Wednesday, 29 July 2015

ပေးနေတုန်း ယူထားလိုက်

ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်ထားရမတော့ နာပေမပေါ့။ တစ်ရက်လောက် ၀မ်းမသွားဘဲ လေခံနေရင်တောင် မထောင်းသာလှဘူးကိုး။ အဲဒီလို ဗိုက်ထဲက မခံရပ်နိုင်လောက်အောင် နာကျင်နေတော့ ဘယ်သူ့အားကိုးတုန်း။ သူ့လင်တော်မောင်ကိုလား။ ဝေးစွ။ ဒါဖြင့် သူ့မိဘကိုလား။ အဲဒါလဲ မဟုတ်ပြန်ဘူး။ ဒါဖြင့် ဘယ်သူ့ကို သတိရသတဲ့တုန်း။ မဟားဒယားနာမှတော့ ဘုရားတရား ပြေးသတိရပြီပေါ့။

မောင်တော်.. ဘုရားရှင်ဆီ သွားချေစမ်း။ သူဟာ ဆင်းရဲအပေါင်းကို ပျောက်ကင်းစေတတ်တဲ့ အမှန်တရားကို ဟောစွမ်းနိုင်တယ်။  သူ့အပါးမှာ ဆင်းရဲပျောက်ကြောင်း ကျင့်နေကြတဲ့ ရဟန်းတွေရှိတယ်။ သူတို့နှလုံးအိမ်ထဲမှာ ဆင်းရဲမရှိ ပကတိချမ်းသာနေကြတယ်.. နှမတော်လဲ အဲဒါတွေကို စိတ်မှန်းနဲ့ အာရုံပြုပြီး နာကျင်မှုကို သည်းခံနေပါတယ်..။ အဲဒီလို လျှောက်ပေးပါ။
ဘုရားရှင်ထံရောက် လျှောက်တင်ပြီးတော့ ဘုရားရှင်က ဆုပေးတယ်။

သင့်အမျိုးသမီး.. ရောဂါမရှိ ချမ်းသာပါစေ၊ ရောဂါကင်းသော သားကို မွေးဖွားနိုင်ပါစေ..တဲ့။

သူတို့ ကံကောင်းကြတယ်။ ပေးတဲ့ဆုနဲ့ သူတို့ ပြည့်ခဲ့ကြတယ်။ ရှောရှောရှူရှူ မွေးဖွားခဲ့ကြတယ်။ ဒီတော့ သူတို့ ဘုရားရှင်ကို ကျေးဇူးတင်ပြီပေါ့။ 

မောင်တော်... ဘုရားရှင်ဆီ ထပ်သွားချေဦး။ မနက်ဖန်က စပြီး ၇ ရက်ပတ်လုံး ဆွမ်းလုပ်ကျွေးပါရစေလို့ တောင်းပန်လျှောက်ထားချေ..တဲ့။ ဟုတ်ကဲ့ ရှင်မပေါ့။ တစ်ချက်လွတ်အမိန့်ပေကိုး။

ဒါပေမဲ့ ခက်နေတာက ဘုရားရှင်ဆီမှာ မနက်ဖန်အတွက် ဆွမ်းအလှူရှင်က ရှိပြီးသား။ ဒါပေမဲ့ မွေးလူနာကို ဦးစားပေးရမယ်မဟုတ်လား။ သို့သော်ငြားလည်း ဘုရားရဟန်းတို့မည်သည် ပထမပင့်ထားသော ဆွမ်းကို ပယ်၍ ဒုတိယဆွမ်းကို လက်မခံစကောင်းပေဘူး။ ဒါပေမဲ့ ကံကောင်းချင်တော့ မနက်ဖန် ဆွမ်းအလှူရှင်က အရှင်မောဂ္ဂလာန်ရဲ့  ဒကာမိသားစုဖြစ်နေတယ်။

ဘုရားရှင်က.. မောဂ္ဂလာန်... သင့်ဒကာတွေနဲ့ သွားငြိနှိုင်းကြည့်ကြည့်စမ်း။ သင့်ဒကာတွေ လက်ခံရင် ဟို မွေးလူနာအိမ်မှာ ငါတို့ ၇ ရက်တိတိ ဆွမ်း ဘုဉ်းပေးကြမယ်။ ဒါဟာ ချီးမြှောက်ခြင်း တစ်မျိုးဘဲ။

အရှင်မောဂ္ဂလာန်က သူ့ဒကာတွေကို အကျိုးအကြောင်း ပြောပြတော့ ဟိုကလဲ နည်းနည်းတော့ ရစ်တာပေါ့။ သူ့ဒကာတွေက လူလည်တွေကိုး။

ကိုယ်တော်ကြီးရေ....အရှင်ဘုရားအနေနဲ့ တပည့်တော်ရဲ့ စည်းစိမ်ဥစ္စာ၊ အသက်နှင့် သဒ္ဓါတရားတွေကို အာမခံနိုင်ရင် မွေးလူနာအိမ်ကို ၇ ရက်လုံးလုံး ဆွမ်းလုပ်ကျွေးခွင့် ပြုတယ်။ အဲလိုမှ မဟုတ်ရင် တပည့်တော်တို့က မနက်ဖန်ဘဲ ကပ်ချင်တယ်။ အနိစ္စခေတ်ကြီးမှာ ဘာမှ စိတ်မချရဘူး မဟုတ်လား ဘုရား..တဲ့။

ခက်ပြီ။ 

သို့ပေမဲ့ အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးကလဲ ခေသူမှ မဟုတ်ဘဲ။ တန်ခိုးအရာမှာ ဘုရားပြီးရင် အကြီးမားဆုံးမဟုတ်လား။ 

ဟဲ့ဒကာ။  သင့်ရဲ့ စည်းစိမ်ဥစ္စာနှင့် အသက်ကိုတော့ ငါ တာဝန်ယူတယ်။ ဒါပေမဲ့ သင့်သဒ္ဓါတရားကိုတော့ ငါ တာဝန်မယူနိုင်ဘူး။ ဒီတော့ ဒီလို လုပ်ကြရအောင်။ ငါက သင့်ရဲ့ စည်းစိမ်ဥစ္စာနှင့် အသက်ကို တာဝန်ယူမယ်။ သင်က သင့်သဒ္ဓါတရားကို သင်ကိုယ်တိုင် တာဝန်ယူ။ ဘယ်လိုလဲ သဘောတူလား။

တင့်ပါ့။ ဒါဆိုရင်တော့ မဆိုးပါဘူး။

နောက်ဆုံးတော့ စေ့စပ်ညှိနှိုင်းတာ အောင်မြင်သွားခဲ့ပါတယ်။ မွေးလူနာ မိသားစုက ဘုရားရှင်နှင့်တကွ သံဃာတော်တွေကို ၇ ရက်ပတ်လုံး  ဆွမ်းလုပ်ကျွေးတယ်။ ၈ ရက်မြောက်နေ့မှာမှ အရှင်မောဂ္ဂလာန်ရဲ့ ဒကာမိသားစုက ဆွမ်းလုပ်ကျွေးကြတယ်။ 
.....
....
တခါက နယ်တနယ်က စာသင်တိုက်ကြီးမှာ သံဃာအပါး ၃၀၀ ကျော် ရှိသတတ်။ စာချဘုန်းကြီး ၆ ပါးနှင့် ဆရာတော်ကြီး ၁ ပါး။ စုစုပေါင်း ၇ ပါးက အုပ်ချုပ်ကြသတတ်။ ညစဉ်ညတိုင်း သံဃာအားလုံး စုရုံးပြီး ဘုရားဝတ်တက် တရားရှုမှတ်ကြရသတတ်။ တစ်နေ့ ဘုရားဝတ်တက်အပြီး ဆရာတော်ကြီးက စာချဘုန်းကြီး ၆ ပါးကို ပြောသတတ်။ မောင်ပဇင်းတို့စာချဘုန်းကြီးတွေကို သုံးသုံးလုံးတံဆိပ်သင်္ကန်း တစ်ပါး တစ်စုံစီပေးမယ်။ အဲဒါ ဟို ငါ့အခန်းထဲက ဘီဒိုထဲ သွားရွေးယူကြ လို့ ဆိုသတတ်။ 
စာချဘုန်းကြီးတွေက  မနက်ဖန် မိုးလင်းမှဘဲ လာရွေးတော့မယ်ဘုရား လို့ လျှောက်သတတ်။ အဲဒီအခါ ဆရာတော်ကြီးက ပြောသတဲ့။

မောင်ပဇင်းတို့.. ပေးတုန်း ယူထားကြ။ ပုထုဇဉ်သဒ္ဓါတရားဆိုတာ မတည်မြဲဘူး။ မခိုင်ခံ့ဘူး။ ငါက ပုထုဇဉ် စစ်စစ်ကြီးနော်... ဟူသတတ်။ 
...

ချုပ်၍ ဆိုရသော်..
ယူမဲ့သူကိုလဲ ပေးနေတုန်း မူမနေနဲ့ ယူထားလိုက်..လို့ ဆိုရမှာဖြစ်သလို
ပေးမဲ့သူကိုလဲ သဒ္ဓါတရားရှိတုန်းလေး မြန်မြန်ပေးထားလိုက်လို့ ပြောရမှာပါဘဲ။ 
စိတ်ကူးနဲ့လှူပြီး စိတ်ကူးနဲ့ဘဲ ယူနေကြမယ်ဆိုရင်တော့ စိတ်ကူးက စိတ်ကူးနဲ့တင် ပြီးဆုံးသွားပြီး
လိုရာတွေ အချိန်မီ မပြီးမမြှောက် ဖြစ်တတ်ကြောင်းရယ်ပါ။
သဒ္ဓါတရား ခိုင်မြဲဖို့ကျတော့ ဘုရားရဟန္တာတွေတောင်မှ တာဝန်မယူနိုင်ကြဘူးနော။
.

ကိုးကား။
သော်ဇင်၊ ဗုဒ္ဓစာပေညွန့်ပေါင်း၊ ဥဒါန်းအခန်း၊ သုပ္ဗ၀ါသာသုတ်၊ စာမျက်နှာ ၃၀-၃၇



3 comments:

Ma Tint said...

အရာရာဟာအစိုးမရဘူး အနတ္တသဘောပေကိုး....
ပေးတုန်းမယူတတ်ပြန်ရင်လည်း 'ပေးကားပေး၏ မရ' တဲ့နော်...
အခုလို ပို့စ်လေးတင်တုန်းမြန်မြန်ဖတ်လိုက်တယ် ... :P

Nightingale the angel said...

Laze bone......
....
.....
.....
...
....
...
...
....
...
...
........
..........loh
pyaw tot per buu...bya!! :D

သူကြီးမင်း (တုံးဖလား) said...

တီတင့်။
ဘလော့ကို လာလည်တဲ့သူမရှိလို့ ဆိုပြီး ဖြစ်ကတတ်ဆန်း လုပ်နေတာ တီတင့်။
သေချာကြည့်တော့ လာလည်တဲ့သူလေးတွေ ကြိုကြားကြိုကြား တွေ့ရတယ်။
ဒါနဲ့ ဖြစ်သေးပါဘူးလေ။ နဲနဲ ရှည်တဲ့ ပို့စ်လေးတော့ တင်ဦးမှ ဆိုပြိး တင်လိုက်တာ။
မုဒ်ကတော့ သိပ်မ၀င်သေးဘူး။ ဘလော့လေး အက်တစ်ဗ်ဖြစ်ရုံလောက်ကလေး လုပ်လိုက်တာရယ်
ကျေးဇူးပါတီတင့် လာအားပေးတာ။

နိုက်တင်ဂေဿးအိန်ဂျယ်။
ယူအာ ဗဲရီး ဖန်းနီး အင် ဆမ်ဿးင်းး)