Monday, 18 April 2011

ကျနော့်ဘ၀ အမှန်

ကျနော် ဟန်မဆောင်ပါဘူး။ ဘယ်တုန်းကမှ ဟန်မဆောင်ခဲ့ပါဘူး။ ကျနော့် အလုပ်ကို ကျနော် အချိန်မှန်မှန် လုပ်ခဲ့တာ ချည်းပါဘဲ။ သခင့်အလိုကျ ကျနော် ဖြည့်စွမ်းပေးရမဲ့ တာဝန်မှန်သမျှ အားလုံး လုပ်ပေးခဲ့တာချည်းပါဘဲလေ။ ဖြစ်နိုင်ရင် ဒီထက်တောင် ပိုပြီး လုပ်ပေးလိုက်ချင်သေးတယ်။ ဒါပေမဲ့ ကျနော်မှ မတတ်နိုင်တာ။ ဟိုတစ်နေ့ကလဲ လှေခါးအဆင်းမှာ ကျနော့်သခင် ချော်လဲပြီး မှောက်ရက် လဲကျသွားတာ မြင်လိုက်သားဘဲ။ အနားသွားပြီး ဆွဲမ ထူပေးချင်ပေမဲ့ ကျနော့်မှာလဲ ကျနော့်အလုပ်တွေနဲ့မို့လို့ သခင့်အနားကို သွားတောင် မသွားလိုက်နိုင်ဘူး။ စိတ်မကောင်း တကယ်ဖြစ်မိပါတယ်။ နောက်မှ သူ့အမျိုးသမီး ရောက်လာပြီး ကြင်ကြင်နာနာ ဆွဲထူပေးတာ တွေ့လိုက်ရတယ်။ ဒီလို မြင်ကွင်းကို မြင်လိုက်ရပြန်တာ့လဲ ကြည်နူးစရာ အကောင်းသား။

သခင်က ကျနော့်ကို ခေါ်ထားပြီး ဘာ လခမှ မပေးပါဘူး။ ဘာစားစရာမှလဲ အထူးအထွေ လုပ်ကျွေးတာ မရှိပါဘူး။ ယုတ်စွအဆုံး တစ်ခါတစ်ခါမှာ ကျနော့်ကိုတောင် မေ့ထားကြတာ တွေ့ရတယ်။ တကယ်ကို မခံစားနိုင်ပါဘူး။ အားအင်တွေ အလွန်ချို့တဲ့ပြီး ဘာအလုပ်မှ မလုပ်နိုင်တဲ့ အခါကျမှ ကျနော့်ကို အားရှိတဲ့ အစားအစာ ကျွေးကြတယ်။ အဲဒီနောက် တလစပ် အလုပ် လုပ်ခိုင်းကြပြန်ရော။ တကယ်ကို ကိုယ်ချင်းစာစိတ် မရှိကြတဲ့ သူတွေ။ ဒါပေမဲ့ ကျနော့်ကိုတော့ ခပ်သန့်သန့် ခပ်မြင့်မြင့်နေရာမှာ ထားကြပါတယ်။ ပေးထားတဲ့ နေရာက အဆင့်မြင့်မြင့်ဆိုတော့ ကျနော်က အထက်စီးကနေ အားလုံးကို မြင်နေရတယ်လေ။ သူတို့ ဘာလုပ်လုပ် ကျနော် အကုန်မြင်နေရရော။ ဒါပေမဲ့ ကျနော်ရှိတဲ့ အတွက် သူတို့ ဘာမှ စိတ်အနှောင့်အယှက်တော့ ဖြစ်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခါတစ်လေမှာ ကျနော်ရှိနေမှန်းတောင် သူတို့က သတိမထားနိုင်ဘဲ ဖြစ်နေကြတာကိုး။

အခုဆို ကျနော် အရမ်းအားနည်းပြီး မှိုင်တိုင်တိုင် ဖြစ်နေတာ ကြာပြီ။ အလုပ်ကိုလဲ ကောင်းကောင်းမလုပ်နိုင်ဘူး။ ကြိုးစား လုပ်ကိုင်ပေမဲ့ ရှေ့မရောက်ဘူး ဖြစ်နေတယ်။ ကျနော့်ကိုလဲ သတိပြုမိဟန် မရှိကြပါဘူး။ တစ်ခါတစ်ခါမှာ အဲဒီလို အတ္တတွေကို မုန်းမိတယ်။ လိုချင်မှ လိုအပ်မှ သတိရတာမျိုးကို အမုန်းဆုံးဘဲ။ ကျနော် အလုပ် မလုပ်နိုင်တာ သုံးလေးရက် ရှိနေတာတောင် ကျနော့်ကို ဖေးမအားပေးဖော် မရှိကြဘူး။ တကယ့် လူတွေ။ စိတ်တော့ နာမိသလိုလို။ ဒါပေမဲ့လဲ ကိုယ့်တာဝန်ကိုယ်ကျေရင် ကိုယ့်လိပ်ပြာ ကိုယ်လုံရတာပါဘဲလေ ဆိုပြီး အကောင်းမြင်ဝါဒနဲ့ သည်းခံပြီးဘဲ နေလိုက်တော့တယ်။ ဒါတောင်မှ ကျနော့်သခင့် အမျိုးသမီးက ချိနှဲ့နေတဲ့ ကျနော့်ကို ကြည့်ပြီး "ဒီကောင် အလုပ်မလုပ်ပါလား" ဆိုပြီး ရေရွတ်နေလိုက်သေးတယ်။

ညနေ ၄ နာရီလောက်မှာ ကျနော့် အင်အားတွေ အရမ်း ဆုတ်ယုတ်သွားတယ်။ မျက်စိအမြင်တောင် မှုန်ဝါးဝါးဖြစ်သွားတယ်။ ဒါပေမဲ့ ရှိတဲ့ အားလေးနဲ့ တုန်ချိတုန်ချိ အလုပ် လုပ်ကြည့်ပါသေးတယ်။ လုံးဝ(လုံးဝ) ခရီးမပေါက်တော့ပါဘူး။ အဲဒီအချိန်မှာ ကျနော့် သခင်က ဘယ်သွားမလို့လဲ မသိပါဘူး။ ကပျာကယာနဲ့ ကျနော့်ကို ခဏ မော့ပြီး ကြည့်လိုက်တယ်။ ပြီးတော့ ခပ်သုတ်သုတ်နဲ့ အပြင်ကို ထွက်သွားတယ်။ ကျနော့် အထင်တော့ ကျနော့် အတွက် အားဆေး တစ်ခုခုများ သွားဝယ်သလားပေါ့။ ညလယ်လောက် သူပြန်ရောက်လာတယ်။ ဒါပေမဲ့ သူ့လက်ထဲမှာ ဘာမှ ပါမလာပါဘူး။ သူ့အလုပ် ကိစ္စနဲ့ သူ သွားတာဘဲ ရှိမှာပါ။ အဲဒါပြီး သူတို့ အိပ်ရာဝင်ကြတာ မြင်လိုက်ရတယ်။

မနက် ၄ နာရီလောက်ကျတော့ ကျနော့် သခင်တစ်ယောက် အိပ်ရာထဲက ကမန်းကတမ်း ထလာတယ်။ ပြီးတော့ ကျနော့်ကို တစ်ချက် မော့ကြည့်ပြီး ပြုံးပြသွားတယ်။ ပြီးတော့ ရေအိမ်ထဲ ၀င်သွားတယ်။ အော်... အပေါ့အလေး ကိစ္စအတွက် အိပ်ရာက ထလာတာကိုး။ "ငါ့မှာဖြင့် အားနည်းလွန်းလို့ တုန်ချိချိနဲ့ နေ့လား ညလား အခြေအနေရယ်။ ဒါတောင် ငါ့ကို ဂရုမစိုက်ကြပါလား။ ဒီလို ရှင်သန်နေရတာနဲ့ စာရင် သေလိုက်တာကမှ ပို ကောင်းပါသေးတယ်"။ အဲဒီလို စိတ်ရိုင်းတွေလဲ မကြာမကြာ ကျနော့်စိတ်ထဲ ၀င်နေလေ့ရှိတယ်။ ဒါပေမဲ့ သခင့်မျက်နှာ အပြုံးလေး မြင်လိုက်ရရင် အဲဒီစိတ်ရိုင်းတွေ ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားပြန်ရော။ ထူးဆန်းတယ်နော်။ ဒါကြောင့် စိတ်ဓါတ်နူးညံ့တဲ့သူတွေ အတုံးအလဲ ၀ပ်စင်းခံနေကြရတာ နေမှာ။

မနက်ပိုင်း သူတို့ အိပ်ရာထပြီးနောက် ခန္ဓာကိုယ် သန့်စင်ကြတယ်။ အဲဒီနောက် မိသားစု အစုံအလင် မနက်စာ အတူစားနေကြတယ်။ မနက်စာ စားသောက်ပြီး ကျနော့် သခင်က အပြင်သွားဖို့ အသင့် မီးပူထိုးထားတဲ့ လုံချည်နှင့်အင်္ကျီကို သေချာ ကျနစွာ ၀တ်နေတယ်။ အဲဒီနောက်တော့ သူ့အမျိုးသမီးနှင့် သူ့ကလေးတွေကို နှုတ်ဆက်ပြီး အပြင်ကို ထွက်သွားတယ်။ သူ့အမျိုးသမီးက အိမ်ဝင်း ခြံစည်းရိုးနား ရောက်ခါနီး သူ့အမျိုးသားကို လှမ်းအော်ပြီး တစ်ခုခု ၀ယ်ခိုင်းတာကို ကျနော် ကြားလိုက်ရတယ်။ သူ့တို့ စကားပြောသံလေးတွေက ကျနော့်အတွက် နတ်သုဒ္ဓါတမျှပါဘဲ။

"ကိုရေ....... အပြန်ကျရင် လမ်းထိပ်က အေးကြည်မစတိုးဆိုင်မှာ ပင်နယ်ဆိုနစ်ခ် ဓါတ်ခဲ အသေးစား နှစ်လုံးလောက် ၀ယ်ခဲ့ပေးပါလား"

"ဘာအတွက်လဲ မိန်းမရ"

"ရှင့် နံရံကပ် နာရီကြီး ဓါတ်ခဲအားမရှိလို့ သေနေတာ ကြာရောပေါ့"

"မနေ့က ညနေ လေးနာရီလောက်ကတောင် နာရီလက်တံက သွားနေပါသေးတယ်။ ပြီးတော့ မနက်ကလဲ ငါ အပေါ့စွန့်ထတော့ နာရီက မှန်နေတာဘဲလေ"

"မဟုတ်သေးဘူး ရှင်ရေ။ ရှင့် နာရီက လေးနာရီတိတိမှာ ရပ်နေတာ ကြာရောပေါ့။ သင်္ကြန်အကြတ်နေ့ ကထဲက ရပ်တန့်သွားတာ။ လက်တံက လှုပ်တုတ်လှုပ်တုတ် ဖြစ်နေပေမဲ့ ရှေ့ကိုမှ မသွားတော့တာ"

"အေး.. အေး.. ဒါဖြင့်လဲ ငါ ၀ယ်လာခဲ့မယ်"

...

14 comments:

ခွန် said...

ကျွန်တော့ဘ၀အမှန်ဆိုလို့ ဘာတွေများ
ဖွင့်ပြောကုန်ပြီလဲလို့ ထင်နေတာ.... ဟိ

ပန်ချီပုံသိပ်မိုက်.... :P

(နောက်ဆို သဂျီးပြောတော့မယ် ခွန့်ကို။
မိခွန် နင် ဒီပုံနဲ့ဘဲ ငါ့ကို ခလုတ်တိုက်နေတယ်
လို့ :D )

သဒ္ဓါလှိုင်း said...

သူကြီးရေ.
သဒ္ဓါ့ဘလော့တနှစ်ပြည့်က ၇ရက် နိုဝင်ဘာ၂၀၁၀
မှာ တနှစ်ပြည့်ခဲ့တာပါ.။ ကိုနွေဆူးကို ခုမှ ရေးဖို့ပြောရလို့ ခုမှရေးရတာပါ.။
မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ.။
ခင်မင်လျက်
သဒ္ဓါ

တောက်ပကြယ်စင် said...

နှစ်သစ်မှာ ကိုကိုမောင်တစ်ယောက် (...)စပါယ်ပန်းရနံ့လေးလို၊ ပိတောက်ပန်းရနံ့လေးလို ချိုမြိန်အေးမျှ၊ ကြည်လင်ဝင်းပ၊ သင်းပျံ့မွှေးကြိုင်ပါစေ...သူဘာများပြောမှာလည်းလို့ ဖတ်ရင်းဖတ်ရင်းနဲ့ အော်...သူနာရီကို ပြောနေတာပါ လား...အတွေးအခေါ်၊ စိတ်ကူးညာဏ်လေးတွေကို လေးစားမိပါတယ်...အဲဒီလို စိတ်ကူးတတ်တဲ့ညာဏ်မျိုး...ကော်ပီကူးလို့သာ ရမယ်ဆိုရင် ကော်ပီကူးပြီး ဘုန်းဘုန်းရဲ့ အတွေးညာဏ်ဒေတာထဲ paste လုပ်ထည့်လိုက်ချင်တယ်...ကျန်းမာရွှင်လန်း အေး ချမ်းပါစေ...

မိုးယံ (လူသားအားလုံးအတွက်) said...

အော် သူဂျီးမင်းက နံရံမှာ ကပ်ပြီးလည်နေတာကိုး.. အဟွန့်ဟွန့်..

ကိုဇော် said...

ဒီလို အသံနဲ့ ရုပ်နဲ့ ဖော်မပြနိုင်တဲ့ နေရာလေးတွေကနေပြီးတော့ ဝင်ရောက်ခံစားရတာကို ကြိုက်တယ်ဗျာ။

နေ၀ဿန် said...

လက်စသတ်တော့ သူဂျီးမင်းက နာရီကြီးကိုး... ဟဟဟ

Angelhlaing(May everybody be happy and healthy! said...

တော်တော်နောက်တဲ့အကိုပဲ အတွေးရော စိတ်ကူးရော မိုက်ပ....:)
အားပေးခံစားလျှက် ကောင်းသော နေ့လေးဖြစ်ပါစေ အကို။

ကောင်းမွန်ဝင်း said...

နာ
ရီ
ကြီး
ကိုကိုမောင်တို့ဘာများ coming outလုပ်ချလိုက်ပြီလဲဆိုပြီ မရဲတရဲနဲ့ဖတ်ရတာ။
တော်ပါသေးရဲ့။
နာ
ရီ
ကြီး

Anonymous said...

နာရီ ဆိုတော့ မိန်းမကြီးပေါ့။
လတ်စသတ်တော့ ကိုကိုမောင် ပန်းရနံ့ဆိုတာ မိန်းမကြီးပါလား။

Anonymous said...

သူဂျီး လူဇိုး
ဟွန့်း)း)

မောင်ဘကြိုင်

မဗေဒါ (၈၈) said...

ဟိုင်း ကိုကိုမောင်ရှင်..

လာရောက်၍ အားပေးပါသည်..။

အော်... အခုတော့လည်း အသက်ဆက်ရဆဲ... တစ်...တစ် ...တစ် ( သူသည် ဆက်လက်ရှင်သန်ရအုံး..........မည်...။)

မဗေဒါ (၈၈)

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ သူကြီး ရေ-
သူကလည်း---ကဲ ---ဆိုသလိုပြောရတော့မယ်ထင်ပါရဲ့ -
ကျနော်ဖတ်လာလိုက်တာအစပိုင်းကခွေးကလေးလားလို့ 
ထင်နေသေးတယ်-အစာမကျွေးဘူးဆိုတော့ဘာမှစဉ်းစား
လို့မရသေးဘူး--အောက်ပိုင်းကြမှသဘောပေါက်တော့
တယ်ဗျာ-အဲလိုဥာဏ်ကောင်းတာ သူကြီးရေ--
လေးစားလျက်ဖြင့်
ဂျစ်တူး(မုံရွာ)

Anonymous said...

အော် လက်စသတ်တော့ဒီလိုကိုး :P

မြတ်မွန် said...

တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးနေတာ...
ဆက်ဖတ်ကြည့်တော့မှ နာရီကို...
ခွန်အားတွေ ပေးနေသရွေ့ အသက်ရှင်မယ့် နာရီတစ်လုံးပေါ့နော်...သူ့က လူတိုင်းအတွက် တော်တော်အရေးပါပါတယ်ရှင်..။