Sunday, 18 July 2010

ကံဆိုးပြီဆိုမှဖြင့်...

မှတ်မှတ်ရရ အဲဒီနေ့က အဖိတ်နေ့။ ညနေဆည်းဆာချိန်။

တတ်သရွေ့ မှတ်သရွေ့ အာနာပါနကမ္မဋ္ဌာန်းလေး ရှုမှတ်ရင်း မန်ကျည်းပင်တောင်တန်း၌ ရဟန်းသူကြီးကိုကိုမောင် နေထိုင်လာခဲ့သည်မှာ လ၀က်ခန့်ရှိနေလေပြီ။ မနက်ဖန်လပြည့်နေ့ဥပုသ်ဖြစ်သည့် အတွက် ရဟန်းသူကြီးကိုကိုမောင် ဥပုသ်ပြုရန် တုံးဖလားရွာဦးကျောင်းသို့ သွားဖို့အစီအစဉ်ရှိ၏။ ညနေဆည်းဆာသည် ပတ်ဝန်းကျင်တစ်ခုလုံးကို အလှဆင်ထား၏။

ပေနှစ်ထောင်ခန့်ရှိ မန်ကျည်းပင်တောင်တန်းထိပ်အမြှင့်ဆုံးနေရာ၌ တောရကျောင်းတည်ရှိသောကြောင့် ၀ဲ ယာ ရှေ့  နောက် ရှုခင်းများအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရ၏။ အနောက်ဖက်သို့ လှမ်းမျှော်ကြည့်လိုက်သော် ဟိုး..မှုန်ပျပျတစ်နေရာ၌ ပင်လည်ဘူးမြို့အား ကွေ့ပတ် စီးဆင်းနေသည့် မူးမြစ်၏ အလှအပသည် ဆည်းဆာအောက်၌ လှချင်တိုင်း လှနေတော့၏။ အရှေ့ ဘက်၌မူ ကောလင်းနှင့် ၀န်းသိုမြို့တို့ကို ဖြတ်သန်းစီးဆင်းနေသည့် ဒေါင်းမြူးချောင်းကို အတိုင်းသားတွေ့မြင်နိုင်လေ၏။ တောင်ဘက်နှင့်မြောက်ဘက်၌ကား ဧရာမတောင်တန်းကြီးဖြင့် အတိပြီးနေ၏။ အုပ်အုပ်ဆိုင်းဆိုင်း မှိုင်းမှိုင်းမှုန်မှုန် တောကြီးရဂုံထဲဝယ် သဘာဝအလှတရားတို့ကို ကြည့်ရှုခံစားရင်း ရဟန်းသူကြီးကိုကိုမောင်သည် စိတ်တွင်းမှ ရှင်ဥတ္တမကျော်တောလား တစ်ပိုင်းတစ်စကို ရွတ်ဆိုနေမိလေ၏။

"သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့".....


ညနေဆည်းဆာချိန်မို့ အိပ်တန်းတက်ငှက်ကလေးတို့၏ တကျီကျီအော်မြည်သံ၊ ပုစဉ်းရင်ကွဲအော်သံ၊ စမ်းရေ စီးကျသံ၊ လေတိုးသံစသည်တို့ဖြင့် သာယာနာပျော်ဖွယ်ရှိနေ၏။ ထိုကဲ့သို့ ပတ်ဝန်းကျင်နှင့် သဘာဝအလှတရားတို့ကြောင့် ရဟန်းသူကြီးကိုကိုမောင်တစ်ယောက် အမည်ပေး၍မရနိုင်သည့် လွမ်းဆွေးမှုဝေဒနာတစ်ခုခုကို ခံစားရသလို ရှိလာ၏။ ဘယ်သူ ဘယ်ဝါ ဘယ်ဝယ် ဘယ်ဆီကို လွမ်းနေမှန်း သူကိုယ်တိုင်ပင်မသိ။ သို့သော် လွမ်းနေသည်ကတော့ သေချာနေ၏။ ဆည်းဆာ၏ဖျားယောင်းမှု တောရိပ်တောင်ရိပ်တို့၏ ဆွဲဆောင်မှုတို့ကြောင့် တစ်ခုခုကို အော်ဟစ်ပြီး အလွမ်းဖြေချင်သယောင်ဖြစ်လာ၏။

"မဖြစ်ချေဘူး။ ငါက အခုလက်ရှိမှာ ရဟန်းဘ၀ဖြစ်နေတယ်။ ငါအော်ဟစ်သံကို တစ်ယောက်ယောက်ကြားသွားရင် ဒုက္ခ။ ရှက်စရာကြီး"

ဟု စဉ်းစားပြန်၏။ သို့သော် လူတို့၏ ချင်ချင်းသည်ကား ဖြေဖျောက်ရခက်လှချေ၏။ ထို့ကြောင့် တစ်ခုခုဟစ်အော်ရန် သူဆုံးဖြတ်လိုက်၏။ မအော်ဟစ်ခင် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုစစ်ဆေး၏။ ကျောင်းသင်္ခန်းပတ်ပတ်လည်ကိုလည်း ကြည့်ရှုစစ်ဆေးလေ၏။ တစ်စုံတစ်ဦးမှ မရှိပေ။ "အေးလေ.. တောကြီးမျက်မဲထဲ ဘယ်သူလာပါ့မလဲ.. ငါကတောင် စိုးရိမ်ကြီးနေတာ။ တစ်ခုခုကို အော်ဟစ်ပြီး အလွမ်းဖြေဦးမှဘဲ " ဟုစဉ်းစားဆုံးဖြတ်ပြီး ရဟန်းသူကြီးကိုကိုမောင်သည်..

"မဲဇာသောင်ခြေ....စီးထွေထွေတည့်...... မြစ်ရေ၀န်းလည်..... မြိုင်တောဆီက.... ရွှေပြည်ကိုသာ..."

အစချီသည့် လက်ဝဲသုန္ဒရအမတ်၏ မဲဇာသောင်ခြေ ရတုပိုဒ်စုံကို အားရပါးရ ဆွဲဆွဲငင်ငင် သီဆိုအော်ဟစ်နေလေတော့၏။ ထိုရတုပိုဒ်စုံ သုံးပုဒ်လုံးအပြီး၌....

"ဟိ... ဟိ... ဟိ.."

"အဟိ... အဟိ... အဟိ.."

"ဖျောင်း... ဖျောင်း.... ဖျောင်း"

"ရဟန်းသူကြီးကိုကိုမောင်က သီချင်းဆိုနေတယ်တော့"

စသည့် ရယ်သွမ်းသွေးသံ အီစီကလီရယ်မောသံ လက်ခုပ်တီးအားပေးသံ စသည့် မိန်းခလေးအသံများစွာတို့ကို မယုံကြည်နိုင်စွာ ကြားရလေတော့၏။ ရဟန်းသူကြီးကိုကိုမောင်သည် ပြင်းပြင်းထန်ထန်အရှက်ရသွား၏။ ခေါင်းနပန်းကြီးသွား၏။ ဖြုန်းကလဲ ဘယ်လိုကဘယ်လို ရောက်လာသည်မသိသည့် အမျိုးသမီးတစ်သိုက်။ သေချာကြည့်လိုက်တော့မှ တုံးဖလားလှပျိုဖြူများဖြစ်ကြသည့် ဥမ္မာ အင်ကြင်း ကြည်မြင့် နှင့် ထွေးကြည်တို့ လေးယောက် ဖြစ်နေလေ၏။ သူတို့မျက်နှာများက ပြုံးစိစိ။ ဒီနေ့မှ သူတို့လေးတွေရဲ့ မျက်နှာက ပိုပြီးလှလာသလိုလို။ သူတို့လက်ထဲမှာကတော့ သစ်သီးဝလံနှင့်အခြားစားသောက်ဖွယ်များ ကိုင်ဆောင်ထားကြလေ၏။

"ညနေမိုးချုပ်ကြီး ဘာအကြောင်းရှိလို့ ဒီကို လာခဲ့ကြတာလဲ"

"ရွာဦးကျောင်းဆရာတော်က ရဟန်းသူကြီးကိုကိုမောင်ကို သစ်သီးဝလံလေး သွားပို့ပေးပါဆိုလို့ လာခဲ့တာပါဘုရား"

"ဆရာတော်နှယ်... မိန်းခလေးတွေချည်းလဲဖြစ် ညနေခင်းကြီးလဲဖြစ် ဘာဖြစ်လို့ ခိုင်းရတာပါလိမ့်"

"အဲဒါတော့ တပည့်တော်မတို့လဲ မသိပါဘုရား"

"အေး... ကောင်းပြီ.. အဲဒါတွေ ကပ်လှူပါ။ ပြီးရင် ပြန်ကြတော့"

"တင်ပါ့ဘုရား"

သူတို့တစ်သိုက် တစ်ခစ်ခစ် ရယ်မောရင်း ပြန်သွားကြလေ၏။

နောက်တစ်နေ့၌ ရဟန်းသူကြီးကိုကိုမောင်သည် နံနက်စောစောထကာ ဥပုသ်ပြုရန်အတွက် တုံးဖလားရွာဦးကျောင်းသို့ ကြွလာခဲ့၏။ ထိုတောရကျောင်းနှင့်တုံးဖလားရွာမှာ ၇ မိုင်ခန့်ဝေးကွာလေ၏။ နေ့ဆွမ်းအမီ တုံးဖလားရွာဦးကျောင်းသို့ရောက်၏။ ဆရာတော်ကို ၀တ်ပြုပြီး ဥပုသ်ပြုကြ၏။ ပြီးနောက် နေ့ဆွမ်းဘုဉ်းပေးကြ၏။ နေ့ဆွမ်းဝိုင်း၌ ရဟန်းသူကြီးကိုကိုမောင်က စပြီး စကားဆိုလေ၏။

"ဆရာတော်.. ဘာဖြစ်လို့ ဥမ္မာတို့ အုပ်စုလွတ်ပြီး စားစရာတွေ ပို့ခိုင်းရတာလဲ ဘုရား၊ ဘယ်သူနှင့်မှ မတွေ့ချင်လို့ တစ်ပါးထဲ အေးအေးဆေးဆေးနေပါရစေလို့ တောရမဆောက်တည်ခင် ဆရာတော်ကို လျောက်ထားခဲ့တယ်လေ ဘုရာ့"

ဆရာတော် မျက်လုံးပြူးသွား၏။

"ဟေ... ဘယ်ကလာ ဘယ်လို သူကြီးဆီ ဥမ္မာတို့အဖွဲ့ကို လွတ်ရမှာလဲ။ မလွတ်ရပါဘူး"

"ဒါပေမဲ့ သူတို့ တပည့်တော်ဆီ စားစရာတွေလာပို့တယ်ဘုရား"

"ဘယ်တုန်းကလဲ"

"မနေ့က ညနေ ငါးနာရီခွဲလောက်ကပါဘုရား"

"မဖြစ်နိုင်ဘူး"

"ဘာဖြစ်လို့လဲ ဘုရား"

"မနေ့က အဲဒီအချိန် ဒီကျောင်းမှာ ရွာထဲက အပျိုလူပျိုတွေ အားလုံးစုပေါင်းပြီး အဖိတ်နေ့တိုင်းလုပ်နေကြ ဘုရားပန်းလာလဲကြတယ်။ သောက်တော်ရေ လာဆက်ကပ်ကြတယ်။ သူကြီးပြောတဲ့ မိန်းခလေး လေးယောက်လုံးလဲ ဒီကိုလာကြတယ်"

"သေချာရဲ့လား ဘုရား"

"မယုံရင် သူတို့ကို ခေါ်ပြီး မေးပေးတယ်"

ထိုကဲ့သို့ ဆရာတော်ပြောဆိုပြီး ကျောင်းသားတစ်ယောက်ကို ရွာထဲ လွတ်ကာ ဥမ္မာတို့လေးယောက်လုံးအား အခေါ်လွတ်လိုက်၏။ သူတို့ရောက်လာသောအခါ လေးယောက်လုံး မနေ့ကလောက် လှလှပပ မဟုတ်သည်ကို တွေ့ရလေ၏။ သူတို့ကိုမေးကြည့်ပြန်တော့လည်း ရွာဦးဘုန်းတော်ကြီးကျောင်းကိုသာ ပန်းတော်ကပ် ရေတော်ကပ်ဖို့ သွားခဲ့ကြောင်း၊ သူကြီးနေထိုင်ရာနေရာကို သိပင်မသိကြောင်း၊ သိလျှင်လည်း ညနေမိုးချုပ်ကြီး တောထဲတောင်ထဲကို ဘယ်မိဘကမှ ပေးလွတ်မည်မဟုတ်ကြောင်းဖြင့် သူတို့မလာကြောင်းကို ခိုင်ခိုင်မာမာ သက်သေပြနေကြလေတော့၏။

တစ်ခုခုလွဲမှားနေမှန်း ရဟန်းသူကြီးကိုကိုမောင် သဘောပေါက်သွား၏။ "ဧကန္တ နာနာဘာဝမလေးတွေ လူယောင်ဆောင်ပြီး လာခဲ့တာဘဲ ဖြစ်ရမယ်" ဟု စဉ်းစားမိလေ၏။ ထိုသို့စဉ်းစားမိသည်နှင့်တစ်ပြိုင်နက် ကြက်သီးဖြန်းကနဲ ထသွား၏။ ညနေဘက် တောရကျောင်းသို့ ပြန်သွားရမည်ကိုပင် ၀န်လေးသလို ဖြစ်လာ၏။ သို့သော် ၀ါကျွတ်သည့်တိုင် နေမည်ဟု ကတိပေးထားပြီးဖြစ်သောကြောင့် သတ္တိမွေးကာ ညနေပိုင်း၌ ဆရာတော်ကို ကန်တော့နှုတ်ဆက်ပြီး တောရကျောင်းလေးသို့ ပြန်ခဲ့လေတော့၏။ သုံးနာရီခန့် တောမြိုင်တောင်တန်းများကို ဖြတ်သန်းပြီးနောက် တောရကျောင်းဝင်းလေးထဲသို့ ညနေဆည်းဆာချိန်၌ပင် ရောက်ရှိလာလေ၏။

ကျောင်းဝင်းထဲ ၀င်ဝင်ချင်း အမွှေးရနံ့တစ်ခုခုကို ရှူရှိုက်မိလေ၏။ ပြင်သစ်ထုတ် ရေမွှေးအကောင်းစား အနံ့ပင်ဖြစ်၏။ ထို့နောက် တောရကျောင်းပေါ်မှ ထွက်ပေါ်လာသည့် အမျိုးသမီးတစ်စုတို့၏ တဟိဟိ ရယ်မောသံကို တိုးတိုးလေး ကြားရပြန်၏။ ဘုရား ဘုရား။ သူတို့ လာပြန်ပြီထင်တယ်။ ဒုက္ခဘဲ။ ရဟန်းသူကြီးကိုကိုမောင်သည် အဟမ်း အဟမ်း ဟု ချောင်းအကျယ်ကြီးဆိုးလိုက်ပြီး တောရကျောင်းလေးပေါ်သို့ တက်သွားလေ၏။ သို့သော် ကျောင်းပေါ်၌ကား အမျိုးသမီးများ မရှိတော့လေပြီ။ ဘုရားပန်း သောက်တော်ရေတို့ကိုမူ ကျကျနနဆက်ကပ်ထားပြီး ကျောင်းပေါ်ကျောင်းအောက် သန့်ရှင်းရေး လုပ်ထားသည်ကို တွေ့ရလေ၏။

ကြောက်တစ်ဝက် ကြည်နူးတစ်ဝက်ဖြင့် ရဟန်းသူကြီးကိုကိုမောင်သည် တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်၏။ ရသမျှ ဘုရားစာတို့ကို ရွတ်ဖတ်၏။ ဟေတုပစ္စယောစသည့် ၂၄ ပစ္စည်းဖြင့် အရပ်ရှစ်မျက်နှာကို ရေဖျန်းပြီး စည်းချ၏။ သဗ္ဗေဗုဒ္ဓါ စသည့် ဂါထာတို့ဖြင့် အရပ်ဆယ်မျက်နှာတို့ကို စည်းချ၏။ လာရောက်ကူညီသောသူတို့အား ကျေးဇူးတင်ကြောင်း၊ နောက်တစ်ခါ ထပ်လာဖို့မလိုတော့ကြောင်း၊ အမျှပေးဝေပါကြောင်းဖြင့် အစီအမံပြုလုပ်လိုက်လေတော့၏။

ထိုနေ့မှ စတင်၍ ရဟန်းသူကြီးကိုကိုမောင်သည် မန်ကျည်းပင်တောင်တန်းရှိ တောရကျောင်းလေး၌ အနှောင့်အယှက်ကင်းစွာ အေးအေးဆေးဆေး တရားရှုမှတ်ပြီး အနားယူနိုင်လေတော့၏။ သူ၏ စိတ်တွင်း၌မူကား....

"အော်.. ကံဆိုးပြီဆိုမှဖြင့် လူသားအမျိုးသမီးများတင်မက နာနာဘာဝအစိမ်းသရဲမလေးများကပင် လာကြိုက်ချေပြီကော"

ဟူ၍ အပြင်းစားသတိသံဝေဂကြီးကို ရရှိပြီး မိန်းခလေးများကို အကြောက်ကြီးကြောက်၍ နေလေတော့သတည်း။ :D :D :D

ကံက ကံကို ကံအဖြစ် ကံပြု၏။
ကိုကိုမောင်(ပန်းရနံ့)

....

24 comments:

Anonymous said...

သူကြီး ကိုကိုမောင် ရေ

တောရကျောင်း အဆက်ကလေး ဖတ်ရလို့ ကျေးဇူးပါ ဒါပေမဲ့ ကံဆိုးလို့ နာနာဘဝလေး တွေကကြိုက်တာ ဆိုတာတော့ ဟုတ်ဟန်မတူ ပါ

ကံကောင်းလွန်းလို့ နေမှာပါ လူတင်မက နာနာဘဝ ပါအဆစ်ရ ကိုကြီးကျောက် တို့များ သူကြီး နဲ့ နေရာခြင်း လဲ ချင်စမ်းလို့ အော်နေမှာ မယုံရင် မေးကြည့် ပါလားဗျ

နာနာဘဝ ချောချောလေး တယောက်လောက် ပိုနေရင် ပေးလိုက်စမ်းပါ ကိုကြီးကျောက်ကြီး ကို

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Nay Wathan said...

:D:D.. Be careful bro.. :D:D...

with regards,
Nay Wathan
(currently, I can't type in burmese and so I write in English)

Anonymous said...

bro!! to afraid pretending :P

swe

blackroze said...

အော်....ဖစ်မှဖစ်ရလေ..အကိုမောင်ရယ်
ဟီးးးဟီးးးဟီးးး

မောင်မောင် said...

တို့ သူကြီးမင်းများနှယ်နော် ဘယ်လောက်များ စွံလိုက်လဲ ဆိုတာ ကြည့်ပါဦး။ ရဟန်းဘ၀မှာတောင်
နာနာဘ၀ လေးတွေ က လာပြီး ကလူ၏သို့ မြူ၏ သို့ လာလုပ်သွားတယ်။ ဘကြီးကျောက် တို့ နဲ့ များကွာပါ့။
ဝါမကျွတ်ခင်တော့ ရဟန်းဘ၀ က များကျွတ်မလားမသိဘူး။ :D

ပြီးယင်ဘာဖြစ်ဦးမလဲ မသိဘူးနော်။ စောင့်မျှော်လျှက်နေဆဲ ပါ။ စာဖတ်ဖို့ ပြောတာ။ :)

မိုးစက်အိမ် said...

အလဲ့ တို့ အစ်ကိုကြည့်ရတာ မွေးရာပါအားနည်
ချက်က ကောင်မလေးတွေကြည်တာဘဲဖြစ်ရ
မယ်ဒါကြောင့် ဘုန်းဘုန်းဖြစ်တာတောင် စွံတာ
ကကပ်ပါနေလေရဲ့  :P

ရွှေရတုမှတ်တမ်း said...

ဟင့်..ဘုန်းဘုန်းကလဲ..များတို့က ကြည်ညိုလွန်းလို့..
လာတာပဲ ဟာပဲ..ဟာကို..

လသာည said...

မဲဇာတောင်ခြေ စီးတွေတွေတည့်..
ကွှဲနာပေါင်ခြေ ချီးပေပေတည့်...းD

သူကြီးတို့စွံပုံများတော့ နာနာဘ၀ကတောင်..း))

ဟိုဇာတ်တော်ထဲက ရဟန်းတော်လို ခြေထောက်ကို ခဲနဲ့ထုပြီး တရားဆက်ရှူရင် ရဟန္တာဖြစ်ချင်ဖြစ်မှာနော်။ နောက်ဆက်တွဲ ဆက်ရန်ကို မျှော်နေပါတယ်။

ဂျစ်တူး ( မုံရွာ ) said...

ဥပုသ်ပြုရန်အတွက် ဆိုတာကျနော်တို့ ဗုဒ္တဘာသာမှာ
မသုံးဘူးထင်တယ်ဗျ- ဥပုဒ်စောင့်ရန်လို့ သုံးပါတယ်ဗျာ-
ဘုရားပန်းလွဲမဟုတ်ပါဘူး-ဘုရားပန်းလဲ ဖြစ်ပါတယ်။
သူရဲမဟုတ်ဘဲနဲ့  သူယောင်မယ်တွေဆိုကောင်းမှာ-
ကိုကိုမောင် သီချင်းဆိုတာ ဒီကနေတောင်ကြားပါတယ်ဗျာ-
သီချင်းမှ သုံးပုဒ်တောင်ဆိုသွားတယ်-
ရင်းနှီးစွာဖွသွားပါသည်။
ဟားဟားဟား--

ခိုင်နုငယ် said...

ရဟန်းသူကြီးကိုကိုမောင်နှယ်..ကံကောင်းလို့
နာနာဘာဝ..၀ိနာဘာဝတွေတောင်
မနေနိုင်ကြိုက်တာကို..
သူဂျီးရေ..လူထွက်ခန်လေးတော့
ကြည့်ချင်သေးတယ်..အဲဖတ်ချင်သေးတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

နာနာဘာဝတွေများ ခေတ်မှီလိုက်တာတော်
ပြင်သစ်ရေမွှေးတောင် သုံးနိုင်တယ်.. ဟွန့်
နောက်တစ်ခေါက်ထပ်တွေ့ရင် တစ်ပုလင်းလောက် တောင်းထားပေးပါ သူကြီး..
မမေ့နဲ့နော်..
ဒါနဲ့အင်္ဂလန်ကို လက်တိုလက်တောင်းခိုင်းဖို့ နာနာဘာဝ တစ်ယောက်လောက် ခေါ်လာခဲ့ရောပေါ့... ကိုယ်တိုင် အ၀တ်လျှော်၊ထမင်းချက်စရာမလိုတော့ဘူးလေ...

သူကြီးမင်း (တုံးဖလား) said...

မောင်ဂျစ်တူးလေး..
အခုလို ကွန်မင့်ကို စိတ်ရှည်ရှည်နဲ့ ရေးပေးလို့ ကျေးဇူးတင်ပါတယ်။ စာလာဖတ်ဖော်ရလို့လဲ ၀မ်းသာစွာ ကြိုဆိုလျက်ပါ။ (ကင်မရာလေးလွယ်ပြီး စာလာဖတ်ပုံပေါ်တယ်)။းဝ)

ကွန်မင့်ကို တစ်ခုစီရှင်းပြမယ်နော်။

၁။ ပထမဆုံး ဥပုသ်ဆိုတဲ့ စကားကိုပါ။ အမှန်က ဗုဒ္ဓဘာသာမှာ ဥပုသ်ဆိုတဲ့စကားဘဲရှိပါတယ်။ ဥပုဒ်ဆိုတဲ့စကားက မှားနေတဲ့ စကားလုံးပါ။ ပါဠိက ဆင်းသက်လာတဲ့စကားလုံးလို့ဘဲ ဆိုကြပါစို့။ ပါဠိမှာ ဥပေါသထလို့ ရှိပါတယ်။ ပုဒ်ဖြတ်လိုက်တော့ ဥပ+၀သထပေါ့ဗျာ။ ဥပဆိုတာကတော့ ကောင်းမြတ်တဲ့ သီလအကျင့်တွေနဲ့ ပြည့်စုံခြင်းလို့ အဓိပ္ပါယ်ရပြီး ၀သထကတော့ နေခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဥပုသ်စောင့်တယ်ဆိုတာ ကောင်းမြတ်တဲ့အကျင့်သီလတွေနှင့်ပြည့်စုံပြီးနေခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ (နောက်အဓိပ္ပါယ်များစွာလဲ ရှိပါသေးတယ်)။ ဒါကြောင့် ဥပေါသထက နေပြီး ဥပုသ်လို့ သအသတ်နဲ့ ဖြစ်လာပါသတဲ့။ (နီးစပ်ရာ ဘုန်းတော်ကြီးများကို မေးမြန်းကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ်)

ဒါပေမဲ့ ဘုန်းကြီးတွေ ဥပုသ်ပြုတာကတော့ လူတွေစောင့်တဲ့ ဥပုသ်မျိုးမဟုတ်ဘူး။ သံဃာအချင်းချင်းညီညွတ်မှု စင်ကြယ်မှု ပါတိမောက်ရွတ်ဆိုမှုတို့ကိုဘဲ ရည်ညွန်းပါတယ်။

၂။ပို့စ်ထဲမှာ ဘုရားပန်းလွဲလို့ မရေးခဲ့ပါဘူး။ ဘုရားပန်းလဲလို့ဘဲ ရေးခဲ့တာပါ။ ဘုရားစူး။ ပြန်ပြင်ထားတာ မဟုတ်ဘူး။ အရှိအတိုင်းဘဲ ထားထားတာ။ (ဒါပေမဲ့ များသောအားဖြင့် စာလုံးပေါင်းတော့ စိတ်မချဘူး။ မှားနေဆဲပါဘဲ။ ဒါကြောင့် ပို့စ်ကို မတင်ခင် နှစ်ခါလောက် ပြန်ပြန်ဖတ်နေရတယ်)းဝ)။ အမှားတွေ့တိုင်း ထောက်ပြနိုင်ပါတယ်။ လုံးဝ(လုံးဝ) စိတ်မဆိုးတတ်ပါကြောင်း။

၃။ ဂျစ်တူးပြောတဲ့ သူယောင်မယ်ဆိုတဲ့ စကားလုံးလေးက အရမ်းလှပါတယ်။ အဆင့်လဲ မြင့်ပါတယ်။ ဒါပေမဲ့ တုံးဖလားရွာသားတွေ အမြဲတမ်းပြောနေကျစကားက... အဲဒီကောင် အစိမ်းမလေး မြင်ခဲ့တယ်တဲ့။ အဲဒီကောင်... အုပ်တစောင့်(ဥစ္စာစောင့်)မလေးနဲ့ တွေ့ခဲ့တယ်တဲ့။ အဲဒီလို စကားတွေကိုဘဲ သူတို့ပြောနေကြတာ။ အဲဒီကောင် သူယောင်မယ်တွေနှင့်တွေ့ခဲ့တယ်တဲ့ လို့ ပြောတာ တစ်ခါမှ မကြားဖူးဘူး။ သူကြီးက တောသားဆိုတော့... ဒီသူယောင်မယ်ကိစ္စမှာတော့ ဂျစ်တူးက ပိုမြှင့်နေတယ်။ ဒါကြောင့် စာလာဖတ်သူများအားလုံး... နာနာဘာဝအစိမ်းသရဲမလေးများအစား သူယောင်မယ်လေးများဟု ပြင်ဆင်ဖတ်ကြပါရန်။

ကျေးဇူးဘဲ ဂျစ်တူးရေ... အခုလို သေချာဖတ်ပြီး ဝေဖန်ပေးတာ။

ကင်မရာကြီးတစ်ကားကားနဲ့လုပ်မနေနဲ့ဦးနော်။ ဒီနေ့က အာဇာနည်နေ့ဆိုတော့ မော်ဒယ်မလေးတွေရဲ့ မျက်နှာလဲ ရွှင်ပြမဲ့ပုံမပေါ်ဘူး။
ဟား ဟား


ဥပုသ်။
http://www.google.co.uk/search?q=%E1%80%A5%E1%80%95%E1%80%AF%E1%80%9E%E1%80%B9&ie=utf-8&oe=utf-8&aq=t&rls=org.mozilla:en-GB:official&client=firefox-a

ဥပုသ်အကြောင်းတွေ အဲဒီအောက်မှာ အပြည့်အစုံနီးပါးပါတယ်။ ဥပုဒ်ဆိုတဲ့ စကားလုံးတွေလဲ အွန်လိုင်းမှာတော့ ပျံ့နေတာပါဘဲ။ ဒါပေမဲ့ သတ်ပုံအရ ဒဒွေးသတ်တာ မှားတယ်။ သဘဲ သတ်ရမှာ။


ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မောင် လေး said...

တဂျီး ရေ.. ကျွန်တော်လည်း အဲဒီလို ကံဆိုးလိုက်ချင်ပါဘိ။

ဂျစ်တူး ( မုံရွာ ) said...

သူကြီး ရေ
သိပ့် ကိုကျေးဇူးတင်မိရင်းတင်ရင်းပါဘဲဗျာ-
မှတ်ချက်ကလေးကို ပို့ စ်အဖြစ်မြင်ချင်စမ်းပါဘိတော့
တယ်-တကယ့်ကိုကောင်းတဲ့ ပို့ စ်ကလေးတစ်ခုဖြစ်မှာပါ။
ကျနော်တို့ ဗုဒ္ထဘာသာဝင်တွေသေသေခြာခြာသိသင့်တယ်
လို့ ထင်မိပါတယ်ခင်ဗျာ-လေးစားပြီးရင်းလေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

ဂျစ်တူး ( မုံရွာ ) said...

နောက်တစ်ခုက ဥပုသ် ကိုဒဒွေးဘဲသတ်သတ် သဘဲသတ်သတ်ဗျာ-ဥပုသ်ပြုတယ်ဆိုတာကျနော်တို့ 
ဗုဒ္ထဘာသာမှာရှိပါသလား- ဥပုသ်စောင့်တယ်လို့ ဆိုလို
ပါသလားရှင်းပြပေးပါ။ ဘုန်းကြီးတွေမေးရအောင်ကလည်း
တပါးမှလိုင်းပေါ်မှာတက်မလာဘူးလေ-ဘုန်းဘုန်းတို့ 
အလုပ်များနေတဲ့ လ(အချိန်)ဖြစ်နေတာကြောင့်ထင်ပါရဲ့ 
ဒီတော့ သူကြီးဘဲရှင်းပြပေးပါခင်ဗျာ-လေးစားစွာတောင်း
ဆိုအပ်ပါသည်။ လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

သူကြီးမင်း (တုံးဖလား) said...

မောင်ဂျစ်တူး..
လူတွေက ဥပုသ်နေ့တွေမှာ ဥပုသ်စောင့်ကြတယ်။ တစ်လမှာ လေးဥပုသ်ရှိပါတယ်။ လဆန်းဂရက်ဥပုသ်၊ လပြည့်ဥပုသ်၊ လပြည့်ကျော်ဂရက်ဥပုသ်နှင့်လကွယ်ဥပုသ်ဆိုပြီးတော့ပေါ့။ အဲဒီလို ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ ကိုးပါးသီလ (အထက်ပိုင်းမန်လည်ဂိုဏ်းကတော့ ၁၀ ပါးသီလ)ထိန်းပြီး ကိုယ့်သီလ ကိုယ်စောင့်ရှောက်နေကြတာကို ဥပုသ်စောင့်တယ်လို့ ခေါ်ကြတာပါ။ လူအများသိတာက ညနေစာ မစားဘဲနေတာကိုဘဲ ဥပုသ်စောင့်တယ်လို့ ထင်နေကြတာ။ အမှန်က ဆောက်တည်ထားတဲ့ သီလတွေအားလုံးကို မကျိုးမပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားတာကို ဥပုသ်စောင့်တယ်လို့ ဆိုလိုတာပါ။

ဘုန်းကြီးတွေကျတော့ ဥပုသ်နေ့တွေမှာ ဥပုသ်ပြုကြလေ့ရှိတယ်။ ဥပုသ်စောင့်တာမဟုတ်ဘူး။ ဥပုသ်ပြုကြတာ။ ဘုန်းကြီးသီလတွေက ၂၂၇ ရှိလေတော့ ရှစ်ပါးသီလစတဲ့ သီလတွေက အလိုလိုပါပြီးသားပါ။ ဘုန်းကြီးတွေက အဲဒီသီလတွေကို တစ်သက်လုံးနေ့စဉ် စောင့်ကြရတာပါ။ လူတွေလို ဥပုသ်နေ့မှာမှ အထူးစောင့်ကြတာမဟုတ်ပါဘူး။ ဒါကြောင့် ဘုန်းတော်ကြီးတွေအတွက် ဥပုသ်စောင့်ဆိုတဲ့ ဝေါဟာရမရှိပါဘူး။ ဥပုသ်ပြုဘဲ ရှိတာပါ။

ဥပုသ်ပြုဆိုတဲ့ စကားရပ်ကလဲ ပါဠိကို တိုက်ရိုက်ဘာသာပြန်ပြီး သုံးနှုန်းထားတာပါ။
ဥေပါသထံ ကေရယ် တဲ့။ ပါဠိမွာ ဆုိထားတာ။ အနက်ပြန်လိုက်တော့။
ဥပေါသထံ၊ ဥပုသ်ကို၊ ကရေယျ၊ ပြုရာ၏ တဲ့။

ဒီနေရာမှာ ဥပုသ်ပြုတယ်ဆိုတာ ဘာလဲဆိုတော့... အာပတ်မှစင်ကြယ်ကြောင်း၊ သံဃာ့ကိစ္စအ၀၀တို့၌သဘောတူညီကြောင်း စတဲ့ သံဃာအချင်းချင်းညီညွတ်မှုကို ရှေ့ ရှုပြုခြင်းကိုဘဲ ဆိုလိုတာပါ။

ဘုန်းကြီးတွေကျတော့ ဥပုသ်နေ့တိုင်း ဥပုသ်မပြုကြပါဘူး။ လပြည့်ဥပုသ် လကွယ်ဥပုသ်တွေမှာမှ ဥပုသ်ပြုကြတာပါ။ တစ်လမှာ နှစ်ကြိမ်ပေါ့။

ဥပုသ်ပြုတဲ့အခါမှာ သံဃာတွေအားလုံး သိမ်ကျောင်းထဲမှာ စုထိုင်ကြရပါတယ်။ တစ်ပါးနှင့်တစ်ပါး နှစ်တောင့်ထွာထက် ပိုဝေးကွာပြီးမထိုင်ရဘူး။ နှစ်တောင့်ထွာ အတွင်းကပ်ပြီးထိုင်ရမယ်။ ညီညွတ်တယ်ဆိုတဲ့ သဘောကိုဆောင်တာပါ။ စည်းလုံးခြင်းသည် အင်အားဆိုသလိုမျိုးပေါ့။ ဒါကြောင့်မို့ ၁၅ ရက်တစ်ကြိမ်အစည်းအဝေးသဘောမျိုး ဘုရားရှင်က သတ်မှတ်ပေးခဲ့တာပါ။ (အဲဒီနည်းစနစ်ကို ယူပြီး မွတ်စလင်တွေ သူတို့ဗလီထဲမှာ သံဃာတော်တွေလို စုစည်းပြီး ညီညွတ်မှုယူကြပုံပေါ်တယ်)။
တကယ်တော့ ဒီစနစ်ကို ဘုရားရှင်ကိုယ်တိုင်ကလဲ အာဇီဝကတက္ကဒွန်းတွေဆီက ဗိမ္ဗိသာရမင်းကြီးလျောက်ထားချက်အရ အတုယူခဲ့တာပါ။ သာသနာတိုးတက်ရေး၊ ညီညွတ်ရေး၊ ပြန့်ပွါးရေးကို ဦးတည်ပြီး အတုယူခဲ့တာပါ။

ကျောင်းတစ်ကျောင်းမှာ ရဟန်းတစ်ပါးထဲရှိရင် ဘာဥပုသ်၊ နှစ်ပါးရှိရင် ဘာဥပုသ်၊ သုံးပါးရှိရင် ဘာဥပုသ်၊ လေးပါးနှင့်အထက်ရှိရင် ဘာဥပုသ်ဆိုတာတွေကိုတော့ ရှင်းမပြတော့ပါဘူး။ လိုရင်းမရောက်ဘဲနေမှာစိုးလို့။ ပြောရရင်တော့ အရှည်ကြီးဘဲ မောင်ဂျစ်တူးရေ...
သူကြီးလဲ ဒုလ္လဘ၀တ်တုန်းက လေ့လာထားတာ။ စိတ်ဝင်စားဖို့ကောင်းလို့။

အချုပ်ပြောရရင်တော့...
ဥပုသ်နေ့တိုင်းမှာ လူတွေက ဥပုသ်စောင့်ကြတယ်။ ငါးပါးသီလစောင့်တာကို ပြောတာမဟုတ်ဘူးနော်။ ရှစ်ပါး ကိုးပါး ဆယ်ပါး အဲဒီသီလကိုစောင့်မှ ဥပုသ်စောင့်တယ်လို့ခေါ်တာ။ ရိုင်းရိုင်းပြောရရင် ငါးပါးသီလမှာ ကိုယ့်လင် ကိုယ့်ဇနီးနှင့်ပျော်ပါးလို့ရတယ်။ ဒါပေမဲ့ ရှစ်ပါး ကိုးပါး ဆယ်ပါး သီလတွေမှာ အဲဒီလို ပျော်ပါးလို့မရဘူး။ ဒါကြောင့် မြင့်မြတ်တဲ့သီလလို့ ခေါ်တာ။

ဘုန်းကြီးတွေကတော့ လပြည့်ဥပုသ် လကွယ်ဥပုသ်နေ့တွေမှာ ဥပုသ်ပြုကြတယ်။ အဲဒီလို ဥပုသ်ပြုရတဲ့ ရည်ရွယ်ချက်ကတော့ အစကပြောခဲ့သလိုဘဲ စင်ကြယ်မှု စည်းလုံးမှု မှတ်သားမှုတို့ကို ဦးတည်ပါတယ်။
အကြောင်းစုံကိုတော့ ဂျစ်တူးရဲ့ဆရာတော်တွေကို သေချာမေးကြည့်ပါ။ စိတ်ဝင်စားစရာကောင်းပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဂျစ်တူး ( မုံရွာ ) said...

သာဓု - - - သာဓု - - - သာဓု ---
ဒုလ္လဘရဟန်းဝတ် လို့ မို လို့ တော်တော့တယ်ဗျာ-
တကယ့်ကိုတိတိကျကျရှင်းလင်းပြသွားလိုက်တာ-
သာဓု ခေါ်ပါတယ်ခင်ဗျာ- ကျေးဇူးလည်းကြီးမားလှပါတယ်။
ဦးသုံုးကိမ်တိတိရိုသေစွာရှစ်ခိုးဦးချကတော့လိုက်ပါသည်
ဘုရား-
လေးစားရိုကျို့ စွာဖြင့်
ဂျစ်တူး(မုံရွာ)

flowerpoem said...

ကိုကိုမောင်ကတော့ လုပ်ချလိုက်ပြန်ပြီ နာနာဘာဝ က ကြိုက်တာ လား ဒါမှ မဟုတ် ရွာက အပျိုမတွေက. . . တမင် လုပ်ကြံပြီးလာတာလး သိဘူး :P

သဒ္ဓါလှိုင်း said...

သူကြီးကိုကိုမောင်ကဘယ်မှာဖြစ်ဖြစ်စွံနေလိုက်ပုံများ..။
ရဟန်းဝတ်နဲ့ဆိုတော့..သတိတော့ထားအုံးနော်..

ခင်မင်စွာ
သဒ္ဓါ

မိုးခါး said...

ဟားဟား
မိုက်တယ်
ညီမ အရင်ပို့စ်တွေ မဖတ်ရသေးပေမယ့် ရုပ်ရှင် တကွက်ခြင်းကြည့်ရသလိုပဲ ..း))
သရဲတော့ ကြောက်တယ်ဗျ

ယွန်း said...

တယ်ဟုတ်ပါလားးး စွံချက်က လန်ထွက်နေတာပဲနော်

:))

ခင်တဲ့
ယွန်း

Anonymous said...

ဘာကံလဲ အုတ်ကံလားဟင် တဂျီး

Myatnoe

ပန်းနုနှင်းဆီ said...

တော်တော်စွံတဲ့သူဂျီး
အုတ်ဒဇောင့်တွေကတောင် လာပိုးရတယ်ဆိုဘဲ... ယုံရခက်ခက်
အင်း ယုံစေချင်လို့ ရေးထားမှတော့ ယုံလိုက်ရတော့မှာပေါ့လေး)

မြစ်ကျိုးအင်း said...

ဒီလိုကံဆိုးတာမျိုးတော့ ကြုံချင်စမ်းလှတယ်..
ကံကောင်းလို့ ဈန်မလျှောခဲ့တာပေါ့နော် သူကြီး..