Saturday, 8 August 2015

ဟိုတွေး ဒီတွေး ဤရေဘေး

အခုလို ဘေးဒုက္ခတွေ ရောက်နေကြတော့ ဘက်ပေါင်းစုံ အလွှာပေါင်းစုံက မြန်မာလူမျိုးတွေရဲ့  စေတနာတရားတွေ ပိုသိသာထင်ရှားလာတယ်။ ကိုယ်ချင်းစာတရားနှင့် ပေးကမ်းရက်ရောမှု အံ့ချီးမဆုံးပါဘဲ။ တတ်ရာပညာနဲ့ အလှူခံပြီး ဒုက္ခသည်တွေအတွက် လှူဒါန်းမှုပြုတာဟာ အလွန်မွန်မြတ်လှပါတယ်။ အိမ်ဖော်မလေးက နှစ်လစာ လခ တစ်သိန်း ကြိုထုတ်ပြီး ရေးဘေးဒုက္ခသည်တွေကို လှူလိုက်တဲ့သတင်း၊ အရွယ်မရောက်သေးတဲ့ စားပွဲထိုးလေးက သူ့လုပ်အားခနဲ့ ခေါက်ဆွဲခြောက်တွေ ၀ယ်ယူပြီး ပုံးအလိုက်လှူတဲ့သတင်း အပါအ၀င် နာမည်မဖော်ဓါတ်ပုံမရိုက်ဘဲ လူ သုံးရာအတွက် တစ်ယောက်ကို ကျပ်ငွေ တစ်သောင်းစီ လာရောက်လှူဒါန်းသွားတယ်ဆိုတဲ့သတင်း အထိ ကြည်နူးအားရစရာတွေချည်းပါဘဲ။ ကိုယ့်သွေးချင်းတွေ အခက်အခဲဖြစ်လာရင် ဒီလိုဘဲ ၀ိုင်းဝန်းဖြေရှင်းကြရမှာ မဟုတ်လား။ ဒါပေမဲ့ ကောင်းကျိုးဆိုးပြစ်ကလေး တွေတော့ နည်းနည်းစီ ရှိတတ်ကြတာပေါ့လေ။

အခုလို ဘေးဒုက္ခရောက်နေတဲ့အခါ ၀ိုင်းဝန်းဖြေရှင်းကြတာလေးတွေကြည့်ပြီး ဘုရားရှင်လက်ထက်က အငတ်ဒုက္ခဘေးကို ရဟန်းတော်တွေ အချင်းချင်းတိုင်ပင်ပြီး ဖြေရှင်းခဲ့ကြပုံလေးကို  သွားသတိရမိတယ်။ 

ဝဇ္ဇီတိုင်းကြီးအငတ်ဘေးဆိုက်တော့ သေသူသေ ကြေသူကြေနဲ့ ငတ်ပြတ်နေကြတာ ဘာပြောကောင်းမလဲ။ လူတွေဆိုတာလဲ အရိုးနဲ့ပြိုင်းပြိုင်းရယ်။ အာဟာရမှ မပြည့်ဝရှာကြတာကိုး။ လူတွေ ငတ်ပြီဆိုမှတော့ လူတွေကို မှီခိုနေကြရတဲ့ ရဟန်းတွေလဲ ငတ်တလှည့်ပြတ်တလှည့်နဲ့ အတော်လေး ဒုက္ခရောက်နေကြရရှာတာကလား။ ရဟန်းတွေလဲ လူတွေလို အရိုးပြိုင်းပြိုင်းပါဘဲ။ ရှင်ကြီးဝတ်မှ ၀ါကြီးထပ်ဆိုသလို  ၀ဇ္ဇီတိုင်းကြီး အငတ်ဘေးဆိုက်တဲ့ အခါမှာမှ ရဟန်းတော်အချို့ဟာ ၀ဇ္ဖီတိုင်းဒေသကြီးရဲ့ ဒေသငယ်လေးတစ်ခုဖြစ်တဲ့ ၀ဂ္ဂုမုဒါမြစ်ကမ်းနားတလျှောက်မှာ ၀ါဆိုမိရက်သား ဖြစ်နေကြပါရောလား။ ဒီတော့ ရဟန်းတွေခမျာ တောင်ကြံမြောက်ကြံ ခေါင်းချင်းဆိုင် အကြံတွေထုတ်နေကြရပြီပေါ့။ လူတွေ လူအလုပ်ရှိသလို ရဟန်းတွေလဲ ရဟန်းအလုပ် ရှိသေးတယ် မဟုတ်လား။ 

ရဟန်းတွေဆိုလို့ အထင်မသေးလိုက်နဲ့ဦး။ ပုထုဇဉ်ရဟန်းကစလို့ ရဟန္တာအဆင့်အထိ ရဟန်းတော်တွေ။ ရိုးရိုးမြေလျှောက်ရဟန်းတွေကစလို့ ဝေဟင်ခရီးကို ဈာန်အဘိညာဉ်စီးပြီး သွားနိုင်စွမ်းရှိကြတဲ့ ရဟန်းတော်တွေ။ အဲဒီလိုရဟန်းတော်တွေ ၀ါဆိုဝါကပ်တဲ့ ၀ဇ္ဇီတိုင်းဒေသကြီး။

တစ်နေ့ကို ထမင်း သုံးလေးထပ် စားနေကြတဲ့ လူတွေအတွက် ခံသာလှပေမဲ့ တစ်နေ့မှ တစ်ထပ်လောက်ကိုသာ ဘုဉ်းပေးနေကြရတဲ့ ရဟန်းတော်တွေအတွက်က အဲဒီတစ်နပ်စာကို မ၀မလင် စားသုံးနေကြရတာဆိုတော့ မထောင်းသာလှပေဘူးကော။ အူမတောင့်မှ သီလပိုစောင့်နိုင်တယ် လို့တောင် ဆိုရိုးစကား ရှိသေးတာဘဲ။ ပရိယတ် ပဋိပတ်တွေ စဉ်ဆက်မပြတ် ကျင့်ကြံအားထုတ်ဖို့တော့ အူမ တောင့်ဖို့ လိုသေးတယ် မဟုတ်လား။ တစ်ခုခုတော့ လုပ်တော့မှ။ 

ဒီတော့ ရဟန်းတော်တွေ အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေငြာပြီး အစည်းအဝေး ထိုင်ကြတယ်။  ရဟန်းတော်တွေ တစ်နေရာထဲမှာ စုရုံးပြီး ဆွေးနွေးကြတယ်။ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က တစ်ခုထဲ။ ဒီအငတ်ဘေးကို ဘယ်လို ရင်ဆိုင် ဖြေရှင်းကြမလဲ။ ဒါဘဲ။

ရဟန်းတစ်ပါးက ထ ဆွေးနွေးတယ်။

"အခုအခါမှာ တပည့်တော်အပါအ၀င် ရဟန်းတော်တွေ အာဟာရ မပြည့်ဝကြဘူး။ တစ်ရက် နှစ်ရက်ဆို တောင့်ခံနိုင်ပေမဲ့ အခုလို လနဲ့ချီပြီး အငတ်ဘေး ဆိုက်ရောက်တော့ ခံနိုင်ရည် မရှိကြတော့ဘူး။ ဒီတော့ ဒီအငတ်ဘေးကို ကျော်လွှားနိုင်ဖို့ နည်းလမ်း တစ်ခုဘဲ ရှိတော့တယ်။ အဲဒါကတော့ လူတွေရဲ့ အလုပ်အကျွေးအနေနဲ့ ပြုစုလုပ်ကိုင်ပြီး ဆွမ်းတစ်နပ်အတွက် ကြိုးစားကြရုံဘဲ" 

"ကဲ သဘောတူကြလား"

 ခေါင်းဆောင်လုပ်တဲ့ ရဟန်းက ရဟန်းပရိသတ်ကို မေးလိုက်တယ်။ ထုံးစံအတိုင်း သဘောတူပါတယ်၊ သဘောမတူပါဘူး လို့ ဖြေတဲ့ ရဟန်းတွေ ရှိသလို ဆိတ်ဆိတ်နေတဲ့ ရဟန်းတွေလဲ အများကြီးပါဘဲ။ ကဲ ဒါဖြင့် မဲခွဲကြစို့ဆိုတော့ သဘောမတူတဲ့ ရဟန်းတော်တွေဘက်က အနိုင်ရသွားတယ်။ 

သဘောမတူတဲ့ အကြောင်းရင်းက ဒီလို။ "အမြတ်ဆုံးဖြစ်တဲ့ သင်္ကန်းကို ၀တ်ရုံထားပြီး ထင်းခွဲရေခပ်အ၀တ်လျှော်စတဲ့  အလုပ်တွေနဲ့ လူတွေရဲ့ အလုပ်အကျွေးကို ပြုလုပ်တာဟာ မသင့်တော်ပါဘူး။ အငတ်ဘဲ ခံမယ်။ လူတွေရဲ့ အလုပ်အကျွေးတော့ မလုပ်နိုင်ဘူး။ ဘုရားလဲ ကြိုက်မှာ မဟုတ်ဘူး" တဲ့။

ဒီအခါမှာ နောက်တစ်ပါးက ထ ဆွေးနွေးတယ်။

"အလုပ်အကျွေးပြုစုဖို့ သဘောမတူကြဘူးဆိုတော့ တစ်ခြားတစ်ခုကို စဉ်းစားကြရတာပေါ့။ တပည့်တော် အကြံတစ်ခု ရှိတယ်။ တပည့်တော်ရဲ့ အဆိုကို တင်သွင်းခွင့်ပြုပါ။ တပည့်တော်တို့ ပြန်ကြားရေး အလုပ်ကို လုပ်ကြမယ်။  ပြန်ကြားရေးရဟန်းတော်များဌာန ဆိုပြီး အရေးပေါ် အဖွဲ့တစ်ခု ဖွဲ့စည်းကြမယ်။ နယ်ပယ်အလိုက် ဌာနခွဲတွေ ထားမယ်။ ပြီးရင် လူတွေရဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ပို့ဆောင် ဆောင်ရွက်ပေးမယ်။ တစ်အိမ်က တစ်အိမ်၊ တစ်ရွာက တစ်ရွာ၊ တစ်မြို့က တစ်မြို့၊ တစ်နိုင်ငံက တစ်နိုင်ငံ စတဲ့ စာပို့လုပ်ငန်း၊ သတင်းဖြန့်ချိရေးလုပ်ငန်း စတာတွေကို ဆောင်ရွက်မယ်။ ဒါဆို အဖိုးအခအနေနဲ့ တစ်နေ့ကို ဆွမ်းတစ်နှပ်လောက်တော့ ကောင်းကောင်း ဘုဉ်းပေးနိုင်ပြီး ပရိယတ် ပဋိပတ်လုပ်ငန်းတွေကို မပင်ပန်းဘဲ လုပ်ဆောင်နိုင်ကြမယ်"

"ဟုတ်တယ် အဲဒါကောင်းတယ်  သဘောတူတယ်"

"ဟာ ဟုတ်သေးပါဘူး၊ အဲဒါလဲ မသင့်တော်ဘူး ထင်တယ်နော"

"စီနီယာတွေ ကောင်းသလို စီမံကြပါ။ နောက်က အားပေးဖို့ အဆင်သင့်ပါ"

တစ်ယောက်တစ်ပေါက်.. အဲလေ.. တစ်ပါးတစ်ပေါက်ပေါ့။ ထုံးစံက ရှိသကိုး။ သူကြီးအထင်ကတော့ အဲဒီ ပြန်ကြားရေးလုပ်ငန်းက အဲဒီခေတ် ရဟန်းတော်တွေအနေနဲ့ အတော်လေး လွယ်ကူလောက်တယ် ထင်တာဘဲ။ ဈာန်ရ ရဟန်းတော်တွေ အတော်များတဲ့ ခေတ်မဟုတ်လား။ အခုခေတ် စာပို့လုပ်ငန်း၊ အင်တာနက်၊ ဖေ့စ်ဘုတ်ထက်တောင် ပိုမြန်ဆန်တိကျလောက်တယ်။ ကန်တော့ပါသေးရဲ့။ ရိုးရိုးစာပို့ ပထမတန်းစာပို့ အထူးစာပို့  နေ့ချင်းစာပို့ ဆိုပြီးတောင် လုပ်လို့ ရသေးတယ်။ ရိုးရိုးစာပို့နှင့်ပထမတန်းစာပို့ဆို သာမန်ရဟန်းတော်လေးတွေက တာဝန်ယူပြီး အထူးစာပို့တွေ နေ့ချင်းရောက်စာပို့တွေကိုတော့ ဈာန်အဘိညာဉ်ရ ရဟန်းတော်တွေ တာဝန်ခွဲယူကြမယ်မဟုတ်လား။

ဒါပေမဲ့လဲ  အဲဒီပြန်ကြားရေးအလုပ်ကိုလဲ မဲစနစ်နဲ့ ခွဲလိုက်တော့ မသင့်တော်ဘူး မလုပ်ဘူးဆိုတဲ့ဘက်က အနိုင်ရသွားပြီး ဗီဒိုအာဏာနဲ့ ပယ်ချခံလိုက်ရတယ်။ အစည်းအဝေးက အရှိန်မြင့်လာလေ ရဟန်းတော်တွေက လှုပ်လှုပ်ရွရွ ဖြစ်လာလေပေါ့။ ဆွမ်းတစ်နှပ်အတွက် ညီလာခံကြီး ကျင်းပပြီး လေးလေးနက်နက် စည်းဝေးနေကြတာဆိုတော့ အတော်လေးတော့ အားကျစရာ ကောင်းသား။

ဒီအခါမှာ ရဟန်းတော်တစ်ပါးက အဆိုတင်သွင်းလာတယ်။

"ဒါဖြင့် တပည့်တော်တို့ ဒီလို လုပ်ကြမယ်။ ဒီအလုပ်က အဆင့်လဲ မြင့်တယ်။ အထင်လဲ အသေးမခံရဘူး။ အထင်တောင် ပိုကြီးစရာ ဖြစ်သေးတယ်။ ပြီးတော့ လူတွေရဲ့ အလုပ်အကျွေးနှင့် သတင်းပို့သမားလဲ လုပ်ဖို့ မလိုဘူး။ လိမ်စားညာစားအလုပ်လဲ မဟုတ်ဘူး။ ဒီအလုပ်က တကယ့်ကို အထူးစပါယ်ရှယ်အလုပ်။ ဒီအကြံတာ အောင်မြင်လို့ကတော့ တပည့်တော်တို့ ရဟန်းတော်တွေ နေ့စဉ် ဆွမ်းတစ်နှပ် ၀၀လင်လင် ဘုဉ်းပေးရပြီး သာသနာပြုလုပ်ငန်းတွေ လုပ်ကိုင်နိုင်မှာ သေချာတယ်"

"တယ်ဆိုတဲ့ စာပါလား ဆိုစမ်းပါဦး ကိုယ်တော်"

"ဒီလိုဘုရား။ တပည့်တော်တို့ ရဟန်းတော်တွေထဲမှာ တစ်ဝက်ကျော်ကျော်က ဈာန်အဘိညာဉ်ရ ရဟန်းတော်တွေနဲ့ အရိယာရဟန်းတော်တွေချည်း မဟုတ်လား။ ဒီတော့ ဒီလို လုပ်ကြရအောင်။ တပည့်တော်တို့ အချင်းချင်းတွေရဲ့ ဂုဏ်ပုဒ်တွေကို လူဒကာဒကာမတွေကို သွားပြောကြတယ်။ ဥပမာအားဖြင့်  တောင်ကျောင်းက ဦးတိဿကြီးက ဈာန်အဘိညာဉ်ရပုဂ္ဂိုလ်ကြီး၊ မြောက်ကျောင်းက ဦးဒတ္တကြီးက သောတာပန်ပုဂ္ဂိုလ်ကြီး၊ အလယ်ကျောင်းက ဦးသောမက သကဒါဂါမ်ပုဂ္ဂိုလ်ကြီး၊ အရှေ့ကျောင်းက ဦးနာဂက အနာဂါမ်ပုဂ္ဂိုလ်ကြီး၊ အနောက်ကျောင်းက ဦးဘောဂက ရဟန္တာပုဂ္ဂိုလ်ကြီး စသဖြင့် ပြောကြမယ်။ အမှန်တကယ်လဲ အဲဒီရဟန်းတော်တွေက ဈာန်အဘိညာဉ်စတာတွေ ရရှိပြီးတဲ့ ရဟန်းတော်တွေ ဖြစ်တဲ့အတွက် မုသားလဲ မထိုက်ပါဘူး။ အမှန်အတိုင်း ပြောပြလိုက်ရုံလေးပါ"

အဲဒီရဟန်းတော်ရဲ့ အကြံက သိပ်ထိရောက်မှု ရှိတဲ့အတွက် (သာသနာတော်ရဲ့ ဂုဏ်ကိုလဲ မညှိုးနွမ်းစေတဲ့အတွက်) အစည်းအဝေးတက်လာကြတဲ့ ရဟန်းတော်များ တညီတညွတ်ထဲ သဘောတူလိုက်ကြတယ်။ အမှန်အတိုင်းပြောမယ်၊ အရှိအတိုင်းပြောမယ်၊ အဟုတ်အတိုင်းပြောမယ်။ အကျိုးအမြတ်ကလဲ တကယ့်အကြီးကြီး။ အခုခေတ်အပြောနဲ့ဆိုရင်တော့ ပြဿနာရဲ့ Solution(အဖြေ)ကို ရရှိသွားပြီဖြစ်တဲ့အတွက် ညီလာခံကြီးကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ပြီး ရုပ်သိမ်းလိုက်ကြတယ် ဆိုပါတော့။ ဆောင်ပုဒ်ကလေးက။

""ဆွမ်းတစ်နှပ်ဘုဉ်းပေးဖို့ အမှန်အတိုင်း ပြောကြစို့""

ရဟန်းတော်တွေရဲ့ အကြံ အတော်လေး ထိရောက်သွားပါတယ်။ ဟို တောင်ကျောင်းက ဦးတိဿကြီးက ဈာန်အဘိညာဉ်တွေရတယ်လဲဆိုရော.. ဟေးးး လာသွားကြမယ် ရောင်းရင်းတို့ ဦးတိဿကြီးဆီ ပစ္စည်းလေးပါး သွားလှူကြရအောင် ဖြစ်ကြကုန်ရော။ ဦးဘောဂကြီးကလဲ ရဟန္တာပုဂ္ဂိုလ်ကြီးနော ဆိုလိုက်ပြန်တော့လဲ... လာကြဟေ့ ရွာသားတွေ အားလုံး ဦးဘောဂကြီး သွားဖူးရအောင် လုပ်ကြပြန်ရော။  အဲဒီလို အဲဒီလိုနဲ့  ရဟန်းတော်တွေရဲ့ အချင်းချင်းဂုဏ်ပုဒ်တွေ ဖော်ပြမှုကြောင့် ဒကာဒကာမတွေလဲ သဒ္ဓါတရားတွေတိုးတိုးလာကာ ငါတို့ အရတော်လေစွတကား ငါတို့ ကံကောင်းစွတကား ဆိုပြီး ရဟန်းတော်တွေကို ဆွမ်းဦး ဆွမ်းထူး ဆွမ်းအကောင်းတွေချည်း နေ့စဉ် ကြံဖန်ရှာဖွေ ဆက်ကပ်ကြတော့သတဲ့။ သူတို့ ကိုယ်တိုင်ခမျာမှာတော့ ဆန်ကွဲထမင်းလေးတွေကို ကျိုချက်ပြီး သဲအရောရော ကျောက်အရောက် မ၀မလင် စားသောက်ပြီး နေ့စဉ်ဘ၀ကို ဖြတ်သန်းကြရှာတော့သတဲ့။

ဝါကျွတ်ခါနီးလေ အဲဒီ ၀ဇ္ဇီတိုင်းဒေသကြီးရဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ ၀ဂ္ဂုမုဒါမြစ်ကမ်းနယ်ပယ် တလျောက်က ရဟန်းတော်တွေဟာ တစ်နေ့တစ်ခြား နုပျိုလှပလန်းဆန်းလာလေ ဖြစ်လာကြပေမဲ့ အဲဒီဒေသက လူတွေကတော့ အရိုင်းပြိုင်းပြိုင်းဖြစ်နေကြတော့သတဲ့။ 

ဒီလိုနဲ့ ၀ါကျွတ်သွားတယ် ဆိုကြပါစို့။  အဲဒီခေတ်ကာလထုံးစံအတိုင်း ၀ါကျွတ်ပြီဆိုလို့ရှိရင် ရဟန်းတော်တွေအားလုံး ဘုရားရှင်သီတင်းသုံးတော်မူရာ ကျောင်းတိုက်ကို လာရောက်ပြီး ဘုရားရှင်ကို ဖူးမြှော်လေ့ရှိကြတယ်။ အဲဒီအချိန်တုန်းက ဘုရားရှင်ဟာ ဝေသာလီပြည် မဟာဝုန်တောထဲမှာ ရှိတဲ့ ပြသာဒ်ကျောင်းတော်ကြီးမှာ သီတင်းသုံးတော်မူခိုက်ဖြစ်ပါတယ်။ ၀ဇ္ဇီတိုင်းအတွင်း ဒေသအသီးသီးမှာ သီတင်းသုံးနေထိုင်ကြတဲ့ ရဟန်းတော်တွေ ဘုရားရှင်ထံ ရောက်ရှိလာကြတယ်။ ၀ဂ္ဂုမုဒါမြစ်ကမ်းဘေးက ရဟန်းတွေ အပါအ၀င်ပေါ့။

ဒီနေရာမှာ ဗဟုသုတဖြစ် တစ်ခုလောက် ဖော်ပြပေးချင်ပါတယ်။ ရပ်ဝေးကနေ တကူးတက လာရောက် ဖူးမြှော်ကြတဲ့ ရဟန်းတော်တွေကို ဘုရားရှင်က စကားလေးခွန်းနဲ့ နှုတ်ခွန်းဆက် ကြိုဆိုလေ့ ရှိပါတယ်။ 

ရဟန်းတော်တို့..
၁။ နေကောင်းကြပါရဲ့လား 
၂။ မျှတမှု ရှိကြပါရဲ့လား
၃။ အချင်းချင်း ချမ်းချမ်းသာသာညီညီညွတ်ညွတ် ရှိကြပါရဲ့လား
၎။ ဆွမ်းအတွက် လွယ်ကူကြပါရဲ့လား

ဒါလေးကို ကြည့်ပြီး စဉ်းစားမိတယ်။ ဒီဘက်အနောက်တိုင်းကလူတွေ ဘုရားရှင်ရဲ့ နှုတ်ဆက်စကားကို အတုယူထားတာဘဲလို့။ နေကောင်းလား ဆိုပြီး စ နှုတ်ဆက်လေ့ ရှိကြတယ် မဟုတ်လား။ မြန်မာမှာကတော့ များသောအားဖြင့် စားပြီးပြီလား ဆိုပြီး စနှုက်ဆက်တာတွေ ပိုများနေသလားလို့။

ကဲ ရှိစေတော့။ ဇာတ်လမ်းလေးဘက် ဆက်ကြရအောင်။
ဘုရားရှင်က အထက်က စကားလေးခွန်းနဲ့ နှုတ်ခွန်းဆက်တော့ ထုံးစံမပျက်  နေကောင်းပါသည်ဘုရား၊ မျှတမှုရှိပါသည်ဘုရား၊ ချမ်းသာညီညွတ်စွာ ရှိကြပါသည်ဘုရား၊ ဆွမ်းအတွက် လွယ်ကူကြပါသည်ဘုရား ဘဲပေါ့။ ဒါပေမဲ့ ဘုရားရှင်က ရဟန်းတော်တွေအားလုံးကို အကဲခတ်ကြည့်လိုက်တော့ ရဟန်းတော်တွေ အတော်များများ ပိန်ချုံးပြီး အရိုးပေါ်အရေတင် ဖြစ်နေတာကို မြင်တွေ့ရသတဲ့။ ဒါပေမဲ့ ၀ဂ္ဂုမုဒါမြစ်ကမ်းဘေးကနေ လာရောက်ကြတဲ့ ရဟန်းတော်တွေကျတော့ အသားအရည်စိုပြေလှပပြီး ကျက်သရေအသွင်ကို ဆောင်နေတာကို မြင်တွေ့လိုက်သတဲ့။ ဒီတော့ မေးတော်မူပြီပေါ့

"ဟေ့.. ချစ်သားတို့ ဘယ်လို ဖြစ်လာကြတာတုန်း။ အခြားအရပ်ဒေသက ရဟန်းတော်တွေ အားလုံး ပိန်ချုံးနေကြရဲ့သားနဲ့ ချစ်သားတို့က ဘာဖြစ်လို့ ပြည့်ပြည့်၀၀ ဣနြေ္ဒတွေ အပြည့်အစုံနဲ့ ဖြစ်နေရတာတုန်း"

ဒီတော့ အခုခေတ်ပုံစံနဲ့ဆို အဲဒီရဟန်းတွေ အချင်းချင်း လက်ကုတ်ခြေဆိတ် လုပ်ပြီပေါ့။ ကိုယ်တော်လျှောက်တင်လိုက်လေ၊ ဟာ အရှင်ဘုရားဘဲ လျှောက်လိုက်ပါ၊ ဟို အစဦးဆုံး အဲဒီအကြံရတဲ့ ရဟန်း လျှောက်လိုက်လေ စသဖြင့် ဖြစ်ကုန်ကြရောပေါ့။ ဒါပေမဲ့ အဲဒီခေတ်က ရဟန်းတွေကတော့ မုသားပြောလေ့မရှိဘူး။ လုပ်ရင်လုပ်တယ် မလုပ်ရင် မလုပ်ဘူး ပြတ်ပြတ်သားသားဘဲ။ ဘုရားရှင်ကသာ ချစ်သား သင်အဲဒီအပြစ်ကို တကယ်ကျူးလွန်ခဲ့သလားလို့ မေးလိုက်၊ ကျူးလွန်ထားတဲ့ ရဟန်းက ဘယ်တော့မှ မလိမ်ဘူး။ တင်ပါ့ဘုရား ကျူးလွန်ခဲ့မိပါတယ်ဘုရား ချည်းဘဲ။ အဲဒါတွေ ကြည်ညိုစရာကောင်းတာ။  အခုကိစ္စကိုလည်း ကြည့်။ သူတို့ အမှန်အတိုင်း လျှောက်တင်ကြပြီလေ။

"တင်ပါ့ဘုရား။ တပည့်တော်တို့ ရရှိပြီးသား ဂုဏ်ပုဒ်တွေ ဈာန်မဂ်ဖိုလ်တွေကို ဒကာဒကာမတွေကို ပြောကြားပြီး ဒကာဒကာမတွေရဲ့ ကြည်ညိုမှုကို ရယူကာ ဆွမ်းကွမ်းကိစ္စတွေ အရမ်းအဆင်ပြေခဲ့တဲ့ အတွက် အခုလို တစ်တိုင်းပြည်လုံး အငတ်ဘေး ကျရောက်ပြီး ငတ်ပြတ်နေကြပေမဲ့ ဘုရားတပည့်တော်တို့ ၀ဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတွေကတော့ အာဟာရသပ္ဗါယမျှတစွာ သီတင်းသုံးနေထိုင်ကြရပြီး အခုလို ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်နေကြရတာပါဘုရား"

"တယ်... မိုက်ရိုင်းလိုက်လေ"

ဘုရားရှင်ရဲ့ နှုတ်ဖျားက ထွက်တဲ့ စကားတွေမှာ ဒီစကားက အကြမ်းတမ်းဆုံးပါ။ တစ်ခြားနေရာတွေမှာထက် အခုလို အပြစ်ကျူးလွန်တဲ့ ရဟန်းတွေကို ပြန်တုန့်ပြန်တဲ့ နေရာတွေမှာ အတွေ့များလေ့ရှိတဲ့ စကားလုံးပါ။ ဘုရားရှင်ကတော့ မောဃပုရိသ..လို့ ရေရွတ်လိုက်တာပါ။ အပေါ်က စကားကတော့ သူကြီး Interpret လုပ်ထားတာပါ။ မောဃပုရိသဆိုတာ အဖြောင့်ပြန်ရင်တော့ မဂ်ဖိုလ်မမှီး အချည်းနှီးသော ယောက်ျား.. တဲ့။ အဲဒီစကားက ..... ငတုံး ငအ ငမိုက်သား အလကားကောင် ငပျင်း ငဖျင်း အလေနသောကောင်  သောက်ရှက်မရှိတဲ့ကောင် .....ဆိုတဲ့ စကားလုံးတွေထက် ပိုနာစေတဲ့ စကားလုံးဘဲ ဖြစ်ပါတယ်။ ဘုရားရှင်က အဲဒီစကားလုံးကို ခေါ်ပြီဆို အခေါ်ခံရတဲ့ ရဟန်းတွေမှာ မျက်နှာလေး အောက်ကျို့ ပြီး တကယ့် တကယ့်မျက်နှာငယ်လေးနဲ့ ငမိုက်သားပုံစံလေး ပေါက်နေပါတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားနဲ့ ပြောရရင်တော့ ဘုရားရှင်ဟာ.. ရဟန်းတို့.. ငါတို့ဟာ ပြည်သူတွေနဲ့အတူ သံသရာခရီးကို ကူးခတ်နေကြတာ ဖြစ်တယ်။ ဒီတော့ အခန့်မသင့်ရင် ဆင်းရဲမယ် ငတ်မယ် သေမယ်၊ ပြည်သူတွေ ဆင်းရဲရင် ငါတို့လဲ ဆင်းရဲမယ်၊ ပြည်သူတွေ ငတ်ရင် ငါတို့လဲ ငတ်မယ်၊ ပြည်သူတွေ သေရင် ငါတို့လဲ အတူတူ သေကြမယ်။ ဘယ်သူက ဘယ်သူ့ထက်မှ ပို အခွင့်ရေး မယူရ၊ ပို အခွင့်အရေးမရှာရ.. အမိန့်....ဆိုတဲ့ သဘောထားမျိုးပါ။

"သင်တို့ထံမှာ အဲဒီ ဈာန်မဂ်ဖိုလ်တွေကော တကယ် ရှိကြရဲ့လား"

ဘုရားရှင်က အကြောင်းမဲ့ ထိုစကားကို မေးခြင်းမဟုတ်ပါ။ အကယ်၍ မိမိထံ ဈာန်မဂ်ဖိုလ်မရှိပါဘဲလျှက် ဈာန်မဂ်ဖိုလ်ရပြီးပြီဟု လူဒကာဒကာများကို ပြောကြားခဲ့လျှင် လူဒကာဒကာမများကလဲ ယုံကြည်ခဲ့လျှင် အဲဒီ ရဟန်းဟာ ရဟန်းမဟုတ်တော့ပါဘူး။ လူထွက်ရပါတော့မယ်။ ၀ိနည်းစကားအရပြောရင်တော့ ပါရာဇိကကျတယ်ပေါ့။ ဒါပေမဲ့ မိမိထံမှာ ဈာန်မဂ်ဖိုလ်ရှိနေတာကို အရှိအတိုင်း ပြောရင်တော့ နောက် အပြစ်တစ်မျိုးပေါ့။

"တင်ပါ့ဘုရား။ တပည့်တော်တို့ထံမှာ အဲဒီဈာန်မဂ်ဖိုလ်တွေ ရှိပါတယ်ဘုရား။ လိမ်လည်ပြီး ပြောဆိုခဲ့ကြတာ မဟုတ်ပါဘုရား"

"ကောင်းပြီ။ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ပစေ။ ရှက်ဖို့တကယ်ကောင်းတယ်။ အကျိုးမဲ့လုပ်ရပ်တွေ။ မှတ်ထား။ နောက်ကို အခုလို မိမိထံမှာ အမှန်အကန်ရှိနေတဲ့ ဈာန်မဂ်ဖိုလ်တွေကို လူပရိသတ်တွေကို ပြောကြားရင် ပါစိတ်အာပတ် သင့်စေ။ ဒါဘဲ"

ရဟန်းတွေရဲ့ ပြစ်ဒဏ် (အာပတ်)က အဆင့် ၇ ဆင့် ရှိပါတယ်။ အကြီးဆုံးပြစ်ဒဏ်က တခါထဲ လူဝတ်လဲရတဲ့ ပြစ်ဒဏ်ပါ။ အဲဒါကို ပါရာဇိကအာပတ်လို့ ခေါ်ပါတယ်။ နောက် အစဉ်အတိုင်း ၆ ခုကတော့  သံဃာဒိသိသ်အာပတ်၊ ထုလ္လစ္စည်းအာပတ်၊ ပါစိတ်အာပတ်၊ ပါဋိဒေသနီအာပတ်၊ ဒုက္ကဋ်အာပတ်နှင့် ဒုဗ္ဘာသိတအာပတ်တို့ဘဲ ဖြစ်ကြပါတယ်။ အခု ၀ဂ္ဂမုဒါမြစ်ကမ်းက ရဟန်းတွေကို ချမှတ်တဲ့ ပြစ်ဒဏ် နံပါတ် ၄ ဖြစ်တဲ့ ပါစိတ်အာပတ်ပါ။ 

ဘုရားရှင်က သံဃာ့ပရိသတ်ကို ကိုင်တွယ်တဲ့နေရာမှာ ပထမနှစ် ၂၀ မှာ ညင်ညင်သာသာလေး ကိုင်တွယ်ခဲ့တာပါ။ ကြိုတင်ရေးဆွဲထားတဲ့ အခြေခံဥပဒေဆိုတာ မရှိပါဘူး။ Prevention is better than cure  ဆိုပေမဲ့ ကြိုတင်ရေးဆွဲဖို့ မလိုလောက်အောင်ကို သာသနာက သန့်ရှင်းခဲ့ပါတယ်။ ဘုရားဖြစ်ပြီး နှစ် ၂၀ ကျော်လာမှသာ အာဏာနဲ့ ကိုင်တွယ်အုပ်ချုပ်လာတာပါ။ ဒါကလဲ အုတ်ရောရော ကျောက်ရောရော ဖြစ်မှာစိုးလို့ပါ။ ဒါတောင် အကြောင်းပေါ်လာမှ အဲဒီအကြောင်းပေါ်မူတည်ပြီး စည်းကမ်းဥပဒေ ထပ်တိုးလိုက်ရုံလေးပါ။ ကြိုတင်ပြီး ဟိုဟာမလုပ်ရဘူး ဒီဟာမကိုင်ရဘူးဆိုပြီး စည်းကမ်းထုတ်ထားလေ့ မရှိပါဘူး။ 

အခုဆိုရင် မြန်မာနိုင်ငံ နေရာအတော်များများမှာ ရေဘေးဒုက္ခတွေ သင့်နေကြပါတယ်။ စိုက်ပျိုးချိန်မှာမှ ဖြစ်ပေါ်လာတဲ့ ရေဘေးဆိုတော့ အတော်လေးကို စိတ်မကောင်း ဖြစ်မိပါတယ်။ မြန်ပြည်သူ ပြည်သားတွေကလဲ တတ်နိုင်သလောက် တနိုင်တပိုင် ကူညီနေကြပါတယ်။ ကြိုဆိုရမှာပါ။ တနည်းပြောရရင်တော့ ဒီရေဘေးက လူတွေ တော်တော်များများကို ပွဲထုတ်ပေးပါတယ်။ ဘုန်းကြီးရဟန်းတွေကို ပွဲထုတ်ပေးပါတယ်။ အနုပညာရှင်တွေကို ပွဲထုတ်ပေးပါတယ်။ စစ်သားတွေကို ပွဲထုတ်ပေးပါတယ်။ ရဲတွေကို ပွဲထုတ်ပေးပါတယ်။ ပရဟိတအဖွဲ့တွေကို ပွဲထုတ်ပေးပါတယ်။ ဘာသာပေါင်းစုံကလူတွေကို ပွဲထုတ်ပေးပါတယ်။ ပါတီစုံကလူတွေကို ပွဲထုတ်ပေးပါတယ်။ ယုတ်စွအဆုံး လမ်းဘေးတောင်းစားသူကအစ သမ္မတအဆုံး ပွဲထုတ်ပေးပါတယ်။ 

ဘယ်လောက်အထိ ပွဲထုတ်ပေးသလဲဆိုရင် ရေဘေးကူညီရေး မလုပ်လိုက်မိရင် နောင်တရမဆုံး ဖြစ်သွားနိုင်တဲ့အထိ ပွဲထုတ်ပေးခဲ့တာပါ။ စေတနာသန့်သန့်နဲ့ ကူညီရေး လုပ်နေကြသူတွေ ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါပေမဲ့ အများလုပ်နေတာတွေ့လို့ စိတ်မပါပေမဲ့ မကောင်းတတ်လို့ ထလုပ်လိုက်ရတာမျိုးလဲ ဖြစ်တတ်ပါတယ်။ ဥပမာ.. ဟိုတစ်ယောက်ကတော့ ထ လုပ်နေပြီ၊ ငါ ဒီအတိုင်း ထိုင်နေလို့ ရှိရင် အပြစ်ပြောခံတော့မှာဘဲ၊ ဒီတော့ ငါလဲ နည်းနည်းတော့ ထလုပ်ပြမှ တော်ကာကျမယ်.. ဆိုသလိုမျိုးပေါ့။ အထူးသဖြင့် အဲဒီလိုမျိုး အတွေးက မိတ်ဆွေများများ ပရိသတ်များများ ရှိတဲ့သူတွေဆီမှာ ပိုပြီး ခိုအောင်းတတ်ပါတယ်။ ဒီတော့ အခုရေဘေးမှာ တစ်ကမ္ဘာလုံး သြချရလောက်တဲ့အထိ အလှူခံများ အလွန်များပြားပြီး သူ့ထက်ငါဦး ကူညီနေတာကို တွေ့မြင်နေရတာ မဆန်းပါဘူး။ 

မပြုချင်ပြု၊ ပြုချင်ပြု၊ ကောင်းမှုကုသိုလ်တွေ.. ဆိုတဲ့ လင်္ကာလေးအတိုင်း စိတ်ပါလို့ဖြစ်စေ စိတ်မပါဘဲ ဖြစ်စေ အများအကျိုးပြု ပရဟိတလုပ်ငန်းလုပ်နေတာကို တကယ် ချီးကျူးပါတယ်။ တကယ်လဲ အားပေးပါတယ်။ ဒါပေမဲ့ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို အလှူခံပုဂ္ဂိုလ်အစစ်ရှိသလို အတုတွေလဲ ပေါ်ပေါက်လာနိုင်တယ်ဆိုတာ ထည့်မတွက်လို့ မရပါဘူး။ နေ့ခင်းကြောင်တောင် ဓါးပြတိုက် လုယက် အနိုင်ကျင့်ရဲကြတဲ့ သူတွေအနေနဲ့ ပိုက်ဆံရအလွန်လွယ်ကူလှတဲ့ ဖလားလေးကိုင်ပြီး  လမ်းဘေးတလျှောက် ရပ်ကွက်တလျှောက် အိမ်စဉ်ထိုးပြီး အလှူခံတာလောက်တော့ ပျော်ပျော်ကြီး လုပ်နိုင်ကြမှာပါ။ အဖွဲ့အစည်းနာမည်အတုတွေ ပရင့်ထုတ်ပြီး စာရွက်ကမ်းအလှူခံတာမျိုးလဲ ရှိလာနိုင်ပါတယ်။ ယုတ်စွအဆုံး သူတော်စင်ဝတ်စုံဝတ်ပြီး တစ်အိမ်တက်ဆင်း အလှူခံတာမျိုးတွေလဲ ရှိလာနိုင်ပါတယ်။ ပြောခဲ့ပြီးပြီ မဟုတ်လား။ အခု ရေဘေးက လူအတော်များများကို ပွဲထုတ်ပေးပါတယ်လို့။ ပွဲထုတ်ပေးတဲ့အပြင် သူခိုး ကြမ်းပိုး လူလိမ် လူညာတွေကိုလဲ အခုရေဘေးက လုပ်ကျွေးပြုစုကောင်း ပြုစုပြပါလိမ့်ဦးမယ်။ 

ဒီတော့ သူကြီးအထင်ကတော့ အခုလို ပြည်လုံးကျွတ် နေရာစုံ အလှူခံပွဲမျိုးကြီးမျိုးဟာ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မူမမှန်မှုတွေ ပါလာမှာမို့ပါ။ ပြီးတော့ အခြားအကြောင်းတွေလဲ ရှိဦးမှာပါ။ အင်တာနက်ကောင်းမှု ဖေ့စ်ဘုတ်ကောင်းမှုနဲ့ အခုရေဘေးက မြန်မာမှာ နာဂစ်ထက် ပို နာမည်ကြီးသွားသလို ဖြစ်သွားပါတယ်။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များလဲ အခုအချိန်မှာ မကောင်းတတ်လို့ဖြစ်စေ ရင်ထဲက ရေဘေးသင့်သူတွေအတွက် တကယ်စိတ်မကောင်းလို့ ဖြစ်စေ မိမိတို့ လုပ်ငန်းတွေကို ခေတ္တနားထားကြရပါတော့တယ်။ ယုတ်စွအဆုံး ဖေ့စ်ဘုတ်ပေါ် တွေ့လေ့ရှိတဲ့ အလှပြဓါတ်ပုံတွေ အပျော်အပါးအစားအသောက်ပို့စ်တွေ အတင်နည်းသွားကြရတဲ့အထိ ရေဘေးက သာသွားပါတော့တယ်။ 

အနာဂတ်မှာ နိုင်ငံတော်ကလဲ ဘုရားရှင် ဥပဒေထုတ်ပြန်ခဲ့တဲ့ ထုံးကို နှလုံးမူပြီး အလှူခံအဖွဲ့အစည်း အလှူခံပုဂ္ဂိုလ်တွေအတွက် စည်းမျဉ်းစည်းကမ်းအသစ်တွေ ထုတ်ပြန်ကောင်း ထုတ်ပြန်ပါလိမ့်မယ်။ အခြေဥပဒေထဲပါပြီးသားဆိုရင် (အသုံးမချရသေးတာဆိုရင်) အဲဒီစည်းကမ်းတွေကို အသုံးချကောင်း ချလာနို်င်ပါတယ်။ အချောင်သမားတွေ နေရာဝင်ယူကုန်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။ သူကြီး ကလေးဘ၀တုန်းကတော့ သာသနာရေးဆိုင်ရာ အလှူခံပုဂ္ဂိုလ်ဆိုရင် သက်ဆိုင်ရာ သံဃနာယကဥက္ကဋ္ဌဆရာတော်ရဲ့ လက်မှတ်ယူရတာကို မှတ်မိနေပါတယ်။ တခြားပရဟိတလုပ်ငန်းတွေအတွက်ကတော့ ဘယ်လို စည်းကမ်းဥပဒေမျိုးရှိတယ်ဆိုတာ မသိပါဘူး။ 

နောက်ပြီး နိုင်ငံတော်က သီးခြားစည်းကမ်းဥပဒေမထုတ်ပြန်ရင်လဲ သက်ဆိုင်ရာ နေရာဒေသတွေမှာ အလှူခံပုဂ္ဂိုလ်တွေ တားမြစ်ပိတ်ပင်ခြင်း ခံရနိုင်ပါတယ်။ ဒါကလဲ ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရပါဘူး။ သူ့အကြောင်းနဲ့ သူချည်းပါဘဲ။ ဘုရားရှင် လက်ထက်မှာတောင် ရဟန်းတော်တွေ အငှားထူ အလှူခံထူလွန်းလို့  လူတွေ ဝေးဝေးက ရှောင်ပြေးခဲ့ကြရတဲ့ သာဓကတွေ ရှိခဲ့တယ် မဟုတ်လား။

မည်သို့ပင်ဖြစ်စေ ဖွံ့ဖြိုးမှုနည်းကွေးလှတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် သဘာဝဘေးဒဏ်တွေ ရင်ဆိုင်လာရပြန်ရင်လဲ အစိုးရနှင့် ပြည်သူ၊ တပ်နှင့်ပြည်သူ၊ သံဃာများနှင့်ပြည်သူ၊ ကျောင်းသားများနှင့်ပြည်သူ၊ အပြည်ပြည်ဆိုင်ရာနှင့်ပြည်သူ၊ အဲဒီလို စုပေါင်း စည်းရုံးပြီး ပြန်လည်ကယ်ဆယ် ထူထောင်ပေးရဦးမှာပါ။ ပိုမိုပွင့်လင်းမြင်သာတဲ့ နိုင်ငံတစ်ခုအဖြစ် ပုံဖော်လာနိုင်ရင်တော့ ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေကို အဆင့်မြင့်နည်းပညာတွေနဲ့ ဖန်တီးလာနိုင်သလို၊ မလွှဲသာလို့ ဘေးဒုက္ခကျရောက်ခဲ့ရင်လဲ ရက်တိုအတွင်း ကယ်ဆယ်ရေးများ ပြုလုပ်နိုင်သလို ပြန်လည်ထူထောင်ရေးတွေမှာလဲ အရှိန်အဟုန်နဲ့ မြန်မြန်ဆန်ဆန် ပြီးမြှောက်အောင်မြင်မှု ရရှိလာမှာ အမှန်ပင် ဖြစ်ပါတော့တယ်။

သူကြီးအမြင်သက်သက်ပါ။








7 comments:

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါသူကြီး
မဖတ်ရတာကြာလို့ လားမသိဘူး
ဖတ်လို့ ကောင်းတယ်
""ဆွမ်းတစ်နှပ်ဘုဉ်းပေးဖို့ အမှန်အတိုင်း ပြောကြစို့""
အဲဒီစာသားကိုအကြိုက်ဆုံးပဲ
မန္တလေးမစိုရိမ်တိုက်သစ်ရှေ့ သွားကပ်ထားချင်တာဗျာ

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါသူကြီး
မဖတ်ရတာကြာလို့ လားမသိဘူး
ဖတ်လို့ ကောင်းတယ်
""ဆွမ်းတစ်နှပ်ဘုဉ်းပေးဖို့ အမှန်အတိုင်း ပြောကြစို့""
အဲဒီစာသားကိုအကြိုက်ဆုံးပဲ
မန္တလေးမစိုရိမ်တိုက်သစ်ရှေ့ သွားကပ်ထားချင်တာဗျာ

Nightingale the angel said...

Omg!!...Lovly.........

San Htun said...

တဂျီးကတော့ ပုံတိုပတ်စ ပြောတဲ့နေရာမှာ သူကြီးမင်းပါပဲ...ဗဟုသုတလည်းရ ဖတ်လို့ လည်းကောင်း စဉ်းစားတွေးတောသင့်တဲ့ အကြောင်းရ...တဂျီးမင်း Bravo !

Ma Tint said...

ဒီလိုပို့စ်ရှည်ရှည်လေးကို အားပါးတရဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ် သူကြီးမင်းရေ...
သူကြီးမင်းရဲ့ပို့စ်လေးတွေဖတ်လိုက်ရတိုင်း မသိသေးတဲ့အကြောင်းအရာတွေ သိသွားခဲ့တာတော့အမှန်ပဲ။
ရေဘေးဒုက္ခကြုံတွေ့သူတို့အတွက် စစ်မှန်တဲ့စေတနာအရင်းခံ အလှူရှင်အလွှာပေါင်းစုံကို မြင်တွေ့ရတာ
ဖေါ်ပြလို့မရနိုင်အောင် ၀မ်းသာပီတိကြည်နူးမှုတွေ တပုံတပင်။

blackroze said...

ဒီလိုဘဲပေါ့ သူကြီးရယ်..
ရင်ထဲကစေတနာမှန်တဲ့သူတွေကတော့ထိုက်တန်တဲ့
အကျိုး ပြန်ခံစားရမှာပါ...

သူကြီးမင်း (တုံးဖလား) said...

မောင်ဂျစ်တူးးး
မောင်ဂျစ်တူးဘဲ သွားကပ်တော့ အဲဒီနေရာမှာ။ သူကြီးကတော့ ကြောက်ကြောက်။

နိုက်တင်ဂေး
ကျေးဇူးတင်ပါတယ်။ လာအားပေးတဲ့အတွက်။

စန်းထွန်း။
သူကြီးလဲ ပုံသိပ်မပြောနိုင်တော့ပါဘူး စန်းထွန်းရေ။ စန်းထွန်းဆီ မရောက်ဖြစ်တာလဲ အတော်ကြာပေါ့။ စန်းထွန်းကတော့ ဘလော့ပေါ် တကယ် တာဝန်ကျေပါတယ်။ ပုံမှန်မတက် ပို့စ်တွေ တင်နေလို့။

အန်တီတင့်
အစပျိုးမိရင်တော့ ရေးနိုင်ဦးမယ်ထင်တာဘဲ တီတင့်ရေ။ မရေးတာ ကြာလာတော့လဲ ခပ်ပျင်းပျင်း ဖြစ်သွားတယ်။
ဒါပေမဲ့ တီတင့် လာအားပေးတာနဲ့တင် သူကြီးက တကယ်အားရသွားပါတယ်။ ကျေးဇူးပါ တီတင့်။

ဘလက်ရို့စ်
အမှန်ဘဲပေါ့ ၀က်မလေးရယ်။ စေတနာက ဒီအတိုင်း မနေပါဘူး။ ထိုက်တန်တဲ့ အကျိုးတော့ ပေးမှာပါ။