Tuesday 13 October 2009
ဘလော့ဂ်အိမ်တစ်နှစ်ပြည့်မင်္ဂလာ ရတုပိုဒ်စုံ
ကညစ်ပွေ့ချီ၊ စ ရေးသည်မှာ၊ ခါမှီသက္ကရာဇ်၊ နှစ်ထောင့်ရှစ်ရောက်၊ ဆယ်လမြောက်သည့်၊ လအောက်တိုဘာ၊ ဆယ့်သုံးမှာတည့်၊ ရေးကာစဉ်ဆက်၊ ရံခါပျက်၍၊ ရေးချက် ရေးထုံး၊ စီကာကုံးပြီး၊ ရေးနှုန်းမမှန်၊ ရေးဟန်မကျ၊ ရေးရ ပျော်ရွှင်၊ စိတ်ဘ၀င်မှာ၊ ဘလော့ဂါဟု၊ တွင်မှုနာမည်၊ ဇော်ဂျီအားကိုး၊ ဂူးဂဲ ကျိုးကြောင့်၊ တစ်မျိုး ဂါထာ၊ ကဗျာ ရတု၊ စာစုထွေထွေ၊ များစာပေကို၊ မသွေ တွယ်ရစ်၊ ရေးနေဖြစ်သည်၊ တစ်နှစ်ပြည့်လေပြီ ဘုရား
တစ်နှစ်ပြည့်ပြီ၊ နှစ်ပတ်လည်၍၊ ရေးသည်များမှာ၊ ပုဒ်လေးရာကျော်၊ ဘလော့ဂ်ပေါ်တင်၊ ဟို ဒီ ၀င်ပြီး၊ ဖတ်ချင်စရာ၊ များစွာဘလော့၊ လက်ဆော့ ကွန်မင့်၊ ရေးသင့် ထင်၍၊ နေ့နေ့ ညည၊ မန့်ရသည်မှာ၊ မမောသာဘူး၊ ဒေါသာ အလျောက်၊ စိတ်နှောက်ထွေပြား၊ စကားများကာ၊ မုန်းထား စိတ်ဝင်၊ ဆိုးခဲ့ပင်ငြား၊ မျက်မထားခဲ့၊ အများ မိတ်ဆွေ၊ ရခဲ့လေ၍၊ မျက်ပြေ အချစ်၊ ရင်၌ဖြစ်သည်၊ အပြစ်မေ့သွေဖီ ဘုရား
အပြစ်မေ့မည်၊ တိုင်းမြန်ပြည်က၊ ချစ်ရည်လူးဖို့၊ ချစ်ကြစို့ဟု၊ ဆိုမှု ချစ်ရေး၊ ချစ်အမေးကို၊ ဖြေပေးသည်မှာ၊ ချစ်လျက်ပါတဲ့၊ မာယာ မရော၊ ချစ်တင်းနှောဖို့၊ သူပြောစကား၊ မေ့မထားပါ၊ ၀မ်းပန်းတသာ၊ သစ္စာ ပွေ့ဆောင်၊ ကိုကိုမောင်ကို၊ ဟန်ဆောင် အချစ်၊ သူမချစ်ခဲ့၊ သူချစ်သည်မှာ၊ စဉ်ထာဝရ၊ တစ်ဘ၀လုံး၊ ခန္ဓာဆုံးထိ၊ အမုန်းကင်းစွာ၊ ချစ်နေမှာဟု၊ နှစ်လွှာနှုတ်ခမ်း၊ စကား ကမ်း၍၊ အလွမ်း ရင်ဖြစ်၊ လွမ်းရ လှစ်သည်၊ အချစ်တွေ့ဝေစီ ဘုရား
မှတ်ချက်။
လက်ဝဲသုန္ဒရအမတ်၏ မဲဇာသောင်ခြေ အစချီသည့် ရတုပိုဒ်စုံကို အားကျ၍ မပီကလာ ပီကလာဖြင့် ၀ါသနာအရ စီကုံးလိုက်ခြင်းဖြစ်သည်။ သည်းခံပြီးသာ ဖတ်ကြပါလေကုန်။ ။
....
13 comments:
flowerpoem said...
သယ်ရင်း ဘလော့ တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ စာစုများကို အကောင်းဆုံး ရေးသားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ရှင်...
khun said...
"Congratulation"
နောင်ကိုလည်းဒိထက်ပြီးစာတွေရေးနိုင်ပါစေ။
ဒိထက်ပိုပြီးတော့လည်း အိမ်တွေလည်းနိုင်ပါစေ။
ခြေလှမ်းသစ် said...
ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါတယ်ဗျာ ... အခုလို အပတ်တကုတ်နဲ့ ၀ါသနာနဲ့ စေတနာတွေကို ဒွန်တွဲပြီး တနှစ်တိုင်အောင် လျှောက်လှမ်းလာတဲ့ ဒီခရီးမှာ အောင်မြင်မှုများနှင့် ဆက်လက်လျှောက်လှမ်းနိုင်ပါစေ ဒီထက်အောင်မြင်မှုများရပါစေလို့ ... ဒီ ၁နှစ်ပြည့် ဘလောဂ့်မွေးနေ့မှာ ဆုတောင်းပေးလိုက်ပါတယ်ဗျာ
မြစ်ကျိုးအင်း said...
တော်တယ်ဗျာ
အခုလို ရတု မျိုးရေးနိင်တဲ့ လူငယ်တွေ ရှားသွားပြီဗျ။
တကယ်ချီးကျူးမိတယ်။
နောက်ထပ် နှစ်ပေါင်းများစွာ စာပေခရီးမှာ ပျော်ရွှင်စွာ လျှောက်လှမ်းနိင်ပါစေဗျာ...။
Ree Noe Mann said...
တစ်နှစ်မှစ၍ နောင်နှစ်ပေါင်းနှစ်ပေါင်း များစွာထိ
တည်တံ့ပါစေအကို။
ရီနို
မိုးစက်အိမ် said...
ငါအစ်ကို မရေးတတ်လို့ ပေပဲ တော်တော်ကောင်းတယ်
ဆက်သာရေးဗျို့  အားပေးနေတယ် . . . ဒီလိုအရေးအသား
တွေနားလည်တာ ခုခေတ်မှာ ရှားပါတယ် . . . ဘလော.အိမ်လေး လည်း တစ်နှစ်ပြည့်မှစလို့ 
ထာဝရ တည်တံ့ပါစေဗျာ . . .
ကြယ်ပြာ said...
မိုက်တယ်ဟ .... တော်တယ် ... ကြယ်ပြာဆိုမရေးတတ်ဘူး ... ဆက်လက်ရေးသားနိုင်ပါစေ .....
Anonymous said...
ရတုတွေဖတ်ရတာ မှန်တာပြောရရင် ပျင်းတယ်..
ပျင်းတယ်ပြောလို စိတ်မဆိုးပါနဲ့..
ကဗျာလေးတွေစပ်တာပဲ ရတယ်။
၁နှစ်ပြည့်သွားတာ ဘုန်းကြီးကိုတောင် လျှောက်၇သလားဟင်..
၁နှစ်တောင်ပြည့်ပီ..
စာကောင်းပေမွန်တွေ များများရေးနိုင်ပါစေ။
ရတုရကန် အတော် ရေးတတ်ပါတယ်
ကြိုးစားပေါ့ ..ခေတ်သစ် ရတုအကျော်အမော်ဆိုပီး
နာမည်ကြီးချင်လဲ ကြီးမှာပေါ့..အကောင်းပြောတာပါ။
ရတုအကျော် ခနောင်တိုမောင် ပေါ့.. ဟီးး
စကားမစပ် နေမကောင်းသေးဘူးဗျ
နှင်းဟေမာ said...
လေးစားပါတယ် အစ်ကို ရေ.....
အမြဲအားပေးနေပါ့မယ်
နှင်း
သုခုမလေဒီ said...
နောက်ထပ် ရတုပေါင်းများစွာကို ဆက်လက်ဖတ်ရပါ စေ။ ဘလော့သက်တမ်းလည်း ရှည်ပါစေ။
နှင်းနဲ့မာယာ said...
တစ်နှစ်သားလေးရေ
မင်္ဂလာမွေးနေ့ပါနော်....
ဂါထာ ကဗျာ ရတု ရကန် အိုင်ချင်း အဲချင်း ပျို့ တြာချင်း မော်ဒန်ကဗျာ မော်ဒန်စာ များကို အင်နဲ့ အားနဲ့ ဆက်ရေးနိုင်ပါစေကြောင်း....
နှင်း
ထင်လင်းအောင် said...
အကို စာတွေအများကြီးရေးနိုင်ပါစေ..........
ညီငယ်...
Anonymous said...
မပီကလာ ပီကလာ လဲ ဖတ်လို့ကောင်းနေတယ်ဗျ
တစ်နှစ်ပြည့်ပြီးဆိုတော့ Congratulation ပါ နောက်လဆို ကျွန်တော်လဲ တစ်နှစ်ပြည့်တော့မယ် ဘလော့လေး လာလည်ပါဦးဗျာ