Friday, 30 November 2012

"မိုးဧကရီသက်သက်နွယ်ဝင်းအေး"


 (Introduction)

 "မိုးဧကရီသက်သက်နွယ်ဝင်းအေး"

"ရင်းရင်းနှီးနှီး မိုးလို့ဘဲ ခေါ်ပါ"

"ဟာ.. ၀မ်းသာလိုက်တာ။ အရမ်းပျော်သွားပြီ"

"ဘာဖြစ်လို့လဲ"

"အစဦးဆုံး စကားလုံးကို ခေါ်ဆိုခွင့်ရလို့"

--------------------------------------------------------------------"ကို လူပို"


(Chapter one)

နာမည်ရှည်ရှည်ရှိတဲ့ မိန်းခလေးတွေမှာ ရည်းစားများများ ရှိတတ်ကြတယ်တဲ့။ ပြီးတော့ ရည်းစားတစ်ယောက်စီကို ဝေါဟာရတစ်မျိုးစီ ခေါ်ဝေါ်စေတတ်ကြတယ်တဲ့။ မိုး... ဧကရီ... သက်..........နွယ်..... ၀င်း.... အေး.....။ အင်း...မိုးတစ်ယောက် ရည်းစား ခြောက်ယောက်များ ထားလေမလား။ မစပ်မဆိုင် စိုးရိမ်စိတ်တွေနဲ့ စဉ်းစားနေမိပြန်တာ။ ငါက  "မိုး"ဆိုတဲ့ ပထမဦးဆုံး စကားလုံးမှာ ရှိနေပါတယ်လေဆိုပြီး ကြံဖန် ဖြေသိမ့်လိုက်မိသေးတယ်။ မကြာသေးမီကမှ အွန်လွန်းကနေ ခင်မင်ခွင့် ရသူတစ်ယောက်အတွက် အစိုးရိမ်လွန်မိတာ အပြစ်များ ဖြစ်နေမလား မသိ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မိုးရေ.. ကိုရေ... နဲ့ အွန်လိုင်း အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်သွားကြလေတာ။ အတွေ့တွေ အငွေ့တွေ မရှိသည့်တိုင် အကြည့်လေးကတစ်ဆင့် အဟုန်ပြင်းပြင်း စုံမက်သွားပြန်ရောပေါ့။

ဒီရာသီ ဒီဥတုရောက်မှာ ကြောက်လှန့်ပါတယ်ဆိုနေမှ မိုးနဲ့အတူ လေပြင်းက တိုက်ခတ်လာလေတာ။ မိုးရာသီမရှိတဲ့ ဒီလို ဒေသမျိုးမှာ ကိုရွှေမိုးက ဘယ်အငြိုးနဲ့ ရွာချလေမှန်းမသိ။ အကာအကွယ်မဲ့သူ သူ့အတွက် တစ်ကိုယ်လုံးကို ရွှဲရွှဲစိုလို့။ အပြင်ထွက်တိုင်း ထီးယူရမှာကို ကျားမြီးဆွဲရတာထက် ကြောက်သူမို့ မိုးဟေ့ဆိုရင် သူ ကြွက်စုပ်ရေမွှန်းဖြစ်နေကျ။ ဒီကြားထဲ မိုင်းနပ်စ်ဒီဂရီ ရောက်နေတဲ့ အအေးဓါတ်က ရောစွက်နှိပ်စက်လိုက်သေးတာ။

လက်ပတ်နာရီကို ကြည့်လိုက်တော့ နေ့လည် ၁ နာရီကို ညွန်ပြနေတဲ့အတွက် မိုးဧကရီသက်သက်နွယ်ဝင်းအေးလေးနဲ့ ချိန်းဆိုထားတာကို ရုတ်တရက် သတိရလိုက်မိတာ။ အွန်လိုင်းက စောင့်နေမယ်တဲ့။ ဒီအချိန်ဆို သူ့အရပ်မှာ နေ၀င်ရီသရော အချိန်ပေါ့။ မြန်မြန်အိမ်ပြန်မှ။ နို့မို့ဆို မလွယ်ဘူး။ တစ်ရက်အချိန်မီ အွန်လိုင်းမှာ မတွေ့ရင် တစ်သက်လုံး နောင်တရနေစေရမယ်တဲ့။ မိုး ပြောခဲ့တဲ့ စကားလုံးလေးကို နားထဲမှာ ကြားယောင်နေမိပြန်တာ။

"ဟလို မိုး။ စောင့်နေတာ ကြာပြီးလား"

"အချိန်မှန်ရောက်သားဘဲ။ တွေ့မှ ဆုချဦးမယ်"

အွန်လိုင်းမှာတွေ့ အိမ်လိုင်းမှာသိ အိမ်လိုင်းမှာဘဲ ချစ်သူဖြစ်သွားကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်စွာ နှစ်နှစ်ကာကာ ချစ်ကြိုက်နေမိကြပြန်တာ။ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသူမသိ။ ဒါပေမဲ့ ဒါက ကိစ္စမရှိ။ ယုံကြည်မှုတည်ဆောက်ပြီး အချင်းချင်း အပြန်အလှန်ချစ်နေကြရင် ဘ၀တစ်ခုလုံး ပြည့်စုံနေပြီလေ။ ကိုက လူပျိုလူလွတ် ဘယ်သူ့မှ အတွယ်မတာမရှိ မိုးတစ်ယောက်ထဲ ရင်ထဲမှာ ရှိတယ်ဆိုတာကို ကျိန်ပြောရဲတယ်လို့ ဆိုလေတော့ မိုးက ယုံပါတယ်ရှင်ရယ်၊ မိုးလဲ မိုးရင်ထဲမှာ ကိုကိုမှကိုကို ကိုကိုကို ဖြစ်နေလို့ ခက်နေတာ။ မိုးအပြောအောက်မှာ အရည်ပျော်ပေါင်း မနဲပြန်တော့ဘူး။

မိုးရေ အွန်လိုင်းမှာ ယောက်ျားတကာနဲ့ မရောနဲ့နော်၊ ယောက်ျားတွေက ကောင်းတာ မဟုတ်ဘူး၊ တော်ကြာ မိုးလေး မယားငယ်ဘ၀နဲ့ ရင်ကျိုးနေရဦးမယ် ဆိုတော့။ မိုးက စိတ်ချပါရှင်ရယ်၊ မိုးက ဘယ်တော့မှ သူများ ဒုတိယမယား မဖြစ်စေရပါဘူးတဲ့။ ချွတ်ယွင်းချက်အနေနဲ့ ကိုကသာ ပထမမယား မရှိခဲ့ဘူးဆိုရင်ပေါ့လေတဲ့။ မိုးရဲ့စကားက ရင်အလယ်တည့်တည့်ကို တိုက်ရိုက်ထိမိနေပြန်တာ။ ကဲ.. ဒါဖြင့် မိုးရေ လာမဲ့နှစ် ဒီရာသီ ဒီအချိန်မှာ ဒီဇင်ဘာနှင်းဖွေးဖွေးလေးတွေနဲ့အတူ ကိုတို့ဘ၀ကို နှစ်ယောက်ပေါင်း တစ်ယောက်အဖြစ် ထူထောင်ကြပါစို့ ဆိုတော့ စိမ်လိုက်လေ ကြာသလားလို့တဲ့။ ရင်ထဲမှာ မုန်တိုင်းကျနေသလို စိတ်လှုပ်ရှားနေမိပြန်တာ။
.....

(Chapter two)

ကဲ... ဒီဇင်ဘာတော့ ရောက်လာပြီ။ မိုးက ဖြူသလား မဲသလား မသိ။ အွန်လိုင်းမှာဘဲ တွေ့ဖူးတာဆိုတော့ အပြင်ရောက်ရင် ဘယ်လို ရုပ်များပေါက်နေမလဲ။ ကိစ္စမရှိပါဘူးလေ။ အဓိကက အဓိကပါဘဲ။ ( ဟီး ဟီး မဟုတ်တာတွေ စဉ်းစားနေကြလားမသိ (၀-၀)။ အချစ်က အဓိက မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်မေတ္တာရှိနေရုံနဲ့ ကျန်တာတွေ မေ့ပစ်လိုက်လို့ရပါတယ်။ အင်း.... မိုးက နတ်သမီးလေးလို ချောလောက်ပါတယ်။ (ကောင်းကင်သို့ မျက်စိပင့်ပြီး နတ်သမီးတစ်ပါးကို ပုံဖော်၍ ပြောသည်း-း))။  

အပြင်မှာ အရှင်လတ်လတ်ကြီး တွေ့လိုက်တော့မှ မိုးက အသားလတ်လတ်၊ မော်ဒယ်ကိုယ်လုံးနဲ့ မျက်နှာချိုချို။ ရွက်နုရည်ကျို အဆင့်မျိုး။ မဆိုးပေဘူး။ လူရွေးတာ မမှားပေဘူးဘဲ။ (မိန်းခလေးများစွာထဲမှ စိတ်ကြိုက် တစ်ယောက်ကိုသာ ခေါင်းခေါက်ရွေးယူလိုက်သည့် စတိုင်လ်ဖြင့် ဖြီးသည်။ အမှန်မှာ မိုး တစ်ယောက်ကိုတောင် သူငယ်ချင်းအကူနဲ့ ရထားတာ။ အဟီး)။ 

သူလဲ ကိုယ့်ကိုကြိုက် ကိုယ်လဲ သူ့ကိုကြိုက်မို့ ခပ်မိုက်မိုက်နဲ့ဘဲ အကျဉ်းချုံးပြီး မဟာရန်ကုန်မြို့ရဲ့ လေးစတားခွဲအဆင့် ဟိုတယ်တစ်ခုမှာ (ဘယ်ဟိုတယ်ပါလိမ့ိ-ိ) နှစ်ဘက်ဆွေမျိုးများရှေ့မှောက် အကြင်လင်မယား မြှောက်ခဲ့ကြတယ် (နဲနဲများ အလျင်လိုသွားလား မသိး)။ ဒီလိုနဲ့ အချစ်ရေဆမ်းခရီးအတွက် ချောင်းသာသွားပြီး တစ်လတိတိ မိုးမမြင်လေမြင် (ကမ်းခြေနဲ့ရေပြင်ကိုသာမြင်ပြီးး) ဥပုသ်မေ့ ဒါနမေ့ ဘာဝနာဆို ဝေလားဝေး။ သောင်ပြင်ပေါ် ပတ်ပြေးတမ်းဘဲ ကစားခဲ့ကြတယ်။ (ဟီး ဟီး တစ်ခါမှလဲ အဲလို ပြေးတမ်းမကစားခဲ့ဖူးဘူး။ ရှောက်ရမ်းရေးကြည့်လိုက်တာ)။

တစ်လပြည့်တော့ လူကလဲ ခွေနုံးနုံးဘဲ ကျန်တော့တယ် (ခရီးပန်းလို့ပါနော်း)။ မဟာရန်ကုန်ပြန် ခဏ တစ်လ နားပြီး ပြည်ပကို တူနှစ်ကိုယ် အတူတူ ထွက်ခဲ့ကြတယ်။ မိုးက မှီခိုသူ။ ကိုက အမှီခိုခံ။ ဒီလိုနဲ့ ခြောက်လလောက် အတူပေါင်းပြီးတဲ့အခါမှာတော့ မိုးအတွက် ကံဆိုးစေမဲ့ စကားမျိုးတွေ ဟိုနားဒီနားက ထွက်လျံလာပါတော့တယ်။ (ဘာစကားများပါလိမ့်။ သူ ဒုတိယမယား ဖြစ်သွားပြီလား)။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ပရိသတ်ထင်ထားတာနဲ့ ပြောင်းပြန်ရယ်။ မိုးရဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ဆီက ထွက်အံလာတဲ့ စကားပါ။ ဒီစကားကြောင့် အိမ်ထောင်ပြိုလဲသွားနိုင်တယ်လေ။ မိုးမှာ ပထမယောက်ျားရှိခဲ့တယ်တဲ့။ တစ်နှစ်လောက်ပေါင်းပြီး ကွာရှင်းလိုက်ကြတာတဲ့။ ပိုဆိုးတာက မိုးမှာ ကလေးတစ်ယောက် ရှိတယ်တဲ့။ နယ်က သူ့ဆွေမျိုးတွေဆီ ကလေးကို ပို့ထားပြီး အပျိုလုပ်နေခဲ့တာတဲ့။ ဘုရားရေ။ ကမ္ဘာလောကကြီး အ၀တ်လျှော်စက်လို ချာချာလည်သွားသလို ခံစားလိုက်ရတယ်။ မိုးကို မေးကြည့်လိုက်တော့ လွယ်လွယ်လေးဘဲ ပြန်ဖြေတယ်။ ဟုတ်တယ်လေတဲ့။ ဒါဖြင့် အစကထဲက ဘာလို့ ဖွင့်မပြောတာလဲ ဆိုတော့ ကို ပစ်သွားမှာ ကြောက်လို့တဲ့။ ကဲ...ကဲ.... ကိုကို ပုရိသများ သင်ခန်းစာ ယူကြပါတော့။ မိုးကို မျိုချရခက် ထွေးပစ်ရခက်နဲ့ ဘယ်လို ဘယ်လို လုပ်ရမှန်းတောင် မသိတော့ပါဘူး။ (ဘယ်လိုလုပ်ရမှန်း မသိလို့ ဒီလိုဘဲ နေရင်း မိုးမှာလဲ ကိုယ်ဝန်ကြီးကို ရလို့း)
.....

(Chapter three)

ကဲ.. ကြားလို့မှ ကောင်းကြသေးရဲ့လား ဗျာတို့ရယ်။ ကျနော့်မိန်းမ ချောလှချည်ရဲ့ တော်လှချည်ရဲ့ ငြိမ်လှချည်ရဲ့နဲ့ ချီးမွမ်းခန်းဖွင့်ခဲ့တာ အခုတော့ ကျနော့်မိန်းမ မိမိုး ဟိုးလေးတကျော် ဖြစ်နေပြီကော ဗျာတို့ရယ်။ ကျနော် ဘာလုပ်ရမလဲ။ သူ့အိမ်ပြန်ပို့ပြီး မင်္ဂလာစရိတ်ကုန်ကျခဲ့တဲ့ ပိုက်ဆံတွေ ပြန်တောင်းရင် ကောင်းလေမလား။ ကိုယ့်မယားကို ဒီလို သူ့အိမ်ပြန်ပို့ရိုး ရွှေမြန်မာ ထုံးတမ်းစဉ်လာ ရှိပါသလား ဗျာတို့။ 

မိမိုး ပြောတာလဲ နားထောင်ကြည့်ကြပါဦး အရပ်ကတို့။ ရှင့်ကို ကျမ အပျိုစစ်စစ်ပါလို့ တစ်ခါမှ လိမ်ညာမပြောခဲ့ဘူးနော်တဲ့။ သူ့ဂုဏ်ကိုငဲ့ပြီး အပျိုစစ်လားလို့ ဘယ်မေးရက်ပါ့မလဲ ဗျာတို့ရယ်။ ပြီးတော့ ကျမက ယောက်ျားတစ်ယောက်ရဲ့ ဒုတိယမယား ဘယ်တော့မှ မဖြစ်စေရဘူးလို့သာ ပြောခဲ့တာ၊ ကျမက ရှင့်ကို ကျမရဲ့ ဒုတိယယောက်ျား မဖြစ်စေရဘူးလို့ မပြောခဲ့မိဘူးနော်တဲ့။ ကဲ....ကြားကြရဲ့လား ဗျာတို့။ မိမိုးတို့ လုပ်ချက်ကြောင့် ကျနော် သက်ပြင်းတွေ ချနေရပြီ ဗျာတို့ရယ်။


ကျနော် ဘာဖြစ်သွားပြီလဲ ခင်ဗျာ။ အချစ်မှာ မျက်စိမရှိပါဆိုတဲ့ ကိုထီးရဲ့ သီချင်းက သွေးထွက်အောင် မှန်နေပြီလား သူငယ်ချင်းဗျာတို့ရယ်။ ပြည်ပမှာ နေပြီး ကျနော် ဒီလောက်ထိ နုံအ နေရော့လေသလားဗျာတို့။ ဟိုစကားပုံလေးကို ဖြစ်နေပြီထင်ပါရဲ့။ "ငါ့ကို အအ ဆိုပြီး ချီးတုံးကို မုန့်လုပ်ကျွေးတာ၊ ဘယ်ရမလဲ တစ်တုံးလဲ ကုန်ရော ငါ တန်းသိတာဘဲ" ဆိုသလို အခုလဲ သူများလာပြောမှ ကိုယ့်မိန်းမရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို သိခွင့်ရပါရောလား ဗျာတို့ရယ်။
...........

(Chapter four)

ထိုကဲ့သို့ မှန်းချက်နဲ့ နှန်းထွက် မကိုက်ခြင်းသည် လူ့ဘ၀၏ ပြယုဂ်တစ်ခုပင် ဖြစ်လေသည်။ လိုတာ အားလုံး ရနေလျှင် အနတ္တလို့ ဘုရားရှင် မည်သို့ ဟောထွက်ပါအံ့နည်း။ ရှေးဘ၀က အတူတူ ပန္နက်ခဲ့ဖူးသည့် ဖူးစာအကြောင်းပါလာ၍ ယခုကဲ့သို့ အကြောင်းစုံ ပေါင်းဆုံလာရခြင်း ဖြစ်ပေမည်။ ထို့ကြောင့် ကြက်ကလေး ငှက်ကလေးဘ၀ရောက်ရင်လဲ အတူတူ ဖြစ်ရပါလို၏။ ငရဲအိုးထဲ ရောက်ရင်လဲ တစ်အိုးထဲမှာ အတူတူ ရောက်ရပါလို၏။ ယုတ်စွအဆုံး ငံပြာရည်ဖြစ်ရင်တောင် တစ်ပုလင်းထဲမှာ အတူတူဖြစ်ရပါလို၏ ဟူ၍ ဆုတောင်းမှားခဲ့ခြင်းသည်လည်း ဖြစ်လေရာဘ၀မှာ ပေါင်းဆုံဖို့ တွန်းအားတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

ထို့ကြောင့် မိမိရရှိထားသည့် သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာတို့အား ဟောင်းသည် သစ်သည် ပျိုသည် အိုသည် ဟူ၍ ဇီဇာကြောင် ဂျီးများမနေကြဘဲ မိမိတို့၏ လက်ရှိဘ၀ကို ပိုမိုသာယာစိုပြေအောင်သာ ကြိုးစားပြုလုပ်သင့်ပေသည်။ မေတ္တာပြဋ္ဌာန်းပြီး  ဘ၀ခရီးလမ်းကို လျှောက်လှမ်းကြသူအဖို့ မေတ္တာ၏ အကျိုးအာနိသင်ကို ခံစားစံစားရမည်မှာ အမှန်ပင် ဖြစ်ပေသည်။ ချမ်းသာစစ် ချမ်းသာမှန်လည်း ဧကန် ရောက်ရှိလာပေလိမ့်မည်။ ကြာဖူးနာဖူးဖတ်ဖူးခဲ့သည့် ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးလိုပါသည်။

လောကီပုဂ္ဂိုလ်၊ လူထိုထိုတို့
မလိုမကောင်း၊ လိုလျှင်ကောင်း၏
အဟောင်းအသစ်၊ ပျိုအိုဖြစ်လည်း
မချစ်မလှ၊ ချစ်လျှင်လှ၏။

ကဗျာလေးထဲကအတိုင်း ပျိုပျိုအိုအို ဟောင်းဟောင်းသစ်သစ် အချင်းချင်း လိုချင်မှုရှိကြပါ။ ဒါမှ အကောင်းမြင်ကြမှာ။ အချင်းချင်း ချစ်ခင်မှု ရှိကြပါ။ ဒါမှ မျက်စိထဲ လှနေကြမှာ။ ဒါကြောင့် ဘ၀ခရီးဖော်များ အချင်းချင်း လိုချင်နှစ်သက်မှု ရှိနိုင်ကြပါစေ၊ အချင်းချင်း ချစ်ခင်နိုင်ကြပါစေလို့ တောင်းဆုပြုပေးလိုက်ပါတယ်။ အားလုံးစိတ်အစဉ် အေးမြကြည်လင်ကြပါစေကွယ်။
.....

(Conclusion)

ဤသို့ဤနှယ် ရှည်လျားထွေပြားသည့် အွန်လိုင်းဇာတ်လမ်းတိုတစ်ပုဒ်ကို ဖတ်ရှု၍ အဆင်မပြေအောင် ဆက်လက် ဖတ်ချင်စိတ် ကုန်သွားလောက်အောင် ကို့ယို့ကားယားဖြစ်အောင် ဖရိုဖရဲဖြစ်အောင် ပေါကြောင်ကြောင် ပြောင်စပ်စပ်ဖြင့် နီးစပ်ရာ ဘလော့ဂါအချို့၏ ရေးနည်းရေးဟန်ကို တရားမ၀င် ခိုးယူကာ အချိန်ဖြုန်း ရေးသားပြီးနောက် ကျွန်ုပ်သည် လွန်စွာမှ မျက်စိညောင်း လက်ညောင်း ခါးကြောင်း ဖြစ်ပါလာသောကြောင့် ကွန်ပျူတာအနားမှ ခဏထွက်ခွါလာပြီး မီးဖိုခန်းထဲသို့ ၀င်ကာ စိတ်ပြေလက်ပျောက် ဂရင်းတီး ပူပူလေး တစ်ခွက် စီမံသောက်လိုက်ရလေတော့သတည်း။ (ပန်ကြားပြန်ကြားလိုသည်မှာ ပြောင်လို၍ တုရေးခြင်း မဟုတ်ရပါ။ ပျော်လို၍ တုရေးလိုက်မိခြင်းသာ ဖြစ်ပါသည်။  နားလည်ပေးလိမ့်မည်ဟု မှတ်ယူပါသည်။ မည်သူတို့၏ ရေးဟန်ရေးဟန်ဖြစ်သည်ဆိုသည်ကိုမူ အလည်လာရောက်သူတို့၏ ပါးနှပ်မှု လိမ္မာမှု စာဖတ်နှံ့စပ်မှု ဘလော့ကြမ်းပိုးဖြစ်မှုတို့က သက်သေခံပြပေလိမ့်မည် ဖြစ်တော့သည် တကား။ ။း))

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.



17 comments:

Anonymous said...

အဟိ တကယ်ပဲ ဖတ်ပီး ပျော်ရပါဒယ်
စိတ်ညစ်တာတွေ လစ်သွားဒယ် :D

~ Kk ~

mstint said...

ဇာတ်လမ်းလေးဖတ်ရင်း တစ်ဝက်တစ်ပျက်မှာ ဆက်မဖတ်သေးပဲ စဉ်းစားလိုက်တာက 'သူကြီးမင်း တစ်ယောက် ပျောက်ချက်သားကောင်းနေတာ မိမိုးနဲ့ တွေ့နေတာပါလား ရန်ကုန်ကို ပြန်လာတာတောင် တီတင့်ဆီလာလည်ဖော်မရဘူး' ရယ်လို့ပေါ့။ ဇာတ်လမ်းလည်းဆုံးရော ပြန်ဖြေလိုက်မိတာက 'ထင်တော့ထင်သား မဖြစ်နိုင်ပါဘူး.. သူကြီးက အပွေးမြင်အပင်သိသူပါ' ပေါ့ :P
ဇာတ်လမ်းလေးထဲကအတိုင်း အပြင်မှာဆုံကြသူတွေ ပဌာန်းဆက်ပါလို့ ဆုံကြပြီပဲ အတိတ်ကိုမတွေဝေပဲ ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်တယ်လို့ပဲ သုံးသပ်မိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကူးကူးလှိုင် said...

သူကြီးမင်းရေးလိုက်ရင် အမြဲပျော်စရာလေးတွေများတယ်နော် စဖတ်ကတည်းက ရယ်ရတယ် အဆုံးသတ်တော့လဲ ဘယ်လိုအခြေအနေဖြစ်ဖြစ် မေတ္တာထားတတ်ဖို့လေး သတိပြုမိသွားရပါတယ်...

စံပယ်ချို said...

ကိုယ်တွေ့များလာထင်ရလောက်အောင်ဆွဲဆောင်နိုင်တဲ့
ဇာတ်လမ်းလေးပါပဲ
မိမိုးမှန်တယ်လို့ထင်မိပါတယ်....ဖတ်ပြီးပြုံးမိသေးတယ်

Angelhlaing(May everybody be happy and healthy! said...

အန်တီတင့် ကွန်မန့်လေး သဘောကျတယ်အကိုရေ... :) ဒီအခြေထိရောက်လာပြိးမှတော့ ဒီလိုပဲ ဖြစ်သင့်ပါတယ်လေ..

ပန်းကဗျာ said...

အလည်လာပြီး စာလာဖတ်ပါတယ်ရှင်..

Unknown said...

လောကီပုဂ္ဂိုလ်၊ လူထိုထိုတို့
မလိုမကောင်း၊ လိုလျှင်ကောင်း၏
အဟောင်းအသစ်၊ ပျိုအိုဖြစ်လည်း
မချစ်မလှ၊ ချစ်လျှင်လှ၏။
ကိုနှင့်မိုးတို့ကို မေတ္တာဖွဲ့ ကဗျာလေးဖြင့်ပေါင်းဖက် ပေးထားသော ဇာတ်လမ်းကောင်းလေးတစ်ပုဒ် အားပေးသွားပါတယ် ခင်တဲ့အန်တီလေး မေခင်

မိုးနတ်ကြယ်စင် said...

သူများရေးတာပဲ အတုခိုးရေးရေး...
ကိုယ့်ဘာသာပဲ ရေးတတ်လို့ရေးရေး..
ပင်ကိုယ်အရည်အချင်းရှိမှ ဖတ်လို့ကောင်းမှာ..
စာဖတ်သူကို ဆွဲဆောင်နိုင်မှာပါ...ဟိ
( တဂျီးမင်းဆီက ဘာများစားရမလဲလို့ စွတ်မြှောက်ပစ်
လိုက်တယ်...ဘယ်ရမလဲနော်...မိုးနတ်ကွ )ဟာဟ
သိပါဘူး....မိုးနတ်က တဂျီးမင်းရဲ့ ကိုယ်တွေ့များလားလို့လေ...အဟက်....
မိုက်တယ်နော်...အွန်လိုင်းဇာတ်လမ်းလေး..
မှတ်သားစရာ.....
ပုံ...မိုးနတ်မင်း( မောင်(စွယ်စုံကျမ်း) လေသံနဲ့)

တောက်ပကြယ်စင် said...

အွန်လိုင်းမှာ ချစ်ကြိုက်ကြတဲ့သူတွေဟာ ဒီလိုပါပဲ အဖြစ်အပျက် မျိုးစုံကြုံကြရမှာပေါ့။ (ဘုန်းနှစ်တောက်တော့ မရှိသေး)

အင့် ဖတ်ရင်းနဲ့ ပိစိလေးမဟုတ်ဘဲ ပိစိကြီးလို့ ပြောမလို့ရှိသေး။ အဆုံးလည်းရောက်ရော ပိစိလေးမက တီတင့်လေးလည်းပါသေး။ နေဦး ဗျာတို့ရယ်က ဘူပါလိမ့်နော် (စဉ်းစားလိုက်ဦးမယ် ၁ မိနစ်၊ ၂-မိနစ်၊ ၃-မိနစ်) ငွေတော့ပါတယ် ငွေလမင်းလား မသိဘူး။ (ဘုန်းနှစ်တောက်ရဲ့လေသံလည်း မပါဘူး)

ချမ်းမြေ့ပါစေ
ခင်မင်တဲ့

သူကြီးမင်း (တုံးဖလား) said...

ဘုန်းနှစ်တောက် နှစ်မှတ်ခွဲရတယ်။ နှစ်ခုမှန်ပြီး တစ်ခုက သံသယနဲ့ အမှန်မို့။း)

ချပတာဝမ်းက ရေးဟန်လဲ အမျိုးသမီး ဘလော့ဂါတစ်ယောက်ရဲ့ ရေးဟန်မျိုးပါ။ ဒါပေမဲ့ သူ့ကိုတော့ ဖင်ဖျားတောင် မမီပါဘူး။ သူ့စာတွေ တော်တော် ဖတ်ကောင်းတယ်။ ရှာဖတ်ကြည့်။ ဘူလဲလို့တော့ မပြော။း)
...

ကွန်မင့်တွေ အားလုံးအတွက် ကျေးဇူးနော်။
အားလုံးကို အကြီးကြီး ချစ်ပါတယ်။း))

စုချစ် said...

ဟီး... မိုက်တယ်...

ချာပတာ၁က မမေ လား မသိ....
ငြိမ်ငြိမ်လေးထိုင်ဖတ်ပြီး ရမ်းရွှီး၏

း)

သောကြာမေ said...

ခေါ်မကြား အော်မကြား ငြိမ်ချက်သားကောင်းလိုက်တာလို့တွေးနေတာ လက်စသတ်တော့ လူပျိုဂျီး အွန်လိုင်းက မိုးနဲ့အိမ်ထောင်ကျပြီး Busy ဖြစ်နေတာကိုး။
အင်းလေ...ဘာဘဲဖြစ်ဖြစ်ပါ၊ ပွားနေကျသယ်ရင်းတွေဖြစ်တဲ့ မိုးမေတို့နဲ့တော့ ဘော်ဘော်စာရင်းမှာ အရင်တိုင်းရှိသင့်ပါတယ်။ ကိုယ်မိန်းမကိုလည်း နားလည်အောင်ပြောထားအုံးနော်...။

Anonymous said...

ဟဲဟဲ...
စာရေးဟန်ကတော့ ငွေလမင်း ပါ သူကြီးမင်း...

ကျုပ်လည်း မမိုးနဲ့တော့ ကင်းပါတယ်လေ
နို့ပေသိ သူကြီးမင်းရေား)။


မင်းဧရာ

blackroze said...

အို..
ဒီလိုလား
ဟယ်..
တကယ်ဘဲ
တကယ်ဘဲ

ညိမ်းနိုင် said...

စဖတ်ကတည်းက တဂျီးမင်း ကိုယ်တွေ့မဟုတ်ဘူးလို့
တော့ ယုံကြည်ပီးသား..... :)

သတိုး said...

အစပိုင်းကလေးက ပျော်ပြီး ရယ်နေရတာ။ သူကြီးကိုယ်တွေ့လို့လည်း ထင်တော့ ဖိတ်စာရောက်လာမယ်တောင်ထင်ပြီး ယောင်ယောင်ကလေး မျှော်မိသေး။ နောက် chapter တွေမှာ အဖြစ်တွေက ပြောမကောင်းဖြစ်လာမှ ဖွဟဲ့။ သူကြီးကိုယ်တွေ့ မဟုတ်ပါစေနဲ့ အပြေးအလွှား ဆုတောင်းရပြန်ရော..။
chapter(1) က ဘလော့ဂ်ဂါကို သိတယ်နော်။ တူ့နာမည် နှစ်လုံးထဲ။ စလုံးမှာ နေတာ။ (ကိုယ်လည်း တုနေကျမို့ သိနေ၏ )
ပျော်ရွှင်ပါစေ သူကြီါ်မင်း ခင်ဗျာ။
ခင်မင်သော သတိုး

လွင်ပြင်လှိုင်းငယ် said...

အွန်လိုင်းအချစ်နောင်တဇာတ်လမ်းလေးကို ....
ကောင်းမှကောင်း .....အစကတည်းက မေးခဲ့ရင်
ဒီလိုဖြစ်မှာမဟုတ်ဘူးလို့ နောင်တရနေမှာနော် ဟိ