Friday, 21 December 2012

သူမကို နှာလေးတောင် မစေးစေချင်...

 ဒီနေ့မှာ (ဒီပို့စ်လေး ရေးနေရင်း တန်းလန်း) ကမ္ဘာမပျက်ခဲ့ဖူးဆိုရင်တော့ ဒီပို့စ်လေးကို ဖတ်ခွင့်ရကြဦးမှာပါ။ ယူကေမှာတော့ ကမ္ဘာပျက်ဖို့ အစပျိုးနေပြီ။ ဗြိတိန်ဝန်ကြီးချုပ်လဲ ကမ္ဘာပျက်မှာတော့ ကြောက်လန့်ဟန်တူပါရဲ့။ ဟိမ၀န္တာနဲ့ သိပ်မဝေးတဲ့ အာဖဂန်နစ္စတန်မှာ စတေးသွားရှောင်နေလေရဲ့ဗျာ။း)

ဒီနေ့ (၂၁.၁၂.၂၀၁၂)ဟာဆိုရင်ဖြင့် လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်လောက်က အင်တာနက်ပေါ် ရည်ပန်းစားခဲ့ဖူးတဲ့ ကမ္ဘာပျက်မဲ့နေ့ပေါ့။ မာယာပြက္ခဒိန်အရ ခုနှစ်သက္ကရာဇ်တွေက ဒီနေ့မှာတင် ကုန်ဆုံးသွားတာမို့ ဒီနေ့သည်ပင်လျှင် ကမ္ဘာ့သက်တမ်း ကုန်ဆုံးတဲ့နေ့ရယ်လို့ ကောလာဟလ ဖြစ်ခဲ့ကြတယ်။ နာဆာအာကာသသိပ္ပံဋ္ဌာနကလဲ ဘယ်ဂြိုလ်က ကမ္ဘာရဲ့ ဘယ်နားထိ ရောက်လာပြီး ကမ္ဘာကို ဘယ်လို အန္တရာယ်ပြုနိုင်တယ်၊ ဗေဒင်ဆရာတွေကလဲ တွက်ကိန်းအရ ကမ္ဘာမြေကြီးရဲ့ လက္ခဏာဟာ ပျက်စီးကိန်းရှိတယ် စသဖြင့် သောသောညံလို့ပေါ့။ ဒီကြားထဲ ၂၀၁၂ ဆိုတဲ့ ကမ္ဘာပျက်ရုပ်ရှင်ဇာတ်ကားကြီးကလဲ ကမ္ဘာအနှံ့ ရုံတင်ပြသနေပြန်တော့ ကမ္ဘာပျက်ဖို့ အတော်လေး အင်အားကောင်းခဲ့တယ်။

၂၀၁၂ ကမ္ဘာပျက်ဇာတ်ကားကြီး


အဲဒီအချိန်တုန်းက မြန်မာဘလော့ဂါတွေလဲ ရာသီစာ တဂ်စာတွေ ခေတ်စားနေချိန်ဆိုတော့ ကမ္ဘာကြီးပျက်ရင် မပျက်ခင် ဘာတွေလုပ်ကြမလဲ ဆိုတဲ့ တဂ်ပို့စ်တွေ ပလူပျံနေခဲ့ကြတယ်။ ဘယ်နေရာကမှ ကမ္ဘာမပျက်သေးခင် ဘလော့စာမျက်နှာတွေပေါ်မှာတော့ ကမ္ဘာကြီးခမျာ ပျက်စီးခြင်းမက ပျက်စီးခဲ့ရရှာတယ်။ ဘလော့ဂါတွေကလဲ အဲဒီအခါကျမှ မသေခင် ဘာတွေ လုပ်သွားချင်တယ်၊ ဘယ်သူနဲ့ အတူရှိနေချင်တယ်၊ ဘယ်နိုင်ငံမှာ သွားနေချင်တယ် စသဖြင့် မသေခင်လေး ချင်ခြင်းတွေ တပ်လိုက်ကြသမှ ဘလော့ရွာလေး တစ်လျှောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရတဲ့အထိပါဘဲ။ တဂ်ပို့စ်ဆိုပြန်တော့ ကျနော်လဲ ဘလော့ဂါပီပီ တဂ်စာ စားခဲ့ရပြန်သပေါ့။ ဒါပေမဲ့ ကျနော်က တခြားသူတွေလို ကမ္ဘာအပျက်ဖက်က မရေးခဲ့ပါဘူး။ ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ စာအုပ်လေးတွေကို ကိုးကားပြီး ကမ္ဘာကြီး ကျန်းမာလျှက်ရှိနေဦးမှာဖြစ်တဲ့အကြောင်း  ဒီနေရာမှာ ကမ္ဘာအပျက် ထည့်မတွက်နဲ့ ဆိုပြီး ကမ္ဘာစောင့်မောင်းကြီး တီးပြခဲ့ဖူးသေးတယ်။

အဲဒီလို လူတွေ အမှတ်တရ ရှိခဲ့ဖူးတဲ့နေ့လေး အခု ရောက်လာပါပြီ။ ဒီလို နေ့မျိုးမှာ ပို့စ်တစ်ခုခုတော့ ရေးတင်ဦးမှဘဲလို့ စဉ်းစားနေရင်း အမေရိကားမှာ ဖြစ်ပျက်ခဲ့တဲ့ (အားလုံးသိပြီးကြတဲ့) သေနတ်ပစ်ခတ်မှု နှစ်ခု အကြောင်း ခေါင်းထဲ ရောက်လာတယ်။ တစ်ခုက လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ ရုပ်ရှင်ရုံတစ်ခုထဲမှာ လင်းနို့လူသားဇာတ်ကား ပြသရင်း လူသတ်သမားက ဇာတ်ဝင်ခန်းဆန်ဆန် ပရိသတ်ရှေ့ ထွက်ပေါ်လာပြီး သေနတ်နဲ့ ပရိသတ်ထဲ အတွဲလိုက်အတွဲလိုက် ဆွဲပစ်ခဲ့တဲ့အမှုပါ။ နောက်တစ်ခုက မကြာသေးခင် ရက်ပိုင်းလေးကမှ ဖြစ်ပျက်ခဲ့တဲ့ မူလတန်းကျောင်းထဲ ၀င်ရောက်ပြီး ကလေးတွေစာသင်နေတဲ့ အခန်းထဲ ၀င်ကာ ခြောက်နှစ် ခုနှစ်နှစ် အရွယ်ရှိတဲ့ ကလေးတွေအများအပြားကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပတ်ခတ် သတ်ဖြတ်ခဲ့တဲ့ အမှုပါ။

ဒီနေရာမှာ ကျနော်ပြောချင်တာက အမေရိကန်ပြည်ရဲ့ လွတ်လပ်စွာ လက်နက်ရောင်းဝယ်ခွင့် ဥပဒေအကြောင်း မဟုတ်သလို လက်နက်ရောင်းဝယ်ခွင့်ဥပေဒေကို ရုပ်သိမ်းပေးသင့်တဲ့ အကြောင်းလဲ မဟုတ်ပါဘူး။ ဒါဖြင့် ဘာအကြောင်း ပြောချင်တာလဲ ဆိုတော့။ တခြားအကြောင်းမဟုတ်ပါဘူး။ အဲဒီ သေနတ်ပစ်မှုတွေမှာ ဓါးစာခံ ဖြစ်ခဲ့ကြရတဲ့ သူတွေရဲ့ တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှုနှင့် အားနွဲ့သူကို မေးဖကူညီကာကွယ်ပေးမှု အကြောင်းတွေကို ပြောပြချင်တာပါ။

ရုပ်ရှင်ရုံထဲက သေနတ်ပစ်ခတ်မှုကိုဘဲ ကြည့်။ ရုပ်ရှင်ဆိုတာ များသောအားဖြင့် လူငယ်လူရွယ်တွေ စုံတွဲတွေ  သွားလေ့ရှိကြတဲ့ နေရာ မဟုတ်လား။ အဲဒီ ရုပ်ရှင်ရုံထဲ သေနတ်ပစ်ခတ်မှုလဲ ဖြစ်ရော မိန်းခလေး အချို့က အကြောက်လွန်ပြီး ငူတူတူကြီးတွေ ဖြစ်နေကြလေရဲ့။ အဲဒီအခါမှာ ယောက်ျားလေးတွေက အသက်နဲ့ရင်းပြီး အတင်းဆွဲလဲ အားလျားမှောက်စေခဲ့ကြတယ်။ ပြီးတော့ စုံတွဲတစ်တွဲဆို လူသတ်သမားရဲ့ သေနတ်ပြောင်းဝက သူ့ချစ်သူ ကောင်မလေးဆီ တည့်တည့်ထိုးချိန်လိုက်ချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်ကို သူ့ချစ်သူအတွက် ကျည်ကာလုပ်ပေးပြီး အသက်စတေး အသေခံလိုက်တယ်။ ၀ီရရသနှင့် ဘယာနကရသဆန်တဲ့ ကြေကွဲစရာ မြင်ကွင်းလေးတွေပေါ့။

 နောက်ပြီး မူလတန်းကျောင်း စာသင်ခန်းတစ်ခုထဲက သေနတ်ပစ်ခတ်မှုကို ကြည့်။ စာသင်ခန်းထဲ သေနတ်သမားဝင်ပြီး ခြောက်နှစ် ခုနစ်နှစ်မျှသာ အရွယ်ရှိသေးတဲ့ ကျောင်းသူကျောင်းသား ကလေးသူငယ်များကို သေနတ်နဲ့ အချက်ပေါင်းများစွာ တဒိုင်းဒိုင်း ပစ်သတ်နေတဲ့အခါ တာဝန်ကျနေတဲ့ ဆရာမတွေ ထွက်မပြေးခဲ့ကြဘူး။ အကြောက်လွန်ပြီး တွေဝေ မနေခဲ့ကြဘူး။ ကလေးတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးရင်း ဆရာမခြောက်ယောက် သူတို့အသက်ကို ပေးဆပ်လိုက်ကြတယ်။ အမှန်ဆို ကလေးတွေကို ပစ်ထားပြီး ကိုယ်လွတ်ရုန်းလို့ ရကောင်းရနိုင်တယ်။ ဒါပေမဲ့ သူတို့ မလုပ်ခဲ့ကြဘူး။ တကယ်လို့ ကြောက်အားလန့်အားနဲ့ အဲဒီလို ထွက်ပြေးလွတ်မြောက် အသက်ရှင် ကျန်ရစ်ခဲ့မယ်ဆိုရင်လဲ ကလေးတွေကို လျစ်လျူရှုခဲ့မိတဲ့အတွက် သေရတာထက်ပိုဆိုးတဲ့ စိတ်ဒဏ်ရာ သူတို့ ရရှိမှာ သေချာတယ်။

ဒီအဖြစ်အပျက်တွေဟာ သူတို့တစ်တွေရဲ့ အသက်နဲ့ရင်းပြီး တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှု၊ အားငယ်သူကို ဖေးမကူညီကာကွယ်ပေးမှုတွေဘဲပေါ့။ ဒါဖြင့်ရင် အဲဒီ ရုပ်ရှင်ရုံထဲက မိမိနဲ့ နီးစပ်ရာသူတွေကို အသက်စွန့်ပြီး ကယ်တင်လိုက်တဲ့ ယောက်ျားလေးတွေ၊ ပြီးတော့ မူလတန်းကျောင်းထဲက တပည့်တွေအတွက် ကာကွယ်ပေးရင်း အသက်စွန့်ခဲ့ကြရရှာတဲ့ ဆရာမလေးတွေ။ တကယ်လို့  သူတို့နေရာမှာ ကျနော်တို့သာဆို ဘယ်လို စိတ်ထားမျိုးနဲ့ ဘယ်လို လှုပ်ရှားမှု ပြုလုပ်ခဲ့ကြမှာပါလဲ။ အသက်စတေးကြမှာလား ဒါမှမဟုတ် ထွက်ပြေးကြမှာလား။

စပ်မိလို့ ပြောရဦးမယ်။ ကျနော်တို့ တုံးဖလားရွာရဲ့ အရှေ့ဘက်မှာ ရွာသာယာရွာဆိုတဲ့ ရွာကြီး တစ်ရွာရှိတယ်။ ရွာကြီးဆိုပေမဲ့ အိမ်ခြေ ၂၀၀ လောက်သာ ရှိတဲ့ ရွာတစ်ရွာပါ။ ကျနော်တို့ တုံးဖလားရွာက အိမ်ခြေ ၃၀ လောက်ဘဲ ရှိတဲ့ ရွာမို့လို့ အဲဒီရွာသာယာရွာကို ရွာကြီးအနေနဲ့ဘဲ အသိအမှတ်ပြုခဲ့ကြတာပါ။ အဲဒီရွာမှာ စုစုပေါင်း သုဿာန်သင်္ချိုင်း ၅ ခုတိတိရှိတယ်။ သူကြီးသင်္ချိုင်း၊ လူကြီးသင်္ချိုင်း၊ ကလေးသင်္ချိုင်း၊ အစိမ်းသေသင်္ချိုင်း၊ အနာပေါက်(ရောဂါဆိုးနဲ့)သေသင်္ချိုင်း ဆိုပြီးတော့ပေါ့။ အဲဒီအထဲကမှ အနာပေါက်သေသင်္ချိုင်းက တုံးဖလားရွာနဲ့ အဲဒီရွာကြားထဲမှာ တည်ရှိတယ်။ တစ်ရွာနဲ့တစ်ရွာသွားရင် အဲဒီ သင်္ချိုင်းနဘေးနားကဘဲ ဖြတ်သွားရတယ်။ တစ်ရွာနဲ့ တစ်ရွာ ၆ ဖာလုံလောက်သာ ဝေးပေမဲ့ နှစ်ရွာကြားမှာ ရှိတဲ့ တောက အတော်လေး နက်တယ်။ ပြီးတော့ အဲဒီ သစ်ပင်အုံးဆိုင်းဆိုင်း တောနက်နက်ထဲမှာဘဲ သင်္ချိုင်းလုပ်ပြီး လူသေမြှုပ်ကြတာ။ ညဘက်ဆိုရင် အဲဒီတောထဲက ကလေးငိုသံကြားတာတို့ မီးလုံးထထတောက်တာတို့ ရယ်သံသဲ့သဲ့ ကြားတာတို့ စတဲ့စတဲ့ ပုံပြင်တွေကလဲ မကြားချင်အဆုံး။ ပြောရရင် တစ္ဆေသရဲ အလွန်ခြောက်တယ်လို့ နာမည်ကြီးတဲ့ သင်္ချိုင်းပေါ့။

အဲဒီလိုနဲ့ လမိုက်ညတစ်ညမှာ ကျနော်ရယ် ကျနော့်ညီတစ်ယောက်ရယ် ညီမ၀မ်းကွဲ သုံးယောက်ရယ် တုံးဖလားကနေပြီး အဲဒီ ရွာသာသာရွာကို အလည်သွားကြတယ်။ ဆွေမျိုးအိမ်တစ်အိမ်ကိုပေါ့။ အသွားတုန်းကတော့ ချောချောမောမောပါဘဲ။ အပြန်ကျတော့ ည ၁၁ နာရီလောက် ထိုးနေပြီ။ လမ်းတစ်လျှောက်မှာလဲ ဖားအော်သံ ပုရစ်အော်သံ သဲ့သဲ့မှအပ ဘာမှ မကြားရဘူး။ အဖွဲ့လိုက်ဆိုပြီး အားတင်းထားကြပေမဲ့ ကြောက်တော့ ခပ်ကြောက်ကြောက်ရယ်။ အဲဒီလို ညဘက် ခရီးသွားကြတဲ့အခါမှာ နောက်ဆုံးက ဘယ်သူမှ မလိုက်ချင်ကြဘူးမဟုတ်လား။ ကျောချမ်းတယ်လေ။ တော်ကြာ နောက်ကနေ ကုတ်ဆွဲထားလိုက်ရင် ရှေ့ကသူတွေ ဘယ်သူမှ သိတောင် သိလိုက်ကြမှာ မဟုတ်ဘူး။ 

ဒါပေမဲ့ အဲဒီ အုပ်စုထဲမှာ ကျနော်က အသက်အကြီးဆုံး။ ဆိုတော့ကာ သူရဲကောင်းလိုလို ဘာလိုလိုနဲ့ ညီကို ရှေ့ဆုံးမှာထား ညီမ၀မ်းကွဲသုံးယောက်ကို အလယ်မှာထားပြီး ကျနော်က နောက်ဆုံးက လိုက်လာခဲ့တယ်။ ညီက လက်နှိပ်ဓါတ်မီးတစ်လက်၊ ညီမသုံးယောက်က တစ်လက်၊ ပြီးတော့ ကျနော်က တစ်လက်။ စုစုပေါင်း သုံးလက်။ သင်္ချိုင်းနားနီးလာလေ ကြောက်စိတ်မ၀င်အောင် စကားကို ကြံဖန်ပြောလေပေါ့။ စကားတွေကလဲ စိတ်မပါဘဲ (ကြောက်စိတ်နဲ့) ပြောနေကြတာဆိုတော့ မေးတာတစ်ခြား ဖြေတာတစ်ခြား တောင်ရောက် မြောက်ရောက်နဲ့ နဲနဲလေးမှ အဆီအငေါ်မတည့်။ အဲဒီလိုနဲ့ဘဲ သင်္ချိုင်းကို ဖြတ်ကျော်ခဲ့ကြတယ်။ ကံအားလျော်စွာဘဲ ဘာသရဲမှ အခြောက်မခံခဲ့ရဘူး။

အဲဒီလိုနဲ့ လမ်းရဲ့ ဘယ်ညာမှာ အမြင့် ရင်စို့လောက်စီ ကမ်းပါးပြတ်ရှိတဲ့ လမ်းကြားလေးထဲ ရောက်လာတယ်။ လက်နှိပ်ဓါတ်မီးလေးတွေ ဟိုထိုးဒီထိုးနဲ့ပေါ့။ ကျနော်တို့ ငါးယောက်လုံး အဲဒီ လမ်းကြားလေးထဲလဲ ၀င်မိရော။ အမလေး.. မြွေ...မြွေ...မြွေ... မြွေကြီး ဆိုပြီး ညီမတွေဆီက အာခေါင်ခြစ်ပြီးအော်တဲ့ အသံတွေ တပြိုင်နက် ထွက်ပေါ်လာတယ်။ ကျနော့်ရှေ့က ညီမတွေ ဘယ်လို နေကြမှန်းတော့ မသိဘူး။ ကျနော်ဆို ဘယ်လိုက ဘယ်လို ရင်စို့လောက်ရှိတဲ့ ကမ်းပါးပြတ်ပေါ် လွှားကနဲ ခုန်တက်လိုက်မိမှန်းမသိဘူး။ ကမ်းပါးပေါ်မှာ မားမားကြီးကို ဖြစ်လို့။ မြွေက တစ်ခြားမြွေမဟုတ်ပါဘူး။ မြွေမင်းလို့ ခေါ်တဲ့ ငန်တော်ကြားမြွေပါ။ အဲဒီမြွေမင်းရှိတဲ့ နေရာမှာ မြွေပွေးတို့ မြွေဟောက်တို့ မရှိဘူးတဲ့။ မြွေကောင်းရှိတဲ့နေရာ မြွေဆိုးတွေကို လက်မခံတဲ့ သဘောပေါ့။ အဲဒီ ငန်တော်ကြားမြွေက လူတွေကို အန္တရာယ်မပြုပါဘူး။ အန္တရာယ်မပြုသလို ဘယ်သူ့ကိုမှလဲ မကြောက်တတ်ပါဘူး။ သူ့ကို ဘယ်လောက်ခြောက်ခြောက် သူ့ဖာသာသူ အေးအေးဆေးဆေးလေးဘဲ သွားတယ်။ မပြေးဘူး။ သူ့ကို မတော်တဆ တက်နင်းမိရင်တောင် လူတွေကို အန္တရာယ်မပြုတတ်ဖူးတဲ့။ ဒါပေမဲ့ သူ့ကို တမင်ရန်စပြီး စိတ်တိုလို့ ကိုက်ပြီဆိုရင်တော့ အဲဒီနေရာတင် ပွဲချင်းပြီးဘဲတဲ့။ အဲဒီလောက်ထိ အဆိပ်ပြင်းတာ။

ညီမတွေလဲ အဲဒီငန်တော်ကြားမြွေကြီး အေးအေးဆေးဆေး လမ်းဖြတ်ကူးနေတာကို လက်နှိပ်ဓါတ်မီးကတစ်ဆင့် တွေ့မြင်ပြီး ရုတ်တရက်ဆိုတော့ ကြောက်လန့်တကြား အော်လိုက်ကြတာပါ။ တကယ် တွေးတွေးပြီး ကြောက်လာခဲ့တာက တစ္ဆေသရဲပါ။ ဒါပေမဲ့ တကယ်တမ်း တွေ့မြင်လိုက်ရတာက ငန်တော်ကြားမြွေကြီးပါ။ အဲဒီမြွေလဲ သူ့လမ်းသူသွားပြီးရော ညီမတွေက နောက်ဖက်လှည့်ကြည့်ပြီး ကိုကြီး ဘယ်ရောက်သွားလဲ မသိဘူးတဲ့။ လက်နှိပ်ဓါတ်မီးနဲ့ ဟိုထိုးဒီထိုးလုပ်တော့ ကမ်းပါးပြတ်ပေါ် မားမားမတ်မတ်ကြီး ရောက်နေတဲ့ ကျနော့်ကို တွေ့သွားတယ်။ အဲဒီမှာ သူတို့ ရယ်လဲရယ် ပြောလဲ ပြောကြတော့တာဘဲ။ ဘာတဲ့။ အကိုကြီးဆိုပြီး အားကိုးရမယ်မှတ်တယ်။ တကယ့် အသက်အန္တရာယ်ဆိုရင် သူတို့ သေပြီးတာကြာပြီတဲ့။ ကိုကြီးက ကိုယ်လွတ်ရုန်းတယ်တဲ့။ ရှက်လိုက်တာဗျာ။ တကယ်ကို ရှက်တာ။ ကလေးဘ၀က အဖြစ်အပျက်ဆိုပေမဲ့  ပြန်စဉ်းစားမိရင်တောင် အခုထက်ထိ ရှက်နေတုန်း။ အဲဒီလောက်ထိ သူရဲဘော ကြောင်ရသလား။ အဲဒီလောက်ထိ တာဝန်မဲ့ရသလား။ အားနွဲ့တဲ့ သူတွေကို အဲဒီလောက်တဲ့ ကာကွယ်လိုစိတ် မရှိရသလား။ စတဲ့ စတဲ့ မေးခွန်းတွေ ကိုယ့်ကိုကိုယ် မေးခဲ့ပေါင်း မနည်းခဲ့ဘူး။ အမှန်ဆို ကျနော်လဲ အဲဒီလို သူရဲဘောင်ကြောင်လို့ မဟုတ်ခဲ့ပါဘူး။ ရုတ်တရက်ဆိုတော့ ဘယ်လိုက ဘယ်လို အဲဒီလို ဖြစ်သွားမှန်း မသိခဲ့ရရိုး အမှန်ရယ်။ အဲဒီ အချိန်ကစပြီး ကိုယ့်ကိုကိုယ် အမြဲတမ်း သတိထားနေမိခဲ့တယ်။ အဲဒီလို အဖြစ်အပျက်မျိုး ထပ်တူ ဖြစ်ပြန်မှာကို စိုးရိမ်လို့ပေါ့။

နှစ်အနည်းငယ်ကြာပြီးနောက်။
တစ်နှစ်မှာ ရန်ကုန်ကို ဘုရားဖူးသွားကြတယ်။ ကျနော်က တုံးဖလား တောရွာလေးက ဆိုပေမဲ့ ဘုရားဖူးခရီးသွားရင်းက ရန်ကုန် သန်လျင် ကျောက်တန်း စတဲ့ တန်ခိုးကြီးဘုရားတွေကို သွားတတ်လာတတ် ဖြစ်လာတယ်။ လိုင်းကားနဲ့ပေါ့။ တစ်နေ့မှာ အသိတစ်ယောက်က ၁၀ နှစ်လောက်သာ ရှိသေးတဲ့ သူ့တူမလေးနဲ့ သန်လျင်ကျောက်တန်းကို ဘုရားဖူး ထည့်ပေးလိုက်တယ်။ ဒီအခါမှာတော့ ကျနော် ကြိုတင် သန္နိဋ္ဌာန် ချထားလိုက်တယ်။ လမ်းမှာ ဘယ်လို အန္တရာယ်နဲ့ဘဲ ကြုံကြုံ အသက်နဲ့ လဲပြီး အဲဒီကလေးမလေးကို ကာကွယ်ပေးမယ် ဆိုပြီးတော့ပေါ့။ ကိုယ်က ဦးဆောင် သွားရမှာကိုး။ တာဝန် အပြည့်ရှိတာပေါ့။ အဲဒီလိုနဲ့ အသောကမှတ်တိုင်ကနေပြီး ရန်ကုန်-ကျောက်တန်း ဒိုင်နာလိုင်းကား စီးသွားလိုက်တယ်။ ကျနော်တို့ စီးလာတဲ့ လိုင်းကား သန်လျင်အလွန် ကျိုက်ခေါက် ဘုရားနားလဲ ရောက်ရော ကားတစ်စီးကို ကျော်တက်တဲ့ အခါမှာ ကားချင်း ပွတ်တိုက်မိပြီး  ဘရိတ်ကို ဆောင့်အုတ်လိုက်တယ်။ ကားပေါ်က လူတွေလဲ စကောထဲက ခဲလုံးလေးတွေလို ရှေ့ထိုးနောက်ငင် ဖြစ်သွားကြတယ်။ အဲဒီ အချိန်မှာ အဲဒီကလေးမလေး ခန္ဓာကိုယ်နဲ့ ကားနံရံနဲ့ မထိခိုက်မိအောင် ကျနော့် ခန္ဓာကိုယ်ကို ထိုးခံပေးမိရက်သား ဖြစ်နေခဲ့တယ်။ ကျနော့်ခန္ဓာကိုယ်နဲ့ ကားနံရံနဲ့ နဲနဲ အဆောင့်ခံလိုက်ရပေမဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ခရီးသည်အားလုံးလဲ ဘာမှ ထိခိုက် ဒဏ်ရာရကြတာ မရှိခဲ့ပါဘူး။ အားလုံး အိုကေပါဘဲ။ အဲဒီအကြောင်းလေး ပြန်စဉ်းစားမိရင်တော့ ကျနော် အတော်လေး ကျေနပ်ပီတိ ဖြစ်နေမိတယ်။ အမြဲတမ်း အဲဒီလိုဘဲ ဖြစ်သင့်တယ် မဟုတ်လား။ တာဝန်ယူစိတ်လေ။ ကာကွယ်ပေးလိုစိတ်ရောပေါ့။

ကဲ.. ပို့စ်လဲ အတော်လေး ရှည်သွားပြီ။ ပထမကတော့ တိုတိုလေးရေးမလို့ဘဲ။ ရေးရင်းနဲ့ ရှည်သွားတာ။ အဲဒီတော့ အထက်က ပြောခဲ့သလိုဘဲပေါ့။ ကျနော်တို့ လူသားတွေ အချင်းချင်း တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ ကူညီကာကွယ်ပေးလိုစိတ်တွေ အသီးသီး ရှိနေကြမယ်ဆိုရင် ကမ္ဘာကြီးကလဲ ကျန်းမာရေး ကောင်းနေဦးမှာပါဘဲ။ အဲဒီလို အသိစိတ်ဓါတ်တွေ ကင်းမဲ့ပြီး အချင်းချင်း ပုတ်ခတ်တိုက်ခိုက် နစ်နာစေကြမယ်ဆိုရင်တော့ ကမ္ဘာ့သက်တမ်းလဲ တိုတိုသွားမှာ သေချာပါတယ်။ ကျနော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာတောင်မှ အသုံးပြုတာ များလာရင် စက်တွေကြောင်လာတဲ့အတွက် ဖော်မက်ချ ၀င်းဒိုးပြန်တင် ဆော့ဝဲတွေ အင်စတောလုပ်ပြီး တစ်ကနေ ပြန်စကြရသေးတာ မဟုတ်လား။ ကျနော်တို့ ကမ္ဘာကြီးလဲ လူတွေ ညစ်ပတ်ဆိုးသွမ်းကြမ်းတမ်းနေကြမယ်ဆိုရင်တော့ သူလဲ အသစ်ကနေ ပြန် စကောင်း စပါလိမ့်မယ်။ အထူးသဖြင့် ရုပ်ဝတ္ထုအညစ်အကြေးတွေကို ကမ္ဘာကြီးက ခံနိုင်တယ်ထားဦး၊ လူတွေရဲ့ ညစ်ပတ်ရက်စက်ယုတ်မာတဲ့ စိတ်ဓါတ်တွေကိုတော့ သူ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ လေးလံလာမှာ သေချာတယ်။ ဒီတော့ ကမ္ဘာကြီးလဲ ဖော်မက်ချကောင်း ချနိုင်တာပေါ့။

(အခုဆို ကမ္ဘာကြီးလဲ  ဗီဇာသက်တမ်းကုန်ခါနီး ကပ်သီးကလေးမှာဘဲ ဒီနေရာမှာ အက်စ်တင်းရှင်း လုပ်လိုက်နိုင်ပါပြီ။ သူတို့ပြက္ခဒိန်ကြီး ငွါးငွါးစွင့်စွင့် သီးပွင့်ပြန်ဦးမှာပါ။ ဘာတဲ့။ တကယ့်ကမ္ဘာက အခုမှ စ တာ ဆိုပါလား။ ပြောသာ ပြောရတယ်။ လူမျိုးကကိုမှ မာယာလူမျိုးဆိုတော့ သူတို့ စတီထွင်ထားခဲ့တဲ့ ပြက္ခဒိန်ဟာလဲ အမှန်အကန်တွေ ဖြစ်နိုင်ပါဦးတော့မလား။ လိမ်ညာလှည့်ဖျား မာယာများထားခဲ့ကြမှာ သေချာပါတယ်။)

ဘယ်လိုဘဲ ဖြစ်ဖြစ် လောကလူသားတွေအားလုံး တာဝန်ရှိတဲ့သူတွေ တာဝန်သိတတ်၊ တာဝန်ယူတတ်ပြီး အချင်းချင်း မေတ္တာရှေ့ထားကာ ရိုင်းပင်းကူညီ ဖေးမကာကွယ် စောင့်ရှောက်နေကြမယ်ဆိုရင်ဖြင့် သူမ (ကမ္ဘာကြီး) သေချာပေါက် ကျန်းမာသန်စွမ်း နေဦးမှာ မလွဲပါဘူး။

ကျနော်တို့ အနေနဲ့ကတော့ သူမ ကျန်းမာရှင်သန်ပါစေလို့ ဆုတောင်းပေးနေရုံမှတစ်ပါး................။

.

15 comments:

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ သူကြီး---ရေ
မိမိကိုယ်မိမိအမှားသိလို့ အမှန်ပြင်လိုက်နိုင်ခဲ့ တဲ့ 
သူကြီးကို လေးစားပြီးရင်းလေးစားနေလျက်ပါခင်ဗျာ-
သူကြီးပြောသလို သူမ ( ကမ္ဘာကြီး ) ဆိုတော့
သူကြီး ( ကမ္ဘာကြီး ) မရှိဘူးလားဟင်-

ချော(အစိမ်းရောင်လွင်ပြင်) said...

ကမ္ဘာကြီး ဆက်လက် ကျန်းမာပါစေ...
လူသားတွေလဲ တာဝန်ယူတတ်သူ ကမ္ဘာမြေကြီးကို ချစ်ခင်တတ်သူများ ဖြစ်ကြပါစေပေါ့ သူကြီးရေ..
ကမ္ဘာကြီး မပျက်စီးတဲ့ အတွက် ချီးယားစ် :P

Anonymous said...

သြော် သဂျီး သဂျီး ... ကမ္ဘာပျက် ကောလာဟလ အကြောင်းပြနဲ့ ကိုယ့်ဇာတ်လမ်းကိုယ် ရေးပြီး မသိမသာ ကိုယ်ရည်သွေး သွားတယ်။

ကလေးမလေးကို ကားနံရံနဲ့ မထိအောင်ကာကွယ်တာလောက်ကတော့ လုပ်ကောင်းလုပ်မှာပေါ့၊ တကယ်တမ်း ကားမီးလောင် ကြည့်ပါလား ကလေးမလေးကို မေ့ပြီး ပုဆိုးကြီး တလွှားလွှားနဲ့ ကိုယ်လွတ်ရုန်း ပြေးမယ့် သဂျီးပုံကို မြင်ယောင်မိသေးတယ်။

Candy said...

ကမ္ဘာကြီးပုံ ဆွဲထားတာလည်း ရီရတယ် ခိခိ xD xD

ရုပ်ရှင် ပြန်ကြည့်လိုက်ဦးမယ် :D

ညိမ်းနိုင် said...

ဒါပေါ့ တဂျီးရယ်....ကျွန်တော်တို့ ကမ္ဘာသစ်မှာ စိတ်သစ်
လူသစ်၊အတွေးသစ်၊အမြင်သစ်တွေနဲ့ အစစအရာရာ
အသစ်ကပြန်စကြရအောင်ဗျိုးးးးးးး။

Anonymous said...

Hi, guantanamera121212

စံပယ်ချို said...

ကမ္ဘာကြီးကိုဘုရားသခင်ကစောင့်ရှောက်နေပါတယ်သာဂျီးရေ
ကမ္ဘာသစ်မှာပဲ တူတူ ပျော်ရွှင်ကြပါစို့
ကမ္ဘာပျက်မပျက်တော့တိပါဝူးနော်
သာဂျီးတော့ဇာတ်လမ်းရသွားတာပဲတိတယ်

Unknown said...

ဘယ်လိုဘဲ ဖြစ်ဖြစ် လောကလူသားတွေအားလုံး တာဝန်ရှိတဲ့သူတွေ တာဝန်သိတတ်၊ တာဝန်ယူတတ်ပြီး အချင်းချင်း မေတ္တာရှေ့ထားကာ ရိုင်းပင်းကူညီ ဖေးမကာကွယ် စောင့်ရှောက်နေကြမယ်ဆိုရင်ဖြင့် သူမ (ကမ္ဘာကြီး) သေချာပေါက် ကျန်းမာသန်စွမ်း နေဦးမှာ မလွဲပါဘူး။ဇာတ်လမ်းလေးဖတ်ကောင်း၏
ခင်တဲ.အန်တီလေးမေခင်။
(သူကြီးမင်းလို.ဘာလို.ခေါ်).....

ဟန်ကြည် said...

ကမ္ဘာပျက်မပျက်တော့ မသိဘူး...ဘယ့်နှာ ပြက္ခဒိန်တွက်တဲ့ မာယာလူမျိုးက သူ့ဖာသာသူ တွက်နည်းကားမျက်စိလည်သွားလို့ ဆက်မတွက်နိုင်ဘဲ တန်းလန်းထားခဲ့တာကို ထိုင်ကြောက်နေရတာကြီးကတော့ ဘယ်နိပ်မလဲ သူကြီးရဲ့...ပျက်တော့ရော ဘာအရေးလဲ...အတူတူ တစ်ယောက်မကျန် မာလကီးယားမယ့်ဥစ္စာ...တစ်ယောက်တည်းသွားရမှာသာ လန့်ချင်တာ အကုန်လုံးသွားရမှာဆိုရင်တော့ လုပ်လိုက်လေ ကြာသလားလို့ ဟဲ ဟဲ...သူကြီးမင်းတောင် လေဒီghost လေးနဲ့ ကြည်ချင်ကြည်သွားဦးမယ်...

မနေ့ည ၂၁ ရက်နေ့ညကတော့ ရုပ်ရှင်ထိုင်ကြည့်ရင်း dream bed ပေါ်မှာ အိပ်ပျော်သွားလိုက်တာ မနက်လင်းအားကြီးတော့ ပြုတ်ကျသွားလို့ ဟဲ့ ကမ္ဘာပျက်တာများလားလို့ ခေါင်းကြီးသွားသေးတယ်...ဘယ်ဟုတ်လိမ့်တုန်းဗျာ...မူလီတစ်လုံးချောင်နေလို့ ပြုတ်ကျသွားတာကိုး...

ဒီအချိန်ကမ္ဘာပျက်ရင်တော့ သိပ်နိပ်မယ်မထင်ဘူး သူကြီးရေ...မဒမ်ဟန်ကြည်က ခရစ္စမတ်လုပ်ဖို့ သူ့အိမ်သူပြန်ရောက်နေတာဆိုတော့ တစ်ယောက်ကိုတစ်ယောက် တမလွန်မှာ လိုက်ရှာနေရမယ် ဟဲ ဟဲ...

ပို့စ်ဟောင်းတွေ တော်တော်လွတ်ကုန်ပြီထင်တယ်...ကီးပက်ကတော့ လက်လျှော့လိုက်ပြီ...နှစ်ကူး promotion အမီ နတ်ဘွတ်လေးဝယ်ဖို့ပဲ တာစူထားတော့တယ်...အနှီတော့မှပဲ စာမှန်မှန်ဖတ်ဖြစ်တော့မယ် သူကြီးရေ...မင်္ဂလာနှစ်ကူးဖြစ်ပါစေဗျား ( မင်္ဂလာပိုရှိချင်ရင်တော့လည်း မင်္ဂလာဆောင်ပေရော့ )

blackroze said...

ပစ်တို့ကတော့ အစောကထဲကကို
မယုံတာ..အဲတော့ အစားသောက်တောင်
မပျက်ဘူး..အေးဆေးဘဲ..
လုံးဝကြောက်ဘူးဘဲ..
အရင်တခါ Y2K ဆိုတာကြီးပြီးကထဲက
ကောလဟာလတွေကို လုံးဝကိုမယုံတာ..
(လက်ဘက်သုတ်စားရင်းဖြင့်
ကော်မက်ရေးသွားသည်.. )

ပုံ..မိမဲလေး..ဝက်မလေး တဖြစ်လည်း
ဂျယ်ရီပစ်ပစ်

မိုးနတ်ကြယ်စင် said...

ဘာမှပြောမနေနဲ့ တဂျီးမင်း...
ဇာတ်လမ်းကတော့ ဇာတ်လမ်းပါပဲ..နောက်ဆုံးတော့
ကိုယ့်ဂုဏ်ကို ကိုယ်ဖော်သွားတာ မသိဘူးမှတ်နေ..
တဂျီးမင်းနော်...၃ယောက်မြောက်ပြောသွားသလို
ဥပမာ ပြောရရင် ကလေးကိုများ
ဒါးနဲ့ထောက်တာမျိုးဆို တဂျီးမင်း
တစ်ယောက် ၀င်ကာကွယ်နိုင်အုံးမလား ဒီကလဲ
သိချင်ပါသေးတယ်...အဟင်းဟင်း....
ပုံ....မိုးနတ်မင်း...:)

မိုးနတ်ကြယ်စင် said...

ဘာမှပြောမနေနဲ့ တဂျီးမင်း...
ဇာတ်လမ်းကတော့ ဇာတ်လမ်းပါပဲ..နောက်ဆုံးတော့
ကိုယ့်ဂုဏ်ကို ကိုယ်ဖော်သွားတာ မသိဘူးမှတ်နေ..
တဂျီးမင်းနော်...၃ယောက်မြောက်ပြောသွားသလို
ဥပမာ ပြောရရင် ကလေးကိုများ
ဒါးနဲ့ထောက်တာမျိုးဆို တဂျီးမင်း
တစ်ယောက် ၀င်ကာကွယ်နိုင်အုံးမလား ဒီကလဲ
သိချင်ပါသေးတယ်...အဟင်းဟင်း....
ပုံ....မိုးနတ်မင်း...:)

Anonymous said...

ကမ္ဘာကြီးက ကျွန်တော်တို့ဝိုင်းဖျက်မှ ပျက်မှာ သယ်ဂျီးရဲ့း) ဒါကြောင့်ကြောက်ပေါင်


မောင်ဘကြိုင်

ကိုကိုးအိမ်(မန္တလေး) said...

တာဝန်ခံသူကြီးသို့

ကမ္ဘာပျက်ရင်ပျက်ပါစေ.... တုံးဖလားမပျက်ဖို့ သဂျီးမှာ တာဝန်ချိတယ်..... ဟဲဟဲ

ခင်မင်စွာဖြင့်
နိုင်းဟောက်စ်

သဒ္ဓါလှိုင်း said...

သူမ (ကမ္ဘာကြီး) ကျန်းမာသန်စွမ်းဖို့ အားလုံး ဝိုင်းဝန်းကူညီရမယ်ဆိုတဲ့ အသိလေးတွေ ကိုယ်စီဖက်တွယ်နိုင်မယ်ဆိုရင်....
သူကြီးမင်း ချမ်းမြေ့ပါစေ..နော်။
ခင်မင်တဲ့
သဒ္ဓါ