Thursday, 21 April 2011

ပြန်တူးဖော်ခြင်း

သူ တူးဖော်နေတယ်။ တစ်ရစ်ပြီး တစ်ရစ် တူးဖော်နေတယ်။ တော်တော်လေး နက်တဲ့အထိ တူးဖော်နေတယ်။ တူးဖော်နေရင်း ပင်ပန်းလာတယ်။ ပင်ပန်းရင်းနဲ့ဘဲ ဆက် တူးဖော်နေတယ်။ သူ့စိတ်ထဲမှာ အစကထဲက ငါ ဒီလောက်ထိ ခပ်နက်နက် မမြှုပ်ထားခဲ့ရင် ဒီလို ပင်ပင်ပန်းပန်း တူးဖော်စရာ မလိုဘူးဆိုပြီး စိတ်ချရတဲ့အထိ မြှုပ်ထားခဲ့မိတာကို နောင်တ ရနေမိတယ်။ မြှုပ်ထားခဲ့တာလဲ ခပ်နက်နက်၊ မြှုပ်ထားခဲ့တဲ့ အချိန်ကလဲ ဆယ်စုနှစ်တောင် အတော်လေး ကျော်လာခဲ့ပြီဆိုတော့ ပြန်တူးဖော်ရတာ အတော်လေး ပင်ပန်းလွန်းတယ်။

အဲဒီလို တူးဖော်ရင်းနဲ့ဘဲ ဆယ်စုနှစ်အလွန် နှစ်များဆီကို စိတ်က စီးဆင်း မျောပါသွားမိတယ်။ အဲဒီအချိန်တုန်းကဆို ဒီပစ္စည်းကို သူ နေ့တိုင်းနီးပါး သုံးစွဲခဲ့တာ။ နေရာတိုင်းမှာ သုံးစွဲခဲ့တာ။ ရွာထဲမှာ ဂျတ်အေးတို့နဲ့လဲ သုံးစွဲခဲ့တာဘဲ။ အိမ်မှာ ညီအစ်ကိုတစ်တွေနဲ့လဲ သုံးစွဲခဲ့တာဘဲ။ ဘုန်းကြီးကျောင်းသားဘ၀ ရောက်ပြန်တော့လဲ ကိုရင် ပဏ္ဍိတ၊ ကိုရင် မာနိတတို့နဲ့ သုံးစွဲခဲ့တာပါဘဲ။ သုံးစွဲတိုင်းလဲ ကောင်းကျိုးပေးခဲ့တယ်ဆိုတာ မရှိပါဘူး။ သူ ထိခိုက်ခဲ့အခါ ထိခိုက်ခဲ့တယ်။ ဒါမှမဟုတ် တစ်ဘက်လူ ထိခိုက်တဲ့အခါ ထိခိုက်ခဲ့တယ်။ ဒါပေမဲ့ သူ အဲဒီပစ္စည်းကိုဘဲ အရမ်း မြတ်နိုးခဲ့တာ။ အရမ်းတန်ဖိုး ထားခဲ့တာ။ အဲဒီ အချိန်တုန်းက အဲဒီ ပစ္စည်းဟာ သူ့အတွက် မရှိမဖြစ် ရတနာ တစ်ပါး ဖြစ်ခဲ့တယ်။ ယောက်ျားလေး အချင်းချင်းလဲ ဒီပစ္စည်းကို အသုံးပြုခဲ့တာဘဲ။ မိန်းကလေးတွေနဲ့လဲ ဒီပစ္စည်းကို အသုံးပြုခဲ့တာဘဲ။ ပြောရရင်တော့ လူမရှောင် သူမရှောင် အဲဒီ ပစ္စည်းကို အသုံးခဲ့ပြုတာ ချည်းပါဘဲ။

တစ်ရက်မှာ ရွယ်တူ ဘုန်းကြီးကျောင်းသား တစ်ယောက်နဲ့အတူ အဲဒီပစ္စည်းကို ပြိုင်သုံးမိတယ်။ သူ့နာမည်က အောင်မောင်းတဲ့။ သူကလဲ ခေသူ မဟုတ်ဘူး။ သူ့ပစ္စည်းကလဲ တောက်တောက် ပြောင်ပြောင်ပါဘဲ။ သူနဲ့ အောင်မောင်း၊ အောင်မောင်းနဲ့ သူ၊ ဇမ္ဗူမှာ လူရှိရိုးလား ဆိုပြီး ပြိုင်လိုက်ကြတာ နှစ်ယောက်လုံး ဒဏ်ရာတွေ ဗလဗျစ် ရတဲ့ အထိပါဘဲ။ ဘေးနားက ၀ိုင်းအုံနေတဲ့ ကိုရင်ကျောင်းသားတွေကတော့ လက်ခုပ်လက်ဝါး တီးလို့ပေါ့။ ဘာဘဲ ဖြစ်ဖြစ် အဲဒီ ပြိုင်ပွဲမှာ အောင်မောင်းကို ကပ်ပြီး သူ အနိုင်ရခဲ့တယ်။

အဲဒီမှာ အောင်မောင်းရဲ့အကို အောင်သောင်းက တစခန်း ထလာတော့ပါဘဲ။ သူ့ညီရဲ့ ပစ္စည်းကို ယှဉ်ပြိုင် အနိုင်ယူတဲ့ကောင်ဆိုပြီး သူ့ပစ္စည်းနဲ့ ဆက်ပြိုင်ဖို့ စိန်ခေါ်ပါလေရော။ မစပ်မှ မဆိုင်။ ညီရှုံးတိုင်း အကိုနဲ့ ဆက်ပြိုင်ရမယ်တဲ့။ ဒါပေမဲ့ အောင်သောင်းက မရဘူး။ ပြိုင်ကို ပြိုင်ရမယ်တဲ့။ ဒါနဲ့ သူလဲ ရှောင်လွဲ မရတာချင်းအတူတူ အောင်သောင်းနဲ့ ဆက်ပြိုင်ခဲ့တယ်။ အောင်သောင်းကလဲ ခေသူမဟုတ်ဘူး။ နှစ်ယောက်လုံး ပစ္စည်းချင်း ပြိုင်ဆိုင်လိုက်ကြတာ အချိန်အတော်လေး ကုန်သွားတယ်။ ဘေးကလူတွေကလဲ တရွှီးရွှီး တဖြောင်းဖြောင်းပါဘဲ။ အားပေးကြတာလေ။ အဲဒီအချိန်မှာ သူ့စိတ်ထဲ အတွေးတစ်ခု ၀င်လာတယ်။ ညီရှုံးတော့ အကိုဝင်လာတယ်။ အကိုရှုံးရင် မိဘသားချင်းတွေ ၀င်လာဦးမလား မသိဘူးပေါ့။ အရမ်းတန်ဖိုးရှိတဲ့ အတွေးပါဘဲ။ မီးခိုးကြွက်လျောက်၊ တစ်နွယ်ငင် တစ်စင်ပါတွေ ဖြစ်ကုန်ရင် ပြဿနာက ပိုဆိုးလာဖို့ဘဲ ရှိတော့တာ မဟုတ်လား။

တိုက်ဆိုင်စွာဘဲ အဲဒီလို သူစဉ်းစားပြီး မကြာခင်မှာ ကျောင်းထိုင်ဘုန်းကြီး ရောက်လာတယ်။ သူတို့အားလုံးက ကျောင်းထိုင်ဘုန်းကြီးဆို တုန်နေအောင် ကြောက်နေရတာလေ။ ဘုန်းကြီးရဲ့ လက်သံကလဲ ပြောင်သလားမမေးနဲ့။ ကိုရင်ကျောင်းသားတွေ အပြစ်ကျူးလွန်ရင် ကြိမ်လုံးနဲ့ အရှိုးရာ ပေါ်အောင် ဆော်နေကျလေ။ ဒါကြောင့် ဘုန်းကြီးကြိမ်လုံးကို ကြောက်ပြီး သူတို့ ပြိုင်ပွဲကို ရပ်လိုက်ကြတယ်။ အရှုံးအနိုင်မပေါ်ခဲ့ဘူး။ ဘေးက ၀ိုင်းကြည့်နေကြတဲ့ ကိုရင်ကျောင်းသားတွေလဲ အားမလို အားမရ ဖြစ်ခဲ့ကြတယ်။ ပြိုင်ပွဲရဲ့ ရလာဒ်ကတော့ အောင်သောင်းကော သူကော ကျောင်းထိုင်ဘုန်းကြီး ကြိမ်လုံးအောက်မှာ အလူးအလဲ ခံခဲ့ရတာပါဘဲ။ ဘေးက ၀ိုင်းကြည့်နေကြတဲ့ ကိုရင် ကျောင်းသားတွေလဲ သဲဒဏ်ရေဒဏ်ပေးတာ ခံလိုက်ကြရတယ်။ အဲဒါပြီးတော့ ကျောင်းထိုင်ဘုန်းကြီးက သူ့ကို ၀ါနိန်ပေးတယ်။

"ဇော်ထက်... အဲဒီပစ္စည်းချင်း ပြိုင်ပွဲဖြစ်တိုင်း မင်းက ပင်တိုင်ချည်းဘဲ။ မင်းပစ္စည်းကို မင်းက တောက်ပြောင်လှပြီထင်နေတာလား။ အမှန်ဆို အဲဒီပစ္စည်းက မင်းကိုယ်တိုင်ကိုရော၊ တစ်ဘက်သားလူကိုရော ကောင်းကျိုးပေးတာမဟုတ်ဘူး။ ဒါကြောင့် အဲဒီ ပစ္စည်းကို တခါထဲ အပြီး မြှုပ်နှံပစ်လိုက်ပါ။ ဘယ်တော့မှ အသုံးမပြုပါနဲ့။ ဆက်အသုံးပြုမယ်ဆိုရင်တော့ မင်းကို င့ါကျောင်းမှာ မထားတော့ဘူး။ ပညာလဲ ဆက်မသင်ပေးတော့ဘူး"

ကျောင်းထိုင်ဆရာတော်ရဲ့ အဆုံးအမ စကားတွေကို သဘောပေါက် နားလည်ပြီး အဲဒီ ပစ္စည်းကို သူ့ဖာသာ လိုလိုချင်ချင် မြှုပ်နှံပစ်ခဲ့တယ်။ ပြန်တူးဖော်မရအောင် ခပ်နက်နက်တူးပြီး မြှုပ်နှံခဲ့တာပါ။ အဲဒီ အချိန်ကထဲက အဲဒီ ပစ္စည်းရဲ့ ဆိုးကျိုးတွေကို နားလည်သွားပြီး အသုံးမပြုဘဲ နေလာခဲ့တာ အခုထက်ထိဘဲ ဆိုပါတော့။ ကျောင်းထိုင် ဘုန်းကြီးရဲ့ ကျေးဇူးတွေပေါ့လေ။ အဲဒီလို အဆုံးအမတွေကြားထဲ ကြီးပြင်းလာခဲ့ရတဲ့ သူ့ကိုယ်သူလဲ ဂုဏ်ယူနေမိတယ်။

ဒါပေမဲ့ လူဆိုတာကလဲ ခက်သား။ အဲဒီ ပစ္စည်း မြှုပ်နှံပစ်လိုက်ပြီးမှ ပြိုင်ပွဲဝင်ဖို့ စိန်ခေါ်လာတဲ့သူတွေ ပို များလာတယ်။ ငါ အဲဒီပစ္စည်းကို ထုတ်မသုံးချင်တော့ဘူးလို့ပြောလဲ မရဘူး။ အတင်းအဓမ္မ လာပြီး သူတို့နှင့် ပြိုင်ဆိုင်ဖို့ဘဲ နေ့စဉ်လိုလို စိန်ခေါ်လာကြတယ်။ တစ်ခါတစ်ခါ စိတ်ရိုင်းဝင်မိရင် နဂါးမှန်းသိအောင် အမောက်ထောင်ပြချင်စိတ်တွေ ပေါက်လာမိတယ်။ ဒါပေမဲ့ သတိတမံ ဥာဏ်မြေကတုတ် ဆိုသလို ဦးဏှောက်နဲ့ စဉ်းစားပြီး အဲဒီပစ္စည်းချင်း ပြိုင်မဲ့ ပြိုင်ပွဲကို လျစ်လျူရှုပစ်လိုက်တယ်။

ဒါပေမဲ့ အဲဒီ ပစ္စည်းမရှိတော့ လူတွေက သူ့ကို ဂရုမစိုက်ကြတော့ဘူး။ သူ့ကို ရေမြွေလို့ ထင်လာကြတယ်။ သူ့ကို ဘာမှ သုံးစားလို့ ရတဲ့သူ မဟုတ်ဘူးလို့ ဆိုလာကြတယ်။ နိုင်ထက်စီးနင်း လုပ်ချင်လာကြတယ်။ မထီမဲ့မြင် ပြုမူလာကြတယ်။ လူအများက သူ့ကို စောင်းပြောရွဲ့ ပြော ပြောလာကြတယ်။ သူငယ်ချင်း အရင်းခေါက်ခေါက်တွေကတောင် ဒီကောင် ဘာအဖြစ်မှ မရှိပါဘူးလို့ ဆိုလာကြတယ်။ ပတ်ဝန်းကျင်ကလဲ သူ့ကို သူရဲဘောင်ကြောင်သူ အဖြစ် မြင်လာကြတယ်။ ကလိန်စေ့ ငြမ်းဆင် လုပ်တဲ့သူတွေ ပေါ်လာတယ်။ အံကြိတ်ပြီး အောင့်အီးသည်းခံသာ နေရတယ်၊ စိတ်ကတော့ နဲနဲချင်း လှုပ်လှုပ်လာနေပြီ။ ဒီလိုဒီလိုနဲ့ နေလာလိုက်တာ နှစ်တွေတောင် အတော်လေး ဆွေးသွားခဲ့တယ်။

တွေးကြည့်တော့မှ ရေးရေးမြင်ဆိုသလို အဲဒီ ပစ္စည်းရဲ့ ပါဝါစွမ်းအားကို ပြန်အားကျလာမိတယ်။ ပြန်လိုချင်လာမိတယ်။ တစ်ချို့ လူတွေ အဲဒီပစ္စည်း ထုတ်ပြလာရင် သူလဲ သူ့ပစ္စည်းကို ပြန်ထုတ်ပြချင်စိတ်တွေ ပေါ်ပေါက်လာမိတယ်။ အဲဒီ ပစ္စည်းထုတ်မသုံးလို့ ငါ့ကို လူတွေ ပထုတ်ထားကြတာ ဆိုပြီး သူ့စိတ်တွေ ဆယ်စုနှစ်တွေဆီက စိတ်ရိုင်းအတိုင်း ပြန်ဖြစ်လာတယ်။ အဲဒီ ပစ္စည်းရှိလာလို့ကတော့ စိန်ခေါ်ရင် ၀တိံဘုံထိ လိုက်ပစ်လိုက်မယ်ဆိုတဲ့ အတွေးမျိုး သူ့ မနောအစဉ်မှာ ထင်ဟပ်လာတယ်။

အဲဒီလို အတွေးရိုင်းတွေ မခံချင်စိတ်တွေကြောင့်ဘဲ သူကိုယ်တိုင် မြှုပ်နှံထားခဲ့တဲ့ ပစ္စည်း သူကိုယ်တိုင် ပြန် တူးဖော်နေတယ်။ အသုံးပြုချင်လွန်းလို့သာ ဒီလောက် အပင်ပန်းခံပြီး တူးဖော်နေရပေမဲ့ ခပ်နက်နက် မြှုပ်နှံထားခဲ့တဲ့ အတွက် ပင်ပန်းမှု ဒဏ်ကတော့ အလူးအလဲပါဘဲ။ တူးဖော်နေရင်း သူ ပြန်စဉ်းစားနေပြန်တယ်။ ငါ ဘာလို့ ဒီပစ္စည်းကို ထပ်တူးဖော်နေမိတာပါလိမ့်။ မကောင်းပါဘူးလေ မတူးဖော်တော့တာဘဲ ကောင်းပါတယ်။ အဲဒီလို စဉ်းစားပြီး တူးဖော်လက်စတွေကို သူ ပြန်မြှုပ်ပစ်လိုက်ပြန်တယ်။ အဲဒီနောက် တူးဖော်ချင်စိတ် ပြန်ပေါက်လာပြန်တယ်။ ဒီပစ္စည်းမရှိလို့ ငါ ဒီလို ခေါင်းငုံ့ခံနေရတာ ပြန် တူးဖော်ရမယ်ဆိုပြီး ပြန်တူးဖော်ပြန်တယ်။

အဲဒီလို တူးဖော်လိုက် ပြန်မြှုပ်လိုက် လုပ်နေတာ ဆယ်ကြိမ်မကတော့ဘူး။ တူးဖော်ခြင်းနှင့်မြှုပ်နှံခြင်းတွေ လွန်ဆွဲနေကြတာလေ။ ဆုံးဖြတ်ချက် မချနိုင်ဘဲ တူးလိုက် မြှုပ်လိုက်ဆိုတော့ ပိုပင်ပန်းတော့တာပေါ့။ အဲဒီ ပင်ပန်းတဲ့ ဒဏ်တွေကြောင့် ညဘက်ရောက်တော့ ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိလိုက်တာနဲ့ တပြိုင်ထဲ အိပ်မောကျသွားတယ်။ အစွဲအလန်းကြောင့်လား မသိဘူး။ အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ ဒီနေ့တော့ အဲဒီ ပစ္စည်းကို ငါ ရအောင် တူးဖော်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ မနားမနေ တူးဖော်နေမိတယ်။ အဲဒီ ပစ္စည်းလေးကို မြင်နေရပြီ။ တစ်ချက်လောက် ထပ်တူးလိုက်ရင် ပြန်ထုတ်ယူလို့ ရပြီ။ နောက်ဆုံး တစ်ချက် ထပ်တူးခါနီးမှာ တမလွန်က သူ့အမေ ဘွားကနဲ သူ့ရှေ့မှာ ပေါ်လာတယ်။ ပြီးတော့ တိုးညှင်းသိမ်မွေ့စွာ သူ့ကို စကားပြောတယ်။

"သားရယ်။ ဘာဖြစ်လို့ ဒီလောက် အပင်ပန်းခံပြီး သားရဲ့ ဒေါသတွေကို ပြန်တူးဖော်နေရတာလဲ။ အဲဒီ ဒေါသဟာ ပစ္စုပ္ပန် သံသရာ ဘာအတွက်မှ မကောင်းပါဘူး သားရယ်။ ဆက်မတူးပါနဲ့တော့။ အမေ့ကို ချစ်ရင် အမေ့ကို တကယ် ကောင်းစားစေချင်ရင် သားရဲ့ တူးဖော်မှုတွေကို ရပ်ပစ်လိုက်ပါတော့နော်"

" အမေရယ်....."

အဲဒီလို ငြီးတွားရင်း သူ အိပ်ရာက ဖျတ်ကနဲ လန့်နိုးလာတယ်။ မခံချင်စိတ်ကြောင့်လား၊ ထိန်းချုပ်ရလွန်းလို့လား၊ ဆုံးဖြတ်ချက် တစ်ခုခုကြောင့်လား။ သူ့အမေကို သတိရသွားလို့လား၊ ခံစားရလွန်းလို့လား၊ မျိုသိပ်ရလွန်းလို့လား၊ ကြည်နူးလွန်းလို့လား၊ ကြေကွဲလွန်းလို့လား။ ဘာအတွက်လို့ အမည်ပေးမရတဲ့ မျက်ရည်စက်တွေ သူ့ပါးပြင်နှစ်ဘက်မှာ တလစပ် စီးဆင်းနေလေရဲ့။ ။

.

15 comments:

ကိုဇော် said...

အဲဒီဒေါသကို သိမ်းထားမိတာ ကြာပြီ။ ပြီးတော့ အသာအယာပဲ ပြုံးပြကြည့်မိတယ်။ လူမရှိန်တော့သလိုပဲ။ အခုတော့ လူရှိန်စေချင်လို့တော့ မဟုတ်ပါဘူးလေ ဒါပေမဲ့ ကိုယ့်အတွက် အကာအကွယ် ရတာပေါ့။ ဒီလိုပဲ သတ်မှတ်တယ်။ ကိုယ်တွေကတော့ လာမထိနဲ့ မီးပွင့်သွားမယ်ပဲ . . ဒီမှာ . . http://www.thinkgeek.com/images/products/additional/large/aacd_USB_flash_drive_light_inhand.jpg

SHWE ZIN U said...

အင်း ကြည့်ရတာ ကိုကိုမောင် ပစ္စည်းက အတော်ကြီးပုံဘဲ ကြောက်တယ်ဗျို့ ဝေးဝေးပြေးပြီ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မယှဉ်ဝံ့သူကျောက် said...

သဂျီးပစ္စည်းကို တိုင်ကြားမှာဝှက်ထားတာ မဟုတ်ဘူးလား..သူဂျီးမင်းပစ္စည်းကိုတော့ မယှဉ်ဝံ့ကြောင်းပါ ခင်ဗျာ

ကောင်းမွန်ဝင်း said...

မျက်ရည်စက်တွေ သူ့ပါးပြင်နှစ်ဘက်မှာ တလစပ် စီးဆင်းနေလေရဲ့။ ။

ဒီလို ending က ထိတယ်။

Angelhlaing(May everybody be happy and healthy! said...

ဖတ်နေရင်းနဲ့ ဘာပြောရမှန်းတောင် မသိတော့ဘူး အကို...
ခံစားအားပေးလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေ..

နေ၀သန် said...

အဲဒီဒေါသကို မြှပ်နှံဖို့ဆိုတာ တကယ်မလွယ်ဘူးဗျာ.... ဆက်လက်အောင်မြင်နိုင်ပါစေလို့ပဲ....

ခင်ခင်လျက်
နေ၀ဿန်

ခွန် said...

ပြန်တော့ တူးမနေပါနဲ့တော့ သဂျီးရယ်....

ဝက်ဝံလေး said...

ပို့စ်လဲ လာဖတ်သွားတယ်
ကွန်မန့်ဖတ်ပြီးလဲ ပြုံးသွားတယ် ဟက်ဟက်

ကိုကိုမောင်ရေ... ဘလော့ဂ်ဖက် ခြေဦးမလှည့်ဖြစ်တာတောင် ကြာဘီ ဒါကြောင့်လေ .....
တလောကလဲ အန်တီတို့ အိမ်ရောက်နေလို့
ကျန်းခန်းသာလို့ မာပါစ နေကောင်းပါရဲ့လား

ဘုန်းဘုန်းတောက် said...

သူအမေဆုံးမစကားလေးက ချစ်ဖို့ကောင်းလိုက်တာနော်...မှန်လိုက်လေခြင်း ဒေါသဆိုတာ ယခုရော နောင်အပါ ကောင်းကျိုးမှ မပေးတာပဲလေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ
ခင်မင်လျက်

flowerpoem said...

ကိုကိုမောင်ရေ မတူးဆွချင်ပေမယ့် တစ်ခါတစ်လေ ထိန်းမရအောင်ဖြစ်တတ်တာ ဆိုးတယ :(

မြစ်ကျိုးအင်း said...

တူးဖော်မိအောင် ခဏခဏ လာလုပ်တော့လည်း ခက်သားလားးး

ဆူးသစ် said...

ကောင်းတယ်ဗျ။ စာရေးတာ မြှုပ်ကွက်နဲ့ဆိုတော့ ဆွဲအားကောင်းတာပေါ့။ အရွယ်အရ ပိုပြီးထိန်းချုပ်လာနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ စာဖတ်အားနဲ့ တရားက ဒေါသကို ထိန်းနိုင်မယ်လို့ ထင်ပါတယ်။

ဟန်ကြည် said...

ဟိန္ဒူသူတော်စင် ရာမာခရစ်ရှနားရဲ့ မြွေပုံဝထ္ထုလေးကို သွားသတိရတယ်...အဲဒီပုံဝထ္ထုထဲမှာ သူတော်စင်တစ်ပါးက ဒေါသကြီးတဲ့မွေကို သည်းခံရမယ် မကိုက်ရဘူးလို့ တရားပြတာကို မြွေကလိုက်နာပြီးသည်းခံနေတော့ နွားကျောင်းသားတွေလက်ချက်နဲ့ မြွေခမျာယဲ့ယဲ့ပဲကျန်ရောတဲ့...တရားပြခဲ့တဲ့သူတော်စင်နဲ့ ပြန်ဆုံတော့ မြွေကို “မိုက်ပါဘိကွယ်...မကိုက်ရဘူး၊ ဒေါသမထွက်ရဘူးလို့ပဲ မှာခဲ့တာ အမောက်မထောင်ရဘူးလို့ မမှာခဲ့ပါဘူး” လို့ ပြောသတဲ့...အင်း ဘေးကင်းရန်ကင်းဖို့ အမောက်လေးတော့ ထောင်ပါရစေဗျာ..

wutyee said...

ကိုကိုမောင်ရေ ရန်ကုန်မှာ ကားမောင်းရင် အဲဒီဒေါသဆိုတာကြီးကို သွားသွားတူးဖော်မိပါရဲ့။ ရှောင်ရလွန်းလို့ပါ.. ဟီးဟီး.. အားပေးလျှက်ပါ ၀တ်ရည်

မြတ်မွန် said...

ဟုတ်တယ်နော်...
မတူးဖော်ပဲ မြေကြီးထဲမှာ သိမ်းထားတာ ကောင်းပါတယ်..။
ကြာရင် တူးဖော်စရာမလိုတော့အောင် သူပျောက်သွားမှာပါ...။