Tuesday, 23 March 2010

သူဌေးလောင်းလျာ ကိုကိုမောင်


ကျနော်က လူကောင်သေးပေမဲ့ လမ်းများများလျောက်ရတာဝါသနာပါတယ်။
အားစိုက်ပြီးလုပ်ရတဲ့အလုပ်တွေကို အရမ်းနှစ်သက်တယ်။ ဘာမှလုပ်စရာမရှိရင်တော့ ကျနော့်အိမ်မှာဘဲ အေးအေးဆေးဆေး လေ့ကျင့်ခန်းလုပ်နေလေ့ရှိတယ်။

မနေ့ကပေါ့။ ညနေခင်းမှာ နေရောင်ခြည်လေးပွင့်တုန်း လေကောင်းလေသန့်လေးရှူရှိုက်ရင်း တစ်ယောက်ထဲ လမ်းထွက်လျောက်ဖြစ်တယ်။ လမ်းလျောက်ရင်း လမ်းပျောက်သွားတဲ့အတွက် ညနေ နေ၀င်တဲ့အထိ ဘယ်အရပ်ဘက်ကို ဦးတည်သွားနေမှန်း ကျနော်ကိုယ်တိုင်တောင်မသိတော့ဘူး။ သူငယ်ချင်းတွေဆီ ဖုန်းဆက်မယ်လုပ်တော့လဲ ကျနော့် Moblieက ဘက်ထရီ ဒေါင်းနေပြီ။ အဲဒါမှ ဒုက္ခ... မိုးကအရမ်းချုပ်သွားပြီ။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်လိုက်ပြန်တော့လဲ မှောင်မှောင်မဲမဲ။ လျပ်စစ်မီးတွေ လင်းထိန်နေကျမြို့ တော်ဖြစ်ပေမဲ့ ဒီနေ့ ဘာဖြစ်လို့ လျပ်စစ်မီးရောင်ကို မတွေ့ရတာပါလိမ့်။ လပြည့်ကျော်ရက်ပိုင်းဖြစ်တဲ့အတွက် လရောင်ကလုံးဝမရှိ။ ကြယ်ရောင် ဖျော့တော့တော့အောက်မှာဘဲ မျက်စိကိုဖွင့် နားကိုစွင့်ပြီး ဆက်လျောက်ရင်း ကျနော် လျောက်လာတဲ့လမ်းက နှစ်ခွဖြစ်သွားတယ်။

"ဘုရား.. ဘုရား.. ဘယ်လမ်းကိုရွေးပြီးသွားရပါ့မလဲ။ ငယ်ငယ်တုန်းက ကြားဖူးတာရှိတယ်။ လမ်းမသိရင် ဘယ်ဘက်လမ်းကိုရွေးချယ်ပါတဲ့။ ဟုတ်ပြီ။ ဒီလိုဘဲ လုပ်ရတော့မယ်"

ဆုံးဖြတ်ချက်ချပြီး ဘယ်ဘက်ကိုသွားတဲ့ လမ်းကိုဘဲ ရွေးချယ်ပြီး ကျနော် ဆက်လျောက်သွားလိုက်တယ်။ ဒီအတိုင်းထင်ရာအရပ်ကို ရမ်းလျောက်သွားနေလို့တော့ မဖြစ်ချေဘူး။
ကြာလာရင် ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေမှ ပိုဆိုးမှာ။ တွေ့တဲ့သူဆီမှာ အကူအညီတောင်းမှ ဖြစ်တော့မယ်။

"ဟာ.. ဟိုရှေ့ မှာမီးရောင်မြင်တယ်။ ဟန်ကျလိုက်တာ"

သေချာကြည့်လိုက်တော့မှ အိမ်ပြတင်းပေါက်တစ်ခုက လျံကျလာတဲ့ ဆီးမီးရောင်။ မတတ်နိုင်ဘူး။ အိမ်ထဲဝင်ပြီး အကျိုးအကြောင်းပြောပြမှဖြစ်တော့မယ်။
အိမ်ဝင်းထဲဝင်လိုက်တဲ့ အခါမှဘဲ ရဲတိုက်အိုကြီးဖြစ်နေမှန်းသိတော့တယ်။ ကြယ်ရောင်မှုန်ဝါးဝါးအောက်မှာ ရဲတိုက်အိုကြီးကထီးထီး။ ပေါင်းမြက်နွယ်သစ်ပင်တွေ ရဲတိုက်နံရံတစ်ခုလုံးကို ရစ်တွယ်နေကြလေရဲ့။

"ဒေါက် ဒေါက်..."

ကျနော်တံခါးခေါက်လိုက်တယ်။ မကြာလိုက်ပါဘူး။
ကျလိ ဆိုတဲ့ အသံရှည်ကြီးမြည်ပြီး ဧရာမသစ်သားတံခါးကြီးပွင့်သွားတယ်။

"အစ်...အစ်.. ရှဲ... ရှဲ.."

တံခါးဖွင့်လိုက်ပြီဆိုရင်ဘဲ လင်းနို့အော်သံ၊ ဟိုမှဒီမှ ပျံသန်းသံတွေကြားလိုက်ရတယ်။
ထွီး... နံလိုက်တဲ့ လင်းနို့ ချေး။

"၀ုတ်..၀ုတ်..၀ုတ်"

ရဲတိုက်ကြီးအတွင်းက ခွေးဟောင်သံထွက်ပေါ်လာတယ်။ အသံကြီးက ကြက်သီးထချင်စရာ။ ငရဲခွေးတွေများလား။ တံခါးဖွင့်ပေးတဲ့သူကို သေချာကြည့်လိုက်တယ်။ အဖြူရောင်မုတ်ဆိတ်မွေးနှင့်ပါးသိုင်းမွေးတွေရောယှက်နေတဲ့ အဖိုးအိုကြီးတစ်ယောက်။ သူ့လည်ပင်းမှာ ပုတီးနက်ကြီးတစ်ကုံး။ သူ့အနားမှာက သွားရည်တမြားမြားနဲ့ခွေးနက်ကြီးတစ်ကောင်။ ခွေးကို ကြိုးခတ်တုတ်တုတ်နဲ့ ချည်နှောင်ထားတယ်။ ခွေးချည်ကြိုးကို သူကိုင်ထားတယ်။ သူ့မျက်နှာမှာက ရင့်ကျက်မှုတွေအထင်းသား။ အသက်က အတော်လေးကြီးနေပြီ။ ကြည့်ရတာ သူတစ်ယောက်ထဲ ဒီရဲတိုက်ကြီးထဲနေပုံရတယ်။ တော်တော်သတ္တိကောင်းတဲ့လူကြီးဘဲ။ ကျနော် စိတ်ထဲကျိတ်ပြီးချီးကျူးမိတယ်။ ဒါပေမဲ့ ကျနော်ကိုယ်တိုင်ကတော့ ကျောထဲခပ်စိမ့်စိမ့်ရယ်။

"Please come in , my guy= ဟေ့ကောင်လေး.. ၀င်ခဲ့လေ"

ကျနော်ဝင်သွားလိုက်တယ်။ အမည်ဖော်လို့မရတဲ့ ရုပ်တုကြီးတစ်ခုရှေ့ မှာ ဆီးမီးခွက် သုံးခုထွန်းတာတွေ့ရတယ်။

"မောင်ရင်လာမှာကြိုသိလို့.. တမင်စောင့်နေတာ.."

"ခင်မျာ... ဘယ်လို.."

"ကဲ.. ကဲ ခင်မျာတွေ ဘာတွေ လုပ်မနေနဲ့ ၊ ထိုင်ပြီးမှ ပြောကြတာပေါ့"

"ကျနော် ဒီကို တမင်သကာ လာလည်တာမဟုတ်ရပါဘူး။ လမ်းမှားပြီး မျက်စိလည်နေလို့ အကူအညီတောင်းဖို့ ရောက်လာတာပါ ခင်မျာ"

"ငါသိပါတယ်ကွ၊ ငါကလဲ မင်းကို ကူညီရအောင်လို့ စောင့်နေတာ။ ကဲ ပြောနေတာကြာတယ်။ မင်းအင်္ကျီတွေ အကုန်လုံး ချွတ်လိုက်စမ်း။
ငါ မင်းရဲ့ ကျောပြင်ကိုကြည့်ချင်တယ်"


"ခင်များးးး"

"ကဲပါ.. ချွတ်မှာသာ ချွတ်စမ်းပါ"

ကြောက်လန့်စရာ သူ့အသံနက်ကြီးကြောင့် ကျနော်လဲ ကူရှင်ပြတ်တစ်ခုပေါ် ထိုင်ချလိုက်ပြီး ခပ်ကြောက်ကြောက်နဲ့ ဘဲ အင်္ကျီတွေ အကုန်ချွတ်ပစ်လိုက်တယ်။ အေးလိုက်တာဗျာ မပြောပါနဲ့တော့။ ကြောက်တာရော အေးတာရော ရောစပ်ပြီး ခန္ဓာကိုယ်တောင် ဘယ်လိုဖြစ်နေမှန်းမသိတော့ပါဘူး။ ဒီလူထူးဆန်းကြီး ဘာအကြံအစည်တွေရှိနေပါလိမ့်။

"ငါက ဗေဒင် အင်္ဂ၀ိဇ္ဇာ အကြားအမြင် ရှေ့ ဖြစ်နောက်ဖြစ် အကုန်သိတယ်ကွ။ မင်းဟာ တစ်နေ့ကျရင် အရမ်းချမ်းသာလာမယ်။ အတော်လေးကို ငွေကံကောင်းတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ခုထိ မချမ်းသာရတာလဲဆိုတာ သိချင်လို့ မင်းကိုစောင့်နေပြီး စစ်ဆေးကြည့်မလို့ ကွ။ ကဲ.. မင်းရဲ့ ကျောပြင်ကြီး ငါ့မျက်စိနားကပ်ပေးစမ်း။ မီးရောင်ကလဲ ခပ်မှိန်မှိန်၊ ငါကလဲ မျက်စိခပ်မွဲမွဲဆိုတော့ သိပ်ပြီးမမြင်ရဘူး"

ကျနော်လဲ ကျနော့်ကျောပြင်ကြီး သူ့မျက်နှာနား တိုးကပ်ပေးလိုက်တယ်။ အဖိုးကြီးက ကျနော့်ကျောပြင်ကြီးကို ကပ်ကြည့်ပြီး

"အော်.. ဒါကြောင့်ကိုး...
" လို့ပြောကာ စားပွဲပေါ်က ဇာဂနာတစ်ချောင်းကို ဆွဲယူလိုက်တယ်။

ပြီးတော့ ဒီလိုပြောတယ်--

"မင်းကျောပြင်မှာ သူဌေးဖြစ်မဲ့ ပေါင်မီလျံတန် အမွေးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ၁၀ပေါင်တန် ပေါင် ၁၀၀တန် အမွေးညံ့တွေက ကြိုကြားကြိုကြားပေါက်နေတာ တွေ့ရတယ်။ အဲဒီ ၁၀ပေါင်တန် ပေါင်၁၀၀တန် အမွေးတွေကြောင့် မင်းမချမ်းသာတာ။ အဲဒါတွေကို ငါအကုန်လုံးနှုတ်ပေးလိုက်မယ်"

ပြောပြောဆိုဆိုဘဲ ကျနော့်ကျောပြင်က အမွေးတစ်ချို့ ကို ဗြုတ်ကနဲ ဗြုတ်ကနဲ မြည်အောင် ဇာဂနာကြီးနဲ့အားရပါးရနှုတ်ပစ်လိုက်တယ်။ ကျနော့်မှာတော့ အတော်လေး ကြက်သီးမွေးညှင်းထလို့။ စဉ်းစားသာ ကြည့်ကြတော့ဗျာ။ ချမ်းကချမ်း ကြောက်ကကြောက် ကျောပြင်က အမွေးတွေကို ဇာဂနာကြီးနဲ့ တလစပ်အနှုတ်ခံနေရမှတော့ ဒီထက်ဆိုးတာ ဘာရှိသေးလို့လဲ။

"ကဲ.. ပြီးသွားပြီ.. ဆင်းရဲမဲ့ အမွေးတွေ တစ်ပင်တစ်လေမှ မင့်ကျောပြင်မှာ မရှိတော့ဘူး။ မီလျံနာဖြစ်မဲ့ အမွေးတွေဘဲ ကျန်တော့တယ်။ မင်းမကြာခင် ချမ်းသာလာတော့မယ်။ အဲ.. ဒါပေမဲ့ တစ်ခုတော့ တောင်းဆိုချင်ပါတယ်။ အဲဒါကိုတော့ မင်း မေ့မပစ်ပါနဲ့။ အဲဒါက ဘာလဲဆိုတော့ မင်းချမ်းသာလာတဲ့အခါ ငါ့ကို အမျှဝေပေးဖို့ပါ။ ငါစောင့်မျှော်နေမယ်။ ဆက်ဆက် အမျှဝေပေးနော်။ ကြားလား။ ကဲ.. ကဲ အခု ပြန်လို့ရပြီ။ မင်း ပြန်တော့။ အဲဒီ ဘယ်ဘက်ကလမ်းကိုဘဲ ဆက်လျောက်သွားပါ။ မကြာခင် မင်းအိမ်ကိုရောက်ပါလိမ့်မယ်။ မင်း ငါ့ပြောခဲ့တဲ့စကားတွေကို မယုံကြည်ရင် လမ်းမှာတွေ့တဲ့ ထီဆိုင်မှာ ၀င်ပြီး ထီသာထိုးသွားပေတော့။ ဒီနေ့ထီထိုးရင် မနက်ဖြန်ကစပြီး သူဌေးကြီး ဦးကိုကိုမောင် ဖြစ်ပြီပေါ့ကွာ"

ကျနော်လဲ
လွတ်ပြီ ကျွတ်ပြီလို့ စိတ်ထဲကအော်ဟစ်ရင်း အဖိုးအို ညွန်ပြခဲ့တဲ့လမ်းအတိုင်းလျောက်လာခဲ့ပါတယ်။ မကြာခင်မှာဘဲ ကျနော်နေတဲ့ အိမ်နားကို ရောက်လာပါတော့တယ်။ ကျနော့်အိမ်နားမှာက ထီဆိုင်ရှိတယ်လေ။ အဲဒီဆိုင်က ညဥ့်နက်တဲ့အထိဖွင့်တယ်။ ကွက်တိပါဘဲ။ သူဌေးဖြစ်ကိန်းဆိုက်ပြီပေါ့။ ဒါနဲ့ဘဲ ထီးထိုးမယ်ဆိုပြီး ထီဆိုင်ရှိတဲ့နေရာကို ခတ်သုတ်သုတ်ကလေး လျောက်သွားလိုက်တယ်။ ဖြစ်ချင်တော့ ထီဆိုင်နားအရောက်မှာဘဲ လန်ဒန်မိုးက သဲကြီးမဲကြီးရွာချလိုက်တယ်။ ဆိုင်ထဲကိုမရောက်ခင်မှာ ကျနော့် တစ်ကိုယ်ကောင်လုံး ရွှဲရွှဲစိုလို့။ ချမ်းလိုက်တာဗျာ။ လွန်ရောဘဲ။ အဲဒီ အချမ်းဒဏ်တွေကြောင့်ဘဲ ကျနော်အိပ်ရာက လန့်နိုးသွားတယ်။ စောင်တွေအားလုံးက ကျနော့်ကိုယ်ပေါ်မှာမရှိကြတော့ဘူး။ နာရီကို လှမ်းကြည့်လိုက်တော့ မနက်လေးနာရီခွဲခါနီး။

ကျနော်လဲ ထပ်အိပ်ဦးမယ်ဆိုပြီး ကျနော့်ကိုယ်ပေါ်က လွတ်ကျနေတဲ့ ဂွမ်းကပ်စောင်ကြီးကို မျက်နာထိအောင်ဆွဲတင်ဖုံးလိုက်ပြီး ထပ်အိပ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ အိပ်လို့မပျော်တော့ဘူး။ အိပ်မက်ကိုဘဲ သတိရနေပြီး ရယ်ချင်သလိုလို ဖြစ်လာတာနဲ့..
ခွိ.. ကနဲ အသံတိတ်ကလေးနဲ့ဘဲ ကျိတ်ရယ်ရင်း..
"အော်.. ငါ့အဖြစ်အပျက်က.. ဂလိုကိုး.." လို့ရေရွတ်ပြီး အချိန်စောနေသေးတဲ့အတွက် မျက်စိကို ဇွတ်မှိတ်ပြီး ထပ်အိပ်ဖို့ ကြိုးစားလိုက်ရပါတော့တယ်။


.....

13 comments:

thadar said...

ဖြစ်မှဖြစ်ရလေ ကိုကိုမောင်ရယ်.... :)
အစပိုင်းတော့ တကယ်အောင့်မေ့လို့။
တ၀က်လောက်ရောက်တော့
ပြီးရင်ဖောက်တော့မယ်ဆိုတာ နဲနဲရိပ်မိလိုက်တယ်...
အဆုံးလဲကျရော... ထင်တဲ့အတိုင်း အိမ်မက် :P

တကယ် သူဌေးကြီးဖြစ်ပါစေ..
ခွန်

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့..ဘောင်းဘီပါမချွတ်ခိုင်းလို့...
သူဌေးမင်း..ပေါင်တွေ(ပိုက်ဆံပြောတာ)ကိုင်တဲ့ပုံလဲ..တင်ထားပါဦး...

flowrepoem said...

သူဌေးဖြစ်ရင် မမေ့နဲ့နော် သယ်ရင်း :P

ဝက်ဝံလေး said...

ွခွီးးးးးးးးး ထင်တော့ ထင်သား
ဘာသာပြန်များ ရေးနေလား တခုခုတော့ တခုခုပဲ ဘာသာပြန်လဲမဟုတ်လောက်ပါဘူး ခေါင်းစဉ်မှာက ကိုကိုမောင် ပါနေတယ် အင်းးး တခုခုတော့ တခုခုပဲ ၂ ခုမဟုတ်တန်လောက်ဘူး ၂ ခုဆို ကိုကိုမောင်က ငါ့ကို တခုတော့ ပေးမှာပါလို့လဲ တွေးနေပြီး ဆက်ဖတ်နေတယ်
ဟဟဟဟဟ ထင်တဲ့အတိုင်းပဲ အဟိုးးးဟိုးးးးးး

အယ် အိမ်မက်ဆိုပြီး မဟုတ်ဘူးလို့လဲမထင်လိုက်လေနဲ့နော် ထူးတော့ထူးဆန်းသား ထီလေးဘာလေးထိုးကြည့်ပေါ့ ပေါက်ရင်လဲ ပွတာပေါ့ သမီးကိုလဲ ရှယ်ဦးနော် ဟိဟိ

သမီးဆို တခါမှ အဲလိုအိမ်မက်အရှည်ကြီးမမက်ဖူးဘူး (ဘယ်မက်မလဲ ခေါင်းနဲ့ ခေါင်းအုံးနဲ့ ထိလိုက်ရင် လူကအိပ်ပျော်သွားတာ မထိခင်ကတည်းက အိပ်ပျော်ချင်နေတာလေ) အပြတ်အပြတ်တွေပဲ မက်တာအဲလို အရှည်ကြီးမမက်ဘူး ပြီးတော့ မက်လို့အိပ်ယာက နိုးရင်လဲ မမှတ်မိဘူးလေ

eek ကွန်မန့်ရှည်သွားပြီ ဆော်ရီးနော် ပြန်တော့မယ် ဗျိုးးးးးးးးး ဒုန်းဒုန်းးးးးးးးးးးးးးးးးး

မြစ်ကျိုးအင်း said...

တော်သေးတယ် အင်္ကျီပဲ ချွတ်ခိုင်းလို့း)

နမိတ်ကောင်းတာပဲဗျ တကယ် ထီထိုးကြည့်လေ ထီပေါက်ရင် တဝက်ပါမယ်ဗျာ

ကိုလူထွေး said...

ဟုတ်တယ် ထီတစောင်လောက် ထိုးကြည့်ဗျာ...

ပိုတဲ့ပိုက်ဆံနဲ့ ဇာဂနာတချောင်းလည်း ဝယ်ဖို့မမေ့နဲ့

၁၀ ပေါင်တန် အမွှေးတွေကို နှုတ်ပစ်ရအောင်...

းဝ)

ဝက်ဝံလေး said...

ကိုလူထွေးပြောသလိုပဲ ဇာဂနာနဲ့ ၁၀ ပေါင်တန်အမွှေးတွေကို နှုတ်ကြည့်နော် ဟဲဟဲ မှားမနှုတ်နဲ့နော် (ရောာာ် ပေါင်၁၀၀၀၀ တန် အမွှေးတွေ မှားမနှုတ်နဲ့လို့ ပြောတာနော် တလွဲမတွေးပါရန် )

လင်းကြယ်ဖြူ said...

သူဋ္ဌေးကြီး ဆရာပန်း ...
နာမကျန်း ဖြစ်နေဦးမယ်
မုဒုံစောင် တစ်ထည် ကို ခေါင်းဖက်ကဖောက်ပြီး အိပ်ရင်
စွတ်အိတ်ကြည့်ပါလား....ပြုတ်တော့မကျတန်လောက်
ပါဘူး....း )
ပျော်ပါစေ
*.*.*

ဂျစ်တူး ( မုံရွာ ) said...

အမြင့်အိမ်ကြီးဓါတ်ပုံကိုကြည့်ပြီးတကယ်မှတ်နေတာဗျ-
အိမ်ဓါတ်ပုံကြီးကိုလည်းကြိုက်တယ်-စာတွေလည်းမိုက်တယ်-
တကယ်ထီထိုးဖို့လည်းမမေ့နဲ့-
ထီပေါက်ရင် ဘလောက်ကာတွေ တွေ့ ဆုံပွဲလုပ်ပေးနော်-
ပျော်ပျော်ပါးပါးပေါ့-

ဇွန်မ said...

မသိပါဘူး သူဌေးလောင်းလျာဆိုလို့ အကိုထီပေါက်သွားတာကို ကြော်ငြာဝင်သလားလို့ ထင်တော့ထင်ပါတယ် တကယ်ထီပေါက်ရင် မောင်နှမတွေ သိမှာစိုးလို့ ဘလော့ဂ်တောင်ရေးတော့မယ် မထင်ဘူး :D

ကဗျာဦး said...

သူဌေးလောင်းရယ်
ဖစ်ရလေနော်

ချော (အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ
တကယ်သူဌေးဖြစ်တဲ့အထိ ဆက်အိပ်လိုက်ရင်ပြီးရော
ဒါမှ ကိုကိုမောင်သူဌေးဖြစ်ရင် ပိုက်ပိုက်လာချေးလို့ရမှာ
ခုတော့ ..
အားတော့မလျှော့နဲ့
ခုထက်ပိုပြီး အိပ်ချိန် တိုးလိုက်ရင်
နောက်တစ်ခေါက်ကျ တကယ်သူဌေးဖြစ်တဲ့ထိ မက်ချင်မက်နေမှာ

Swe said...

ဟဟား စဖတ်တော့အဟုတ်မှတ်လို့အဆုံးရောက်တော့မှပဲ အိပ်မက်..