Friday 14 December 2012

မသီတာက စခဲ့တဲ့.............


(ဒီပို့စ်လေးဖတ်ဖို့ ဖွင့်လိုက်ပြီး စခရိုးလ် အပေါ်အောက် လုပ်ကြည့်လိုက်တော့မှ အတော်ရှည်လျားတဲ့ ပို့စ်ဖြစ်နေမှန်း သိရတဲ့အတွက် ဒီလောက် ရှည်တာကြီးကိုတော့ မဖတ်ချင်တော့ပါဘူးဆိုပြီး မဖတ်ဘဲ ပြန်ပြေးသွားမှာ မြင်ယောင်နေမိသေးး))။ ဒါပေမဲ့ တစ်ဝက်လောက် ဖတ်လိုက်ရင် မသီတာ ကိစ္စက ပြီးသွားမှာပါ။ ကျန်တာက မင်းသမီးကိတ် ကိုယ်ဝန်ရခြင်းရဲ့ နောက်ဆက်တွဲတွေပါ)
....

 
ဒီနှစ် ဗြိတိန်မှာ ဆောင်းအ၀င်ကြမ်းတယ်။ မိုးအချုပ်မြန်တယ်။ အေးလိုက်တာလဲ လွန်ရောဘဲ။ အနှုတ်ဒီဂရီ ၄ လောက် ရှိနေပြီ။ ဒါတောင် အနှုတ် ၂၀ လောက် ဖြစ်လာဦးမယ်ဆိုလား။ ကွေးရပြီသာ မှတ်ပေတော့။ မနက်ပိုင်းတုန်းက နေကလေးသာပါတယ်ဆိုပြီး အ၀တ်သွားလှန်းထားတာ နေ့လည်ပိုင်းကျတော့ ရေခဲရိုက်အ၀တ်ဖြစ်ပြီး သားရည်ချပ်ကြီးလို ဂျပ်ကော့ကော့ကြီး ဖြစ်သွားတယ်။ နောက်ပြီး ဆောင်းရောက်ရင် အအေးဓါတ်နဲ့အတူ မိုးအချုပ်မြန်လာတယ်။ ညနေ ၄ နာရီဆို မိုးက ချုပ်ချင်နေပြီ။ အပြင်ထွက်ရမှာ ပျင်းနေရတဲ့အထဲ ရာသီဥတုက အအေးဓါတ်လွန်ကဲလေတော့ အိမ်ထဲမှာဘဲ အေးအေးဆေးဆေး စာအုပ်လေးဖတ်လိုက် တီဗီလေးကြည့်လိုက် စာလေး တစ်ကြောင်းနှစ်ကြောင်းရေးလိုက်နဲ့ အချိန်ကို သက်တောင့်သက်သာလေးဘဲ  ကုန်စေလိုက်တယ်။ ဒီလိုနဲ့......

ည ၁၀ နာရီ ခန့်လောက်အချိန်မှာတော့.........

"ကလင် ကလင် ကလင်"

လိုရမယ်ရ ဖုန်းနှစ်လုံး ယူထားပေမဲ့ တစ်ရက်နေလို့မှ တစ်ခါ မလာတတ်တဲ့ ဖုန်းကို ဘယ်ကနေ ဘယ်သူ ညကြီးမင်းကြီး လာဆက်နေမှန်းမသိ။ ကြည့်လိုက်တော့ Unknown call.

"ဟလို ပြောပါ"

"သူကြီးမင်းလား မသိဘူး"

"ဟုတ်ပါတယ်"

"သမီး မသီတာပါ"

"အမ်..."

"မသီတာလေ မမှတ်မိဘူးလား။ သမီး အခု လန်ဒန်ရောက်နေတယ်"

"အမ်"....အာမေဍိတ်နဲ့အတူ.စဉ်းစားရချေပြီ။ သီတာဆိုတဲ့ နာမည်က အများသားကလား။ ဟို ရွာမြောက်ပိုင်းက ကွမ်းယာရောင်းရင်း ကြီးပွါးသွားတဲ့ ဦးတင်ဖေ့သမီး သီတာများလား။ အင်းးး သူ လုံးဝ မဖြစ်နိုင်ဘူး။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ ရထားတဲ့ သတင်းအရ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကာလသားခေါင်း ကိုဖိုးလုံးနဲ့ အိမ်ထောင်ကျပြီး အခု ကလေးမျက်နှာမြင်နေလို့ မီးတွင်းကြီး ရောက်နေတယ်တဲ့။  ဒါဖြင့် ဟို ကိုစိန်မောင့် သမီး သီတာလေးများလား။ ကိုစိန်မောင်ကြီး အရက်မူးလာတိုင်း ပြဿနာရှာရှာနေတတ်လို့ စိတ်အညစ်ကြီး ညစ်နေရရှာတဲ့ သီတာလေး။ အင်း... သူလဲ လုံးဝမဖြစ်နိုင်ဘူး။ လန်ဒန်ကို မပြောနဲ့။ ရန်ကုန် ရွှေတိဂုံဘုရားကိုတောင် တစ်ခေါက်ထဲ ရောက်ဖူးတယ်တဲ့။ သူတို့မိသားစုက သိပ်ပြေလည်ကြတာ မဟုတ်။ ဒါဖြင့် ဟိုတစ်ယောက်များလား။ ဟိုမြို့က စက်ပိုင်ရှင်ကြီး ဦးဖိုးနီရဲ့ မြေးမလေး သီတာ။ ငယ်ငယ်တုန်းက အဲဒီမြို့မှာ ကျောင်းတက်ရင်း သီတာလေးကို ရိသဲ့သဲ့ လုပ်ခဲ့ဖူးတာကို ပြေးမြင်ယောင်မိပါရဲ့။ အဲဒီခေတ်တုန်းက အဆိုတော်လွှမ်းမိုးရဲ့ "အချစ်ရှုံးသမား ဒဿဂီရိ" ဆိုတဲ့ သီချင်းက ခေတ်အစားသားကလား။

"သီတာ....မင်းသမီးလေးကို.... လိုချင်..... တပ်မက်မောသူ... ရာမ.... မင်းသားလေးနဲ့.. မယှဉ်နိုင်.... အချစ်ပြိုင်ပွဲမှာ...."

အဲဒီသီချင်းအပိုဒ်ကလေးကို သူတို့အိမ်နားက ဖြတ်သွားမိတိုင်း မူရင်းနာမည်တွေ ဖယ်ထုတ်ပြီး သီတာ့နာမည် သူ့အဖိုး ဦးဖိုးနီနာမည် ပြီးတော့ ကျနော့်နာမည် (ကိုမောင်)ကို အစားထိုးထည့်ကာ မတိုးမကျယ် အော်ဟစ်ခဲ့ဖူးတာကို မှတ်မိနေသေး။

"သီတာ... ဖိုးနီမြေးကို.. လိုချင်.. တပ်မက်မောသူ....ကိုမောင်...မင်းသားလေးနဲ့...မယှဉ်နိုင်...အချစ်ပြိုင်ပွဲမှာ.."

အဲဒီလို အတိတ်ကို စဉ်းစားလို့ ကောင်းနေတုန်း.....

"သူကြီးမင်း... သမီးကြောက်တယ်။ သမီးကို လာခေါ်ပါ"

"ဟေ...."

"အင့်.. ဟင့်.. ဟင့်.. ဟင့်.. သမီး အရမ်းကြောက်တယ်။ သမီးကို လာခေါ်ပါ။ သမီးကို လာခေါ်ပါ"

အဲဒီလို ငိုသံတွေကို ကျနော်အကြောက်ဆုံး။ အထူးသဖြင့် မိန်းခလေး ငိုသံ။ ခန္ဓာကိုယ်တစ်ခုလုံးလဲ ဟိုနားက ယားလာသလိုလို ဒီနားက စစ်စစ် ကိုက်လာသလို ဟိုလိုလို ဒီလိုလိုနဲ့ နေထိုင်ရ အတော်ခက်။ ဘယ့်နှယ် ဘယ်က သီတာမှန်းလဲ မသိ။ ဘယ်မှာ သွားခေါ်ရမှန်းလဲ မသိ။ ပြီးတော့ ညကြီးမင်းကြီး။ ဖုန်းလိုင်းထဲမှာလဲ တအင့်အင့် တဟင့်ဟင့်နဲ့ ဆိုတော့ ဖနောင့်နဲ့ ကြမ်းပြင်ကိုဘဲ အသားကုန် ဆောင့်ပစ်လိုက်ရတော့မလိုလို ခေါင်းနဲ့ နံရံနဲ့ဘဲ ပြေးတိုက်ရတော့မလိုလိုနဲ့ တို့လို့ တန်းလန်းကြီး။

"ဒါနဲ့.. နေပါဦး။ ဘယ်ကနေ ဆက်နေတာလဲ"

"သမီး လန်ဒန်မြို့ထဲက ဆက်နေတာပါ။ အင့်ဟင့်ဟင့်.. အရမ်းကြောက်တာဘဲ။ အနားမှာ ဘယ်သူမှလဲ မရှိကြဘူး။ သမီး ကြောက်လွန်းလို့ သေရတော့မယ်ထင်တယ်။ သမီးကို လာခေါ်ပါ သူကြီးမင်းရယ်... နော်"

"ဒါနဲ့.. ညည်းက ကျုပ်ကို သိလို့လား"

"သူကြီးမင်းကလဲ အရေးထဲ ပုလိပ်စစ် စစ်နေသေးတယ်။ သူကြီးမင်းကို မသိဘဲ နေပါ့မလား။ အသားဖြူဖြူ ရုပ်ချောချော ခန့်ခန့် မျက်နှာက မချိုမချဉ်နဲ့လေ"

ဖြူဖြူချောချောခန့်ခန့်ဆိုတော့ ဒီကောင်မလေး ငါ့ကို အမှန်အတိုင်းမြင်တတ်သားဘဲလို့ စိတ်ထဲတွေးပြီး ကျေနပ်မိလိုက်သေးတယ်။း) ပြီးတော့ မျက်နှာက မချိုမချဉ်နဲ့တဲ့။ မချိုမချဉ်ဆိုတာ ဘယ်လိုမျိုးမျက်နှာကို ဆိုလိုမှန်း မသိပေမဲ့ မစပ်မဆိုင် ဟို စလုံးက ဘလော့ဂါပိစိလေး ချိုချဥ့်မျက်နှာကိုတော့ ပြေးမြင်ယောင်မိလိုက်သေး။

"ဒါဖြင့်ပြော.. လန်ဒန် ဘယ်အနားမှာ ရောက်နေတာလဲ။ အခု လာခေါ်မယ်"

"အင့်.. ဟင့်.. ဟင့်... ဘယ်သိပါ့မလဲလို့..။ လာခေါ်ပါဆိုမှ လူကို မေးနေသေးတယ်။ နေရာသိရင် သူကြီးမင်းကိုတောင် ဖုန်းမဆက်ဘူး။ သမီးဖာသာ သွားချင်တဲ့နေရာကို သွားပြီးပြီ။ အမလေး ချမ်းလဲ အရမ်းချမ်းသာဘဲ။ သူကြီးမင်းရယ် ကယ်ပါဦး။ ဂတ် ဂတ် ဂတ် (မေးရိုက်သံ)"။ ( လွမ်းလဲ အရမ်း လွမ်းတာဘဲလားလို့ ဘာဖြစ်လို့ မမေးဖြစ်လိုက်မှန်းမသိ)။

သူ့ခမျာ မြို့ထဲမှာ တစ်ယောက်ထဲ။ ညကြီးမင်းကြီး။  ပြီးတော့ မိန်းခလေး။ အတော်လေး ချမ်းပြီး တော်တော်လေးလဲ ကြောက်နေလောက်ပြီ။ ငါ သွားကယ်မှ ဖြစ်မယ်။ နို့မဟုတ်ရင် " မြန်မာမလေး တစ်ယောက် လန်ဒန်မြို့ထဲ ပျောက်ဆုံးသွားခြင်း" ဆိုတဲ့ သတင်းခေါင်းကြီးပိုင်းပါလာမှ ယူကြုံးမရ ဖြစ်နေဦးမယ်။ နို့.. နေပါဦး။ သွားခေါ်တာတော့ ဟုတ်ပါပြီ။ ခေါ်ပြီး ဘယ်နား သွားထားမလဲ။ သူ့ဖာသာ လန်ဒန်ရောက်နေတာ ကြာနေပြီး အခုမှ မျက်စိလည်လမ်းမှားတာဆို သူ့အိမ် လိုက်ပို့ပေးလိုက် အဆင်ပြေသေးတယ်။ တော်ကြာ ဒီနေ့မှ လန်ဒန်ရောက်လာပြီး မြို့ထဲမှာ ခရီးသွားအိတ်တွေနဲ့အတူတူ ယောင်လည်လည် ဖြစ်နေတာဆို ဒုက္ခ။ အိမ်ကို ခေါ်လာရအောင်ဆိုလဲ အိမ်မှာက အခန်းပို မရှိ။ ရှိတဲ့ အခန်းပိုကလဲ ဧည့်သည်တစ်ယောက်က နေရာဦးထားပြီးပြီ။ ကျနော့်အခန်းထဲ အိပ်ခွင့်ပြုလိုက်ရင်လဲ မဖြစ်။ ညဉ့်နက်သန်းကောင် အိပ်မက်ယောင်ပြီး ကြောက်တယ် ကြောက်တယ် အော်နေမှဖြင့် သွားပြီ။ ကဲပါလေ။ သူ့ခမျာလဲ ဒုက္ခရောက်နေတာဆိုတော့ ကယ်တင်ကောင်းပါတယ်။ ခေါ်လာပြီး နီးစပ်ရာ ဟိုတယ်တစ်ခုခု ပို့ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။

"ကဲ.. အခု လာခေါ်မယ်။ ဘယ်အနားမှာ ရှိနေသလဲဆိုတာကိုသာ ပြော"

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

"အနီးအနားမှာ အဆောက်အဦ ကြီးကြီးမားမားရှိရင်ပြော။ အဲဒါဆို မှန်းလာလို့ ရတယ်"

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

"ဘတ်စ်ကားမှတ်တိုင်တွေ့ရင် အဲဒီနာမည်ကိုပြော။ အခု လာခဲ့မယ်"

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

"ဒါဖြင့် ရထားဘူတာ တွေ့ရင် အဲဒီဘူတာနာမည်ကိုပြော"

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

 ".........................................................................."

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

 ".........................................................................."

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

 ".........................................................................."

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

 ".........................................................................."

"ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့်"

"ကဲဟာ.. ဒါဖြင့်လဲ နေတော့... ဂွပ် (ဖုန်းချသံ)။ ဘယ်လို မိန်းမနဲ့ လာတွေ့နေမှန်းမသိဘူး"

ဘာမေးမေး အဖြေက တစ်မျိုးထဲ ဖြစ်နေတာများလာတော့ နဲနဲ ဒေါပွလာတယ်။ ပြီးတော့ အသံက ပုံမှန် မဟုတ်တဲ့ ညုတုတု အသံမျိုးနဲ့။ ပထမကတော့ သနားမိသေး။ နောက်တော့ တဖြည်းဖြည်းနဲ့ သောက်မြင်ကပ်လာတယ်။ ဘယ့်နှယ် မေးခွန်း နှစ်ဆယ်လောက် မေးလိုက်တာကို အဖြေက တစ်မျိုးထဲ။ ကယ်တင်ချင်တဲ့ စိတ်တွေလဲ ဘယ်ရောက်ကုန်မှန်းမသိ။ တော်တော်လေး အမြင်ကပ်ဖို့ကောင်းတဲ့ မ အီ ညာ.. အဲလေ... မသီတာ။ ဒါကြောင့် ဖုန်းချပစ်လိုက်ပြီး တီဗီသတင်းကိုဘဲ ဆက်ကြည့်နေလိုက်တော့တယ်။ သဗ္ဗေသတ္တာ ကမ္မဿကာဘဲပေါ့။
.....


ငါးမိနစ်ခန့် ကြာသောအခါ.......

"ကလင်..ကလင်..ကလင်..."

လာပြန်ပြီ။ ဟို ဂျိုကောင်မလေးဆီက ထပ်ဆက်ပြန်တာလား မသိ။ ဒါပေမဲ့ အိုင်ဒီကို ကြည့်လိုက်တော့မှ သူငယ်ချင်း တစ်ယောက်ဆီက။

"ဟေ့ကောင်.. ဇော်အောင်... ညကြီးသန်းခေါင် တစ်ခါမှ ဖုန်းမဆက်ဖူးဘဲ အခုမှ  ထူးထူးဆန်းဆန်း ဘယ်လို ဖြစ်နေတာလဲ"

"ဟား ဟား ဟား ဟား ဟား"

"ဟေ့ရောင်.. ငနဲ။ ငါ ဘာမှ ရယ်စရာ မပြောမိပါလား"

"ဟား ဟား ဟား။ မင့်အသံကြားတာနဲ့ ငါ အလိုလို ရယ်ချင်နေတာ"

"မင်းကသာ အူမြူးနေ။ ငါ အခု ဖုနေတာ"

"ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲကွ။ သီတာဆိုတဲ့ မိန်းခလေးတစ်ယောက် ခုလေးတင် ဖုန်းဆက်ပြီး လန်ဒန်မြို့ထဲမှာ သူ့ကို လာခေါ်ဖို့ ပြောတယ်။ ဘယ်က သီတာမှန်းလဲ မသိ။ ဘယ်လို မိန်းခလေးမျိုးမှန်းလဲ မသိ။ ဒါပေမဲ့ သူ့ကို သွားခေါ်ဖို့ ဘယ်အနားရောက်နေတာလဲ ဆိုတော့လဲ ဘာမေးမေး တဟင့်ဟင့် တဟင့်ဟင့်နဲ့ ချွဲပစ်နေတယ်။ တောက်.... စဉ်းစားရင်း သောက်မြင်ကပ်လိုက်တာကွာ"

"ဟား ဟား ဟား ဟား ဟား"

"မင်းက ဘာဖြစ်လို့ သဘောကျနေတာတုန်း။ ငါ ကော်ဆဲလိုက်ရ"

"ဟား ဟား ဟား အခု စကားပြောနေတာ သမီး သီတာလေ"

"အမ်... ဘယ်လို"

"၀ါး ဟား ဟား ဟား။ ဘယ်လိုမှ မဟုတ်ဘူး။ သီတာဆိုတာ နှာလေ။ ခွီးခွီးခွီး။ မင့်ကို ဒီဇင်ဘာဖူးလ် လုပ်လိုက်တာ။ ဘယ်လိုလဲ နှာ့အသံ မိန်းခလေးသံနဲ့ တူတယ် မဟုတ်လား။ (သူကြီးမင်းရယ်.. လုပ်ပါဦး...အင့် ဟင့် ဟင့် ဟင့် (မိန်းမသံဖြင့်))"

"ချီးမှဘဲ။ မင်း အခု ငါ့အနားမှာသာ ရှိနေလို့ကတော့ မလွယ်ဘူး"

"ခွီး..ခွီး..ခွီး"

ဒါ Phone Hoax Call (ဖုန်းအတုခေါ်ဆိုမှု)ဘဲ။ ဘယ်လိုကောင်မှန်းလဲ မသိဘူး။ ဘယ့်နှယ် အေပရယ်လ်ဖူးလို့သာ ကြားဖူးပါတယ်။ သူ့ကျမှ ဒီဇင်ဘာဖူးလ်တဲ့။ ကြံကြံဖန်ဖန် တော်တော်လုပ်တတ်တဲ့ကောင်။ ပြီးတော့ တကယ့် မိန်းခလေးအသံမျိုးနဲ့။ "အင်းလေ.. သူငယ်ချင်းတွေဆိုတာ ဒီလိုဘဲ ထင်ပါရဲ့။ အချင်းချင်း မခံချင်အောင် စလိုက် နောက်လိုက်။ ထိုးလိုက် ကြိတ်လိုက်။ ပြန်အော်လိုက် ပြန်ခေါ်လိုက်။ ကဲပါလေ။ ရှိပါစေတော့။ ဘလော့အတွက် ကုန်ကြမ်းရတာပေါ့။ ဒီအကြောင်းလေး ပို့စ်တစ်ပုဒ်လောက်တော့ ဖြစ်လောက်ပါတယ်။ ပို့စ်ရေးဖို့ အိုင်ဒီယာ ရှားပါးနေတာနဲ့တော့ အတော်ဘဲ" ဆိုပြီး ဘလော့ဂါပီပီ ကုန်ကြမ်းတစ်ပုဒ်အတွက် မသီတာကို စိတ်ဆိုး ပြေပေးလိုက်တယ်။

ဒါနဲ့.........

ဒီအကြောင်းလေး ပို့စ်ရေး တင်မယ်လုပ်တုန်း ဒီအကြောင်းထက် ပိုပြီးဆိုးဝါးတဲ့ Phone Hoax Call ဖုန်းအတုခေါ်ခြင်းရဲ့ နောက်ကွယ်က ကိုယ့်ကိုကိုယ် သတ်သေမှု တစ်ခုအကြောင်း တီဗီသတင်းထဲ ပါလာပြန်ရော။ ဗုဒ္ဓနိုင်ငံတော်က ကိုနတ္ထိ ကလဲ "Phone Hoax Call အကြောင်းလေး ရေးရင်တော့ ဖတ်ရဦးမှာပ" ဆိုပြီး ကွန်မင့်မှာ လာမြှောက်ပေးလေတော့ မအားတဲ့ကြားထဲက ကဖြစ်အောင်တော့ ကလိုက်ဦးမှာဘဲ ဆိုပြီး မသီတာ ပို့စ်ကို မတင်သေးဘဲ အချိန်ရတဲ့ တစ်နေ့တော့ မသီတာပို့စ်နဲ့  Phone Hoax Callပို့စ်ကို အတူတူ ပေါင်းစည်းပြီး တင်ဦးမယ်လို့ စိတ်ထဲ တေးမှတ် ကြံစည်ထားခဲ့တယ်။ ဒီနေ့တော့ အချိန်နဲနဲရတာနဲ့ အခါကောင်းတုန်းလေး ပို့စ်ရှည်တစ်ပုဒ်အဖြစ် ဖန်တီးလိုက်မိတယ်။


ဖုန်းအတုအခေါ်ခံရတဲ့သူက ကိုယ်ဝန်ရပြီး မူးဝေအော့အန်တဲ့အတွက် King Edward VII ဆေးရုံပေါ်ရောက်နေတဲ့ ကမ္ဘာကျော် တော်ဝင်မင်းသမီးလေး ကိတ်။ ဖုန်းအတု ခေါ်တဲ့သူက သြစတြေးလျက Australian radio DJs ရေဒီယို ပရီစင့်တာ နှစ်ဦး ဖြစ်တဲ့ 2Day FM အစီအစဉ်မှ Mel Greig နှင့် Michael Christian ။ အတုလုပ်ပုံက သူတို့နှစ်ဦး (မတစ်ဦး ကျားတစ်ဦး)မှာ တစ်ဦးက ဗြိတိန်ဘုရင်မကြီးအတု။ တစ်ဦးက သားတော်ချားလ်စ်မင်းသား အတု။ ဖုန်းလက်ခံပြီး မင်းသမီးကိတ်ရဲ့ အထူးနာ့စ်ထံ လိုင်းလွှဲပေးလိုက်တဲ့သူက နာ့စ်မတစ်ယောက်ဖြစ်တဲ့ အိန္ဒိယနွယ်ဖွား Jacintha Saldanha ။ ဖုန်းခေါ်တဲ့အချိန်က ဗြိတိန်စံတော်ချိန် နံနက် ငါးနာရီခွဲ။ အဲဒီလို ဖုန်းအတုခေါ်ဆိုပြီး မင်းသမီးလေး ကိတ်ရဲ့ ကျန်းမာရေး အခြေအနေကို အသေးစိပ် သူတို့ ရယူသွားနိုင်ခဲ့ကြတယ်။ သူတို့အစီအစဉ်ကတော့ ဒီဖုန်းအတုခေါ်ဆိုတာတွေကို အသံဖမ်းထားပြီး ပြန်လည်တည်းဖြတ်မယ်။ ပြီးရင် ပရိသတ်တွေ ပျော်ရွှင်မှုရအောင် အသံထုတ်လွှင့်တဲ့ အစီအစဉ်မှာ အထူးအနေနဲ့ တင်ဆက်မယ်ပေါ့။

ဒါပေမဲ့ သူတို့ရဲ့ ပျော်ရွှင်စရာဖန်တီးမှုကတစ်ဆင့် အပျော်လွန် အကျွံဖြစ် ဆိုသလို အဲဒီဆေးရုံက နာ့စ်မတစ်ယောက် သူတို့ရဲ့ ဖုန်းအတုခေါ်ဆိုမှုကြောင့် (ဖုန်းခေါ်ဆိုပြီး သုံးရက်မြောက်နေ့မှာ) သူ့ကိုယ်သူ သတ်သေသွားတဲ့ သတင်းကြားတော့ သူတို့ရဲ့ ပျော်ရွှင်စရာ အစီအစဉ်လေးဟာ အကျည်းတန်စွာနဲ့ဘဲ အဆုံးသတ်ခဲ့ရပါတယ်။ ဗြိတိန်တစ်နိုင်ငံလုံးလဲ အုန်အုန်းကြွက်ကြွက်ကို ဖြစ်လို့။ ကိတ်နှင့် ၀ီလျံတို့လဲ စိတ်အနှောက်အယှက်ဖြစ်။ ကုသပေးတဲ့ ဆေးရုံကလဲ နှစ်ပေါင်း တစ်ရာကျော်တိုင်တိုင် တော်ဝင်မိသားစုတွေကို အစဉ်အဆက် ကုသပေးခဲ့တဲ့ ဆေးရုံဆိုတော့ သူတို့ကိုယ် သူတို့လဲ အခုလို ဖုန်းအတုခေါ်ခံရတဲ့အပေါ် အပြစ်တစ်ခုလို ခံစားရပြီး မြင်သာထင်သာ တောင်းပန်။ သြစတြေးလျက ပရီစင့်တာနှစ်ဦးကလဲ သူတို့လုပ်ခဲ့မိတဲ့အတွက် ၀န်ခံ တောင်းပန်။ မီဒီယာတွေကလဲ ဒီသတင်းတွေကိုဘဲ ထပ်ကာထပ်ကာလွှင့်။ နောက်ဆုံးတော့ ဖုန်းလိုင်းလွှဲပေးလိုက်တဲ့ နာ့စ်မလေးတစ်ယောက် သူ့ကိုယ်သူ အပြစ်ရှိတယ်ဆိုပြီး ဖိစီးစိတ်နဲ့ အဆုံးစီရင်သွားပါရောလား။ သတ္တ၀ါတစ်ခု ကံတစ်ခုပေဘဲ။

ဖုန်းအတုခေါ်စဉ်က ဖုန်းအတုခေါ်ဆိုသူ နှစ်ဦး

 ဖုန်းအတုခေါ်ပြီး ဖုန်းအတုခေါ်ဆိုသူ နှစ်ဦး


ဆရာအောင်သင်း ပြောခဲ့တဲ့  "ကျုပ်က ရယ်စရာချည်းသက်သက်မပြောဘူး။ ရယ်မောစရာကိုဘဲ ပြောတယ်။ ရယ်စရာပြီးရင် မောစရာတွေ ရှိနေပါလားဆိုတာ လူတွေကို သိစေချင်တယ်" ဆိုတဲ့ စကားလေးကိုဘဲ အမှတ်ရမိတယ်။ ဖုန်းအတု ခေါ်စဉ်တုန်းက သူတို့နှစ်ဦး တခွီးခွီးနဲ့ သဘောခွေ့နေခဲ့ကြပေမဲ့ ဖုန်းအတုခေါ်ပြီး အဲဒီခေါ်ဆိုမှုကို အကြောင်းပြုလို့ နာ့စ်မတစ်ယောက်ဖြစ်တဲ့ Jacintha Saldanha သူ့ဖာသာ သူ သေကြောင်းကြံခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးလုံး မျက်ရည်နဲ့ မျက်ခွက်။ ကြည့်ရတာတောင် စိတ်မကောင်းဘူး။

ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လို့ မသုံးသပ်ချင်ပေမဲ့ သေတဲ့သူကတော့ သေပြီးသွားပြီ။ အမှန်တကယ်က မင်းသမီးကိတ်ရဲ့ ကျန်းမာရေးအကြောင်းအပြည့်အစုံကို ဖုန်းဆက်ပြောတဲ့သူက အဲဒီနာ့စ်မ Jacintha Saldanha မဟုတ်ပါဘူး။ အခြားအနီးကပ် စောင့်ရှောက်ပေးတဲ့ နာ့စ်မတစ်ယောက်ပါ။ Jacintha Saldanha က ပထမဆုံး ဖုန်းအ၀င်ကို ကောင်တာ(ဧည့်ကြို)ကနေ လက်ခံပြီး မင်းသမီးကိတ်နေတဲ့ အခန်းကို လွှဲပေးလိုက်တဲ့ သူပါ။ ဒါဖြင့် သူက ဘာဖြစ်လို့ သူ့ကိုယ်သူ သတ်သေသွားရသလဲ။ ဥာဏ်မမီပေမဲ့ နဲနဲတော့ စဉ်းစားကြည့်လိုက်ဦးမယ်။

၁။ ဖုန်းအတုကို လက်ခံပြီး မင်းသမီးကိတ်ဆေးရုံတက်နေတဲ့ အခန်းကို လိုင်းလွှဲပေးမိလိုက်တဲ့အတွက် သူ့ဖာသာသူ အပြစ်တစ်ခု ကျူးလွန်မိသလိုမျိုး (သူ့တာဝန် သူမကျေသလိုမျိုး) ခံစားရလွန်းလို့ (အဲဒီအပြစ်ကို မခံစားနိုင်တော့လို့) သတ်သေလိုက်တာလား။ ဗြိတိန်မှာကလဲ တော်ဝင်မိသားစုနဲ့ ပတ်သက်လာရင် အားလုံး အထိမခံ ရွှေပန်းကန်တွေက များတယ် မဟုတ်လား။ ပြီးတော့ သတင်းမီဒီယာသမားတွေကလဲ တီဗီ အင်တာနက် ရေဒီယို သတင်းစာ မဂ္ဂဇင်း စတဲ့ သတင်းဋ္ဌာနတွေမှာ အဲဒီ သတင်းတွေချည်း ထပ်ကာ ထပ်ကာ ရီပိ(တ်) လုပ်နေကြတယ်လေ။ အဲဒါတွေကို ကြားရ မြင်ရတိုင်း အလွန့်အလွန် နောင်တတဖန် ပူပန်ပြီး အခုလို လုပ်လိုက်တာများလား။

၂။ ဆေးရုံကလဲ တော်ဝင်မိသားစုတွေ တက်ရောက်တဲ့ ဆေးရုံဖြစ်နေတဲ့အတွက် အမှားအယွင်း မရှိအောင် အမြဲတမ်း သတိထားနေကြရတယ်။ အခုလို အမှတ်မထင် အထဲကသတင်း အပြင်ရောက်သွားတာဟာ အဲဒီ ဆေးရုံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ ဒါကြောင့် ပထမဆုံး ဖုန်းစကိုင်တဲ့သူကို ဒီလောက်တောင် တုံးရ အ ရ သလား၊ ဘုရင်မအသံနဲ့ သြစီငတိမလေးအသံနဲ့တောင် မခွဲခြားနိုင်ဘူးလား၊ ဒီလိုပုံ နမော်နမဲ့ဆိုရင်တော့ ဒီအလုပ်က အနားယူလိုက်တာဘဲ ကောင်းမယ် စသဖြင့် ဆေးရုံဝန်းထမ်းတွေ အားလုံး ၀ိုင်းဝန်းအပြစ်တင်ကြကောင်း တင်ကြမယ်။ ပြီးတော့ ဆေးရုံတာဝန်ခံတွေ အားလုံးကလဲသူတို့မှာ တာဝန်ရှိကြောင်း ပေါ့ဆမိကြောင်း တော်ဝင်မိသားစုကို တောင်းပန်လို့ကို မပြီးနိုင်ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီဖိစီးမှုဒဏ်တွေကို မခံရပ်နိုင်တော့လို့ သူကိုယ်သူ အဆုံးစီရင်လိုက်တာများလား။

၃။ ဒါမှမဟုတ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် နာမည်ကြီးချင်လို့ အခုလို သူ့ကိုယ်သူ သတ်သေလိုက်တာများလား။ ဒီလို စဉ်းစားမိတဲ့အတွက် ကျန်ရစ်သူ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ စဉ်းစားမိတာလေးကိုတော့ သုံးသပ်ကြည့်လိုက်ပါဦးမယ်။ ဒီဘက်နိုင်ငံတွေက အခြားနိုင်ငံတွေထက် ပိုပြီး နာမည်ကြီးချင်ကြတယ် မဟုတ်လား။ နာမည်ကြီးဖို့ဆိုရင် အသက်ကိုလဲ မနှမြောတတ်ကြသလို အရှက်ကိုလဲ ထည့်မတွက်တတ်ကြဘူး။ ကြည့်လေ။ လူတကာစုံတဲ့ ဘောလုံးကွင်းထဲ အ၀တ်အားလုံးချွတ်ပြီး ကိုယ်လုံးတီး ၀င်ပြေးခဲ့တဲ့ အမျိုးသမီးတစ်ဦး။ ဘောလုံးကွင်းထဲ အတင်းဝင်ရောက်ပြီး ကစားသမားတစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ အမျိုးသားတစ်ယောက်။ တီဗီဖန်သားပေါ် သတင်းစာပေါ် ထင်ထင်ရှားရှား ပါဖို့ဆိုရင် အကုန် လုပ်လေ့ရှိကြတဲ့ သူတွေလေ။ အခုလဲ တော်ဝင်မိသားစုနဲ့ ပတ်သက်နေတဲ့ အကြောင်းအရာတစ်ခု။ ဒီထက် ပိုပြောရရင်တော့ ဗြိတိန်သာမက ကမ္ဘာကပါ လှုပ်ရွလှုပ်ရွ ဖြစ်နေတဲ့ ၀ီလျံနှင့်ကိတ် စုံတွဲတို့ရဲ့ ပထမဆုံး ရင်သွေးရတနာလေး ၀မ်းဗိုက်ထဲ ရောက်နေတဲ့ ဖြစ်စဉ်တစ်ခု။ ဒီထက် နာမည်ကြီးတာ ဘာရှိဦးမှာလဲ။ တော်ဝင်မိသားစုနဲ့ ပတ်သက်ဆက်နွယ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားတဲ့ သူတစ်ယောက်ဟာလဲ နာမည်မကြီးစရာ အကြောင်းမရှိပါဘူး။ သတင်းခေါင်းကြီးပိုင်း ပါလာမှာတော့ ကျိန်းသေဘဲ။ ပြီးတော့ အခု ကိတ်တို့ရဲ့ ရင်သွေးလေး နောင်တစ်ချိန် ဗြိတိန် ဘုရင် (သို့) ဘုရင်မ ဖြစ်လာတဲ့ တစ်နေ့မှာလဲ ဒီဘုရင်(သို့)ဘုရင်မ ကိုယ်ဝန်တည်ခါစက Jacintha Saldanha ဆိုတဲ့ နာ့စ်မလေး သူ့ကိုယ်သူ အဆုံးစီရင်သွားရရှာတယ်ဆိုပြီး လူတွေ သတိရနေကြဦးမှာ မဟုတ်လား။ အခုတောင် အင်တာနက်မှာ Jacintha Saldanha လို့သာ ရိုက်ကြည့်။ ထွက်လာလိုက်တဲ့ သူ့သတင်းတွေ အများကြီးဘဲ။ တီဗီတို့ သတင်းစာတို့ ရီဒီယိုတို့မှာလဲ သူ့သတင်းတွေချည်းဘဲ။ အဲဒီလို အဲဒီလို နာမည်ကြီးချင်လို့များ သူ့ကိုယ်သူ အဆုံးစီရင် သွားလေရော့သလား။

၎။ နောက်ဆုံးအနေနဲ့ ဒီလို ဖုန်းအတုခေါ်ဆိုခြင်းရဲ့ နောက်ကွယ်မှာ ဒီလို အကျည်းတန်တဲ့ အဖြစ်အပျက်တွေ ရှိနေတတ်တယ်ဆိုတာကို ဖုန်းအတုခေါ်သူတွေကို (နောင်ခေါ်မဲ့သူတွေကို) နောင်ကြဉ်သွားအောင် သင်ခန်းစာပေးချင်လို့များ အခုလို သူ့ဘ၀သူ အဆုံး စီမံသွားလေသလား။ 

နောက်ဆုံး အချက် သုံးချက်အတွက် ဘာမှ မဝေဖန်လိုပေမဲ့ ပထမဆုံး အချက်ကိုတော့ နဲနဲ ပြောချင်ပါသေးတယ်။ ဒီဘက်ကလူတွေက တာဝန်တစ်ခုခုယူမိရင် အဲဒီတာဝန်ကို တန်ဖိုးထားတတ်လေ့ ရှိကြတယ်။ အတတ်နိုင်ဆုံး မပျက်ကွက်အောင် ကြိုးစားလေ့ရှိကြတယ်။ အထူးသဖြင့် အထက်အရာရှိပိုင်းမှာ တာဝန်ယူနေတဲ့ သူတွေဆို ပိုပြီးတော့တောင် တာဝန်ကို လေးလေးနက်နက် ထားတတ်ကြတယ်။ ဒါကြောင့်မို့လဲ သူတို့ လုပ်ငန်းမှာ အပြစ်တစ်စုံတစ်ရာတွေ့ရင် သူတို့ကိုယ် သူတို့ အပြစ်ရှိတယ်လို့ ခံယူပြီး ၀န်ကြီးဝန်လေးတွေတောင် သူ့တို့ဖာသာ သူတို့ တာဝန်ကနေ နှုတ်ထွက်သွားလေ့ရှိကြတာ မဟုတ်လား။ အခုလဲ ဒီ နာ့စ်မတစ်ယောက် သူ့ကိုယ်သူ တာဝန်တစ်ခုကို မကျေလိုက်သလိုမျိုး ခံစားရကောင်း ခံစားရနိုင်တယ်။ အခုဟာက တော်ဝင်နွယ်တွေရဲ့ သတင်း၊ ပြီးတော့ လူမမာ တော်ဝင်နွယ်တစ်ဦးရဲ့ သတင်း။ ဒါတွေကို အပြင်ကို ထုတ်ပစ်မိတယ်ဆိုတော့ တာဝန်ပေါ့ဆမှုက တကယ်ကို (တာဝန်ရှိတဲ့ စိတ်ဓါတ်နဲ့ တွေးကြည့်ရင်) ကြီးလေးသလို ဖြစ်နေတယ်။ အဲဒီလို တာဝန်သိစိတ်နဲ့ သူ့ကိုယ်သူ တာဝန်ပေါ့ဆမိတယ်လို့ ခံယူပြီး အဲဒီ ပေါ့ဆမှုအတွက် သူ့အသက်ကို ပေးဆပ်လိုက်တယ်ဆိုရင်တော့ တကယ်ကို ချီးကျူးစရာပါ။ တာဝန်ကို တကယ်ယူတတ်တဲ့ စိတ်ကို ချီးကျူးတာပါ။ သူကြီးမင်းတို့ ရွှေနိုင်ငံမှာတော့ ဆေးအထိုးမှား ဆေးအပေးမှား ခွဲစိပ်မှားတွေကအစ လူမမာတွေကို မောက်မောက်မာမာ ဆက်ဆံတာမျိုးတွေ ကြားကြားနေရတယ်။ သူတို့ကတော့ သူတို့တာဝန်ဟာ ဘာလဲဆိုတာ သိပုံ မပေါ်ကြဘူး ထင်ပါရဲ့။ အခု နာ့စ်မလေးလို တာဝန်ပေါ့ဆမိတဲ့အတွက် ကိုယ့်ကိုကိုယ် သတ်သေကြစတမ်းဆိုရင်တော့ ရွှေပြည်ကြီးမှာလဲ ဆေးရုံဝန်ထမ်းတွေတောင် ကျန်ပါတော့ဦးမလား မသိ။


အခုတော့ ဒီနာ့စ်မတစ်ယောက် သေဆုံးမှုနဲ့ ပတ်သက်လို့ ကိစ္စတွေက ကြီးသထက် ကြီးလာပြီ။ သြစတြေးလျက ဖုန်းအတုခေါ်သူနှစ်ယောက်လဲ အသက် ချိန်းခြောက်ခံနေရလို့ ၂၄ နာရီ လုံခြုံရေးပေးထားရတယ်။ အဲဒီ လုံခြုံရေး ကုန်ကျစရိတ်က တစ်ပတ်ကို စတာလင်ပေါင် ငါးသိန်းတဲ့။ နောက်ပြီးတော့ ဒီ ဖုန်းအတုခေါ်ဆိုမှုအတွက် ဥပဒေသစ်တွေ ထွက်ပေါ်လာဦးမယ့် ပုံလဲပေါ်နေတယ်။ အဲဒီဆေးရုံကိုလဲ စစ်ဆေးမှုတွေ ကြပ်ကြပ်မတ်မတ် လုပ်နေတယ်။ အဲဒီနာ့စ်မ အခန်းထဲမှာလဲ သူမသေခင် သူ့ကိုယ်သူ သတ်သေမှုအတွက် မှတ်စုတို သုံးခု ရေးထားခဲ့တာ တွေ့ရတယ်တဲ့။ အဲဒီမှတ်စုတွေဟာ သူရေးထားခဲ့တာနဲ့ သူဖြစ်ပျက်သွားခဲ့တာ တကယ် ဟုတ်မဟုတ်တော့ သေချာ မပြောနိုင်သေးဘူးတဲ့။ (အဲဒီမှတ်စုတွေကိုတော့ ဒီမှာ မဖော်ပြတော့ပါဘူး)။ အခုဆို သူ့ရုပ်အလောင်းကို အိန္ဒိယကို သယ်ယူသွားပါပြီ။ မနက်ဖန် (၁၅ ရက်) ဒေသစံတော်ချိန် နံနက် ၀၀း၃၀ နာရီမှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းကို ရောက်မယ်တဲ့။(အခုလောက်ဆို ရောက်နေလောက်ပါပြီ)။ သန်ဘက်ခါ မွန်ဘိုင်းကတစ်ဆင့် မန်ဂလိုကို ဈာပနပြုလုပ်ဖို့ ထပ်ပျံသန်းမယ်တဲ့။

နဲနဲ ပေရှည်ရရင်တော့ အခုလို တော်ဝင်နွယ်တွေ နိုင်ငံ့ဆောင်းခေါင်တွေကို ဖုန်းအတုခေါ်ဆိုခဲ့တာဟာ အခုမှ မဟုတ်ပါဘူး။ ဟိုတုန်းကထဲကပါ။ အထူးသဖြင့် အခု လက်ရှိဘုရင်မကြီးကိုယ်တိုင် လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ဖုန်းအတု ခေါ်ခံခဲ့ရဖူးပါတယ်။ ကနေဒါဝန်ကြီးချုပ် ယောင်ဆောင်ပြီး ခေါ်ဆိုခဲ့တာပါ။ ခေါ်ဆိုခဲ့တဲ့ သူကလဲ အခုလိုမျိုး ပရင်စင်တာ တစ်ဦးပါ။ မျက်နှာစုံညီအစည်းအဝေးအတွက် သူ့ကို အားပေးထောက်ခံတဲ့ မိန့်ခွန်းမျိုး အသံဖမ်းပြီး ပို့ခိုင်းတာပါ။ သူတို့နှစ်ယောက် ၁၅ မိနစ်တိတိ စကားပြောခဲ့ကြတာတဲ့။ ပြီးခဲ့တဲ့ လန်ဒန်အိုလံပစ်အားကစားပွဲအချိန်တုန်းကလဲ အခုလို ဖုန်းအတုခေါ်ဆိုမှုတွေ အလွန်များခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး သတိတောင် ပေးခဲ့ရသေးတယ်။ ဒါပေမဲ့လို့ ပြီးခဲ့တဲ့ အတိတ်တွေမှာတော့ ဖုန်းအတုခေါ်ဆိုမှုကြောင့် အခုလို ပြဿနာ ကြီးကြီးမားမား တက်ခဲ့တာ တစ်ခါမှ မတွေ့ရှိခဲ့ဖူးပါဘူး။

အခုလို ဖြစ်ပျက်သွားတာဟာ ကိုယ်ဝန်ရရှိပြီး ဆေးရုံတက်ရောက်ခဲ့ရတဲ့ မင်းသမီးကိတ်ရဲ့ အပြစ်လား။ ဖုန်းအတုခေါ်ဆိုခဲ့တဲ့ အောစီက ရီဒီယို ပရင်စင်တာ နှစ်ဦးရဲ့ အပြစ်လား။ ဖုန်းကိုင်ပြီး ဖုန်းလိုင်းကို မင်းသမီးကိတ်အခန်းကို လွှဲပေးလိုက်တဲ့ နာ့စ်မရဲ့ အပြစ်လား။ တော်ဝင်မိသားစုအတွက် ပြုလုပ်ဖန်တီးထားတဲ့ King Edward VII မှာ ရှိတဲ့ ဆေးရုံဝန်ထမ်းတွေရဲ့ အပြစ်လား။ သတင်းမီဒီယာသမားတွေရဲ့ အပြစ်လား။ ဘာလား ညာလား မပြောတတ်ပေမဲ့ အားလုံးကတော့ သူ့သဘော သူဆောင်သွားပါပြီ။ ဆောင်နေကြပါပြီ။ ဆောင်ကြပါလိမ့်ဦးမယ်။

ဒီအကြောင်း စဉ်းစားမိပြီး အရှင်ဇ၀န(မြစေတီ) ရေးခဲ့တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ပြေးသတိရမိတယ်။ တစ်ညမှာ သူဟာ ရေနံဆီမီးခွက်ထွန်းပြီး စာကြည့်တယ်တဲ့။ အဲဒီလို စာကြည့်နေတဲ့အခါမှာ ပိုးဖလံကောင်လေးတွေ မီးခွက်က မီးညွန့်ကို ထိုးထိုးပြီး မီးလောင်သေကုန်ကြတယ်တဲ့။ (ပိုးဖလံဆိုတာ မီးပုံကို ရွှေတောင်ကြီးလို့ မှတ်ထင်တာလို့ ဘုန်းကြီးကျောင်းသားဘ၀တုန်းက ဆရာဘုန်းကြီးပြောတာ မှတ်ခဲ့ဖူးတယ်။ ပြီးတော့ လင်္ကာလေးတစ်ပုဒ်ကိုလဲ မှတ်သားဖူးခဲ့တယ်။ "ပိုးဖလံမျိုး၊ မီးပုံထိုး၊ ကိုယ်ကျိုးနည်းတတ်သည်"  တဲ့)။  ပထမတော့ သူလဲ စာထဲ စိတ်ဝင်စားနေတော့ သတိမထားမိဘူးတဲ့။ နောက်တော့မှ သတိထားမိတယ်တဲ့။ ဒီတော့ အဲဒီအတွက် သူ အရမ်းစိတ်မကောင်း ဖြစ်ပြီး အိပ်မပျော်ဘဲ ဖြစ်နေတယ်တဲ့။ ဒီပိုးကောင်လေးတွေဟာ ငါ့ကြောင့် သေရတာ လို့ တွေးတွေးနေမိပြီး စိတ်မသက်မသာ ဖြစ်နေခဲ့တယ်တဲ့။ နောက်တော့ အခုလို ပြန်စဉ်းစားတယ်တဲ့။  ဒီ ပိုးကောင်လေးတွေ သေရတာဟာ စာကြည့်ဖို့ ရေနီဆီမီးခွက်ကို  မီးထွန်းထားတဲ့ ငါ့အပြစ်လား၊ ဒါမှမဟုတ် ပိုးကောင်လေးတွေကို လောင်ကျွမ်းစေတဲ့ ရေနံဆီမီးခွက်ရဲ့ အပြစ်လား။ ဒါမှမဟုတ် မီးကိုမီးမှန်း မသိဘဲ ပျော်ပျော်ကြီး ၀င်တိုးခဲ့ကြတဲ့ ပိုးကောင်လေးတွေရဲ့ အပြစ်လား။ အဲဒီလို စဉ်းစားတယ်တဲ့။ နောက်ဆုံးတော့ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ ငါလဲ ငါ့အလုပ် လုပ်တာဘဲ။ မီးခွက်ကလဲ မီးခွက်အလုပ် လုပ်တာဘဲ။ ပိုးကောင်လေးတွေကလဲ သူတို့အလုပ် သူတို့ လုပ်ကြတာဘဲ။ ဒီတော့ အားလုံး သူ့သဘော သူဆောင်ကြတာချည်းဘဲ ဆိုပြီး စိတ်ကို ဖြေသိမ့်လိုက်တော့မှ အိပ်ပျော်သွားတော့တယ်တဲ့။ အခုလဲ ဒီနာ့စ်မ သေဆုံးရတဲ့ ကိစ္စမှာ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ မင်းသမီးကိတ်လဲ အခုလို လူသေမှု ဖြစ်မယ်မှန်း ကြိုသိရင် အဲဒီဆေးရုံကို တက်မှာ မဟုတ်ပါဘူး။ ဟိုနှစ်ယောက်ကလဲ ဖုန်းအတု ခေါ်ဆိုလိုက်တဲ့အတွက် အခုလို ဖြစ်လိမ့်မယ်ဆိုတာ ကြိုမြင်နေရင်  ဖုန်းခေါ်ဆိုခဲ့မှာ မဟုတ်ပါဘူး။ နာ့စ်မကလဲ ဖုန်းအတုမှန်း ကြိုသိခဲ့ရင် ကိုင်ခဲ့မှာ မဟုတ်ပါဘူး။  အခုတော့ အားလုံး ပြီးသွားပါပြီ။ အားလုံး သူ့သဘော သူဆောင်ကြတာချည်းဘဲလို့ သတ်မှတ်လိုက်ရုံဘဲ ရှိပါတော့တယ်။

ကဲ မပြောဘူးလား။ ရယ်စရာ မောစရာပါလို့။ ပထမကတော့ မသီတာအကြောင်းဖတ်ပြီး ရယ်ရတော့မလိုလိုနဲ့ နောက်ဆုံးတော့ မောစရာတွေ ဖတ်ရရောမဟုတ်လား။ ရေးထားတဲ့ အကြောင်းအရာတွေကြောင့် မရယ်ရ မမောရရင်တောင် ဒီလောက်ရှည်တဲ့ ပို့စ်ကြီးကို အားနာနာနဲ့ ဆုံးအောင် ဖတ်ခဲ့မိတဲ့ အတွက်တော့ အတော်လေး မောလျသွားလောက်ပါတယ်။ အဲဒီတော့ ရယ်လိုက် မောလိုက် မောလိုက် ရယ်လိုက်ပေါ့နော့။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)



.

11 comments:

mstint said...

မငြီးမငွေ့ ဖတ်လို့ကောင်းတဲ့ ရီစရာရော မောစရာပါ တစ်လုံးမကျန်ဖတ်သွားပြီ သူကြီးမင်းရယ်။
မသီတာအကြောင်းဖတ်ရတော့ ပါးစပ်ပိတ်မရသလို
Jacintha Saldanha အကြောင်းဖတ်ရတော့ စိတ်မကောင်းဖြစ်ရတယ်။ အဆုံးသတ်မှတ်ချက်အနေနဲ့ ပြောရရင်တော့ အရာရာဟာ သူ့သဘောသူဆောင်ပြီး ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်လို့ပဲ ဆိုရမှာပေါ့လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

" ဘာမှမသိဘူး။ သမီး အရမ်းကြောက်တာဘဲ သိတယ်။ အင့် ဟင့် ဟင့် ဟင့် " :D
ဆောင်းနှင်းလည်း လာလည်ဖြစ်ရင် သူကြီးမင်းဆီ ဖုန်းဆက်ပြီး လာခေါ်ခိုင်းမှာပဲ .. :P

အဲ့သတင်းတော့ ခုတစ်လော တော်တော်ဟော့ဖြစ်နေတာ ..
ဟိုလက်ခံပြောတဲ့ နာ့စ်မကရော .. ??

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

Fish & Chipsစားနေရတာ အစာမကြေလို့ အာလူးပူရီ စားချင်တာနဲ့ အိမ်ပြန်ဖို့ ကြိုးစားတဲ့ Saldanhaအတွက် အထူး ဝမ်းနည်းကြေကွဲမိပါတယ်ဗျာ...။

စံပယ်ချို said...

သီတာ... ဖိုးနီမြေးကို.. လိုချင်.. တပ်မက်မောသူ....ကိုမောင်...မင်းသားလေးနဲ့...မယှဉ်နိုင်...အချစ်ပြိုင်ပွဲမှာ..
အဲလိုလေးဖြစ်ခဲ့တယ်ပေါ့နော်....သာဂျီးမင်းရဲ့(ဖြစ်ရပ်မှန်)
အင်း....ဖုန်းအတုခေါ်ဆောင်မှုတွေတိုးပြီးရင်းတိုးလာပြီး
ဒုက္ခတွေဖြစ်နေရတာပေါ့နော်...

ညိမ်းနိုင် said...

အင်း.....သူ့သဘောသူဆောင်တာပဲနော်....တဂျီးမင်း...၊
သူရို့တွေကတော့ ဒီလိုတရားသဘောနဲ့မှမဖြေတတ်ပဲလေ
ဒီတော့ ခုလိုတွေဖစ်ကုန်သပေါ့....။ခုတော့...တဂျီးမင်းပြော
သလိုပဲ ရီစရာမောစရာ ဖြစ်ကြရှာတယ်.....။

Anonymous said...

အလွန့်အလွန်ကို ဖတ်လို့ကောင်းတယ် သူကြီးမင်းရေ..
ပြောသွားတာလေးတွေကိုက ဒါက ဒီလိုရှိတယ် ဟိုဟာကတော့ ဟိုလိုရှိတယ်လို့ လက်နဲ့ထောက်ပြသွားသလိုဘဲ ။

( မင်းဧရာ )

blackroze said...

ဒီလိုပါဘဲသူကြီးရယ်..
လူအသက်တချောင်းဆိုတော့လည်း
မကောင်းဘူးပေါ့လေ
..း(

Angelhlaing(May everybody be happy and healthy! said...

အင်း.... တစ်ကယ် မောသွားတယ်အကို ...ရေတိုက် ပါ ..:)

SHWE ZIN U said...

ကြောက်တယ် ကြောက်တယ် ခိုခိုမောင် ရေ တမီး အရမ်းကြောက်တယ် ဟဲဟဲ ကနေ

ကလော်တုတ်ချင်တဲ့စီ ရောက်သွားတယ် သကြီးရေ ဒါနဲ့ သကြီးမင်းလည်း ကျန်းမာရေးလေး ဘာလေး ဂရုစိုက်အုန်း အရမ်းအေးတယ် မဟုတ်လား

ခင်တဲ့
ရွှေစင်ဦး

မိုးနတ်ကြယ်စင် said...

အဲလောက်တောင် အေးလားဟင် တဂျီးမင်း..
ပြောရင်းနဲ့ ချမ်းလာပြီ ဒီက...ဟိ...ဂတ်..ဂတ်
ဖတ်လို့လဲကောင်းပါ၏..မောလဲမောပါ၏..
ထို့ကြောင့် အလည်လာရင် အတိုးနဲ့ ဘာပြန်ဧည့်ခံမလဲ
စဉ်းစားထားနော်...ဟွင်း...ဟွင်း....
ဒီလောက်အရှည်ကြီးကို သီးခံပြီးဖတ်ပေးရတာ..
သိတယ်မဟုတ်လား.....:)

Unknown said...

သူကြီးမင်းစာရေးကောင်း၏
ရယ်စရာမောစရာပြီးဆုံးအောင်ဖတ်သွားပါတယ်။
မောတာကနဲနဲပိုသွား၏
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်