Thursday, 24 February 2011

သတိ... နတ်ကြီးသည်

သူကြီးမင်းတို့ တုံးဖလားရွာနဲ့ ငါးမိုင်လောက် ကွာဝေးတဲ့ အရပ်မှာ အောင်သာဆိုတဲ့ ရွာလေး တစ်ရွာရှိတယ်။ အိမ်ခြေ လေးဆယ်လောက်ရှိတဲ့ ရွာလေးတစ်ရွာပါ။ အဲဒီရွာနဲ့ တစ်မိုင်လောက်အကွာမှာ နံ့သာဆိုတဲ့ ရွာလေး တစ်ရွာရှိတယ်။ အိမ်ခြေ အစိတ်လောက်ဘဲ ရှိမယ်ထင်တယ်။ အဲဒီ နှစ်ရွာဟာ တစ်ရွာနဲ့ တစ်ရွာ တစ်မိုင်လောက် အကွာအဝေး ရှိပေမဲ့ လယ်ကွင်းပြင်ချင်း ထိစပ်နေတဲ့အတွက် လှမ်းမြင်နေရပါတယ်။ အဲဒီ ရွာ နှစ်ရွာ ကြားထဲမှာ သင်္ချိုင်းကုန်းတစ်ခုရှိတယ်။ နောက်ပြီး နတ်ကြီးစင်တစ်ခုလဲ ရှိတယ်။ နတ်ကြီးစင်ဆိုတာက ရပ်ရွာကို စောင့်ရှောက်ပေးတဲ့ နတ်တွေအတွက် နေရာလေးတစ်ခုပါ။ ရှင်ပြုပွဲဘဲလုပ်လုပ် မင်္ဂလာပွဲဘဲ လုပ်လုပ် အဲဒီ နတ်ကြီးစင်ရှိတဲ့ နေရာသွားပြီး ပွဲပေးရပါတယ်။

သင်္ချိုင်းကုန်းက အဲဒီ ရွာနှစ်ရွာကို ဖြတ်သန်းသွားလာတဲ့ လမ်းရဲ့ အရှေ့ဘက်မှာ ရှိပြီး နတ်ကြီးစင်ကတော့ လမ်းရဲ့ အနောက်ဘက်မှာ ရှိပါတယ်။ သင်္ချိုင်းကုန်းနှင့် နတ်ကြီးစင်က အရှေ့နှင့်အနောက် တည့်တည့်ပါဘဲ။ ရွာက ငယ်တဲ့အတွက် လူအသေ အပျောက် နည်းပါတယ်။ ဒါကြောင့် အဲဒီ သင်္ချိုင်းကုန်းကို ကြောက်စရာနေရာ အဖြစ် ဘယ်သူမှ မသတ်မှတ်ကြပါဘူး။ နတ်ကြီးစင်ရှိတဲ့ တောထဲမှာတော့ ဧရာမ သစ်ပင်ကြီးတွေ ရှိတယ်။ လူနှစ်ယောက် ဖက်မမီလောက်တဲ့ တောသရက်ပင်ကြီး နှစ်ပင်လဲ နတ်ကြီးစင်အနားမှာ လမ်းရဲ့ အရှေ့ဘက်တစ်ပင် အနောက်ဘက်တစ်ပင် နေရာ ယူထားကြတယ်။ လမ်းပေါ်ကို အုပ်မိုးနေတဲ့အတွက် အုံ့ဆိုင်းဆိုင်းကြီး ဖြစ်နေတယ်။ အဲဒီ သရက်ပင်ကြီး နှစ်ပင်ရယ် နတ်ကြီးစင်ထဲက ဧရာမသစ်ပင်ကြီးတွေရယ်ကြောင့် လမ်းသွားလမ်းလာလူတွေဟာ သင်္ချိုင်းကုန်းကို မကြောက်ကြတော့ဘဲ နတ်ကြီးစင်ကိုဘဲ ပို ကြောက်နေတတ်ကြတယ်။

ကြောက်မယ်ဆိုလဲ ကြောက်ချင်စရာပါ။ အဲဒီ နတ်ကြီးစင်က နာမည်နဲ့အလိုက် အရမ်းကို နတ်ကြီးပါတယ်။ တစ်ခုခု အမှားလုပ်မိတာနဲ့ လူတွေကို နှောင့်ယှက်တတ်တယ်။ ဥပမာအားဖြင့် နတ်ကြီးစင်နားတ၀ိုက် တံတွေးထွေးတာတို့ နှပ်ချေးညှစ်တာနဲ့ ရှူးရှူးပေါက်တာတို့ ပြုလုပ်မိရင် အဲဒီလူကို ပူးဝင်ပြီး ကြောင်တောင်တောင် ဖြစ်အောင် လုပ်တော့တာပါဘဲ။ နောက်ပြီး ရှိသေးတယ်။ အဲဒီ နတ်ကြီးစင်နား ဖြတ်သွားရင် အ၀တ်အစား အနက်ရောင် မ၀တ်ရပါဘူး။ နတ်မကြိုက်ဖူးလို့ လူကြီးတွေ ပြောကြပါတယ်။ နောက်တစ်ခုကတော့ စက်ဘီး ဆိုင်ကယ် စီးပြီး အဲဒီ နတ်ကြီးစင်ကို မဖြတ်သွားရပါဘူး။ အခန့်မသင့်ရင် စက်ဘီးတွေ ဆိုင်ကယ်တွေကို တွန်းလှဲပစ်တတ်တယ်တဲ့။

တစ်နေ့မှာ ရွာထဲက ကံညွန့်ဆိုတဲ့ လူတစ်ယောက် အဲဒီ နတ်ကြီးစင် တောထဲမှာ ငှက်သွားပစ်တယ်။ အဲဒီတောထဲ သူ ၀င်သွားပြီး ၃ ရက်တိတိ အိမ်ကို ပြန်မရောက်တော့ဘူး။ အဲဒီ အရပ်စကားနဲ့ ပြောရရင်တော့ နတ်လွင့်တယ်လို့ ခေါ်ပါတယ်။ နတ်လွင့်တယ်ဆိုတာ ကိုယ့်အိမ်ကို မပြန်တတ်တော့ဘဲ ဟိုဟို ဒီဒီ လျှောက်သွားနေတာကို ခေါ်တာပါ။ ကံညွန့်တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ အဲဒီ နတ်ကြီးစင်တော အပါအ၀င် နေရာ အတော်အနှံ့ အော်ခေါ်ပေမဲ့ ဘယ်လိုမှ ရှာမရပါဘူး။ နတ်ကြီးစင် တောထဲမှာ ငှက်လိုက်ပစ်တဲ့ အတွက် နတ်က ဒဏ်ခတ်လိုက်တဲ့ သဘောပါ။

သုံးရက်မြောက်တဲ့ နေ့မှာမှ ကံညွန့်ကို ပြန်တွေ့ခဲ့တယ်။ ပြန်တွေ့တော့လဲ အဲဒီ နတ်ကြီးစင်တောထဲမှာဘဲ ပြန်တွေ့ခဲ့တာပါ။ သူ့ကို မေးကြည့်လိုက်တော့ သူ အဲဒီ အထဲမှာဘဲ နေခဲ့တာပါတဲ့။ ဘယ်ကိုမှ မသွားခဲ့ပါဘူးတဲ့။ လူတွေ အဲဒီ တောထဲ ၀င်လာပြီး သူ့ကို အော်ခေါ်နေတာကိုလဲ မြင်တယ်တဲ့။ ပြန်ထူးချင်စိတ် မရှိလို့ ပြန်မထူးလိုက်တာတဲ့။ ဒါဖြင့် မင်းကို ဘယ်သူက ထမင်းကျွေးလဲ မေးတော့ ငါက အဲဒီထဲမှာ ခဏလေးဘဲ နေခဲ့တာ ဗိုက်တောင် မဆာခဲ့ပါဘူးတဲ့။ အမှန်မှာဆို သူက အဲဒီထဲမှာ သုံးရက်တိတိ နေခဲ့ရတာပါ။ ဒါပေမဲ့ သူကတော့ ခဏလေးဘဲလို့ ထင်နေခဲ့တယ်။ လူ့ပြည်က အချိန်နှင့် နတ်ပြည်က အချိန် ကွာခြားတယ်ဆိုတာ အဲဒါကို ပြောတာ ဖြစ်ချင် ဖြစ်မှာပါ။ ကံညွန့်တစ်ယောက် အဲဒီအချိန်ကစပြီး နဲနဲတော့ ကြောင်တောင်တောင် ဖြစ်လာတယ်လို့ အဲဒီ ရွာသားတွေက ပြောပြကြတယ်။

နောက်တစ်ယောက် နတ်ပြုစားခံရတဲ့ သူက တင်အောင်ဆိုတဲ့ လူပျိုကြီးတစ်ယောက်ပါ။ အောင်သာရွာကပါဘဲ။ တစ်နေ့မှာ သူ့နွားတွေ ပျောက်သွားတယ်။ နွားပျောက်လိုက်ရှာတာ နှံ့နေတာဘဲ။ ဒါပေမဲ့ ရှာမတွေ့ဘူး။ ညနေလောက်ရောက်မှ သူ့နွားတွေကို နတ်ကြီးစင်တောထဲမှာ သွားတွေ့တယ်။ သူလဲ တစ်နေကုန် နွားရှာဖွေနေရတာနဲ့ အချိန်ကုန်နေတော့ စိတ်တိုတော့တာပေါ့။ ဒါကြောင့် အဲဒီ နတ်ကြီးစင်ထဲမှာဘဲ နွားတွေကို မအေတုတ်ပြီး ကော်ဆဲတော့တာပေါ့။

နောက်တစ်နေ့မှာ ကိုတင်အောင်ဟာ လယ်ထဲက စပါးတွေ အိမ်ကို တိုက်ယူဖို့အတွက် သူ့နွားတွေနဲ့ လှည်းကို ကတယ်။ ပြီးတော့ လယ်ကွင်းထဲကို သွားတယ်။ လယ်ကွင်းထဲ မရောက်ခင် သူ့နွားလှည်း မှောက်သွားတယ်။ သူလဲ လှည်းအောက်ရောက်သွားတယ်။ ဘာမှတော့ ထိခိုက်ဒဏ်ရာ မရပါဘူး။ ဒါပေမဲ့ သူ့မျက်လုံးကို ကြည့်ရတာ ကြောင်တောင်တောင် ဖြစ်နေတယ်။ တစ်ခါတစ်ရံ ထအော်တတ်တယ်။ တစ်ခါတစ်ရံ င့ါအနားမလာကြနဲ့ ဆိုပြီး ကြိမ်းမောင်းတတ်တယ်။ အဲဒီ ရွာသားတွေ ပြောတာကတော့ နတ်ပြုစားတာတဲ့။ နတ်ကြီးစင်ထဲမှာ ဆဲဆို အော်ဟစ်ခဲ့လို့တဲ့။

နောက်တစ်နေ့ရောက်တော့ ရွာထဲက လူကြီးတွေရဲ့ အကြံပေးချက်အရ ကိုတင်အောင်ရဲ့ မိသားစုတွေဟာ အုပ်ပွဲပြင်ပြီး နတ်ကြီးစင်ထဲသွားရတယ်။ ငှက်ပျောပွဲ အုန်းပွဲ ဖယောင်းတိုင်ပွဲတွေပေါ့။ အဲဒီနတ်က သက်သတ်လွတ်စားတော့ အသားတွေ မတင်ရဘူး။ (ဒါပေမဲ့ သူ့ညီမ နတ်တစ်ပါးကတော့ ကြက်သားဆို ကြိုက်မှ ကြိုက်ဆိုဘဲ၊ တစ်နှစ်တစ်ခေါက်လောက်တော့ သူ့ညီမအတွက် ကြက်သား ဆက်သရတယ်)။ ပြီးတော့ နတ်ကို ပူဇော်ပသပြီး ကိုတင်အောင်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ရတယ်။ ဒါပေမဲ့ ကိုတင်အောင်တစ်ယောက်ကတော့ သူကြီးမင်း ဘိလတ်မလာခင်ထိ ပြန်ကောင်းလိုက် ပြန်ဖောက်လိုက်ပါဘဲ။ အဲဒီနောက်မှာတော့ ရွာထဲက လူကြီးတွေက ရွာသားတွေ အတွက် စိုးရိမ်ပြီး နတ်ကြီးစင်နားက သရက်ပင်ကြီး တစ်ပင်မှာ သတိပေး ဆိုင်းဘုတ် တစ်ခုချိတ်ဆွဲထားလေရဲ့။

သတိ။
နတ်ကြီးသည်။
ရိုရိုသေသေ သန့်သန့်ရှင်းရှင်း ဖြတ်သန်း သွားလာပါ။
နတ်မကြိုက်က ပြုစား ခံရတတ်သည်။
....

တစ်ခုထူးဆန်းတာက အဲဒီနတ်ဟာ ဘုန်းကြီးကျောင်းသားတွေကိုတော့ မပြုစားဘူး။ မ၀င်ပူးဘူး။ အဲဒီလို နတ်ပွဲပေးပြီး နတ်ကြီးစင်သွားတာမြင်ရင် ဘုန်းကြီးကျောင်းသားတွေက နောက်နားက မသိမသာ လိုက်သွားပြီး နတ်ပူဇော်ပသတဲ့ လူတွေ ပြန်သွားရင် နတ်ပွဲကို နတ်တော့ စားလား မစားလားမသိ ဘုန်းကြီးကျောင်းသားတွေတော့ ဗိုက်ကားအောင် စားလိုက်ကြရတာချည်းဘဲ။ ဘုန်းကြီးကျောင်းက အောင်သာရွာကြားနဲ့ အဲဒီ နတ်ကြီးစင်ကြားမှာ ရှိတယ်။ ဒါကြောင့် နတ်ကြီးစင်ကို သွားပြီး ပူဇော်ကြတိုင်း ဘုန်းကြီးကျောင်းနားက ဖြတ်သွားရတယ်။ ဒီတော့ ဘုန်းကြီးကျောင်းသားတွေအတွက် အကွက်ဘဲပေါ့။

ကြားဖူးတာကတော့ ဘုန်းကြီးကျောင်းသားတွေဆို သရဲတွေ တစ္ဆေတွေ နတ်တွေက ကြောက်မှ ကြောက်ဆိုဘဲ။ ဒါကြောင့် ဘုန်းကြီးကျောင်းသားဆို ဝေးဝေးက ရှောင်ကြသတဲ့။ စာဖတ်သူတွေကတော့ ထင်ကြတော့မှာဘဲ။ ဘုန်းကြီးကျောင်းသားတွေက ဘုရားနှင့်တရားနှင့်နေလို့ နတ်တွေ တစ္ဆေသရဲတွေက ကြောက်ကြတာနေမှာပေါ့လို့။ မဟုတ်ရေးချ မဟုတ်ရပါခင်ဗျာ။ နတ်တွေ တစ္ဆေသရဲတွေ ဘုန်းကြီးကျောင်းသားကို ကြောက်တာက ညစ်ပတ်လို့တဲ့ဗျား။ ဒါကြောင့်မို့ ဘုန်းကြီးကျောင်းသားဆို ရွံကြောက်ကြီး ဖြစ်နေကြသတဲ့။

ဒါလဲ ဖြစ်လောက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုန်းကြီးကျောင်းသားတွေက အိမ်မှာ မိဘတွေနှင့်အတူ မနေရတော့ဘူးလေ။ ကျောင်းအိပ် ကျောင်းစားနေကြရတယ်။ ကျောင်းမှာဘဲ စာသင်ကြရတယ်။ ကျောင်းမှာလဲ အများနဲ့ နေရတော့ ကလေးပီပီ ခပ်ညစ်ညစ်တွေ ဖြစ်ကုန်တော့တာပေါ့။ ဘုန်းကြီးက ရေချိုးဖို့ ပြောလဲ ရေတွင်းနားသွားပြီး ရေမချိုးဘဲ ပြန်ခဲ့ကြတာ များတယ်။ ရေချိုးရမှာ အလွန်ကြောက် အလွန်ပျင်းတဲ့ အရွယ်လေးတွေ မဟုတ်လား။ ညဘက် သေးပေါက်ချင်ရင်လဲ ကျောင်းအောက် မဆင်းတော့ဘဲ ကျောင်းတိုင်တစ်တိုင်ကို ကပ်ပြီး ဆွဲထည့်လိုက်ကြတာပါဘဲ။ ပြီးတော့ ရှိသေးတယ်။ ဟိုနား ဒီနား သွားပြီး သေးပေါက်ချင်ရင် နေရာ မရွေးဘူး။ ပုဆိုးလေးမပြီး အဆင်ပြေသလို ပေါက်ချလိုက်တာချည်းဘဲ။ လမ်းဘေး ခြုံဖုတ်လဲ မနေရ၊ ၀ါးလုံးခေါင်းတွေ့ရင်လဲ မနေရ ပေါက်ထည့်မယ် ဆိုတာ ချည်းဘဲ။ ဒါကြောင့်လဲ နတ်တွေ တစ္ဆေသရဲတွေ ဘုန်းကြီးကျောင်းသားဆို ဝေးဝေးရှောင်ကြတာ ဖြစ်မယ်။

တစ်နေ့မှာ အဲဒီ နတ်ကြီးစင်တောထဲမှာ ရှိတဲ့ နတ်စင်ကလေးကို ရွာသားတွေ ပြန်လည်ပြုပြင် တည်ဆောက်ကြတယ်။ နတ်စင်ကလေးက ပျဉ်ထောင် သွပ်မိုးအိမ်လေးဆိုတော့ သပ်သပ်ရပ်ရပ်ကလေးပါဘဲ။ နတ်ကြီးစင်တောထဲမှာ သံရိုက်သံ၊ မူလီ စွဲသံ၊ ရွေဘော်ထိုးသံ၊ နတ်ကြပ်သံတွေနဲ့ ဆူညံနေတော့တယ်။ နတ်စင်ကလေးကို တစ်ရက်ထဲနဲ့ ဆောက်လို့ မပြီးဘူး။ ဒါကြောင့် နောက်တစ်နေ့ မနက်မှာ ရွာသားတွေ နတ်စင်ကို အပြီးကိုင်ဖို့ နတ်ကြီးစင်တောကို လာခဲ့ကြပြန်တယ်။

ရွာသားတွေ နတ်ကြီးစင်နားရောက်တော့ အဲဒီ နတ်ကြီးစင်နားက သရက်ပင်မှာ ရိုက်ကပ်ထားတဲ့ သတိပေးဆိုင်းဘုတ်ကလေးက သရက်ပင်မှာ မရှိတော့ဘဲ ဆောက်လက်စ နတ်ကြီးစင် နဘေးနံရံမှာ ရိုက်ကပ်ထားတာကို တွေ့လိုက်ကြရတယ်။ သတိပေးဆိုင်းဘုတ်က တစ်ချို့  စာသားတွေကိုလဲ ပြင်ဆင်ထားတာ တွေ့ရတယ်။ အဲဒါကို လူတွေ ၀ိုင်းကြည့်ပြီး ရယ်မောတဲ့သူက ရယ်မော၊ ကြောက်ရွံ့ တဲ့သူက ကြောက်ရွံ့ ၊ အပြစ်တင်တဲ့ သူက အပြစ်တင်နဲ့ နတ်ကြီးစင်တောထဲမှာ လူတွေ သောသောညံ စည်ကားနေကြလေရဲ့။ ဆိုင်းဘုတ်ကလေးမှာ အသစ်ပြင် ရေးထားတဲ့ စာတွေကတော့..

သတိ။
နတ်ကြီးသည်။
ဂွကြီးကြီးဖြင့် သေချာ ကြပ်ပါ။
မကြပ်တတ်က နတ်ပြုံးတတ်သည်။
နတ်ပြုံးလျှင် ပြန်ရယ်ပြလိုက်ပါ။
....

ဘယ်သူဘယ်ဝါ လက်ချက်မှန်း မသိပေမဲ့ တစ်ရွာလုံးကတော့ ဒါဟာ ဘုန်းကြီးကျောင်းသားတွေရဲ့ လက်ချက်ဘဲ ဖြစ်ရမယ်လို့ ကောက်ချက်ချနေကြလေရဲ့။ ဟုတ်မှန်ဖို့လဲ များပါတယ်။ အဲဒီလို ခပ်ရွတ်ရွတ် ခပ်နောက်နောက် လုပ်တတ်တာကလဲ ဘုန်းကြီးကျောင်းသားတွေဘဲ ရှိတာ မဟုတ်လား။ ပြီးတော့ ဘုန်းကြီးကျောင်းသားတွေမို့ နတ်က ဘာမှ ပြန်မလုပ်တာ နေမှာပါ။ ရွာထဲက တစ်ယောက်ယောက် ဆိုရင်တော့ ငြိမ်ခံနေမဲ့ ပုံမပေါ်ဘူး။ ဘာဘဲဖြစ်ဖြစ် အဲဒီ အပြုပြင်ခံထားရတဲ့ ဆိုင်းဘုတ်ကလေးကို ကြည့်ပြီး လူတွေသာ မဟုတ် နတ်ကြီးစင်က နတ်တွေလဲ ရယ်ချင်လွန်းလို့ တပြုံးပြုံး ဖြစ်နေမှာ သေချာပါတော့တယ်။

မှတ်ချက်။
သူငယ်ချင်းတစ်ယောက်ရဲ့ ဂျီတော့ခ် ကာစတန်မက်ဆေ့ခ်ျမှာ အပေါ်က သတိပေးစာလေးကို ပြန်တွေ့ရလို့ သူကြီးမင်း ငယ်ဘ၀ကို ပြန်လည် သတိရပြီး ပုံဖော်ခြင်းဘဲ ဖြစ်ပါတယ်။

.

24 comments:

မေဓာဝီ said...

ငယ်ငယ်က နတ်ကြီးသည်ရေးထားတဲ့ နတ်စင်နားမှာ နောက်မိလို့ လမ်းလယ်ခေါင် ချော်လဲဖူးတယ်။ တယောက်ယောက် နောက်က တွန်းချလိုက်သလိုပဲ။ ဒါကြောင့်များ ခုထိ ကြောင်တောင်တောင် ဖြစ်နေသလား မသိဘူး။ :))

ဘုန်းကြီးကျောင်းသားတွေ ညစ်ပတ်တာတော့ ကြုံဖူးပါတယ်။ ၀ဲတွေ ဒက်တွေချည်းပဲ။ ဒါနဲ့ သဂျီးလဲ ငယ်ငယ်က ဘုန်းကြီးကျောင်းသားဆို ...

မိုးယံ said...

ဂွ ကြီးကြီးနဲ့ မကြပ်ရင် နတ်ပြုံးမည်။ နတ်ပြုံးလျှင် ပြန်ရယ်ပြရမည်။ ဟာဟ မှတ်သားသွားပါကြောင်း

ကျောက်နတ်လေး said...

နတ်က ဘလော့ကာတွေလဲကြောက်သတဲံ...
ဝဲကူးမှာစိုးလို့..

ခနွဲ said...

ဂွ ကြီးကြီးနဲ့ မကြပ်ရင် နတ်ပြုံးမည်။ နတ်ပြုံးရင် ပြန်ရယ်ရမယ် ဆိုတာတော့ ကြိုက်သဗျာ။

ကောင်းမွန်ဝင်း said...

သဂျီးက အရင်က ဘုန်းကြီးကျောင်းသားဖြစ်ဘူးတယ်ဟုတ်။
မဟုတ်ဘူးဆိုရင်
ဒီလောက်တောင် ဘုန်းကြီးကျောင်းသား ကို ပုံဖေါ်ရေးပြနိုင်တာ ဗဟုသုတ ကောင်းလွန်းတာပဲပေါ့။

ချော(အစိမ်းရောင်လွင်ပြင်) said...

နတ်ပြုံးရုံတင်မက ဖတ်တဲ့သူတွေလည်း ပြုံးသွားပါတယ် သူဂျီး
ကြံကြံဖန်ဖန် စိတ်ကူးရပြီး ရေးတတ်လို့လည်း ပြုံးရပါသေးတယ်။
သူဂျီးလည်း ဂွကြီးကြီးကိုင်ပြီး ကြပ်နိုင်ပါစေကြောင်း ................
:)

Anonymous said...

သဂျီး
အခုလောက်ဆို နတ်ကြီးပင်တွေလည်း နိုင်ငံဂျားကို အလည်ရောက်သွားပြီနေမှာ သူဂျီးမင်းပြန်ရောက်ရင် ကြည့်ပေါ့ နတ်ကြီးပင်မှန်သမျှ မရှိတော့လို့ လူတွေလည်း နတ်ပြုစားလို့ ပူလိုက်တာလွန်ရောပါလား။ နတ်ကြီးပင်တွေကို သမသွားတဲ့သူတွေကတော့ ဘုန်းကြီးကျောင်းသားတွေ ဟုတ် မဟုတ်တော့ မသိဘူးဗျို့ သဂျီးမင်းဘဲ ဆက်လက်စုံစမ်းဖော်ထုတ်ပေးပါရန်.............

ပုံ- နတ်စည်းစိမ်ကို အလုခံရသူ
seesein

အဖြူရောင်နတ်သမီး said...

နတ်သမီးလည်း ပြုံးသွားပါသည်...း)

Anonymous said...

သကြီးမင်း

နတ်ကြီးတယ်နော် ဂွကြီးကြီးသုံးဆိုတာ တယ်မှန်တဲ့ စကားပါလား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

flowerpoem said...

ဟား ဟား ဟား မိုက်တယ် လန်းတယ် :P

May everybody be happy and healthy! said...

အကိုရေ..စိတ်ကူးဆန်းဆန်းလေးနဲ့ရေးသားချက်ကို အားပေးသွားတယ်နော်...နတ်ကြီးတယ်နော် ဂွကြီးကြီးသုံး ရမယ်လားအကို...:P:P:P:P

သဒ္ဓါလှိုင်း said...

ဖတ်ပြီးပြုံးသွားပါတယ်.။ ဘုန်းကြီးကျောင်းသားလေးတွေကိုလည်း မျက်လုံးထဲမြင်ယောင်လာတယ်.။

ခင်မင်တဲ့
သဒ္ဓါ

မိုးခါး said...

ဟားဟားဟား
ဖတ်ပီးသဘောကျသွားတယ် .. နတ်ကြီးရင် ဂွကြီးကြီး ဆောင်ထားရမယ် .. :P

မိုးခါး

ကိုဇော် said...

ဘယ်လိုပဲ ဖြစ်ဖြစ်လေ လောကကြီးကိုက သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ မဟုတ်လား။ ဒီတော့လည်း သူ့ကိုသူ နိုင်သူ ပေါ်လာတာပေါ့လေ။

ဒါနဲ့ အဲဒီစာကို ပြင်ရေးလိုက်တာ ကိုကိုမောင် ဆိုဗျ။ တိကျသေချာတဲ့ သတင်းဌာနက သိရတာပါ။ ငယ်ငယ်က ဘုန်းကြီးကျောင်းသား ဆိုတော့လေ. . . ဟိုတလောကတောင်မှ ခေါင်းမှာ ဒက်တွေနဲ့ဆို. . . ဟဲဟဲ. . အခုရော ရေမှန်မှန် ချိုးရဲ့လား .. . :D : D : D

မောင်လေး said...

ဟာဟ...လုပ်ဘီ...တဂျီးကတော့.....၊ဂွကြီးကြီး သုံးပါ့မယ်..
တဂျီးရေ.....။

Anonymous said...

ရယ်ရတယ်.. :D :D :D
ညည်းကတော့လေ... ကျန်ကျန်ဖန် ရေးတက်တယ် :)

ခွန် said...

အပေါ်က ကွန်မန့်နာမည်မရေးဘဲ နှိပ်လိုက်မိတယ် :P

ခွန်လည်းခုတလော ကြောင်တောင်တောင်ဖြစ်နေတယ်။
ကြည့်ရတာ မယ်သီလရှင်ကျောင်းသူ လုပ်ရတော့မယ်
ထင်တယ် :P:D

မိခွန်

လသာည said...

ဟားဟား သဘောကျတယ်။.. ဂွကြီးကြီးနဲ့ မကျပ်ရင် နတ်ပြုံးသလား..း)))

ဘုန်းကြီးကျောင်းသားဘ၀က ပျော်စရာကြီးနော.. (^^)

နေ၀သန် said...

သူကြီးမင်းရေ... ရေးလည်းရေးတတ်ပါ့.. ရယ်လိုက်ရတာ.... ဟဟ.... (လင့်ခ်တွေအကုန်ပြန်ဖြုတ်လိုက်ရလို့ အသစ်တင်တာမသိဘူးဖြစ်သွားတယ်.. )

ခင်မင်တဲ့
နေ၀သန်

Anonymous said...

လင့်ခ်တွေ ခုမှ ပြန်ထည့်လို့ ကိုကိုမောင်ရေ၊

ရယ်ရတယ်...အမှိုက်မပုံရ....
ပုံ / သူကြီး ဆိုတာထက် ဆိုးနေတယ် ဟဟဟဟ :)

ချစ်ကြည်အေး

rose said...

ခစ်ခစ်… ရယ်သွားတယ်။ နတ်တို့ ဘာတို့ဆို စိတ်ဝင်စားစရာ ကောင်းသားနော်။ ကိုယ် မမြင် မတွေ့နိုင်တဲ့ အရာတွေ လူတွေ ယုံကြည်ကြတာလည်း ဒုနဲ့ဒေး ဆိုတော့။

မြစ်ကျိုးအင်း said...

ခေါင်းစဉ်မြင်တော့ အဲ့ဒီလို တွေးမိသေးတယ်။
အတည်အခန့်ရေးထားတော့ ပြန်မေ့သွားရော။
တကယ်ဖြစ်ခဲ့တာတွေလည်း ရှိလို့ လူတွေလည်း သေသေချာချာ မကြုံဖူးရင်တောင် ကြောက်ကြတာပါပဲ။ အပင်ကြီးရင် အလိုလိုကို ရှိန်နေတတ်ကြတာ။

ချမ်းလင်းနေ said...

နတ်ကြီးတော့ ဂွကြီးကြီးနဲ့ကြပ်
ကြပ်လွန်းလို့အရစ်ပြုံး
နတ်ကြီး တစ်ပြုံးပြုံး
ပြုံးပြစမ်းပါ နတ်ကြီးရယ်
သဘောကောင်းပါတယ်
လူသူလေးပါး အားထားကြ ငါ့တို့နတ်ကြီးကွ။
(ခင်မင်မှုဖြင့်)

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါသူကြီး-
သူကြီးတို့ကတော့တစ်မျိုးပြီးတစ်မျိုးပါလားဗျာ-