Sunday, 11 September 2011

သူကြီးမင်းရဲ့ "န၀ဧကဧက" ပုံပြင်

မိုးရွာနေ၏။
လေထန်နေ၏။
သို့သော် အလင်းရောင်တော့ အနည်းငယ် ရှိနေသေး၏။

ထိုသို့သော ညနေခင်းတစ်ခု၌ ကျွန်ုပ်သည် အ၀တ်အစား ထူထူဝတ်ကာ အော့ကလေ နေကာမျက်မှန် တပ်ပြီး ရပ်ကွက်တွင်းသို့ ခြေဆင်းမိလေ၏။ အော့ကလေ မျက်မှန် တန်ခိုးကြောင့် ရပ်ကွက်သူ ရက်ကွက်သားများ ပြူတိပြူတိလုပ်ကာ ချောင်းကြည့်ခြင်းကို ခံရလေ၏။ သို့သော် မျက်မှန်ကို အားကျ၍ ကြည့်ကြခြင်း မဟုတ်သည်မှာ သေချာလှပေ၏။ ထိုအချိန် ထိုလေ ထိုမိုး အောက်တွင် ထိုကဲ့သို့ မျက်မှန်တပ်ထားခြင်းမှာ ဆင်တော်နဲ့ ခလောက် ထင်ပေါ်နဲ့ ခမောက် ဖြစ်နေသောကြောင့် အထူးအဆန်း အရူးအနန်းအမြင်ဖြင့် ၀ိုင်းကြည့်ကြခြင်းပင် ဖြစ်ဟန်တူ၏။ သို့သော် ကျွန်ုပ်သည် ကိုယ့်ဝမ်းနာ ကိုယ်သာ သိသည်မို့ ခပ်တည်တည်ပင် မျက်မှန်တပ်ရက်သားဖြင့် လိုရာခရီးသို့ လျှောက်လှမ်းနေလေတော့၏။

ထိုစဉ် လမ်းခုလတ်၌ မိတ်ဆွေ တစ်ယောက်နဲ့ တွေ့လေ၏။

"သူကြီးမင်း... ဒါ တုံးဖလားမဟုတ်ဘူး။ ဘိလပ်ဗျ။ နေကာမျက်မှန် ကားကားကားကားနဲ့ ကြည့်ရဆိုးလှသဗျာ"

"မောင်မင်း.. ဥစ္စာကံစောင့် အသက်ဥာဏ်စောင့်ဆိုတာ ကြားဖူးပါစွ"

"ကြားဖူးပါလိမ့် သူကြီးမင်း"

"အိမ်း.. ဂလို အသက်ဥာဏ်စောင့် ဆိုရိုးစကားကြောင့် အခုလို မျက်မှန်တပ်ခဲ့ရခြင်းပေဘဲ"

"လင်းစမ်းပါဦးဗျ"

"မောင်မင်းနှယ်... ခက်ရန်ကော။ ဂလို မိုးရွာ လေထန်တော့ မိုးစက်မိုးပေါက်တွေ အမြန်နှုန်း မိုင်ချီပြီး မျက်စိတည့်တည့် လာထိရင် မခက်ချေလော။ မျက်စိအရှုံး နားအတုံးတဲ့။ မောင်မင်း မသိလေရော့သလား"

"အော်.. ဂလိုဆိုတော့လဲ ဟုတ်ပေသားဘဲ။ ကျနော်မျိုးတောင် အိမ်ပြန်ပြီး ရေဘင်မျက်မှန် သွားကောက်တတ်ရင် ကောင်းလေစွတေး"

ထိုကဲ့သို့ အမြင်ချင်း ဖလှယ်ပြီး ကျွန်ုပ်တစ်ယောက်ထီးတည်း ဆက်လက် လျှောက်လှမ်းလာလေရာ တစ်နေရာ အရောက်၌ လွန်စွာမှ ထူးဆန်းလှသည့် အဖြစ်အပျက်တစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ရလေ၏။ ခရီးသည်တင် လေယာဉ်ပျံကြီးတစ်စီး ကျွန်ုပ် ခေါင်းပေါ်မှ ဖြတ်ကျော် ပျံသန်းလေ၏။ တပြိုင်နက်ထဲ မီးခိုးတန်းကြီးလိုလို လေလှိုင်းထုကြီးတစ်ခုလိုလို အတန်းရှည်ကြီးတစ်ခုသည် ကျွန်ုပ်နဲ့ ဂိုက်ငါးဆယ်ခန့် အကွာ မြေပြင်ထက်မှ ပေါ်ပေါက်လာပြီး ကောင်းကင်သို့ ထောင်တက်သွားလေ၏။ ထိုလှိုင်းတန်းရှည်ကြီးသည် ကျွန်ုပ်ခေါင်းပေါ်မှ ဖြတ်ပျံသန်းသွားသည့် ခရီးသည်တင် လေယာဉ်ပျံကြီးအား ကောင်းကင်၌ သွားထိမိလေ၏။ ထိမိပြီးနောက် လေယာဉ်ပျံကြီးအား ရက်ဖောက်ရက်လုံး၌ ချည်မျှင်ရစ်ပတ်သကဲ့သို့ အရှိန်အဟုန်ဖြင့် ရစ်ပတ်ချည်နှောင်ပြီး မြေပြင်သို့ ဆွဲချလေတော့၏။

တန်ချိန်များစွာ အချိန်လေးသည့် ထိုလေယာဉ်ပျံကြီးသည် နွေဦးလေရူးထချိန်၌ လက်ပံပင်ပေါ်မှ လက်ပန်ပွင့် တစ်ပွင့် ကြွေကျလာသကဲ့သို့ တောင်ပံနှစ်ဘက် ဘယ်ညာလှည့်ပတ်ပြီး မြေပြင်သို့ တစ်နာရီ မိုင်ပေါင်းများစွာသော အမြန်နှုန်းဖြင့် သက်ဆင်းခဲ့လေတော့၏။ ထိုလေယာဉ်ပျံကြီးသည် ရပ်ကွက်တွင်းရှိ နှစ်ထပ် အိမ်ကြီး တစ်လုံးပေါ်သို့ "၀ုန်း" ပြုတ်ကျလေရာ လေယာဉ်ပျံကော အိမ်ကော မီးဟုန်းဟုန်းတောက်လောင်ပြီး အနိစ္စသဘောသို့ သက်ရောက်သွားလေတော့၏။

ထိုအဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီး ခရီးသည်များနှင့် အိမ်ရှင်များကို သနားကရုဏာ သက်မိနေစဉ် အခြားခရီးသည်တင် လေယာဉ်ပျံကြီး တစ်စီး ကျွန်ုပ်ခေါင်းပေါ်မှ ကျော်ဖြတ် ပျံသန်းပြန်လေ၏။ ထိုလေယာဉ်ပျံကြီးကိုလည်း အခြားလှိုင်းတန်းရှည်ကြီးတစ်ခုက ပထမလေယာဉ်ပျံကို ဆွဲငင်ရစ်ပတ်ပြီး မြေပြင်ပေါ် ဆွဲချသကဲ့သို့ ထပ်ပြီး ဆွဲချပြန်လေ၏။ ထိုလေယာဉ်ပျံကြီးသည်လည်း အခြားနှစ်ထပ်အိမ်တစ်လုံးပေါ်သို့ ပျက်ကျလေ၏။ ပထမအဖြစ်အပျက်နဲ့ အလားတူပင် လေယာဉ်ကော နှစ်ထပ်အိမ်ကြီးပါ မီးဟုန်းဟုန်း ထတောက်လေ၏။

မျက်စိတစ်မှတ် လျပ်တစ်ပြက် အတွင်းမို့ အံ့သြထိတ်လန့် သံဝေဂတရား ပွါးများမိလေ၏။ ငှက်မှန်ရင် ပျံရင်းသေ၊ လူမှန်ရင် ကြံရင်းသေ ဆိုပေသည့်တိုင် ယခုမူ လူသားတို့သည်လည်း ပျံရင်း သေကြေပျက်စီးကြပြီတကားဟု ဘယာနကရသ ဖြစ်ပေါ်နေမိချေတော့၏။ မီဒီယာခေတ်မို့ အသေအပျောက် စာရင်းကို အင်တာနက်ပေါ် ချက်ချင်း တင်လောက်သည်ဟု သတိရသွားပြီး အသင့်ပါလာသည့် ဆိုနီအက်ရစ်ဆင် မိုဘိုင်းဟန်းဆက်လေးဖြင့် အင်တာနက်ထဲကို Log in လုပ်ပြီး BBC Breaking News ထဲ ၀င်ရောက်ကြည့်မိလေရာ Death toll 900 ဟု တွေ့ရှိရလေတော့၏။

ထိုအဖြစ်အပျက်ကို လာရောက်ကြည့်ကြသူများ တစတစ များပြားလာသည့်အတွက် လမ်းတွေပိတ်ပြီး အပြန်နောက်ကျမည် စိုးသောကြောင့် ကျွန်ုပ်သည် လာလမ်းအတိုင်း အိမ်သို့ ခပ်သွက်သွက် ပြန်လာခဲ့လေ၏။ ကျွန်ုပ်၏ အိမ်ဝင်းထဲသို့ ရောက်လာသည့်အခါ အိမ်နဲ့ကပ်ရက် တစ်ဘက်အိမ်၌ လူနှစ်ယောက် အိမ်နံရံအား ဆေးသုတ်နေကြသည်ကို မြင်တွေ့ရလေ၏။ ထိုအိမ်နံရံသည် အင်္ဂတေအုတ်နံရံ ဖြစ်၏။ အိမ်နံရံ အပြင်ဘက်ကနေပြီး လှေခါးထောင်ကာ တစ်ယောက်က အောက်ကနေပြီး လှေခါးကို ထိန်းကိုင်ထားပေးလေ၏။ တစ်ယောက်က ဆေးပုံးနဲ့စုပ်တံကို ယူဆောင်ကာ လှေခါးပေါ်တက်ပြီး အိမ်နံရံအား ဆေးသုတ်နေလေ၏။ ဆေးသုတ်နေသည့် သူသည် ဆေးသုတ်ရင်း ပါးစပ်မှ ယဿာနုဘာဝတော အစချီသည့် မေတ္တသုတ်ကို ရွတ်ဆိုကာ သတ္တ၀ါအားလုံး ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့စာပိုဒ်အား ရွတ်ဆိုနေလေ၏။

ထိုသူနှစ်ဦးတို့ ဆေးသုတ်နေသည်ကို ကြည့်နေစဉ်ပင် ဆေးသုတ်ခံနေရသည့် ထိုနံရံကြီးသည် မြေပြင်ခြေရင်းမှ စပြီး ပြားလိုက်အနေအထားဖြင့် အိမ်အတွင်းဘက်သို့ ကျွံကျလဲပြိုသွားလေ၏။ ထိုကဲ့သို့ ကျွံကျနေခိုက် ဆေးသုတ်နေသည့် သူနှင့် လှေခါးထိန်းပေးထားသူတို့သည် အိမ်သူ အိမ်သားများ ထိခိုက် နစ်နာမည်စိုးသောကြောင့် ဆေးသုတ်သည့်သူက နံရံစွန်းကို အမြန်ကိုင်ထိန်းလိုက်ပြီး အောက်က လှေခါး ကိုင်သည့်သူက လှေခါးကို အားကုန်သုံးကာ နောက်သို့ ပြန်ဆွဲနေလေ၏။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် အိမ်နံရံကြီးသည် အိမ်အတွင်းသို့ လဲပြိုနေရာမှ နောက်သို့ ပြန်လှန်လာပြီး အလည်၌ တွေနေသေး၏။ ထို့နောက် ခဏအကြာမှာတော့ တွေနေရာမှ အပြင်ဘက်သို့ လဲပြိုကျလာတော့၏။ ဆေးသုတ်နေသည့်သူလည်း မခုန်ချ၊ လှေခါးကိုင်ထားသူလည်း လှေခါးကို မလွတ်ကြသောကြောင့် နှစ်ယောက်လုံး ပိမိပြီး ထို နံရံပြားကြီးအောက် ရောက်သွားကြလေတော့၏။

ထိုနံရံကြီးသည် ကွဲကြေသွားခြင်း မရှိဘဲ အလျားလိုက် အနေအထားကြီးပင် ရှိနေလေ၏။ ကျွန်ုပ်သည်လည်း ထိုသူနှစ်ဦးအား ကယ်တင်ရန် အမြန်ပြေးသွားပြီး အင်္ဂတေနံရံပြားကြီးကို တစ်ယောက်ထဲ ပင့်မနေလေ၏။ ဘယ်လောက်ပင် မမ မကြွရေးချ မကြွ။ တစ်နာရီနီးပါးကြာသောအခါ ကျွန်ုပ်လည်း ပင်ပန်းလာ၏။ နံရံကြီးလည်း အနည်းငယ်မျှ မကြွလာပေ။ ဘေးပတ်ဝန်းကျင် အကူအညီတောင်းရန် ကြည့်လိုက်သောအခါ ရေဘင်မျက်မှန် ကားကားတပ်ပြီး လမ်းလျှောက်နေသည့် လူတစ်ယောက်ကို တွေ့ရလေ၏။ ထိုသူမှာ အခြားသူမဟုတ်၊ ကျွန်ုပ်လမ်းလျှောက် ထွက်ခါစက တွေ့ခဲ့သည့် မိတ်ဆွေကြီးပင် ဖြစ်၏။

"မိတ်ဆွေကြီး အမြန်လာစမ်းပါဦးဗျ"

"ဘဇာတွေ ဖြစ်နေတာတုန်း သူကြီးမင်း"

"ဒီနံရံအောက်ထဲ လူနှစ်ယောက် ပိမိနေတယ်။ သေလား ရှင်လား မသိသေးဘူး။ အဲဒါ ဒီနံရံကြီးကို အတူတူ မကြတာပ"

"လာပြီ လာပြီ သူကြီးမင်း"

ထိုမိတ်ဆွေကြီးသည် ကျွန်ုပ်အား ကူညီရန်အလာ လမ်းခုလပ်၌ မြေကျင်းတစ်ခုကို နင်းမိကာ ခြေကျွံကျပြီး နှုတ်မရ ဖြစ်နေလေတော့၏။ ကျွန်ုပ်သည် ထိုမိတ်ဆွေကြီးအား စိတ်မရှည်သည်က တစ်ကြောင်း၊ နံရံအောက်က လူနှစ်ယောက်လည်း သေမည်ဆို သေလောက်ပေပြီဟု ဆုံးဖြတ်မိလိုက်သည်က တစ်ကြောင်း၊ ပင်ပန်းသည့် ဒဏ်ကြောင့် ဗိုက်အရမ်းဆာလာသည်က တစ်ကြောင်းတို့ကြောင့်...

"မိတ်ဆွေကြီး.... ကျွံနေတဲ့ ခြေထောက်ကို နှုတ်လို့ရတဲ့အခါ ဒီနံရံကြီးကို ကြိုးစားပြီး တစ်ယောက်ထဲ မ ကြည့်ပါဦး။ ကျုပ်ကတော့ ဗိုက်ဆာတာ မခံနိုင်လို့ ဗိုက်သွားဖြည့်လိုက်ဦးမယ်။ ပြီးမှ ပြန်လာခဲ့မယ်"

ဟု ပြောကာ အိမ်နဲ့ မနီးမဝေးရှိ KFC ဆိုင်သို့ တစ်ဦးထဲ ချီတက်ခဲ့လေ၏။ ဆိုင်ဝသို့ ရောက်သောအခါ "ယနေ့ဆိုင်ပိတ်သည်" ဟူသော စာတမ်းလေးအား မြင်လိုက်ရသည့် ခဏ အားအင်များ အလိုလို ကုန်ခန်းသွားလေ၏။ ထို့နောက် စဉ်းစားကြည့်မိရာ အိမ်နဲ့ မိုင်ဝက်ခန့်ဝေးသည့် နေရာ၌ Chiken Cottage ဆိုင်တစ်ခုအား သတိရသဖြင့် ထိုဆိုင်သို့ ဆက်သွားလေမိလေ၏။ ထိုဆိုင်အား အဝေးမှ လှမ်းမြင်လိုက်သည့်အခါ ဈေးဝယ်သူတို့ဖြင့် ပြည့်နှက်နေလေ၏။ စားရတော့မည်ဟူသော အသိဖြင့် တံတွေးကို ကြိတ်မျိုလိုက်မိသေး၏။ သို့သော် ကျွန်ုပ် ဆိုင်အနားသို့ အရောက်တွင်မူ ဆိုင်ရှင်သည် သူ့ဆိုင်အား သော့ခတ်ပြီး ပိတ်နေသည်ကို စိတ်မကောင်းစွာ မြင်တွေ့ရလေ၏။

"ဗျို့... ဆိုင်ရှင်။ ဆိုင်ပိတ်တော့မှာလားဗျ။ အစောကြီး ရှိသေးတာပ။ ကျုပ်ဗိုက်ဆာလာလို့ တစ်ယောက်စာလောက်တော့ ပြန်ဖွင့်ပြီး ရောင်းစမ်းပါဦး"

"မဖြစ်ချေဘူး မိတ်ဆွေ။ အခုတောင် အတော်လေး နောက်ကျနေပြီ"

"မဟုတ်တာဗျာ။ ခါတိုင်းတော့ Open till late လို့ ရေးထားတယ် မဟုတ်လား"

"ဟုတ်တယ်။ ဒါပေမဲ့ ဒီနေ့တော့ မိတ်ဆွေ မြင်တွေ့တဲ့ အတိုင်းဘဲ။ လေယာဉ်နှစ်စီး အိမ်နှစ်လုံးပေါ် ပျက်ကျတာကို အကြောင်းပြုပြီး လူစုလူဝေးတွေ ဖြစ်လာတယ်။ ဒီလူစုလူဝေးထဲမှာ အဖြစ်သမား အမူးသမား လုယက်တိုက်ခိုက်ရေးသမား စတဲ့ လူရမ်းကားတွေ ပါလာတယ်ဗျ။ အဲဒါ အခု အိမ်တွေကို လိုက်လုနေလို့ ကျနော်တို့လဲ တန်ဖိုးရှိပစ္စည်းတွေ ထုတ်ယူထားပြီး ဆိုင်ကို စောစောပိတ်လိုက်တယ်။ အခု အိမ်ပြန်တော့မယ်။ တာ့တာဗျို့"

ထိုကဲ့သို့ ပြောဆိုနေကြစဉ် အချက်ပေး ဥသြဆွဲသံများ၊ အရေးပေါ် အချက်ပေးသံများ၊ ရဲကားလာနေသည့် အသံဗလံများကို နားနဲ့မဆန့် ကြားနေရလေတော့၏။ ထိုကဲ့သို့ တ၀ီဝီ...တတူတူ အသံများကြောင့် ကျွန်ုပ်သည် နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ လန့်နိုးလာခဲ့လေတော့၏။ အနီးရှိ နှိုးစက်ကို ဖြတ်ကနဲ လှမ်းပိတ်လိုက်ပြီး နံရံက နာရီကို တစ်ချက် မော့ကြည့်မိလိုက်၏။ မနက် ခြောက်နာရီတောင် ထိုးနေလေပြီကော။ ခြောက်နာရီမှာထပြီး စာကြည့်ရန် နှိုးစက်ပေးထားမိသည်ကို အခုမှ သတိရမိလေ၏။ အိပ်ရာမှ ကရုတ်ကတက် ထပြီး ကိုယ်လက်အင်္ဂါသန့်စင်ပြီးမှ ဗိုက်ထဲက တကြုတ်ကြုတ် မြည်နေတာကို သတိထားမိလေ၏။ အင်း.. ဟုတ်ပေသားဘဲ။ ညတုန်းက ဘာတစ်ခုမှမှ မစားထားဘဲ။ ဆာပေမပေါ့။

မီးဖိုခန်းထဲ သွားပြီး ပေါင်မုန့်နှစ်ချပ် မီးကင်ကာ မာဂျရင်းသုတ်လိမ်းပြီး ကော်ဖီပူပူ ရေနွေးကြမ်းပူပူဖြင့် မနက်စာ အဆာပြေ စားလိုက်လေ၏။ ညတုန်းက နိုင်းအီလဲဗင်း ဗီဒီယိုဖိုင်လေး ကြည့်ပြီး အိပ်ပျော်သွားခဲ့သည်ကို အမှတ်ရပြီး ပြုံးလိုက်မိသေး၏။ ထို့နောက် ကြည့်စရာ စာများကို ခဏဘေးဖယ်ထားပြီး ကွန်ပျူတာရှေ့ထိုင်ကာ ဤပို့စ်လေးအား အမှတ်တရ ရေးခြစ်လိုက်မိလေတော့၏။

သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

.

23 comments:

နေ၀သန် said...

သူကြီးရဲ့ အော်ဂလေလေး လက်ဆောင်ပို့ပေးပါ... :P..

ခင်မင်လျက်
နေ၀သန်

SHWE ZIN U said...

သကြီးအိမ်မက် က တတောက်ကယက် ပါလား ကြည့်ရတာ ထမင်းလုံးနင်းမိ ထားတယ်ထင်တယ် ထမင်းထဲ ထမင်းမြုတ်စားထားလို့လေ

jasmine(တောင်ကြီး) said...

ကဗျာရေးမှထင်တယ်
ဂရောက်ဂယှက် သူကြီးအိမ်မက်
ဆိုပြီးခေါင်းစဉ်နဲ့....
ခင်မင်တဲ့ jasmine

ညိမ်းနိုင် said...

တဂျီး..အိပ်မက်တွေမကောင်းဘူး.....ယတြာချေရမယ်...။
ယတြာကအင်္ဂါနံတိုင်းပြည်က စနေသား ဘလော့ဂါတစ်ဦးကို တနင်္ဂနွေနံ အော့ကလေ မိုးအုံမျက်မှန်ကြီး အလှူပေးရမယ်တဲ့ဗျ.....:)

မင်းဧရာ said...

သူကြီးမင်း
အစောကတည်းကရောက်ပါလျှက်
လိုင်းမကောင်းလို့ မန့် မရဘူးဖြစ်သွားတာ။

အမကြီး ရွှေစင်
ပြောသွားသလိုပဲ ထမင်းထဲကို ထမင်းမြုတ်စာလို့
အိမ်မက်တွေ ဂရောင်ခြောက်ခြားမက်တာသိလား;;D
ကိုညိမ်းနိုင် ယတြာ ချေရမယ် ဒါပေမယ့် သူပြောသလို
စနေသားကိုမဟုတ်ဘူး ကြာသပတေး သားကိုလှူရမှာ တော်ကြာလွဲနေမှာ ဆိုးလို့ သတိပေးတာ ဟိ။

mstint said...

အိပ်မက်ကိုတောင် ကွက်ကွက်ကွင်းကွင်း ပုံဖော်ရေးသားနိုင်ပါပေတယ် သူကြီးမင်းရေ။
ဘာပြောပြော သူကြီးမင်းသုံးလိုက်တဲ့ ဆိုနီအက်ရစ်ဆင် မိုဘိုင်းဟန်းဆက်လေးမှာလို့ရမယ်ဆိုရင် ပြောနော်း)))
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တောက်ပကြယ်စင် said...

ဖတ်ရင်းနဲ့ ထင်တော့ထင်တယ် အိပ်မက်ထဲဆိုတာကိုလေ။ အိပ်မက်က အတော်လေးကို ထူးဆန်းနေပါလား သူကြီးမင်းရယ်။ လေယာဉ်ကြီးပျက်ကျတယ်လို့ မြင်မက်ရင်...သူကြီးမင်းက ဘယ်လိုအယူအဆရှိလည်း။ ရဲကားသံတွေ တ၀ီဝီဆိုတော့ Baby day out ကားထဲက နောက်ဆုံးခန်းလား မသိဘူး။ အဲဒါကို သွားသတိရမိတယ် သူကြီးမင်းရေ။ ကျန်းမာပျော်ရွှင်ပါစေ နော့...

ဟန်ကြည် said...

ခမည်းလိုနေသကိုး သူကြီးရဲ့ အိပ်မက်ဆိုးတွေ မက်မှာပေါ့...ညအိပ်ရာဝင်ရင် မီးဖိုကို ကန်တော့ပြီးအိပ်...( အိပ်ရာထဲမှာ ရှူးမပေါက်တော့ရင် အိပ်မက်ဆိုးတွေ မမက်တော့ဘူးပေါ့ );D

အော်ကလေကလေး မလိုချင်တော့ရင်လည်း ဒါနလေးမြောက်သွားအောင် အလှူခံပေးဖို့ အသင့်ရှိပါကြောင်း သူကြီးမင်းခင်ဗျား...

san htun said...

တဂျီးမင်း အော့ကလေကို မျက်စောင်းထိုးနေသူတွေ အများသား...

Angelhlaing(May everybody be happy and healthy! said...

အကိုဟန်ကြည်ပြောသလိုပဲ အကို :):)

blackroze said...

အဲတာပြောတာပေါ့
အိမ်မက်ဆိုးတွေမက်မှာပေါ့
ကိုယ့်ထက်အငယ်တွေကို
အနိုင်ကျင့်တာကိုး...

တဂျီးမင်းဆိုပြီးတော့
ကော်ဖီနဲ့ပေါင်မုန့်နဲ့တဲ့
ထမင်းလေးဘာလေးကြော်စားတာ
မဟုတ်ဘူး..ဘိလပ် အရမ်းဆန်နေတယ်ပေါ့
ခွိခွိခွိ..
(ခင်လို့စတာ..စိတ်မဆိုးကြေးးး)

မေဓာဝီ said...

9/11 ၁၀ နှစ်ပြည့် အမှတ်တရ ရေးရင်လဲ ရိုးရိုးရေးပါ သဂျီးမြင်းရယ်။ န၀ဧကဧကဆိုပြီး ၉/၁၁ ကို ပါဠိလို ထရန်စလေးရှင်းလုပ်၊ ပုံပြင်လို့ ခေါင်းစဉ်တပ်ပြီး အိပ်မက်လို ဘာလိုလုပ်တော့ လူတွေက ဘယ်နားလည်ကြမှာတုန်း။
သဂျီးဟာ ပြင်ညှာယှိပီပီ ပြင်ညာအတော်သုံးတာကိုးးးးးး

ကောင်းမွန်ဝင်း said...

ပေါင်မုန့်မီးကင် မာဂျရင်းသုတ် က ဘလက်ကော်ဖီနဲ့ပိုလိုက်တယ်။

ဒီကော်မန့်ကို
ကစ်ဆနိုး ⇔ ကိုးဆယ့်နှစ်
မှာရေးတာပါ။

An Asian Tour Operator said...

ထင်တော့ ထင်သား။

ချော(အစိမ်းရောင်လွင်ပြင်) said...

အဖြစ်အပျက်တွေက သူဂျီးနိုးလာတဲ့အခါ အိပ်မက်ဖြစ်သွားသလို တကယ်အိမ်မက်ဖြစ်သွားရင်ကောင်းမှာနော်။
အကြမ်းဖက်သမားတွေ သူတို့စိတ်ထဲ ဘယ်လို ယုံကြည်မှုမျိုးနဲ့ ဒီလို ပြစ်မှုတွေကို ကျူးလွန်နေကြတာဘဲမသိဘူး
အစွန်းရောက်အကြမ်းဖက်သမားဆိုတာ သူတို့တွေနဲ့ တကယ်လိုက်ဖက်တဲ့ နာမည်ပါဘဲ။

သဒ္ဓါလှိုင်း said...

တချို့ကိစ္စဖြစ်ရပ်တွေမှာ သူကြီးမင်းပြောသလိုပဲ အိပ်မက်ဖြစ်စေချင်ပါတယ်။ အိပ်မက်ကလန့်နိုးလာတဲ့အခါမှာတော့ ထိတ်လန့်စရာဖြစ်ခဲ့ရပြီ။
(အဲဒါကြောင့်လားမသိ.. ဗိုက်ဆာတာ)။
ခင်မင်လျက်
သဒ္ဓါ

မြသွေးနီ said...

သဂျီးမင်းရဲ့ အိမ်မက်ထဲ မျောပါသွားတယ်..။
အကြမ်းဖက်ဝါဒီတွေ ကျဆုံးစေချင်ပါတယ်ရှင်..။

မောင်ဘကြိုင် said...

သတင်းတွေတကြော့ပြန်ကြည့်မိရင်းမျက်ရည်တောင်ဝဲမိပါကော သယ်ဂျီးရာာာာ

မဒမ်ကိုး said...

ဘာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ
သူကြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လုပ်ရက်လိုက်တာာာာာာာာာာာာာာာာာာာာာာာာ
ဖတ်နေတာအကောင်းမှတ်လို့ ..
ဆိုးပဗျာ...............း(
အိပ်မက်တဲ့ အိပ်မက်တဲ့ အိပ်မက်တဲ့အရပ်ကတို့ရယ်

ငွေလမင်း said...

တကယ်မှတ်နေတာ ဖတ်နေရင်း ဘယ်လိုကြီးပါလိမ့်ပေါ့
ဟိုေ၇ာက်လိုက် ဒီေ၇ာက်လိုက်ဆိုတော့လေဗျာတို့ရယ်
နောက်ဆုံးမှ အိပ်မက်မှန်းသိရတယ်

saint said...

သူကြီး အိမ်မက်ကလေး ကောင်းလိုက်တာ

သမီးတောင် မက်ချင်တယ်..

အားပေးသွားပါတယ်...

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါသူကြီး-
မအားတဲ့ ကြားကလာဖတ်သွားသေးတယ်ဗျ-
ဒီသူကြီးနဲ့ တော့ခက်ပါသေးတယ်-

မေသိမ့်သိမ့် ကျော် said...

အော် ဖြစ်ရလေ။ ခေါင်းစဉ်ကိုဖတ်ပြီး စဉ်းစားတယ်။ ဘာများပါလိမ့်ပေါ့။ ရဲဖုန်းနံပါတ်များလား ဘာလားနဲ့ နောက်ဆုံးတော့ အိပ်မက်ဆိုတော့ပြုံးမိတယ်။ စိတ်ကူးပုံဖော်ထားတဲ့ ပို့စ်လေးက သိပ်ဖတ်လို့ ကောင်းတာပဲ။

ခင်တဲ့
မေသိမ့်