သြော်.. လောဘ.. လောဘ.. လောဘ။
ထိုလောဘကြောင့် ဘ၀ကိုရ၏။ ထို့နောက် ဘ၀ကို ထိုလောဘဖြင့်ပြန်စ၏။ လောဘနဲ့စခဲ့သည့် ဘ၀သည် လောဘပင်လယ်ကြောဝယ် အသောမတတ်နိုင်ဖြစ်၏။ မိုက်မလင်းနိုင်ဖြစ်၏။ ကူးကာယက်ကာနေ၏။ လူသားတစ်ယောက်ဖြစ်သည့်ကျွန်ုပ်သည်လည်း ထိုလောဘဖြင့်ပင် ကြီးပြင်းလာခဲ့ရ၏။ မထင်မရှားတောရွာလေးမှာ မွေးဖွားခဲ့သည့်ကျွန်ုပ်သည် ထိုတောရွာလေး၌ မကြီးပြင်းလိုခဲ့ပေ။ ထိုတောရွာလေးထက် ကြီးမားပြီး လူစည်ကားသည့် မြို့၌သာ လက်ကျန်ဘ၀ကို ဖြတ်သန်းလို၏။ ထို့ကြောင့်ကျွန်ုပ်သည် အနီးဆုံးမြို့တစ်မြို့ဖြစ်သည့် ၀န်းသိုမြို့လေးသို့ ချီတက်လာခဲ့၏။ ထိုမြို့လေးသည် အေးချမ်း၏။ သာယာ၏။ လှပ၏။ မြို့နေလူထုတို့သည်လည်း ရိုးသား၏။ ဖြူစင်၏။ သိမ်မွေ့၏။ သို့သော် ထိုမြို့၌ ကျွန်ုပ်သည် ရေရှည်မနေလိုခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုမြို့ထက်ကြီးမားသည့် မြို့ကြီးတစ်မြို့သို့ လှမ်းမျှော်ကြည့်မိလေသောကြောင့်ပင်ဖြစ်၏။
ထိုသို့သော လောဘနှင့်ဆန္ဒတို့ကြောင့် ကျွန်ုပ်သည် မန္တလေးသို့ ရောက်ရှိခဲ့ပြန်၏။ ပျင်း ပျော် ပျက် ပြေး၊ မန္တလေး ဟု ဆိုရိုးစကားရှိသည့် မန်းနေပြည်တော်ကြီး၌ ကျွန်ုပ်သည် မပျင်း မပျော် မပျက် မပြေးခဲ့ဘဲ ပုံမှန်အနေအထားဖြင့် နေပူ လမ်းဝေး မန္တလေး၏ဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း အချိန်အတိုင်းအတာတစ်ခုကို ဖြတ်သန်းခဲ့ရ၏။ ထိုကဲ့သို့ ဒုတိယမြို့တော်မှာ နေထိုင်ရခြင်းကို ကျွန်ုပ်ကျေနပ် ရောင့်ရဲနေမည်လော။ အဖြေသည် နိုး ဟူ၍ဖြစ်၏။
ထို့ကြောင့် ပထမမြို့တော်ဖြစ်သည့် ရန်ကုန်သို့ ဦးတည်လာခဲ့၏။ ရန်ကုန်သည် ရေမြေသဘာဝကောင်း၏။ ပျော်စရာများ၏။ ကြည်နူးဖွယ်တို့ဖြင့် ပြည့်နှက်နေ၏။ ၀င်းဝင်းထိန်ထိန် ငွါးငွါးစွင့်စွင့် ဖြစ်နေသည့် ရွှေတိဂုံဘုရားကြီးသည် ကျွန်ုပ်၏စိတ်ဓါတ်တို့ကို အလင်းရောင်ပေး၏။ အအေးဓါတ်ဖြစ်စေ၏။ ဖော်မပြနိုင်သည့် စိတ်ချမ်းသာမှုမျိုး ဖြစ်ပေါ်စေ၏။ သို့သော်.. သို့သော် လောဘသည် ကြောက်စရာကောင်းလှ၏။ ထိတ်လန့်ဖွယ်ကောင်း၏။ တုန်လှုပ်ဖွယ်ကောင်း၏။ မထင်မရှား တောရွာလေး၌ ဘ၀ကို စတင်ခဲ့သည့် ကျွန်ုပ်သည် ထင်ထင်ရှားရှားဖြစ်နေသည့် ပထမမြို့တော် ရန်ကုန်မြို့ကြီးကိုပင် ခြေစုံကန်ပစ်ချင်နေလေပြီတည်း။
လူနေခြုံကြား၊ စိတ်နေဘုံဖျား ဆိုသည့် စကားပုံသည် မှန်ကန်လှ၏။ တိကျလှ၏။ ထိမိလှ၏။ မြန်မာနိုင်ငံအစွန်အဖျား တောရပ်ချောင်ပေါ်မှာ မွေးဖွားလာခဲ့သည့်ကျွန်ုပ်သည် မြန်မာနိုင်ငံကို ဥပေက္ခာပြုပြီး နိုင်ငံခြားဟူသည့် စိတ်ကူးယဉ်နိဗ္ဗာန်ဘုံကြီးဆီသို့သာ နေ့စဉ်အိပ်မက် မက်နေလေပြီကော။ အိပ်မက်ထဲက နိုင်ငံခြားသည် အိမ်နီးချင်းနိုင်ငံမဟုတ်။ လူဦးရေအများဆုံးနိုင်ငံလည်းမဟုတ်။ လူဦးရေ အနည်းဆုံးနိုင်ငံလည်းမဟုတ်။ လောဘ၏ ကြီးကျယ်ခန်းနားပုံသည် အံသြဘနန်းပင်တည်း။ ကျွန်ုပ် ကြိတ်ပြီး စိတ်ကူးယဉ်နေသည့် နိုင်ငံများသည် လက်ချိုးရေတွက်၍ရ၏။ စက္ကန့်ပိုင်းအတွင်းရေတွက်၍ရ၏။ တစ်ဘရိတ်ထဲရေတွက်၍ရ၏။ ထိုနိုင်ငံတို့မှာ ဂျပန် အမေရိကား အင်္ဂလန် သြစတြေးလျ ဟူ၍ဖြစ်၏။
လှံထမ်းလာတာကို မြင်နိုင်သည်၊ ကံထမ်းလာတာကို မမြင်နိုင် ဆိုသည့် စကားပုံသည် ကျွန်ုပ်အတွက်ဖြစ်ချေ၏။ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ ဖြစ်လာ၏။ ကျွန်ုပ်၏ အိပ်မက်သည် အကောင်အထည်ပေါ်လာ၏။ အထင်အရှားဖြစ်လာ၏။ ရုပ်လုံးပေါ်လာ၏။ ကံတရားဖေးမ၍ ကျွန်ုပ် အင်္ဂလန်သို့ ရောက်ရှိခဲ့လေပြီတည်း။
.....
ငယ်စဉ်ကျောင်းသားဘ၀၌ စာရေးဖို့ ကျောက်သင်ပုန်းကို အားကိုးရ၏။ ကျောက်တံကို အားကိုးရ၏။ တိုတုတ်တုတ်ဖြစ်သွားသည့် ကျောက်တံကို ကျူရိုးမှာ သားရေကွင်းနဲ့ရစ်ချည်ပြီး ရှည်အောင်လုပ်ခဲ့ရ၏။ ထိုစဉ်က ကျွန်ုပ်၏ စိတ်သည် အများနည်းတူ ဗလာစာအုပ်ထဲ၌ စာရေးချင်ခဲ့၏။
ခေတ်အခြေအနေနှင့်အသက်အခြေအနေအရ ဗလာစာအုပ်နဲ့ရေးခွင့်ရသည့်အခါ၌လည်း လက်နှိပ်စက်ဖြင့် ရိုက်ရိုက်ပြီး ရေးရသည်ကို အားကျလာ၏။ ထို့ကြောင့် လက်နှိပ်စက်တစ်လုံးဝယ်ဖြစ်ခဲ့၏။ ထိုအချိန်၌ ကမ္ဘာကြီးသည် တိုးတက်လာ၏။ ဖွံ့ဖြိုးလာ၏။ ခေတ်မီလာ၏။ ကွန်ပျူတာဟူသည့် ဆန်းကြယ်သည့်အရာတစ်ခု ခေတ်စားလာ၏။ ထို့ကြောင့် လောဘ၏ ဦးဆောင်မှုဖြင့် ကျွန်ုပ်သည်လည်း လက်နှိပ်စက်မှကွန်ပျူတာသို့ ပြောင်းပစ်လိုက်၏။ Desktop computer တစ်လုံး ဖြစ်ညှစ်ဝယ်လိုက်၏။ ထို့နောက် ကွန်ပျူတာထဲ၌ပင် စိတ်အ၀င်စားကြီး ၀င်စားနေတော့၏။
လောဘသည် ဤမျှဖြင့် ရပ်တန့်မနေခဲ့ပေ။ အခန်းအတွင်း၌ Desktop သုံးပြီး Space အများကြီးယူထားသည်ကို မတန်ဟုထင်လာ၏။ ထို့ကြောင့် ပေါ့ပေါ့ပါးပါးနဲ့ နေရာယူနည်းသည့် Laptop တစ်လုံးဝယ်လိုစိတ်ပေါ်လာ၏။ ထိုလောဘ၏ခိုင်းစေမှုကို လန်ဒန်ရောက်ပြီးပြီးချင်း ကျွန်ုပ်လိုက်နာလိုက်၏။ ASUS အမည်ရှိ Intel Core 2 Duo, (HD160GB, Memory 2GB, Display 15.4 WXGA, T5250@1.50 GHz, Wireless 802.11b/g) Windows Vista အမျိုးအစားLaptop ကွန်ပျူတာလေးတစ်လုံးကို လက်တုန်တုန်ယင်ယင်ဖြင့် ၀ယ်ယူလိုက်၏။
ဟန်အတော်ကျလေပြီ။ ကွန်ပျူတာအသေးလေးဖြင့် တစ်ကမ္ဘာလုံးသို့ ဆက်သွယ်ရအဆင်ပြေလေပြီ။ ကျောင်းသင်ခန်းစာနှင့်အက်ဆေးစသည်တို့ကို အေးအေးဆေးဆေး ရေး၍ ရလေပြီ။ ကျေနပ်မဆုံး တစ်ပြုံးပြုံးဖြစ်ခဲ့၏။ ကွန်ပျူတာထဲသို့ အဘိဓာန်ပေါင်းစုံ Install လုပ်ထားလိုက်၏။ အင်္ဂလိပ်-မြန်မာအဘိဓာန်၊ Oxford Dictionary, Longman Dictionary, Collins Dictionary စသည်တို့ဖြစ်၏။ ထို့ပြင် Online ၌လည်း Cambridge Dictionary, Wikipedia, Online Dictionary တို့ကို ကြည့်ရှု၍ရလေ၏။ သတင်း ရုပ်ရှင် စာပေပေါင်းစုံ တရားပေါင်းစုံ အားလုံးအားလုံး တစ်ထိုင်တည်းဖြင့် ကြည့်ရှုနားထောင်၍ရလေ၏။ ဘ၀သည် ကျေနပ်ဖွယ်လိလိပင်တည်း။
သို့သော်.. ရုပ်ဝတ္ထုသဘောသည် ဖြစ်တတ်၏။ ပျက်တတ်၏။ ဖောက်ပြန်တတ်ချေ၏။ ကျွနု၏ လက်စွဲတော် ကွန်ပျူတာလေးသည် အရေးကြီးနေသည့်အခါမှ ဆန္ဒပြလာ၏။ အက်ဆေး Deadline နီးကာမှ ဖောက်ပြန်လာ၏။ အားကိုးအားထားပြုနေရသည့် Oxford 7thedition, Longman, Collins Dictionary တို့ကို Install လုပ်၍ မရတော့ပေ။ Wireless စနစ်သည်လည်း ပြတ်တောင်းပြတ်တောင်းဖြစ်လာ၏။ အင်တာနက်မှာ မရှိမဖြစ်လိုအပ်သည့် Flash player ကိုလည်း Install လုပ်သည့်အခါတိုင်း Firefox က ကန့်ကွက်နေ၏။ Internet Explorer လည်း Work offline ဖြစ်နေ၏။ ကွန်ပျူတာကို Recovery လုပ်ပြန်တော့လည်း DVD Drive က အလုပ်ကောင်းကောင်းမလုပ် ဖြစ်နေ၏။
ဒုက္ခ.. ဒုက္ခ။
လောကနိယာမအရ အကျိုးရှိလျင် အကြောင်းရှိရမည်ဖြစ်၏။ ဒုက္ခရှိလျင် ဒုက္ခဖြစ်ကြောင်းရှိရမည်ဖြစ်၏။ ထို ဒုက္ခ၏ အကြောင်းသည်ကား ဇာတ်လိုက်ကျော်ကြီး လောဘပင်လျင်ဖြစ်ချေတော့၏။ သူငယ်ချင်းများ၏တိုက်တွန်းချက်နှင့်ကျွန်ုပ်ကိုယ်တွင်း လောဘတို့ကြောင့် ကျွန်ုပ်၏ လက်ရှိကွန်ပျူတာကို ပိုပြီးခေတ်မီလာဖို့ Windows Vista မှ Windows 7 သို့ ပြောင်းပြီး တင်လိုက်ခြင်းသည် ထိုဒုက္ခဖြစ်ခြင်း၏ မှန်ကန်သည့် အကြောင်းပင်ဖြစ်ချေတော့၏။ Windows 7 ကိုလည်း တင်၍မရ၊ Windows Vista သည်လည်း စိတ်ကောက်ပြီး နွဲ့ဆိုးဆိုးနေလေတော့၏။
ကွန်ပျူတာကြိုက်သည့် ကျွန်ုပ်သည် ကွန်ပျူတာနှင့်ကင်းကွာနေ၏။ အင်တာနက်ခရေစီဖြစ်သည့် ကျွန်ုပ်သည် အင်တာနက်အဆက်အသွယ်ပြတ်နေ၏။ ထိုအခိုက် ကျွန်ုပ်၏အဖြစ်သည် အရက်သမား အရက်ပြတ်တောက်နေသည်နှင့်တူ၏။ အိမ်ထောင်သည်များ ဇနီး ခင်ပွန်းနှင့် ဝေးကွာနေသည်နှင့်တူ၏။ ပျားပိတုန်းများ ပန်းပွင့်ဆိတ်သုဉ်းနေသည်နှင့်တူလှ၏။ ကျွန်ုပ်သည် ကျောင်းစာဖက်သို့လည်း စိတ်မရောက်၊ ဘလော့အိမ်များသို့လည်း မလည်ပတ်နိုင်၊ ရေးနေကျ ပို့စ်များကိုလည်း မတင်အားတော့ဘဲ ထိုကွန်ပျူတာ ပြန်ကောင်းလာရေးသို့သာ စိတ်အစဉ်ကပ်လျက်ရှိနေလေတော့၏။
ကွန်ပျူတာကျွမ်းကျင်သည့် မိတ်ဆွေနှစ်ယောက်သည်လည်း စေတနာထားကာ သူတို့အလုပ်ကို ခဏမေ့ထားပြီး ကျွန်ုပ်၏ ကွန်ပျူတာကို နည်းပေါင်းစုံဖြင့် ပြုပြင်ပေးကြ၏။ အတုSoftware များကို အစစ်ဖြစ်အောင် Crack လုပ်ကြ၏။ ကွန်ပျူတာ သုံးစွဲရတာ ပိုပြီးအဆင်ပြေအောင် ပြုလုပ်ပေးကြ၏။ သို့သော် ကျွန်ုပ်၏ကွန်ပျူတာသည် ၇၀ ရာခိုင်နှုန်းလောက် ပြန်ကောင်းသွားသည်မှတစ်ပါး စိတ်ဆိုးစိတ်ကောက်မပြေနိုင်ဘဲဖြစ်နေလေ၏။ Software အချို့ ကို ကန့်ကွက်မြဲကန့်ကွက်နေ၏။ ဗိုင်းရပ်တွေ စွဲကပ်နေပြီထင်ရ၏။ ထိုအခိုက် ကျွန်ုပ်သည် ငယ်စဉ်ဘ၀ကို ဖြတ်ခနဲ ပြေးသတိရမိလိုက်၏။
......
ပင်လည်ဘူးမြို့နယ်ရှိ ကျွန်ုပ်တို့ တုံးဖလားရွာကလေးသည် အိမ်ခြေသုံးဆယ်ခန့်သာရှိ၏။ အားလုံး တောင်သူလယ်သမားတွေချည်းဖြစ်၏။ အိမ်တိုင်း၌ စပါးကျီ(တိုက်)များရှိကြ၏။ အချို့က စပါးကျီကို အိမ်ပုံစံမျိုး သစ်သားတို့ဖြင့် ကျကျနန ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားကြ၏။ အချို့ကမူ ၀ါးများဖြင့်ရက်လုပ်ကာ နွားချေး(နောက်ချေး)တို့ဖြင့် သုတ်လိမ်းပြီး နေလှန်းအခြောက်ခံ၍ စပါးကျီပြုလုပ်ကြ၏။ ကျွန်ုပ်၏နေအိမ်ရှိ စပါးကျီသည် အိမ်ပုံစံအမျိုးအစားဖြစ်၏။ ရွာသူရွာသားများသည် စပါးရိတ်သိမ်းပြီးသည့်အခါ စပါးများကို စပါးကျီထဲသို့ ထည့်သိမ်းထားလေ့ရှိကြ၏။
တစ်ရွာလုံး၏ ဘုံရန်သူသည် ကြွက်ဖြစ်၏။ ကြွက်သည် စပါးမှည့်ချိန်၌ လယ်ယာထဲမှာ တွင်းတူးပြီးအခြေချနေထိုင်ကာ စပါးနှံများကို အားရပါးရ ဖျက်ဆီးစားသောက်လေ့ရှိ၏။ စပါးသိမ်းပြီးသောအခါ၌လည်း နေ့ညမရွေး စပါးကျီထဲသို့ ၀င်ရောက်မွှေနှောက်တတ်၏။ စပါးကျီထဲကစပါးများကို စားပြီး စပါးကျီထဲ၌ပင် မစင်စွန့်ထားလေ့ရှိကြ၏။ အိမ်မွေးကြောင်တို့သည်လည်း ကြွက်အင်အားကို နှိမ်နှင်းခြင်းငှါမစွမ်းနိုင်ခဲ့ပေ။ နည်းပေါင်းစုံဖြင့် ကြွက်နှိမ်ကြသော်လည်း သားပေါက်များသော ကြွက်တို့၏ အင်အားကား ပို၍သာ ကြီးမားလျက်ရှိလေတော့၏။
ထိုစဉ်က.. ဘယ်ဝယ်ဘယ်ဆီက စတင်တီထွင်လိုက်မှန်းမသိတဲ့ အယူတစ်ခုသည် ကျွန်ုပ်တို့ရွာအား လွှမ်းမိုးသွားလေ၏။ ထိုအယူမှာ ကြွက်နှိမ်နှင်းရေးအတွက် ပေါ်ပေါက်လာသည့် အယူဖြစ်၏။ တစ်ရွာသားလုံး ကျင့်သုံးကြ၏။ လိုက်နာကြ၏။ ပြုလုပ်ကြ၏။ ထိုအယူအတွက် ငွေအင်အား လူအင်အား သုံးရန်မလိုပေ။ မြေဖြူတောင့်လေးတစ်ခုဖြင့် ကိစ္စပြီးနိုင်၏။ ထိုအယူအဆမှာ စပါးကျီတိုင်းတွင် စာလုံးလေး ငါးလုံးမျှ မြေဖြူခဲဖြင့် ရေးရန်ဖြစ်၏။
(အချို့ မီးသွေးခဲဖြင့်လည်းရေးကြ၏)။ ကြွက်ရောင်းရန် ရှိသည် ဟူ၍ဖြစ်၏။ အချို့ မှာ ထပ်ကွန့်ပြီး တန်ဖိုးပါ ထည့်လိုက်သေး၏။
သတိ၊ ကြွက်ရောင်းရန်ရှိသည်။ တစ်ကောင် ငါးပြား ဟူသတည်း။
ကျွန်ုပ်တို့သည်လည်း မူလတန်းကျောင်းနေကာစ ပီပီ စာတတ်ပြီဟု အထင်ခံရစေရန် ထိုစာကြောင်းကို စပါးကျီတွင်မကဘဲ အိမ်နံရံ အိမ်တိုင် စသည်တို့မှာပင် ရေးသားပြီး လက်စွမ်းပြကြလေ၏။ အိမ်ညစ်ပတ်အောင်လုပ်ရကောင်းလား ဆိုပြီး အဘိုးက ဆူပူအော်ဟစ်တော့မှ ကျွန်ုပ်တို့အရေးရပ်ကြ၏။
ထိုစာကြောင့်လော ဘာကြောင့်လောမသိ။ ကြွက်များ စပါးကျီထဲ အလာကျဲသွားသည်ဆို၏။ သူတို့ကို တကယ်ရောင်းမည်ထင်၍လော၊ သူတို့ကို ဈေးနှိမ်ထားသည့်အတွက်ကြောင့်လော (အမှန်ဆို သူတို့မှ စာမဖတ်တတ်တားဝ)၊ ဖြူဖြူစာလုံးကြီးကို လန့်၍လော၊ မြေဖြူအနံ့ မခံနိုင်၍လော။ စဉ်းစားကြည့်လျင် အဖြေမရှိနိုင်ဘဲ ဖြစ်ရ၏။ အဖြေကို တိတိကျကျ မသိရသော်လည်း ကြွက်များမလာစေရန် ယခုတိုင်အောင် အချို့သူများ ၄င်းစာကြောင်းကို ရေးထားသည်ကို တွေ့ရတတ်၏။ ယုံကြည်မှုပင်တည်း။
....
ယခုလည်း ကျွန်ုပ်၏ ကွန်ပျူတာသည် ဗိုင်းရပ်ကိုက်နေပြီဟုထင်ရ၏။ ဗိုင်းရပ်အတွက် ဆော့ဖ်ဝဲတင်ထားသည့်တိုင်အောင် အချို့ဗိုင်းရပ်တို့သည် စိုးမိုးမင်းမူနေကြဆဲဖြစ်၏။ ကွန်ပျူတာကို ဒုက္ခပေးမြဲပေးလျက်ဖြစ်နေ၏။ အဆိုးဆုံးမှာ သတင်းနှင့်ဗီဒီယိုဖိုင်များကို ကြည့်ဖို့ Flash player နှင့် အင်္ဂလိပ်စာအတွက် Oxford 7th Dictionary ကို Install လုပ်၍မရခြင်းပင်ဖြစ်၏။ ထို့ကြောင့် စိတ်ကူးပေါက်ပေါက်ဖြင့် ကျွန်ုပ်သည်လည်း အကြံကုန် ဂဠုန်ဆားချက် လုပ်ရလေတော့၏။ ငယ်စဉ်ဘ၀က ကြွက်များမလာရောက်စေရန် ကြွက်ရောင်းရန်ရှိသည် ဟူ၍ ရေးခဲ့သလို ယခုလည်း ကွန်ပျူတာထဲမှာ ရှိသည့် အနှောင့်အယှက်များ ထပ်ပြီးမနှောင့်ယှက်နိုင်အောင် စာတစ်ခုခုရေးချင်စိတ်ပေါ်ပေါက်လာ၏။ သို့သော် အဘယ်၌ရေးရမည်နည်း။ အိမ်နံရံမှာလား။ အခန်းနံရံမှာလား။ ကွန်ပျူတာတင်ခုံပေါ်မှာလား။ ခက်သည်မှာ စည်းကမ်းပြည့်ဝသည့်နိုင်ငံ၌ ကိုယ့်အိမ်ဆိုပြီး ညစ်ပတ်ချင်သလို ညစ်ပတ်၍မရနိုင်ပေ။ အတန်တန်စဉ်းစားပြီးသကာလ နောက်ဆုံး၌ ကျွန်ုပ်အကြံတစ်ခု ရလိုက်၏။ အင်္ဂလန်နိုင်ငံမှာ နေထိုင်ကြသည့်သူများတင်မကဘဲ တစ်ကမ္ဘာလုံးမှာ ရှိသည့်လူတွေ ကျွန်ုပ်စာကို ဖတ်နိုင်အောင်ရေးသားလိုက်ရရင်ကောင်းမယ် ဟူသည့်အကြံပင်တည်း။ ထို့ကြောင့် ထိုစာကို ကျွန်ုပ်၏ Gtalk Custom message ၌ ရေးလိုက်လေတော့၏။
Laptop Computer ASUS ရောင်းရန်ရှိသည်။ တန်ဖိုး ငါးကျပ်။ ဟူ၍ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုစာရေးပြီး မကြာခင်မှာပင် Flash player ကို Install လုပ်ကြည့်လိုက်ရာ ရှောရှောရှူရှူပင် Installation completed ဟူသည့် Boxကလေး ကျလာလေ၏။ ထို့နောက် Oxford 7th Dictionary ကို Install လုပ်ကြည့်ပြန်ရာ မယုံကြည်နိုင်လောက်အောင် အဆင်ပြေသွားလေတော့၏။
ယခုဆိုလျင် ကျွန်ုပ်သည် လက်စွဲအချစ်တော်ကြီး ကွန်ပျူတာ အင်တာနက်နှင့်အတူတကွ သတင်းဖတ်ခြင်း၊ သတင်းကြည့်ခြင်း၊ ဗီဒီယိုဖိုင်များ ကြည့်ခြင်း၊ အင်္ဂလိပ်စာများလေ့လာခြင်း၊ အက်ဆေးရေးခြင်း၊ ကြိုက်သည့်ဖိုင်များကို ဒေါင်းလုပ်ဆွဲခြင်း စသည့်စသည့် အခွင့်အရေးများကို တွင်တွင်ကြီး အသုံးချကာ ပြုံးဖြီးဖြီးကြီးဖြစ်နေလေပြီတည်း။
ဂါထာ ဆေးဝါး မန္တရားတို့ဖြင့် မကုသလိုက်ရဘဲ စာကြောင်းလေးတစ်ကြောင်း Gtalk ပေါ်တင်လိုက်သည်နှင့် ကွန်ပျူတာတွင်းရှိ ရောဂါဘယတို့ ပျောက်ကင်းသွားသည်မှာ တောင်ထိပ်မှာကြာပေါက်ပြီး အနောက်က နေထွက် သကဲ့သို့ မယုံနိုင်ချင်စရာ ဖြစ်၍နေပေ၏။ သို့သော် ထိုအဖြစ်အပျက်သည် ယုံတမ်းစကားလည်းမဟုတ်သလို ပုံပြင်လည်းမဟုတ်ပေ။ အဖြစ်အပျက် အမှန်ပင်ဖြစ်ချေတော့၏။ ထို့ကြောင့်ပင် ကျွန်ုပ်၏ ပို့စ်အား
Laptop Computer ASUS ရောင်းရန်ရှိသည်။ တန်ဖိုး ငါးကျပ်။ ဟူ၍ အမည်ပေးလိုက်ရခြင်း ဖြစ်ပေတော့သတည်း။ ။
....
13 comments:
ငါးကျပ်နဲ့ (မြန်မာငွေပြောတာနော်) ၀ယ်မယ်ကြံကာရှိသေးတယ်၊ ကောင်းသွားပြန်ပီဆိုတော့ မရောင်းတော့ဘူးပေါ့။ ၀မ်းသာပါပေ့ဗျား။
ဖြစ်မှဖြစ်ရလေခြင်း ဆရာပန်းရေ....; )
*.*.*
အံသြလိုက်တာ။
နောက်ဆိုရင် အကြံရပြီ ညီမရဲ့ ကွန်ပျူတာလဲ တခါတလေ ပေကပ်ကပ်လုပ်နေရင် ရောင်းရန် ကြော်ငြာတင်လိုက်မယ်း)
ဝယ်မယ်လို့ ပြောမလို့ပါဆိုနေမှ ပဲ အကိုရာ။
နေကောင်းတယ်ဟုတ်။ မတွေ့တာတောင် ကြားပေါ့နော်
အကြံကောင်းဘဲ...
နောက် ခွန့်pc ပေကပ်ကပ်လုပ်ရင်လဲ
အဲ့လိုလုပ်ရမယ်။
ဖတ်နေရင်း စပါးကျီဆိုလို့ အိမ်ကိုသတိရသွားတယ်။
ခွန်တို့အိမ်နောက်မှာလည်း စပါးကျီရှိတယ်။
ငယ်ငယ်ကတူတူပုန်းတမ်းကစားရင်
အဲ့ထဲဝင်ပုန်းနေကျ။ခုတော့ ဖျက်ပစ်လိုက်ပြီ။
ပို့စ်နဲ့တော့ဘာမှမဆိုင်ဘူး။
သတိရလို့ရေးလိုက်တာ....
ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ
တကယ် ရောင်းမှာလား လာဝယ်မှာနော်
အဲလိုပဲ သယ်ရင်းရေ. . . အရေးကြုံရင် ကွန်ပျူတာ တို့ အင်တာနက်တို့ က ဖြစ်ရော
သယ်ရင်း အဆင်ပြေသွားတယ် ဆိုလို့ ၀မ်းသာပါတယ်. အိုင်ဒီယာကောင်းလို့ပေါ့နော်
ဟီးးး စာနာတယ် ဂျသိလား ကွန်ပြူတာပျက်နေရင် စိတ်ထဲ ဘယ်လိုမှ နေမရဘူး စားမဝင် အိပ်မပျော်နဲ့ ဟဲဟဲ တယ်ဆိုးတယ် ကွာ သိလား များ တို့က အင်တာနက် မရှိရင် မနေတတ်ဘူး ဂျ ဟားးးးးးးးးးဟားးးးးးးးး
နောက်တခါ ပျက်ရင် ပြောလေ ကူပေးမယ် အိုးးး ရှုပ်ပါတယ် တူနဲ့သာ ထုလိုက်ဟိဟိ
အော်
တကယ်ရောင်းတယ်ထင်လို့ အပြေးလာကာမှ
ကြွက်ရောင်းရန်လို ယတြာချေတာနဲ့တွေ့နေပြီ..
ကိုကိုမောင်ရေ..
ပင်လယ်ဘူးမှာ အစ်မက တစ်လကျော် ၂လနီးပါး အလည်ရောက်ခဲ့ဖူးပါ့..
ဂဏန်းတွေ၊ခရုတွေပေါတယ်လေ လယ်ကွက်ထဲမှာ..
ကိုယ်တွေတောင် အပျော်နှိုက်ခဲ့ဖူးသေး..
အဲဒီချိန်က ကော်လင်းကနေ ပင်လယ်ဘူးကို ကားစီးရတာ
ဇကောထဲဆီးဖြူသီး လိမ့်သလိုပါလား.. တစ်လမ်းလုံး မူးဝေအော့အံ ပေါ့..
ပြန်တွေးရင်တော့ လွမ်းချင်သား......
ဆိုနီကင်မရာ..ရောင်းရန်ရှိသည်။ တလုံး ၁ကျပ်
ဆမ်ဆောင်းဖုန်းရောင်းရန်ရှိသည်။ တလုံး ၁ကျပိ
နောက်..အဲ.. လူရောင်းရန်ရှိသည်။ တယောက် ၁မတ်
လိုချင်လျှင်စုံစမ်းပါ...
်မြတ်နိုး
အဟ...... ခေတ်သစ်နောက်ဆုံးပေါ် ဗိုင်းရက်စ်
သတ်နည်းတွေ မလိုတော့ဘူး ။
မက်မက်စက်မှာလဲ လက်ပ်တော့ပ်တစ်လုံး
ရောင်းရန်ရှိသည် တန်ဖိုး နှစ်ထောင်(စင်းဒေါ်လာ)
ဆိုပြီး ရေးထားလိုက်မယ်။ အဟီးးးးးး
း))
နောက်တခါ ပျက်ရင် ၂ ကျပ်နဲ့ ရောင်းဗျ
ဈေးထပ်နှိမ်မှ ကြောက်မှာ ထင်တယ်။
အရှေ့မှာ ရေးလာသမျှကို နောက်ဆုံး အချိတ် လေး သဘောကျမိတယ်။
အံ့ဘွယ်သုတပါလား....
Post a Comment