တုံးဖလားရွာသူကြီးကိုကိုမောင်တစ်ယောက် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေလေ၏။ သူတီထွင်ကြံဆ ဖော်စပ်ပေးခဲ့သည့် ဆေးမျိုး အဖုံဖုံတို့ကြောင့် ရပ်တွင်းရွာတွင်းဝယ် အပျိုလူပျိုဟူ၍ မရှိသလောက်ဖြစ်သွား၏။ ရွာသူရွာသားများကလည်း အခြေခံပညာ မူလတန်းအဆင့်လောက် အောင်မြင်သွားလျှင် ပညာရေးကိစ္စပြီးသွားပြီ၊ ထပ်ပြီးသင်ယူစရာ ဘာမှမရှိတော့ဟု ထင်မှတ်ကြလေ၏။ ထို့ကြောင့် ယောက်ျားလေး မိန်းခလေးအများစုသည် လေးတန်းအောင်ပြီးသည့်အခါ ကျောင်းမှထွက်ပြီး လုပ်ငန်းခွင်သို့ ၀င်ရောက်ကြလေ၏။ ထို့နောက် အရွယ်ရောက်သည့်အခါ အိမ်ထောင်ပြုဖို့လောက်ကိုသာ စိတ်ထဲရှိလေတော့၏။ နူနာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်း ဆိုသကဲ့သို့ သူကြီးကိုကိုမောင်၏ ဆေးမျိုးစုံတို့သည်လည်း ရွာသူရွာသားများအား အိမ်ထောင်ပြုဖို့ တိုက်တွန်းလေသယောင် ရှိလေတော့၏။
"သူကြီးကိုကိုမောင် အဲဒီလို မလုပ်သင့်ဘူး"
"သူ့ကြောင့် ကလေးတွေ ပညာရေးဘက် စိတ်မ၀င်စားကြတော့ဘူး"
"ကလေးတွေ အရွယ်ရောက်လာရင် လူစာအရင် မရှာကြတော့ဘူး။ ဟ၀ှါစာဘဲ အရင်ရှာကြတော့တယ်"
"သူကြီးကိုကိုမောင်ရဲ့ ပီယဆေးနှင့်အချစ်ဒဿနတွေကြောင့် ကလေးတွေကတော့ ပျက်စီးကုန်ပါပြီ"
"အနာဂါတ်ရဲ့သားကောင်းရတနာ သမီးကောင်းရတနာလေးတွေ အညွန့်ချိုးပစ်လိုက်သလို ဖြစ်နေပြီ"
"ငါတို့ရွာသားတွေအားလုံး သူကြီးကိုကိုမောင်လုပ်ရပ်ကို ဆန့်ကျင်ကြရအောင်"
အထက်ပါစကားတို့ကို တုံးဖလားရွာသူရွာသား အများစုပြောဆိုနေကြလေပြီ။ တစ်ယောက်နား တစ်ယောက်ကြားဆိုသကဲ့သို့ ထိုစကားများအားလုံးကို သူကြီးကိုကိုမောင် ကြားသိရလေ၏။ အော်... လူတွေ..လူတွေ လိုတစ်မျိုး မလိုတစ်မျိုးပါကလား ဟူ၍ သင်ခန်းစာယူရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့။ အဆင်ပြေနေစဉ်တုန်းကတော့ ရွာသူကြီးကိုကိုမောင်မှ ကိုကိုမောင်ဖြစ်နေကြလေ၏။ သူကြီးကိုကိုမောင်အိမ်၌ လူစည်ကားခဲ့၏။ လူပုံအလယ် မျက်နှာပွင့်ခဲ့၏။ ဂုဏ်ရှိခဲ့၏။ သို့သော် ယခုအချိန်တွင်ကား သူကြီးကိုကိုမောင်၏ ကုထုံးများကို ရွာသူရွာသားများ ရိုးအီသွားကြပြီး နှာခေါင်းရှုံ့ လာခဲ့ကြလေပြီတည်း။ မရခင်တုန်းကတော့ ဖျာလိုလိပ်၊ ထိပ်မှာတင်၊ ရပြီးရင်တော့ ဖျာလိုခင်း၊ နင်းချေ ဆိုသလို ဖြစ်လာ၏။ တရားသံဝေပွါးဖွယ်ကောင်းလေစွ။ တကယ်လည်း သူတို့ပြောသလို ရွာသူရွာသားများကလည်း လုပ်ငန်းကိစ္စတို့၌စိတ်ဝင်စားမှု နည်းပါးသွားသည်ကတော့ အမှန်ပင်။ ထိုသည်လည်း သူကြီးကိုကိုမောင် ဒုလ္လဘရဟန်းဝတ်ရခြင်း၏ အကြောင်းတစ်ခု ဖြစ်ချေတော့သည် တမုံ့။
....
လွန်ခဲ့သည့် အပတ်က သန်းမောင်နှင့်ရွှေမိတို့၏ ကွာစဲပြတ်ရှင်းသည့်အမှုကို စီရင်ခဲ့ရ၏။ ကွာစဲလိုခြင်း၏ အကြောင်းအရာတို့မှာ သန်းမောင်က အိမ်သာတက်ပြီးသည့်အခါ ရေမသုံးဘဲ တုတ်စက္ကူခိုးသုံးခဲ့၍ ဖြစ်၏။ ရွှေမိက ရေသုံးသည်ကို ကြိုက်၏။ သန်းမောင်က တုတ်စက္ကူ အသုံးပြုသည်ကို ကြိုက်၏။ ထိုကဲ့သို့ ၀ါဒကွဲပြားမှုမှစတင်ကာ အိမ်ထောင်ရေးကမောက်ကမဖြစ်ပြီး လင်မယားချင်း ကွာရှင်းပြတ်စဲချင်ကြသည့်အထိ ဖြစ်လာလေ၏။ သို့သော် သူကြီးကိုကိုမောင်၏ အစွမ်းဖြင့် လင်မယားချင်း ပြန်လည်သင့်မြတ်သွားခဲ့လေ၏။ ထိုကဲ့သို့ အပင်ပန်းခံပြီး အမှုသွားအမှုလာတို့ကို စစ်ဆေးဖြေရှင်းပေးခဲ့သည့် အမှုသည် အမှန်အကန်အမှု မဟုတ်ဘဲ အကြံအဖန်အမှု ဖြစ်ခဲ့လေ၏။
အမှုတစ်ခု စီရင်တိုင်း သူကြီးကိုကိုမောင်က ရွာသူရွာသားအားလုံးကို ထမင်းကောင်းဟင်းကောင်းများဖြင့် တည်ခင်းဧည့်ခံကျွေးလေ့ရှိခဲ့လေ၏။ ထိုထမင်းကောင်း ဟင်းကောင်းများကို စားချင်ကြ၍ အမှုမဟုတ် အမှုဆင်ပြီး သူကြီးကိုကိုမောင်ကိုယ်တိုင် အပင်ပန်းခံချက်ပြုတ်သည့် ဧရာမထမင်းစားပွဲကြီးကို ရွာလုံးကျွတ် လာရောက်စားသောက်ကြခြင်းဖြစ်လေ၏။ စိတ်မကောင်းလိုက်သည့်ဖြစ်ခြင်း။ ကျွေးရမွေးရသည်ကို ၀ါသနာပါသော်လည်း တစ်ပတ်အရိုက်ခံရသည်မှာ စိတ်ထိခိုက်လှချေ၏။ တစ်ခါတစ်ရံ သူကြီးကိုယ်တိုင် ရပ်ရွာတွင်း လှည့်လည်သွားလာသည့်အခါ ကာလသားများက သူကြီးမင်း အမှုတွဲတွေမရှိဘူးလားဗျ၊ ကျနော်တို့ လာအားပေးချင်လို့ ဟူ၍ ပြောခဲ့ကြသည့် စကားများကို ကြားယောင်လာလေ၏။ အော်...လောက လောက။
ထိုအကြံအဖန်အမှုတွဲကို စိတ်နာပြီး သူကြီးကိုကိုမောင်သည် အမိန့်တစ်ခု ထုတ်ပြန်လေ၏။
"တုံးဖလားရွာသူရွာသားများသို့
ယနေ့မှစပြီး အမှုတွဲရှိလာလျှင် အမှုစစ်ဆေးသည့်နေ့၌ ကုန်ကျစရိတ် ကျွေးမွေးစရိတ်အားလုံးကို တရားခံ တရားလို နှစ်ဦးနှစ်ဘက် တစ်ဝက်စီ ကုန်ကျခံစေရမည်။
အမိန့်
တုံးဖလားရွာသူကြီးကိုကိုမောင်"
ထိုအမိန့်ကို ထုတ်ပြန်ပြီးနောက်ပိုင်းမှစ၍ ရွာသူရွာသားများသည် ရွာသူကြီးကိုကိုမောင်ကို အမြင်မကြည်လင်ကြတော့ပေ။ ကွယ်ရာ၌အတင်းအဖျင်းများလာ၏။ စောင်းပြော မြောင်းပြော ခဏခဏတွေ့ကြုံရ၏။ နားမခံသာသည့် စကားတို့ဖြင့် ထိုးနှက်ဝေဖန်လာ၏။ အော်... အိမ်ခြေ သုံးဆယ်လောက်သာရှိတဲ့ တုံးဖလားရွာလေးကို အုပ်ချုပ်ရတာတောင်မှ မလွယ်ကူဘူးဆိုတော့... နိုင်ငံတော်ကို အုပ်ချုပ်နေကြတဲ့ သူတွေကို ကိုယ်ချင်းစာပါတယ်လေ... ဆိုပြီး မစပ်မဆိုင် တွေးတောနေမိလေ၏။ ကံဆိုးပြီဆိုမှဖြင့် အစုလိုက်အပြုံလိုက် မကောင်းကျိုးများ ၀င်ရောက်လာလေ့ရှိ၏။ ကံကြမ္မာ ဂြိုဟ်စီး၊ ကိုယ့်( -ီး )ကိုယ်မယုံ၊ တုံးမှတ်လို့ခုန် ဆိုသကဲ့သို့ ဖြစ်လာ၏။ သူကြီးကိုကိုမောင်သည် နှုတ်တွင်းမှ မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀လင်္ကာအပိုင်းအစတစ်ခုကို နွမ်းလျစွာ တိုးတိုးလေး ရွတ်ဆိုနေမိလေတော့၏။

လူ၏အကြိုက်
ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ
ရှိခဲ့ပါမူ
ကြီးစွာရန်သူ
စွဲမှတ်ယူ၏
သတိမြဲမြံ
ကြည့်ဆက်ဆံလော့။ ။
ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ
ရှိခဲ့ပါမူ
ကြီးစွာရန်သူ
စွဲမှတ်ယူ၏
သတိမြဲမြံ
ကြည့်ဆက်ဆံလော့။ ။
.....
သူကြီးကိုကိုမောင်သည် ထိုကဲ့သို့ စိတ်အနှောက်အယှက်များ မကြာမကြာ ကြုံတွေ့ရလေသောကြောင့် သူ၏ အားကိုးအားထားရာ ရွာဦးကျောင်းသို့ ဦးတည်လေ၏။ ဆရာတော်ဘုရားကို အပြည့်အစုံ ရှင်းပြလျောက်ထားလိုက်သည့်အခါ ဆရာတော်သည်ပင် လူ့သဘော လူ့မနောတို့ကို သံဝေဂပွါးနေလေ၏။
"ဒါနဲ့... စကားမစပ်။ သူကြီးမင်းက ဘာနေ့သားလဲ"
"အင်္ဂါသားပါဘုရား"
"အခုအသက်ဘယ်လောက်ရှိပြီလဲ"
"လွန်ခဲ့တဲ့ သြဂုတ်လက အသက်အစိတ်ပြည့်ခဲ့ပြီးပါပြီဘုရား"
"အော်.. ဒါကြောင့်ကိုး"
"ဘာဖြစ်လို့လဲ ဘုရား"
"သူကြီးမင်းက အခု စနေဂြိုဟ်ထဲဝင်နေတယ်လေ။ ဒါကြောင့် အခုလို စိတ်မကောင်းစရာတွေနှင့်ကြုံရတာ"
"ရှင်းပြပါဦးဘုရား"
"ဒီလို သူကြီးမင်းရဲ့။ စနေဂြိုဟ်ဟာ ဂြိုဟ်ကောင်းမဟုတ်ဘူး။ ဒသာမသန့်၊ အတန့်မကောင်း၊ သံတောင်းစီးနင်း၊ ပါပချင်း၍ လို့ အဆိုရှိတယ်။ စနေဂြိုဟ်ဟာ ပါပဂြိုဟ်ပါဘဲ။ အ၀င်မှာခတ်တတ်တယ်။ အ၀င်မှာ မခတ်ခဲ့ဘူးဆိုရင် အထွက်မှာ ခတ်ရော။ နှစ်မျိုးလုံးက အခတ်လွတ်သူတွေကတော့ ခပ်ရှားရှားရယ်"
"အော်... အဲဒီလိုလားဘုရား"
"ဟုတ်တယ်။ ဒီတော့ ဒီစနေဂြိုဟ်ရဲ့ ဖိအားကို တွန်းလှန်ပစ်ရမယ်။ ဒါမှ စိတ်ချမ်းသာစရာတွေနဲ့ ကြုံလာမှာ"
"ဒါဖြင့် ဘယ်လို တွန်းလှန်ရမလဲ ဘုရား"
"အကောင်းဆုံးကတော့ အခုအချိန်ကစပြီး ၀ါကျွတ်တဲ့အထိ ဒုလ္လဘရဟန်းစည်းတာ အကောင်းဆုံးပါဘဲ ဒကာတော် သူကြီးမင်း"
"အခုမှ သင်္ကြန်ကာလဘဲရှိသေးတယ်ဘုရား။ အကြာကြီး ရဟန်းဘ၀နဲ့နေရမှာလား ဘုရား"
"၀ါကျွတ်တဲ့အထိဆိုတော့ ၇လ ၈လပေါ့ ဒကာတော်သူကြီးမင်း။ ဒါမှ ရဟန်းဘ၀နဲ့ ၂၆ နှစ်မြောက်မွေးနေ့ကို ဖြတ်သန်းမှာလေ။ ဘုရားကုနဲ့ ကုသတယ်ဘဲ ဆိုကြပါစို့။ ဒါမျိုးက သမား ဟူးရားတွေနဲ့ ကုသလို့ ပျောက်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ပေဘူး"
"တင်ပါ့ဘုရား။ ဒါဖြင့် တပည့်တော် အခု သင်္ကြန်အကျနေ့မှာ ဒုလ္လဘရဟန်းဝတ်မယ်ဘုရား"
ဤပုံဤနည်းဖြင့် တုံးဖလားရွာသူကြီးကိုကိုမောင်တစ်ယောက် ဒုလ္လဘရဟန်းအဖြစ်ကို ရရှိခဲ့လေတော့၏။ ရဟန်းဘ၀သည်ကား အေးချမ်းလှချေ၏။ သိမ်မွေ့လှချေ၏။ နူးညံ့လှချေ၏။ နှလုံးမွေ့လျော် သာပျော်ဖွယ်ကြီးပင်တည်း။
....
ရဟန်းဘ၀ရောက်ပြန်တော့လည်း ရဟန်းဒုက္ခကြုံရပြန်လေ၏။ ညနေပိုင်း၌ ၀မ်းတွင်းစစ်ဖြစ်၏။ တဂွမ်းဂွမ်းမြည်လေ၏။ နံနက်အစောကြီးထပြီး အရုဏ်ဆွမ်းဘုဉ်းပေးရ၏။ ရဟန်းသာမဏေများအတွက် လုပ်ရိုးလုပ်စဉ်ဖြစ်သော်လည်း အအိပ်မက်သည့် သူကြီးကိုကိုမောင် အတွက်မူ ဒုက္ခတစ်ခုဖြစ်လေ၏။ ပို၍ဆိုးသည်မှာ သီလပေး ရေစက်ချအပြင် ရဟန်းကျင့်ဝတ်တို့ကို ပါဠိလိုတစ်မျိုး မြန်မာလိုတစ်ဖုံ ကျက်မှတ်ရခြင်းပင်ဖြစ်၏။ ရပ်ရွာအတွင်း၌ စွာကျယ်စွာကျယ်နေခဲ့သမျှ ဘုန်းတော်ကြီးကျောင်းရောက်မှ ဆရာတော်ရှေ့ မှောက်၌ ပုဆစ်ဒူးတုပ် ခယ၀ပ်ကျိုးနေရလေတော့၏။ ရဟန်းဘ၀ အလွယ် မမှတ်နဲ့၊ တကယ်ကြပ်သကွဲ့ ဒကာတို့ရေ... အနယ်နယ် အရပ်ရပ် ငါတို့ပြည်မှာ... ဟူသော လင်္ကာစာပိုဒ်ကို ပြေးသတိရမိလိုက်သေး၏။
အဖိတ်နေ့နှင့်ဥပုသ်နေ့မှလွဲ၍ နေ့စဉ်လိုလို ကိုရင်ကျောင်းသားများနှင့်အတူ စာပေများကို ကျက်မှတ်ရ၏။ အိမ်၌ ဇိမ်ကျကျနေခဲ့သည့် သူကြီးကိုကိုမောင်သည် ဘုန်းတော်ကြီးကျောင်း၌မူ ကြမ်းပြင်ပေါ် ဖြစ်သလိုထိုင်ပြီး ကိုရင်ကျောင်းသားများနည်းတူ စာကျက်စာအံအမှုတို့ကို ပြုလုပ်ရလေ၏။ ထင်းခွဲ ရေခပ် တံမြက်စည်းလှဲ ပေါင်းရှင်း သန့်ရှင်းရေးလုပ် ထမင်းခြောက်လှန်း ခွေးစာ ကြောင်စာကျွေး အစရှိသည့် ဝေယျာဝေစ္စတို့ကိုလည်း နေ့စဉ်လိုလို ပြုလုပ်ရလေ၏။
တစ်ခါတစ်ရံ ကိုရင်ကျောင်းသားတစ်ချို့ ၏ အောက်ပါအတိုင်း ပြက်ချော်ချော်စာကျက်သံတို့သည်လည်း သူကြီးကိုကိုမောင်၏ နားဝကို ဒုက္ခပေးလေ၏။ ဘယ်သူဘယ်ဝါကစပြီး သံယောင်လိုက်ကာ ရွှတ်နောက်နောက်လုပ်ထားခဲ့သည်မသိပေ။ အတော်လဲ တတ်နိုင်ကြတဲ့ ကလေးတွေ။ ကန်တော့ပါရဲ့။ အနည်းငယ်မြည်းစမ်းကြည့်စေချင်လှပါဘိ။

"ပဋိသင်္ခါ ယောနိသော"= "အပျိုမြင်ရင် ငါ့ကိုပြော"
"အသေ၀နာစ ဗာလာနံ"= "မသေချာသမျှ ငါမပြန်"
"ဧတံ မင်္ဂလမုတ္တမံ"= "အေးကျန်ဖင်က ပုပ်စော်နံ"
....
ရဟန်းသူကြီးကိုကိုမောင်အတွက် အဆိုးဆုံးမှာ မနက်စောစောထပြီး အရုဏ်ဆွမ်းလာပို့ကြသူများအား သီလပေးရခြင်းပင်ဖြစ်၏။ ထိုကဲ့သို့ သီလပေးသောအခါ ဘုန်းကြီးကျောင်းသားများလည်း သီလယူကြရလေ၏။ ထိုကဲ့သို့ အရုဏ်ဆွမ်းလာပို့သော သူတို့အား သီလပေးရခြင်းသည် အနီးတစ်ဝှိုက်တောရွာများအားလုံး၏ ဓလေ့ထုံးစံတစ်ခုပင်ဖြစ်၏။ ဆွမ်းလာပို့သူတို့မှာ အမျိုးသမီးချည်းဖြစ်၏။ များသောအားဖြင့် လူလတ်ပိုင်း အိမ်ထောင်သည် အမျိုးသမီးများပင်ဖြစ်၏။ ထိုအမျိုးသမီးများနှင့်ဘုန်းကြီးကျောင်းသားများအတူတူ ငါးပါးသီလ ယူကြရ၏။ ရဟန်းသူကြီးကိုကိုမောင်သည် ဒုလ္လဘ၀တ်နေစဉ်ကာလအတွင်း သီလပေးရသည့်တာဝန်ကို ယူထားရလေ၏။
တစ်နေ့ ရဟန်းသူကြီးကိုကိုမောင် သီလပေးနေစဉ်ဝယ် လုံးဝထင်မှတ်မထားသည့် ပြဿနာတစ်ခုကို အစပျိုးလိုက်သလို ဖြစ်သွား၏။ အရုဏ်ဆွမ်းလာပို့သူတို့အား သီလပေးနေစဉ်ဝယ် သူနှုတ်တိုက်ချပေးသည့် သီလတောင်းပါဠိကို ကျောင်းသားတစ်ယောက်က မကြားတကြား အပြောင်အပျက် ပြုလုပ်လေ၏။ ရဟန်းသူကြီးကိုကိုမောင်က အဟံ ဘန္တေ ဟု ချပေးသည့်အခါ အားလုံးက အဟံ ဘန္တေဟု လိုက်ဆိုပေမဲ့ ဘုန်းကြီးကျောင်းသားတစ်ယောက်က ဆန်ထမ်းချေဟု မကြားတကြား လိုက်ဆို၏။ သူ့အသံကို ကြားရသည့် အချို့ သူများက ပြုံးကြ၏။ အချို့သူများက ဟေ့ကောင်လေး မနှောက်ကောင်းဘူး ဟု ဆိုကြ၏။ ထိုကျောင်းသားသည် ရပ်တန့်မနေဘဲ အောက်ပါကဲ့သို့ လိုက်ဆိုလေတော့၏။
"အဟံ ဘန္တေ"တစ်နေ့ ရဟန်းသူကြီးကိုကိုမောင် သီလပေးနေစဉ်ဝယ် လုံးဝထင်မှတ်မထားသည့် ပြဿနာတစ်ခုကို အစပျိုးလိုက်သလို ဖြစ်သွား၏။ အရုဏ်ဆွမ်းလာပို့သူတို့အား သီလပေးနေစဉ်ဝယ် သူနှုတ်တိုက်ချပေးသည့် သီလတောင်းပါဠိကို ကျောင်းသားတစ်ယောက်က မကြားတကြား အပြောင်အပျက် ပြုလုပ်လေ၏။ ရဟန်းသူကြီးကိုကိုမောင်က အဟံ ဘန္တေ ဟု ချပေးသည့်အခါ အားလုံးက အဟံ ဘန္တေဟု လိုက်ဆိုပေမဲ့ ဘုန်းကြီးကျောင်းသားတစ်ယောက်က ဆန်ထမ်းချေဟု မကြားတကြား လိုက်ဆို၏။ သူ့အသံကို ကြားရသည့် အချို့ သူများက ပြုံးကြ၏။ အချို့သူများက ဟေ့ကောင်လေး မနှောက်ကောင်းဘူး ဟု ဆိုကြ၏။ ထိုကျောင်းသားသည် ရပ်တန့်မနေဘဲ အောက်ပါကဲ့သို့ လိုက်ဆိုလေတော့၏။
"ဆန်ထမ်းချေ"
"တိသရဏေန သဟ"
"သစ်ပင်ပေါ်က ကျ"
"ပဉ္စသီလံ"
"၀က်သား ဆီပြန်"
"ဓမ္မံ ယာစာမိ"
"ထရံကာပါ၏"
"အနုဂ္ဂဟံ ကတွာ"
"မဟုတ်မခံ ရပ်ရွာ"
"သီလံ ဒေထ"
"ဆီပြန် ရေကျ"
"မေ ဘန္တေ"
"ရေထမ်းချေ"
ရဟန်းသူကြီးကိုကိုမောင်သည် ထိုကျောင်းသားကို စိတ်တိုရကောင်းနိုး ထပြီးရယ်လိုက်ရကောင်းနိုးဖြင့် အနေရခက်ကြီးခက်နေချေတော့၏။ ဘယ်ဘက်မျက်လုံးက ရယ်ချင်နေပေမဲ့ ညာဘက်မျက်လုံးက ဒေါသအရိပ်အရောင်တို့ဖြင့် ၀င်းလက်နေ၏။ မျက်နှာတစ်ပြင်လုံးသည်လည်း ကြောင်ဂါဖေးကာတွန်းကားကြည့်ရသကဲ့သို့ တွန့်လိမ်နေသလို ခံစားလာရ၏။ ထို့ကြောင့် သီလကို အမှားမှား အယွင်းယွင်းပေးမိနေလေတော့၏။
"အပါယ်လေးပါး.. ကပ်သုံးပါး.. ရပ်ပြစ်ရှစ်ပါး........ပ........... အနာမျိုး ၉၆ ပါး. မိစ္ဆာဒိဋ္ဌိ ၆၂ ပါးနှင့် ပြည့်စုံနိုင်ကြပါစေ" ဟုလည်းကောင်း
"ဘုရားတရားသံဃာ ရတနာမြတ်သုံးပါး၏ ကျေးဇူးကြောင့် ယနေ့မှစပြီး သင်ဒကာဒကာမအပေါင်းတို့သည် ပျက်စီးခြင်းသို့ အမြန်ရောက်ပါစေသတည်း" ဟုလည်းကောင်း
ဆန့်ကျင်ဘက်အဓိပ္ပါယ်သက်ရောက်သည့် သီလပေးတို့ကို ပေးနေမိလေတော့၏။ ဆွမ်းလာပို့သူတို့သည်လည်း သာဓုသာခေါ်သွားရသည်၊ ကျေနပ်ကြပုံတော့မပေါ်ပေ။ ထိုထက်ဆိုးသည်ကား ခုနက ဘုန်းကြီးကျောင်းသားက စိတ်တိုရမလို ပြုံးရမလို ဖြစ်နေသည့် ရဟန်းသူကြီးကိုကိုမောင် မျက်နှာကို ကြည့်ပြီး သူ့အနီးရှိ ကျောင်းသားတစ်ယောက်ကို ပြောနေလေ၏။
"ဟေ့ကောင်... မိုနာလီနာ ပန်းချီကားကို မြင်ဖူးသလား"
"မြင်ဖူးဘူး"
"ရဟန်းသူကြီးကိုကိုမောင် မျက်နှာကိုသာ ကြည့်လိုက်။ တစ်ထေရာထဲဘဲ။ ငိုမလို ရယ်မလို မျက်နှာမျိုးကြီး"
"ဟာ.. ဟုတ်သေးပါဘူး။ သူကြီးမျက်နှာက ယမကအစုံတန်ခိုးပြနေတာပါ။ ဘယ်ဘက်က ရေ၊ ညာဘက်က မီး။ တန်ခိုးတွေ အစုံအစုံပြနေတာလေကွာ"
"ဟာ ဟ"
ရဟန်းသူကြီးကိုကိုမောင်သည် သည်းခံနိုင်စွမ်းမရှိတော့၍ အနီးရှိ ဆရာတော်၏ လက်သုံး ကြိမ်လုံးကို ကောက်ယူကာ တစ်ယောက် သုံးချက်စီ ဆော်ပစ်လိုက်လေ၏။ စိတ်ကြည်နူးဖွယ် အရုဏ်ဦးသည် ရဟန်းသူကြီးကိုကိုမောင်၏ဒေါသနှင့်ကျောင်းသားနှစ်ယောက်တို့၏ ငိုကြွေးသံတို့ဖြင့် အကျီးတန် ဆန်သွားလေတော့၏။
နေ့လည်ပိုင်း၌ ထိုကျောင်းသားနှစ်ယောက်၏ မိဘများ ရွာဦးကျောင်းရောက်လာပြီး ရဟန်းသူကြီးကိုကိုမောင်ကို မကျေနပ်ကြောင်း လာဝေဖန်ကြ၏။ သူတို့၏ သားများကို ရွာဦးကျောင်းဆရာတော်လက်ထဲသို့သာ အပ်ထားသည်၊ ဆရာတော်သတ်ပြီး သူတို့သေသွားရင်တောင် ကျေနပ်သည်၊ တစ်ခြားတစ်ဦးတစ်ယောက်အနေနဲ့ သူတို့သားများအား ကြိမ်တုတ်ဖြင့် ရိုက်နှက်ဖို့မဆိုထားနဲ့၊ လက်ဖျားနဲ့ ထိတာတောင်မကြိုက်ဟု လာရောက် အော်ဟစ်ပေါက်ကွဲလာကြလေ၏။ အော်... မလွယ်ပါလားနော်။
ရဟန်းဘ၀ဖြင့် တုံးဖလားရွာဦးကျောင်း၌ နေထိုင်ချင်သည့် စိတ်ကုန်ဆုံးသွားသည့်အတွက် ဆရာတော်ထံ ခွင့်ပန်ပြီး တုံးဖလားရွာနှင့် မိုင်နှစ်ဆယ်ခန့်ဝေးသည့် သာယာကုန်းရွာသို့ ရဟန်းသူကြီးကိုကိုမောင် ထွက်လာခဲ့လေ၏။ ထိုရွာရှိ ရွာဦးကျောင်းဆရာတော်ထံ ခွင့်ပန်ပြီး နေထိုင်လေ၏။ ရောက်ခါစ အဆင်ပြေပေမဲ့ ကြာလာသည့်အခါ စိတ်အနှောက်အယှက်ဖြစ်စရာများ ပေါ်ပေါက်လာပြန်၏။ အခြားကိစ္စတော့မဟုတ်ပေ။ အသားအရည်ဝင်းဝင်းဝါ၀ါ ကတုံးတုံးပြီး သင်္ကန်းအညိုရောင် ၀တ်ဆင်ထားသည့် သူကြီးကိုကိုမောင်သည် ရှုမငြီးဖွယ်ပင်ဖြစ်နေလေ၏။ ထို့ကြောင့် လာရောက်ဖူးမြင်သူတို့ တစ်နေ့ထက်တစ်နေ့ ပေါများလာ၏။ ကုထုံးနှင့်တရားစီရင်မှုမှာ နာမည်ကြီးခဲ့သည့်အတွက် မြင်ဖူးချင်သူတို့ များပြားလာ၏။ အထူးသဖြင့် အမျိုးသမီးအများစု အကြောင်းမရှိအကြောင်းရှာ လာရောက်ကြ၏။ ဗေဒင်မေးစရာရှိသလိုလို၊ လက္ခဏာကြည့်ချင်သယောင်ယောင်၊ မသိသည်များကို မေးမြန်းချင်သလိုလိုဖြင့် အမျိုးသမီးပရိသတ်များ စည်ကားလာလေ၏။ စကားအထူးအဆန်းများ ပြောလာကြ၏။ နာမည်ကျော်ရင်.... မိန်းခလေးတွေ.. ၀ိုင်းဝိုင်းလည်တတ်တယ် ဆိုသည့် သီချင်းစာသားလေးကို ပြေးအမှတ်ရလိုက်မိ၏။ မှန်လိုက်လေခြင်း။
"အရှင်ဘုရား။ ရဟန်းဘ၀နဲ့ အရိုးထုတ်တော့မှာလား"
"ပျော်သလောက်ပေါ့ ဒကာမလေးတို့"
"အဲ... တော်ပါသေးရဲ့။ နို့မဟုတ်ရင် နှမြောစရာကြီး။ ဟိ ဟိ။ သူမင်းကြီးရဲ့ ပညာတွေကိုပြောတာပါ။ တစ်ခြားမထင်ပါနဲ့ဘုရား"
"သူကြီးက ဒီသာယာကုန်းမှာ အခြေချမှာမဟုတ်လားဘုရား၊ ပျော်စရာကြီး ဟီး ဟီး"
"အရှင်ဘုရား.. ပစ္စည်းငါးပါး အလိုရှိရင် ပွင့်ပွင့်လင်းလင်းပြောပါဘုရား"
"ပစ္စည်းလေးပါးလို့သာ ကြားဖူးပါတယ် ဒကာမလေးတို့"
"နောက်တစ်ခု ထပ်ပေါင်းလိုက်ပေါ့ဘုရား.. အဟိ အဟိ"
ရဟန်းသူကြီးကိုကိုမောင် အကြီးအကျယ်စိတ်ညစ်သွား၏။ စိတ်ပိန်သွား၏။ စိတ်လေသွား၏။ ရွာတွင်းရှိ ကာလသားများလည်း မျက်စောင်းထိုးနေလေပြီ။ သည်လိုပုံနှင့်တော့ သည်သာယာကုန်းရွာ၌ ရေရှည်နေ၍ မဖြစ်တော့ပေ။ ပြဿနာပေါ်လာနိုင်၏။ "အိအိ သွဲ့သွဲ့၊ နွဲ့နွဲ့ နှောင်းနှောင်း၊ ပျောင်းပျောင်း ဆိုင်ဆိုင်၊ ကြိုင်ကြိုင် လန်းလန်း၊ ဆန်းဆန်း ပြားပြား၊ ငွါးငွါး စွံ့စွံ့၊ တင့်တင့်တယ်တယ်၊ ရယ်ရယ် မောမော၊ သောသော ရှုပ်ရှုပ်၊ လှုပ်လှုပ် ရွရွ၊ လှလှ ပပ" သူတို့၏သဘာဝအလှတရားတို့ကိုမြင်ရဖန်များလေပြီ။ စိတ်မထိန်းနိုင်ရင် ဒုက္ခကောင်းကောင်းတွေ့နိုင်၏။ ထို့ကြောင့် ရဟန်းသူကြီးကိုကိုမောင် ဣနြေ္ဒတွေကို သတိချွန်းဖြင့် ပြင်းပြင်းထန်ထန်အုပ်နေရလေတော့၏။
ရဟန်းသူကြီးကိုကိုမောင်သည် ထိုရွာကျောင်း၌ တစ်လခန့်နေပြီး တုံးဖလားသို့ ပြန်ခဲ့လေ၏။ သူ့အတွက် အန္တရာယ်ရှိလာနိုင်၍ ပြန်လာခဲ့ခြင်းပင်ဖြစ်၏။ တုံးဖလားရွာဦးကျောင်းသို့ ပြန်ရောက်ရှိလာသည့်အခါ ဆရာတော်က ရဟန်းသူကြီးကိုကိုမောင်အား ဘာဖြစ်လို့ တစ်လဘဲ နေပြီး ပြန်လာခဲ့ရတာလဲ ဟုမေးမြန်း၏။ ရဟန်းသူကြီးကိုကိုမောင်သည်လည်း အဖြစ်အပျက်ပေါင်းစုံတို့ကို တစ်လုံးမကျန်ဆရာတော်အား လျောက်ထားလိုက်လေ၏။
"အေး...အေး... ကံတရားက ဆိုးဝါးလာပြီဆိုရင် နေရာတိုင်းမှာ ပြဿနာဖြစ်တတ်တာပါဘဲ။ မြန်မြန်ပြန်လာခဲ့တာ မှန်တယ်။ ဆိုရိုးစကားတစ်ခုရှိတယ်။ ရေနစ် ခွေးကိုက် မိန်းမကြိုက် တဲ့။ အဲဒါတွေဟာ ကံအရမ်းဆိုးတဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်စဉ်တွေလေ။ အဲဒီအထဲမှာမှ မိန်းမအကြိုက်ခံရတာက ကံအဆိုးဆုံးဘဲ"
"တင်ပါ့ဘုရား။ တပည့်တော်လဲ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ပါဘူးဘုရား။ တပည့်တော် တစ်ပါးထဲ အေးအေးဆေးဆေးဘဲ နေချင်တယ်ဘုရား"
"ရပ်ရွာကျောင်းမှာနေရင်တော့ ပြဿနာတစ်ခုမဟုတ်တစ်ခု တွေ့လာဦးမှာပါဘဲ"
"ဒါဖြင့် တပည့်တော် တောထဲသွားပြီး တစ်ပါးထဲ သွားနေမယ်ဘုရား"
"ဟေ... တောရဆောက်တည်မလို့လား"
"အဲဒီလိုတော့ မဟုတ်ပါဘူးဘုရား။ ဒီကနေ မြင်ရတဲ့ ဟော ဟိုက မကျည်းပင်တောင်တန်းကြီးမှာ တောရကျောင်းလေးဆောက်ပြီးနေမယ်။ အနီးအနားတစ်ဝိုက်က ရွာတွေမှာ ဆွမ်းခံပြီး ဘုဉ်းပေးမယ်။ ဘယ်သူ့ကိုမှ အဲဒီကျောင်းကို အလာမခံဘူးဘုရား"
"အဲဒီတောင်တန်းက ရွာတွေနှင့်အနည်းဆုံး ခြောက်မိုင်လောက်ဝေးတယ်နော"
"ကိစ္စမရှိပါဘူးဘုရား။ ကျန်းမာရေးလဲရ ဆွမ်းလဲရ လမ်းလဲ လျောက်ရတာပေါ့ဘုရား"
"အေး... ကောင်းပါပြီ။ အရာအားလုံးကိုတော့ သတိထားပြီးနေပေါ့"
"တင်ပါ့ဘုရား"
ရဟန်းသူကြီးကိုကိုမောင်သည် ထိုမန်ကျည်းပင်တောင်တန်းတွင် တောရကျောင်းလေးဆောက်လုပ်ကာ ထိုတောရကျောင်းလေး၌ ၀ါဆိုဝါကပ်ပြီး တစ်ပါးတည်း အေးဆေးတည်ငြိမ်စွာနေထိုင်လေ၏။ တောရိုင်းတိရစ္ဆာန်များအော်ဟစ်သံ၊ ကျေးငှက်သာရကာ တေးသီသံ၊ လေပြေလေညှင်း ခပ်ညှင်းညှင်းတိုက်ခတ်သံ၊ စမ်းရေစီးကျသံ၊ တောရနံ့၊ တောင်ရနံ့၊ ပန်းရနံ့ စသည်တို့နှင့် အငြိမ်းချမ်းကြီး ငြိမ်းချမ်းအေးမြနေလေတော့၏။ တစ်နေ့ကို တစ်ရွာကျ အနီးနားရှိ ရွာများသို့ ဆွမ်းခံကြွပြီး ဘုဉ်းပေးလေ၏။ ၀ါကျွတ်လျှင် လူပြန်တော်ဖြစ်ပြီး သူကြီးရာထူးပြန်ယူရမည်ကိုပင် မလိုချင်ဘဲ ရှိနေလေ၏။ သူသည် စနေဂြိုဟ်ကို ကြံဖန်ကျေးဇူးတင်မိနေ၏။ စနေဂြိုဟ်ကျေးဇူးကြောင့် ယခုကဲ့သို့ ငြိမ်းချမ်းသည့်ဘ၀ကို ရောက်ရှိနေသည်မဟုတ်ပါလား။ ။
မှတ်ချက်။
သူကြီးကိုကိုမောင်၏ တရားစီရင်မှု၊ ကုထုံးများနှင့် ဒုလ္လဘ၀တ်ခြင်း ပို့စ်တို့ကိုဖတ်ရှုပြီး တကယ့်အမှန်အကန် ဖြစ်ပျက်ခဲ့သည့် ဘ၀အတွေ့အကြုံများဟု စာဖတ်သူများ ထင်မြင်သွားခဲ့လျှင် စာရေးသူ (ကျနော်)၏ စာအရေးအသား ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။ တစ်စုံတစ်ခု မှားယွင်းတင်ပြမိခြင်း၊ ဘာသာရေးအရမရေးသားသင့်သည်ကို ရေးသားမိခြင်းရှိခဲ့သော် အားလုံးကို တောင်းပန်ပါ၏။ နိဂုံးချုပ်အနေဖြင့် စိတ်ရှည်လက်ရှည်နဲ့ ပို့စ်အရှည်ကြီးများကို သည်းခံပြီးဖတ်ပေးကြသည့်အတွက် အလွန့်အလွန် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုက်ပါရစေ။ အားလုံး မင်္ဂလာပါ။
ကိုကိုမောင်(ပန်းရနံ့)
...

24 comments:
ရေးလဲရေးတတ်တဲ့ သူကြီးကိုကိုမောင်ပါပဲလား။
၂၅ နှစ်ဆိုတော့ ငယ်သေးတာပဲနော်။ စာပေဗဟုသုတတွေ စုံလွန်းလှတော့ ၅၂ နှစ်များလားလို့ ထင်မိခဲ့သေးတယ်။
ဒုလ္လဘမ၀တ်ဘဲ တသက်လုံးအပြီးဝတ်သွားရင် ဘလော့ဂါတွေစုပြီး ပစ္စည်းငါးပါး (အင်တာနက်ပါ) ဒကာခံဖို့ အလှူငွေ လိုက်ကောက်ပေးပါမယ်။
ဒီဝါတွင်း ဥပုသ်စောင့်ရင် သီလတောင်းဖို့ တောရကျောင်းကို လာခဲ့ပါရစေ။ ယမကအစုံတန်ခိုးပြနေတဲ့ မျက်နှာကို ဖူးချင်လို့ပါ။ :)
ဟဟ တကယ်အပြင်မှာမိုနာလီနာနဲ့တူတယ်လား သူကြီးမင်း
ွတစ်မျိုးတစ်မျိုးမရိုးရအောင်ကိုရေးတတ်ပါပေတယ်..
ွငိုမလိုရည်မလိုမျက်နှာမမြင်ဖူးဘူးအကိုရ...ွကြည့်ချင်ပါ၏အားပေးလျက်နော်
ဆွေ
တဂျီး တဂျီး ..မသိလို့ပါ။ တဂျီးက ဒုလဘ္ဘ၀တ်တာ ရွာက်လူတွေကို ချက်ချင်း သီလပေးခိုင်းတာဆိုတော့ တဂျီးက အစထဲက ဘုန်းကြီးဖြစ်လို့နေမှာပေါ့...နော်..တဂျီးဦးဇနက္က။ ခစ်..ဟီးဟီး
ဘာပဲဖြစ်ဖြစ် တဂျီးဘုန်းကြီးရေးထားတာ ဖတ်လို့ကောင်း၏။
တခါမှမကြားဘူးတာတွေ ကြားရတယ်။
စကားမစပ် မိန်းမကြိုက်ရင်ကံဆိုးတယ်ဆိုပီး ဘုန်းကြီးတွေဖတ်တဲ့ကျမ်းကြီးပဲ ကိုင်မနေနဲ့ .. သိပ်ရှေးကျလွန်းတယ်။
ဆေးပညာရှူထောင့်တွေမပါတဲ့ တဖက်သတ်အမြင်နဲ့ရေးထားတဲ့ မိန်းမ မကောင်းကြောင်း ရေးထားတဲ့ကျမ်းတွေ ..
ကြည့်ရတာတော့ စာရေးတဲ့သူက မိန်းမတွေ သူ့.မကြိုက်တာနဲ့ မိန်းမတွေကို ခပ်ချိုးချိုးရေးထားတာ..တဂျီးရဲ့..
တဂျီးရဲ့ မျက်စိဖွင့်လိုက်နော်..။ ဟီး
မမမြတ်နိုး
တောင်ပြန်သဂျီးကျန်သေးတယ်လေ...
ပဋ္ဋိသင်္ခါ ယောနိသော...အပျိုမြင်ရင်ငါ့ကိုပြော..
ပိဏ္ဍပါတံ....ထမိန်စအသာလှန်....
ငယ်ငယ်က ကျက်ခဲ့ရတာပြောတာပါ..
အင်း.. နောက်အပုဒ်ရောက်လို့လူထွက်ရင် သူကြီးမင်းတော့ အဆော်ခံ၇တော့မယ့်ပုံပဲ... ရွားသားတွေက ပြောတာပါရယ်...း)))
ခင်မင်တဲ့
နေ၀သန်
သူကြီးရဟန်းဘောင်ဝင်သွားပြီဆိုလို့..
ပစ္စည်းလေးပါးလှူရအောင်လာခဲ့တာ။
ငါးပါးတော့မလှူနိုင်ဘူးကွယ့်...
အော်..ဒါနဲ့..သူကြီးလူထွက်ရင်..
ဘာတွေဆက်ဖြစ်မလဲသိချင်သေးတယ်..
ဆက်ရေးပါအုံးနှော်...စောင့်မျှော်ဖတ်ပါမည်။
"အဟံ ဘန္တေ"..."ဆန်ထမ်းချေ"
ရယ်ရတယ်....
ထပ်ရေးအုံး...ဦးဇင်းကိုကိုမောင်
ရေးလည်း ရေးတတ်ပါ့ သူကြီးရယ်..။ ကာတွန်းကလည်း ဆွဲတတ်တယ်။ ဒုလ္လဘ ၀တ်ရင် လည်း ဆေးဖော်စပ်ပေးပါဆိုပြီး လာတောင်းတာတွေ လွတ်မယ်ထင်လား... :))
သူကြီးက၀ါတွင်းမှာဒုလ္လဘ၀တ်တာလား..။
အရေးအသားကကောင်းတော့ဖတ်ပြီးရီမိတယ်..။
သူကြီးကိုကိုမောင်ရဟန်းဘောင်ကိုအပြီးဝင်မယ်ဆိုရင်တော့
ပစ္စည်းလေးပါးဒကာခံမလားလို့စဉ်းစားတယ်.။
ခင်တဲ့
သဒ္ဓါ
ကိုကိုမောင် ရေ
အရေးအသားကြောင့် သူကြီးမင်းဟာ ကိုကိုမောင် နဲ့ တယောက်ထဲ ကြိး ထင်နေတာဘဲ တော်လိုက်တဲ့ သူကြီးမင်း
ဒီတခါတော့ ကိုကြီးကျောက် ရွတ်ပြတဲ့ ဟာ ဆက်ရွတ် ပြနေလို့ ရွာက ပြန်ထွက်ပြေးနေရအုန်းမယ်
တောရကျောင်းလေး မှာ ဆက်ရန် မကျန်တော့ဘူးလား ဖတ်ချင်သေးတယ်ဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
တကယ်များ ၀တ်ပြီလားလို့ ဟားဟား
ညွန်းချက်တွေကတော့လန်းတယ်ကိုကိုမောင်ရေ
ဘာတဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတာ ရူပါကြောင့် ရှုမငြီးဆိုပါလား :P
ဆေးလာလာတောင်းသူတွေကြောင့် ရဟန်းဝတ်ချင်စိတ်များ ပေါ်လာတာလားလို့
တကယ်ဝတ်ရင် ပစ္စည်းငါးပါး အဲလေ ယောင်လို့ လေးပါး တာဝန်ယူပါတယ်.. ဒါပေမဲ့ ရာသက်ပန်ဝတ်ရမယ်နော်..
ဒီတခါရန်ကုန်ပြန်ရင်တော့
တုံးဖလားရွာကိုရောက်အောင်သွားလိုက်ဦးမယ်..
ရွာသူရွာသားတွေကို..သူကြီးအပေါ်သဘောထားဆိုပြီး
အင်တာဗျူးပြီး..ဘဘော့ဂ်မှာတင်လိုက်ဦးမယ်..ဟိဟိ
ပိုစ့်အစအဆုံး တပြုံးပြုံးနဲ့ကိုဖတ်သွားရတာပဲ....ပြုံးရုံတင်မက ရီလည်းရီမိပါတယ်....တော်လှပါပေ၏။
အမယ်လေး ကိုကိုမောင်
ရေးပဲရေးတက်ပါပေ့..။
အော် မျက်လုံး ...လေးကလည်း အငို.. တဖက် အရည် တဖက် ဖြစ်အောင် တရားပေးနိုင်တဲ့ ကိုကိုမောင် ဇာတ်လိုက်လေးပါပဲ..။
ဒီလို တရားတွေနဲ့ ကိုက်ညီအောင် သံစဉ်လေးတွေ ရှာတက်တာကလည်း ပညာပါပေပဲ..။ တော်သေးတယ် ဆန်ထမ်းချေ လို့ ဖြစ်သွားလို့.. အနံ အဟောင်လေးလည်း ပါအောင် ဖွဲ့တက်တဲ့ ကိုကိုမောင်ပေပဲ..။
ပန်းတွေကြားမှာ ပျော်မွေ့ပါစေ ဇာတ်လိုက်ကျော်ကြီး ကိုကိုမောင် ..။ ဒါနဲ့ ဇာတ်လိုက် ကိုကိုမောင် ကလည်း ၂၅ ပါပဲလား..။
မဗေဒါ (၈၈)
သူုကီးမင်းခင်ဗျား-
မိုနာလီဇာနဲ့ တော့မတူလိုက်ပါနဲ့ ဗျာ-
မိုနာလီဇာကအခြောက်ကြီးမို့ လို ပါ။
နောက်ပြီးတော့ အေးကျန် ဖင်ကိုများသွားနမ်းလို့ ဘာအနံ့ ဆိုတာသိရတာလဲဟင်။ အဲဒီလောက်တော့
မစပ်စုသင့်ဘူးလို့ ထင်တယ်။ သူုကီးဘာတွေဖြစ်နေတာလဲ
သူုကီးစီကိုလာရမှာကြောက်တောင်လာပြီဗျို့ ----
လူကိုလည်းလာပြီးဓါတ်ပုံပြခိုင်းခိုင်းနေတယ်---
သိပ့်တော့မရိုးတော့တာလဲဟင်----
မိုနာလီဇာ ကိုကိုမောင်...ကံကောင်းပါစေ
"လူ၏အကြိုက်
ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ
ရှိခဲ့ပါမူ
ကြီးစွာရန်သူ
စွဲမှတ်ယူ၏
သတိမြဲမြံ
ကြည့်ဆက်ဆံလော့" ဆိုတဲ့ ကဗျာလေးကို သဘောကျတယ် အကိုသူကြီးရေး)
ရာသက်ပန် ဆက် ဝတ်ပါ ပစ္စည်း ၄ ပါး ထောက်ပံ့ပါ့မယ်ဗျို့
အဲ.. ပို့စ်တင်ရင်တော့ လာဖတ်ရမယ်နော်း)
ရေးလဲ ရေးတက်ပ တကြီးရယ်....ဖတ်ပြီးရီလိုက်ရတာ...
မိန်းမတွေကြိုက်ရင် ကံဆိုးလို့တဲ့လား...
သို့ကလိုဖြင့် ကျွန်တော် တော်တော် ကံကောင်းတဲ့သဘော
ရှိတယ်..ဟီး
ပြုံးရွှင်စရာတွေ ရေးတတ်တဲ့ သူကြီးပါဘဲ
တကယ့်ရွာသူကြီးလား မသိဘူးနော်
အတွေ့အကြုံကလည်း စုံပါ့ရှင်..
လာဖတ်တိုင်းထူးဆန်းတာတွေ တွေ့ရတယ်..
း)
သူကြီး ကိုကိုမောင် ဦးပဇင်း ဖြစ်သွားရှာပြီကိုဗျ။
ရှာရှာဖွေဖွေ ရေးတတ်ပါ့နော်။
ကိုဂျီးကျောက် ပြောသလိုတော့ မရွတ်လေ နဲ့ 
သူကြီးဦးပဇင်း လူပေါင်းမှားမယ်နော်။ :D
ကိုကိုမောင်ရေ ..... သဘော ကျသွားတာက မျက်လုံး တဖက်က ငို မျက်လုံးတဖက်က အရည် တယ်လေ သရုပ်ဆောင် ကောင်းတာပါလား ..
ဟုတ်ပလူတွေများအဲ့အတိုင်းပဲ
Post a Comment