်ပေးသည့် ဘဲလ်ကလေးကို နှိပ်ပြီး ဒရိုင်ဘာအား အချက်ပေးလိုက်ပြီး ဘတ်စ်ကားအောက်ထပ်သို့ ဆင်းလေ၏။ အောက်ထပ်သို့ရောက်ပြီး ပို၍သေချာစေရန် ဘဲလ်ကို ထပ်ပြီး နှိပ်လိုက်ပြန်လေ၏။ ထို့နောက် အနီးအနားရှိ ခရီးသည်များကို မျက်လုံးဝင့်ကြည့်လိုက်၏။ ခရီးသည်တစ်ယောက်တစ်လေမှ ထိုမှတ်တိုင်၌ ဆင်းမည့်သူမရှိသည်ကို သိရှိပြီး ဘတ်စ်ကားလည်း အရှိန်မလျော့သည်ကို သတိထားမိလေ၏။ ထို့ကြောင့် ပို၍ ပို၍ သေချာစေရန် ဘဲလ်ကို ထပ်နှိပ်လိုက်လေ၏။ ဒရိုင်ဘာသည် နောက်ကြည့်မှန်မှ သူကြီးမင်းဘဲလ်ကို အကြိမ်ကြိမ်နှိပ်နေသည်ကို တွေ့ရှိပြီး ဆဲနည်းပေါင်းစုံဖြင့် ဆဲရေးတိုင်းထွာလေတော့၏။ သူ့မှာနားပါကြောင်း မျက်စိပါကြောင်း ရူးသွပ်သူမဟုတ်ကြောင်း ဘဲလ်တစ်ချက်တီးရင် လုံလောက်ပါကြောင်း ဘဲလ်ကို ခဏခဏနှိပ်ခြင်းအားဖြင့် တစ်ခြားခရီးသည်တွေကို စိတ်အနှောင့်အယှက်ပေးသလိုဖြစ်ပါကြောင်း စသဖြင့်စသဖြင့် ကရားရေလွတ် တစ်တွတ်တွတ် ပြောဆိုပြီး ဘတ်စ်ကားမှတ်တိုင်၌ ကားကိုရပ်ပေးလေ၏။ သူကြီးမင်းသည်လည်း သူ့အမှားဟုပင် သတ်မှတ်ကာ မျက်နှာမချိုမချဉ်ဖြင့် ဆောရီးဟု ပြောကာ ဘတ်စ်ကားပေါ်မှ ဆင်းသက်ခဲ့လေ၏။

သူကြီးမင်းသည် ဘတ်စ်ကားပေါ်မှ ဆင်းသက်ပြီး Osterley Park အမည်ရှိ လန်ဒန်မြို့အနောက်ဘက်ခြမ်းရှိ သဘာဝဥယျာဉ်ကြီးအတွင်းသို့ ၀င်ရောက်ကာ လူသုံးယောက်ဖက်စာမျှ ကြီးသော သစ်ပင်ကြီးအနားသို့ ချဉ်းကပ်သွားလေ၏။ ထို့နောက် ဘေးပတ်ဝန်းကျင် ၀ဲယာရှေ့နောက်သို့ လူရှင်းမရှင်း အကဲခတ်ကြည့်ရှုလေ၏။ လူသူလေးပါး မည်သူတစ်ဦးတစ်ယောက်မှ မရှိကြောင်း တွေ့မြင်ရသည့်အခါ၌ ခါးကိုဆန့် ရင်ကိုကော့ပြီး ချောင်းဟန့်ကာ ထွက်လေတို့ကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို ကတော့သဏ္ဍာန်ပြုလုပ်ကာ ပါးစပ်နားသို့ ကပ်လိုက်၏။ ထို့နောက် သစ်ပင်ဆီသို့ မျက်နှာမူကာ အားရပါးရ သံကုန်အော်ဟစ်လေတော့၏။

"အို အသင်လောကကြီး.. ကျနော်မျိုး သံကုန်ဟစ်တိုင်ကြားပေအံ့။ လူတွေ အားလုံး မှန်ကန်ကြပါတယ်။ ကျနော်မျိုးကြီးသာ မှားတာပါ။ ကျနော်မျိုး သူကြီးမင်းသာ မှားတာပါခင်ဗျာ။ လူတွေအားလုံး သူတော်ကောင်းတွေပါ။ သူ့တို့ဖာသာ အဒိန္နာ ကာမေသု မုသာ ပိသုဏ၊ ဘာတွေဘဲ ကျူးလွန်ကျူးလွန် သူတို့က သူတော်ကောင်းတွေပါ။ လူမှန်တွေပါ။ ကျနော်မျိုးကြီး ရေငုံနှုတ်ပိတ်နေခြင်းသည်သာ မဟာ့မဟာ အမှားတော်ကြီးပါခင်ဗျာ။ ကျနော်မျိုးကြီးမှာ အပြစ်ရှိပါတယ် ခင်ဗျာ"

ထိုကဲ့သို့ တောင်စဉ်ရေမရ ဟိုရောက် ဒီရောက် အော်သစ် တိုင်တည်နေစဉ် သစ်ပင်အထက်မှ အကိုင်းတစ်ကိုင်း လှုပ်ကနဲ ဖြစ်သွားပြီး အသံနက်ကြီး တစ်သံ ထွက်ပေါ်လာလေ၏။

"ဟိတ်... ဘယ်ကောင်က ဒီကိုလာပြီး ဆူညံပူညံ လုပ်ရတာလဲ။ ဇိမ်ပျက်လိုက်တာ။ ဒီမှာ ဇရက်မင်း စည်းစိမ်ယူနေတာ။ အေ့.... လက်ကျန် ၀ီစကီလေးတောင် ဆက်မော့ချင်စိတ်ပျောက်သွားပြီ။ မင်း တော်တော် နှောက်ယှက်တဲ့ ကောင်ပါလား"

သစ်ပင်ပေါ် မော့ကြည့်လိုက်သည့်အခါ အ၀တ်အစား ပေစုပ်စုပ်နဲ့ အဖြူတစ်ကောင် သစ်ပင်ခွကြားမှာ ကျကျနန ထိုင်ပြီး ဇရက်မင်း စည်းစိမ်ယူနေသည်ကို မြင်တွေ့ရလေ၏။ "အော်.... ပေါက်ပေါက်ရှာရှာ သစ်ပင်ပေါ်တက်ပြီး ဒီအလုပ်ကို လုပ်ရတယ်လို့၊ သူ့သေတွင်း သူတူးတာနဲ့ အတူတူဘဲ။ အေးလေ ငါ အခုလို သစ်ပင်ရင်း လာအော်ဟစ်တာကိုက ငါ့အမှား။ ကျနော်မျိုးကြီး မှားပါတယ်ဗျာ" ဟု မ၀ံ့မရဲ စိတ်ထဲက ရေရွတ်ကာ ထိုနေရာမှ ထွက်ခွါခဲ့ရလေ၏။

အပြန်လမ်း၌ ဘတ်စ်ကား မစီးတော့ဘဲ ခြေလျင်ခရီး တဖြေးဖြေး လျှောက်လာခဲ့လေ၏။ ထိုကဲ့သို့ လျှောက်လာစဉ် လမ်းခုလတ်၌ ခလုပ် တစ်ခု တိုက်မိလေ၏။ အမေ့...ဟု တစ်ချက် ယောင်အော်လိုက်ပြီး ဖိနပ်ကို ငုံ့ကြည့်လိုက်သည့်အခါ ဖိနပ်ထိပ်ပိုင်း ကွဲပြတ်နေသည်ကို မြင်တွေ့ရလေ၏။ စိတ်ဆိုး ဒေါသထွက်ပြီး သူကြီးမင်းသည် S....ဟူ၍လည်းကောင်း F.. ဟူ၍လည်းကောင်း ရေရွတ်ကာ ထို ခလုပ်ကလေးအား စိတ်ရှိ လက်ရှိ ကန်ကျောက်လေတော့၏။ အင်းး ဘာမှ ပြန်မလုပ်တတ်တဲ့ ခလုပ်ကလေးကို ကန်ကျောက်တာက အန္တရာယ်ကင်းပေသကိုးးး။

ထိုနေရာမှ ဆက်လက်၍ လျှောက်လှမ်းလာရာ တစ်နေရာ အရောက်တွင် လမ်းဘေးရှိ ခြံတစ်ခု၌ စိုက်ပျိုးထားသည့် ယှက်နွယ်ရစ်ပတ်နေသော နွယ်လိုလို သစ်ပင်လိုလို အမာစား သစ်ခက်တစ်ခုဖြင့် သူကြီးမင်း၏ ရှပ်အင်္ကျီအား ညှိနေလေတော့၏။ အော်.... ဒီနေ့မှ ဖြစ်တတ်လိုက်တာနော်။ ငါ့နှယ်။ စိတ်ဆတ်ဆတ်ဖြင့် သစ်ကိုင်းကလေးအား ဆတ်ကနဲ ဖြတ်တောက်လိုက်ပြီး "မင်းတို့ကောင်တွေ အတော်နှောက်ယှက်ပါလားကွ ဟေ" ဟူ၍ သစ်ကိုင်းလေးကို ဆဲဆိုကြိမ်းမောင်း ရေရွတ်ကာ အိမ်သို့ ပြန်ခဲ့လေတော့၏။

အဆုံးမှာ စဉ်းစားကြည့်လိုက်တော့...
"ပြောတတ်ဆိုတတ် ပလီတတ် အာလူးဖုတ်တတ် အီစီကလီ ရိုက်တတ်တဲ့ သူတွေနဲ့ နှိုင်းယှဉ်ရင် ရေငုံနှုတ်ပိတ် နေလေ့ရှိတဲ့ ငါ့ရဲ့အမှား။ ငါနဲ့ နှိုင်းယှဉ်ရင် ဘာမှ မလုပ်တတ်တဲ့ ရုပ်သက်သက် သစ်ငုတ်ခလုပ် သစ်ကိုင်း သစ်ခက်တွေရဲ့ အမှား။ လောကကြီးကကိုမှ ငြိမ်နေတတ်တဲ့ အရာကို အမှားလို့ သတ်မှတ်လေရော့သလားမသိ"

ဟူ၍ သူ့သဘော သူ့မနောဖြင့် သူ့အတွေးလေးကို ပုံဖွဲ့ကာ သူကြီးမင်းတစ်ယောက် မဲ့ပြုံးလေး ပြုံးနေလေတော့၏။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

.

23 comments:

အင်္ဂါဟူး said...

အေးလေ....ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်း ဆိုသဟာဖြင့် သူဂျီးမင်းက ကျွန်တော်မျိုးကြီးမှာပါးတယ်လို့ ၀န်ခံရာရောက်သလို
တုံဏှိဘာဝေ ဆိတ်ဆိတ်နေခြင်းသည် အီစီကလီ ပလီပလာ တီတီတာတာ ၏ ကြီးစွာသော ရန်သူဖြစ်သောကြောင့် ခရားရေလွှတ် တွတ်တွတ်ပြောတတ်သော ကြူကြူ မ လေးများနှင့် လွဲကာ...တစ်ကိုယ်တည်း လပျိုဂျီး ဖြစ်နေတာသာ ထင်ရှားနေတော့တာပေါ့လေ။

ညိမ်းနိုင် said...

ကဲ သဟာဖြင့် ဂနေ့ကစလို့ တဂျီး မန်ယူအကျီင်္ဝတ်၊
အော်တလေကြီးတပ်လို့ တွေ့ကရာလူနှင့် တီတီတာတာ
အီအီအာအာလေးတွေ များများပြောပေတော့ဗျိုး.....။
အဲ့သာမှ အမှားမဖြစ်အောင်.....:)

Anonymous said...

အဟံအဝေရာ ဟောန္တုဆို ပိုမှန်မလား တယ်ဂျီးရ
း) ပြိးတော့ ငါ့ဘက်ကမှားတာပါ တလောကလုံးမှန်တယ် ထားပါတော့ထားပါတော့ ဆိုတဲ့ တီချင်းကို ကျယ်ကျယ်အော်ဆိုလိုက်လေ
အဆင်မပြေတာတွေ အဆင်ပြေသွားလိမ့်မယ်
တဂျီးက လူပြိုကြီးလားး)
တယ်တင်းကျွတ်တော့မယ်နော် တယ်ဂျီးလည်းကျွတ်တော့လေဗျာ


မောင်ဘကြိုင်

noblemoe said...

သူကြီးမင်းပုံပြင်ဖတ်သွားကြောင်းပါ။

လူ၏အကြိုက်၊ ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ
ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏
သတိမြဲမြံ၊ ကြည့်ဆက်ဆံလော့။ ။ မှန်၏။

အဆုံးမှာရေးထားတာ အမှန်တရားတွေပါပဲ။


ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ကိုရင်သာပျော့ said...

ဖြစ်ရလေ သူကြီးမင်းရယ်..ဖြစ်ကို ဖြစ်ရလေ..
အမူးသမား အမှားတစ်ရာဆိုတာများလား..ဟီးဟီး
ခြေနှစ်ချောင်းနဲ့ နားရွက်တိုတွေဟာ တစ်ခါတစ်လေကျရင် အတော်ခက်ပ..

စကားမစပ်..သူကြီးမင်းက မန်ယူဖန်လား..
အဲဒါဆိုရင်တော့ သတိသာ ထားနေပေတော့..
ွှအပြင်မှာ မတော်တဆတွေ့လို့ကတော့
သေမယ်မှတ်..ကတ်တလန်သားအကြောင်း သိသွားမယ်..:D

မဒမ်ကိုး said...

ဟဟဟဟဟဟဟ သူကြီရယ် လာလိုက်တာ သူကြီးဘလော့ကိုခလုတ်တိုက်တွားလို့ ဆောရီးနော် ..
(ပြန်မဆဲကြေး )

အပေါ်ကလူနဲ့ဖြစ်ရင် အနော်မပါဘူးနော်
တူ့ဟာတူကြောတား)

မဒိုးကန်

ဆွေလေးမွန် said...

သကြီးမင်း ပလီပလာချင်တာမှန်သမျှ ဘလော့ မှာချချရေးတော့ ..

ရေငုံနှုတ်ပိတ်တာက အပြင်က စတိုင်ဖြစ်သွားတာနေမှာ..


:) :) :)

blackroze said...

အမလေးနော်..ကြွားစိန်၇ယ်
မန်ယူအင်္ကျီဝတ်ပြီးအော့ကလေမျက်မှန်တပ်ပြီး
ဘတ်စ်ကားဂိတ်သွားတယ်ဆိုပြီးရောပေါ့
ဘယ်နှယ်..ဈေးနှုံးတွေပါကြွားစရာလား
သေချာတယ်
လူပျိုကြီးဖြစ်မှာ..ဟီးးဟီးးး.
ခုမှတီတီတာတာမပြောတတ်လို့မှားပါတယ်တဲ့
ဘာခုမှကြောက်ပါပြီလဲလူပျိုကြီးစာရင်းထဲပါပြီးသား
ဘယ်လိုရှောင်ရှောင်မလွတ်ပါဘူးကွယ်..ငှဲငှဲငှဲ..

ကိုလူကြီးကိုရင်ပြောသလိုဘဲနော်
မန်ယူဖန်ဆိုရင်တော့သတိထား..
ခြင်္သေ့ပြာနဲ့တွေ့မယ်..ဟင်းးဟင်းး

ထမ်ဝိုင်မှ မိမဲလေး

jasmine(တောင်ကြီး) said...

ဖြစ်ရလေ သူကြီးမင်း

အင်္ကျီမ၀တ်ပဲသွားတယ်လို့ရေးလဲရပါတယ်လေ...
မန်ယူရပါရသေးတယ်..
ဈေးနှုန်းလဲမကျန် ထဲ့ရသေးတယ်
မျက်မှန်ဆိုလဲရပါတယ်....
ခင်မင်တဲ့ jasmine

ဟန်ကြည် said...

ဟုတ်ပါ့ သူကြီးရယ်...ခမည်းလိုနေလို့ စိတ်ညစ်ရတဲ့ ကြားထဲမှာ ဂြိုလ်ဆိုးဝင်နေရရှာသေးတယ်...နောက်တစ်ခါ အိမ်ပြင်ထွက် လမ်းလျှောက်ရင် သြောင်း တစ်ရာ့ရှစ်ကွက် ဂါထာကို တစ်ရာ့ရှစ်ခါ ဆိုပြီးမှထွက်ဗျာ...

တကယ်တော့ အမှားတစ်ရံဆိုတာ အမှန်တရားပေကိုး သူကြီးရဲ့...အမှန်တရားဆိုတော့ ပန်းကန်ပြားထဲမှာ အခန့်သားတင်ထားရုံကတော့ဖြင့် ဒီဒွန္တယာကြီးမှာ အသုံးဝင်တယ်ဆိုပေမင့် အမှားတစ်ရံတွေ များပြန်တော့လည်း အစားခံရတာ သိပ်မနိပ်ပေဘူးပေါ့ဗျား...

သူကြီးရေ...ကတ်တလန် ကိုရင်ပြော့ကတော့ဖြင့် မန်ယူကို ရန်မူနေပါရောလား...ဦးဟန်ကြည်လေးကိုလည်း မက်ဆီအားကိုးနဲ့ ချဲလင့်ခ်ျခေါ်သွားချေရဲ့...သူကြီးမှာလည်း အီကွစ်မင့်စုံနေမင့်ဟာ...နောက်တစ်ခါ ကတ်တလန်နဲ့ဆုံရင် သူကြီးမင်းကိုယ်တိုင် မန်ယူအသင်းမှာ ဂိုးတိုင်နောက်ကဖြစ်ဖြစ် ဘောလုံးနေရာကဖြစ်ဖြစ် တစ်တပ်တစ်အားဝင်ပြီး အပြတ်ချဲစမ်းပါဗျာ...မက်ဆီပါတဲ့ ကတ်တလန်ကို သူကြီးပါတဲ့မန်ယူက အပီအပြင်တီးမဲ့ အစီအစဉ်ကြီးကို သရဲနီဦးဟန်ကြည်က အင်တိုက်အားတိုက် အားပေးချင်စမ်းပါရဲ့း)))

san htun said...

ဖြစ်ရလေ တဂျီးမင်းရယ်...နောက်တခါဆိုရင် ငါ့ဘက်က မှားတာပါ (အောင်လသီချင်း)ကို ဆိုပစ်လိုက်..

ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီး သစ်ပင်မှာသွားအော်တယ်ဆိုလို့ ပုံပြင်လေးတစ်ပုဒ်ကို သတိရသွားတယ်
တစ်ခါက ဘုရင်တစ်ပါး တောလည်ထွက်ရင်း လူစုကွဲလမ်းပျောက်ပြီး တစ်ယောက်တည်း တောထဲယောင်ချာချာဖြစ်နေတုန်း ယာတောအိမ်တစ်အိမ်ကို တွေ့ပြီး အနားကပ်သွားတဲ့အခါ စပါးထောင်းနေတဲ့ လူတစ်ယောက်ကို တွေ့တယ်တဲ့။ တောထဲမှာ လမ်းပျောက်ပြီး အစာမစားရတာလဲကြာနေတော့ သူထောင်းနေတဲ့စပါးကနေထွက်တဲ့ ဖွဲနုက အနံ့လေးက မွှေးလွန်းနေတဲ့အတွက် မနေနိုင်အောင် စားချင်နေပါတယ်တဲ့။ ဒါနဲ့ အဲဒီလူဆီကနေ ဖွဲ့နုကျွေးဖို့တောင်းစားပါတယ်။ ယာသမားက ဖွဲနုမစားပါနဲ့ ထမင်းဖြစ်ဖြစ်ကျွေးပါ့မယ်လို့ ပြောတာကို ဘုရင်က ဖွဲနုဘဲစားချင်တယ်လို့ပြောပြီး ဖွဲနုတွေ စားတော့တာပါဘဲ။ စားပြီးတော့မှ ယာသမားကို ဘုရင်က ငါဖွဲနုစားတာ မင်းဘယ်သူ့ကိုမှ လျှောက်မပြောနဲ့.. ပြောရင် သေဒဏ်လို့ ပြောကာနှုတ်ပိတ်လိုက်ပါတယ်။ ဒါနဲ့ မကြာခင်မှာ ဘုရင်ကြီးကိုလိုက်ရှာတဲ့ သူ့လူတွေရောက်လာပြီး နန်းတော်ကို ပြန်ပါသွားတော့တယ်။ ဘုရင်ကြီးဖွဲနုစားတာကို တစ်ယောက်တည်း မြင်လိုက်သိလိုက်ရတဲ့ ယာသမားက ပြောချင်တာ ပါးစပ်ကို ယားနေတာဘဲ။ ဒါပေမဲ့ ဘယ်သူမှမပြောရဘူးဆိုတော့ ကြောက်လဲကြောက် ပြောလဲပြောချင်ဖြစ်နေတယ်။ ဒါနဲ့ ယာသမားက တစ်ယောက်ယောက်ကိုတော့ မဖြစ်မနေပြောမှဖြစ်မယ် မပြောရရင်ငါ့စိတ်က နေလို့ရမှာ မဟုတ်ဘူးဆိုပြီး သူတို့ နေတဲ့တောထဲမှာ သစ်ပင်အကြီးကြီးရှိပါတယ်။ အဲဒီသစ်ပင်နားမှာကပ်ပြီး “ရှင်ဘုရင်ဖွဲနုစား ဟားဟားဟား.. ရှင်ဘုရင်ဖွဲနုစား ဟားဟားဟား.. ရှင်ဘုရင်ဖွဲနုစား ဟားဟားဟား..” လို့ သွားအော်ပါတယ်။ အော်ပြီး ပြန်လာတော့မှ ယာသမားက နေသာထိုင်သာရှိသွားတော့တယ်။ နောက်နှစ်အနည်းငယ်အကြာမှာ ယာသမားသွားအော်တဲ့ သစ်ပင်ကြီးဟာ ခုတ်လှဲခံရပြီး လူတွေရဲ့ သယ်ဆောင်သွားခြင်းခံလိုက်ရတယ်။ သစ်ပင်ကြီးကို ခုတ်လှဲပြီး စည်ကြီးတစ်လုံး ပြုလုပ်ပါတယ်။ အဲဒီစည်ကြီးက နန်းတွင်းမှာ တီးဖို့စည်ကြီးပေါ့။ စည်ကြီးလည်း ပြီးရော။။ ဒီစည်ကြီးကို ပထမဦးဆုံးစတီးဖို့အတွက် မင်္ဂလာယူပါတယ်။ ဘုရင်နဲ့တကွ နန်းတွင်းသူနန်းတွင်းသားတွေ စုံတဲ့အခါမှာ စည်ကြီးကို အားရပါးရတီးလိုက်တော့ ထွက်လာတဲ့အသံက “ရှင်ဘုရင်ဖွဲနုစား ဟားဟားဟား.. ရှင်ဘုရင်ဖွဲနုစား ဟားဟားဟား.. ရှင်ဘုရင်ဖွဲနုစား ဟားဟားဟား..” တဲ့။
သူဂျီးပုံကို နားထောင်ပြီး သစ်ပင်ကိုသွားအော်ရင်လဲ စိတ်မချရကြောင်း ပုံပြင်လေးပြန်ပြောသွားတယ်း)

mstint said...

-အမှားပေါင်းများစွာနဲ့ သူကြီးမင်းပြောမှ ကုန်သွားတဲ့အချိန်တွေ နှမြောပါ့ ရှေ့လျှောက်
သူကြီးမင်းရဲ့ လမ်းစဉ်အတိုင်းလိုက်တော့မယ်း))
-မန်လည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးကို ငယ်ငယ်ထဲက သဘောကျခဲ့တာ။
-အာရိုးရိုး ဘတ်စ်ကားမှတ်တိုင်သွားနေတဲ့ သူကြီးမင်းရဲ့ဟိတ်ဟန်နဲ့စတိုင်က လန်းလှချည်လား မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်ပေါ်နေတယ် ဟဟဟ။
-နိဂုံးအဆုံးလေးက အနှစ်ရှိလိုက်တာနော်။ သဘောပေါက်ပြီဆိုတော့ ပြင်တော့ပေါ့သူကြီးမင်းရယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

သကြီး ရေ သကြီး

သွားသတိ စားသတိ လာသတိ အရာရာ သတိ ကပ်မှပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မင်းဧရာ said...

ဖြစ်ရလေ သူကြီးမင်းရယ်........
တစ် ခုခုတော့ လိုနေတယ်ထင်ပါ့းး)

ကိုရင်သာပျော့ ကိုလည်းပြောလိုက်ပါဗျာ
ကတ်တလန်သား တွေကို ကင်စားဖို့
ရွာအနောက် ပိုင်းက သာအေး ကို အရက်ချက် ခိုင်းထားတယ်လို့ အရိုးကိုပါ ၀ါးစားပြစ်မယ် ဟင်းးးးး။

An Asian Tour Operator said...

့ဖြစ်မှဖြစ်ရလေ သဂျီးရယ်။

သဒ္ဓါလှိုင်း said...

သြော်.... မှားပါတယ်လို့သာ.။ သစ်ပင်ကြီးကိုတောင် အမှီပြုပြီး မှားပါတယ်လို့ပြောလို့ မရပါလား။

ကောင်းမွန်ဝင်း said...

အလိုမကျတာတွေပဲလား။
(သူများကိုမဟုတ်ပဲ ကိုယ့်ကိုကိုယ်လေ...)
ကျွန်မကတော့ သိပ်ရေငုံနှုတ်ပိတ်နေလို့မရဘူး။ ပြောကိုးပြောချင်တယ်........အဟဲ။

မေသိမ့်သိမ့် ကျော် said...

ဒီနေ့ကံမကောင်းပါလား ကတွတ်ပီရယ်...း)


ရေငုံနှုတ်ပိတ်နေတာ တစ်ခါတစ်လေ မဟုတ်ဘဲ ဟုတ်တယ်ချည်းထင်ခံရတော့ တစ်ခါတစ်လေ ရေရေလည်လည်တင်းမိတယ်။

ခင်တဲ့
မေသိမ့်

တောက်ပကြယ်စင် said...

သူကြီးမင်း ဖွဲနုစား ဟား ဟား ဟား တုံးဖလားရွာသာ ဖွဲနုစား ဟား ဟား ဟား ကိုကိုမောင် ဖွဲနုစား ဟား ဟား ဟား ဘုန်းဘုန်းလည်း ကိတ်မုန့်စား ဟား ဟား ဟား (သူကျမှ ကိတ်မုန့်ဖြစ်ရတယ်တဲ့) ဟိ။

(မှတ်ချက်။ လူကြီး မနောက်ရတာကြာသွားလို့ နောက်ချင်တဲ့စိတ်ကို ဆန်ထောင်းသမားကဲ့သို့ ထိန်းချုပ်လို့မရတာနဲ့ သစ်ပင်တစ်ပင်ဆီ မသွားတော့ဘဲ ဒီမှာပဲ နောက်ခွင့်ပြုစေလိုကြောင်း ဒန် တန် တန်)

ကူးကူးလှိုင် said...

ဟဟဟ စာဖတ်ပြီးကွန်မန့်မယ်ဆိုပြီး ကွန်မန့်ဘောက်ကိုဖွင့်လိုက်တာ မချောမန့်ထားတာသဘောကျလို့ ကိုယ်ပြောချင်တာတောင်မေ့တော့မလို့
ခေတ်ကြီးကိုက ပြောင်းပြန်ဖြစ်ချင်နေပြီဆိုတော့လဲ...

Anonymous said...

Appreciating the time and effort you put into your website and detailed
information you present. It's good to come across a blog every once in a while that isn't
the same old rehashed information. Wonderful read!
I've bookmarked your site and I'm adding your RSS feeds to my Google account.


Also visit my website - calendula-zeitung.de

Anonymous said...

This design is incredible! You definitely know how to keep a reader amused.
Between your wit and your videos, I was almost moved to start my own blog (well,
almost...HaHa!) Great job. I really enjoyed what
you had to say, and more than that, how you presented it. Too cool!


Also visit my webpage ... nutcracker