Friday, 15 April 2011

ထိုအချိန်ဝယ်...


ညနေ နေ၀င်ရီတရော အချိန်တွင် ကျွန်ုပ်ကိုကိုမောင် တစ်ယောက် တွေးတောစရာ အများအပြားဖြင့် တရေးတမော အိပ်နေလေ၏။ အိပ်လို့မှ မပျော်ခင် အပေါ်ထပ် အခန်းမှ ဦးလေးတင်ရွှေ ဆင်းလာပြီး ခြေထောက်ဖြင့် ကန်နိုးကာ... "ကိုကိုမောင် ထထ မြို့ထဲ သွားရအောင်" ဟူ၍ အဖော်စပ်လေ၏။ ကျွန်ုပ်လည်း အိပ်ချင်မူးတူးဖြင့် "သင်္ကြန်အတွင်းကြီး ဘယ်သွားဦးမလို့လဲ ဦးလေးရာ၊ အေးအေးဆေးဆေး ကွေးနေပါရစေ၊ တော်ကြာ ရေပက်ခံထိနေပါဦးမယ်" ဟု ပြန်ပြောလိုက်၏။ "ခွီးမှဘဲ ဒါက ရွှေမြန်မာ မဟုတ်ဘူး၊ ဘိလပ် နိုင်ငံတော်ကြီးကွ၊ ဘယ်ကဘယ်လို ဘယ်သူတွေက လာရေပက်ကြမတုန်း ထမှာသာ မြန်မြန်ထစမ်းပါ။ လာ သွားကြမယ်" ဟု ပါးစပ်ကလဲ ပြော လက်ကလဲ ဆွဲထူ လေ၏။

မျက်စိပေါက် ကျဉ်းကျဉ်း ခေါင်းမူးတူးတူးဖြင့် အ၀တ်အစားလေး ဖြစ်သလို ကောက်ဝတ်လိုက်ပြီး ဦးတင်ရွှေနှင့် အတူ လန်ဒန်မြို့လယ်ခေါင်သို့ ယောင်လည်လည်ဖြင့် ပါသွားလေ၏။ " အော်.... ဘုရားဟောခဲ့တာ မှန်လိုက်တာ၊ ဘာမှ အစိုးမရပါလား၊ ငါ့နှယ်... အချိန်ရှိတုန်းလေး ကွေးရမလား မှတ်တယ်၊ အခုတော့ မကွေးရဘဲ ဦးတင်ရွှေနောက် အပြေးလိုက်နေရရှာပြီ... သွပ် သွပ် သွပ်" ဟူ၍ စိတ်တွင်းမှ ကြိတ်ပြီး အနတ္တသဘောကို ဆင်ခြင်နေမိလေ၏။

နှစ်ထပ် ဘတ်စ်ကားကြီးဖြင့် တဖုံ၊ မြေအောက် ပြေးသည့် ကျု အမည်ရှိ ရထား ခပ်ရှည်ရှည်ကြီးဖြင့် တလှည့်၊ ကိုးခြောက်ကိုးသုံးကားဖြင့် တမျိုး၊ အမျိုးမျိုး မရိုးရလေအောင် ယာဉ်ရထားများကို စီးပြီးနောက် ဘိလပ်ဝန်ကြီးချုပ်တို့ ပျော်စံရာ ဒေါင်းနင်းစထရိ(တ်)သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားလေတော့၏။ အနီးအနား ရှေ့နောက်ဝဲယာ လှမ်းမျှော် ကြည့်လိုက်သည့်အခါ ဘစ်ဘင်ဟု နာမည်ကြီးသော ၀က်စ်မင်စတာ နာရီစင်ကြီး၊ ပါလီမာန် အဆောက်အဦ၊ မင်းသားဝီလျံ မင်္ဂလာဆောင်မည့်နေရာ ၀က်မင်စတာအပ်ဘေး၊ လန်ဒန်အိုင်း၊ ထရာဖာဂါစကွဲယားရှိ ကျောက်တိုင် နှင့် မြင်းရုပ်ကြီးများကို ရေးတေးတေး မြင်နေရလေ၏။ " အော်... အရတော်ပေစွ၊ အရတော်ပေစွ၊ ချောင်ကြိုချောင်ကြား တုံးဖလားမှာ မွေးဖွားခဲ့တဲ့ တောသားလေး ကျွန်ုပ်ကိုကိုမောင် တစ်ယောက် ဘိလပ်ရောက်ပြီး လူဖြစ်ရကျိုး နပ်လှပေပြီကော" ဟူ၍ စိတ်တွင်းမှ ဥဒါန်း ဟ မိလေ၏။

ထိုအချိန်၌ ဦးလေးဦးတင်ရွှေမှ... " ဟေ့ကောင် တောသား ဘာတွေ ငေးနေတာလဲ၊ ဒီလို ဟောင်းနွမ်း စုပ်ပြတ်နေတဲ့ အဆောက်အဦတွေကို မင်းမို့လို့ စိတ်တစားကြည့်တယ်၊ ငါကတော့ ရွှေတိဂုံ ဘုရားကြီးက လွဲရင် ကျန်တာတွေ မျက်စိထဲတောင် မတိုးတော့ဘူး။ လာ လာ ပြောနေတာ ကြာတယ်၊ ဟိုဘက်က အဆောက်အဦထဲ သွားရအောင်" ဟု ပြောကာ ကျွန်ုပ်၏ လက်ကို ခပ်တင်းတင်းဆွဲပြီး ခေါ်ဆောင် သွားလေတော့၏။ တောသူတောင်သား မြို့ရောက်ပြီး ကားလမ်း မကူးတတ်၍ မြို့သားလက်ကို တင်းတင်းဆွဲထားပြီး ကြောက်ကြောက်လန့်လန့် တောင်ကြည့်မြောက်ကြည့်ဖြင့် ကားလမ်းမကြီး ဖြတ်ကူးရသကဲ့သို့ ကျွန်ုပ်သည်လည်း ဦးလေးဦးတင်ရွှေနောက်သို့ ထိုနည်းတူ ယက်ကန်ယက်ကန် ပါသွားလေ၏။

ခပ်ဟောင်းဟောင်း အဆောက်အဦ တစ်ခု အတွင်းသို့ ၀င်ရောက်ပြီးသည့်အခါ လူအများအပြားလည်း ထိုအဆောက်အဦအတွင်း ရောက်နင့်နေသည်ကို တွေ့ရလေ၏။ ၀င်ကြေးအနေဖြင့် တစ်ယောက်ကို စတာလင်ပေါင် ၁၀ ပေးရလေ၏။ ထိုလူများအားလုံး အဆောက်အဦ အတွင်းရှိ ဟောခန်းမကြီး၌ မတ်တပ်ရပ်ပြီး လျပ်စစ် မီးရောက်အောက်တွင် တစ်စုံတစ်ခုကို စောင့်မျှော်နေကြသကဲ့လို့ ရှိလေ၏။ ထိုအခန်းထဲ၌ ထိုင်စရာ ထိုင်ခုံဟူ၍ ခွေးချေပုမျှပင် မရှိချေ။ ဦးတင်ရွှေနှင့် ကျွန်ုပ်သည်လည်း ထိုသူများကြားထဲသို့ တိုးဝင်ပြီး သူတို့ကဲ့သို့ပင် မတ်တပ်ရပ်နေလိုက်လေ၏။ ဦးတင်ရွှေသည် ကျွန်ုပ်အား လက်ကုတ်ပြီး... "ဒါက တကယ့် ကလပ်ကြီးကွ၊ မင့်စိတ်တွေ နှောက်ကျူနေမှန်းသိလို့ ငါခေါ်လာတာ၊ မင်း တခါထဲ ပျော်ရွှင်သွားစေရမယ် " ဟု မက်လုံးပေး ပြောဆိုလေ၏။ ပျော်ရွှင်မရွှင်တော့ ကျွန်ုပ်မသိ။ ကျွန်ုပ်သိသည်မှာ လူများ အီးများ အနံ့ပင်ဖြစ်၏။ အရေးထဲ အပေါ့စွန့်ချင်စိတ်က ၀င်လာသေး၏။ ခက်ပါပကော။

ထိုအခိုက်အတန့်၌ အခန်းတွင်းရှိ လျပ်စစ်မီးများ ရုတ်တရက် အမှောင်ကျသွားလေ၏။ ကျွန်ုပ်လည်း ယောင်ယမ်းပြီး "ဦးလေး မီးပျက်ပြီ ထင်တယ်။ လက်နှိပ်ဓါတ်မီး ပါလာလား " ဟု မေးမြန်းလိုက်လေ၏။ "မင်းကတော့ ငုတ်လိုက်တာကွာ၊ ဘိလပ်မှာ မီးပျက်တယ်လို့ ဘယ်ရာဇ၀င် ဘယ်အဘိဓာန်ထဲ ဖတ်ဖူးလို့လဲ " ဟူ၍ မြည်တွန် တောက်တီးပြီး "ဒါ တမင်သက်သက် ပရိသတ် စိတ်ဝင်စားအောင် အမှောင်ချလိုက်တာကွ၊ ခဏနေရင် ဖျော်ဖြေမှု လာတော့မယ်" ဟု ပါးစပ်ကလဲ အပြစ်တင် အဖြစ်အပျက်ကိုလဲ ရှင်းပြ လုပ်နေလေ၏။ ခဏကြာသောအခါ မီးအလင်းရောင် ခပ်ဖျော့ဖျော့လေးနဲ့အတူ....

ဝူးးးးးးးး ၀ူးးးးးးးးးးးးးးး ၀ါးးးးးးးးးးးးးးးး ၀ါးးးးးးးးးးးးး
ဟီးးးးးးးးး ဟီးးးးးးးးးး ဟားးးးးးးးးးးးးးး ဟားးးးးးးးးး
ယီးးးးးးးး ယီးးးးးးးးးး ယားးးးးးးးးးးး ယားးးးးးးးးးးးးးးး ယားးးးးးးးးးးးးး
အစ်.... ဟစ်...... ဟစ်... ဟစ်......
ငှဲ ငှဲ ငှဲ....
ဗြဲ.... ဗြဲ... ဗြဲ...
ခစ်.... ခစ်... ခစ်...

စသည့် ရူးတူးတူး ပေါတောတော အသံသေး အသံကြောင် ရယ်မောသံများ ထွက်ပေါ်လာပြီး ဟောခန်းမကြီးတွင်း ညံသွားလေတော့၏။ နားကွဲလုမျှပင်တည်း။ ခန်းမနံရံ ပတ်ပတ်လည်မှ ထိုအသံများ သံကုန်ဟစ် ထွက်ပေါ်နေခြင်းဖြစ်၏။ ကျွန်ုပ်သည် ကမ္ဘာပျက်ပြီဟု အထင်ရောက်ကာ ဦးတင်ရွှေလက်ကို တင်းတင်းဆွဲကိုင်ထားပြီး အရေးပေါ် ထွက်ပေါက်ကို မျက်စိကစားကာ ရှာဖွေနေလေတော့၏။ ခန္ဓာကိုယ်မှလည်း ချွေးများ တလစပ်ထွက်ပြီး အီးယိုချင်သလိုလို ဆီးသွားချင်သလိုလို ဘာလိုလို ညာလိုလို ဖြစ်နေလေ၏။ သို့သော် ကျွန်ုပ်မှလွဲပြီး ကျန်တဲ့သူ အားလုံးမှာမူ ထို ရယ်မောသံများနှင့်အတူ လိုက်ရယ်မောကြပြီး ပျော်ရွှင်မြူးတူးစွာ က ခုန်နေကြသည်ကို တွေ့လိုက်ရလေ၏။ တစ်ချို့က ရယ်မောလွန်သွား၍ လဲကျကြလေ၏။ တစ်ချို့က ဗိုက်ကို လက်နဲ့နှိပ်ပြီး မုဆိုးထိုင် ထိုင်နေကြ၏။ တစ်ချို့က အရယ်လွန်၍ မျက်ဖြူ ဆိုက်နေလေ၏။ ဒါဖြင့် ဦးတင်ရွှေကြီးကကော အင်းးး သူကမှ ပိုဆိုး၊ တခွီးခွီး ရယ်မောပြီး တဂစ်ဂစ်တက်သွားကာ မျက်ရည်များပင် ထွက်လျှံနေလေသေးတော့၏။ ထိုသူများအားလုံးကို ကြည့်ပြီး " အော် အားလုံး သွက်သွက်ခါအောင် ရူးနေကြပါပါ့လား၊ ငါတော့ လူပေါင်းမှားပြီ၊ ဒီလို အရူးတွေနဲ့မှ လာကြုံရပလေတယ် " ဟူ၍ စိတ်မကောင်းခြင်း များစွာ ဖြစ်မိလေတော့၏။

တစ်နာရီခွဲခန့် ကြာသောအခါ ခန်းမအားလုံး မီးလင်းသွားပြီး ဖျော်ဖြေမှုလည်း ပြီးဆုံးသွားလေ၏။ သို့သော် ဘာဖြေဖျော်မှုမှ ကျွန်ုပ်မတွေ့ခဲ့ရပေ။ ဘာအတွက် ပေါင်ငွေ ၁၀ စီပေးပြီး ထိုအဆောက်အဦထဲ သွားကြသည်ကို ကျွန်ုပ်သဘော မပေါက်နိုင် ဖြစ်နေလေ၏။ အသုရကာယ်ဘုံလော ပြိတ္တာဘုံလော သို့လော သို့လော စဉ်းစားပြီး ဦးတင်ရွှေနဲ့အတူ ထိုအဆောက်အဦအတွင်းမှ ပြန်လာခဲ့လေတော့၏။ အပြန်လမ်း၌ ဘယ်လိုမှ မထိန်းချုပ်နိုင်တော့၍ ဦးလေးဦးတင်ရွှေအား "ဦးလေး အဲဒီ ဖျော်ဖြေမှုက ဘာကြီးလဲ ကျနော် လုံးဝ နားမလည်ဘူး" ဟု မေးလိုက်သော အခါ .. "ဟင်... မင်း မရယ်ခဲ့ရဘူးလား။ အဲဒါ စိတ်ဓါတ်ကျနေတဲ့ သူတွေ အတွက် ဘိလပ်ဝန်ကြီးချုပ် ကိုယ်တိုင် သီးသန့် အထူးစပါယ်ရှယ် ဖွင့်လှစ်ထားတဲ့ ရယ်ကလပ် (Laugh-club) ကွ။ ရယ်မောတဲ့ အသံပေါင်းစုံကို စပီကာက တမင်ထုတ်လွင့်ပေးလိုက်တာလေ။ ငါကတော့ ရယ်လိုက်ရတာကွာ၊ တင်းကြပ်နေတဲ့ စိတ်တွေ ယူပစ်လိုက်သလို ပျောက်သွားတာဘဲ၊ သိပါဘူးးး။ မင်းလဲ ငါတို့နဲ့ အတူတူ ရယ်မောခဲ့တယ်လို့ ထင်နေခဲ့တာ၊ အဲဒီ အသံတွေ ကြားရင် မရယ်ဘဲကို မနေနိုင်ဘူးးးး ဟား ဟား ဟား ပြောရင်းနဲ့ကို ရယ်ချင်နေပြန်ပြီ ဟီး ဟီး ဟီး ဟီး" ဟူ၍ လမ်းမ အလယ်၌ ဦးလေးဦးတင်ရွှေ တစ်ယောက် မထိန်းနိုင် မသိမ်းနိုင် ရယ်မောနေပြန်လေတော့၏။

ကျွန်ုပ်သည်လည်း ဟာသမမြောက်သည့် ဟာသတစ်ပုဒ်အား ကြည့်ရှုနားထောင်ပြီး ဟာသမမြောက်ခြင်းကိုပင် ရယ်မောရလေသကဲ့သို့ ရယ်ကလပ်၌ ရယ်စရာမကောင်းသည့် အသံများကို ပြန်ကြားယောင်ကာ ရယ်စရာမကောင်းခြင်းသည်ပင် ရယ်စရာဖြစ်လာလေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည်... "ဟား ဟား ဟား။ ဘာမှ ဟာသမမြောက်တဲ့ အသံကို ရယ်စရာကောင်းတယ်ဆိုပြီး ရယ်နေလိုက်ကြတာ၊ တွေးကြည့်ပြီး ကျနော် ရယ်ချင်လိုက်တာဗျားးး ဟား ဟား ဟား ဟား ဟား။ ဘာမှ မဟုတ်တဲ့ အသံကို အားရပါးရ ၀ိုင်းရယ်လိုက်ကြတာ အရူးတွေ အရူးတွေ ဟား ဟား ဟား ဟား ဟား။ အရူးမှ တကယ့်သွက်သွက်ခါ ရူးးး ဟူးး ဟူးး ဟူးး ဟူးးးးး ဟား ဟား ဟား ဟီးး ဟီးးးး ဟီးးးးး " ဟူ၍ အသံကုန် အော်ဟစ် ရယ်မောနေလေတော့၏။

ထိုအချိန်၌.....

"ဟေ့ကောင်.. ကိုကိုမောင်၊ ဘာတွေ အရူးထပြီး လှိမ့်ရယ်နေရတာလဲ၊ လာ မိုးမချုပ်ခင် လမ်းလျောက်ထွက်ရအောင်။ စပရင်း ရာသီရောက်ပြီဆိုတော့ ပန်းတွေ အစုံအစုံပွင့်နေကြပြီကွ၊ ဟန်တန်ကုတ်ပန်းခြံနားထိ လျောက်ကြရအောင်" ဟူသော ဦးလေးဦးတင်ရွှေ၏ အသံစစ်စစ်ကြီးကို ကြားလိုက်ရ၍ အိပ်ချင်စုံမွှားဖြင့် ကြောင်တောင်တောင် ပြန်ကြည့်လိုက်လေ၏။ ထိုအခါကျမှ ဦးတင်ရွှေလည်း သဘောပေါက်သွားကာ.. " အော် မင်းက အိပ်မက်ယောင်ပြီး လှိမ့်အော်ရယ်နေတာကိုး၊ ငါက ဟာသကား တစ်ခုခု ကြည့်ပြီး တစ်ယောက်ထဲ အော်ရယ်နေတာထင်တာ " ဟု ပြန်ပြောသံကို ကြားရလေ၏။

"အော်... ညနေအိပ်မက်၊ ဂယောက်ဂယက်ပါတကား။ အိပ်မက်ထဲမှာ ရယ်ကလပ်က လူတွေနှင့် ဦးတင်ရွှေတို့ ခွက်ထိုးခွက်လှန်ရယ်မောနေကြတာဟာ အားလုံး အတုတွေပါလား။ အမှန်တကယ် ရူးရူးသွပ်သွပ် အော်ဟစ်ရယ်မောနေသည်မှာ ငါတစ်ယောက်ထဲပါလား" ဟု အမှန်ကို အမှန်အတိုင်း ပြန်မြင်ပြီး အိပ်ချင်မူးတူးဖြင့် ကြံကြံဖန်ဖန် ဘာမဆိုင်ညာမဆိုင် တုံးဖလားရွာလေးကို ပြေးသတိရမိလိုက်သေးတော့၏။

"ခုလောက်ဆို.. ရွာတောင်ပိုင်းက မိအေးတို့ တစ်စု ရေရွှဲရွှဲ စိုနေလောက်ကြရောပေါ့"

..


11 comments:

ကောင်းမွန်ဝင်း said...

ရယ်ကလပ် ကို သွားပြီး မရယ်ရတာ ကို ဖတ်ရတော့ ။
ဟိုလတွေတုံးက စိတ်ဓါတ်မြင့်တင်ရေး လုပ်တဲ့ ဗီဒီယိုတွေကို ကြည့်ပြီး “သြ၀ါဒတွေ၊ သီချင်းတွေ၊ က တဲ့ လူတွေကို ကြည့်ပြီး” စိတ်ဓါတ်ကျခဲ့ဘူးတာကို ပြန်သတိရမိတယ်။

သင်္ကြန်ရေနဲ့ အညစ်တွေအားလုံးဆေးရအောင်နော်။

ဒါနဲ့ ရွာတောင်ပိုင်းက “မိအေး” က ဘူလေးလဲ။

ခွန် said...

င့ါအစ်ကို ပုံတွေကတော့ လက်ရည်တက်ပြီးရင် တက်ရင်းဘဲ။ ပီကာဆိုကတောင် ဆရာကိုကိုမောင်ဆိုပြီး ခေါ်နေတယ်ဆိုလား...... :P
မိအေးတို့တစုကို စိတ်ထဲကနေ ရေလောင်း အိုးမဲသုတ်ပစ်လိုက်ပေါ့အေ... ခက်တာမှတ်လို့ :)

Angelhlaing(May everybody be happy and healthy! said...

ပို့စ်လေးဖတ်ပြိး လွမ်းလိုက်တာ အကိုရာ ငိုတောင် ငိုချင်လယ် ဟင့်ဟင့် ဘယ်လိုကြိးလဲ မသိပါဘူးနော်... ခုလောက်ဆို မိအေးတို့တစု တစ်ကယ်ပျော် နေကြမှာ....:D:D မင်္ဂလာရှိသောနှစ်သစ်လေးပါအကို။
ဗွမ်းးးးးးးးး:):):) စိတ်ပူနဲ့ ညီမလေးရေလောင်းသွားလို့ အကိုလဲ ရွဲရွဲ စိုပြီ..:P:P။

စော(အဝါရောင်မြေ) said...

အွန် တုံးဖလား သင်္ကြန်ကို ဆွဲးထဲ့သွားတာကိုး

မောင်သီဟ said...

ရွာတောင်ပိုင်းက မိအေးတို့အုပ်စုက ကဲနေတာဗျာ့
ဂျင်းဘောင်းဘီဖင်ကျပ်ဝတ် စွပ်ကျယ်သာသာလေးစွပ်ပြီး ရေဘင်တပ် ဘီယာခွက်အရက်ဖက်ပြီး မြန်မာ့ရိုးရာပွဲကို နွှဲနေတာလေ သူဂျီး တမ်းတမနေနဲ့း)း)း)

မိုးယံ said...

တုံးဖလား သူဂျီးမင်က ဘိလပ်မှာ အိမ်ထဲကွေး ရွာသူမိအေး ရွာမှာဖလန်း ဖလန်းထနေတာကို မသိရှာပဲကိုး

မိအေးကတော့ ရွှေစိုစိုရွှဲနေပြီ တုံးဖလား သူဂျီးလဲ အိုးမည်နဲ့ ကဲလို့ ရအောင် သုတ်ခဲ့တယ်ကွယ်..

အို...တစ်ခါတည်း ရေပါလောင်းခဲ့မယ်. လာလေရော့

ဗွမ်း ဗွမ်းး)

ညိမ်းနိုင် said...

တဂျီး...မှန်မှန်ပြော...မိအေးနဲ့ဘာများ ပတ်သက်၊ဆက်နွယ်
ခဲ့သလဲ.....:))))

SHWE ZIN U said...

ကိုကိုမောင် တော်တော်ဆိုးနော်

သူတယောက်ထဲရွေးသတိရနေတာလား

ပျော်ရွှင်ပါစေဗျာ မင်္ဂလာနှစ်သစ်ပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

တောက်ပကြယ်စင် said...

အော်...ညနေအိပ်မက်၊ ဂယောက်ဂယက်ပါတကား....ဟား...ဟား....ဟီး...ဟီး...ဟူး...ဟူး...ကျန်းမာရွှင်လန်း အေးချမ်းပါစေ

may16 said...

အိပ်မက်အတွေးတွေကို လာဖတ်ပါတယ် ကိုကိုမောင် အကြွေးတွေခုမှ လိုက်ဖတ်ဖြစ်လို့ပါနော် ..

blackroze said...

သင်္ကြန်..ကိုဘိလပ်မှာ..
မြန်မာတွေစုမလုပ်ကြဘူးလားတဂျီး
ထိုင်ဝမ်မှာတော့လုပ်တယ်..
ညီမကတော့ရန်ကုန်ကိုဘဲလွမ်းနေတာပါဘဲ..
အရင်တုန်းကသူငယ်ချင်ေးတွနဲ့ပျော်ခဲ့တာပေါ့
ခုတော့...း(