Saturday, 31 July 2010

ယူသော်ရ၏


အချစ်သည် ဖိတ်ခေါ်သော်လည်း ရောက်မလာတတ်။
ပြဿနာသည်ကား မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတတ်ချေ၏။
...

ညတစ်ချက်ထိုးလေပြီ။
စက်တင်ဘာလမှာ တင်ရမည့်စာတမ်းတစ်စောင်အတွက် စာအုပ်အတော်များများဖတ်ပြီးနောက် စိတ်ညီစီစီ ဖြစ်လာသည့်အတွက် နွားနို့တစ်ခွက်ကျိုသောက်ပြီး စိတ်အပန်းပြေရင်း ကွန်ပျူတာဖွင့်ကာ ကျနော့်ဘလော့လေးထဲ ၀င်ကြည့်လိုက်၏။ အလည်လာသူ ကွန်မင့်ပေးသူတွေကို တွေ့ရှိရသည့်အတွက် များစွာများစွာကြည်နူးမှုနှင့်အတူ မျက်နှာတစ်ခွင်လုံး ပြုံးပြုံးကြီးဖြစ်နေလေ၏။ နာရီဝက်ခန့် ကျနော့်ဘလော့လေးထဲ ၀င်မွှေပြီးနောက် အခြားဘလော့များသို့ လည်ပတ်ကာ ကွန်မင့်များပေးပြီး ကွန်ပျူတာပိတ်ကာ အိပ်ရာထက် လဲလျောင်းလိုက်၏။ မျက်စိအနည်းငယ် ကျယ်နေသေးသည့်အတွက် (မျက်စိကျယ်ဆိုသည်မှာ မအိပ်ချင်သေးဟု အဓိပ္ပါယ်ရ၏) အနားမှာ ရှိနေသည့် စာရေးဆရာမ J.K Rowling ၏ Harry Potter အမည်ရှိ ခပ်ထူထူစာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ အပျင်းပြေ ဖတ်နေမိ၏။ လေး ငါး မျက်နှာခန့် ဖတ်ပြီးနောက် ငိုက်မျည်းလာသည့်အတွက် စာအုပ်ကို ခေါင်းရင်းဘက်(ခေါင်းပေါ်တည့်တည့်ရှိ) စာအုပ်စင်အသေးစားလေးပေါ်သို့ မမီလက်ကမ်း တင်ထားလိုက်ပြီး အိပ်စက်မှုကို ပြုလိုက်လေတော့၏။
....

"ကလင်..ကလင်..ကလင်"

မနက်လင်းလင်းချင်း ဘဲလ်မြည်သံကြောင့် ကျနော်လန့်နိုးလာ၏။ အပြင်မှ ဧည့်သည်တစ်ချို့၏ စကားသံကိုတိုးတိုးကြားရလေ၏။ အခန်းပေါ်သူငယ်ချင်း ထသွားပြီး တံခါးဖွင့်ပေးလေ၏။

"ဟုတ်ကဲ့ပါ ခင်မျာ။ ဘယ်သူနှင့် တွေ့ချင်လို့ပါလဲ ခင်မျာ"

"ကိုကိုမောင်ရှိလား"

"ဟုတ်ကဲ့ ရှိပါတယ်။ ဒါပေမဲ့ အခုအိပ်နေတုန်းရှိပါသေးတယ်။ ကျနော်နိုးပေးမယ်။ အထဲကို ၀င်ပြီး အေးအေး ဆေးဆေး ထိုင်ကြပါဦးခင်မျာ"

"ကျနော်တို့ မထိုင်တော့ပါဘူး။ ကိုကိုမောင်နှင့်စကားပြောစရာရှိလို့ပါ။ သူ့ကို မြန်မြန်ခေါ်ပေးပါ"

အပြင်ဘက်မှ ကျနော့်သူငယ်ချင်းနှင့် ဧည့်သည်တို့၏ အပြန်အလှန်စကားတို့ကို အိပ်ယာထဲမှနေပြီး ကျနော် အတိုင်းသားကြီးကြားနေရ၏။

"ကိုကိုမောင်ရေ.. ဒီမှာ ဧည့်သည်တွေက တွေ့ချင်လို့တဲ့။ ထပြီး တွေ့လိုက်ပါဦး"

ကျနော်အိပ်ယာထက်မှ ဖြုန်းကနဲထပြီး မျက်နှာမသစ်ဘဲ ဧည့်သည်တွေကို ထွက်တွေ့လိုက်၏။ ကျနော်တစ်ခါမှ မမြင်ဖူးသည့် ဧည့်သည်များဖြစ်၏။ စုစုပေါင်း ဆယ်ယောက်ရှိ၏။ အမျိုးသား ၆ ယောက် အမျိုးသမီး လေးယောက်။ အသက်အနည်းငယ်ကြီးပုံရသည့် အမျိုးသားတစ်ယောက်က ကျနော့်မျက်နှာကို ကြည့်ပြီး စကားစပြော၏။

"မင်းက ဘလော့ဂါ ကိုကိုမောင်လား"

"ဟုတ်ပါတယ်"

"အေး.. ငါတို့အားလုံးလဲ ဘလော့ဂါတွေဘဲ"

ကျနော်ဝမ်းသာသွားလေ၏။ ဧကန္တတော့ ကျနော့်ရေးခဲ့သည့် အိမ်ထောင်ရေးကုထုံးနှင့် ချစ်ရေးချစ်ရာကုထုံး ပို့စ်နှစ်ခုကို ဖတ်ပြီး ဆေးမီးတိုလာတောင်းကြတာ ထင်တယ် ဟူ၍ စိတ်ထဲတွေးပြီး ကျေနပ်နေမိ၏။

"အော်... ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ်။ အထဲကို ၀င်ပြီး အေးအေးဆေးဆေးထိုင်ကြပါဦးခင်များ"

"ဟေ့ကောင် ထိုင်ဖို့လာတာ မဟုတ်ဘူးကွ။ မင်းနှင့်စာရင်းရှင်းဖို့ လာခဲ့ကြတာ"

"ခင်မျာ"

"ခင်မျာမနေနဲ့။ မင်း ဘာအချိုးချိုးလိုက်တာလဲ"

"ဘာကိုပြောတာပါလဲ ခင်မျာ"

"မင်းအခုမှ မသိခြင်ထောင်ထောင်မနေနဲ့... အဲ.. မသိချင်ယောင် ဆောင်မနေနဲ့။ မင်းရေးခဲ့တဲ့ ပို့စ်ကို မင်းဘယ်လို သဘောမျိုးနှင့်ရေးခဲ့တာလဲ"

"ဘယ်ပို့စ်ပါလဲခင်မျာ"

"အနိုးရခက်နေပြန်ပါပြီ။ ကျနော်အမြင်ကပ်ဆုံး ဘလော့ဂါတစ်ယောက်အကြောင်းကို ပြောနေတာကွ"

"အော်... အဲဒါလား။ ဒါက ဒီလိုရှိတယ်ဗျ။ အဓိကကတော့ ပွဲဆူပြီးလူစည်အောင်လုပ်လိုက်တာဘဲ။ ခင်များတို့ သိတဲ့အတိုင်းဘဲလေ။ လူဆိုတာက အတိုက်အခိုက် အပစ်အခတ် အညစ်အပတ်ပါမှ ပိုပြီး စိတ်ဝင်စားကြတာလေ။ ခင်များတို့လဲ ကြားဖူးကြမှာပါ။ ရထားတွေပေါ်မှာ စာအုပ်တွေမြန်မြန်အရောင်းထွက်ချင်ရင် အော်ပြီးရောင်းကြလေ့ရှိတဲ့စကားတွေကိုလေ။ ဘာတဲ့။ "တုံးဆိုရင်တိုက် ကျားဆိုရင်ကိုက်။ မိုက်မှမိုက်။ ခိုက်မှခိုက်။ ကြမ်းမှကြမ်း။ ရမ်းမှရမ်း။ သိချင်ရင်ဝယ်ဖတ် တစ်အုပ်မှ တစ်ရာထဲ" ဆိုတာက တစ်မျိုး။ "ဆိုရိုးစကားပုံတွေရမယ်။ ၀ယ်ထားကြနော်။ နောက်ကျသွားရင် ၀ယ်လို့ရတော့မှာ မဟုတ်ဘူး။ ဒီစာအုပ်ထဲမှာ ဘာတွေပါလဲဆိုတော့... ငါးကိုလဲ လွယ်လွယ်မစားနဲ့။ မယားကိုလဲ ငယ်ငယ်မထားနဲ့။ ငါးကို လွယ်လွယ်စားတော့ အရိုးမြက်တတ်တယ်။ မယားကို ငယ်ငယ်ထားတော့ အ(-)ခက်တတ်တယ်။ အဲဒီလို စကားပုံတွေအများကြီးကို အပြည့်အစုံသိချင်ရင်တော့ ၀ယ်ဖတ် ၀ယ်ဖတ်ကြဗျို့  " ဆိုတာက တစ်မျိုးနဲ့ အော်ဟစ်ရောင်းနေကြတာလေ။ လူတွေစိတ်ဝင်စားပြီး စာအုပ်ဝယ်ဖတ်ချင်အောင်လုပ်နေကြတာ။ အခုလဲ ဒီလိုပါဘဲ။ ပို့စ်ခေါင်းစဉ်လေးမြင်ပြီးများ အလည်လာတဲ့သူတွေများမလားလို့ အဲဒီပို့စ်ကို တင်ခဲ့တာပါ။ ဘာမှ ရည်ရွယ်ချက်မရှိပါဘူး။ အဟီး"

ကျနော် မျက်နှာချိုသွေးကြည့်လိုက်၏။ သို့သော် အထင်နှင့်အမြင်တစ်ခြားစီပင်။

"ဟေ့ကောင်... စကားမများနဲ့။ မင့်အကြောင်း ငါတို့သိတယ်။ မကြီးမငယ်နဲ့ ဟိုလူ့စောင်းပြော ဒီလူ့စောင်းပြော။ တတ်လဲ တတ်နိုင်တဲ့လူ။ မင်းကို လုံးဝမကျေနပ်ဖူး"

နောက်အမျိုးသားတစ်ယောက်ကလဲ ထပ်ပြောလေ၏။

"ဟုတ်တယ်။ မင်းရေးတဲ့အဲဒီပို့စ်က ငါကို တိုက်ရိုက်လာထိတယ်။ ကမ္ဘာတစ်ဝှန်းလုံးက ဘလော့ဂါတွေလဲ အဲဒီပို့စ်ဟာ ငါ့ကိုရည်ရွယ်ပြီးရေးထားတာလို့ ထင်နေကြတယ်။ အဲဒါ မင်း ငါ့ကို စောင်းမြောင်းရေးတာမဟုတ်လား"

ဘလိုင်းကြီးအခွပ်ခံလိုက်ရ၍ ကျနော်လဲ စိတ်အတော်ဆိုးသွားမိ၏။ ထို့ကြောင့်

"ယူသော်ရ၏ပေါ့ဗျာ"

ဟူ၍ တုန့်ပြန်ပြောဆိုလိုက်လေ၏။ နောက်အမျိုးသားတစ်ယောက်ကလဲ

"ငါက ဘာသာရေးစာပေတွေရေးသားနေတာကွ။ ဘာသာရေးစာပေတွေကောင်းကောင်းမတတ်ကျွမ်းဘဲ ရေးရကောင်းလားဆိုပြီး ငါ့ကို ဆော်တာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်တစ်ယောက်....

"ငါက အင်္ဂလိပ်စာအသုံးအနှုန်းတွေကို ရေးပြီး ပို့စ်အဖြစ်တင်နေတဲ့သူကွ။ အင်္ဂလိပ်စာ ဘာမှမတတ်ဘဲ ရေးနေတယ်ဆိုပြီး ငါ့ကို လာခွပ်တာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်တစ်ယောက်....

"ငါက ဗေဒင်အကြောင်းသိကောင်းစရာတွေ ရေးနေတဲ့သူကွ။ ဗေဒင်မတတ်ဘဲရေးနေတယ်ဆိုပြီး ငါ့ကို လာတီးတာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်တစ်ယောက်...

"ငါက ဟိုတစ်နေ့က ငါ့ဘလော့ကို လာဝေဖန်တဲ့သူကို ပြန်တွယ်ပစ်လိုက်တဲ့သူဘဲ။ အဲဒါ ငါ့အကြောင်းမင်းအတင်းတုတ်တာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

ထို့နောက် အမျိုးသမီးတစ်ယောက်က..

"ဒီမှာရှင့်... ကျမအန်တီက ကလေးမွေးပြီးလို့ မီးတွင်းမှာဘဲရှိသေးတာ။ သွေးနုနု သားနုနုရယ်။ အဲဒါ ရှင်ရေးခဲ့တဲ့ တော်တော်ဆိုးတဲ့ကိုကိုမောင် ပို့စ်အောက်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ကိုကြည့်ပြီး ရှော့ရိုက်လို့ သေဆုံးသွားတယ်.. အဟင့် ဟင့်"

"ဆောရီးပါဗျာ။ အဲဒီလိုဖြစ်မှန်းတကယ်မစဉ်းစားမိခဲ့လို့ပါ"

"ဘာအခုမှ ဆောရီးလဲ။ အဲဒါ ရှင်သိသိကြီးနဲ့ သူ့ကို သေကြောင်းကြံတာမဟုတ်လား"

ဇွတ်စွပ်စွဲလာတော့လည်း စိတ်မထိန်းနိုင်၍...

"ယူသော်ရ၏ပေါ့ဗျာ"

ဟုပင်ပြောလိုက်လေတော့၏။ နောက်အမျိုးသမီးတစ်ယောက်ကလဲ...

"ဒီမှာ.. ဒီမှာ... ကျမက နှလုံးရောဂါရှိတဲ့သူရှင့်။ အဲဒါ ရှင့်ဗီဒီယိုဖိုင်ကိုဖွင့်ပြီး ကြောက်လန့်လို့ သတိမေ့သွားခဲ့တယ်။အဲဒါ ရှင်တမင်သက်သက် မိန်းခလေးတွေကို အနှောင့်အယှက်ပေးတာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်အမျိုးသမီးတစ်ယောက်ကလဲ..

"ဒီမှာ ကိုကိုမောင်... ကျမက တစ်ယောက်ထဲသမားရှင့်။ ရှင့်ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်ပြီး ညဘက်တွေမှာ ကြောက်လွန်းလို့ ဘယ်လိုမှ အိပ်လို့မရတော့ဘူး။ အရာရာတိုင်းကို ကြောက်နေသလိုခံစားရတယ်။ ရှင်သက်သက်မဲ့ မိန်းခလေးတွေကို ခြောက်လှန့်လိုက်တာ မဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်ဆုံးအမျိုးသမီးတစ်ယောက်ကလဲ အားကျမခံ ကက်ကက်လန်ရန်တွေ့လေ၏။

"ဒီမှာ ဦးကိုကိုမောင်... ကျနော်က ဟိုအရေး ဒီအရေး ဟိုအကြောင်း ဒီအကြောင်း ဟိုစပ်စပ် ဒီစပ်စပ် ရေးတဲ့သူရှင့်။ ရှင်ရေးလိုက်တဲ့ ပို့စ်က ကျနော့်ကို တည့်တည့်ကြီးကျွေးလိုက်တဲ့ ပို့စ်ဘဲ။ ခင်များ ကျနော့်အကြောင်း အထုတ်ဖြေပြလိုက်တာ မဟုတ်လား"
(အဟီး... သူ့ကိုယ်သူ ကျနော်တဲ့။ ဧကန္တတော့ မန်းသူလေးထင်တယ်။ ကျနော်ရေးခဲ့တဲ့ မန်းသူတွေ ကျနော် ကျနော်လို့ ဘာ့ကြောင့်ပြော ဟူသော ပို့စ်အဟောင်းကလေးကို သတိရမိလိုက်သေး၏။ စကားချပ်)။


"ယူသော်ရ၏ပေါ့ဗျာ"

ထိုကဲ့သို့ပင် စိတ်မရှည်တော့၍ ယူသော်ရ၏ ဟူသော စကားကိုသာ ကျနော် တွင်တွင်ကြီးတုန့်ပြန်နေလေတော့၏။ ထိုကဲ့သို့ တုန့်ပြန်ပြောဆိုသံကို ကြားရသောအခါ ထိုဘလော့ဂါ(ဧည့်သည်) ဆယ်ယောက်တို့မှာ ရှူးရှူးဒိုင်းဒိုင်းဖြစ်ပြီး စိတ်အတိုကြီးတိုနေကြလေတော့၏။ သူတို့သည် ဒေါသကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့၍ ဒုတ်ကိုင်ဓါးကိုင်ဖြစ်နေကြလေ၏။ သူတို့အဖွဲ့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် အမျိုးသားကြီးတစ်ယောက်သည်....

"ကြာတယ်ကွာ။ ၀ိုင်းပြီးသာ ဆုံးမလိုက်ကြတော့"

ဟုပြောလိုက်သည်နှင့်တပြိုင်နက် ထိုဧည့်သည်အဖွဲ့တို့သည် ကျနော့်ထံသို့ ချဉ်းကပ်လာပြီး တုတ် ဓါး လက်သီးများဖြင့် ဒလစပ်စတင်တိုက်ခိုက်လေတော့၏။ ကျနော်လဲ တတ်သည့်ပညာ မနေသာဆိုသကဲ့သို့ သူတို့တိုက်ခိုက်သမျှကို ရှောင်တိမ်းရင်း အနီးဆုံးရှိအမျိုးသားနှစ်ယောက်ကို လက်သီးတစ်လုံးစီကျွေးပြီး ခြေသိုင်းပညာရပ်ဖြင့် နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဟု သတ်မှတ်ကာ သူတို့နှင့်ဝေးရာသို့ သုတ်ခြေတင်ထွက်ပြေးဖို့ ပြင်ဆင်ရလေတော့၏။ ထိုစဉ် ထိုအဖွဲ့ထဲမှ အမျိုးသားတစ်ယောက်က ခြံစည်းရိုးနားပုံထားသည့် အုတ်ပုံတစ်ခုမှ အုတ်တစ်ချပ်ကို ဖြုန်းကနဲ ကောက်ကိုင်ကာ ကျနော့်ရှေ့တည့်တည့်သို့ ချိန်ရွယ်ပြီး ပစ်ပေါက်လိုက်လေ၏။ ကွက်တိပင်တည်း။ ထိုအုတ်ခဲသည် ကျနော့် နဖူးထိပ် တည့်တည့် "ခွပ်" ကနဲထိပြီး...

"အား"

ဟု အော်ဟာ ကျနော် မေ့မြောသွားပြီး လောကကြီးတစ်ခုလုံး အမှောင်ကျသွားလေတော့၏။
......


"အား.... အား... အား"

ကျနော့်အော်သံကြောင့် ကျနော့်အခန်းဖော် နိုးထလာပြီး...

"ကိုကိုမောင်... ဘာဖြစ်တာလဲ... ဘာဖြစ်သွားသေးလဲ"

ဟု စိုးရိမ်တကြီး မေးမြန်းလေ၏။

ကျနော်လဲ လန့်နိုးလာပြီး ဖြစ်ပျက်ပုံကို သေချာဆန်းစစ်ကြည့်လိုက်တော့မှ ကျနော် အိပ်ပျော်နေစဉ် ခေါင်းပေါ်တည့်တည့်ရှိ စာအုပ်စင်မှ နေရာကျအောင်မတင်ထားမိခဲ့သည့် Harry Potter စာအုပ် နဖူးပေါ်တည့်တည့် ပြုတ်ကျလာမှန်း သဘောပေါက်လေ၏။ ၄င်းကို အစွဲပြု၍ အိပ်မက်ယောင်ပြီး လန့်အော်လိုက်ခြင်းပင်ဖြစ်၏။ အတော်ထူးဆန်းသည့် အိပ်မက်ပင်တည်း။

"ဘာမှ မဖြစ်ပါဘူး ကိုမောင်ဋ္ဌေးရာ... အိပ်မက်ယောင်နေတာပါ။ တိုက်တိုက်ဆိုင်ဆိုင် စာအုပ်စင်ပေါ်က စာအုပ်ကလဲ နဖူးပေါ်တည့်တည့်မှ ပြုတ်ကျရတယ်လို့.... တောက် .... နာလိုက်တာကွာ"

ဟု (နဖူးကို လက်နှင့်ပွတ်ကာ) ပြန်ဖြေပြီး အကြောင်းစုံပြောပြလိုက်လေ၏။

ကိုမောင်ဋ္ဌေးလဲ တ၀ါးဝါး တဟားဟား ရယ်မောပြီး....

"မင်းကတော့ ဖြစ်ရမယ်... လုပ်လိုက်ရင် အရာရာနှင့်အကြောင်းကြောင်းချည်းဘဲ"

ဟု မှတ်ချက်ချလေ၏။ နာရီကို ကြည့်လိုက်တော့ နံနက် ၄ နာရီထိုးခါနီးနေပြီ။ မိုးစင်စင်မလင်းခင်လေး ကြိုးစားပြီး အိပ်ပျော်အောင်အိပ်စက်လိုက်ရလေ၏။
...

မနက်မိုးလင်းသည့်အခါ အိပ်ရာမှထပြီး မျက်နှာသစ်လိုက်၏။ ရေချိုးခန်းအတွင်းရှိ မှန်ထဲမှ ကျနော့်မျက်နှာကို မြင်လိုက်ရသည့်အခါ မယုံကြည်နိုင်စွာပင် နဖူးပြင်၌ ညိုမဲကွက်ကြီးဖြစ်နေပြီး ယောင်ကိုင်းနေလေ၏။ ထိုသည်ကို အခြားအခန်းမှ သူငယ်ချင်းတစ်ယောက်က လှမ်းမြင်ပြီး....

"ကိုကိုမောင်... ဘယ်လိုဖြစ်တာလဲဗျ။ ညတုန်းက ရည်းစားနှင့်ချိန်းတွေ့တာ ယောက်ခထီးနှင့်ပက်ပင်းမိပြီး လေးခွနဲ့ထုလိုက်လို့ နဖူးတည့်တည့်ထိသွားတာလား"

ဟု လှမ်းမေးလေ၏။ ကျနော်လဲ အိပ်မက်အကြောင်းနှင့်နဖူးပေါ်စာအုပ်ပြုတ်ကျခဲ့သည့်အကြောင်းကို ရှင်းပြရန် စိတ်မရှည်တော့၍...

"ယူသော်ရ၏ပေါ့ဗျာ"

ဟူ၍ပင် သက်တောင့်သက်သာ ဖြေဆိုလိုက်လေ၏။ ထို့နောက် အိပ်ခန်းထဲပြန်ဝင်ကာ ကွန်ပျူတာကို ဖွင့်ပြီး ကျနော့်ဘလော့ထဲ ကပျာကယာ ၀င်ကြည့်လိုက်လေ၏။

"ဟူးးးး.... တော်ပါသေးရဲ့... ကွန်မင့်မှာနှင့်စီဘောက်စ်မှာ ဘယ်သူမှ အော်ဆဲတဲ့သူ မရှိလို့... ထင်တဲ့အတိုင်းပါဘဲ၊ ကမ္ဘာအ၀ှမ်းက ဘလော့ဂါတွေနှင့် စာဖတ်သူတွေအားလုံး ချစ်စရာကောင်းပြီးသားပါလို့ :D :D :D"

ဟု စိတ်ထဲမှရေရွတ်ပြီး အိပ်မက်ထဲက ယူသော်ရ၏ ဟူသော စကားကို ကြားယောင်မိကာ ငါးရံ့ပြုံး ပြုံးနေမိလေတော့၏။ ထို့ကြောင့် ကြံရာမရသည့်အဆုံး ထိုယူသော်ရ၏ဟူသောစကားကိုပင် ခေါင်းစဉ်စာသားအဖြစ်ယူပြီး ဤပို့စ်ကို တင်လိုက်ရခြင်းဖြစ်ပေတော့၏။ ။

ကံက ကံကို ကံအဖြစ် ကံပြု၏။
ကိုကိုမောင်(ပန်းရနံ့)

....

22 comments:

SHWE ZIN U said...

ကိုကိုမောင် ရေ

ကိုယ့် အပြစ်နဲ့ ကိုယ်ဘဲ ဘာခုမှ ကြောက်ပါပြီလည်း

နောက်ဆုံး တော့ ဘလော့ဂ်ဂါ တွေကို ပြန်ချော့ ထားတယ်ပေါ့လေ ရပါတယ် ရပါတယ် ခွင့်လွှတ်ပြီးသားပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ယွန်း said...

ဟဟဟ..မိုက်တယ်..စိတ်ဝင်တစားဖတ်လိုက်ရတာ အိမ်မက်ဖြစ်နေတာကိုးးးးး

နေ၀သန် said...

း)))... ဟားဟား... ကိုကိုမောင်တို့တော့လေ.... လုပ်ချလိုက်ရင်တော့.. မှန်တယ်... ယူသော်ရ၏ပေါ့.. မယူရင်မရဘူးလေ...း))))


ခင်မင်တဲ့
နေ၀သန်

အင်ကြင်းသန့် said...

ဟဟဟ....မှန်နေတဲ့ သူတွေကတော့ ဘယ်ခံနိုင်ပါ့မလဲ....သတိထား ကိုကိုမောင်ရေ....အပြင်ထွက်ရင် ရုပ်ဖျက်သွား။

ယူသော်ရ၏ ဆိုလို့ ဘာမှ ယူမသွားကြောင်းပါ....း)))

သဒ္ဓါလှိုင်း said...

အိပ်မက်ထဲမို့လို့တော်သေးတယ်နော်..။
သူကြီးကိုကိုမောင်တယောက်တော့တွတ်ပီဖြစ်နေတာပေါ့.။

ခင်မင်စွာ
သဒ္ဓါ

Anonymous said...

ဟာဟ..လောက်စလုံးလောက်ဘု မထတာ တော်သေးတာပေါ့
ညိုမဲကွက်လေးပဲဖြစ်တာ.....စိတ်ကူးကောင်းတယ်ဗျို့
အားပေးလျက်နော်..အတိုမှောင် ..ဆောရီး..အကိုမောင်:)

Anonymous said...

အော်...မေ့သွားလို့...နောက်ထပ်ဘယ်လိုအိပ်မက်မျိုး
မက်မလဲဆိုတာ စောင့်မျှော်လျှက်နော်..:)
swe

ခိုင်နုငယ် said...

သူကြီး..အိမ်မက်မို့
တော်သေးတာပေါ့နှော်...
ကံ..ကံ၏အကျိုးတွေပေါ့.း))))..
ယူသော်ရ၏ဆိုတော့ကာ..မယူရင်မရဘူးပေါ့နှော်
ဒါကြောင့်..ယူမသွားတော့ပါဘူး။





ခင်မင်စွာမြင့်
ခိုင်နုငယ်

flowerpoem said...

မကြောက်ပါနဲ့ မိုးပေါ်ထောင်ပစ်လိုက်တာပါ ကိုကိုမောင်ရယ် :p

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်တော်အမြင်ကတ်ဆုံး
ဘလော်ဂါတစ်ယောက်အကြောင်းဆိုတာ ဟိုတစ်ယောက်ကိုစောင်းရေးထားတာ မဟုတ်လား..
**ယူသော်ရ၏..**
ကိုယ့်ဟာကိုမေးပြီး ကိုယ့်ဟာကို ပြန်ဖြေသွားပါတယ်...
ဟိုတစ်ယောက်ဆိုတာ (ချော - အစိမ်းရောင်လွင်ပြင်) ကိုပြောတာ ;)

Anonymous said...

အတင်းပေးမှတော့ ယူသွားတယ်ဗျ
ကြံကြံဖန်ဖန်ရေးတတ်တယ် ဟိဟိ
အင်တာနက်ဆိုင်ထဲ မနည်းမျက်နှာပိုးသတ်နေရတယ်

မောင်ဘကြိုင်

ညီမလေး said...

စာတွေ အဲ့လောက်ဖတ်နေကျက်နေရတဲ့သူက ဘယ်နဲ့လုပ်ပြီး အဲ့လောက် စာတွေ ရေးနိုင်ပါလိမ့် စူပါပါဝါ သူကြီးပဲးD

လသာည said...

တွေးလည်း တွေးတတ်ပး)))

သူကြီးဘုထသွားသလား..။ ဒါနဲ့ အခု ဘုကိုကိုမောင်ဖြစ်နေသလား..
“ယူသော်ရ၏..”

ဟိုလူ(ပိုစ်မှာ ညွှန်းထားတဲ့လူ)ကို ကြောက်လို့ ပြန်ချော့ထားတာမို့လား..။ ကြောက်ကြောက်နဲ့ ချော့ထားတာဟုတ်?
“ယူသော်ရ၏”..

ဂျူးလိယက် said...

ကိုကိုမောင် ဘာမှမဖြစ်လို့ ကံကောင်း။ မဟုတ်ရင် ဖတ်စရာ ဘလောက်ကောင်း တစ်ခု လျှော့တော့ မလို့... ယူသော်ရ၏ ဆိုလို့။ ဘာမှကို မယူတော့ဘူးနော်..

blackroze said...

ဟားဟား..မကြောက်ပါနဲ့အကိုမောင်ရာ
ဗိုလ်အောင်ဒင်အကျီချွတ်တာရေချိုးမလို့ပါ...

ဂျစ်တူး ( မုံရွာ ) said...

သူကြီး - - -
ယူသောရ၏ - - -မိန်းမတော့မဟုတ်ဘူးနော်-
ဒါဘဲ-

မြစ်ကျိုးအင်း said...

ငှား မယ် ဆိုရင်ရော ရလားဟင်း)

noblemoe said...

ဒီလိုနဲ့မကျေနပ်နိုင်ပါဖူး ပုံကြည့်ဟက်ထိသွားလို့းP
မယူသော်မရး)
သာယာချမ်းမြေ့ပါစေနော်
မိုး

ps: နောက်တစ်ခါ ယူကေ ကအမောပြေနိုင်မဲ့ပုံလေးတင်ပေးပေါ့( ဥမမာ တစေပုံ) မဟုတ်ရင်ပြီးရော

မောင်မောင် said...

သူကြီးမင်း ရယ် ဖြစ်မှ ဖြစ်ရလေ။ နဖူးအညိုအမဲ များ
စွဲသွားတယ်လို့  ။
တော်တော် ဆိုးတဲ့ ကိုကိုမောင် ဘလော့ဂ်ဂါနော် :D
သူကြီးမင်း ကိုကိုမောင် ကတော့ တယ်ဆိုးမယ်မထင်
ပေါင်ဗျာ။
:D
ဘာမှ မယူသွားလို့ 
ယူသော်ရ`၏ ဆိုတာ နားမထောင်သွားတာ စိတ်မရှိနဲ့ 
နော် သူကြီးမင်းရေ !

ကောင်းမွန်ဝင်း said...

အဟဲ
သူက ပို့စ်တပုဒ်ကို chatch phrase နဲ့ သယ်သွားတယ်။
တော်တော် တတ်တယ်နော်။
“ယူသော်ရ၏”

တော်သလင်းလ said...

ကိုကြီးကိုကိုမောင်...
အခုမှ ဖတ်ရလို့ အခုမှ ၀င်ရေးတာပါ..
နောက်အမြဲတမ်း ၀င်ဖတ်ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ စာရေးကောင်းသူပါပဲ...

Anonymous said...

Incredible! I'm really enjoying the design of your blog. Are you using a customized theme or is this freely available to all individuals? If you don't want to say
the name of it out in the public, please be
sure to email me at: violetterosario@gmail.
com. I'd love to get my hands on this template! Cheers.

Review my blog post - nutcracker