Sunday 31 July 2011

အကြွေးတွေ ရှင်းလိုက်ပြီ


ခေါင်းစဉ်ဖတ်ပြီး ကြွေးရှင်တွေ လိုက်လာမှာ ကြောက်ရသေးတယ်။ ငါ့ဆီက ချေးထားတာလဲ မဆပ်သေးဘဲနဲ့ အကြွေးတွေ ရှင်းလိုက်ပြီလေး ဘာလေး လုပ်နေသေးတယ်။ ပေးစမ်း ယူထားတဲ့ အကြွေးတွေ ဆိုပြီးတော့လေ။ ပြောတာ ပြောပါတယ်။ ငွေရေး ကြေးရေး အကြွေးတွေကိုတော့ ဘယ်သူ့ဆီကမှ ယူထားတာ မရှိပါဘူး။ ကျန်တဲ့ အကြွေးမျိုးကျပြန်တော့လဲ .... အင်းးး.. မရှိလောက်ဘူး ထင်တာပါဘဲလေ။ အခုအကြွေးက တိုက်တိုက်ဆိုင်ဆိုင် တစ်ယောက်ထဲကို တင်နေတဲ့ နှစ်ရှည်အကြွေးနှင့် လတ်လတ်ဆတ်ဆတ် အကြွေး။ အကြွေး မဆပ်မှာ ကြောက်လို့လား မသိဘူး။ အကြွေးရှင်က နာမည်တောင် ပြောင်းထားလိုက်သေး။ ဘာတဲ့။ ညိမ်းနိုင်ဆိုလား ငြိမ်းနိုင်ဆိုလားဘဲ။ ဘယ်လိုငြိမ်းညိမ်း ဘယ်လိုနိုင်နိုင် ကျနော်ကတော့ မောင်လေးလို့ ခေါ်နေဆဲပါဘဲ။ သူက လွန်ခဲ့တဲ့ နှစ်များဆီက မောင်လေးဆိုတဲ့ နာမည်နဲ့ ဒီမှာ တစ်ခါ အကြွေးပေးထားတယ်။ အဲဒီ အကြွေးတောင် မဆပ်ရသေးဘူး။ အခု ဒီမှာ ညိမ်းနိုင်ဆိုတဲ့ နာမည်နဲ့ အကြွေး ထပ်ပေးလာပြန်ရော။ စိန္တိတံ ကြံခါရှိသေး၊ ပုစ္ဆိ မေးပြန်ပြီ ဆိုတဲ့ ပုံပြင်လေးလို ဖြစ်နေပြီ။ ဒီလောက် အကြွေးပေးနေပုံထောက်ရင် ဧကန္တတော့ မောင်လေး(ခ)ညိမ်းနိုင်ဟာ ချစ်တီး ၀င်စားလေးဘဲ ဖြစ်ရမယ်။ ဟာ ဟ။

ကဲ..ကဲ။ အကြွေးရှိတော့လဲ ဆပ်ရမဲ့ တာဝန်က ကျနော့်တာဝန်၊ ဖတ်ရမဲ့ တာဝန်က သူ့တာဝန် မဟုတ်ပေဘူးလား။ (ဟုတ်ပါတယ်ဗျား)။ လေချည်း ပစ်နေလို့ မပြီးသေးပါဘူး။ (မပြီးသေးပါဘူး)။ အလုပ်နဲ့ သက်သေပြကြစို့လား။ (သက်သေပြကြမယ်လား)။ ကဲ.. ပြောနေတာ ကြာတယ်။ (မပြောရင် မကြာပါဘူး)။ အကြွေးဆပ်တာလေးကို အလှည့်ပေးလိုက်ကြစို့ရဲ့။ (အလှည့်ပေးတော့မယ်ပေါ့)

မောင်လေးရဲ့ အကြွေးတွေကို (အကြွေးတွေရှိတယ်လား)
နောင်ရေး အေးစေဖို့ (နောင်ရေး အေးရအောင်ပေါ့)
ရှောင်ပြေးကာ အဝေး မသွားချင်ပါဘူး (မသွားချင်ပါဘူး)
ဒါကြောင့်မို့
ကောင်လေးရေ...
စောင်လေး ဖွင့်ကာ ဆပ်။ ။


ခပ်သွက်သွက်နဲ့သာ ကျော်ဖတ်ကြပေတော့ဗျို့။ အကြွေးနှစ်ခုလုံး ဒီမှာ တစ်ပေါင်းထဲ ရှင်းလိုက်မိပြီ။ နဲနဲတော့ ရှည်သွားတယ် ထင်ပါ့။ ဖြစ်ချင်တာနှင့် ဖြစ်နေတာတွေ တဲ့။ ပြီးတော့ ကျွန်ုပ် ကြိုက်၏ မကြိုက်၏ တဲ့။ ရှုစားကြပါလှဲ့။
......



ဖြစ်ချင်တာနှင့် ဖြစ်နေတာတွေ

အင်း... ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို တဂ်စာတွေကို မရေးဘဲ ကိုယ့်ဖာသာကိုယ် အေးအေးလေးနေရင် ကျနော်ဘယ်လိုလူမျိုးဆိုတာ ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။ အခုတော့ မောင်လေးက ခင်ခင်မင်မင် တဂ်ထားလေတော့ ကိုယ့်ပေါင်ကိုယ် မလှန်ဘဲ ထောင်းပေရဦးတော့မပေါ့။ (လှန်ထောင်းရင် မသင့်တော်ဘူး ထင်လို့)။ အတော်နောက်တဲ့ မောင်လေးး)))။ မတဂ်ကောင်းတာတွေ လာတဂ်တယ်။ ဘာတဲ့။ ဖြစ်ချင်တာနှင့် ဖြစ်နေတာတွေ ဆိုလားဘဲ။

ဘ၀မှာ ဘာမှ ရည်ရွယ်ချက် ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ရေစီးကြောင်းအတိုင်းလိုက်ပြီး အလိုက်အထိုက်ကလေး မျောစီးနေတာပါ။ ဘာမှလဲ ကြိုးစားပန်းစား အားထုတ်ခဲ့တာမရှိပါဘူး။ ပေါ့ပေါ့ပါးပါးပါဘဲ။ ဒါကြောင့်မို့ ရနေတဲ့ဘ၀၊ ရလာမဲ့ဘ၀တွေကို ကျေနပ်တယ်။ ဘာမှ စိတ်မကောင်းမဖြစ်ဘူး။ အရမ်းကြိုးစားတဲ့သူတွေ မျက်စိရှေ့ မှာ မအောင်မြင်ဘဲ ဘ၀ကို အရှုံးပေးသွားကြတာ အများကြီး တွေ့ဖူးတယ်။ သူတို့ကိုလဲ ချီးကျူးပါတယ်။ သူတို့တတ်နိုင်သလောက် ကြိုးစားသွားကြတာ။ အောင်မြင်တာ မအောင်မြင်တာကတော့ ကံတရားပေါ့လေ။ ကျနော်ကတော့ သူတို့လောက်ကြီး မကြိုးစားခဲ့ဘူး။ သူတို့လို ကြိုးစားပြီး သူတို့လို မအောင်မြင်ဘဲ ဘ၀ကို အရှုံးပေးရရင် ကျနော်က သူတို့ထက် ပိုဆိုးလောက်တယ်။ ဒါကြောင့် ဘာကိုမှ ပြင်းပြင်းထန်ထန် မကြိုးစားခဲ့ဘူး။ ကြိုးစားနေတဲ့သူတွေကို ကြိုးစားချင်စိတ်မရှိအောင် ရေးနေတာမဟုတ်ပါဘူး။ ကျနော့် Reality of life ကို ချပြရုံပါ။ တစ်ခုတော့ ရှိတယ်။ အသက်ကလေး နဲနဲကြီးလာတာနဲ့ အမျှတော့ ပရဟိတစိတ်ကလေးတော့ ရှင်သန်ကြီးထွားလာလေရဲ့။

အဲ... ဒါပေမဲ့ ကျနော် ဖြစ်ချင်ခဲ့တဲ့ အရာတွေကတော့ ရှိတယ်။ အများသူငါလို စစ်ဗိုလ်ကြီးတို့ အင်ဂျင်နီယာကြီးတို့ သင်္ဘောသားတို့ ဒေါက်တာတို့လို ဖြစ်ချင်တာ မဟုတ်ပါဘူး။ ကျနော့်အဖြစ်ချင်ဆုံး အရာက ရိုးရိုးစင်းစင်းလေးပါ။ ကျနော် အားမနာတတ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ အရှက်အကြောက်နည်းတဲ့လူတစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ အဲဒါတွေ ကျနော့်ဘ၀မှာ မဖြစ်ခဲ့ဖူး။ အဲဒီ အားနာတတ်တာ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တာ၊ ရှက်ကြောက်တတ်တာက ကျနော့်ဘ၀ကို ကသိကအောက် ဖြစ်စေတယ်။ ပေါင်းသင်းဆက်ဆံမှုတွေမှာ သိပ်အဆင်မပြေဘူး။

အားနာတတ်လွန်းတဲ့အတွက် လူတစ်ချို့ က အဲဒီအားနာမှုကို အလွဲသုံးစားလုပ်တာ ခံခဲ့ရဖူးတယ်။ ချောက်တွန်းတာ ခံခဲ့ရဖူးတယ်။ အပြစ်ပုံချတာ ခံခဲ့ရဖူးတယ်။ အမှန်ကတော့ အားနာမှုဆိုတာ ကိုယ်ချင်းစာမှုကနေ ပေါက်ဖွားလာတာ မဟုတ်လား။ ကိုယ်ချင်းစာပြီး ကိုယ်ဖြစ်ချင်သလို သူလဲ ဖြစ်ချင်ရှာမှာဘဲ၊ သူဒီလိုဖြစ်ချင်နေတာကိုသိရဲ့သားနဲ့ ငါမလုပ်ပေးလိုက်ရရင် အားနာစရာကြီး စသဖြင့် ကြံဖန်ပြီး အားနာမှုဖြစ်လာတယ်လို့ ထင်တာပါဘဲ။

အားနာတတ်တဲ့အတွက်ကြောင့် ဘ၀တစ်လျှောက်မှာ လူ့အတ္တသမားတွေနှင့်ကြုံခဲ့ရဖူးတယ်။ ကိုယ်ချင်း လုံးဝ မစာနာတတ်တဲ့ လူတွေနဲ့ တွေ့ခဲ့ဖူးတယ်။ ကွန်မွန်းဆင့် လုံးဝမရှိသူတွေနှင့် တွေ့ခဲ့ရဖူးတယ်။ အဲဒါ အားနာတတ်ခြင်းရဲ့ အကျိုးရလာဒ်တွေဆိုရင် မှားမယ် မထင်ပါဘူး။ ရှေးလူကြီးတွေရဲ့ ဆုံးမစကားကို ကြားနာခဲ့ဖူးတယ်။ ပညာရှာတဲ့အခါ ဥစ္စာရှာတဲ့အခါတွေမှာ အရှက် အကြောက် အားနာမှု လုံးဝမထားပါနဲ့တဲ့။ ရှက်နေမယ် ကြောက်နေမယ် အားနာနေမယ်ဆိုရင် အဲဒါ ဆုံးရှုံးမှုရဲ့ နိဒါန်းပါဘဲတဲ့။

အချုပ်ပြောရရင်တော့ ဖြစ်ချင်တာက အားမနာ လျာမကျိုး ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့သူ ဖြစ်ချင်တာ။ ဒါပေမဲ့ ဖြစ်နေတာက ပတ်ဝန်းကျင်ကို အလွန်ဂရုစိုက်တတ်ပြီး အားအရမ်းနာတတ်တဲ့သူ၊ ရှက်တတ်တဲ့ သူ ဖြစ်နေပါရောလား။ ပြောတာ ပြောရတယ်။ ဖြစ်ချင်တာနှင့် ဖြစ်နေတာ ကွက်တိကျတဲ့သူက လောကကြီးမှာ မရှိသလောက်ဘဲ မဟုတ်ပါလား။



ကိုကိုမောင် ကြိုက်၏ မကြိုက်၏

ဘလော့ဂ်ဖတ်ခြင်း။
ဘာရေးရေး အကုန်ဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် ဘလော့ဂါ ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ရေးထားတာကို ပိုဖတ်ဖြစ်ပါတယ်။ စာအုပ်တွေကနေ ထပ်ဆင့်ကူးတွေကိုတော့ စိတ်ပါမှ ဖတ်ပါတယ်။ စိတ်ကကို လတ်လတ်ဆတ်ဆတ် ကိုယ်ပိုင်အတွေးလေးတွေကို ကြိုက်နေလို့ ဖြစ်ပါလိမ့်မယ်။ ကြိုက်တဲ့ စာရေးဆရာတွေကိုတော့ ဒေါင်းလုပ်ဆွဲပြီး ဖတ်လေ့ရှိပါတယ်။ ပြီးတော့ ဘလော့ဂါအချင်းချင်း စိတ်မဆိုးကြေး စလိုက် နောက်လို့ ကျီစယ်လိုက် လုပ်ရတာကို ကြိုက်တယ်။ ကွန်မင့်ကို pop up window လေးနဲ့ဆို ပိုကြိုက်တယ်။

ကွန်မင့်ကို Moderate လုပ်ထားတာ၊ word verification လုပ်ထားတာ၊ Cbox ဖြုတ်ထားတာ၊ အရမ်းပြင်ဆင်ထားပြီး ဖွင့်တဲ့အခါ နှေးကွေးနေတာ၊ စာကြောင်းတွေကို Justify မလုပ်ဘဲ ထားတာ၊ အဲဒါတွေကို နဲနဲ အစာမကြေချင်ဘူး။ အချိန်နဲနဲ စားလို့။ စာလုံးတွေ ပြန့်ကြဲနေတာ၊ စာပိုဒ်ခွဲမထားတာ၊ လိုအပ်တဲ့နေရာမှာ ပုဒ်မ ပုဒ်ထီး မသုံးဘဲ ထားတာ၊ အဲဒါတွေကိုလဲ နဲနဲ နှာတွန့်ချင်သလိုလိုဘဲ။ ဖတ်ရတာ မျက်စိလည်လို့။(သို့သော် ကျနော်ကိုယ်တိုင် လွဲချော်နေဆဲပါ)။ ဘလော့ဂါအချင်းချင်း ပျော်သည် ပျက်စေ ကလက်စေ စ နောက် ရင်း စိတ်ဆိုးသွားတာမျိုးကိုလဲ မနှစ်သက်ပါ။ (တိုက်ဆိုင်မှု ရှိက ခွင့်လွတ် နားလည်ပေးကြပါကုန်)။

ကိုယ်ခန္ဓာ။
ခန္ဓာကိုယ်ကတော့ ထုံးစံအတိုင်း သန့်ရှင်းမှ ကြိုက်သပေါ့ဗျာ။ ဘယ်လောက်အထိ အသန့်ကြိုက်သလဲဆိုရင် မြန်မာမှာ နေစဉ်တုန်းက တစ်ရက်ကို အနည်းဆုံး ရေနှစ်ခါ ချိုးတယ်။ တစ်ခါတစ်ခါဆို သုံးခါကြီးများတောင်။ ဘိလပ်ရောက်တော့ တစ်ရက် တစ်ခါတော့ မှန်မှန်ချိုးတယ်။ ကိုယ့်ကိုကိုယ် လိပ်ပြာ မသန့်ရင်တော့ နှစ်ခါ ချိုးတယ်။ မှတ်မိသေးတယ်။ မြန်မာမှာ ရှိစဉ်တုန်းက အရမ်းအေးတဲ့ ဗမာမဟုတ်တဲ့ ရွာကလေး တစ်ရွာကို ရောက်ဖူးတယ်။ ဆောင်းပိုင်းကြီး ရောက်သွားတာ။ ရွာခံတွေတောင် သုံးလေးရက်နေမှ တစ်ခါလောက် ရေချိုးကြတယ်။ ဒါပေမဲ့ ကျနော်ကတော့ အဲဒီရွာမှာ နေထိုင်စဉ်အတွင်း တစ်ရက်တစ်ခါ ချိုးပစ်လိုက်တာပါဘဲ။ မတတ်နိုင်ဘူး။ သန့်ရှင်းချင်တာကိုး။ အဲ... ကျနော်ရေချိုးတာကို ကြည့်ပြီး အဲဒီရွာသားတွေကတော့ မှတ်ချက် ချကြလေရဲ့။ အဲဒီ ဗမာလေး အတော်လေး ညစ်ပတ်ရှာတယ်တဲ့။ ဒါကြောင့် ရေခဏခဏ ချိုးတာတဲ့။

လမ်းသရဲတွေလို ဆံပင်ရှည်ရှည်နဲ့ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း အရပ်မြင့်မြင့် ပုံစံမျိုး ဖြစ်ချင်တယ်။ မျက်လုံးအကြည့် စူးရှထက်မြက်ချင်တယ်။ လမ်းလျောက်ပုံ စတိုင်လ်ကျချင်တယ်။ လူရှေ့သူရှေ့ စကား ရဲရဲဝံ့ဝံ့ ပြောတတ်ချင်တယ်။ ဒါပေမဲ့ အမှန်တရားကတော့ ကတုံးတုံးထားတယ်။ ဒေးဗစ်ဘက်ဟမ်းလိုလို ဖြစ်နေတယ်။ ခန္ဓာကိုယ်က ခပ်သွယ်သွယ်။ အရပ်က ငါးပေ ၅ လက်မ။ မျက်လုံးအကြည့်က လူတစ်ယောက်ကို ကောင်းကောင်း စိုက်မကြည့်ရဲဘူး။ ရိုင်းတယ်ထင်မှာ ကြောက်လို့။ လမ်းလျောက်တာကတော့ နောက်က ကျားလိုက်လို့ ထွက်ပြေးသလိုလို။ မြန်မှမြန်။ လူစုလူဝေးထဲ စကားပြောရမှာလဲ ၀န်လေးပြန်ရော။ အဲ... အသားအရောင်ကတော့ ဖြူရွှေရောင်လေးဗျ။ အရမ်းလှတာဘဲ တဲ့။ ကျနော့် အမေက ပြောတာ။ သူ့ သားကိုး။ သူ့မျက်စိထဲ လှပေမပေါ့။း)) ကျောင်းတက်တုန်းက သူငယ်ချင်း တစ်ယောက်ရဲ့ အားပေးစကားကို အခုထက်ထိ ကြားယောင်နေတုန်းဘဲ။ ကိုကိုမောင်.. မင်းသာ ဒီကျောင်းရဲ့ လူချောစာရင်းထဲ ပါရင် ဒီကျောင်းမှာ ရုပ်ဆိုးတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးတဲ့။ အင်းးး ဖြစ်နိုင်တယ် ဖြစ်နိုင်တယ်။ သူတို့က အလှအပမှ မမြင်တတ်ကြတာ။း))

အခန်း။
သန့်ရှင်းပြီး အနံ့ကင်းတဲ့ အခန်းမျိုးကို ကြိုက်တယ်။ ဒါပေမဲ့ စာမေးပွဲအတွက် စာတွေ မဖြစ်မနေလုပ်ရတော့မယ်ဆိုရင်တော့ ကျနော့် အခန်းထဲ လာမကြည့်လေနဲ့။ ခြေချဖို့နေရာတောင် အနိုင်နိုင်။ စာအုပ်တွေ ဟိုဟာတွေ ဒီဟာတွေနဲ့ ရှုပ်ပွနေတော့တာကလား။ ဒါကြောင့် အဲဒီလို အချိန်မျိုးမှာ ဧည့်သည်လာမှာ သေမလောက် ကြောက်ပါတယ်။

စာကြည့်မီး။
ညဘက် စာကြည့်တဲ့အခါ မီးလုံးနဲ့ စာကြည့်ရတာ မကြိုက်ဘူး။ မီး(ဖန်)ချောင်းနဲ့ စာကြည့်ရတာဘဲ ကြိုက်တယ်။ တစ်ချို့ကတော့ ပြောကြတယ်။ မီးချောင်းက မီးလုံးထက် မျက်စိ ပိုခိုက်တတ်တယ်တဲ့။ မီးပျောင်းရဲ့ မျက်တောင်ခတ်အားက ပိုပြင်းထန်လို့တဲ့။ ဒါပေမဲ့ ကျနော်ကတော့ မီးချောင်းမှ မီးချောင်းပါဘဲ။

အပြုအမူ။
ပတ်ဝန်းကျင်ကို အရမ်း ဂရုစိုက်အားကြီးလွန်းတယ်။ ငါ ဒီလို လုပ်လိုက်ရင်၊ ငါ ဒီလို နေပြလိုက်ရင် သူဘယ်လို ခံစားသွားရမလဲ ဆိုတဲ့ အသိက အမြဲတမ်း စိတ်ထဲ ၀င်ရောက်နေတယ်။ အဲဒီလို စိတ်ထားကြောင့် လုပ်တဲ့ အလုပ်တိုင်း ခရီးမတွင်လှဘူး။ ပြီးတော့ အပြစ်ပြောခံရမှာ ကြောက်တာလဲ ပါတယ်။ ယုတ်စွအဆုံး လေလည်ရင်တောင် လူရှေ့သူရှေ့ ကျယ်ကျယ် မလည်တတ်ဘူး။ (ငါ့နှယ်နော်.. လူတင် မကဘဲ လေရောတောင်မှ အားနာနေလိုက်သေး)။ သူများအပြစ်လဲ အရမ်းမပြောတတ်သလို ကိုယ့်အပြစ် အပြောခံရမှာလဲ ကြောက်နေမိတယ်။ ဒါပေမဲ့ အခြေအနေအရ နှစ်ခုလုံး ရှောင်လွဲလို့ မရပါဘူး။ ပြောဖြစ်၊ အပြောခံဖြစ်တာပါဘဲ။

အစားအသောက်။
လုံးဝ ဂျီးများဘူး။ မရှိရင် မစားဘူး။ ရှိရင် စားပစ်လိုက်တာပါဘဲ။ ဘာဟင်းဖြစ်ဖြစ် စားတယ်။ ဒါပေမဲ့ ကုလားအနံ့ပါရင်တော့ ခံတွင်းမတွေ့ဘူး။ ကိုယ်တိုင်ချက်တဲ့အခါလဲ အသင့်ရှိနေတဲ့ အသား အသီးအရွက်တွေကို ခုတ်ထစ် ရိုက်ချိုးရင်း အိုးထဲ ပစ်ထည့်လိုက်တာပါဘဲ။ ကောင်းမှကောင်း။ အဲ... တစ်ခုတော့ ရှိတယ်။ အေးစက်နေတဲ့ ဟင်း ထမင်းတွေဆိုရင်တော့ မကြိုက်ဘူး။ ပူနေမှ ကြိုက်တယ်။

ဝတ်စားဆင်ယင်မှု။
လူမှာ အ၀တ် တောင်းမှာ အကွပ် ဆိုပေမဲ့ အ၀တ်အစားလဲ လုံးဝ ဂျီးမများဘူး။ ချောင်ချောင်ချိချိနဲ့ နေသာ ထိုင်သာရှိမဲ့ အ၀တ်အစားဆို ကောက်ဝတ်လိုက်တာပါဘဲ။ ဘယ်သူမှ မကြည့်ချင်နေပေါ့။ အလှမြင်တတ်တဲ့သူက ရှာကြံကြည့်တတ်ကြတယ် မဟုတ်လား။း)၀) ။ ညှပ်ဖိနပ် ကြိုက်ပေမဲ့ ဘိလပ်ရောက်တော့ အခြေအနေအရ ရှူးဖိနပ်တွေ ကွင်းထိုးဖိနပ်တွေနဲ့ဘဲ နှစ်ပါး သွားနေရလေရဲ့။ ကျန်တာကတော့ အဆင်သင့်သလို လုပ်လိုက်တာပါဘဲ။ အ၀တ်အစားရဲ့ အဓိက ရည်ရွယ်ချက်က အရှက်လုံခြုံဖို့နဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိဖို့ မဟုတ်လား။

စိတ်ဖြေဖျော်မှု။
နဲနဲ အချိန်ရရင် ရယ်ရတဲ့ ဟာသဇာတ်ကားလေးတွေ၊ အငြိမ့်လေးတွေ၊ ဒရမ်မာလေးတွေ ကြည့်ဖြစ်တယ်။ ၀မ်းနည်းပူဆွေးစရာတွေဆို မကြည့်ဘဲ ရှောင်ကြဉ်ထားတယ်။ မကြိုက်လို့တော့ မဟုတ်ဘူး။ ခံစားတတ်လွန်းလို့။ ဇာတ်ကား အရမ်းကောင်းရင် ကြည့်ရင်း သရုပ်ဆောင်တွေနဲ့ ရောယောင်ပြီး မျက်ရည်ကျတတ်ပြန်ရော။ သူငယ်ချင်း တစ်ယောက် ပြောတာ ဟုတ်လောက်တယ်။ သူရဲကောင်းဆိုတာ မျက်ရည်လွယ်တယ်တဲ့။ မှန်လောက်တယ်။ စစ်ရေးမှာ စိတ်အားပြင်းထန်သလောက် အချစ်ရေးကျတော့ နူးညံ့သိမ်မွေ့ကြရော မဟုတ်လား။ ဒါဖြင့် ကိုကိုမောင်ကကော သူရဲကောင်းလားတဲ့။ မေးကြပါတယ်။ မေးနိုင်ပါတယ်။ ကျနော်လဲ ဖြေလိုက်ပါတယ်။ သူရဲကောင်းတော့ မဟုတ်ဘူး။ သရဲခေါင်းလို့။ ရုပ်က အဲဒီလို သရဲချော ချောနေတာကိုး။ ။
...

ကဲ မောင်လေး ခေါ် ညိမ်းနိုင်ရေ...
ဟိုရောက်ဒီရောက်နဲ့ လျောက်ရေးနေတာ ဖတ်တဲ့သူတွေကို ဒုက္ခပေးသလို ဖြစ်နေပြီ။ ဒီလောက်နဲ့တင် ကျေနပ်တော့နော့။ တော်ကြာ အပိုင်း တစ် နှစ် သုံး လေး ငါး ဆိုပြီး ဖြစ်သွားမှ ကိုကိုမောင်ဆို ပျိုပျိုတွေ ရှောင်နေကြရင် မခက်ပေဘူးလား။ ပေရှည်လွန်းလို့လေ။ ဘာတဲ့။ အော်.. အဲလိုလား။ ၀မ်းသာပါတယ်။ ဘာတဲ့။ ရေးချင်တာ ရေးပါတဲ့။ ကိုကိုမောင်ကို ပျိုပျို မရှောင်ပါဘူးတဲ့။ ကြားလိုက်သလိုဘဲ။ ဘယ်သူပြောတာပါလိမ့်။ အင်း အဲဒီလို ပြောတဲ့သူကို ဒင်းနားပါတီ ကောင်းကောင်း ပေးရဦးမယ်။ ။း)))


.

26 comments:

မင်းဧရာ said...

သူကြီးမင်း အတိုကြီး.......
သူကြီးဖြစ်လို့ အတိုကြီးခေါ်တာဟုတ်ဘူးနော်
အစက တည်းက တိုနေလို့း))ဝ
တဂ်ပို့စ် တွေကိုဖတ်ရတာ ပျော်ဖို့ကောင်းတယ်
နောက်လည်းများများရေးပေး.....
ကျွန်တော်က ကျန်တာကို လျှောင်ချင်လျှောင်မယ်
အဲဒီ တဂ်ပို့စ် ကိုတော့ တွေသမျှအကုန်ဖတ်တယ်
ရယ်ရလို့လေ။

ဆုပေးခဲ့အုံးမယ်နော် အပျိုတွေ မရှောင်တဲ့ ကိုကိုမောင်
ဖြစ်ပါစေဗျာ။

ညိမ်းနိုင် said...

အောင်မလေးတဂျီးရယ်....အရင်အကြွေးကိုမေ့တောင်နေပါ
ရောလား....:)၊ဘာပဲဖြစ်ဖြစ် အတိုးလေးပါရလို့ကျေနပ်ပါ
တယ်....၊အားနာတတ်တာ၊ပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်
တာတွေတူတယ်...၊ခုလိုကြွေးဟောင်း၊ကြွေးသစ်နှစ်ခုလုံး
ဆပ်တာကျေးဇူးအရမ်းတင်ရတယ်တဂျီးမင်း ပျိုပျိုရှောင်တဲ့
(အဲ....မ တစ်လုံးကျန်ခဲ့လို့ ဆော်တီး....) ပျိုပျိုမရှောင်တဲ့
ကိုကိုမောင်ရေ....:D
(ကဲ...ဒင်နာကျွေးပေတော့...၊ဘိလပ်တော့လာမစားနိုင်ဘူး
နော်...၊ညန်မာပြေ ရောက်ရင်ကျွေး....:))))

seesein said...

သူဂျီး
ဖြစ်ချင်တာက အားမနာ လျာမကျိုး ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့သူ ဖြစ်ချင်တာ။ တူတယ်ဗျာ ။
စ နောက် ရင်း စိတ်ဆိုးသွားတာမျိုးကိုလဲ မနှစ်သက်ပါ။ ဒါလဲတူတာဘဲဗျို့။ ဒီမှာတော့ ရေမချိုးလို့ မရတာ တနေ့ ၂ခါ ချိုး။ ညစ်ပတ်လို့ မဟုတ်သလို ရေပေါလို့လဲ မဟုတ်ပါဘူး။
အမှန်တရားကတော့ ကတုံးတုံးထားတယ်။ ကတုံးက ထာဝစဉ်တုံးတာလား သူဂျီးမင်း...အဟမ်း....
ခြေချဖို့နေရာတောင် အနိုင်နိုင်။ စာအုပ်တွေ ဟိုဟာတွေ ဒီဟာတွေနဲ့ ရှုပ်ပွနေတော့တာကလား။ ထိုနည်းလည်းကောင်းပါဗျာ
မီးချောင်းမဟုတ်ဘဲ မီးလုံး အဖြူလေးတွေ ပေါ်နေပြီ သူဂျီးရ နောက်လည်း တက်စာလေးတွေ ကျွေးပါအုံး
ခင်မင်တဲ့
seesein

ပန်းကဗျာ said...

ဇာတ်သိမ်းကြွေးကျန်သေးတယ်နော်. .

San San Htun said...

သူဂျီးနဲ့  အားမနာတတ်ချင်တာ၊ ရေချိုးမပျင်းတာ၊ အိုးထဲအကုန်ပစ်ထည့် ချက်တာ တူတယ် :) ။

မေဓာဝီ said...

အသားက ဖြူရွှေရောင်တဲ့လား ... အင်း ... မသိသူတွေ ယုံကြပါစေလေ ... :))

Angelhlaing(May everybody be happy and healthy! said...

:):):) အကိုတို့များ အကြွေးတွေ လိမ့်ဆက်လိုက်တာ ဖတ်ရတဲ့သူ ဗိုက်တောင် အောင့်တယ်..:P ဟွန့်..ကျနော် အားမနာတတ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။..ဟုတ်ပ အဲဒီအချက် တော်တော်ဆိုးတယ်အကို..:(

နေ၀သန် said...

သူကြီး.. ပန်းသီးခူးပြီးပို့ပေး.. .:D....

ခင်မင်လျက်
နေ၀သန်

မြစ်ကျိုးအင်း said...

အကြွေးရှင်းပြီဆိုတော့ အကြွေးအသစ် ရှာကြံပေးလိုက်အုံးမှပဲး)

ငွေအိမ်စံ said...

လာမယ်..လာမယ်..
ကြွေးဟောင်းဆပ်ပြီးရင် ကြွေးသစ်လာမယ်..
ဖြူရွှေရောင်အသားနဲ့ သူဂျီးရေ....

ဖတ်လို့ကောင်းပါ၏...
တခါတလေ နတ်သမီးလည်း ပစ်ထည့်ဟင်းလေးတွေချက်လေ့ရှိတယ်..
ကောင်းမှကောင်းပဲ.


အရပ်က ၅ပေ၅လက်မဆိုတော့ သူဂျီးကို မော်မကြည့်ရဲလို့ ငုံ့ကြည့်သွားပါတယ်ရှင်...း)

မေဓာဝီ said...

ဝင်းဝါစိုပြေ၊ ဖြူရွှေအရောင်၊ ကျက်သရေဆောင်သည့်၊ အသားအရေကို ပိုင်တော်မူထသော ...

ငွါးငွါးစွင့်စွင့်၊ မားမားမြင့်သည့်၊ ငါးပေငါးလက်မ အရပ်အမောင်းကို ပိုင်တော်မူထသော ...

ကတုံးတော်ကြီး၊ ဥသျှစ်သီးနှင့်၊ ရှုမငြီးအောင် တင့်တယ်တော်မူပေထသော ...

လေလည်ရမှာ၊ ရှက်အားနာလျက်၊ ထွက်မည့်လေပုပ်၊ ပြန်ရှုံ့သွင်းကာ၊ ဗိုက်အနာခံတော်မူထသော ...

တနေ့ ၃ ခါ၊ ရေချိုးပါလဲ၊ ဆပ်ပြာမစင်၊ ဂျီးလျှင်မပြောင် ကိုယ်ရောင်ဝင်းလက်၊ ညစ်ထပ်ထပ် နေတော်မူထသော ...

ရုပ်ရှင်ကြည့်ရင်း၊ သက်ပြင်းကိုချ၊ မျက်ရည်ကျလျက်၊ နှပ်ချေးထွက်ယို၊ တရှုံ့ရှုံ့ငိုတော်မူထသော ...

ဝိသေသထူးများစွာ ပိုင်ဆိုင်သော အကြင်သူသည်ကား ... အသုံးတအားကြီး အပြုံးများဖြီးသည့် တုံးဖလားသူကြီးဖြစ်ပေတော့သည် တကား ... ။ ... ။

တောက်ပကြယ်စင် said...

ဟင့် ကွန်မင့်ကိုလည်း မော်ဒရိတ် လုပ်မထားတော့ဘူး သူကြီးမင်းရေ။ တော်ကြာ သူကြီးမင်း တို့ဆီ မလာတော့မှာစိုးလို့။ ဟာ ဟ။

ဂျတ်စတီဖိုင်းကတော့ လုပ်လို့မရပါ။ တန်းပလိတ်ကြောင့် ထင်ပါရဲ့။ ဂျတ်စတီဖိုင်း လုပ်ရင် စာလုံးတွေက လင်မယားကွဲသလို ကွဲကုန်တာလေ။

သူကြီးမင်းရေ လက်မှတ်ကို ကဲန်ဆယ် လုပ်လိုက်တော့မယ်နော်။ အင်္ဂလန်ကို လာလည်ဖို့ လက်မှတ်တောင် ဖြတ်ထားပြီးပြီ။ အခန်းလေးက ကျဉ်းပြီး ဧည့်သည်လာမှာတောင် ကြောက်တယ်ဆိုတော့ လာတော့ပါဝူး။ (အော် ကြီးမေတို့အိမ် ရှိသေးတယ်နော်)

စာကြည့်မီးအတွက် ကျေးဇူးနော်။ အကျိုးတရား သိလိုက်ရလို့။

ဇာတ်ကားကြည့်ရင် ငိုတယ်ဆိုလို့ သရုပ်ဆောင်ကွမ်းသီးကိုတောင် သတိရမိသေး။ ကွမ်းသီးက ဇာတ်ကားတွေကြည့်ပြီး အောက်မှာ မျက်ရည်ခံဖို့ ခွက်တစ်လုံး ချထားတယ်။ ဟာ ဟ။

ကျန်းမာပျော်ရွှင်ပါစေနော့...

မောင်မျိုး said...

ဘလော့ဂ်ဖတ်ခြင်း က အကျင့်တွေ တူတယ်ဗျး)


ဘာတဲ့ သူရဲကောင်းဆိုတာ မျက်၇ည်လွယ်ရတယ်ဆိုတာ ဒါဆို ခုချိန်ထိ အချစ်အဆွေး ဇတ်ကားတွေကြည့်ပြီး မျက်ရည် မသိမသာ ကျကျတတ်တဲ့ ကိုယ့်ကိုယ်ကို အားမငယ်တော့ဘူးဗျ အဲ့တာလည်း သူရဲကောင်းပေါ့ ဟဟားးး

အလင်းသစ် said...

ဟိဟိ မျက်စိလည်ပြီး ရောက်လာတာ အကိုတော်ရေ့။။
ရောက်ပြီး ပြန်တောင် ပြန်ထွက်လို့မရတော့ဘူး။။။
ဟိုဖတ် ဒီဖတ်နဲ့ အချိန်တော်တော်ကြာ စပ်စုခဲ့ပါတယ်။။
နောက်မှ အချိန်ထပ်ယူပြီး လာဖတ်မယ်ဗျာ။။။။
ရှင်းလိုက်တဲ့ အကြွေးတွေအကြောင်းကတော့ စေ့စေ့ စပ်စပ်သေချာကို ဖတ်ခဲ့ပါတယ်။။
အကိုတော် ဆော်ကြည်၊ကြွေးကျေ၊အသက်ရှည်ပါစေဗျာ..ဟီးးးးးးးး။။

SHWE ZIN U said...

သကြီးမင်းရေ

ဝေးရာမှာဘဲ နေတော့မယ် တော်ကြာပန်းသီးတွေ လက်ဆောင် ရနေမှာစိုးလို့

အကြွေးလေးတွေ လာဖတ်သွားရင်နဲ့ ဇာတ်သိမ်း လေးကိုလည်းမျှော်နေတယ်နော်

ဆွေလေးမွန် said...

သူကြီးမင်းက
သရဲခေါင်း ကို...အဲအဲ ဘယ်သူမှ မပြောဘူးနော်
သူကြီးမင်းကိုယ်တိုင်ပြောလို့ သိတာ..

:) :) :)

blackroze said...

အော်..အကိုသူကြီးရယ်...
ခုတော့..လူပျိုသိုးဖြစ်ရုံတင်မကဘူး
သရဲခေါင်းပါဖြစ်နေပါရောလား

mstint said...

ဖြစ်ချင်တာနဲ့ဖြစ်နေတာတွေ တကဏ္ဍဆီဖြစ်နေသည့်တိုင် ငယ်စဉ်ကဖြစ်ချင်တဲ့ ဆန္ဒရဲ့ တစ်စိတ်တစ်ဒေသတော့ ဖြစ်လာတယ်မဟုတ်လားကွယ်။
လူတိုင်းမှာ ခံယူချက်ပြင်းထန်ပြီး ရည်ရွယ်ချက်ကြီးမားရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကောင်အထည်ပေါ်လာတာ ဓမ္မတာပဲလေ။
ကိုကိုမောင်ရဲ့ ကြိုက်တာမကြိုက်တာလေးတွေ အသေးစိတ်သိသွားပြီနော်း)
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခွန် said...

LOL သရဲခေါင်းးးးး :)

Myanmar Good Knowledg Co., Ltd said...

သဂျီးရယ် သရဲခေါင်းနဲ့ အသားက ဖြူရွှေရောင် ဆိုတော့ ဘက်ခမ်းနဲ့ အရမ်းတူနေမလားလို့။

ဟန်ကြည် said...

မပူနဲ့ သူကြီးရေ...
“ကိုကိုမောင်ကို၊ ပျိုပျိုတွေ ရှောင်ရင်၊ အိုအိုတွေက ဆောင်ပါလိမ့်မဗျား”

ကိုင်းဗျာ...
“သရဲခေါင်းကြီးနဲ့
အသည်းရောင်းပြီး
တစ်တွဲပေါင်းရင်နှစ်ချောင်းပါတဲ့
(အို..ဘာတဲ့)
အီကြာကွေးလို့
မဒီကညာဆွေးစေဖို့
ပလီပလာအတွေးနဲ့
တီတီတာတာအရေးပြောင်တဲ့(ကာရန်ကိုငဲ့လိုက်လို့ ပြောင်သွားရှာတယ်...သူကြီးမင်းရဲ့ ခေါင်းကို မြင်ယောင်မိသွားလို့လဲ ဖြစ်မယ်ထင်ရဲ့)
ကိုကိုမောင် သူကြီးမင်းက
ခရီးပြင်းနှင်သလို
မငြီးမချင်းဖတ်စေဖို့
ကိုယ့်ပေါင်ကို မလှန်ဘဲ
အံခဲလို့ထောင်းလိုက်ခြင်း ”

စော(အဝါရောင်မြေ) said...

အကြွေရှင်းတယ်ဆိုလို့  ပုံပြင်ဇာတ်သိမ်းလားလို့  အပြေအလွှေားဖတ်လိုက်တာ ။ ဟုတ်လဲ ဟုတ်ဘူး။ တန်းလန်းထားတာ ဝါသနာပါပုံရတယ်။ :)

မိုးယံ said...

အသားက ဖြူရွှေရောင် နဲ့ သရဲခေါင်းကြီးနဲ့ ဘယ်လိုဂျီးလဲဟ သူဂျီးမြင်းရ.... လူချောစာရင်းထဲဝင်ရင် ရုပ်ဆိုးသူ မကျန်တော့မှတော့ ပျိုပျိုရှောင်ပြီပေါ့ကွယ်။

Anonymous said...

သာချီး အဲ သာဂျီးအကျင့်တွေကောင်းတယ်ဗျာ့
တချို့တော်တော်တူတယ် မှတ်သားသွားတယ်
ပြိုပြိုမရှောင်တဲ့ သာဂျီး ပျော်ရွှင်ပါစေဗျား


မောင်ဘကြိုင်
နေပြည်တော်မှလာကြိုက်သည်

မဒမ်ကိုး said...

သြော်..တပ်တွေကြောင့်အကုန်သိကုန်ပြီ.အကိုရေ..း)

ခင်တဲ့..မဒိုးကန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ခေါင်းစဉ်ဖတ်ပြီး ကိုကိုမောင်ဘယ်သူ့များ အကြွေးတင်နေပါလိမ့်လို့ ထင်နေတာ
ခုတော့ တဂ်ကြွေးကိုပြောတာကိုး
စာအရတော့ ကိုကိုမောင်ရုပ်က မှန်းရတာ ရုပ်ရှင်မင်းသားလိုလို ဘာလိုလိုနဲ့ ထင်ပါရဲ့ ဟိဟိ..