"သူကြီးမင်းရယ်.. အမြင်မတော်ပါဘူး။ အဲလိုကြီးမလုပ်ပါနဲ့။ လူမြင်မကောင်းသူမြင်မကောင်းကြီးပါ။ ပတ်ဝန်းကျင်ကိုလဲ သတိထားဦးလေ။ သူကြီးမင်းဆိုတဲ့ ဂုဏ်ပုဒ်ကြီးလက်ကိုင်ထားပြီး ရှက်စရာကောင်းလှပါတယ်။ လုပ်စရာရှိတာကို မြန်မြန်သာ လုပ်လိုက်လေ။ အချိန်ဆွဲမနေပါနဲ့"
ဟိုက်ရှာလပတ်ရည်... ငါ ဘာများအမှားလုပ်မိပါလိမ့်၊ ဘာတွေများ အချိန်ဆွဲထားမိပါလိမ့်ဆိုပြီး ပတ်ဝန်းကျင်အားလုံးကို အကဲခတ်ကြည့်လိုက်မိတယ်။ ဘာမှမတွေ့။ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတယ်။ ဘာမှ မထူးခြား။ ဒါဖြင့် ဘာများပါလိမ့်။ ခေါင်းစားစရာတော့ ခေါင်းစားစရာပေဘဲ။ ဒီကောင်မလေး ငါ့ကို သက်သက်မဲ့ ချောက်တွန်းတာများလားမသိ။ ဒါနဲ့ဘဲ "ဟိတ်ကလေးမ ဘာတွေ လျောက်ပြောနေတာလဲ၊ သူများကြားသွားလို့ တစ်မျိုးထင်ကုန်ဦးမယ်" လို့ ဟန့်လိုက်ရတယ်။ ဟန့်လိုက်မှ ပိုဆိုးလို့ပြောရမလားဘဲ။
"သူကြီးမင်း... တုံးဖလားက ရွာသားတွေကို ဟောက်နေကျအတိုင်း ကျမကို လာမဟောက်နဲ့။ စေတနာနဲ့ အသိပေးတာ။ သူကြီးမင်း.. ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်လိုက်ဦး။ ကြည့်မကောင်းတော့ဘူး။ သူကြီးမင်းခန္ဓာကိုယ်မှာ ၀ဲတွေ အများကြီးပေါက်နေတယ်။ အဲဒါ ပြောမလို့။ တကယ်ဘဲ။ တွေးချင်တာ လျောက်တွေးနေတယ်။ မှန်ယူပြီး သေချာပြန်ကြည့်လိုက်ဦး။ ရော့ ဒီမှာ မှန်"
သူပေးတဲ့ မှန်လေးနဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့မှ.. ဟိုက်ရှားဘား... ၀ဲကွက်ကြီးတွေက အထင်းသားကလား။ အထင်းသားဆို ထိပ်တည့်တည့် ပေါက်နေတာကိုး။ ကိုင်းဗျာ။ မှတ်ကရော။ ဒီမှာ တစ်ကွက်၊ ပြီးတော့ ဒီမှာက တစ်ကွက်။ အတော်လေး ရှက်သွားတယ်။ ဒါကြောင့်မို့ သူ့ကို "ရှူးးး တိုးတိုးးး။ သူများတွေ မသိစေနဲ့ကြားလား။ ပြီးတော့ ဘယ်သူ့ကိုမှ ငါ့ဆီမှာ ၀ဲပေါက်ကြောင်း သွားမပြောနဲ့နော်.. ငါ့ညီမက လိမ်မာပါတယ်.. နော်.. နော်.." ဆိုပြီး ရှက်ကိုးရှက်ကန်းနဲ့ အချိန်မီ နှုတ်ပိတ်လိုက်ရတယ်။ သူကလဲ ပြောပါတယ်။ သူကြီးမင်းရဲ့ ၀ဲကို သူတစ်ယောက်ထဲ မြင်သေးတာပါတဲ့။ ရှက်မနေပါနဲ့တဲ့။ သူလဲ ကလေးဘ၀ကထဲက စပြီး ၀ဲစို ၀ဲနာ ၀ဲခြောက်တွေ ပေါက်ခဲ့ဖူးတဲ့သူဆိုတော့ ကိုယ်ချင်းစာလို့ အခုလို ပြောပြတာပါတဲ့။ သူ့ခန္ဓာကိုယ်မှာလဲ ၀ဲတွေမနေ့ကထိပေါက်နေတုန်းဘဲတဲ့။ မနေ့ကမှ ဆရာဝန်ဆီက ၀ဲကင်းကြောင်း ထောက်ခံစာရရှိခဲ့ပါသတဲ့။ "အင်း ကိုယ်ချင်းစာတတ်လိုက်တာ။ သူတော်ကောင်းမလေးဘဲ" လို့ စိတ်ထဲ ကျိတ်တွေးနေမိလိုက်တယ်။ ပြီးတော့ သူက ကုသနည်းတွေကိုပါ ပေးလိုက်တယ်။
ဝဲဆိုတဲ့ အသံကို ကြားမှဘဲ သူကြီးမင်း ငယ်စဉ်က ဘုန်းကြီးကျောင်းသားဘ၀ကို ပြေးအမှတ်ရမိလိုက်တယ်။ ရွာဦးကျောင်းမှာ ကိုရင်ကျောင်းသားစုစုပေါင်း ၇၀ ကျော်လောက်ရှိတယ်။ ဘုန်းကြီးကျောင်းသားတွေဟာ ကိုရင်တွေလိုဘဲ အဖိတ်နေ့ရောက်တိုင်း ခေါင်းရိတ်ရတယ်။ ဆံပင်အရှည်မထားရဘူး။ ကိုရင်ကျောင်းသား ၇၀ ကျော်ရှိပေမဲ့ ခေါင်းရိတ်ဓားက စုစုပေါင်းမှ ၃ ချောင်းဘဲ ရှိတယ်။ လူငယ်တွေဆိုတော့ ဆံပင်တွေကသန် ခေါင်းရိတ်ခံတဲ့သူတွေကလဲများဆိုတော့ ခေါင်းရိတ်ဓါး ၀မ်းဗိုက်ကလေးဟာ လခြမ်းလေးလို ခုံးခုံးလေး ဖြစ်နေခဲ့တယ်။ ခေါင်းရိတ်ပေးတဲ့ ကိုရင်ကြီး ကျောင်းသားကြီးတွေကလဲ ခေါင်းရိတ်ဓါးကို ပေါင်မှာ ရွှမ်းကနဲ ရွှမ်းကနဲ အသံ မြည်အောင် ခတ်ခတ်ပြီး ဆက်ရိတ်တယ်။ ပေါင်မှာ ခတ်လို့အဆင်မပြေရင် ကျောက်သင်ပုန်းခြမ်းလေးပေါ်မှာ ဓါးကို သွေးတယ်။ ပြီးရင် ဆက်ရိတ်တယ်။ အဲဒီလို အဲဒီလိုနဲ့ ခေါင်းရိတ်ဓားလေးဟာ လုံးပါးပါးရရှာတယ်။
မနက်ပိုင်းကထဲက ခေါင်းရိတ်လိုက်ကြတာ ညနေစောင်းလောက်မှ ပြီးတယ်။ အဖိတ်နေ့ရောက်တိုင်း ခေါင်းအရင်ရိတ်ရဖို့ တုံကင်ယူရတာလဲ အမော။ ကြာလာတော့ အဖိတ်နေ့ရောက်မှာတောင် ကြောက်လာတယ်။ ခေါင်းရိတ်လုပ်ငန်းနဲ့ဘဲ တစ်နေကုန်တော့တာကိုး။ ကျောင်းသားတစ်ယောက် (သို့မဟုတ်) ကိုရင်တစ်ပါးရဲ့ ခေါင်းမှာ ၀ဲတို့ ဒက်တို့ ပေါက်နေရင် ကိုရင်ကျောင်းသားတွေအားလုံး ကူးစက်ခံရတော့တာဘဲ။ ခေါင်းရိတ်ဓါးကတစ်ဆင့်ကူးစက်တာလေ။ အဲဒီတုန်းကဆိုရင် သူကြီးမင်းအလောင်းအလျာ ကိုကိုမောင်ရဲ့ ခေါင်းမှာလဲ ၀ဲတွေ ဒက်တွေနဲ့ပေါ့ဗျာ။ အခု ဘလော့တွေအားလုံးနီးပါး ၀ဲစွဲနေကြသလိုမျိုးပေါ့။ ကိုရင်ကျောင်းသားမှန်ရင် ၀ဲတွေ ဒက်တွေ ရှိကို ရှိတယ်။ အဲဒါ ဘုန်းကြီးကျောင်းသားနှင့်ကိုရင်တွေရဲ့ အိုင်ဒီတစ်ခုပေါ့။
တစ်ခေါင်းလုံး ၀ဲတွေ ဒက်တွေနဲ့ ဆိုတော့လဲ ခေါင်းရိတ်ပေးတဲ့သူတွေက အဲဒါတွေကို ရှောင်မနေတော့ပါဘူး။ မြေထိုးစက်နဲ့ မြေကြီးကို ထိုးခွါလိုက်ချသလို ၀ဲတွေဒက်တွေကို ခေါင်းရိတ်ဓါးနဲ့ ခပ်ဆဆလေး လွှာချကုန်တော့တာဘဲ။ နာပေမဲ့ ကျိတ်ခံနေရတယ်။ ခေါင်းမရိတ်ပေးဘဲ နေမှာစိုးလို့လေ။ ခေါင်းရိတ်ပေးတဲ့သူကလဲ မြှောက်ပေးရှာပါတယ်။ ကိုကိုမောင်.. အရမ်းသတ္တိရှိတယ်။ ဒီလောက် ၀ဲတွေ ဒက်တွေကို ခေါင်းရိတ်ဓားနဲ့ လွှာချတာတောင် တစ်ချက်မလှုပ်ဘူးတဲ့။ သူကြီးမင်းလဲ အမြှောက်မကြိုက်ရှာပါဘူး။ အောက်ကနေ တခွီးခွီးနဲ့ သဘောကျနေတယ်။ ပြီးတော့ အောက်ကနေ ပြောလိုက်သေးတယ်။ "ချ ချ အားမနာနဲ့ ပေါက်နေတဲ့ ၀ဲတွေ ဒက်တွေကို အရင်းကနေသာ အကုန်လွှာချလိုက်" ဆိုပြီးတော့ပေါ့။
သူကြီးမင်းရဲ့ တစ်ခေါင်းလုံးလဲ သွေးတွေနဲ့ ရဲနေတော့တာပါဘဲ။ ခေါင်းရိတ်ပေးတဲ့သူက ရိတ်ပြီးသားဆံပင်လေးတွေနဲ့ ဖိနှိပ်ပြီးတော့ သွေးတိတ်အောင်လုပ်ပေးပါတယ်။ ဒါပေမဲ့ ရေချိုးတဲ့အခါကျတော့ တစ်ခေါင်းလုံး ပူစပ်ပူလောင်ဖြစ်နေတော့တာပါဘဲ။ ဘာစကေဘီလဲ မ၀ယ်နိုင် မြွေနှစ်ကောင် ပွေးဆေးလဲ မ၀ယ်နိုင်ဆိုတော့ ကြက်ဟင်းခါးရွက်ကို ထုချေပြီး ဆားနဲ့နှယ်လို့ ခေါင်းမှာ ပွတ်လိမ်းပေးနေရတယ်။ တစ်ခါတစ်ခါ သံပုရာရည်လေးပါ ထည့်နှယ်လိုက်တယ်။ ဘယ်လိုက ဘယ်လို အဆင်ပြေသွားမှန်းတော့ မသိဘူး။ ကြာလာတော့လဲ အဲဒီ ၀ဲတွေ ဒက်တွေ သူ့ဟာသူ ပျောက်သွားတယ်။ အဲဒီအချိန်ကစပြီး ၀ဲ ဆိုတဲ့ အသံကြားတိုင်း သူကြီးမင်းလဲ ကိုယ့်ခေါင်းကိုယ် အခါခါ စမ်းမိနေလေရဲ့။
အခုလဲ သူကြီးမင်းဘလော့ပေါ်မှာ ပေါက်နေတဲ့ ၀ဲတွေကို အဲဒီကောင်မလေး ပေးခဲ့တဲ့ ဆေးနဲ့ ကုလိုက်တာ၊ ဆေးကဘဲ စွမ်းလို့လား သူ့စေတနာကဘဲ အားကောင်းလို့လား မသိဘူး။ ချက်ချင်းဘဲ အမြစ်ပြတ် ပျောက်သွားပါတော့တယ်။ ၀ဲဆိုလို့ အဖုအပိန့်လေးတောင် မရှိတော့ပါဘူး။ ဒါကြောင့်မို့ မိတ်သင်္ဂဟ အားလုံးကို အကြောင်းလိုက်ပါတယ်။ သူကြီးမင်းမှာလဲ ကျန်းမာပျော်ရွှင်ပြီး ၀ဲကင်းစင်ကြောင်းပါ ခင်ဗျာ။ ။
ဆေးမစားမီ
.
13 comments:
ဝဲကျော်ဟာ သူဂျီး
ပဲလှော်ဟာ အမြီး
ရဲဘော်ဟာ ငဖြီး
ဟီးး ဟီးး ဟီးးး :D
ဝဲပေါက်တာ တူတယ် သူကြီးရေ ခုတော့ ကောင်းသွားပြီ :P
ဝဲကျော် ဒက်ကျော် ရပ်ကျော် ရွာကျော် ကမ္ဘာကျော် ပါပလာကြော် ... ရှိသမျှ အကုန်ကြော်သော တုံးဖလားသူဂျီးအား ဂုဏ်ပြုကဗျာ စပ်ဆိုလိုက်ပါသည်။ နတ်လူ သာဓု ခေါ်စေသောဝ် .... ။
ဟိုရှေ့ကရွာ
ဘာရွာလဲမေး
ဝဲပေါက်ကာ ဒက်တွေပွါးတဲ့
တုံးဖလားတဲ့လေး ... ။
ဝဲတွေကိုခွါ
နာလှပေါ့ ညည်း
ငယ်စဉ်ခါ ခေါင်းကိုတုံးရင်
ရုန်းတဲ့ သူဂျီး။
ဝဲဆေးကိုဖော်
သူအော်လို့ရောင်း
ဆားနယ်ကာ ခေါင်းမှာပွတ်တယ်
ကုတ်လို့ သိပ်ကောင်း။
တုံးဖလားမောင်
ဒက်ရောင်က ပြောင်ဝင်း
ခေါင်းပေါ်မှာ ဆံမပေါက်တယ်
ဝဲခြောက် မကင်း။
ဗျင်းး ဗျင်းးး ဗျင်းးး (သူဂျီး ၀ဲကုတ်သံ)
ဘယ်ကဘယ်လို ၀ဲကူးတာပါလိမ့်နော်။
ပျောက်သွားလို့တော်သေးတာပေါ့။
လင့်တွေ မဖြုတ်ရဘဲ ကောင်းသွားတယ် ဆိုတော့ ဂွတ်ပါလေ့ဗျာ။ မကြာ မကြာတော့ သတိရတိုင်း စစ်ကြည့်ဦးနော်။
သြ သူကြီးမင်း
ဝဲကင်းသွားပြီးကိုး
ဂုဏ်ယူပါတယ်ဗျာ ကိုရင်လေး တွေ ကဝဲတွေ ဒက်တွေ အဲလို ကူးစက်ကြတာကိုး ခေါင်းရိတ်ဓါး ရှားလို့ပေါ့နော် စဉ်းစားဘူးတယ် ဘာကြောင့်ပါလိမ့်လို့
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကိုးနတ်ရှင်မကြည်ဖြူလို့ လာမလည် ရတာကြာပေါ့
သူကြီးငယ်ငယ်တုန်း က ဒက်ပေါက်ပြီး ကြီးတော့ ၀ဲထပ်ပေါက် တာကိုး ;-)
ကျန်းမာပါစေမင်္ဂလာပါ“သူကြီး”
“ ဝဲ ” စွဲမစွဲဘယ်လိုကိုစစ်ရမယ်မှန်းမသိပါဘူးဗျာ-
ဘယ်ဆေးခန်းကိုသွားရမှာတုံးသူကြီးရ-
သူတို့ကတော့ ကိုကြီးကျောက်နဲ့အတူတူ “ဖလန်း”
“ဖလန်း”ထနေကြပြီပေါ့နော်-
နာလိုဘူး-
ဒါဘဲ-
သဂျီးလဲ ခေတ်မီတဲ့သူဖြစ်သွားပြီ..
သူဂျီးလည်း ဝဲရှင်းသွားပြီဆိုတော့ ပြန်ချိတ်ထား လိုက်တယ်။
အေးဗျာ . . .
ငယ်ငယ်က ကိုရင်လေးတွေကို ကြည့်ရတာ စိတ်ကို မချမ်းသာဘူး။ ရေနံချေးနဲ့ ဘာဆေးမှုန့်ဆိုလားနဲ့ လိမ်းရင်တော့ ပျောက်သွားတယ် ဆိုပဲ။ အခုနောက်ပိုင်း ဂျူတ်တွေ ဘလိတ်ဓါးတွေကြောင့် သိပ်မဖြစ်ကြတော့တာ ဝမ်းသာရမှာပဲ။ ကိုကိုမောင် ( ပန်းရနံ ) ဘလော့လည်း ဝဲကင်းပြီး အဆင်ပြေသွားလို့ ဝမ်းသာပါကြောင်း။
အခုမှလင့်ခ်လို့ အခုပဲလာတယ်.. ကင်းသွားပလား.. ၀ဲ..း))))
ခင်မင်တဲံ
နေ၀သန်
သူကြီး ငယ်တုန်းက ပေါက်တဲ့ဝဲ အခုတစ်ကြော့ပြန် စခန်းထတာဖြစ်မယ်
သူဂျီးက သန့်သန့်ရှင်းရှင်းမှ မနေတာကိုး
ဟိဟိ
နောက်ကို ရေမှန်မှန်ချိုးနော်။
မချော
Post a Comment