Thursday 13 August 2015

ငိုပြီလေ

အချိန်အနည်းငယ် ပိုသဖြင့်
အပေါ်ထပ်၌ စာဖတ်နေသည်။
ထိုစဉ်
အောက်ထပ်မှ စူးစူးဝါးဝါး အော်ဟစ်အကူအညီတောင်းသံ တစ်ခု ထွက်ပေါ်လာသည်။

"သူကြီး ငါ့ကို ကူပါကယ်ပါဦး"

ဒါ သူငယ်ချင်းရဲ့ အော်ဟစ်သံဘဲ။ သူ တကယ် အကူအညီလိုနေ၍ ဖြစ်မည်။
နာရီ မော့ကြည့်လိုက်တော့ မနက် ၁၀ နာရီခွဲ။

ဖတ်လက်စ စာအုပ်ကို ပစ်ချကာ အောက်ထပ်သို့ အပြေးဆင်းသွားသည်။

သူငယ်ချင်းဖြစ်အင်ကို မြင်လိုက်တော့ ရင်ထဲမှာ သိပ်မကောင်း။
တကိုယ်ကောင်လုံး ဘာမှ ရစရာ မကောင်းတော့။
သူက အသံသဲ့သဲ့ဖြင့် ပြောရှာသည်။

"ငါ့ကို ကူပါဦးကွာ"

ဒီပွဲကို တကယ် ၀င်ပါမှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ကာ ဓါးအိမ်ထဲမှ ဓါးကို ရွှမ်းကနဲ မြည်အောင် ဆွဲထုတ်လိုက်သည်။

ပြီးတော့ သူငယ်ချင်းအနီးမှ အရာဝတ္ထုတစ်ခုကို ဓါးဖြင့် ဇွတ်ကနဲ ထိုးချလိုက်သည်။
ထိုနောက် စိတ်မကျေသေး၍ ထိုအရာဝတ္ထုတစ်ခုကို ဖင်ဖြတ်ခေါင်းဖြတ်ပြုလုပ်ပြီး ပါးပါးလှီးပစ်လိုက်သည်။

ထိုရန်သူမှလည်း ရသမျှခွန်အားဖြင့် ပြန်ခုခံသည်။

နောက်ဆုံးတော့ ရန်သူကို အနိုင်ရလိုက်ပေမဲ့
သူကြီးငိုပြီလေ။
.
သူငယ်ချင်းက နေ့လည်စာအတွက် ပြင်ဆင်နေရင်း ရစရာမကောင်းလောက်အောင် ဟင်းလောင်းလျာများဖြင့် ပေကျံနေသည့်ကြားထဲမှ ကျွနု်ပ်ကို ကြည့်ပြီး တဟားဟား ရယ်မောနေ၏။
 ရယ်မောရက်လိုက်ပါဘိ။ သူ့ကို လာဝိုင်းကူနေသည်ကိုမှ အားမနာ လျာမကျိုး။
 ပြီးတော့ သူက ရယ်မောရင်း ပြောလိုက်သေး၏။

"မင်းက ကြက်သွန်ကို အဲဒီလို လှီးမှတော့ မျက်ရည်ထွက်တာတောင် နည်းသေး"

.

1 comment:

Aunty Tint said...

အော်.... ခေါင်းစဉ်လေးဖတ်ပြီး သနားမယ်ကြံတုန်း
ဓါးကိုဆွဲထုတ်လိုက်တော့ သဲထိတ်ရင်ဖိုသွားရပြန်
အဆုံးသတ်နိဂုံးရောက်ချိန် သူကြီးမင်းငိုရခြင်းအကြောင်းရင်းသိရ..... :P :D