Friday 2 October 2009

အမျိုးသမီးအခွင့်အရေးအတွက်


"" ဗုဒ္ဓက အမျိုးသမီးတွေအတွက် အထူးအခွင့်အရေး ရယူပေးခဲ့တယ် ""

ဟိန္ဒူဘာသာဟာ တစ်ခြားဘာသာနှင့်မတူဘဲ ကွဲပြားခြားနားနေတယ်။ အခြားဘာသာကြီးတွေဟာ စတင်တည်ထောင်ခဲ့တဲ့သူရဲ့  ဘ၀သမိုင်းအတိအကျရှိပါတယ်။ ဟိန္ဒူဘာသာသမိုင်းအစကိုတော့ ဘယ်သူမှ တိတိကျကျမပြောနိုင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးထောင်လောက်က ပေါ်ပေါက်လာခဲ့တယ်လို့ဘဲ ပါးစပ်သမိုင်း တွင်ရစ်နေလေရဲ့ ။

Dowry, Sati, Purdah (အထက်ပို့စ်တွေမှာ ရေးခဲ့ပြီး)စတဲ့ ရင့်သီးလှတဲ့ ဟိန္ဒူဝါဒတွေ အင်အားကြီးမားစွာ ထွန်းကားနေချိန်မှာ ဗုဒ္ဓပေါ်ပေါက်လာခဲ့တာပါ။ ဗုဒ္ဓဟာ သူရဲ့ ဘ၀ကို လွယ်လင့်တကူ မဖြတ်သန်းခဲ့ရပါဘူး။ ဒီအယူအဆတွေကို ခက်ခက်ခဲခဲ တွန်းလှန်ဖြိုဖျက်ပစ်ခဲ့ပြီးမှ ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့ရတာပါ။ ဟိန္ဒူဝါဒအပြင် တိတ္ထိဆရာကြီး ၆ ယောက်တို့ရဲ့  အယူဝါဒတွေလဲ အရမ်းရေပန်းစားနေတဲ့အချိန်ပေါ့။ ဗုဒ္ဓရဲ့  မနားမနေကြိုးစား အားထုတ်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာဟာ အထူးသဖြင့် အမျိုးသမီးထုအများစုအတွက် အားကိုးခုံလှုံရာနေရာတစ်ခု ဖြစ်ခဲ့ရပါတယ်။

ဒါတောင်မှ ဗုဒ္ဓဘာသာအဖွဲ့အစည်းကြီးထဲမှာ ဟိန္ဒူဝါဒအရိပ်အယောင် နဲနဲထင်ဟပ်နေသယောင်ယောင်ပါ။ ဒါကြောင့်မို့ ဗုဒ္ဓကိုယ်တိုင်တောင် အမျိုးသမီးနှင့်ပတ်သက်တဲ့ တစ်ချို့ ကိစ္စတွေမှာ အတော်လေးစဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချခဲ့ဟန်ရှိပါတယ်။ ဥပမာ။ ပထမအနေနဲ့ အမျိုးသမီးတွေကို ဘိက္ခုနီ(ရဟန်းမ)၀တ်ဖို့ ဗုဒ္ဓက လုံးဝသဘောမတူခဲ့ပါဘူး။ ပထမဦးဆုံး ဘိက္ခုနီဝတ်ဖို့ တောင်းပန်လာတဲ့သူဟာ ဗုဒ္ဓရဲ့ ကျေးရှင်ရှင် မိထွေးတော်ပဇာပတိဂေါတမီကိုယ်တိုင်ပါဘဲ။ ရှင်အာနန္ဒာဝင်ရောက်တောင်းဆိုမှ ဗုဒ္ဓငါးဝါမြောက်မှာ ဘိက္ခုနီသာသနာကြီး ထွန်းလင်းပေါ်ပေါက်လာခဲ့ရတာပါ။
ဒါပေမဲ့ ဘိက္ခုနီမတွေရဲ့ ဘ၀ဟာ ရဟန်းတွေရဲ့  ဘ၀လောက် ဦးစားပေးမခံခဲ့ရပါဘူး။
လူတွေရဲ့ အထင်ကြီးချင်းကိုလဲ ရဟန်းတွေလောက် မရရှိခဲ့ကြပါဘူး။ ယနေ့ခေတ် သီလရှင်နှင့်ရဟန်းတော်တွေကို နှိုင်းယှဉ်ကြည့်ရင် သိသာပါတယ်။

ဗုဒ္ဓက ဇာတ်နိမ့် ဇာတ်မြင့် ဆင်းရဲ ချမ်းသာ ယောက်ျား မိန်းမ ကလေး လူကြီး ရုပ်လှ ရုပ်ဆိုး စတဲ့ ခွဲခြားမှုတွေအားလုံးကို လက်ရည်တစ်ပြင်ထဲဖြစ်အောင် မနေမနား ကြိုးစားအားထုတ်ခဲ့ရပါတယ်။ အတိုက်အခိုက် အတင်းအဖျင်း အလုပ်အကြံ ဖျားယောင်းသွေးဆောင် အစွပ်အစွဲ အဆင်းအရဲ စတဲ့ ဒုက္ခပေါင်းစုံကို ကြံ့ကြံ့ခံပြီး လူသားအားလုံး ကောင်းစားရေးအတွက် ဗုဒ္ဓက သူ့ဘ၀ကို ပေးအပ်သွားခဲ့ပါတယ်။ အဲဒါကြောင့်မို့ ဗုဒ္ဓဘာသာဆိုတဲ့ အဖွဲ့အစည်းကြီး ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ဘဲ မားမားမတ်မတ် ရပ်တည်နိုင်တာပါ။

တကယ်လို့သာ
-ဗုဒ္ဓမပေါ်ပေါက်ခဲ့ဘူးဆိုရင်
-ဗုဒ္ဓရဲ့ ကြိုးပမ်းမှုတွေအားလုံးကို ဟိန္ဒူဝါဒက ၀ါးမျိုသွားခဲ့မယ်ဆိုရင်
-ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံကို မရောက်ရှိခဲ့ဘူးဆိုရင်
-ဟိန္ဒူဝါဒက မြန်မာနိုင်ငံကို လွှမ်းမိုးသွားမယ်ဆိုရင်
အဓိကဓားစာခံက မြန်မာအမျိုးသမီးတွေဘဲ ဖြစ်မှာပါ။

ဗုဒ္ဓပေါ်ပေါက်လာခြင်းဟာ လူသားအားလုံး ၀ဋ်ဆင်းရဲကလွတ်မြောက်ရေးလမ်းစဉ်အပြင် အမျိုးသမီးလူထုကြီးအားလုံးကို အနှိပ်အစက် အဖိခံဘ၀ကနေ လွတ်မြောက်အောင် ကယ်တင်ရာလဲ ရောက်ခဲ့တယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ ဗုဒ္ဓဟာ အမျိုးသမီးလူထုကြီးအားလုံးရဲ့  ကယ်တင်ရှင်စစ်စစ်ကြီးဖြစ်တယ်လို့သာ ဆိုလိုက်ချင်ပါတော့တယ်။


ဗုဒ္ဓရှင်တော်၊ မပွင့်ပေါ်က၊
မိန်းမယောက်ျား၊ ဇာတ်ခွဲခြားကာ၊
လွဲမှားအယူ၊ များပြည်သူတို့၊
အယူဝါဒ၊ မတူမျှ၍၊
မာနစွက်ကူ၊ ဒေါသမူပြီး
ကြည်ဖြူသက်ညှာ၊ မရှိရာဘူး။


ထို့ပြင်တစ်ဝ၊ ဣတ္ထိယတို့၊
မောဟထူပြော၊ တဏှာနှော၍၊
သဘောတရား၊ ဝေးရှောင်ရှားပြီး၊
ယောက်ျားအလို၊ ဟန်ပိုပိုဖြင့်၊
ငိုငိုရီရီ၊ Dowry Sati ၊
သေချာမိအံ့။


ဗုဒ္ဓရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ရှင်တော်ဗုဒ္ဓ၊ ဆိုဆုံးမဖြင့်၊
ဤကမကောင်း၊ ထိုကကောင်းဟု၊
ဆိုးကောင်းနှစ်ဖြာ၊ ဓမ္မတာကို၊
သေချာပိုင်ပိုင်၊ သိမြင်နိုင်ပြီး၊
စွဲကိုင်မေတ္တာ၊ ကရုဏာဖြင့်၊
ချမ်းသာစစ်မှန်၊ မြတ်နိဗ္ဗာန်ကို၊
ကြိမ်ဖန်တွေ့ဆုံ၊ ပန်ခွင့်ကြုံ၏။


Dowry Sati ၊ ဇာတိခွဲခြား၊
ကွဲအပြားကို၊ ဘုရားဗုဒ္ဓ၊
ဆန့်ကျင်ပြလျက်၊ မိန်းမခွင့်ရေး၊
လူ့ခွင့်ရေးကို၊ ယူပေးခါသာ၊
ဣတ္တိယာတို့၊ ချမ်းသာသုခ၊
လွန်စွာရ၍၊ ဘ၀လှဆင့်၊
ထင်တိုင်းတင့်၏။


ထို့ကြောင့်မိန်းမ၊ ဣတ္ထိယတို့၊
ဗုဒ္ဓသခင်၊ ကျေးဇူးရှင်ကို၊
ဦးတင်ညွတ်ကျိုး၊ ရှိခိုးခါခါ၊
ပြုကျင့်ရာသည်၊ များစွာဣတ္ထိ၊
သတိရှိလော့။

မှတ်ချက်။
ဤကဗျာ ဤစာ ဤပို့စ်ဖြင့် ဗုဒ္ဓအား လွန်ကဲသော ကြည်ညိုမှုနှင့်အတူ ဦးချရိုသေမှုပြုပါ၏။
ကိုကိုမောင် (ပန်းရနံ့)
...

3 comments:

သုခုမလေဒီ said...

ဗုဒ္ဓကိုယ်တိုင်တောင် အမျိုးသမီးနှင့်ပတ်သက်တဲ့ တစ်ချို့ ကိစ္စတွေမှာ အတော်လေးစဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချခဲ့ဟန်ရှိပါတယ်။ ဥပမာ။ ပထမအနေနဲ့ အမျိုးသမီးတွေကို ဘိက္ခုနီ(ရဟန်းမ)၀တ်ဖို့ ဗုဒ္ဓက လုံးဝသဘောမတူခဲ့ပါဘူး။ ပထမဦးဆုံး ဘိက္ခုနီဝတ်ဖို့ တောင်းပန်လာတဲ့သူဟာ ဗုဒ္ဓရဲ့ ကျေးရှင်ရှင် မိထွေးတော်ပဇာပတိဂေါတမီကိုယ်တိုင်ပါဘဲ။ ရှင်အာနန္ဒာဝင်ရောက်တောင်းဆိုမှ ဗုဒ္ဓငါးဝါမြောက်မှာ ဘိက္ခုနီသာသနာကြီး ထွန်းလင်းပေါ်ပေါက်လာခဲ့ရတာပါ။

အဲဒီအကြောင်းနဲ့ ပတ်သတ်တာလေး အမလည်း ပိုစ့်ရေးထားသေးတယ်။ အဆင်မပြေသေးလို့ မတင်ဖြစ်သေးဘူး။ ဗုဒ္ဓအကြောင်းလေးပိုစ့်ရေးတာ ကောင်းပါတယ်။

flowerpoem said...

ဗုဒ္ဓက လူသားအားလုံးရဲ့ ဆင်းရဲဒုက္ခတွေလွတ်မြောက်အောင်ကယ်တင်ပေးတဲ့ ကျေးဇူးရှင်ပါ . . . .

မိုးစက်အိမ် said...

ကဗျာလေး ကောင်းတယ် အကိုရေ ... နောက်ရှင်းပြထား
တာလေးလည်း ကောင်းတယ် ... ဟိန္ဒူဝါဒ ဗုဒ္ဓ နဲ့  ကျွန်တော် တို. ဗုဒ္ဓကွာခြားတာကတော. မြန်မာတွေကံကောင်းတယ်ပြောရမလားဘဲ သူတို.မှာ ဇာတ်နိမ်. ဇာတ်မြင်.ခွဲတဲ့ ကိစ္စကတော်တော်ဆိုးတယ် အကိုရာ ...