Sunday, 20 June 2010

ဘုန်းတော်ကြီး ပျောက်ဆုံးမှု တရားစီရင်ထုံး


အေပရယ်လ်လ၏ တစ်ခုသောဆန်းဒေးနေ့၌ သူကြီးကိုကိုမောင်တစ်ယောက် ပက်လက်ကုလားထိုင် တစ်လုံးပေါ်တွင်ထိုင်ကာ နယူးအပ်(ပ်)ဒိတ်ဗားရှင်းထုတ်ဖြစ်သည့် ရာဇသတ်စာအုပ်ထူထူကြီးကို ၁၅ ခေါက်မြောက်ထပ်၍ ဖတ်နေစဉ်ဝယ် အသက် ၅၀ အရွယ်ခန့် လူစိမ်းတစ်ယောက် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အိမ်ဝင်းထဲ ၀င်ရောက်လာ၏။

"ဗျို့  သူကြီးရှိပါသလားခင်များ"

"ဟုတ်ကဲ့.. ရှိပါတယ်။ အိမ်ထဲဝင်လာခဲ့ပါ"

ထိုလူစိမ်းသည် အိမ်ထဲဝင်ရောက်လာပြီး သူကြီးကိုကိုမောင်ညွန်ပြသည့် ကုလားထိုင်တစ်လုံး၌ ထိုင်နေလေ၏။ သူကြီးကိုကိုမောင်သည်လည်း ကုလားထိုင်အလွတ်တစ်လုံး၌ ၀င်ထိုင်ပြီး လိုရင်းတိုရှင်းမေးလေ၏။

"ကျနော် သူကြီးကိုကိုမောင်ပါ။ ဘာကိစ္စရှိလို့ပါလဲ ခင်များ"

"ကျူပ်က ကျီးပင်ရွာကပါ။ အမှုတစ်ခု အပ်ချင်လို့လာခဲ့တာပါ"

"ဘာအမှုများပါလိမ့်"

"ဘုန်းတော်ကြီးပျောက်ဆုံးမှုပါ"

"ဘုရားရေ... ဘုန်းတော်ကြီးပျောက်ဆုံးမှု"

"ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး ပျောက်ဆုံးသွားခဲ့တာပါ"

"ဦးလေး.. မှားနေပြီထင်တယ်။ ကျနော်က သူကြီးပါ။ စုံထောက်မဟုတ်ပါဘူး။ ပြီးတော့ ဒီတုံးဖလားရွာရဲ့ သူကြီးဘဲ ဖြစ်ပါတယ်။ တစ်ခြားရွာနဲ့ ဘာမှ မပတ်သက်ပါဘူး"

"သိပါတယ်။ ဒါပေမဲ့ သူကြီးရဲ့အကူအညီလိုအပ်လို့ တကူးတကလာရောက်ခဲ့ခြင်းဘဲဖြစ်ပါတယ်။ ပလိပ်ဋ္ဌာနကို တိုင်ကြားရင် အမှုရှည်မှာစိုးလို့ သူကြီးရဲ့ဥာဏ်ရည်ဥာဏ်စွမ်းနဲ့ဘဲ အဖြစ်မှန်ကို ဖော်ထုတ်ချင်လို့ပါ။ သူကြီးရဲ့ နာမည်ကျော်ကြားမှုကလဲ ကျုပ်တို့ တစ်မြို့နယ်လုံး ပျံ့ နှံ့နေပြီလေ။ ဒါကြောင့် ကျုပ်အားကိုးတစ်ကြီးနဲ့ လာခဲ့တာပါ။ ကူညီပါ သူကြီးမင်းရယ်"

ဤသို့ဤနှယ် ဒိုင်ယာလော့ခ်ဖွင့်ပြီးနောက် ထို ဘုန်းတော်ကြီးပျောက်ဆုံးမှုကို သူကြီးကိုကိုမောင် လက်ခံလိုက်ရလေ၏။ ကိုကိုမောင်၏ ရာထူးသည် သူကြီးရာထူးပင်ဖြစ်လင့်ကစား ရံဖန်ရံခါ၌မူ (မြှောက်ပင့်ပြီးခိုင်းလျှင်) စုံထောက်လုပ်ငန်းကိုလည်း ကျေကျေနပ်နပ်ကြီး အပင်ပန်းခံဆောင်ရွက်တတ်လေ၏။ သေချာတွေးကြည့်လျှင်မူ ခိုင်းကောင်းတိုင်း ခိုင်းနေကြခြင်းဖြစ်လေ၏။ ပညာမရှိ၊ သူ၏၀န်ထမ်းဆိုသည့် စကားပုံကို ပညာရှိ၊ သူ၏၀န်ထမ်း ဟု ပြင်ရမလိုလိုပင်ဖြစ်နေချေတော့၏။

ထိုလူစိမ်းဧည့်သည်ကို အိမ်၌တစ်ညအိပ်စေပြီး နောက်တစ်နေ့၌ ထိုသူ၏ မော်တော်ဆိုင်ကယ်ကြီးဖြင့် တုံးဖလားရွာနှင့် မိုင်ငါးဆယ်ခန့်ဝေးသည့် ကျီးပင်ရွာသို့ သူကြီးကိုကိုမောင် လိုက်ပါသွားခဲ့လေ၏။ ရွာသို့ ရောက်ရောက်ချင်း ရပ်ရွာလူကြီးများနှင့်တွေ့ဆုံကာ အကြောင်းစုံကို မေးမြန်းရလေ၏။ ရပ်ရွာလူကြီးများကလည်း သူတို့၏ ကျီးပင်ရွာဦးကျောင်းနှင့် ပတ်သက်သည့် ဖြစ်ရပ်မှန်တို့ကို ဟုတ်တိုင်းမှန်စွာ စုံစုံလင်လင် ရှင်းပြကြလေတော့၏။
...

ကျီးပင်ရွာဦးကျောင်း၌ ကျောင်းထိုင်ကြသည့် ကျောင်းထိုင်ဘုန်းကြီးများသည် အသေထွက် သို့မဟုတ် အရှင်ထွက်ဖြင့် ထိုကျီးပင်ရွာမှ ထွက်ခွါရလေ့ရှိ၏။ မည်မျှပင် အနေအထိုင်ကြည်ညိုဖွယ်ကောင်းသည့် ဘုန်းတော်ကြီးဖြစ်စေကာမူ ထိုကျီးပင်ရွာဦးကျောင်း၌ သုံးနှစ်ခန့်သီတင်းသုံးပြီးလျှင် ထိုကျောင်းတိုက်မှ ထွက်ခွါဖို့ အကြောင်းဖန်လာသည်ချည်းဖြစ်၏။ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း၌ပင် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးပျံလွန်ပြီး အသေထွက် ထွက်ခွါသွားရကာ ဘုန်းကြီးလေးပါးမှာ ထိုကျောင်း၌ လုံးဝ မပျော်ပိုက်တော့၍ ဘုန်းတော်ကြီးကျောင်းကို ရပ်ရွာဂေါပကလူကြီးများထံအပ်နှံကာ အရှင်ထွက် ထွက်ခွါသွားခဲ့ကြလေ၏။ ဘုန်းကြီးသေ ရွာကြေ ဆိုသကဲ့သို့ ရွာသူရွာသားများမှာလည်း ဘုန်းကြီးပျံပွဲကျင်းပလိုက်၊ ဘုန်းကြီးအသစ်ကို ကျောင်းထိုင်အဖြစ်တင်မြှောက်ပွဲကျင်းပလိုက်ဖြင့် ရှိစုမဲ့စု ငွေကြေးလေးများ ပြောင်သလင်းခါနေလေတော့၏။ ယခုပျောက်ဆုံးသွားသည့် ဘုန်းတော်ကြီးမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က အခြားနယ်ဘက်မှ ပင့်ဆောင်ထားသည့် အသက်၃၀ကျော်မှ သင်္ကန်းဝတ်လာသည့် တောင်ပျံဘုန်းကြီးတစ်ပါးပင်ဖြစ်လေ၏။ လွန်ခဲ့သည့် သုံးရက် (တနင်္ဂနွေနေ့) ၌ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခြင်းဖြစ်၏။ ကိုရင်ကျောင်းသားများလည်း ဘုန်းတော်ကြီး ဘယ်သို့ထွက်သွားသည်ကို လုံးဝမသိရှိလိုက်ကြဟု ဆို၏။
....

"လာဗျာ... ဘုန်းတော်ကြီးကျောင်းကို သွားကြည့်ကြရအောင်"

သူတို့ရှင်းပြသည့် ရွာဦးကျောင်းအကြောင်းကို နားထောင်ပြီးနောက် သူကြီးကိုကိုမောင်က ရပ်ရွာလူကြီးများကို ဘုန်းတော်ကြီးကျောင်းသွားကြဖို့ လှုံ့ဆော်ပြီး အုပ်စုလိုက် ဘုန်းတော်ကြီးကျောင်းသို့ ချီတက်ခဲ့ကြလေ၏။ လမ်းဘေးဝဲယာရှိ အိမ်အများစုတို့မှ ရွာသူရွာသားတို့သည် သူကြီးကိုကိုမောင်ကို မမြင်ဖူးကြ၍ ကြိတ်ကြိတ်တိုးမျှကြည့်ရှုကြသောကြောင့် သူကြီးကိုကိုမောင်သည်ပင် ခြေလှမ်းများ အယောင်ယောင်အမှားမှားဖြစ်လျက်ရှိနေလေတော့၏။

"ဟယ်... သူကြီးဆိုလို့ အသက်အကြီးကြီးအောက်မေ့တာ။ နှစ်ဆယ်ကျော်အရွယ်လေးဘဲ"

"ရုပ်ရည်ကလဲ ကိုရီးယားမင်းသား ဂျွန်စောရုပ်ရည်မျိုး"

"ကိုကိုမောင်ကို တုံးဖလားရွာ ပြန်မလွတ်တော့ဘူး။ ဒီမှာဘဲ ထောင်ချထားလိုက်မယ် (အိမ်ထောင်)"

"သူကြီး... သားသားတို့ကို မုန့်ဖိုးပေးပါ"

"သူကြီး... ကျုပ်တို့အိမ်ဘက်ကိုလဲ အလည်လာခဲ့ဦးနော်"

"ထမင်း ဖိတ်ကျွေးပါရစေ သူကြီးမင်း"

ထိုကဲ့သို့ပင် အပျိုချောချောလှလှတို့၏ မထိတထိ ကလိလိ အသံမျိုး၊ ကလေးများ၏ မုန့်ဖိုးတောင်းသံမျိုး၊ အလည်ဖိတ်ခေါ်သံမျိုးတို့ကို သူကြီးကိုကိုမောင်တစ်ယောက် နားဝင်ချိုစွာကြားနေရပြီး ဖရဏာပီတိ၊ ဂွမ်းဆီထိသကဲ့သို့ တအိအိကျေနပ်နေလေတော့၏။ ထိုသို့သော အသံတို့ကြောင့် သူကြီးကိုကိုမောင်တစ်ယောက် ခန္ဓာကိုယ်ကြီးပေါ့ပါးပြီး ကောင်းကင်ကို ပျံတက်တော့မလို၊ ခလုပ်တစ်ခုခု တိုက်မိတော့မလိုလို၊ မြေကြီးတစ်ခြမ်းစောင်းနိမ့်သွားတော့မလိုလို ဖီလင်မျိုးတို့ကို မကြုံစဖူး တွေ့ကြုံခံစား နေရလေ၏။

ရွာဦးကျောင်းဝင်းအတွင်း ၀င်ချိန်ကစပြီး သူကြီးကိုကိုမောင်သည် ဂရုတစ်စိုက်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာနေ၏။ ကျောင်းပေါ်သို့တက်ပြီး ဘုရားဝတ်ပြုကာ ကျောင်းဆောက်လုပ်ပုံအနေအထားကိုပါ မျက်စိကစားကြည့်လေ၏။ သွပ်မိုး ပျဉ်ခင်း ပျဉ်ကာ(ရှေးကျောင်း)ဖြစ်၏။ ထိုရွာဦးကျောင်းကို ဆောက်လုပ်ထားသည်မှာ နေကျော်လကျော် ဆောက်လုပ်ထားခြင်းဖြစ်သည်ကို တွေ့ရ၏။ နေကျော်လကျော် ဆိုသည်မှာ နေသွားရာလမ်းကြောင်းအတိုင်း အလျားလိုက် ဆောက်လုပ်ခြင်းမျိုးမဟုတ်ဘဲ နေလမ်းကြောင်းကို ကန့်လန့်ဖြတ်ဆောက်လုပ်ထားခြင်းကို ဆိုလို၏။ ရှင်းရှင်းဆိုရပါမူ အရှေ့ နှင့်အနောက် အလျားလိုက်ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ တောင်နှင့်မြောက်ကို အလျားလိုက်ယူပြီး ဆောက်လုပ်ထားခြင်းပင်တည်း။

ကျောင်း၏ အတွင်းပိုင်းကို လေ့လာကြည့်ရှုလိုက်သည့်အခါ ကြမ်းပျဉ်ခင်းထားသည်မှာ တစ်နေရာ၌ လှည်းဦးတိုက်ပုံစံမျိုးဖြစ်နေသည်ကို တွေ့ရလေ၏။ လှည်းဦးတိုက်ဆိုသည်မှာ အလျားလိုက်ခင်းထားသည့် ကြမ်းခင်းကို တစ်နေရာ၌ အနံလိုက်ခင်းခြင်းဖြင့် အလျားကို ဖြတ်တောက်ပိတ်ဆို့ထားသည့် ပုံစံမျိုးကို ဆိုလို၏။ ထိုကျောင်း၌ ဘုရားခန်းကို အလျားလိုက်၊ သံဃာတန်းကို အနံလိုက်၊ ကျန်အပိုင်းများကို အလျားလိုက်ပုံစံမျိုး အစဉ်လိုက်ကြမ်းခင်းထားလေ၏။

ထိုကဲ့သို့ နေကျော်လကျော်ဆောက်လုပ်ခြင်း၊ လှည်းဦးတိုက် ကြမ်းခြင်းတို့ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦးသည် အိမ်ဖြစ်စေ၊ ရုံးဖြစ်စေ၊ ဘုန်းကြီးကျောင်းဖြစ်စေ၊ မည်သည့်အဆောက်အဦးဘဲဖြစ်ဖြစ် ခိုက်တတ်သည်ဟု ကြားဖူး၏။ မကြာခဏနေမကောင်းဖြစ်တတ်၏။ စီးပွါးရေး လူမှုရေး အဆင်မပြေဖြစ်တတ်၏။ ထိခိုက်အနာတရဖြစ်တတ်၏။ ကံဆိုးလျှင် အသေအပျောက်များတတ်၏။ သူကြီးကိုကိုမောင်သည် ထိုအကြောင်းအရာတို့ကို ကြားဖူးနားဝရှိထားလေ၏။

"ဘုန်းတော်ကြီးကျိန်းစက်တဲ့အခန်းကို ကြည့်ပါရစေ"

ရပ်ရွာလူကြီးများထံ ခွင့်ပန်ပြီး သူကြီးကိုကိုမောင်သည် ဘုန်းကြီးဘောဂါခန်းသို့ ၀င်ရောက်လေ့လာ၏။ အခန်းတံခါးကို သော့ခတ်ထားသောကြောင့် သော့ကို အားလုံးသဘောတူဖျက်ဆီးပြီး ၀င်ရောက်ကြခြင်းဖြစ်လေ၏။ အခန်းတွင်းရှိပစ္စည်းပစ္စယအားလုံး လက်ရာမပျက်သေသေသပ်သပ်ရှိနေလေ၏။ သေတ္တာအားလုံး ဗီဒိုအားလုံးကို မွှေနှောက်ရှာကြည့်သော်လည်း ငွေစငွေနဟူ၍ တစ်ပြားတစ်ချပ်မှ မတွေ့ရပေ။ ထိုအခြေအနေတို့ကို ကြည့်ရှုပြီး သူကြီးကိုကိုမောင်တစ်ယောက် စဉ်းစားခန်းဖွင့်နေလေတော့၏။

"၁။ထိုကျောင်း၌ မပျော်ပိုက်တော့၍ ဇာတိရပ်ရွာသို့ အပြီးပြန်သွားချင်လျှင်လည်း ရပ်ရွာဂေါပကများကို နှုတ်ဆက်ပြီး ထွက်ခွါသွားရမည်။

၂။ဘုန်းကြီးကို ဓါးမြတိုက်ပြီးဖမ်းခေါ်သွားလျှင်လည်း အခန်းတွင်းရှိ ပစ္စည်းပစ္စယများ ဖရိုဖရဲ ပြန့်ကြဲနေရမည်။


၃။စိတ်ဓါတ်ကျပြီးရုတ်တရက် မိမိကိုယ်ကို တစ်နေရာရာ၌ သေကြောင်းကြံစည်လျှင်လည်း ပိုက်ဆံငွေသားတို့ကို ယူဆောင်သွားမည်မဟုတ်။


၎။ဧကန္တတော့..... ??????
"

စဉ်းစားခန်းဖွင့်ပြီးနောက် သူကြီးကိုကိုမောင်သည် ရပ်ရွာလူကြီးများကို စကားဆိုလိုက်၏။

"မနက်ဖန်မှာ ရပ်ရွာလူကြီးများအားလုံးနှင့်ကိုရင်ကျောင်းသားတွေအကုန်လုံး ဘုန်းတော်ကြီးကျောင်းမှာ စုဗျာ။ ကျနော် စုံစမ်းမေးမြန်းစစ်ဆေးစရာတွေ ရှိသေးတယ်"

"ဟုတ်ကဲ့ပါ။ ကြည့်စီစဉ်လိုက်ပါ့မယ်"

နောက်တစ်နေ့တွင် ရွာဦးကျောင်းအတွင်း၌ လာရောက်နားထောင်သူများ၊ ကိုရင်ကျောင်းသားများ၊ ရပ်ရွာလူကြီးများဖြင့် ကြက်ပျံမကျ လူစည်ကားနေလေတော့၏။ သူကြီးကိုကိုမောင်သည် လူထုပရိသတ်ရှေ့ မှောက်၌ ဘယ်ဘက်လက်ဖြင့် ကျောက်သင်ပုန်းကိုကိုင်ကာ ညာဘက်လက်ဖြင့် ကျောက်တံခပ်တိုတိုတစ်ချောင်းကို ကိုင်ထားပြီး အမှုကို စတင်စစ်ဆေးလေတော့၏။

"ဒီရက်ပိုင်းအတွင်း ဘုန်းတော်ကြီး ခရီးထွက်တာရှိခဲ့လား"

"မရှိပါဘူး သူကြီးမင်း"

"ဘုန်းကြီးရဲ့ မျက်နှာမှာ စိတ်ဓါတ်ကျနေတဲ့အမူအယာကော တွေ့မိကြလား"

"မတွေ့မိပါဘူး သူကြီးမင်း"

"ဘုန်းတော်ကြီး သက်တော် ဘယ်လောက်ရှိပြီလဲ"

"၃၇ လောက် ရှိမယ်ထင်ပါတယ် သူကြီးမင်း"

"နားနှင့်မနာ ဖ၀ါးနှင့်နာပါ။ ရပ်ရွာထဲမှာ ဘုန်းကြီးနှင့်အမျိုးသမီးတစ်ယောက် ရည်ငံနေတယ်ဆိုတဲ့ ကောလာဟလသတင်းကော ရှိခဲ့ရဲ့လား"

"မရှိခဲ့ပါဘူး သူကြီးမင်း"

"ဒါဖြင့်... ဘုန်းတော်ကြီး ဘယ်နေ့ကစပြီး ပျောက်ဆုံးသွားပါသလဲ"

"လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကပါ သူကြီးမင်း"

ထိုကဲ့သို့ စစ်ဆေးမေးမြန်းပြီး သူကြီးကိုကိုမောင်တစ်ယောက် ကျောက်သင်ပုန်းပေါ် ကျောက်တံဖြင့် တစ်ဂျစ်ဂျစ်ရေးခြစ်လိုက်မှတ်ရင်း ပါးစပ်ကလည်း တစ်စုံတစ်ခုကို အောက်ပါအတိုင်း မတိုးမကျယ် ရွတ်ဆိုနေလေတော့၏။

"အို-ကြင်-ရာ =ဥဒကေ
ကြာ-ကန်-သူ =၀နေ
စိတ်-တူ-၏ =ဂူပေ

လှ-ဒေ-သ =ဂါမေ

x-x-x-x-x-x-x.......... ????
"

ထိုကဲ့သို့ ရွတ်ဆိုနေစဉ်ဝယ် လူထုပရိသတ်ထဲမှ လူရွယ်တစ်ယောက် ဖြုန်းကနဲ မတ်တပ်ထပြီး--

"သူကြီးမင်း... အဲဒီ လင်္ကာက ကျွဲပျောက် နွားပျောက်နှင့် ဥစ္စာပျောက် အဟောအတွက် စပ်ဆိုထားတဲ့ လင်္ကာပါ။ အခု ဘုန်းတော်ကြီးပျောက်ဆုံးတာနဲ့ ဘာဆိုင်လို့တုန်း"

ဟူ၍ ခပ်မာမာ ခပ်စွာစွာ အော်ဟစ်ပြောဆိုလေတော့၏။

"မောင်ရင်... မသိရင် အသာလေးထိုင်နေ။ ၀င်မစွက်နဲ့။ အဓိကက ဘုန်းကြီးကို ပြန်ရှာတွေ့ဖို့ မဟုတ်လား"

ဟူ၍ ပိုပြီး ကျယ်လောင်ပြတ်သားသော အသံဖြင့် သူကြီးကိုကိုမောင်က ရဲရဲရင့်ရင့် ပြန်ဟောက်လိုက်တော့မှ သကောင့်သား ထိုင်ချသွားလေတော့၏။ သူကြီးကိုကိုမောင်သည်လည်း တနင်္ဂနွေနေ့အပျောက်အဟောကို နိဿယပေါင်းစုံပေးပြီး ပုံဖော်နေလေတော့၏။

"၁။
တနင်္ဂနွေနေ့မှာ ပျောက်ဆုံးသွားတာဆိုတော့--
အို-ကြင်-ရာ =ဥဒကေပေါ့

အို=တနင်္ဂနွေနေ့၌ ပျောက်ဆုံးပါမူ
ကြင်=တနင်္လာအရပ် (အရှေ့ )ဘက်က ထွက်ခွါသွားပြီး
ရာ
= ရာဟုအရပ် (အနောက်မြောက်) ဘက်တွင်
ဥဒကေ
= ရေရှိသောအရပ်၌ ရှိနေရမည်

၂။

အို
= တနင်္ဂနွေနေ့၌ ပျောက်ဆုံးပါမူ
ကြင်ရာ
= ကြင်ရာတော်နှင့်
ဥဒကေ
= ရေနှင့်ပတ်သက်သည့်နေရာတွင် တွေ့ဆုံခဲ့ရမည်

၃။

အို
= တနင်္ဂနွေနေ့၌ ပျောက်ဆုံးပါမူ
ကြင်
= တနင်္လာအရပ်က ခိုးထွက်ပြီး
ရာ
= ရာဟုအရပ်ဘက်ရှိ
ဥဒကေ
= ရေအမည်ပါသည့် ရွာတစ်ရွာ၌ ရှိနေရမည်

၎။

အိုကြင်ရာ
= ကြင်ရာတော်နှင့် အိုနေပြီးဖြစ်ရမည် (ပေါင်းဖော်ပြီးဖြစ်ရမည်)
ဥဒကေ
= ရေအမည်ပါသည့် ရွာတစ်ရွာ၌ ခေတ္တရှိနေရမည်"

ထိုကဲ့သို့ တွက်နည်းပေါင်းစုံဖြင့် တွက်ချက်ပြီးသောအခါ ယုံကြည်ချက်အပြည့်ဖြင့် သူကြီးကိုကိုမောင်က ပရိသတ်တို့အား မေးခွန်းတစ်ခုမေးလေ၏။

"ရွာထဲက အမျိုးသမီးတစ်ယောက်ယောက်များ ပျောက်နေတာရှိလားမသိဘူး"

"ဘယ်သူမှ မပျောက်ပါဘူး သူကြီးမင်း"

"သေချာစမ်းစားကြည့်ကြပါဦး။ အလုပ်တစ်ခုခုအတွက် သွားမယ်ဆိုပြီး ထွက်သွားတဲ့ အမျိုးသမီးများ ရှိနေလေမလား"

"ကျုပ်သမီးအကြီးမ ကြည်မြိုင်တစ်ယောက်တော့ မန္တလေးဘက် ဈေးဝယ်ထွက်ဦးမယ်ဆိုပြီး တနင်္ဂနွေနေ့က ထွက်ခွါသွားပါတယ်။ ဒါပေမဲ့ သူက မန္တလေးက အ၀တ်အထည်နှင့်ဖိနပ်တို့ကို သယ်ယူပြီး ရောင်းချနေသူဆိုတော့ အခုလိုဘဲ မကြာမကြာ မန္တလေးဆင်းပြီး ဈေးသွားဝယ်လေ့ရှိပါတယ်"

"ဟုတ်ပြီ။ ခင်များနာမည် ဘယ်လိုခေါ်လဲ"

"ဦးလူမောင်ပါ"

"ခင်များသမီးအသက်ကကော ဘယ်လောက်ရှိသွားပြီလဲ"

"၃၀ လောက်တော့ရှိပါပြီ"

"ဟုတ်ပြီ။ ဒီလောက်ဆို လုံလောက်ပြီ။ အခု ကိုရင်ကျောင်းသားတွေကို မေးမယ်။ ကိုရင်များ ကျောင်းသားများ သေချာစဉ်းစားပြီး ဖြေဆိုပါ။ ဘုန်းတော်ကြီးနှင့်မကြည်မြိုင်တို့ တစ်နေရာရာမှာ တွေ့ဆုံခဲ့တာ ရှိခဲ့ဖူးပါသလား"

"မရှိပါဘူး။ သူကြီးမင်း"

"သေချာပြန်စဉ်းစားကြပါဦး။ ရေတွင်းတို့ ရေကန်တို့ရှိတဲ့ တစ်နေရာရာမှာ တွေ့ခဲ့ကြသလားလို့"

"ဟုတ်ပြီ သူကြီးမင်း။ သတိရသွားပြီ။ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့မနက် ၁၀ နာရီလောက်က ဘုန်းကြီးရေချိုးဖို့ ရေတွင်းမှာ တပည့်တော်ရေဆွဲပေးပြီး ရေချိုးကန်ထဲထည့်ပေးပါတယ်။ ဘုန်းကြီးရေချိုးနေစဉ်မှာ မကြည်မြိုင်က ရေလာခပ်ပါတယ်။ သောက်ရေအတွက်ပါ။ အဲဒီအခါမှာ ဘုန်းကြီးက မကြည်မြိုင်ကို မေးပါတယ်"

"မကြည်မြိုင် အပျိုကြီးစာရင်းဝင်နေပြီ မင်္ဂလာဆွမ်းကျွေးဖို့ အစီအစဉ်မရှိသေးဘူးလား "

"ဘုန်းဘုန်းရယ်.. တပည့်တော်မကို လာကြိုက်တဲ့သူမှ မရှိတာ၊ ပြီးတော့ တပည့်တော်မက ဒီလောက် ရုပ်ဆိုးနေတော့ ဘယ်တော့မှ ကြိုက်မဲ့သူ ရှိလာမှာလဲ မဟုတ်ပါဘူး"

"ကြိုက်တဲ့သူ ရှိရင် ယူမလား"

"အခုကြိုက်တဲ့သူရှိရင် အခုယူပြီသာမှတ်တော့ဘုရား"

"အခု မကြည်မြိုင်ကို ကြိုက်တဲ့သူ ရှိနေပြီ"

"မဖြစ်နိုင်ပါဘူးဘုရား"

"ဘာလို့မဖြစ်နိုင်ရမှာလဲ။ မကြည်မြိုင်ကို ကြိုက်နေတဲ့ အဲဒီသူကို ကျုပ် သိနေတယ်"

"ဒါဖြင့် ဘယ်သူလဲ ဘုရား"

"ကျုပ်ထင်တယ်"

"ပြောပါဘုရား။ ဘယ်သူပါလဲ"

"ကျူပ်ထင်တယ်"

"ထင်တဲ့အတိုင်းသာ ပြောပါဘုရား"

"ကျုပ်ထင်တယ်ဆိုနေမှဘဲ။ ကဲဗျာ... ကျုပ်ထင်တယ်။ ကျုပ်ထင်တယ်" (ဟူ၍ ဘုန်းကြီးသည် မိမိလက်ဝါးဖြင့် မိမိရင်ဘတ်ကိုပုတ်ကာ အားရပါးပြောနေလေတော့၏။)

"အဲဒီလို အပြန်အလှန်ပြောပြီး ရယ်မောနေကြတာကို တပည့်တော်တွေ့ခဲ့ကြားခဲ့ရပါတယ် သူကြီးမင်း"

"ဟုတ်ပြီ။ ဒါဆိုသဲလွန်စရပြီ"

သူကြီးကိုကိုမောင်သည် အထက်ပါ ဘုန်းကြီးကျောင်းသားတစ်ယောက်၏ ရှင်းပြမှုကိုကြားရပြီးနောက် သူ၏ (အို-ကြင်-ရာ= ဥဒကေ)ဟူသည့် တွက်ချက်နည်းမှန်ကန်နေသဖြင့် အကျေနပ်ကြီး ကျေနပ်နေလေတော့၏။ ပြီးနောက် ဘုန်းကြီး (၅+၂) နှင့် ကြည်မြိုင် (၂+၅)တို့ အချင်းချင်း ကက်ကင်းပြန်နေကြသည်ကို တွေ့ရှိရကား ပို၍ပင် ကျေနပ်မှုဖြစ်ပေါ်၍နေလေတော့သတည်း။

"ကျန်တဲ့အပိုင်းကတော့ လွယ်သွားပါပြီ။ ဘုန်းကြီးဟာ ကျောင်းရဲ့အရှေ့ ဘက်အပေါက်က ထွက်ခွါသွားပြီး ကျောင်းရဲ့ ရာဟုဒေါင့်ဘက်မှာရှိတဲ့ ရေအမည်ပါတဲ့ ရွာတစ်ရွာမှာ ရှိနေလိမ့်မယ်။ ရာဟုဒေါင့်ဘက်က ရေအမည်ပါတဲ့ ရွာရှိမရှိ အားလုံးစဉ်းစားပေးကြပါ"

အားလုံးသေချာစဉ်းစားပြီး လူတစ်ယောက်က အဖြေပေးလေ၏။

"ဒီကနေ မိုင်ငါးဆယ်လောက်မှာ ရေ၀န်းဆိုတဲ့ရွာတစ်ရွာရှိပါတယ်။ ဒီကနေကြည့်ရင် ရာဟုဒေါင့်အရပ်ဘက်ဖြစ်ပါတယ် သူကြီးမင်း"

"ကဲဗျာ.. ဒါဖြင့် မော်တော်ဆိုင်ကယ် သုံးလေးစီးနှင့်အဲဒီရွာကို လူလွတ်လိုက်ပါ။ အဲဒီကိုရောက်ရင် ပထမဆုံးဘုန်းတော်ကြီးကျောင်းကို သွားပါ။ ကျောင်းထိုင်ဆရာတော်ကို အခုရက်ပိုင်းအတွင်း သာသနာ့ဘောင်မှာ မပျော်ပိုက်တော့လို့ သိက္ခာလာချတဲ့ ဘုန်းကြီးရှိမရှိမေးကြည့်ပါ။ ပြီးရင် ရပ်ကွက်လူကြီးထံသွားပြီး လက်ထပ်စာချူပ်လာလုပ်တဲ့သူ ရှိမရှိမေးကြည့်ပါ။ တကယ်လို့ သူတို့ (ဘုန်းကြီးနှင့်ကြည်မြိုင်)နှစ်ယောက်လုံးကို တွေ့ရှိခဲ့ရင် ဆိုင်ကယ်နှင့်တစ်ပါတည်း ခေါ်ဆောင်လာခဲ့ပါ"

ဟူ၍ အစီအစဉ်ကို စနစ်တကျချပြီး တွေ့ဆုံမေးမြန်းစစ်ဆေးခြင်းအလုပ်ကို ရပ်နားလိုက်လေ၏။

"ကြည်မြိုင်ကံကောင်းပါတယ်။ ဘုန်းကြီးမှ လူထွက်ပြီးမယူရင် သူဒီတစ်သက် ယောက်ျားရကိန်းမရှိဘူး။ ဒီလောက်ရုပ်ဆိုးတာ"

"ဘုန်းကြီးလဲ ကံကောင်းပါတယ်။ မိန်းမမရလို့ ဘုန်းကြီးတက်ဝတ်ခဲ့တာ။ အခု ကြည်မြိုင်နှင့်ရသွားပြီဆိုတော့ ကံကောင်းတာပေါ့။ သူ့ကိုလဲ ကြည်မြိုင်မှ မယူရင် ဘယ်သူမှ ယူမဲ့သူရှိမှာ မဟုတ်ဘူး"

"ဟေ့ ကောင်မလေးတွေ ဘာအတင်းတွေလျောက်ပြောနေကြတာလဲ၊ သူများအတင်းမပြောကောင်းဘူး"

စသည့်စသည့် တီးတိုးစကား အတင်းအဖျင်းစကား၊ ဟိုဟိုဒီဒီစကားတို့သည် ဘုန်းတော်ကြီးကျောင်းမှ ရွာအပြန်လမ်းတစ်လျောက်၌ ဆူညံလျက်ရှိနေလေတော့၏။

နောက်တစ်နေ့၌ ရွာထဲလူရွယ်ငါးယောက်ကို မော်တော်ဆိုင်ကယ်ငါးစီးဖြင့် ရေ၀န်းရွာသို့ လွတ်လိုက်လေ၏။ သူကြီးကိုကိုမောင်၏ တွက်ကိန်းသည် ကွက်တိပင်ဖြစ်၏။ ထိုဆိုင်ကယ်ငါးစီး ရေ၀န်းရွာသို့ရောက်သည့်အခါ ရွာဦးကျောင်းသို့ ပထမဦးဆုံးသွားရောက်ကြ၏။ ရွာဦးကျောင်းဆရာတော်ကို မေးလျောက်ကြည့်သည့်အခါ ဘုန်းကြီးတစ်ပါး သိက္ခာလာချကြောင်း သိရ၏။ ထို့နောက် ရွာလူကြီးအိမ်သို့ သွားရောက်စုံစမ်းသည့်အခါ စုံတွဲတစ်တွဲသူ့အိမ်၌ လက်ထပ်စာချုပ်လက်မှတ်လာထိုးကြောင်း၊ ရွာအတွင်းက အိမ်တစ်အိမ်၌ တည်းခိုသွားကြောင်း၊ ယနေ့မနက်ပိုင်းကမှ မန္တလေးသို့ ဆင်းမည်ဆိုပြီး ကောလင်းဘူတာသို့ မော်တော်ဆိုင်ကယ်အငှားဖြင့် ထွက်ခွါသွားကြောင်းသိရှိရလေ၏။ ထို့ကြောင့် ဆိုင်ကယ်ငါးစီးလုံး ကောလင်းဘူတာသို့ ဒုံးစိုင်းကြရလေတော့၏။ ကောလင်းသို့အရောက်တွင် ဘုန်းကြီးလူထွက်စုံတွဲ ရထားပေါ်သို့ တက်ခါနီးဆဲဆဲ၌ အတင်းအဓမ္မခေါ်ဆောင်လာပြီး ကျီးပင်ရွာသို့ ပြန်ခဲ့ကြလေတော့၏။ ကျီးပင်ရွာအ၀င်လမ်း၌မူ ဘုန်းကြီးလူထွက်၏ မျက်နှာကြီးသည် စပ်ဖြီးဖြီးကြီးဖြစ်နေပြီး ကြည်မြိုင်၏ မျက်နှာ၌မူ ရှက်သွေးဖျန်းလျက် ရှိနေလေ၏။

ကျီးပင်ရွာသို့ ပြန်ရောက်သည့်အခါ ဦးလူမောင်တစ်ယောက် တစ်စခန်းထလေ၏။ သူ့သမီးကို ဘုန်းကြီးလူထွက်နှင့်သဘောမတူနိုင်၊ အတင်းကွာရှင်းခိုင်းမည်ဟု ဆို၏။ ရွာသူရွာသားများကလည်း ကြည်မြိုင်ကို အပြစ်တင်ကြလေ၏။ ကြည်မြိုင်ကြောင့်ဘုန်းကြီးလူထွက်ရသည်၊ ဘုန်းကြီးမရှိလျှင် ဘုန်းကြီးအသစ်ပြန်ရှာရမည်၊ ဘုန်းကြီးအသစ်ပြန်ရှာလျှင် ပိုက်ဆံတွေတောက်တောက်လဲ ကုန်ပြန်ကြဦးမည် ဟူ၍ တစ်စီတစ်တန်းကြီးစဉ်းစားကာ တောက်တစ်ခေါက်ခေါက် ရှိနေကြလေတော့၏။

ထိုကဲ့သို့သော မပြေလည်မှုများကို သူကြီးကိုကိုမောင်တစ်ယောက် ခေါင်းအေးစွာဖြင့် ဆုံးဖြတ်ချက်ချပေးလိုက်ရလေ၏။

"ကျနော်သည် ကျီးပင်ရွာသူကြီးမဟုတ်ပါ။ တုံဖလားရွာသူကြီးသာဖြစ်ပါသည်။ သို့သော်လည်း ကျနော့်ထံသို့ အားကိုးတစ်ကြီးလာရောက်အကူအညီတောင်းမှုကြောင့် မအားလပ်သည့်ကြားထဲမှပင် တစ်ကူးတစ်က လိုက်ပါပြီး ဤအမှုကို ဖော်ထုတ်ပေးခဲ့သည်။ ထို့ကြောင့် ထိုအမှုကို ဆုံးခန်းတိုင်အောင် ကျနော်ဆောင်ရွက်မည်။ မည်သူမျှ ၀င်ရောက်စွက်ဖက်ခွင့်မပြုပါ။ အမိန့်။

၁။ဘုန်းကြီးလူထွက်နှင့်ကြည်မြိုင်တို့သည် အရွယ်ရောက်ပြီးသူများဖြစ်ကြသည်။ အချင်းချင်းအလိုတူစွာ လက်ထပ်စာချုပ်၌လည်း လက်မှတ်ထိုးပြီးဖြစ်လေသည်။ ထို့ကြောင့် ၄င်းတို့အား အတင်းအဓမ္မခွဲခွါစေခြင်းမပြုလုပ်ရ။


၂။၎င်းတို့နှစ်ဦးအား ရွာ၏တစ်နေရာ မြေလွတ်သည့်နေရာ၌ တစ်ရွာလုံးမှ တာဝန်ယူကာ ယာယီအိမ်တစ်လုံးဆောက်လုပ်ပေးရမည်။


၃။ရွာဦးဘုန်းတော်ကြီးကျောင်းသည် နေကျော်လကျော်ဆောက်လုပ်ထားခြင်း၊ လှည်းဦးတိုက် ကြမ်းခင်းထားခြင်းဖြစ်သောကြောင့် ထိုကျောင်းကို ဖျက်ပြီး ကျောင်းအသစ်ပြန်လည်ဆောက်လုပ်ရမည်။


၎။အမိန့်အား ဖီဆန်ခြင်း လုံးဝမပြုရ"


အထက်ပါကဲ့သို့ တရားစီရင်ဆုံးဖြတ်မှု ပြုလုပ်ပေးထားခဲ့ပြီး နောက်တစ်နေ့၌ သူကြီးကိုကိုမောင်သည် ရွာသူရွာသားများကို နှုတ်ဆက်ကာ ကျီးပင်ရွာမှ တုံးဖလားရွာသို့ မော်တော်ဆိုင်ကယ်အကူအညီဖြင့် ပြန်လာခဲ့လေ၏။

"သူကြီးကိုကိုမောင်..... ကျန်းမာပါစေ၊ ချမ်းသာပါစေ"
"သူကြီးကိုကိုမောင်.....အဆင်ပြေပါစေ၊ အသက်ရှည်ပါစေ
"
"သူကြီးကိုကိုမောင်.....ပျော်ရွှင်နိုင်ပါစေ၊ အများအကျိုးဆောင်ရွက်နိုင်ပါစေ
"
"သူကြီးကိုကိုမောင်..... ကျန်းမာပါစေ၊ ချမ်းသာပါစေ
"
"သူကြီးကိုကိုမောင်..... ကျန်းမာပါစေ၊ ချမ်းသာပါစေ
"

ဟူသောအသံတို့သည် တစ်စတစ်စ ဝေး၍ဝေး၍ကျန်ရစ်ခဲ့လေ၏။ တကယ်စိတ်ရင်းအမှန်နဲ့ မေတ္တာပို့ဆုတောင်းပေးကြခြင်းလော၊ ရွဲ့ ၍ဆုတောင်းပေးကြခြင်းလော၊ ရွာသူကြီးက အတင်းအကြပ်ဆုတောင်းခိုင်းသောကြောင့်လော။ မည်သို့ပင်ဆိုစေကာမူ ထိုကျီးပင်ရွာသူရွာသားတို့၏ ဆုတောင်းမေတ္တာပို့သံတို့သည် ကြည်နူးဖွယ်အတိပင်ဖြစ်ချေတော့၏။
.....

ထိုအမှုစီရင်းထုံးဖြစ်ပွါးပြီးနောက်ပိုင်း တစ်နှစ်ခန့်အကြာ၌ သူကြီးကိုကိုမောင်အိမ်ဝင်းအတွင်းသို့ လင်မယားစုံတွဲတစ်တွဲ ရောက်လာလေ၏။ အမျိုးသမီးဖြစ်သူက မွေးကင်းစ ကလေးတစ်ဦးကို ပွေ့ချီထားလေ၏။ ယောက်ျားဖြစ်သူက စကားစပြော၏။

"သူကြီးမင်း။ ကျုပ်တို့ကို မှတ်မိပါရဲ့လား၊ ကျီးပင်ရွာကလေ"

"အဲ.. ဟို.. ဟို... ဘုန်းကြီးလူထွက်ကြီးမဟုတ်လား"

"ဟုတ်ပါတယ် သူကြီးမင်း။ သူကြီးမှတ်မိတဲ့အတွက် အရမ်းဝမ်းသာပါတယ်"

"အလည်သက်သက်ဘဲလား"

"ဆိုပါတော့ သူကြီးမင်း။ သူကြီးမင်းကို လာတွေ့ရင်း ကလေးနာမည်ပေးဖို့ အကူအညီလာတောင်းတာပါ"

"ဟာ လုပ်ပြီ။ ကျနော်က ဗေဒင်ဆရာမှ မဟုတ်တာ"

"ဘယ်လိုဘဲဖြစ်ဖြစ်ပါ သူကြီးမင်း။ သူကြီးပေးတဲ့ နာမည်အတိုင်း ကျုပ်တို့သားလေးကို နာမည်ပေးချင်လို့ပါ။ သူကြီးကျေးဇူးကြောင့် ကျုပ်တို့အေးအေးဆေးဆေး ကျီးပင်ရွာမှာ နေခွင့်ရခဲ့တာပါ။ ဒါကြောင့် ကလေးမွေးပြီးချင်းချင်း သူကြီးမင်းကို သတိရပြီး အခုလို လာခဲ့တာပါ။ သူကြီးမင်း ကျုပ်တို့ကလေးအတွက် နာမည်ပေးပေးပါနော်"

"ကဲဗျာ... ဒါဖြင့်.. ကလေးက ယောက်ျားလေးလား၊ မိန်းခလေးလား"

"ယောက်ျားလေးပါ သူကြီးမင်း"

"ဘာနေ့သားလဲ"

"ကြာသပတေးသားပါ သူကြီးမင်း"

""သူ့ကို နိုင်လို၊ ဆ ကိုခို။ ရွှေသွတ် ငွေသွတ်၊ ပဉ္စပွတ်" လို့ ဆိုရိုးရှိတဲ့အတွက် ခင်များတို့ရဲ့ သားလေးကို ပဉ္စပွတ်နာမည်ပေးလိုက်မယ်ဗျာ။ ဒါမှ ရွှေတွေငွေတွေ အများကြီး ၀င်လာမှာ။ ဘုန်းကြည် လို့ နာမည်ပေးလိုက်ပါတယ်။ ကြာသပတေးအစနှင့်တနင်္လာအဆုံးဆိုတော့ ပဉ္စပွတ် ကွက်တိပါဘဲ"

"ကျေးဇူးတင်ပါတယ် သူကြီးမင်း။ သားလေးရေ... ဘုန်းကြည်ရေ..... ဟဲတော့...ကြည့်စမ်းပါဦး.. သားလေး ဘုန်းကြည်က ပြုံးနေတယ်။ သူ့နာမည်ကို ခေါ်မှန်းသိနေတယ်"

ထိုကဲ့သို့ပြောပြီး လင်မယားနှစ်ယောက် ၀မ်းအသာကြီးသာနေကြလေ၏။

"ဒါနဲ့ စကားမစပ်။ ခင်များတို့ ရွာဦးကျောင်းကို ဘယ်လို စီရင်နေကြသလဲ"

"အခုဆို ကျောင်းဟောင်းကို အားလုံးဖျက်လိုက်ကြပါပြီ။ ပြီးတော့ ကျောင်းအသစ်တည်ဆောက်ဖို့ ပန္နက်လဲ ရိုက်ပြီးပါပြီ။ အုတ်တိုက်ကျောင်းဆောက်မှာမို့ ရွာသူရွာသားတွေစုပေါင်းပြီး အုတ်ဖုတ်တဲ့အလုပ်ကို လုပ်နေကြပါတယ် သူကြီးမင်း။ ကျောင်းဆောက်ပြီးမှဘဲ ဘုန်းကြီးအသစ်ပင့်ပြီး ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်ကြမှာပါသူကြီးမင်း"

"ကောင်းလေစွ။ ကောင်းလေစွ။ ကောင်းလေစွ"
....

ထိုသို့သော အဖြစ်အပျက်များတွေ့ကြုံခဲ့ပြီးနောက်ပိုင်းတွင် သူကြီးကိုကိုမောင်သည်လည်း အရေးအကြောင်းတစ်ခုဖြင့် ပညာသင်ကြားရန် ဘိလပ်သို့ ထွက်ခွါလာခဲ့လေ၏။ ဘိလပ်သို့ ရောက်ပြီး တစ်နှစ်ခွဲခန့်အကြာတွင် သူကြီးကိုကိုမောင်ထံသို့ စာတစ်စောင်ရောက်ရှိလာလေ၏။ ဗမာပြည်မှ ပို့ခဲ့သည့်စာပင်တည်း။

သို့/
သူကြီးကိုကိုမောင်
ကျန်းခန့်သာလို့မာပါစခင်မျာ။ ကျုပ်တို့ကတော့ မောင်ဘုန်းကြည်ရဲ့ မိဘများပင်ဖြစ်ကြပါသည်။ သူကြီးမင်းပေးခဲ့သည့် နာမည်က အရမ်းအကျိုးပေးပါသည်။ စီးပွါးရေးလုပ်ငန်းများလည်း မောင်ဘုန်းကြည်ရဲ့ ကံဇာတာကြောင့် အဆင်ပြေပါသည်။ ရွှေသွတ် ငွေသွတ်၊ ပဉ္စပွတ် ဆိုသည့်အတိုင်း သားလေုးန်းကြည်၏ ပဉ္စပွတ်နာမည်ကြောင့် ငွေအ၀င်အရမ်းဖြောင့်ပါသည်။ လွန်ခဲ့သည့် နှစ်လခန့်က မောင်ဘုန်းကြည်နာမည်နှင့်အောင်ဘာလေထီတစ်စောင်ထိုးခဲ့ရာ သိန်းငါးရာဆုကြီးပေါက်ခဲ့ပါသည်။ ထို့ကြောင့် ကျီးပင်ရွာဦးကျောင်းဆောက်လုပ်ခြင်း၌ ကျန်ရှိသမျှ အစိတ်အပိုင်းအားလုံးကို ကျုပ်တို့မိသားစု တာဝန်ယူဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ သူကြီးမင်းကိုလဲ ဧည့်ခံပွဲကောင်းကောင်းပြုလုပ်ပြီး ဂုဏ်ပြုချင်ပါသောကြောင့် ဗမာပြည်ပြန်ရောက်သည့်အခါ ကျုပ်တို့ ကျီးပင်ရွာကို ရောက်အောင်လာခဲ့ဖို့ ဖိတ်ခေါ်ပါသည်။
သူကြီးမင်း ဘိလပ်ပြည်၌ အိုကေမှာစိုပြေပါစေ။

လေးစားလျှက်
မောင်ဘုန်းကြည်၏ မိဘများ
...

သူကြီးကိုကိုမောင်သည် ထိုစာကို ဆုံးအောင်ဖတ်ကြည့်ပြီး ပြုံးစိစိဖြစ်နေလေတော့၏။ အဘယ့်ကြောင့်ဆိုသော် ထိုဘုန်းကြီးလူထွက်၏ ကလေးကို နာမည်ပေးရာ၌ ခပ်ရွဲ့ရွဲ့ ခပ်နှောက်နှောက် ပြုလုပ်ချင်စိတ်ပေါက်သောကြောင့် ဘုန်းကြီးနှင့်ကြည်မြိုင်တို့၏ ရှေ့ ဆုံးစာလုံးတို့ကို ယူကာ ဘုန်းကြည်ဟူ၍ ပေးခဲ့ခြင်းပင်ဖြစ်သောကြောင့်တည်း။ အကယ်၍ ထိုလင်မယား စုံတွဲသည် အဖြစ်မှန်ကို သိရှိခဲ့လျှင်မူ သူကြီးကိုကိုမောင်ကို ကော်ဆဲနေမည်လားမသိ။ မည်သို့ပင်ဖြစ်စေ သူတို့အိမ်ထောင်စု ချမ်းချမ်းသာသာရှိကြောင်း ကြားသိရသည်ကတော့ သူကြီးကိုကိုမောင်အတွက် မဟာမင်္ဂလာတစ်ပါးပင်ဖြစ်နေချေတော့၏။
...

ထိုအကြောင်းအရာအဖြစ်အပျက်အပြည့်အစုံကို သူကြီးကိုကိုမောင်သည် သူတက်ရောက်ပညာသင်ကြားနေသည့် လန်ဒန်ယူနီဗာစီတီက ပရော်ဖက်ဆာ ဒေါက်တာဒေးဗစ်ဂျနက်ကအား စကားစပ်မိ၍ ပြန်လည်ပြောပြမိသောအခါ ပရော်ဖက်ဆာကြီးသည် တဟားဟား တ၀ါးဝါး ရယ်မောပြီး... "Oh My God, Ko Ko Mg!! You are very intelligent, but a bit stupid" ဟူ၍ ကောင်းချီးသြဘာ ထောပနာ ပြုနေလေတော့သတည်း။


....

"

22 comments:

SHWE ZIN U said...

အမယ်လေး တော်လိုက်တဲ့ သူကြီးမင်းဗျာ တော်ကြာ ဒီစာဖတ်ပြီး ဘုန်းဘုန်းတွေ မိန်းမ ယူချင်စိတ်တွေ ပေါက်လာရင်တော့ သူကြီးမင်း တာဝန်နော်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

မိုးစက်အိမ် said...

ဂျွန်စောသူကြီးက ဒါလည်းရတာဘဲလားဗျ :)
အမှုစစ်ပြီး စုံထောက်လုပ်တာထက် ဗေဒင်တွက်စား
ပိုနာမည်ကြီးလောက်တယ် ဟီးးးးးးးးး ဘုန်ကြီးပြော
တာလေးတော့သဘောကျသားအစ်ကိုရ
အင်း " ငါထင်တယ် " ဟိတစ်လုံးရပြီ လုပ်စား
လို့ ရသွားပြီ ဌဲဌဲ

Anonymous said...

သကြီးဘုန်းဘုန်းရေ..
နောက်မှလာဖတ်မယ်..အကြွေးမှတ်ထား။

သူကြီးကလဲ ဘုန်းကြီးပျောက်မှာပေါ့ ဘုန်းကြီးက အခု လန်ဒုံမှာစာလာသင်နေတာ မဟုတ်လား..ဟီးးး

မြတ်နိုး

ရွှေရတုမှတ်တမ်း said...

ဒီသူကြီးလဲ ဘုန်းကြီးနဲ့အတူတူ တောင်ပြန်သူကြီးပဲ ..ဟိုကမှ ခု ကလေးတယောက်တောင်ရသွားပြီ..
သဂျီးလူပျောက်ရှာတာတော့ ကျွဲပျောက်နွားပျောက်ရှာတာနဲ့ အတူတူပဲမို့ အထူးမှတ်သားလောက်ပါပေတယ်.....

Anonymous said...

တော်လိုက်တဲ့သူကြီးမင်း...အစကနေအဆုံးထိအသံထွက်ရည်ပြီးဖတ်ရတဲ့အထိကိုကောင်းတာ...နောက်လည်းအချိန်များရရင်ရေးပါအုံးနော်...အားပေးလျှက်

ဆွေ

Anonymous said...

ထမင်းစားရင်း..ပြန်လာဖတ်၏

ဖတ်လို့ တအားကောင်းပါ၏။
သူကြီးဘုန်းကြီးရမ်းတုတ်ကြီး..ရှင့်

ဂျွန်စောနှင့်မှ နိုင်းရလေခြင်းဟု ယူကြုံးမရဖြစ်မိပါ၏
ထို့နောက်ဗေဒင်ပညာတွင် တကယ်ပဲ ကျွဲပျောက်နွားပျောက် လူပျောက်လျှင် ဒီလိုပညာရပ်ကို သုံးသည့်အခါတိုင်း ရယ်ချင်ပက်ကျိ ဖြစ်မိပါ၏။
သူကြီး.. ဒါကြောင့် .. ၀ါဝါမြင်တိုင်း ဘုန်းကြီးဟု မသတ်မှတ်သလို ဦးချရှိခိုးခြင်း အလျဉ်းမရှိသည်မှာ အဆိုပါ ဘုန်းကြီးလိုမျိုးအတော်များများနှင့်ဆုံဖူးသောကြောင့်ဖြစ်သည်။
စိတ်ညစ်ပီးဘုန်းကြီးဝတ် အလှူငွေတွေဘုန်းပီး လူထွက် မိန်းမယူ .. တချို့များ ဘုန်းကြီးသာဝတ်ထားတယ် အလှူရှင်တွေသုံးဖို့ပေးထားတဲ့ ပိုက်ဆံနဲ့ ရွာမှာ ၀က်မွေးကြက်မွေး အတိုးပေးစား အချိန်တန်တော့ မိန်းမယူ..အမလေး..ပြောမဆုံးပေါင်တောသုံးတောင်။ထို့ကြောင့် ဘုန်းကြီးတိုင်း အထင်မကြီး မရှိခိုး မလေးစား။ ဆွေမျိုါ်ထဲမှာကို မိသားစုက လုံးဝမထောက်ပံ့နိုင်တော့လို့ ဘုန်းကြီးဝတ်သွားသူရှိပ. ကြည်ညိုစရာကိုတစက်မှကောင်းဘူး။ တရားအားထုတ်ပီး သံယောဇဉ်ပြတ်ရင်တောင်မှ အတော်ကြည်ညိုမိဦးမှာ။ သြော်..ဘုန်းကြီးတွေ ...ဘုန်းကြီးတွေ.. မကြောက်ကြဘူးလားသိဘူးနော်။
အိမ်ကတော့ ပြောပါတယ်..သူ့ဘာသာသူဖြစ်တာ နင့်အပူပါလို့လားတဲ့ ကိုယ်က ရှိခိုးလိုက်ပီးနေရောတဲ့.. သူ့အကုသိုလ် ကိုယ့်အကုသိုလ်လုပ်သတဲ့..။ ဘယ်လိုပဲပြောပြော ..ကျနော်ကတော့ လုံးဝ(လုံးဝ) ပဲ။ သင်္ကန်းဝတ်ထားတာနဲ့ ကန်တော့ဖို့ဆိုတာ ဘယ်လိုမှ ...ကျနော့်အတွက်မဖြစ်နိုင်ကြောင်း ပို့စိကိုပွါး၍ ပြောချင်သမျှပြောသွားပါကြောင်းးးး

ခင်မင်မှုဖြင့် ၀င်ရောက်လျှာရှည်သွားပါ၏ လွန်တာရှိရင် ၀မ်းသွားပါ၏...။အဟီး

မြတ်နိုး

ခွန်သဒ္ဒါ said...

ဂျွန်စောရုပ်နဲ့ သူကြီး
ကျောင်းတက်မနေနဲ့တော့ ဗေဒင်သာတွက်စားတော့
အဲဒါကမှ ပိုပြီးပိုက်ဆံရအုံးမယ်....ဟီး ;)

ရယ်ရတယ်
အားရင် နောက်ထပ်ရေးအုံး ကိုကြီး ;)

သဒ္ဓါလှိုင်း said...

ဂျွန်စောသူကြီး...အဲလေယောင်လို့....သူကြီးဂျွန်စော..
သူကြီးကိုနာမည်မပေးခိုင်းတော့ဘူး...

ခင်တဲ့
သဒ္ဓါ

ခိုင်နုငယ် said...

သူကြီးရေ..အရောက်လာဖတ်တယ်။
စုံစီနဖာတကယ့်ကိုအရေးတော်တယ်။
ဗေဒင်လည်းတွက်တာပဲလား...
အဟီး..ကြုံရင်ဗေဒင်မေးအုံးမှ

Ngwe Ain San said...

ဟားဟား... ငါ့ အကိုက ဒါမျိုးတွေလည်း ပိုင်တယ်ကွာ...

ခြေလှမ်းသစ် said...

သူကြီးကိုကိုမောင်ရေ သူကြီးကို လာမယ့် ရွေးကောက်ပွဲ မှာ ကြီးကြပ်ရေး လုပ်ခိုင်းမှနဲ့ တူတယ်ဗျာ ... ဟားဟားဟား စတာနော် ...

blackroze said...

oh...good good good very good
my dear brother.. :/)

ပန်းနုနှင်းဆီ said...

သူကြီးမင်း
နံမည်အသစ်လိုချင်ပါတယ်ရှင့်
ကူညီပါဦးနော်.
နံမည်အပေးကောင်းလို့ နောင်ကိုတော့ ကိုကိုမောင်ဆီ အမြဲရောက်ဖြစ်တော့မယ်
:) ရေးတတ်ပါတယ် ပေါက်ပေါက်ရှာရှာ...

flowerpoem said...

ကောင်းတယ်ဗျို့.... တော်လိုက်တဲံ ကိုကိုမောင် ပဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

သူကြီး
ခရီးထွက်နေလို့ ခုမှရောက်လာတယ်
ခွေးလွှတ်...း)
ဘာဘဲဖြစ်ဖြစ် အိမ်ခနပြန်တော့ ပင်လည်ဘူးမှာ နေခဲ့သူတွေနဲ့ စကားပြောဖြစ်တော့ တုံဖလားအကြောင်းမေးမိသေးတယ်
သူတို့က မမှတ်မိဘူးဖြစ်နေတယ်.. ပင်လည်ဘူးနဲ့ ဘယ်လောက်ဝေးပါလိမ့်.. ပြီးတော့ ဘယ်အပိုင်းဘက်ကလဲ.. မူးမြစ် တစ်ဘက်ကမ်းကလား... ပင်လည်ဘူး အခြမ်းဘက်ဘဲလား...
ပင်လည်ဘူးမှာ ၃လလောက် နေခဲ့ဖူးတယ်.. မှတ်မိနေသေးတယ် တစ်ချို့အရာလေးတွေ..း)

ဂျစ်တူး ( မုံရွာ ) said...

"သူကြီးကိုကိုမောင်..... ကျန်းမာပါစေ၊ ချမ်းသာပါစေ"
"သူကြီးကိုကိုမောင်.....အဆင်ပြေပါစေ၊ အသက်ရှည်ပါစေ"
"သူကြီးကိုကိုမောင်.....ပျော်ရွှင်နိုင်ပါစေ၊ အများအကျိုးဆောင်ရွက်နိုင်ပါစေ"
"သူကြီးကိုကိုမောင်..... ကျန်းမာပါစေ၊ ချမ်းသာပါစေ"
"သူကြီးကိုကိုမောင်..... ကျန်းမာပါစေ၊ ချမ်းသာပါစေ"

ကောင်းမွန်ဝင်း said...

သဂျီးမင်းကိုကိုမောင်ရှင့်
ဒီပို့စ်ကို ရီရပါသဖြင့်။ ကော်မန့်များကလည်း ထိမိလှပါသဖြင့်။ ဖတ်ပြီးသကာလ ကော်မန့်မရေးနိုင်ပဲ ပြန်ပြန်ထွက်ခဲ့ရပါသည်။
သဂျီးမင်း၏ (အများသိဂုဏ်ပုဒ်များဖြစ်သော)ဗေဒင် နက္ခတ်ကျွမ်းကျင်မှု၊
အာဝဇန်းရွှင်မှု၊ တည်ကြည်ရင့်ကျက်မှု၊
ဥာဏ်နီဥာဏ်နက် (သီးခံပါ ။ မှားသွားပါသည်) ဥာဏ်ပညာ ကြီးမြင့်မှုတို့ကို အလွန်လေးစားမိပါတယ်။
နောင်ကိုလည်းဆက်လက်ဖတ်ရှုပါမည်ဖြစ်ကြောင်းနှင့်
သဂျီးမင်း ၊ စာအုပ်များကိုဖိ၍အိပ်ခြင်း (မှားပြန်ပြီ) စာများပိ၍ အိပ်မပျော်ခြင်း ကင်းဝေးကာ၊ ရေးသား ပြုစုနေသော ဒေါက်တာဘွဲ့ ကျမ်းအား အဆင်ပြေပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

နေ၀သန် said...

အင်မတန်စာရေးတော်တဲ့ ဘလော့ခ်ဂါပါဗျာ...။ ဖတ်လို့ အတော်ကောင်းတယ်...။ ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့မှ ကိုကိုမောင် ၂ ယေက်ကပ်ရှုပ်တဲ့ ဗိုက်ဗိုက်ဗိုက် ကြည့်ထားတာ.. :P..ခုပဲ ကိုကိုမောင်ဆိုဒ်ကို ရောက်လာတယ်...။ ကံစပ်ပုံပဲ... ဟားဟား...။

ခင်မင်တဲ့
နေ၀သန်

မြစ်ကျိုးအင်း said...

ရယ်မောစရာကို မြန်မာ့ ပညာရပ်လေးတွေနဲ့ တွဲရေးသွားတာ သိပ်ကောင်းတယ်ဗျာ။
ဒါမျိုးလူငယ်ပိုင်းမှာ မသိတော့ဘူး။
ဒီလိုမျိုး ပို့စ်လေးတွေနဲ့ ပြန်ဖော်ထုတ်ပါအုံး

Anonymous said...

ဒီလိုပညာရပ်သိတာ ဘုန်းကြီးတွေမှ သိနိုင်တော့တာနော်။
သကြီးကိုကိုမောင် (သွားကြီးနေလို့ သကြီးခေါ်တာထင်တယ်။)
ဇာတ်ပေါင်းသော် ဘုန်းကြီးသည် ကိုကိုမောင် ဖြစ်လေသတည်း။

စိန်ဗေဒါ said...

ဟလို သူကြီးမင်းရှင့်..

မြောက်ဝန်ရိုးစွန်းကိုလည်း ကြွလာရင်ကောင်းမယ်နော်..။

နီးနီးလေးပဲဟာ.. ဒီမှာလည်း အမှုလေးဘာလေး စီရင်ရအောင်ပေါ့..။

ပရော်ဖက်ဆာမှားပါတယ်.. မဆူတူပစ်ပါဘူး.. မိုက်တာပါ..။ ဟဲ..။ စတာပါ..။

ဘယ်လိုတွေးပြီး တရားတွေ စီရင်ပါသလဲ.. အမိမြန်မာပြည်မှာလည်း အမှုတွေကို ကူညီဆောင်ရွက်ပေးစေချင်ပါတယ်..။

စိန်ဗေဒါ..

လာတာအတော်နောက်ကျတယ်.. ခွင့်လွတ်ပါ..

အနမ်း said...

တုန်းဖလားရွာမှ ရွာသူကြီး ဂျွန်စောရေ.. အလည်ရောက်ပါပြီနော်း)))
အမှုအပ်ချင်လို့ပါ (ဘလော့အပိတ်ခံထားရတဲ့အမှု)းဝ