Sunday, 24 July 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်သိမ်းခါနီး)


"ကဲ.. မောင်ပေါက်ကျော်။ ဟောဒါက ကော်ဖီ။ ဟောဒါက လဘက်သုပ်။ သောက်လဲသောက် စားလဲစား။ ပြီးရင် မင်း မနေ့က ပြောထားခဲ့တဲ့ ဘုရားရှင်လက်ထက်က သူတော်ကောင်းမလေး အကြောင်း ပြောပြစမ်းပါဦး"

"အဟမ်းးး ဒီတစ်ခါတော့ သူကြီးမင်း နားထောင်ရမဲ့ အလှည့်ရောက်သွားပြီ"

"အင်းပါ။ မင်း ပြောမှာသာ ဆက်ပြောပါ။ ငါ နားထောင်နေပါတယ်"

"ကျနော်တို့ ကိုးကွယ် ဆည်းကပ်နေတဲ့ ဂေါတမဘုရားရှင် လက်ထက်တော် အခါတုန်းကပေါ့ သူကြီးမင်းရာ"

"မင်းကလဲ ပြောမှာ ပြောတာ မဟုတ်ဘူး။ နိဒါန်းတွေ ချီနေသေးတယ်။ နိဒါန်းများလွန်းရင် နားထောင်ရတာ ငြီးငွေ့သွားရောဘဲ"

"သူကြီးမင်းကလဲ အလှည့်လေး ရှားရှားပါးပါး ရောက်လာတုန်း ပါးစပ်ကလေးတော့ သွေးပါရစေဦး။ ဘုရားရှင် လက်ထက်က သာသနာရေး ဘာသာရေး လှူရေး တန်းရေးမှာ နာမည်ကြီးခဲ့တဲ့ အမျိုးသမီး တစ်ယောက် ရှိခဲ့တယ်။ အဲဒီ အမျိုးသမီးက နောက်ဘ၀တွေ အတော်များများကိုလဲ မှတ်မိတယ်။ ထူးဆန်းတာက အဲဒီ အမျိုးသမီးမှာ ဟ၀ှါစိတ် အရမ်းများတယ်တဲ့။ သူ ဖြစ်ခဲ့လေရာ ဘ၀ ဘ၀တွေ ထဲမှာ ဟ၀ှါပြုလို့ အားရကျေနပ်ခဲ့တာ တစ်ဘ၀ဘဲ ရှိခဲ့တယ်တဲ့။ အဲဒီ ဘ၀ကတော့ နွားမလေး ဖြစ်ခဲ့တဲ့ ဘ၀ဘဲတဲ့။ တစ်နေ့ကျတော့ နွားသိုးအုပ်စုလိုက်ကြီး မိတ်လိုက်ဖို့ သူ့ကို နောက်ကနေ လိုက်ကြတယ်တဲ့။ သူလဲ ပြေးရင်း လွှားရင်း သစ်ပင်တစ်ပင်ရဲ့ ဂွဆုံမှာ ခေါင်းနဲ့ငြိနေပြီး ရှေ့လဲတိုးမရ နောက်လဲ ဆုတ်မရ ဖြစ်နေခဲ့တယ်တဲ့။ အဲဒီလို ဖြစ်နေတဲ့အခါမှာ နွားသိုး အုပ်စုလိုက်ကြီး တစ်ကောင်ပြီး တစ်ကောင် ဟ၀ှါ ပြုကြသတဲ့။ နွားသိုးအုပ်စုကလဲ အကောင်ရေ အများကြီးဘဲတဲ့။ အဲဒီ အမျိုးသမီးဟာ အဲဒီ နွားမလေးဘ၀မှာဘဲ ဟ၀ှါပြုခံရတာ အားရကျေနပ်မှု အရှိဆုံးဖြစ်ခဲ့ပါတယ်တဲ့။ အခု မောင်ပြုးတစ်ယောက်လဲ ဆေးလိပ်သောက်ရတာ အဲဒီနေ့ကမှ အာသာအပြေဆုံးဆိုလို့ ကျနော် အဲဒီ ပုံပြင်လေးကို သတိရသွားတာပါ"

"မင်းပြောတဲ့ အမျိုးသမီးက ဟို သောတာပန်အရိယာ ဖြစ်သွားတဲ့ အမျိုးသမီးကို ပြောတာ မဟုတ်လား။ သားသမီး ၂၀၊ မြေး ၄၀၀၊ မြစ် ၈၀၀၀ ရှိတဲ့ အမျိုးသမီး ကျောင်းအမကြီးလေ"

"ဟုတ်ပါတယ် သူကြီးမင်း"

"မင်း ဒါဖြင့် ဒီပုံပြင်ကို ဘယ်က ကြားခဲ့တာလဲ"

"ကျနော့် အဖေ ဥပုသ်စောင့်သွားရင်း ဥပုသ်သည် တစ်ယောက် ပြောတာ ကြားခဲ့တာတဲ့။ အဖေ ပြန်ပြောပြလို့ သိရတာ"

"ဒါဖြင့် အဲဒီ ဥပုသ်သည်ကိုကော ဘယ်သူက ပြောတာတဲ့လဲ"

"အာဂန္တုဘုန်းကြီးဆိုလား၊ မြို့က အသိတစ်ယောက်ဆိုလားဘဲ"

"အေးးး မင်း မသေချာဘဲနဲ့ လူတွေရှေ့ သိပ်မပြောနဲ့နော်။ အပြောခံရတဲ့သူက အရိယာဖြစ်သွားပြီး အခုဆို ဘုံစံနဲ့ နတ်ပြည်မှာ အေးအေးဆေးဆေး ဖြစ်နေပြီ။ ပြီးတော့ မင်းစကားကြောင့် တခြားသူတွေ သူ့ကို အထင်သေး အမြင်သေး ဖြစ်သွားရင် နေရင်း ထိုင်ရင်း အရိယူပ၀ါဒကံ ထိုက်ကုန်ပြန်ကြဦးမယ်"

"အရိယူပ၀ါဒကံဆိုတာ ဘာလဲ သူကြီးမင်း"

"အရိယာပုဂ္ဂိုလ်တွေကို အထင်အမြင်မှားပြီး ပြစ်တင်စွပ်စွဲတဲ့ ကံပေါ့။ အဲဒီကံကို ကျူးလွန်မိရင် အပါယ်ငရဲသွားဖို့ လက်မှတ်ရသွားတာနဲ့ အတူတူဘဲ"

"ဟာ ဒါဖြင့် ကြောက်စရာကြီးပါလား။ မဖြစ်ဖူး မဖြစ်ဖူး။ ကျနော် မပြောခဲ့ဖူးလို့သာ သဘောထားလိုက်ပါနော်။ သူကြီးမင်း။ ပြီးတော့ ကျနော်က သူကြီးမင်းကိုဘဲ ပြောရသေးတာ။ ဘယ်သူ့ကိုမှ မပြောပြရသေးဘူး။ တစ်ခြားသူတွေကို ကျနော် ပြောတာလို့ သွားမပြောပါနဲ့နော် သူကြီးမင်း။ ဘယ့်နှယ် ပုံပြင်လေး ပြောဖို့ အလှည့်တစ်ခါဘဲ ရောက်ခါရှိသေး တော်သေးတယ် ကံကြီးထိုက်တော့မလို့"

"အေးပါ မပြောနဲ့ဆိုလဲ မပြောပါဘူး။ စိတ်ချပါ"

"ဒါနဲ့ အဲဒီ ကံထိုက်ရင် လွတ်ငြိမ်းနိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလား"

"ရှိပါတယ်။ အကဲ့ရဲ့ ခံရတဲ့ အရိယာပုဂ္ဂိုလ်ဆီ ကိုယ်တိုင်သွားပြီး တောင်းပန်ရင် ရတယ်။ ကင်းလွတ် ကျေအေးသွားပြီ။ ဒါပေမဲ့ အဲဒီ အရိယာပုဂ္ဂိုလ် ပျံလွန်တော်မူသွားပြီဆိုရင်တော့ သူ့ကို မြှုပ်နှံတဲ့ မြေပုံရှေ့သွားပြီး တောင်းပန်ရမယ်။ အဲဒီ အရိယာပုဂ္ဂိုလ်က ဘယ်နေရာ ဘယ်ဒေသမှာမှန်း မသိရင်တော့ နီးစပ်ရာ သီလသမာဓိရှိတဲ့ ဆရာတော်တစ်ပါးဆီ သွားပြီး အရိယူပ၀ါဒကံ ထိုက်နေကြောင်း ရှင်းပြပြီး (အရိယာပုဂ္ဂိုလ်အစား) ထိုဆရာတော်ကို ဦးသုံးကြိမ်ချ ကန်တော့ရမယ်"

"တော်ပါသေးရဲ့ ကုသဖို့ ဆေးနည်းလေးတွေ ရှိသေးလို့။ နို့မဟုတ်ရင် မြင်ယောင်မိသေးတယ် ငရဲအိုးကြီးတွေကို။ မီးလျံတညီးညီးနဲ့။ ဆီမပါ ဆားမပါ လူကာလသားဟင်း ချက်ခံရတော့မလို့"

"အေးပါ။ ငါလဲ မင်း ငါ့ကို ဒီအကြောင်း မပြောခဲ့ဖူးလို့ဘဲ မှတ်လိုက်ပါ့မယ်။ ဘာမှ မပူပါနဲ့။ မင်းလဲ နောက်ကို ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့တော့ သိလား"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"ဒါနဲ့ ပုံပြင်က ဘယ်အနား ရောက်သွားပြီလဲ မသိဘူး"

"ကိုရင်ကျောင်းသားတွေ တောထဲကို ဆေးလိပ်တွေ ခိုးသောက်ဖို့ ယူလာတဲ့ဆီ ရောက်နေပါပြီ သူကြီးမင်း"

"အေး ဟုတ်တယ်။ ဆေးလိပ်တွေ တောထဲယူလာကြတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်တာပေါ့လေ။ ဆေးလိပ်လဲ လွတ်လွတ်လပ်လပ် သောက်ရတယ်။ ပြီးတော့ ရှဥ့်တို့ ကြွက်တို့ လိုက်ဖို့လဲ လက်နက်တစ်ခု ဖြစ်သွားတာပေါ့။ သစ်ခေါင်းထဲ ၀င်ပြေးတဲ့ ရှဥ့်တွေကြွက်တွေကို အပြင်ထွက်လာအောင် ဆေးလိပ်မီးခိုးကို အသုံးပြုကြတယ်လေ။ ဆေးလိပ်မီးခိုးကို သစ်ခေါင်းထဲ မှုတ်ထည့်လိုက်ရင် မလွယ်ပေါက် ရှိတဲ့နေရာကလဲ အငွေ့ထွက်တယ် မဟုတ်လား။ အဲဒီ မလွယ်ပေါက်ဝကိုလဲ ကိုရင်ကျောင်းသားတွေက လေးခွနဲ့ အသင့်ချိန်ထားကြတယ်။ ဘယ်ကထွက်လာ ထွက်လာ လွတ်လမ်းမရှိပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ခါမှာတော့ ရှဥ့်ကဘဲ ဆေးလိပ်ကြိုက်သွားလို့လား၊ ဒါမှ မဟုတ် ထွက်ပြေးရင်လဲ လွတ်လမ်းမရှိဘူးဆိုတာ သိလို့လား မသိဘူး။ အထဲမှာဘဲ ပေနေတယ်။ ဘယ်လောက် မီးခိုးနဲ့ မှုတ်မှုတ် မထွက်ဘူး။ အဲဒီလို အခါမျိုးမှာ တုတ်ချောင်း ခပ်ရှည်ရှည်နဲ့ အောက်က နေပြီး သစ်ခေါင်းထဲ ထိုးမွှေရတယ်။ ထိုးမိရင် ထွက်ပြေးလာရောပေါ့။ အဲဒီလိုမှ မရရင် သစ်ခေါင်းကို ခွန်နဲ့ ပေါက်ခွဲပြီး မရရအောင် လုပ်ကြတော့တာဘဲ"

"တော်တော်ဆိုးကြတာဘဲနော်"

"အင်း... သူတို့လဲ သူတို့ စိတ်ကူး ရရာ လုပ်ကြတာပေါ့လေ။ ကြွက်တွင်းတို့၊ ပွေးတွင်းတို့ တွေ့ရင်လဲ ဒီအတိုင်းဘဲ။ ဆေးလိပ်မီးခိုးကို တွင်းထဲ မှုတ်သွင်းလိုက်တယ်။ ထွက်ပေါက်ရှိတဲ့ နေရာက အငွေ့ထွက်လာတယ်။ အဲဒီ အပေါက်တွေ အကုန်လုံး ပိတ်ပြီး အပေါက်တစ်ခုကနေ ရေအပြည့် လောင်းထည့်လိုက်ကြတာပါဘဲ။ အထဲက အကောင်တွေ ရေမွှန်းပြီး သေတဲ့ကောင်က သေ၊ အပြင်ထွက်လာတဲ့ကောင်က ထွက်ပေါ့။ ဒါပေမဲ့လဲ သိတဲ့အတိုင်းဘဲ ခွေးတွေကလဲ လျင်သလား မမေးနဲ့၊ မြေကြီးပေါ် ပြေးနေလို့ကတော့ မလွတ်တမ်းဘဲ"

"ရက်စက်လိုက်ကြတာ။ တွင်းထဲက အကောင်တွေကတော့ တစ်ကြိမ်ထဲနဲ့ (ဆေးလိပ်)မီးဘေးရော ရေဘေးပါ သင့်ကုန်ကြတော့တာပေါ့"

"ဒါလဲ သတ္တ၀ါ တစ်ခု ကံတစ်ခုပေါ့လေ။ ဘယ်တတ်နိုင်ပါ့မလဲ။ နောက်ပိုင်းကျတော့ သစ်ပင်ခေါင်းထဲ ၀င်ပြေးတဲ့ အကောင်ပလောင်တွေကို ဆေးလိပ်မီးခိုးနဲ့ ထွက်လာအောင် လုပ်ရတာ နဲနဲ အချိန်ကြာမှန်း သိလာကြတယ်။ ဒါကြောင့်မို့ ဆေးလိပ်မီးခိုးကို အသုံးမပြုကြတော့ဘဲ သစ်ခေါင်းထဲက အကောင်တွေကို အခေါင်းဝမှာ သစ်ရွက်ခြောက်တွေနဲ့ မီးဖိုပြီး မီးမြှိုက်ကြတော့တာပေါ့။ အထဲက အကောင် ခံနိုင်ရိုးလား။ သေပေါက်တွေ ချည်းဘဲ။ အခုလဲ ကြောင်ဖမ်းဆရာတော် ဦးစီးတဲ့ ကိုရင် ကျောင်းသားတွေဟာ သစ်ပင်ခေါင်းထဲ ၀င်ပြေးသွားတဲ့ ရှဥ့်မီးနီကို အခေါင်းဝကနေပြီး သစ်ရွက်ခြောက်တွေနဲ့ မီးရှို့လိုက်ကြတယ်လေ။ ချက်ချင်းဘဲ ရှဥ့်မွေးမီးလောင်တဲ့ ညှော်နံ့တွေ ထွက်လာတယ်။ ဒါပေမဲ့ ရှဥ့်က အပြင် ထွက်မလာဘူး။ မီးအရှိန် ပိုပြင်းအောင် သစ်ရွက်ခြောက်တွေ ထပ်ထည့်ကြပြန်တယ်။ ဒါပေမဲ့ ရှဥ့်က ထွက်မလာဘူး။ သစ်ပင် အပေါ်ဘက်မှာ မလွယ်ပေါက်များ ရှိသလားဆိုပြီး အောက်ကနေ လေးဘက်လေးတန် လှမ်းရှာကြည့်ကြတယ်။ မတွေ့ဘူး။ ဒါဆို သစ်ခေါင်းထဲမှာဘဲ ဒီ အကောင် သေနေလောက်ပြီ။ ဒါနဲ့ နီးစပ်ရာ ၀ါးပင်ပေါက်စခပ်ရှည်ရှည်လေးကို ခုတ်ဖြတ်ယူပြီး အခေါင်းထဲ ထိုးကြည့်ကြတယ်။ ပျော့အိအိ ထိုးမိတယ်။ အဲဒီ ပျော့အိအိထိုးမိတဲ့ နေရာကို မှန်းဆပြီး သစ်ပင်ပေါ်တက်ကာ ခွန်နဲ့ သစ်ပင်ကို ပေါက်ခွဲကြတယ်။ သစ်ပင်က ကြီးတော့ ကိုရင်ကြီး ကျောင်းသားကြီးတွေ တစ်လှည့်စီ ပေါက်ကြရတယ်။ ကြောင်ဖမ်းဆရာတော်လဲ အပါအ၀င်ပေါ့။ သူ့ အလှည့်ရောက်တော့ ခွန်ပေါက်ရင်း အရှိန်နဲနဲ လွန်သွားတဲ့အတွက် သူ့ခြေထောက်ကို နဲနဲ ရှပ်ထိသွားတယ်။ သွေးတွေဆို ဖျန်းကနဲဘဲ။ သစ်ပင်ပေါ်ကလဲ ကို့ယို့ကားယား ပြုတ်ကျလာတယ်"

"ဟာ... ဒါဆို ကြောင်ဖမ်းဆရာတော် အဲဒီနေရာမှာတင် ပျံတော်မူသွားရောလား"

"မင်းကလဲ တခါထဲ သေတွင်းပို့ချင်နေတော့တာဘဲ။ နဲနဲလေးတော့ သနားတဲ့စိတ် ထားပါဦး"

"မသိဘူးလေ။ ဒီလောက် သူများအသက်တွေကို ဦးစီးပြီး သတ်ဖြတ်ခဲ့တာဆိုတော့ ၀ဋ်လည်ပြီး ပွဲချင်းပြီးများ သေသွားသလားလို့"

"အေးးး... မင်းပြောမယ်ဆိုလဲ ပြောချင်စရာပါ။ အဲဒီ ကြောင်ဖမ်းဆရာတော် သတ်ဖြတ်ခဲ့တဲ့ တောတိရစ္ဆာန်တွေက နဲနဲနှောနှောမှ မဟုတ်ဘဲ။ ဒါကြောင့်မို့ အဲဒီအချိန်ကစပြီး သူ ၀ဋ်လည်တော့တာဘဲ။ မောင်ပေါက်ကျော်ရေ... မှတ်ထားနော်။ ၀ဋ်ဆိုတာ နောက်ဘ၀မှ မဟုတ်ဘူး။ ဒီဘ၀မှာတင် လည်တတ်တယ်။ အတုံ့အလှည့်သဘောပေါ့ကွာ။ ကြောက်စရာ အရမ်းကောင်းတယ်။ လူဖြစ်စေ ဘုန်းကြီးဖြစ်စေ ၀ဋ်က မနေဘူး။ အမြဲ လိုက်လာတတ်တယ်။ ဒီဘ၀ ဒါမှ မဟုတ် နောက်ဘ၀ ဒါမှ မဟုတ် နိဗ္ဗာန်မရမချင်း ဘ၀တစ်ခုခုမှာ ၀ဋ်က နောက်က ကပ်ပါလာမှာပါဘဲ"

"ကြောက်စရာကြီးနော် သူကြီးမင်း"

"ဟုတ်တယ်။ အခု ကြောင်ဖမ်းဆရာတော်ကို ကြည့်လေ။ ခွန်လဲ ရှခဲ့သေးတယ်။ သစ်ပင်ပေါ်ကလဲ လှိမ့်ကျခဲ့ရသေးတယ်။ ပြီးတော့ ရှဥ့်မွေးမီးလောင်တဲ့ ညှော်နံ့ ခံခဲ့ရတဲ့ အတွက်ကြောင့် ခွန်ရှတဲ့အနာက အရမ်းရင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ဟိုနားတစ်ကွက် ဒီနားတစ်ကွက် အနာတွေ ပေါ်ပေါက်လာတယ်။ အနာတွေ များလာတော့ ဘယ်အနာက ပိုနာမှန်း သူမသိတော့ဘူး။ အကုန်လုံး နာနေတော့တာကိုး။ မှန်းဆကြည့်ရရင်တော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အနာပေါင်း အလုံးတစ်ရာ ကျော်မယ်ထင်တယ်။ ညအိပ်တဲ့အခါလဲ.. ဟေးးး လိုက်ဟ လိုက်ဟ၊ ဟေ့ကောင် ရှေ့က သွားဆီး၊ မလွတ်စေနဲ့ ဆိုပြီး ယောင်ယမ်း အော်ဟစ်တယ်။ နောက်ပြီး အမလေး ကယ်ကြပါ ကယ်ကြပါ၊ နောက်မလုပ်တော့ပါဘူး ဆိုပြီးလဲ ယောင်ယမ်းအော်ဟစ်တယ်"

"သနားစရာကောင်းလိုက်တာ"

"မနက် အိပ်ရာက ထတဲ့အခါလဲ ၀တ်ထားတဲ့ သင်းပိုင် ဧကသီတွေမှာ အနာတွေ ပြည်ပေါက်ပြီး ကပ်နေတယ်။ ဖြုန်းကနဲ ထလိုက်ရင် အနာကို ဆွဲခွါလိုက်သလို ဖြစ်သွားပြီး အရှင်လတ်လတ် ငရဲကျသလို ခံစားနေရရှာတယ်။ သွေးတွေ ပြည်တွေဆိုလဲ သူ့အိပ်ရာမှာ အများကြီး ပေကျံနေတယ်။ နောက်တော့ မနက်အိပ်ရာထတဲ့အခါ ၀တ်ထားတဲ့ သင်္ကန်းတွေကို ရေအရင် ဆွတ်ရတယ်။ ဒါမှ သင်္ကန်းနှင့် ကပ်နေတဲ့ သွေး ပြည်တွေ ပွတက်လာပြီး ဆွဲခွါရ လွယ်ကူမှာ မဟုတ်လား။ ဒီလောက် အနာဝေဒနာတွေ ခံစားနေရတာတောင်မှ ကိုရင်ကျောင်းသားတွေက မညှာမတာ သူ့ကို နာမည် တစ်ခု ထပ်ပေးလိုက်ကြပြန်သေးတယ်။ အနာထပိဏ်သူဋ္ဌေး တဲ့"

"ဒါဆို ငါးမည်ရ မကတော့ဘူး။ ခြောက်မည်ရ ဖြစ်သွားပြီ။ ငါးမည်ရ ပြည်ရွှေဘိုထက် တစ်ခု သာသွားပြီ"

"ဟုတ်ပ ဟုတ်ပ။ မင်းပြောမှဘဲ ရှင်းသွားတော့တယ်"

"ဒါနဲ့.. သူကြီးမင်း။ အဲဒီ ကြောင်ဖမ်းဆရာတော် ခွန်ရှတဲ့ နေ့တုန်းက ရှဥ့်မီးနီကိုကော မရခဲ့တော့ဘူးလား"

"ဘယ်က မရဘဲ နေပါ့မလဲ။ ကျောင်းသားကြီးတစ်ယောက် သစ်ပင်ပေါ်ထပ်တက်ပြီး ခွန်နဲ့ သွားပေါက်ပြန်တယ်လေ။ သစ်ခေါင်းထဲထိ ပေါက်ခွဲပြီး လက်နဲ့ နှိုက်စမ်းကြည့်လိုက်တော့ ရှဥ့်က အထဲမှာ သေနေပြီ။ မီးလောင်တဲ့ ဒဏ်နဲ့ သေသွားတာလေ။ ရှဥ့်ကလဲ စဉ်းစားလောက်ပါတယ်။ ဒီလူတွေ လက်ထဲတော့ အသေမခံနိုင်ဘူး။ ဒီသစ်ခေါင်းထဲမှာဘဲ သေလိုက်တော့မယ် ဆိုပြီးတော့ပေါ့။ သစ်ခေါင်းထဲက သစ်သားစလေးတစ်ခုကို ကျစ်ကျစ်ပါဆုပ်ရင်း မီးလောင်ပြီး သေသွားရှာတယ်"

"ဒါဖြင့်.. ဟို ဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့ အမြဲအော်ဟစ် မြည်တမ်းနေရတဲ့ ကြောင်ဖမ်းဆရာတော်ကကော နောက်ပိုင်းကျတော့ ဘာဖြစ်သွားသေးလဲ မသိဘူး။ ထန်းလျက်ခွေးလျက်သလို တဖြေးဖြေးလုံးပါးပါးပြီး ဆုံးပါးသွားရှာတော့တာဘဲ မဟုတ်လား"

"မင်းကလဲ... ဇာတ်သိမ်းကို အတော်လေး သိချင်လှသကိုး။ မပူနဲ့ နောက်တစ်နေ့ကျရင် ငါ ဇာတ်သိမ်းတဲ့အထိ ပြောပြမယ်။ ဟုတ်ပြီလား။ ဒီနေ့တော့ ဒီလောက်ဘဲ နားကြဦးစို့"

"သူကြီးမင်းကလဲ ဈေးကိုင်လိုက်တာ။ ဒါကြောင့်မို့လဲ အခုထိ ဂေါ်မစွံဘဲ လူပျိုသိုးကြီး ဖြစ်နေတာ"

.

14 comments:

mstint said...

တစ်ခါတည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ကြော်ငြာလေးဝင်သွားတဲ့ ဇာတ်သိမ်းလေးကို သဘောကျတယ်း) ဖတ်ရတာကဒီတစ်ခါလည်း ဇာတ်မသိမ်း တစ်သိမ်းလိုဖြစ်နေသလားလို့။
ပျော်ရွှင်ပါစေကိုကိုမောင်ရေ။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ဖြစ်ပါစေဗျာ..ဂေါ်မစွံလူပျိုကြီး.....:)
ဘယ်နှယ်....ဖတ်တဲ့လူဆတ်တငံငံဖြစ်အောင် ကောင်းခန်း
ဆိုရပ်,ရပ်ထားတဲ့တဂျီး....:D

နေ၀သန် said...

လူပျိုက သိုးတောင်သိုးနေပြီကိုး... :D.. ဂလောက် ကြော်ငြာလည်း ဘလော့ခ်ဂါမမအပျိုကြီးများက မသနားဘူးလားမသိ... ဟိဟိ...


ခင်မင်လျက်
နေ၀သန်

မြစ်ကျိုးအင်း said...

မြန်မာဇာတ်ကားဆိုရင်တော့ ဦးရဲကြီးတို့ ရောက်လာတဲ့အခန်းပေါ့။ ဇာတ်သိမ်းတော့မယ်ဆိုတဲ့ သဘောပဲ။

may16 said...

အရင်ကထက်စာရင်တော့ နီးလာပါပြီ :)

ဟန်ကြည် said...

သူကြီးရဲ့ ပို့စ်တွေကို ဖတ်ရင်းဖတ်ရင်း ဇာတကတွေကို နိုင်တာရယ်...စကားပြေ ပြေပြစ်တာရယ်ကို သဘောကျကျလာတယ်...ဒီလိုနဲ့ပဲ ဂျပန်ဝက်အူလို အရစ်ရှည်နေတဲ့ ကြောင်ဖမ်းဆရာတော် ပုံပြင်ကိုလည်း ခန္တီစ တရားလေး လက်ကိုင်ထားပြီး ဆတ်တငံ့ငံ့နဲ့ပဲ စောင့်ဖတ်ရဦးမယ်...နောက်တစ်ခါ ပို့စ်ခေါင်းစဉ်ပါ တစ်ခါတည်း စဉ်းစားပေးခဲ့လိုက်ဦးမယ်...“ဇာတ်သိမ်းရဲ့ အပျိုး”တဲ့...ဒါမှမဟုတ်ရင်လည်း ကဗျာဆန်ဆန် “နိဂုံး၏ နိဒါန်း”ပေါ့လေ...

SHWE ZIN U said...

သကြီးမင်း ရေ

ဆရာဟန်ကြည်ပြောသလို နိဂုံး၏ နိဒါန်း လေး ကိုမျှော်နေမယ်နော်

စော(အဝါရောင်မြေ) said...

စာလဲ ကျက်ပါ ကိုကိုမောင်။
သတိပေးရင်း နှင့် ပိုစ်မပြီး၊ တပြီးလဲ ဖတ်သွားပါတယ်။

Myanmar Good Knowledg Co., Ltd said...

ဇတ်သိမ်းပါလို့ပြောရင်ကြော်ငြာဝင်မယ်။
ကြော်ငြာပဲ ဖြစ်ဖြစ် ဇတ်လမ်းပဲဖြစ်ဖြစ် ရေးတာပဲဖတ်တော့မယ်လို့ ဆုံးဖြတ်ပြီးသား။
ကျောင်းစာတွေပိနေတာဆိုရင်လည်း ခွင့်လွှတ်ပါတယ်လေ။

မေဓာဝီ said...

ပုံဆွဲကောင်းသော သဂျီးမင်း ပါပေတကားးးး ...
ပုံပြင်ကို မရှည်ရှည်အောင် ဆွဲပြီးပြောနေလို့ ...
သရုပ်ဖော်ပုံတွေ ဆွဲတာလဲ လက်ရာ အတော်လေး ပြောင်မြောက်ပါပေတယ်။ ကမ္ဘာကျော် ပီကာဆိုတောင် ထိုင်ငိုသွားနိုင်လို့ သဂျီးတော့ ပီကာငို ဖြစ်တော့မယ်။

ဒါနဲ့ သစ်ပင်ကို ပေါက်ခွဲတဲ့ ခွန်ဆိုတာ ဘာကိုခေါ်တာ ပါလိမ့်။ တခါမှမကြားဖူးဘူး။ ပုဆိန် ပေါက်ပြား ပဲခွပ် ... အဲဒါတွေပဲ ကြားဖူးတယ်။ ဗဟုသုတက ခပ်နည်းနည်းရယ်၊ သဂျီးတို့လို စွယ်စုံရ ဗဟုသုတ အိုးကွဲကြီးတွေ မဟုတ်ဘူးလေ။

Angelhlaing(May everybody be happy and healthy! said...

ဘယ်နှယ်အကို...သူများမပြောရပဲ ကိုယ်ဘာသာပြောရလားလို့..:) လူပျိုးသိုး ရယ်လို့..:):) ဆိုးပနော်...:P

လသာည said...

သူကြီးရာ အရေးအဖွဲ့ကတော့ တကယ့်ကို အားကျမိပါတယ်။ ဇတ်သိမ်းကတော့ ဘယ်တော့ဖြစ်ဖြစ် သိမ်းပါ ရပါတယ်။ ဗဟုသုတရရင် ပြီးရော..

တောက်ပကြယ်စင် said...

ဗဟုသုတဟင်းလေးအိုးကြီးရေ သို့မဟုတ် သူကြီးမင်းရေ မင်္ဂလာပါ။ ဘုန်းဘုန်းလည်း ခရီးထွက်သွားလို့ကွာ။ ခုမှပဲ ရောက်တော့တယ်။ မြစ်ကျိုးအင်း၊ ဆရာကိုဟန်ကြည်၊ ကြီးမေတို့ပြောတာကိုဖတ်ပြီး တခစ်ခစ်နဲ့ ရယ်သွားသေးတယ်။ ကျန်းမာပျော်ရွှင်ပါစေနော့...

blackroze said...

အော်...တဂျီးနှယ်...
လူပျိုတောင်..ရိုးရိုးလူပျိုမဟုတ်ဘဲ
သိုးတောင်နေပါ့လားနော်...

စတာနော်..တဂျီး..စိတ်မဆိုးကြေး...

ခင်တဲ့..Blackroze