Wednesday 10 June 2009

အမေသို့ပေးစာ (၅)

အမေ
သံသရာဆိုတာ တကယ်ရှိသလား
သားကတော့
သံသရာဆိုတဲ့အသိ နှိပ်စက်လို့
ထိပ်ကွက်လာတာကိုတောင် လျစ်လျူရှုနေမိခဲ့တယ်။


အမေ
ဥတုသုံးလီလုံး
ထစ်ခြုန်းပြီး မိုးသည်းထန်စွာ ရွာသွန်းနေရင်
သားရဲ့  ကောက်ပင်နုနုလေးတွေ ပျက်စီးကုန်မှာစိုးမိတယ်
ဒါကြောင့်
သား ၀ရဇိန်မိုးကြိုးဖြစ်ချင်တယ်။


အမေ
ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့စကားက
သားရဲ့  တက်ကြွမှုတွေကို နှေးကွေးစေသလိုပါဘဲ
အမှန်ဆို
နျူတန်ရဲ့  နိယာမတွေ
ရေစီးကမ်းပြို မလိုက်စေချင်တာ
သားရဲ့  အဇ္ဈတ္တမီးအိမ်လေးပါ။


အမေ
ဖြစ်နိုင်ရင်
မနက်ခင်းပေါင်းများစွာရဲ့ 
တောက်ပနေတဲ့
မျက်လုံးစိမ်းစိမ်းကြီးတွေကို
အရဟတ္တမဂ် ခပ်ထက်ထက်နဲ့
သားခြေဖျက်ပစ်လိုက်ချင်တယ်။


အမေ
မုဟုတ္တဘ၀လေးထဲမှာ
အပုပ်ချစရာတွေ မအံထုတ်ချင်ပါဘူး
ဒုက္ခဆိုတဲ့စကားကို
နှုတ်က သက်သက်ထွက်ခဲ့တာ မဟုတ်ကြဘူးဆိုရင်
ရုပ်ဘ၀ နာမ်ခဏလေးတွေ
အမှန်လှပနေမယ်ဆိုတာ သားယုံကြည်တယ်။


အမေ
စီးနင်းရင်းလှော်ခတ်၊ လှော်ခတ်ရင်း စီး
ဘယ်ခရီး ဘယ်သွား
ဘယ်မှာ အပြီးနားရမယ်ဆိုတာ
သားဘယ်လို သိနိုင်ပါ့မလဲ။


အမေ
သားအတွက် မပူပန်ပါနဲ့
အယူသန်ပေမဲ့ အယူခံမ၀င်ချင်သေးပါဘူး
ဥပေက္ခာအပိုင်းအစလေးတွေကို
တံဆိပ်ခေါင်းစုသလို ထုပ်ပိုးပြီး
ဟုတ်နိုးနိုးဘ၀လေးမှာ
သား.. အဟုတ်ကြိုးစားနေမှာပါ။
စိတ်ချပါ အမေ။ ။

.....

2 comments:

မိုးစက်အိမ် said...

ကောင်းလိုက်တဲ.ရေးချက်တွေ အကိုရာ
အမေ ကဗျာတွေက ပိုကလောင်
ထက်နေတယ်ဗျာ သားလိမာ ပီသပါတယ်ဗျာ

မသက်ဇင် said...

ကိုကိုမောင်ရေ
ကဗျာကိုတရားသဘောလေးနဲ့ရေးပြီး
အမေကိုတမ်းတနေတာ များ
လွမ်းလောက်ပါတယ်
ခင်မင်လျက်