Saturday, 1 August 2015

တတ်ထားသင့်သည် Escapology

ကြားဖူးနေကျ ပုံပြင်လေးတစ်ပုဒ်ပါ။

တစ်ခါက အမေရိကန်လူဖြူလူမျိုးပါမောက္ခကြီးတစ်ယောက် အာဖရိကကို အလည်အပတ်သွားသတဲ့။ ဒေါက်တာဘွဲ့ရ ပါမောက္ခကြီးဆိုတော့ မာနခပ်ကြီးကြီးပေါ့။ မာနကြီးရုံတင်မက အခြားသူတွေကိုလဲ အထင်သေးအမြင်သေးပြီး ဟားတိုက်လှောင်ပြောင် ရယ်မောတတ်တဲ့ အလေ့အကျင့်ရှိသတဲ့။

တစ်နေ့။

အာဖရိကဒေသရှိ မြစ်ကြီးရိုးတလျှောက် ကနူးလှေနဲ့ လေ့လာရေးခရီးထွက်ဖို့ အာဖရိကန်လူမဲလှေသမားလေး တစ်ယောက်ကို ငှားလိုက်သတဲ့။ စကားစမြည်ပြောရင်း မြစ်ထဲထွက်လာလိုက်တာ ခရီးအတော်လေးရောက်တော့ ပါမောက္ခကြီးက လှေသမားလေးကို မေးသတဲ့။

"ဟေ့ကောင်လေး Biology ကို မင်း  သိလား"

"မသိပါဘူး။ ပါမောက္ခကြီး"

"အင်း... ဒါဆို မင်းရဲ့အသက် ငါးပုံ တစ်ပုံ သေသွားပြီ"

"အော် ဟုတ်ကဲ့"

"Geology ရော သိလား"

"မသိပါဘူး ခင်ဗျာ"

"ဟေ.. မင်း အတော်လေး ညံ့တာဘဲ။ ဒါဆို မင်းရဲ့အသက် ငါးပုံ နှစ်ပုံ သေသွားပြီ"

"ဟင် တကယ်ကြီးလားဗျာ"

"ဒါဖြင့် Anthropology ကို ရော သိလား"

"အဲဒါကိုလဲ မသိပါဘူး ပါမောက္ခကြီး"

"ဟား ဟား ဟား မင်းက ဒီလောက်နုံဖျင်းပြီး ပညာမတတ်မှတော့ ဘယ်လို လုပ်စားမလဲ။ ဒါဆို မင်းရဲ့ဘ၀က ငါးပုံ သုံးပုံ သေသွားပြီဘဲ"

"ကျနော် ကြောက်တောင် လာပြီ"

"ဒါဆို Zoology ကို ရော သိရဲ့လား"

"နာမည်တောင် မကြားဖူးပါဘူး ပါမောက္ခကြီး"

"ဟား ဟား ဟား ဟီး ဟီး ဟီး (ကနူးလှေလေးထဲမှာ ဘယ်ပြန်ညာပြန်လူးလှိမ့်အော်ဟစ်ပြီး အာခေါင်ခြစ်ကာ လှောင်ပြောင် ရယ်မောသတဲ့။ မြစ်ကမ်းဘေးက တောကောင်တွေတောင် လန့်ဖျပ်ပြီး တောထဲ ၀င်ပြေးကြတယ်ဆိုဘဲ) မင်း ဒီလောက်ထိ ပိန်းနေမှတော့ မင်းဘ၀ နေကွယ်ချိန် သိပ်မလိုတော့ဘူး။ မင်းအသက် ငါးပုံ လေးပုံ သေသွားပြီ"

"တကယ်ကြီးလားဗျာ (လှေသမားလူမဲကလေးဟာ အမှန်အကန် ကြောက်သွားရှာသတဲ့။ ဟားတိုက် ရယ်မောခံရတဲ့အတွက်လဲ အလွန်ရှက်ပြီး ပါမောက္ခကြီးကို အမြင်ကပ်နေတော့သတဲ့)"

ပါမောက္ခကြီးက ကနူးလှေလေးထဲ လူးလှိမ့်ရယ်မောနေတဲ့အတွက် လှေကလေးကလဲ မငြိမ်သက်တော့ဘူးတဲ့။ ဟိုဘက်စောင်းလိုက် ဒီဘက် စောင်းလိုက် ဖြစ်နေသတဲ့။ ဒါပေမဲ့ ပါမောက္ခကြီးကတော့ ရယ်လို့ကို မပြီးနိုင်ဘူးပေါ့။ ဘယ်ညာလူးလှိမ့်လိုက် ခေါင်းကို တွင်တွင် ခါရမ်းလိုက်နဲ့ အကြီးအကျယ် ရယ်မောနေတုန်းဘဲတဲ့။ အဲဒီမှာ ဖြစ်ချင်တော့ ပါမောက္ခကြီး ခေါင်းအရမ်းလွန်ပြီး ခေါင်းမှာ ဆောင်းထားတဲ့ သံခမောက် ( Helmet  )ကြီး ကျွတ်ထွက်ပြီး ကနူးလှေရဲ့ နံပါးတစ်ဘက်ကို အရှိန်ပြင်းစွာ ထိမှန်ပြီး လှေကလေး မငြိမ်မသက်ဖြစ်ကာ မှောက်သွားပါတော့သတဲ့။

အာဖရိကန်အမဲလှေသမားလေးကလဲ သူ့ရဲ့အသက် ငါးပုံ လေးပုံက သေပြီးပြီဆိုတော့ တစ်ပုံဘဲ ကျန်တော့တာကို အမှတ်ရပြီး ကနူးလှေကလေးနဲ့ ပါမောက္ခကြီးကို ပစ်ထားခဲ့ပြီး ကမ်းစပ်ကို ကိုယ်လွတ် ကူးပြေးတော့သတဲ့။ ပါမောက္ခကြီးကတော့ ရေပြင်ကျယ်ထဲမှာ ဖလူး ဖလူး ဆိုပြီး ရေနစ်နေတော့သတဲ့။ ဟေ့ကောင်လေး  ငါ့ကို ကယ်ပါဦး၊ ငါ ရေနစ်တော့မယ်၊ ငါ မသေချင်သေးဘူးဆိုပြီး လှေသမားလေးကို အော်ဟစ်ပြီး အကူအညီ တောင်းနေသတဲ့။ အဲဒီ အခါမှာ ကမ်းပါးပေါ် ရောက်နေပြီး ဖြစ်တဲ့ လှေသမားလေးက ပါမောက္ခကြီးကို မေးခွန်းတစ်ခု လှမ်းမေးလိုက်သတဲ့။

"ဟေ့ ပါမောက္ခကြီး   Swimology ကို သိသလား"

"ငါ မသိဘူး။ ရေလဲ မကူးတတ်ဘူး။ ငါ့ကို အမြန်လာကယ်ပါ"

လှေသမားလေးကလဲ ဒီတစ်ခါ ငါ့အလှည့်ရောက်ပြီ။ ဒီလောက်စိတ်ထားပုပ်ပြီး မောက်မာလှတဲ့ ပါမောက္ခကြီး သူ့ထိုက်နဲ့ သူ့ကံ ရှိပစေတော့လို့ စဉ်းစားပြီး ဥပေက္ခာပြုလိုက်သတဲ့။

"ဟား ဟား ဟား ခင်ဗျား ဒါလေးတောင် မသိဘူး ဆိုမှတော့ ခင်ဗျားရဲ့အသက် ငါးပုံပုံရင် ငါးပုံလုံး သွားရှာပြီ။ ဘိုင့်ဘိုင် ပါမောက္ခကြီး"

အဲဒီ အာဖရိကန်လူမျိုး လူမဲလှေသမားလေးဟာ အားရပါးရရယ်မောပြီး ခုန်ပေါက်ခုန်ပေါက်နဲ့ ရွာအရောက် ပြန်ပြေးလေတော့သတဲ့။ ပါမောက္ခကြီးကတော့ မြစ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ကျန်ရစ်နေခဲ့ပြီး နောက်ဆုံးတော့ ရေနစ်သေဆုံးသွားပါတော့သတဲ့။

ပုံပြင်လေးက ဒါပါဘဲ။
.......

အကယ်၍ သင်သည်လည်း ပညာတတ်ယောင်ယောင် အာဏာရှင်ယောင်ယောင် စွာကျယ်စွာကျယ်နဲ့ ဆရာလုပ်လေ့ရှိတဲ့ လူကြီးတစ်ယောက်နဲ့ လှေလှော်ပြီး ရေလမ်းခရီးအတူသွားကြတယ်ဆိုပါစို့။ ထို လူကြီးက သင့်ကို မေးကောင်း မေးပါလိမ့်မယ်။

"ဟေ့ ငနာလေး.. မင်း Suuology   သိလား"

"မသိပါဘူး ဆရာ"

"Seinology ကိုရော"

"အဲဒါလဲ မသိပါဘူး ဆရာ"

"Mannology ကိုရော"

"လုံးဝ မသိပါဘူး ဆရာ"

"ဒါဖြင့်  Hlaingology ကိုရော"

"နာမည်တောင် မကြားဖူးပါဘူး ဆရာ"

"(အဲဒီ လူကြီးက အထင်သေးအမြင်သေး ပြောင်လှောင်သည့် မျက်နှာထားဖြင့်) သေနာလေး....မင်း ဒီလောက် တုံးအနေမှတော့၊ စာမတတ်ပေမတတ် ဗဟုသုတနည်းလေမှတော့  မင်းရဲ့ဘ၀ ငါးပုံ လေးပုံ သေပြီးရောပေါ့"

ထိုအခိုက် လှေကြီးမှောက်သွားအံ့။ အထက်က အာဖရိကန်အမဲ လှေသမားလေး ထုံးကို နှလုံးမူကာ  ခင်ဗျား  ကိုတော့ ကောင်းကောင်း သိလောက်ပါတယ် နော့ ဆိုပြီး  ဥပေက္ခာပြုသင့်ရင် ပြုလိုက်ပါတော့လေ။ သူတို့ တတ်ထားတဲ့ ပညာက သူတို့ကို ပြန်သတ်ပစ်လိုက်ပါစေ။ ဒီလောက် မေတ္တာ ကရုဏာ နည်းပါးပြီး မာနတွေ ထောင်လွှားနေကြရင် သူတို့နဲ့က အဲဒါဘဲ ထိုက်တန်တယ် မဟုတ်လား။
.......
သူကြီးလဲ ရွာပြန်ရောက်ရင် ရွာသူ ရွာသားတွေကို မသင်မနေရ  Swimology ကို သင်ယူခိုင်းရမယ်။ ပြီးတော့ သူကြီးတပိုင်ဒေသတွေရဲ့ တန်းကျောင်းတွေမှာ မသင်မနေရဆိုပြီး  Swimology ကို သင်ကြားပေးဖို့ အဆိုတင်သွင်းမယ်။ နိုင်ငံတော်ကြီးကပါ လိုက်ပါလာရင် သိပ်ကောင်းပေါ့ဗျာ။ စိတ်ကူးယဉ်တာ ပြောပါတယ်။  ဒါမှ အခုလို ရေဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘ၀ရဲ့ ငါးပုံ တစ်ပုံဘဲ ကျန်နေတဲ့ အသက်ကလေးကို ကိုယ့်ဘာသာကိုယ် ကယ်တင်နိုင်မှာ မဟုတ်ပါလား။ အတ္တာဟိ အတ္တနော နာထော လို့ ဆိုထားသကိုး။

အမှန်က  မြန်မာနိုင်ငံသားတွေအနေနဲ့က ဘေးဒုက္ခတွေ များပြားလွန်းလှတဲ့အတွက် Swimology ထက်   Escapology ကို တတ်သိနားလည်ထားရင်တော့ အကောင်းဆုံးပေါ့ဗျာ။

သူကြီးအမြင်သက်သက်ပါ။

.

2 comments:

Ma Tint said...

သူကြီးတို့များ လက်ကိုအမြဲသွေးနေပုံရတယ် .... ဟာဟဟဟဟဟ လို့သာအော်ရယ်ချင်လိုက်တယ်....
မှန်တယ်သူကြီးရေ... Swimology ထက် Escapology ကိုဒီအချိန်မှာ ပိုအလေးပေးသင့်တာပေါ့။
၃၁ရက်နေ့ထဲကစပြီး ဖေ့ဘုတ်ဝင်လိုက် မေတ္တာပို့လိုက် ပဌာန်းရွတ်လိုက်နဲ့ လုံးခြာလိုက်နေတယ် စိတ်မကောင်းဖြစ်တယ်။

သူကြီးမင်း (တုံးဖလား) said...

လက်သွေးနေတာ ဟုတ်ဘူး တီတင့်။
ဖဘတွေအသုံးများလာတော့ စာရှည်ရှည်ရေးရမှာ ပျင်းလာသလိုဘဲ။
ဒါကြောင့် ကြိုးစားရေးကြည့်နေတာ။
စာဖတ်သူတွေကလဲ စာရှည်ရင် သိပ်မဖတ်ချင်ကြတော့ဘူး မဟုတ်လား။

နောက်ဆုံးတော့လဲ ဘလော့က မှတ်တမ်းတင်ရာနေရာတစ်ခုလောက်ဘဲ ရှိတော့သလိုဘဲ။
ပြန်ဆွဲခေါ်လို့ မရနိုင်လောက်တော့ဘူး။ ကိုယ်တိုင်ကလဲ ဖဘပေါ် မကြာမကြာ ရောက်နေတယ်လေ။
ဖဘက ဆက်သွယ်ရတာ ပိုမြန်တာကိုး။