"သူကြီးမင်း.... မီးရှို့ပစ်မယ်ဗျာ"
"ဟ.. မောင်ပေါက်ကျော်၊ ဘယ်လို ဖြစ်လာတာတုန်း၊ သဲထိတ်ရင်ဖို ရှိလိုက်ပါဘိ"
"အော်.. သူကြီးမင်းကလဲ မေ့တတ်ရန်ကော၊ သစ်ပင်ခေါင်းထဲ ၀င်သွားတဲ့ ရှဥ့်မီးနီ အပြင်ထွက်လာအောင် အခေါင်းဝကို မီးတေ့ရှို့မယ် ပြောတာပါ"
"ဂလိုလား။ သိပါဘူး။ ငါ့ကို ဘာများ မကျေနပ်တာ ရှိလို့ မီးရှို့ချင်တာများလဲလို့"
"သူကြီးမင်းက ဦးပေါ်ဦးလောက် မှတ်ဥာဏ် မကောင်းဘူး"
"ဆိုစမ်းပါဦး"
"ဘိုးတော်ဘုရားလက်ထက်က ဥထဲမှာ ဘာဥ အကောင်းဆုံးလဲ ဆိုတာကို ဖွတ်ဥ အကောင်းဆုံးလို့ ဦးပေါ်ဦး ဖြေခဲ့တယ်။ နောက် လအတော်ကြာမှ ဘာနဲ့ အကောင်းဆုံးလဲဆိုတော့ ဆားနဲ့ပါဘုရားလို့ ဖြေဆိုနိုင်ခဲ့တယ်လေ။ မှတ်ဥာဏ်ကောင်းပုံ ပြောပါတယ်။ အခု သူကြီးမင်းက မနေ့တုန်းကတင် သစ်ခေါင်းထဲ ၀င်သွားတဲ့ ရှဥ့်မီးနီကို ဘယ်လို ရအောင် ဖမ်းမလဲဆိုပြီး ကျနော့်ကို မေးခဲ့တယ်လေ။ အခု အဲဒီမေးခွန်းကို ကျနော်ဖြေလိုက်တာ။ ဒါပေမဲ့ သူကြီးမင်းက မေ့နေပြီ။ အရေးထဲ မီးရှို့ခံရမှာတောင် ကြောက်လိုက်သေး"
"ဟဲ.. ဟဲ.. ဒါကတော့ကွာ၊ ပညာရှိ သတိဖြစ်ခဲ လို့တောင် ဆိုရိုးစကား ရှိတယ်မဟုတ်လား"
"သူကြီးမင်းကတော့ ဆင်ခြေ တွေချည်းဘဲ"
"ရှိစေတော့ကွာ၊ ဦးပေါ်ဦးဆိုလို့ စပ်မိတုန်း နဲနဲ ပြောရဦးမယ်"
"များများပြောလဲ ရပါတယ် သူကြီးမင်း အဟီး"
"မင်းက ငါ စကားရှည်ရှည်ပြောတတ်လွန်းလို့ ရွဲ့ပြောနေတာ မဟုတ်လား"
"မဟုတ်ပါဘူး သူကြီးမင်း အဟီးး"
"မှတ်ထားပေါက်ကျော်၊ ရွဲ့တိုင်း မကောင်းဘူးကွ"
"ဘာဖြစ်လို့လဲ သူကြီးမင်း"
"ရွဲ့တော့ စောင်းသွားရောပေါ့ကွာ၊ စောင်းသွားတော့ ဖိတ်ကျကုန်ရောပေါ့။ ဖိတ်ကျတော့ စားလို့ ဘယ်ရတော့မလဲကွာ၊ ကဲ ရှင်းပြီလား"
"ဟား ဟား သူကြီးမင်းကလဲ ဖိတ်ကျလဲ ဘာဖြစ်လဲ၊ ပြန်ကောက်စားမှာပေါ့"
"စားဗျား၊ စားဗျား၊ ငါ မပြောလိုက်ချင်ဘူး။ ဖိတ်ကျတာက တခြားအပေါ် ဖိတ်ကျတာ မဟုတ်ဘူး။ မစင်တောထဲ ဖိတ်ကျကုန်တာ မောင်ပေါက်ကျော်ရေ့"
"ထွီးးး သူကြီးမင်းကလဲ ဒီမှာ ကော်ဖီ သောက်ကောင်းနေတုန်း"
"အတော်ဘဲပေါ့။ ဖိတ်ကျကုန်တာကို ပြန်ကောက်ပြီး ကော်ဖီလေးနဲ့ မြည်းလိုက်ပေါ့။ ဟာ ဟ"
"သူကြီးမင်းကတော့ မလွယ်ဘူး။ ဒါနဲ့ ဦးပေါ်ဦးအကြောင်း ပြောမယ်ဆို ပြောလေ သူကြီးမင်း"
"အေးပါ။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ငါ မန္တလေးမှာ ၁၂ ကြိုး ပညာ၊ အဲ... ဟုတ်သေးပါဘူး။ အဋ္ဌာရသ ပညာတွေ သွားသင်နေစဉ်တုန်းက သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက တန့်ဆည်ဇာတိလေ။ တစ်နေ့တော့ ဆရာတစ်ယောက်က ငါတို့ အတန်းထဲ ၀င်တယ်။ သမိုင်းဆရာပါ။ အဲဒီ သမိုင်းဆရာက ဘာပြောလဲဆိုတော့ ပုဂံခေတ်က အရည်းကြီးဆိုတာ တကယ်မရှိခဲ့ဘူးတဲ့။ ပါးစပ်ရာဇ၀င်သက်သက်ဘဲတဲ့။ နောက်ပြီး ဘိုးတော်ဦးဝိုင်း (ဘိုးတော်ဘုရား) လက်ထက်က ဦးပေါ်ဦးဆိုတာလဲ အမှန်တကယ် မရှိခဲ့ပါဘူးတဲ့။ ဘယ်သမိုင်းစာအုပ်ထဲမှာမှ အတိအကျ ဖော်ပြထားတာ မရှိဘူးတဲ့။ အဲဒါတွေဟာ ပါးစပ်ရာဇ၀င်သက်သက် ညအိပ်ရာဝင် ရွှေယုန်ရွှေကျား ပုံပြင်မျှသာ ဖြစ်တယ်တဲ့"
"ဟ.. တကယ်ကြီးလား သူကြီးမင်း"
"တကယ်ဟုတ်မဟုတ်တော့ ဘယ်သိပါ့မလဲကွာ။ ဒါပေမဲ့ အဲဒီတန့်ဆည်သား သူငယ်ချင်းကတော့ အဲဒီ သမိုင်းဆရာကို စောဒက သွားတက်ပါရောလား"
"ဘယ်လို သွားတက်တာလဲ သူကြီးမင်း"
"ဆရာရယ်။ ပုဂံခေတ်က အရည်းကြီးတွေ မရှိခဲ့ဘူးဆိုတာကတော့ ထားပါတော့။ ယုံဆို ယုံလိုက်ပါ့မယ်။ ဒါပေမဲ့ ဦးပေါ်ဦးဆိုတာ သမိုင်းမှာ တကယ် မရှိခဲ့ဘူးလို့တော့ မပြောပါနဲ့၊ ရှိပေးလိုက်ပါ ဆရာရယ် လို့ အဲဒီသမိုင်းဆရာကို စောဒက သွားတက်တယ်။ ဆရာကလဲ ပြန်မေးတယ်။ ဘာဖြစ်လို့လဲတဲ့။ သူငယ်ချင်း ပြန်ဖြေလိုက်တာကတော့.. ဆရာရယ်.. ကျနော်တို့ တန့်ဆည်က လူရိုသေရှင်ရိုသေ သမိုင်းမှာ ပေါ်ပေါက်ခဲ့ဖူးတာဆိုလို့ ဦးပေါ်ဦး တစ်ယောက်ထဲသာ ရှိခဲ့လို့ပါတဲ့"
"ဒါဖြင့် ဦးပေါ်ဦးက တန့်ဆည်ဇာတိပေါ့"
"ဘယ်ဟုတ်ပါ့မလဲ မောင်ပေါက်ကျော်ရ"
"ဒါဖြင့် ဘယ်ဇာတိလဲ သူကြီးမင်း"
"တုံးဖလားဇာတိလေကွာ၊ တုံးဖလားဇာတိ"
"ဟား ဟား ဟား သူကြီးမင်းက အတည်ပေါက်ကြီးနဲ့ နောက်နေပြန်ပြီ"
"ကဲ... အဲဒါတွေ ထားလိုက်ပါတော့။ ပုံပြင်ဘက် ဆက်ကြဦးစို့။ မင်းပြောတဲ့ ရှဥ့်မီးနီ သစ်ခေါင်းထဲက ထွက်လာအောင် မီးနဲ့ရှို့မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ မီးရှို့တဲ့ အဆင့်ထိ ရောက်အောင် တစတစ ပြောင်းလဲ လာခဲ့ရတာပါ။ ပထမတော့ တောထဲ တောင်ထဲသွားရင် ကိုရင် ကျောင်းသားတွေက ဆေးလိပ်နဲ့ မီးခြစ် ယူခဲ့ကြလေ့ရှိတယ်။ ကိုရင် ကျောင်းသားမှန်ရင် ဆေးလိပ် မသောက်ရဘူး။ သောက်ရင် ဘုန်းကြီးက ရိုက်တယ်လေ။ ဒါကြောင့် တောထဲမှာ လွတ်လွတ်လပ်လပ် သောက်ရအောင် ယူခဲ့ကြတာပေါ့။ ရှဥ့်တို့ ကြွက်တို့ လိုက်ရင်း သစ်ခေါင်းထဲ ၀င်ပြေးသွားတဲ့အခါ အဲဒီ ဆေးလိပ်က ပို အသုံးဝင်ပြန်တယ်။ သစ်ခေါင်းထဲ ၀င်သွားတဲ့ ရှဥ့်ကို အပြင်ထွက်လာအောင် ဆေးလိပ်မီးညှိပြီး မီးတောက်တဲ့ဖက်ကို ပါးစပ်နဲ့ ငုံပြီး ဖင်စည်က အငွေ့ထွက်လာအောင် မှုတ်ထုတ်လိုက်တယ်။ ပြီးတော့ သစ်ခေါင်းထဲ မှုတ်ထည့်လိုက်ကြတယ်လေ။ အထဲက အကောင်လဲ ဆေးလိပ်မီးခို မွန်ပြီး အခေါင်းထဲက ထွက်ပြေးတော့တာပေါ့။ အဲဒီအခါမှာ အသင့်စောင့်နေကြတဲ့ ကိုရင်ကျောင်းသားတွေ ခွေးတွေက ၀ိုင်းသမလိုက်ကြတော့တာပါဘဲ"
"အတော်ပိုင်တဲ့ ကိုရင် ကျောင်းသားတွေ"
"ဒါကတော့ အလုပ်က သင်သွားတာပေါ့လေ"
"ဒါနဲ့ သူကြီးမင်း။ မသိလို့ မေးပါရစေ။ ဆေးလိပ်သောက်တာက အပါယ်ကျလောက်တဲ့အထိ အပြစ်ကြီးလို့ ဘုန်းကြီးက ဆေးလိပ်သောက်တဲ့ ကိုရင်ကျောင်းသားတွေကို ရိုက်တာလား"
"အပြစ်ကြီးလား မကြီးလားဆိုတာ ဘကြီးတော် မင်းလက်ထက်က အဖြစ်အပျက်ကလေး တစ်ခု ပြောပြမယ်။ အဲဒီ မင်းလက်ထက်က ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာတော်တစ်ပါး ရှိခဲ့တယ်။ ဆရာတော်ဦးဗုဓ်တဲ့။ လူတိုင်းနီးပါး သူ့ကို သိကြပါတယ်။ ဗုဓ်စ ဗုဓ်လယ် ဗုဓ်ဆုံးလို့တောင် ဆိုရိုးပြုခဲ့ကြတယ်လေ။ ဗုဓ်စ ဆိုတာ ဗုဒ္ဓဘုရားရှင်ကို ဆိုလိုတာပါ။ ဗုဓ်လယ်ဆိုတာကတော့ အဋ္ဌကထာကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသကို ဆိုလိုတာပါ။ ဗုဓ်ဆုံးကတော့ ဆရာတော် ဦးဗုဓ်ဘဲပေါ့။ အဲဒီလောက်ထိ နာမည်ကျော်ကြားခဲ့တဲ့ စာတတ်အကျော်အမော်တစ်ပါးပါ"
"သူကြီးမင်းကတော့ မသိတာ မရှိသလောက် ဖြစ်နေပြီ။ စပ်မိရင် ပုံပြင်တွေ ထွက်လာတာချည်းဘဲ"
"ဒါကလဲ ဟိုစပ်စပ် ဒီစပ်စပ် ဖတ်ထားလို့ပါကွာ။ အဲဒီ ဆရာတော်ဦးဗုဓ်ကျောင်းက ကိုရင် ဦးဇင်းအချို့က ဆရာတော် မသိခင်မှာ ဆေးလိပ်ခိုးသောက်ကြသတဲ့။ အဲဒီ သတင်းကို သာသနာပိုင်ဆရာတော် သိသွားတယ်။ ဒါနဲ့ တစ်နေ့မှာ သာသနာပိုင်ဆရာတော်က ဆရာတော်ဦးဗုဓ်ဆီ သူ့ကျောင်းက ဦးဇင်းတွေ လွတ်ပြီး လျှောက်တင်ခိုင်းလိုက်သတဲ့။ ဆရာတော် ကျောင်းက ကိုယ်တော်တွေ ဆေးလိပ်ခိုးသောက်ကြတယ်။ ကြည့်လဲ ဆုံးမဦးပေါ့။ အဲဒီလိုလဲ ဆရာတော်ဦးဗုဓ်ကို လျှောက်တင်လိုက်ရော ဆရာတော် ဦးဗုဓ်က ဘာပြောတယ်မှတ်လဲ။ မင်းတို့ သာသနာပိုင်ဆရာတော်ကို လျှောက်လိုက်၊ ငါ့ကျောင်းက ကိုယ်တော်တွေ ဆေးလိပ်သောက်တာက မင်းတို့ သာသနာပိုင်ဆရာတော် ဘုရားတည်သလောက် အပြစ်မကြီးဘူးလို့"
"အမ်... ဘယ်လိုကြီးလဲ သူကြီးမင်း။ ဘုရားတည်တာက ပိုအပြစ်ကြီးသလိုလို"
"အေးကွ။ ဒါက ၀ိနည်းကြောင်းနဲ့လဲ နဲနဲဆိုင်ပုံရပါတယ်။ ပြီးတော့ မင်း စဉ်းစားကြည့်လေ။ ဆေးလိပ်သောက်တာ ဘာခက်တာမှတ်လို့။ ဆေးလိပ်ကို မီးညှိပြီး ပါးစပ်ထဲထည့် ဖွာလိုက် ရှူထုတ်လိုက် လုပ်လိုက်ရုံဘဲ မဟုတ်လား။ မခက်ပါဘူး။ ဒါပေမဲ့ ဘုရားတည်တာက စည်းကမ်းတွေ အများကြီးရှိတယ်။ ဥပမာ ဖိနပ်တော်က ဘယ်နှစ်ပေရှိရင် ဥာဏ်တော်အမြင့်က ဘယ်နှစ်ပေရှိရမယ်ဆိုတာမျိုးပေါ့။ နောက်ပြီး ဖောင်းရစ်တို့၊ ပန်းဆွဲတို့၊ ကြာမှောက်ကြာလှန်တို့၊ ငှက်ပျောဖူးတို့၊ ထီးတော်တို့၊ စိန်ဖူးတော်တို့၊ စုံနေတာဘဲ။ အဲဒါတွေကို စည်းကမ်းဥပဒေသ အတိုင်း လိုက်မလုပ်နိုင်ရင် အပြစ်ကြီးရောပေါ့။ တခြားမကြည့်ပါနဲ့။ လူတစ်ယောက် ပုံစံကိုဘဲ မှန်းကြည့်လိုက်ပါဦး။ ဘောင်းဘီတိုဝတ်၊ တိုက်ပုံအကျီ င်္ဝတ်၊ နေကာမျက်မှန်ထူထူတပ်၊ ဆံပင်နီကျင်ကျင်တွေ ကျစ်လိမ်ထားတဲ့ ယောကျာ်းတစ်ယောက်ကို မင်းဘယ်လို မြင်မလဲ"
"သူကြီးမင်း ပြောမှဘဲ ဘုရားတည်ရမှာတောင် ကြောက်လာပြီ။ တော်ကြာ ဘုရားတည်မှ အပါယ်ကျနေပါဦးမယ်။ ဒါနဲ့.. အဲဒီအချိန်က သာသနာပိုင်ဆရာတော်က တကယ် ဘုရားတည်နေတာလား"
"အင်း.. တိုက်ဆိုင်ချင်တော့ သာသနာပိုင်ဆရာတော်က မြေစိုက်ဘုရားတစ်ဆူ တည်နေခိုက်နဲ့ ကြုံသွားတာတဲ့"
"ဖြစ်ရလေ သာသနာပိုင်ဆရာတော်ရယ်"
"တကယ်စဉ်းစား ကြည့်တော့လဲ ကိုရင်ကျောင်းသားတွေကို ဆေးလိပ်သောက်တာ တားမြစ်တာက အပြစ်ရှိလို့ထက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးပျက်၊ ဆေးလိပ်စွဲပြီး အကျင့်ပျက်၊ ပိုက်ဆံကုန်။ အဲဒါမျိုးတွေ ဖြစ်မှာစိုးလို့ တားမြစ်တာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုရင် ဦးဇင်းတွေ ဆေးလိပ်သောက်နေတဲ့ ပုံက ကြည့်လို့ သိပ်မကောင်းဘူးလေ"
"ဘာဖြစ်လို့လဲ သူကြီးမင်း"
"ငါပြောပြမယ်လေ။ တခါက ကိုရင်တစ်ပါး ဆေးလိပ်သောက်နေတာကို ရွာထဲက အပျိုကြီး မတင်လှိုင် မြင်သွားတယ်။ ဆေးလိပ်က စီးကရက်မဟုတ်ဘူး။ ဆေးပေါ့လိပ်ကြီးလေ။ မတင်လှိုင်က အဲဒီ ကိုရင်ကို ဘာပြောတယ် မှတ်လဲ။ ကိုရင် ကတုံးနဲ့ ဆေးလိပ်ပါးစပ်ထဲ ထည့်ထားတဲ့ပုံနဲ့ မလိုက်ဖက်ပါဘူး။ မသောက်ပါနဲ့။ ကြည့်ရဆိုးတယ်။ အုန်းမှုတ်ခွက်ကို အရိုးတပ်ထားသလိုကြီးဘဲတဲ့"
"ဟား ဟား ဟား။ သူကြီးမင်းပြောမှဘဲ မျက်စိထဲ တကယ်မြင်ယောင်လာပြီ။ ဟုတ်ပ။ အုန်းမှုတ်ခွက်ကို အရိုးတပ်ထားသလိုကြီး။ ဟီး ဟီး ဟီး"
"ငါတို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ စာသင်စဉ်က အဖြစ်အပျက်ကလေး တစ်ခု ပြောပြဦးမယ်။ အဲဒီ အချိန်တုန်းက ကျောင်းသားကြီးတစ်ယောက်ရှိတယ်။ နာမည်က မောင်ပြူးတဲ့။ ဆေးလိပ်ကတော့ သောက်သလား မမေးနဲ့။ တကယ့် မီးခေါင်းတိုင်လိုဘဲ။ အမြဲတမ်း သူ့ပါးစပ်က မီးခိုးငွေ့တွေ ထွက်နေတယ်။ တခါတလေ သူက ပါးစပ်က ရှူပြီး နှာခေါင်းက အငွေ့တွေ ထုတ်ပြတတ်တယ်။ ငါတို့လဲ အားကျပြီး စမ်းသပ်ကြည့်ကြတာပေါ့။ ဒါပေမဲ့ မရပါဘူး။ ချောင်းဆိုးတာဘဲ အဖတ်တင်တယ်"
"ဒါဖြင့် သူကြီးမင်းက ဆေးလိပ် အခုထက်ထိ မသောက်တတ်ဘူးပေါ့"
"အင်း ဆိုပါတော့။ ပြောရရင်တော့ ဆေးလိပ်နဲ့ ကွမ်းယာဟာ ငါ အမုန်းဆုံးဘဲ"
"သူကြီးမင်းက ဟို အရက်မုန်းတယ်ဆိုတဲ့ လူ တစ်ယောက် ပြောသလို ဖြစ်နေဦးမယ်"
"ဆိုစမ်းပါဦး"
"အရက်ကို စိတ်ကုန်တဲ့ ပုံစံမျိုးနဲ့.... ပူက ပူသေး၊ နံက နံသေး၊ အ၀င်က ဆိုးသေး၊ မူးက မူးသေး။ ဒါများ သောက်ချင်နေကြသေးတယ်၊... ပေးစမ်း နောက်တစ်ခွက် တဲ့။ အစကတော့ ဟုတ်မလိုလိုနဲ့ အဖျားရှူးသွားတာလေ"
"ဟား ဟား။ မောင်ပေါက်ကျော် မင်းလဲ စကားတတ်လာပြီ"
"ဒါကတော့ သူကြီးမင်းနဲ့ ပေါင်းနေတာကိုး။ ဒီလောက်တော့ တတ်လာမှာပေါ့"
"ဒါပေမဲ့ ငါက အဖျားမရှူးပါဘူးကွာ။ တကယ်ကို ဆေးလိပ် ကွမ်းယာကို မုန်းတာပါ"
"ဘာဖြစ်လို့လဲ သူကြီးမင်း"
"အဲဒီ ဆေးလိပ်သမား ကွမ်းယာသမားတွေဟာ များသောအားဖြင့် စည်းကမ်းမရှိတတ်ကြဘူးလေ။ ပြီးတော့ ပတ်ဝန်းကျင်ကိုလဲ ညစ်ပတ်စေသေးတယ်။ သူတို့ ခန္ဓာကိုယ်မှာလဲ ဆေးလိပ်နံ့တွေ စွဲနေတယ်။ ပါးစပ်မှာလဲ ကွမ်းတံတွေးတွေ ပေကျံနေတယ်။ ဘာမှ ကောင်းကျိုးမပေးပါဘူး"
"အင်း ဟုတ်တယ်နော်"
"ဒါနဲ့.. စကားက ဘယ်နား ရောက်သွားပြီလဲ မသိဘူး"
"မောင်ပြူးဆေးလိပ်ခိုးသောက်တဲ့ ဆီ ရောက်နေပြီ သူကြီးမင်း"
"အင်း.. ဖြစ်ချင်တော့ တစ်နေ့မှာ အဲဒီ ဘုန်းကြီးကျောင်းသား မောင်ပြူးဆေးလိပ် ခိုးသောက်နေတာကို ဘုန်းကြီး မြင်သွားတယ်။ ဒါနဲ့ သူ့ကို ဒဏ်ပေးတော့တာပါဘဲ။ ဘယ်လို ဒဏ်လဲ ဆိုတော့ ကိုရင်ကျောင်းသားတွေ အားလုံးကို ကျောင်းဝင်းတစ်လျှောက် ဆေးလိပ်တိုတွေ တစ်ယောက် ငါးခုစီ လိုက်ရှာခိုင်းတယ်။ ကိုရင်ကျောင်းသားတွေကလဲ စုစုပေါင်း ငါးဆယ်လောက် ရှိတော့ ဆေးလိပ်တိုပေါင်း ၂၅၀ လောက် ရတာပေါ့။ အလှူအတန်းလုပ်ရင် ဘုန်းကြီးကျောင်းဝင်းထဲမှာဘဲ လုပ်ကြတာဆိုတော့ အလှူလုပ်တုန်းက ဆေးလိပ်သောက်ပြီး ဘုန်းကြီးကျောင်းဝင်းထဲက အမှိုက်ပုံထဲကို ဆေးလိပ်တိုတွေ လွှင့်ပစ်ထားတတ်ကြတယ်လေ။ ကျောင်းဝင်းကြီးကလဲ အကျယ်ကြီးဆိုတော့ ဆေးလိပ်တိုတွေ အများကြီး ရတာပေါ့။ နောက်ပြီး ကုလားအော် ငရုပ်သီး တစ်ယောက် ငါးတောင့်စီ ရှာခိုင်းတယ်။ အဲဒီ ငရုပ်သီးတွေကို ထောင်းပြီး ဆေးလိပ်တို ဖင်စည်မှာ သုတ်လိမ်းပေးရတယ်။ အဲဒီ မောင်ပြူးကို ကွပ်ပစ်ကလေး တစ်ခုပေါ်မှာ တစ်နေကုန်ထိုင်ခိုင်းပြီး တစ်နေ့လုံး ဆေးလိပ်တိုတွေ မကုန်မချင်း သောက်ခိုင်းတယ်။ ဆေးလိပ်တိုတွေ မလွှင့်ပစ်နိုင်အောင် ကိုရင်ကျောင်းသားတွေကို အလှည့်ကျ စောင့်ကြည့်ခိုင်းထားတယ်။ ဆေးလိပ်တိုတစ်ခု ကုန်လိုက်၊ နောက်တစ်ခု မီးညှိလိုက်နဲ့ မောင်ပြူးတစ်ယောက် နှုတ်ခမ်းတွေပူ မျက်ရည်တွေ ကျကုန်တော့တာပေါ့"
"မောင်ပြူးတော့ ဒုက္ခရောက်ရောပေါ့"
"ဒုက္ခရောက်မရောက်တော့ မသိဘူး။ အဲဒီနေ့က သူပြောတဲ့ စကားလေးကို အခုထိ ကြားယောင်နေမိသေးတယ်"
"ဘယ်လို စကားမျိုးလဲ သူကြီးမင်း"
"ဆေးလိပ်သောက်ခဲ့တဲ့ ရက်တွေထဲမှာ ဒီနေ့ဟာ အရသာအရှိဆုံး အာသာအပြေဆုံးဘဲ တဲ့"
"ဟား ဟား ဟား။ သူကြီးမင်းပြောမှ ကျနော်လဲ ဟို ပုံပြင်ကို သွားသတိရမိတယ်"
"ဘာပုံပြင်တုန်း မောင်ပေါက်ကျော်ရ"
"ဟို.. ဘုရားရှင်လက်ထက် ဟ၀ှါအားကြီးတဲ့ သူတော်ကောင်းမလေး အကြောင်းပါ သူကြီးမင်း"
"အလဲ့... မင်းကလဲ ပုံပြင်ကောင်းတွေ တွေ့ထားပြီထင်တယ်။ ဆိုစမ်းပါဦး။ စိတ်ဝင်စားစရာဘဲ"
"နောက်နေ့မှ ဆက်ပြောကြတာပေါ့ သူကြီးမင်း။ အခု ဗိုက်ဆာနေပြီ။ အိမ်ပြန်လိုက်ဦးမယ်"
"ခွေးကောင် ပေါက်ကျော်။ ဒါ... မင်း သက်သက်မဲ့ ငါ့ကို ရွဲ့တာ"

11 comments:
အကို့ ဇာတ်လိုက် ပေါက်ကျော်နဲ့အကို နဲ့က သူငယ်ချင်း
တွေလား ဟင်......း) ဟိုက ပေါက်ကျော် အကိုက ပေါက်ပျော်။ ပေါ်လိုက် ပျောက်လိုက်မိုလို့ ဟီးဟီး။
တဂျီး....ရွဲ့များရေးနေသလားဟင်....ဇာတ်သိမ်းမျော့
နေပါတယ်ဆိုမှ သိမ်းကိုမသိမ်းနိုင်သေး....:D
နှစ်ယောက်စလုံးက တစ်ယောက်ထဲပဲ။ ကိုယ်ပဲပြောလိုက် ကိုယ်ဘာသာနာထောင်လိုက်၊ ပြန်ပြောလိုက် လုပ်နေတာ။
နှစ်ကိုယ့် တစိတ်လေ။
ဟုပ်တယ်မို့ လား ... ဟုပ်ပါ့ ဟုပ်ပါ့။
ကဲကြည့် ဟီးဟီး
ဖတ်လို့ကောင်းလိုက်တာ သူကြီးမင်းရယ် ဖတ်လို့ကောင်းတုန်းမှာပဲ ကြော်ငြာဝင်နေရင် မင်းသမီးလှလှလေးတွေ ကြည့်ရသေးတယ် ခုတော့ ဗြုန်းဆို အိမ်ပြန်တော့မယ်တဲ့ ဟီး။ နည်းစနစ်တော့ရပြီ ကျောင်းထိုင်ဖြစ်လို့ကတော့ ဆေးလိပ်သောက်တဲ့ ကိုရင်ကျောင်းသားတွေကို ကုလားအော်သီးနဲ့လူးပြီး သောက်ခိုင်းအုံးမှာ...ဟာ ဟ။ ဘုန်းဘုန်းလည်း ကျောင်းပြန်လိုက်ဦးမယ်နော့်။ ဘိုင်ဘိုင်။ ကျန်းမာပျော်ရွှင်ပါစေ...
အင်း ဒီသကြီး ကတော့ ဗျာ
ဒီလိုကြီးဘဲ ကောင်းခန်းရောက်ရင် ရပ်ပြီ ရွဲများနေသလား ပုံပြင်ထဲလည်း ပါတယ်နော် ရွဲ့တိုင်း မကောင်းဘူး တဲ့
ဟင်း တွေ့အုန်းမယ် ထမင်း နဲ့စားဘို့
မရွဲ့နဲ့နော်။
သဂျီး။
အုန်းမှုတ်ခွက် အရိုးတတ်ထားတယ်ဆိုတာ မြင်ယောင်ပြီး ရီမိတယ် သဂျီးရေ။
သူကြီးမင်းရဲ့ ဇတ်မသိမ်းတစ်သိမ်း ပုံပြင်လေးဝင်ရောက် အားပေးသွားပါတယ်း)
စိတ်ဓါတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဇာတ်မသိမ်းတသိမ်းဆိုတော့ ကျန်နေသေးတာပေါ့နော်။ မျှော်နေပါတယ်။
ခင်မင်လျက်
သဒ္ဓါ
သူကြီးကိုတော့ လေးခွနဲ့ထုတော့မယ်... :D.. အခုထိကို အဆုံးသတ်မပြောသေးဘူး.. ဟွင်း
ခင်မင်လျက်
နေ၀သန်
အဆုံးမသတ်သေးဘူးနော်.
တော်သေးတာပေါ့။
နောက်တပိုင်းဖတ်စရာ အဆင်သင့်ရှိနေလို့။ ဇာတ်သိမ်းခါနီးလေး ဆက်ဖတ်လိုက်အုံးမယ်။
Post a Comment