Monday, 29 March 2010

ဟိုတစ်စ ဒီတစ်စ၊ ကျွန်တော် ကျွန်မ


ကျနော့်ရဲ့ မန္တလေးသားစစ်စစ်ကြီးပါဗျာ ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ် အမည်ရှိ ပို့စ်အောက်မှာ ကွန်မင့်ပေးခဲ့ကြတဲ့ ကိုဂျစ်တူးနှင့်မဖြူစင်မြတ်နိုးတို့ရဲ့ ကွန်မင့်လေးတွေက ကျနော့်အတွက် အမှန်ဘဲ အကျိုးရှိပါတယ်။ သူတို့ကို အထူးကျေးဇူးတင်ပါတယ်။ အမှန်ဆို မန္တလေးသူတွေ ကျနော် ကျနော်လို့ သူတို့ကိုယ်သူတို့ သုံးနှုန်းနေကြတဲ့ သမိုင်းအစစ်အမှန်ကို ကျနော် တကယ် မသိရရိုးအမှန်ပါ။ သူငယ်ချင်းတစ်ယောက်က ရယ်စရာမောစရာအဖြစ်ပြောပြလို့ ကျနော်လဲ ရယ်စရာအဖြစ်ရေးလိုက်မိတာပါ။ ဒါပေမဲ့... အဲဒီရယ်မောစရာ စကားဟာ အမှန်တကယ် အဖြစ်အပျက်မဟုတ်ဘူးလို့လဲ ဆိုလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့ရာဇ၀င်မှာ မင်းတုန်းမင်းဟာ မိဖုရားအများဆုံး ယူခဲ့တဲ့ မင်းတစ်ပါး ဖြစ်လို့ပါဘဲ။ ကျနော်လဲ ပြည်ပကို ရောက်နေတဲ့အတွက် မြန်မာသမိုင်းစာအုပ်တွေကို ကောင်းကောင်းလက်လှမ်းမမီနိုင်လို့ ကိုးကားချက်တွေကို ရှာဖွေဖို့ ခက်ခဲပါတယ်။ ပြီးတော့ အွန်လိုင်းမှာ ရှာပြန်တော့လဲ လိုချင်တဲ့အချက်အလက်တွေက မရှိပြန်ဘူး။ ဒါကြောင့် ကျနော်ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ စာတိုပေစလေးတွေထဲကဘဲ ထုတ်နှုတ်ယူပြီး ဟိုခြစ်ဒီခြစ် ခြစ်လိုက်ပါတယ်။
.....

မင်းတုန်းမင်းလက်ထက်က စာတတ်ပေတတ် ဘုန်းကြီးတွေ အတော်များခဲ့ကြပါတယ်။ (စာတတ်ငခုံ၊ စာစုံ မန်ကျည်းတော၊ စာပြော(ဟော) သဲအင်း) ရယ်လို့ စာဆိုရှိခဲ့တဲ့အတိုင်းဘဲ စာတတ်တဲ့နေရမှာ ငခုံဆရာတော်က ထိပ်ဆုံး၊ စာစုံ(စာကုန်)တဲ့နေရာမှာ မန်ကျည်းတောဆရာတော်က ပြိုင်စံရှား၊ တရားဟော(ပြော)တဲ့ နေရာမှာ သဲအင်းဆရာတော်က နာမည်ကြီး။ တစ်နေ့မှာ ငခုံဆရာတော်နှင့် မန်ကျည်းတော်ဆရာတော်တို့ ဘုရင့်နန်းတော်ကို ဆွမ်းစားကြွကြသတဲ့။ မင်းတုန်းမင်းက ဖိတ်ကြားလို့ပေါ့။ ငခုံဆရာတော်က တရားချီးမြှင့်ဖို့ တာဝန်ကျတယ်။ မန်ကျည်းတော ဆရာတော်က ငခုံဆရာတော်ကိုပြောသတဲ့။ အရှင်ဘုရား ဘာတရားဘဲ ဟောဟော တပည့်တော် မသိတဲ့အကြောင်းအရာမပါအောင် မဟောနိုင်ပါဘူးလို့ ပြောသတဲ့။ ဒါနဲ့ ငခုံဆရာတော်လဲ ပညာပြလိုက်ဦးမယ် ဆိုပြီး စိတ်ထဲ ကြံစည်ထားသတဲ့။

ဒါနဲ့ နန်းတော်ထဲရောက်ပြီး ဆွမ်းဘုဉ်းပေးပြီးတဲ့အခါမှာ မင်းတုန်းမင်းကြီးက "အရှင်ဘုရား နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းလေး ဟောပြပေးတော်မူပါဘုရား"လို့ လျောက်တင်သတဲ့။ ဒါနဲ့ ငခုံဆရာတော်ကလဲ "ဒကာတော်မင်းမြတ် နိဗ္ဗာန်တကယ်လိုချင်ရင်တော့ လွယ်လွယ်လေးဘဲ။ ဒကာမင်းမြတ်ခန္ဓာကိုယ်မှာရှိတဲ့ အရိုးမပါတဲ့ အရာနှစ်ခုကိုသာ ထိန်းသိမ်းပါ" လို့ မိန့်တော်မူသတဲ့။ ရသတဏှာနှင့်ကာမတဏှာကို ရည်ရွယ်ပြီး ဟောလိုက်တာပါဘဲ။ အရိုးမပါတဲ့အရာနှစ်ခုကို လူတိုင်းသိလောက်မယ်ထင်ပါရဲ့။ လျာနှင့်ဟ၀ှါလေ။ တယ်လဲ ထိန်းရသိမ်းရခက်သကိုး။ မန်ကျည်းတော ဆရာတော်လဲ "ငခုံတို့ကတော့ လုပ်လိုက်ရင် မှတ်သားစရာချည်းဘဲ" ဆိုပြီး ချီးကျူးမဆုံးဖြစ်နေသတဲ့။

ဒီပုံပြင်မှာ ငခုံဆရာတော်ဟာ မန်ကျည်းတောဆရာတော်ကိုသာ ပညာပြရုံမကဘဲ မိဖုရား အများကြီး ယူထားတဲ့ မင်းတုန်းမင်းကြီးကိုလဲ သာသာနဲ့နာနာနှက်လိုက်တာပါဘဲ။ စဉ်းစားကြည့်ကြပေါ့လေ။ မိန်းမတွေ တစ်တွေကြီးယူထားပြီးတော့ နိဗ္ဗာန်ကို လိုချင်သေးတယ်တဲ့။း)
.......

တစ်နေ့မှာ..
မင်းတုန်းမင်းကြီးဟာ ရဟန်းသံဃာတော်တွေအတွက် သီးသန့်စည်းကမ်းထုတ်ဖို့ ပြင်ဆင်ပါတယ်။ ဒါကို ဗန်းမော်ဆရာတော်က ကြားသိတော့ "တောင်နှစ်လုံးကြားမှာ ဓမ္မနှင့်ပျော်မွေ့သူက ပေါင်နှစ်လုံးကြားမှာ ကာမနှင့်ပျော်မွေ့နေသူရဲ့ စည်းကမ်းကို လုံးဝမလိုက်နာနိုင်ဘူး"လို့ ပြတ်ပြတ်သားသား မိန့်တော်မူဖူးသတဲ့။

ဒီအဖြစ်အပျက်ကလဲ မင်းတုန်းမင်းကြီး မိန်းမကိစ္စမှာ စိတ်များတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဗန်းမော်ဆရာတော်ကိုယ်တိုင် သတ္တိရှိတာလဲ ပါတာပေါ့လေ။ ဘုရင့်မျက်စောင်းဟာ အကြောင်းမရွေးမှန်းသိသိကြီးနဲ့ ဆော်ပစ်လိုက်တာကိုး။ ဒါပေမဲ့ မင်းတုန်းမင်းကြီးကလဲ ဗန်းမော်ဆရာတော်ပြောတာ မှန်ကန်နေတဲ့အတွက် ငြိမ်နေလိုက်ရသတဲ့။
....

မန္တလေး မဟာကုသိုလ်တော် ဘုရားဝင်းအတွင်းမှာ ကမ္ဘာ့အကြီးမားဆုံးစာအုပ်လို့ နာမည်ကျော်ကြားခဲ့တဲ့ ပိဋကတ်ကျောက်စာတိုက်တွေ ရှိပါတယ်။ ကျောက်စာတစ်ချပ်ကို ကျောက်စာတိုက်တစ်ခုပြုလုပ်ပြီး သေသေချာချာ ထိန်းသိမ်းထားပါတယ်။ အဲဒီ ပိဋကတ်ကျောက်စာတိုက်ရေဟာ ၇၂၉ ခု ရှိပါတယ်။ ပါးစပ်ရာဇ၀င်အရ မင်းတုန်းမင်းကြီးဟာ အဲဒီ ပိဋကတ်ကျောက်စာတိုက်အရေအတွက်နှင့်အမျှ မိဖုရားရှိပါတယ်တဲ့။

ဒါကလဲ မင်းတုန်းမင်းကြီး မိဖုရားများတယ် ဆိုတာကို လူတွေ ပြောဆိုနေကြတာပါ။ အဲဒီအရေအတွက်လောက် မရှိရင်တောင်မှ အလွန်အကဲ မိဖုရားတွေကောက်ယူထားလို့ လူတွေပါးစပ်ကနေ လျံထွက်လာတဲ့ စကားလုံးတွေ ဖြစ်မှာပါ။ သက်သက်မဲ့ စော်ကားချင်လို့ ပြောဆိုကြတဲ့ စကားလုံးဟုတ်မယ်မထင်ပါဘူး။
...

လွင်မိုးခရီးသွားနေသည်ဆိုတဲ့ Documentary video file တွေထဲမှာ ချင်းတောင်တန်းကို သူသွားပါတယ်။ ပြီးတော့ အင်တာဗျူးသဘောမျိုးပြုလုပ်ပါတယ်။ အဲဒီမှာ ချင်းမလေးတွေကို လွင်မိုးက "ဘာဖြစ်လို့ ပါးရဲနားရဲ ထိုးထားကြရတာလဲ" လို့ မေးတော့ ချင်းမလေးတွေက ဖြေတယ် "ဘုရင့်တော်ကောက်ခံဘ၀က လွတ်မြောက်အောင်လို့ အလှပျက်အောင်ပြုလုပ်တဲ့အနေနဲ့ ပါးရဲနားရဲ ထိုးထားတာပါ" တဲ့။ ဒီနေရာမှာ မေးစရာရှိလာပါတယ်။ ဒါဖြင့် ဘာဖြစ်လို့ မန္တလေးသူတွေသာ ကျနော် ကျနော်လို့ပြောပြီး ချင်းပြည်နယ်စတဲ့ ကျန်ဒေသက မိန်းခလေးတွေ ကျနော် ကျနော်လို့ မပြောရပါသလဲ ပေါ့။ ဒါက ရှင်းပါတယ်။ ဘုရင့်နန်းတော်က မန္တလေးမှာတည်ထားတာပါ။ မန္တလေးသူတွေဟာ ပိုပြီး တော်ကောက်ခံရများနိုင်ပါတယ်။ တိုင်းခန်းလှည့်လည်တဲ့အခါမှာမှ နယ်ကို ရောက်မှာဆိုတော့ နယ်ကသူတွေကတော့ ကျနော် ကျနော်လို့ အမြဲတမ်း ပြောစရာမလိုတော့တဲ့သဘောဘဲပေါ့။ ဒါတောင်မှ မန္တလေးသူတွေ မဟုတ်တဲ့ အချို့မိန်းခလေးတွေတောင် ကျနော် ကျနော်လို့ ပြောနေကြသေးတယ်။ ဧကန္တတော့ အဲဒီနယ်ဘက်ကို မင်းတုန်းမင်းကြီးရောက်ခဲ့ပုံရတယ်း))။
...

အမှန်ဆိုရင်တော့ ကျွန်တော် ကျွန်မဆိုတဲ့ နာမ်စားတွေဟာ မိမိကိုယ်ကို နိမ်ချပြီး ဂါရ၀ နိဝါတ မင်္ဂလာနှင့်အညီ ပြောဆို သုံးနှုံးနေကြတာပါ။ စကားပြောတဲ့အခါမှာ ကျွန်တော် ကျွန်မ ဆိုပြီး တစ်ဘက်လူ နားချမ်းသာအောင်ပြောတဲ့ နာမ်စားမျိုးပါ။ အခုခေတ် အပြင်မှာ တစ်ယောက်နှင့်တစ်ယောက်တွေ့တဲ့အခါ ဆရာ ဆရာ ဆိုပြီး နှုတ်ဆက်လေ့ရှိသလိုမျိုးပေါ့။ အမှန်ဆို ဆရာအခေါ်ခံရတဲ့သူက ခေါ်တဲ့သူကို ဘာပညာမှ သင်ပေးခဲ့တဲ့သူမဟုတ်ဘူးလေ။ ဒါဖြင့် အခေါ်ခံရတဲ့သူက စိတ်ဆိုးသွားရောလား။ မဆိုးရေးချ မဆိုးပါ။ ကျေနပ်လို့တောင် နေသေး။ ကျွန်တော် ကျွန်မ သုံးတဲ့ ကိစ္စကိုလဲ ဒီအတိုင်းဘဲလို့ ကျနော်ကတော့ မြင်တယ်ဗျာ။ မြန်မာစာရဲ့ အစလို့ ယူဆရတဲ့ ပုဂံခေတ်မှာကတည်းက မိမိကိုယ်ကို ကျွန်ဆိုတဲ့ စကားလုံးနဲ့ သုံးနေပါပြီ။ အုပ်ချုပ်သူ လူတန်းစားနှင့် အအုပ်ချုပ်ခံလူတန်းစားကြား သုံးနှုံးခဲ့တဲ့ စကား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျောက်စာတွေထဲမှာ ပုရှသခင်(ဘုရားသခင်)၊ အတို့ကျွန်ဆိုတဲ့ စကားလုံးတွေရှိပါတယ်။
...

သာသနာ့လောကမှာ အသုံးပြုကြတဲ့ ပါဠိစာပေတွေမှာတောင် ကိုယ့်ထက်ကြီးတဲ့သူတွေ ဘန္တေ၊ ကိုယ့်ထက်ငယ်တဲ့သူကို အာဝုသောဆိုပြီး ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။ အဲဒါကို မြန်မာတွေက ဘန္တေ(အရှင်ဘုရား)အာဝုသော (တပည့်တော်) လို့ မြန်မာမှု ပြုထားကြပါတယ်။ ဒါပေမဲ့လဲ အချင်းချင်းရိုသေမှုအနေနဲ့ အခုခေတ်မှာတော့ ငယ်ငယ်ကြီးကြီး အချင်းချင်းစကားပြောကြတဲ့အခါမှာ မိမိကိုယ်ကို ညွန်းဆိုရင် တပည့်တော် လို့ဘဲ သုံးနှုံးကြပါတယ်။ မိမိကိုယ်ကို နှိမ်ချပြီး ပြောဆိုကြတဲ့ သဘောပေါ့။ စကားကို နှိမ်ချပြောဆိုတာဟာ ရှေးစဉ်လာ မြန်မာ့ရိုးရာယဉ်ကျေးမှု စစ်စစ်ပါ။ ဘယ်လောက်ထိ အဲဒီအသုံးအနှုံး တွင်ကျယ်သလဲဆိုရင် အချင်းချင်းအခန့်မသင့်လို့ စကားများရန်ဖြစ်တဲ့အခါမှာတောင် အသက်နဲနဲကြီးရင် မင်း၊ ငါ ဆိုတဲ့ စကားလုံးအစား ခင်များနော်၊ ကျနော် မပြောချင်ဘူးဗျာ။ ခင်များကို သတ်ပစ်မယ်။ ကျနော့်ကိစ္စ၀င်မစွက်နဲ့။ ကျနော် သတ်မိလိမ့်မယ်။ အဲဒီလို ပြောလေ့ပြောထရှိကြတယ်မဟုတ်လား။
....

ဒီနေရာမှာ စဉ်းစားစရာတစ်ခု ပေါ်လာတယ်။ အဲဒီ ကျွန်တော် ကျွန်မ ဆိုတဲ့ နာမ်စားတွေကို ဘာဖြစ်လို့ စတင်အသုံးပြုခဲ့ကြသလဲ ဆိုတဲ့အကြောင်းပေါ့။ ကျနော်ကတော့ ဒီလိုလေးတွေးမိတယ်။ မြန်မာလူမျိုးတွေဟာ ရှေးပဝေသဏီကထဲက အချင်းချင်းတိုက်ကြခိုက်ကြဖို့ဘဲ သိပုံရတယ်။ ပုဂံကနေ သထုံကို သွားတိုက်လိုက်၊ အင်းဝကနေ ဟံသာဝတီကို သွားတိုက်လိုက်၊ ယိုးဒယားဘက်သွားတိုက်လိုက်၊ နန်းတွင်းမှာ အချင်းချင်းတိုက်ခိုက်လိုက်နဲ့ တိုက်ခိုက်မှုတွေနဲ့ဘဲ မြန်မာနိုင်ငံကြီးကို တည်ဆောက်ခဲ့ရတယ်။ စကားပုံတောင် ရှိသေး။ ဘာတဲ့။ ယောက်ျားဓါးသွေး၊ မိန်းမ သားမွေးတဲ့။ ရှင်းရှင်းပြောရရင်တော့ ရှေးမြန်မာလူမျိုးတွေဟာ အလွန်ရိုင်းစိုင်းကြပုံရပါတယ်။ ဒါကြောင့် အဲဒါကို နံနှိမ်တဲ့အနေနဲ့ ကျွန်တော်၊ ကျွန်မဆိုပြီး နာမ်စားတွေကို ပညာရှိတွေ တီထွင်ပေးခဲ့ကြပုံရပါတယ်။ ဥပမာအားဖြင့် စနေသား မွန်းတည့်ချိန်မှာမွေးတဲ့ ယောက်ျားလေးကို ကြီးလာရင် ဆိုးသွမ်းမှာ စိုးတဲ့အတွက် မိဘတွေက သူ့ကို မိန်းခလေးနာမည် ပေးထားသလိုမျိုးပေါ့။
...

ဒါပေမဲ့လဲ.. မိမိကိုယ်ကို ကျွန်သဖွယ် နှိမ်ချပြီး သုံးနှုံးပြောဆိုကြတဲ့ မြန်မာလူမျိုးများဟာ ကျွန်နှင့်အနှိုင်းခံရမှာကိုတော့ အတော်လေးကြောက်ကြပါတယ်။ ကျနော် အပါအ၀င်ပေါ့။ ပြီးတော့ မာနလေးတွေ ကိုယ်စီကိုယ်ငှလဲ ရှိနေကြတယ်လေ။ အမှိုက်မပစ်ရဆိုတဲ့ နေရာမှာ အမှိုက်ပုံကြီး ဖြစ်နေသလိုမျိုး၊ မြက်ခင်း ဖြတ်မလျောက်ရဆိုတဲ့နေရာမှာ လိုက်တမ်းပြေးတမ်းကစားနေကြသလိုမျိုးပေါ့။ ကျွန်တော် ကျွန်မ လို့ နှိမ်ချစွာသုံးနှုံးပေမဲ့ ကျွန်အဖြစ်ကိုတော့ အလွန်စက်ဆုပ်ခဲ့ကြပါတယ်။ ဒါကြောင့်မို့လဲ မြန်မာတွေဟာ ကျွန်တော် ကျွန်မ ဆိုတဲ့ အသုံးအနှုံးကို အသုံးပြုပြီး ကျွန် မဖြစ်ခဲ့ကြတာပါ။ ဆိုရိုးစကားတောင်ရှိပါသေးတယ်။ မြင်းအုန်းခွံ၊ ကျွန်ကုလား၊ မယားတောသူ တဲ့။ ကျွန် မြန်မာလို့ စကားပုံမရှိခဲ့ဘူး။ တော်သေးတယ်။း))
...

အင်္ဂလိပ်စာကို ကျွန်ပညာရေးဆိုပြီး ကြွေးကြော်ခဲ့ကြတာလဲ မြန်မာတွေပါဘဲ။ ပြီးတော့ အင်္ဂလိပ်စာတတ်မှ လူရာဝင်မယ်လို့ ထင်နေကြတာလဲ မြန်မာတွေဘဲလေ။ ခက်တော့ ခပ်ခက်ခက်ရယ်။ ကျနော်ကိုယ်တိုင်လဲ အင်္ဂလိပ်စာတတ်မှ လူတောသူတော တိုးနိုင်မယ်ဆိုတဲ့ အယူရှိနေတာပါဘဲ။ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ သခင်မျိုးဟေ့ ဒို့ဗမာ။ ကြွေးကြော်ခဲ့ကြတဲ့အသံတွေပါ။ အမှန်တကယ်က အင်္ဂလိပ်ကသခင်နေရာက အုပ်ချုပ်ခဲ့ပြီး မြန်မာတွေက ကျွန်နေရာက ရုန်းကန်လှုပ်ရှားခဲ့ကြရတာပါ။ ဆိုလိုတာကတော့ လည်ပင်းအညှစ်ခံထားရတဲ့ အောက်ကလူက အပေါ်ကလည်ပင်းညှစ်နေတဲ့သူကို ငါ့ကို ကြောက်ပြီလား ဘာမှတ်လဲ လို့ မေးနေတဲ့ပုံမျိုးလို ဖြစ်နေတယ်။ ကျွန်ဆိုတဲ့ စကားလုံးကို ကြောက်ကြပုံပြောပါတယ်။

အင်္ဂလိပ်တွေ အုပ်ချုပ်စဉ်ကာလက မြန်မာတွေကို ဘယ်လို ဆက်ဆံခဲ့ကြသလဲတော့ ကျနော်လဲ မပြောတတ်ဘူး။ အခုမျက်မှောက်မှာ ဗီဒီယိုဇာတ်ကားတွေ ကြည့်ရတာကတော့ အင်္ဂလိပ်က နှိပ်စက်တာထက် အသားထဲက လောက်ထွက်တဲ့ မြန်မာအချင်းချင်းနှိပ်စက်တာက ပိုများတယ်။ ပိုလဲ ဆိုးတယ်။ အင်္ဂလိပ်အရေးပိုင်မင်းကြီးက ရာဇ၀တ်မှုကျူးလွန်တဲ့သူကို စစ်ဆေးတဲ့အခါမှာ "မောင်မင်း၊ မှန်မှန်ပြောစမ်း။ အမှန်အတိုင်းမပြောရင် မောင်မင်းကို ထိရောက်တဲ့ အပြစ်ပေးရလိမ့်မယ်" ဆိုပြီး မောင်မင်းဆိုတဲ့ နာမ်စားကိုတောင် ယဉ်ယဉ်ကျေးကျေးပြောသေးသဗျား။ အင်္ဂလိပ်တွေနား ကပ်ဖားဖားနေတဲ့မြန်မာတွေကမှ "ဟေ့ကောင် ခွေးမသား၊ သေချင်ပြီလား။ ငါ့တို့ သခင်မေးတာကို ကောင်းကောင်းဖြေ။ မဟုတ်ရင် မင်းကို သတ်ပစ်မယ်" အဲဒီလို ပြောကြသေးတယ်။ တော်လှန်ရေးဇာတ်ကားတွေထဲက ကြည့်ဖူးခဲ့တဲ့ ကြားဖူးခဲ့တဲ့ အသုံးအနှုံးတစ်ချို့ ပါ။ အဲဒီလို အဖေထက် သားတစ်လကြီးခဲ့ကြတာလဲ သစ္စာဖောက် မြန်မာတွေပါဘဲလေ။
....

အကယ်၍သာ မင်းတုန်းမင်းကြီးအုပ်ချုပ်စဉ်ကာလက ဗုဒ္ဓသာသနာနှစ် ၂၄၀၀ ပြည့်နှစ်နှင့်မကြုံကြိုက်ခဲ့ရင် ပဉ္စမသင်္ဂါယနာတင်ပွဲကြီးလဲ ဖြစ်ပေါ်ခဲ့မယ်မထင်ဘူး။ (ဗုဒ္ဓသာသနာနှစ် ၂၅၀၀ ပြည့်နှစ်မှာ ၀န်ကြီးချုပ်ဦးနု က ဆဋ္ဌသင်္ဂါယနာတင် ၀န်ကြီးဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓသာသနာနှစ် ၂၆၀၀ပြည့်နှစ်မှာလဲ ပြောလို့မရပါဘူး။ တက်လာတဲ့ နိုင်ငံတော်အုပ်ချုပ်သူတစ်ယောက်ယောက်က သတ္တမသင်္ဂါယနာကို ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။ ) အကယ်၍သာ မင်းတုန်းမင်းကြီးက ပဉ္စမသင်္ဂါယနာတင်မင်းကြီးမဖြစ်ခဲ့ရင် သူ့ကို ဘယ်သူမှ အခုလောက် အသိအမှတ်ပြုကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အောက်က အချက်လေးချက်ထဲနဲ့တင် သူ့ကိုအပြစ်မြင်လို့ ရနေပါပြီ။
၁။ရတနာပုံနေပြည်တော်(မန္တလေး)ကြီးကို စတင်တည်ထောင်ခဲ့တဲ့အတွက် တိုင်းသူပြည်သားများ ပင်ပန်းရခြင်း
၂။မိန်းမအများကြီးယူထားခြင်း
၃။ကနောင်မင်းသားကြီးစမ်းသပ်ပြုလုပ်တဲ့ ရေမြှပ်ဗုံးတီထွင်မှုကို တားမြစ်ခြင်း
၎။သူ့စကားကို အကျအနကောက်ပြီး မြင်ကွန်းမြင်းခုန်တိုင် အရေးပေါ်လာရခြင်း။
အဲဒီ လေးချက်ထဲနဲ့တင် မင်းတုန်းမင်းကြီးကို ပြည်ဖုံးကား ချလို့ ရနေပြီလေ။ ဒါပေမဲ့ မင်းကြီးက ဘာသာရေးကိုင်းရှိုင်းတယ်၊ ပဉ္စမသင်္ဂါယနာတင်မင်းတရားကြီးဖြစ်တယ်။ ပိဋကတ်ကျောက်စာတွေကို စီမံပြုလုပ်ခဲ့တယ်။ အဲဒီအချက်တွေကြောင့်ဘဲ သူက နာမည်ကောင်း ကျန်ရစ်ခဲ့တာပါ။ ပြီးတော့ ကျနော်ထင်တယ်။ အဲဒီလို ကုသိုလ်တွေလုပ်ခဲ့တဲ့အတွက်ကြောင့် သူ့လက်ထက်ကထဲက မြန်မာနိုင်ငံကြီး အင်္ဂလိပ်လက်အောက် မရောက်ခဲ့ရတာဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ကတောင် မင်းတုန်း(မင်းတုံး)၊ မင်းသုဉ်း။ အဲဒီလို မဟုတ်လား။

သူ မိဖုရားအများကြီးယူခဲ့တာကိုတော့ အပြစ်ပြောလို့ မရလောက်ပါဘူးလေ။ ယူလို့ရတဲ့အခြေအနေကိုး။ ပြီးတော့ ယူခဲ့ကြတဲ့အစဉ်အလာလဲ ရှိခဲ့ကြတာကိုး။ သီပေါမင်းတောင်မှ စုဖုရားလတ်ကို ကြောက်လို့ တစ်လင်တစ်မယားစနစ်နဲ့ ကြီးပြင်းလာခဲ့ရတာပါ။ ဒါတောင်မှ ဒိုင်းခင်ခင်နှင့် ညှိခဲ့သေးတယ်လေ။ မိန်းခလေးတွေ စုဖုရားလတ်ကို ကျေးဇူးတင်သင့်တယ်။ နို့မဟုတ်ရင် မဗေဒါတွေက တစ်ရာနှစ်ရာ၊ ဘဲအုပ်က တစ်ကောင်ထဲ။ အဲဒီလိုဖြစ်နေဦးမယ်။

ဟဲ ဟဲ။ ရေးရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ ဟိုတစ်စ ဒီတစ်စ ဆိုတဲ့အတိုင်း ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြီ။ အဲ... သတိရပြီ။ မန္တလေးသူတွေ ကျနော် ကျနော်လို့ ပြောတဲ့ကိစ္စ။ ကျွန်တော် ကျွန်မ လို့ ပြောခဲ့ကြတာကတော့ မန္တလေးမြို့ကြီး မပေါ်ပေါက်ခင်ကထဲက ပြောဆိုခဲ့ကြတဲ့ မြန်မာလူမျိုးအားလုံးရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အသုံးအနှုံးတွေပါ။ မြန်မာ့စွယ်စုံကျမ်း၊ မြန်မာ့သတ်ပုံကျမ်း၊ မြန်မာ အင်္ဂလိပ်အဘိဓာန်။ အဲဒီထဲမှာကတော့ ကျွန်တော် ကျွန်မလို့ဘဲ ရေးထားပါတယ်။ ကျနော် ကျမလို့ မရှိပါဘူး။ ဒါကြောင့် အဆင့်ရှိရှိ စာရေးတဲ့အခါ ၊ စာမေးပွဲဖြေတဲ့အခါတွေမှာကတော့ ကျွန်တော် ကျွန်မဆိုတဲ့ စာလုံးတွေကမှ မြန်မာစာပေရဲ့ တကယ့် သတ်ပုံအမှန်ဖြစ်တဲ့အတွက် ကျွန်တော် ကျွန်မလို့ ရေးမှဘဲ အမှန်ဖြစ်ပါလိမ့်မယ်။ စကားပြောတဲ့အခါ ၊ စကားပြောစတိုင်လ်ကို ရေးတဲ့အခါ၊ အချင်းချင်း ပေးစာပြန်စာရေးတဲ့အခါ (ဘလော့ဂ်မှာ အပျော်တမ်းရေးတဲ့အခါ)တွေမှာကတော့ ကြိုက်သလို ရေးနိုင်ကြပါတယ်။ မြန်မာလက်ကွက်က ခက်တာကိုး။

ကျွန်တော်လို့ဘဲပြောပြော၊ ကျနော် လို့ဘဲဆိုဆို၊ ကျွန်မလို့ဘဲ သုံးနှုံးသုံးနှုံး၊ ကျမလို့ဘဲ ရေးရေး ၊ ဘယ်စာလုံးကမှ သခင်ကို ကိုယ်စားမပြုပါဘူး။ ကျွန်ကို ကိုယ်စားပြုတဲ့ နာမ်စားတွေချည်းပါဘဲ။ ဒါပေမဲ့ ကျွန်လို့သုံးထားတဲ့အတွက် ကျွန်အစစ်တော့မဟုတ်ပါဘူး။ ယဉ်ကျေးသိမ်မွေ့နူးညံ့မှုကို ဖော်ဆောင်တဲ့ ယဉ်ကျေးမှုကိုယ်စားပြု စကားလုံးလေးရယ်ပါ။ အဲဒီစာလုံးတွေကို ငြင်းပယ်လို့ မရဘူးလေ။ ကိုယ်ပိုင်စာလုံးတွေဖြစ်နေပြီ။ အရှေ့ ကနေ ထွက်ပေါ်လာတဲ့နေကို အနောက်ဖက်ကနေ ထွက်ခိုင်းလို့ မရသလိုမျိုးပေါ့။ ဒါပေမဲ့... မကြိုက်ဘူး ပြောင်းကိုပြောင်းမှာဘဲဆိုရင်တော့ ဆရာမြစ်ကျိုးအင်းရဲ့ ဘလော့ဂ်ဂါနှင့်အဏ္ဏ၀ါ ထဲက ၀ူးရှူး ၀ူးရှူး ဂမူးရှူးထိုး ဆိုတဲ့ ပုံစံမျိုး (ကျွန်တော်၊ ကျွန်မဆိုတဲ့ စကားလုံးအစား) ကိုယ်ပိုင်စကားလုံးအသစ်တီထွင်ကြရုံဘဲ ရှိပါတော့တယ်။။

အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ မန္တလေးသူတွေ ကျနော် ကျနော်လို့ ပြောတဲ့ ကိစ္စဟာ မင်းတုန်းမင်းကြီးက အဓိကတရားခံ ၅၀%၊ ကျန်တဲ့ ရာခိုင်နှုန်းက ၅၀%။ အဲဒီလိုဆိုရင် ကျေနပ်ကြမလားမသိဘူး။ :D :D :D ။ မကျေနပ်ရင် ကွန်မင့်မှာ အကြံပြုစေလိုပါတယ်။ ကျေနပ်ရင်လဲ အကြံပြုစေလိုပါတယ်။ ကျေနပ်တစ်ဝက် မကျေနပ်တစ်ဝက်ဆိုလဲ အကြံပြုပေးကြပါလို့။ :D :D ။ ။


ဝန်ခံချက်။
ကိုဂျစ်တူးနှင့်မဖြူစင်မြတ်နိုးတို့ကို အထူးဘဲ ကျေးဇူးတင်ပါတယ်။ ကျနော့်ရဲ့ မန္တလေးသားစစ်စစ်ကြီးပါဗျာ ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ် အမည်ရှိ ပို့စ်အောက်မှာ သူတို့ပေးခဲ့တဲ့ကွန်မင့်လေးတွေကြောင့် ဒီပို့စ်ကို ရေးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ကို တန်ပြန်ချေပချင်လို့ ရေးခဲ့တာတော့မဟုတ်ပါဘူး။ သူတို့ရဲ့ကွန်မင့်ကို မြင်မှ ဒီပို့စ်ကို ရေးဖို့ သတိရခဲ့လို့ပါ။ ဒီပို့စ်ထဲမှာ အမှားတွေပါကောင်းပါနိုင်ပါတယ်။ တိတိကျကျ ဘယ်စာအုပ်ကိုမှကိုးကားလို့ ရေးတာမဟုတ်ဘဲ ကြားခဲ့ဖူး ဖတ်ခဲ့ဖူး မှတ်ခဲ့ဖူးတဲ့ အသိဥာဏ်လောက်နဲ့ ရေးသားလိုက်ခြင်းသာဖြစ်ပါတယ်။ တကယ်လို့ သမိုင်းအမှား၊ အချက်အလက်အမှား၊ တင်ပြပုံအမှားများကို တွေ့ရှိခဲ့ရင် ကိုဂျစ်တူး၊ မဖြူစင်မြတ်နိုးနှင့်တကွ အားလုံးသော စာဖတ်ပရိသတ်ကြီးကို တောင်းဆိုချင်ပါတယ်။ ခပ်နာနာလေးရေးပြီး မှတ်လောက်သားလောက်အောင် ကျနော့်ကို ကွန်မင့်ပေးကြပါလို့။ ပြီးတော့ ကျနော်လဲ အဲဒီလို ကွန်မင့်တွေထဲကမှ ဗဟုသုတပြန်ယူပါရစေ။

....


20 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကိုကိုမောင်ရဲ့ ပိုစ့်တချို့ကို ရံဖါရံခါ လာဖတ်ဖြစ်ပေမယ့် comment မချန်ဖြစ်ဘူး။

အင်္ဂလန်က စာရေးသူ အခြင်းခြင်းမို့ သိရတာ ဝမ်းသာပါတယ်။

ဒီပိုစ့်ကို ၂ခါပြန်ဖတ်သလို ဒီပိုစ့်နဲ့ အဆက်အစပ်ရှိတဲ့ မန္တလေးသား စစ်စစ်ကြီးပါဗျာ ဆိုတဲ့ တစ်ခန်းရပ် ပြဇာတ်ကိုလဲ ဖတ်ဖြစ်လိုက်တယ်။

ပွင့်လင်းစွာ ပြောရရင် နန္ဒာ မြန်မာ grammar မသင်ခဲ့ ဖူးဘူး။

မြန်မာပြည်မှာ ဒုတိယတန်းအောင်ပြီး တတိယတန်း တက်စမှာ US ရောက်ခဲ့တယ်။ အခု UK မှာ degree ရပြီး လိုချင်တဲ့ နေရာတခုမှာ အလုပ်ရသွားလို့ ဆက်နေဖြစ်နေတယ်။

မြန်မာဘလောဂ့်တွေကို ၂၀၀၇ အအစမှာ သိကျွမ်းရင်းနှီးပြီး စဖတ်ရာက မြန်မာလို အရေးအသား အပြောအဆို တိုးတက်အောင်ရယ် မြန်မာစာတွေ ဖတ်ဖြစ်အောင်ရယ် ကိုယ်ပိုင် ဘလောဂ့်လုပ်ဖြစ်တယ်။ မြန်မာလို computer နဲ့ ရိုက်တတ်အောင်လဲ ပိုစ့်ရေးရင်း လေ့ကျင့်ဖြစ်တယ်။

နန္ဒာ ငယ်ငယ်ထဲက ကိုယ့်ကိုကိုယ် ကိုယ်စားပြုပြီး မြန်မာလို စကားပြောတဲ့အခါ ''ကျွန်မ''လို့ မသုံးဖြစ်တာ အခုချိန်အထိပဲ။ နောက်လဲ သုံးဖြစ်မှာ မဟုတ်ဘူး။

အဲဒီတော့ ကိုယ့်ကိုကိုယ် ကိုယ်စားပြုပြီး မြန်မာလို စကားပြောတဲ့ အခါမှာ ကိုယ့် နာမည်မှာပါတဲ့ ''နန္ဒာ''ဆိုတာပဲ အသုံးပြု ဖြစ်တယ်။

ကိုယ့်ထက်အသက်ကြီးတဲ့ မိဘအရွယ်တွေနဲ့ စကားပြောရင်တော့ ရိုသေမှုအနေနဲ့ ''သမီး''လို့ ကိုယ့်ကိုကိုယ် အသုံးပြု ပြောတယ်။

အရင်က နန္ဒာရေးခဲ့တဲ့ ပိုစ့်တွေမှာ ကိုယ့်ကိုကိုယ် ကိုယ်စားပြုတဲ့အခါ အပြင်မှာ ပြောသလို နန္ဒာဆိုပြီး သုံးခဲ့ပေမယ့် စိတ်ထဲ သိပ်နုနေတယ် ထင်လို့ အခု ''ကိုယ်''ဆိုပြီး ရေးဖြစ်တယ်။

ကိုယ့်ကိုကိုယ် ကျွန်မလို့ မသုံးဖြစ်တာတော့ self opinion အရ အရမ်း နှိမ်ချမိနေသလားလို့။ တခြားသူတွေ ကျွန်တော် ကျွန်မသုံးတာ ဖတ်ရရင်လဲ ရိုသေမှုအနေနဲ့ အသုံးပြုတယ်လို့ အသိအမှတ်ပြုပေမယ့် ကိုယ်တိုင်အတွက်တော့ သုံးဖြစ်မှာ မဟုတ်ဘူး။

ဘယ်လိုပဲ အသုံးပြုပါစေ အခြင်းခြင်း ထိုက်တန်တဲ့ ရိုသေမှုရှိပြီး အဆင်ပြေရင်ပြီးတာပဲလို့ ထင်တယ်။

ကျွန်တော် ကျွန်မ ဆိုတာကို ဘာဖြစ်လို့ စတင် အသုံးပြုခဲ့ကြသလဲ ဆိုတဲ့အကြောင်း သမိုင်းနဲ့ပါ သေသေခြာခြာ ရှင်းထားလို့ အတွေ့အကြုံနဲ့ မရှိတဲ့ နန္ဒာအတွက် နားလည်သွားစေတယ်။

ဒီပိုစ့်မှာ ကိုကိုမောင်ရဲ့ အားထုတ်မှု့ကို အသိအမှတ်ပြုချင်လို့ ကျေးဇူးတင်တဲ့ အနေနဲ့ comment ရေးဖြစ်ပါတယ်။


Kind Regards.,
နန္ဒာ (SMNTL)

လင်းကြယ်ဖြူ said...

ဟုတ်ပါတယ်..
အပေါ်က အစ်မပြောသွားသလိုပါပဲ....း)
အခုလို ဗဟုသုတလေးတွေ ကို မျှဝေပေးတော့
အသိအမြင် ခဏလေးအတွင်းမှာ အများကြီး စုဆောင်းမိ
စေတဲ့ အကြောင်းကို အများအတွက် ဖြစ်စေ နိုင်တာပေါ့
ကိုယ်ရေးလိုက်တဲ့ စာတစ်ခု ဟာ တစ်စုံတစ်ဦးအတွက်
အသုံးတည့်သွားတယ်ဆိုတာ ကျေနပ်စရာ ပီတိဖြစ်စရာပါ
ပဲ ..ဆရာပန်းရေ....ဆက်လက်ချီတက်ရင်း
အခုလိုစာဖတ်သူတွေအတွက် အကျိုးရစေတဲ့စာပေကောင်း
များစွာကို ချယ်မှုန်းနေနိုင်ရင်း....
ပျော်ပါစေ
*.*.*

Anonymous said...

မင်းတုန်းမင်းက တကယ်ပဲသာသနာတော်ကိုကြည်ညိုတယ်လို့ပြောနိုင်ပါသလား??????

သူတကယ်ကြည်ညိုတယ် ..သာသနာတော်ရဲ့ အဆုံးအမကို သူတကယ်လိုက်နာတယ်ဆိုရင် .. အလွယ်ဆုံး ၅ပါးသီလကို သူသိရပါလိမ့်မယ်။
သူဘာကြောင့် သူများလင်မယားတွေကိုတောင် အလွတ်မပေးပဲနဲ့..သူ့ကိုသာသနာကြည်ညိုသူအဖြစ် သတ်မှတ်လို့ရပါ့မလား။
သေချာတာကတော့ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယားပါ။ ဘုရင်ဖြစ်နေလို့သာ ကြောက်လို့ ငြိမ်နေကြတာ။ မပြောရဲကြတာ။
သာသနာကိုဗန်းပြပီး လူထုကို ညာတာ။ဟန်ဆောင်ယုံကြည် ကိုးကွယ်တာပဲလို့မြင်တယ်။

မြတ်နိုး

ဝက်ဝံလေး said...

ဟေ့လူဂျီးရေ မှတ်သားသွားပါတယ် ဟဲဟဲ
မင်းတုန်းမင်းကတော့ စံပဲနော် ဟီးးးးးးးးး

ရွှေရတုမှတ်တမ်း said...

ကိုကိုမောင်ရေ..ကျွန်မ ဆိုတာ ကျွန်တော်မျိုးမ ကနေ ဆင်းသက်လာတယ်ထင်ပါတယ်...မန်းသူတွေကတော့ မန်းဆန်နန်းဆန်အောင် အများနဲ့မတူ ကျွန်တော်လို့ပြောတာ ဖြစ်ပါလိမ့်မယ်..ဘုရင် ၊မိဖုယားကို ဘယ်သူမှကျွန်တော်ကျွန်မ ရယ်လို့ မပြောဝံ့ကြပါ..ဘုရားထူးပြီးေ့ပြာရတာမို့ ဘုရားကျွန်တော်မျိုး၊ ဘုရားကျွန်တော်မျိုးမ ပါဘုရားလို့ ဘုရင်ကမေးရင်ပြောရတာပါ ထီးသုံးနန်းသုံးတွေလဲ ကွယ်ပျောက်ကုန်တာမို့ မင်းတုန်းမင်းjoke ကို တယောက်ယောက်ကဖန်တီးထားတာ ထင်ပါရဲ့

kokomaung.uk said...

အင်း...
ဘကျောက်ပြောတာလဲ ဖြစ်နိုင်ချေရှိတယ်။ နန်းတော်က မန္တလေးမှာဘဲဆိုတော့ မန်းသူတွေလဲ နေ့စဉ်နဲ့အမျှ ကျွန်တော်မျိုးမ ကျွန်တော်မျိုးမ ဆိုတဲ့ စကားကို ကြားနေ (ပြောနေ)ရမယ်ထင်တယ်။ ဒါကြောင့် နှုတ်ကျိုးကို ကျွန်တော်မျိုးမ> ကျနော်မျိုးမ> ကျနော်။ အဲဒီလို ဖြစ်ခဲ့ပုံရတယ်။

ပြီးတော့ မြန်မာ့ထီးနန်းဆက်က မန္တလေး(ရတနာပုံ)ခေတ်မှာဘဲ ပျက်သုဉ်းခဲ့လေတော့ ထီးမွေနန်းမွေအနေနဲ့ ဘာမှမရှိတော့တဲ့အတွက် အဲဒီ ကျွန်တော်မျိုးမ> ကျနော်မျိုးမ> ကျနော် ဆိုတဲ့ စကာလုံးလေးတွေနဲ့ဘဲ နန်းနေပြည်တော်ကြီးကို အလွမ်းဖြေနေကြပုံရတယ်။ မိန်းခလေးတွေက ပိုပြီး အလွမ်းဓါတ်ခံရှိကြတယ်မဟုတ်လား။

နောက်ပြီး မန်းသူတွေက အင်္ဂလိပ်အစိုးရကိုကော ဘယ်လို အသုံးအနှုံး သုံးခဲ့ကြသလဲမသိဘူး။ ကျွန်တော်မျိုးလို့ဘဲ သုံးခဲ့ကြသလား။ ဒါမှမဟုတ် ထီးဟန်နန်းဟန်ကိုလဲ မပျောက်စေရအောင်၊ ထီးဟန်နန်းဟန်နှင့်လဲ မကင်းရလေအောင် အင်္ဂလိပ်အစိုးရအရာရှိတွေနှင့်စကားပြောတဲ့အခါ ကျွန်တော်မျိုးမ အစား ကျွန်တော် > ကျနော် လို့ သုံးခဲ့ကြသလားမသိဘူး။

...
ဒဂုံခင်ခင်လေးတို့၊ ဆရာမကြီး စောမုံညှင်းတို့၊ တက္ကသိုလ်စိန်တင်တို့၊ စိမ့်(ပညာရေး)တို့ စာပေတွေအကုန်ဖတ်ရရင် အဲဒီအသုံးအနှုံးအကြောင်း ပိုများသိခွင့်ရမလားမသိဘူး။

..
...

ဂျစ်တူး ( မုံရွာ ) said...

ကိုကိုမောင်-
ဂျစ်တူးကိုကျေးဇူးတင်စရာမလိုပါဘူးဗျာ-
တိတိကျကျတော့သိချင်ပါတယ်-
ကိုကိုမောင်ရေးထားတာတွေကအရမ်းအသေးစိတ်နိုင်-
ပါတယ်-တကယ့်ကိုတကူးတကရေးနေတာတွေကိုဖတ်ရ
တော့အရမ်းကျေးဇူးတင်ရမှာကကိုကိုမောင်ကိုပါဗျာ-
ဂျစ်တူးလက်လှမ်းမှီသလောက်လေ့လာမေးမြန်းကြည့်ပါအုံးမယ်ခင်ဗျာ-

flowerpoem said...

ဘာပဲပြောပြော ကိုကိုမောင်ရဲ့ ပို့စ် ၂ ခုကြောင့် ကျွန်တော်ကျွန်မ ကို သေချာ စဉ်းစားမိသွားတယ်..

ခွန်သဒ္ဒါ said...

ဗဟုသုတတွေအများကြီးရပါတယ် အစ်ကိုရေ...
ကျွန်မဆိုတာကတော့ မသုံးဖူးသလောက်ပါ ဘဲ။သူများတွေလို ကျွန်ဆိုတာပါလို့တို့ ဘာတို့တော့မတွေးဖူးပါဘူး။ သူများတွေသုံးတာကိုလည်း ဘယ်လိုမှမနေပေမယ့် ကိုယ့်ကိုကိုယ်သုံးတဲ့အခါ ရင်သီးသလိုကြီးဖြစ်နေလို့ မသုံးတာ။
ဒါပေမယ့် လူအများကြီးရှေ့ထွက်စကားပြောရတဲ့အခါ မဖြစ်မနေသုံးရတဲ့အခါတွေလည်း ရှိခဲ့ဖူးပါတယ်။ အမြဲသုံးနေကျလို သမီးလို့သုံးပြန်တော့လည်း နားထောင်နေတဲ့သူထဲမှာ ကိုယ့်ထက်ငယ်တဲ့သူလဲရှိ နေမှာပါ။ကိုယ့်နာမည်အတိုင်းပြောပြန်တော့လည်း မသင့်တော်ပြန်ဘူး။ဒီလိုအခါမျိုးမှာတော့ ကျွန်မက အသင့်တော်ဆုံးထင်လို့ သုံးခဲ့ဖူးပါတယ်။
ဒွေးအကယ်ဒမီရတုန်းက ကျေးဇူးတင်စကားပြောတော့ သူ့ကိုယ်သူ ကျုပ်လို့ပြောလို့ ရုပ်ရှင်ရိုက်တာအပိတ်ခံရ တယ်လို့ ကြားဖူးတယ်။အဲဒါအမှန်ဆိုရင် သူလည်း ကျွန်တော်ဆိုတာကြီးကိုမသုံးချင်လို့နဲ့ တူတယ်နော်။ မရှိတော့သွားတော့မေးလို့မရတော့ဘူး :P
သေချာရှင်းပြ ရေးပေးတာကျေးဇူးပါ
ခွန့်အစ်ကိုကြီးရေ

ချော (အစိမ်းရောင်လွင်ပြင်) said...

သေချာဖတ်လေ စဉ်းစားစရာတွေချည်းပါဘဲလား
အမည်သညာ ခေါ်စရာဆိုတာ ပညတ်ချက်သက်သက်တွေပါ..
တကယ်တမ်းက မိမိရဲ့စိတ်ကသာလျှင် အဓိက ကျပါတယ်.. ကိုယ်က ကျွန်တော် ကျွန်မ သုံးနေပေမဲ့
ငါ့ကိုယ်ငါ နိမ့်ကျနေတယ်လို့ မထင်သရွေ့တော့
သုံးရတာ နိမ့်ကျတယ်လို့ မထင်မိပါဘူး..
တစ်ဦးတစ်ယောက်ရဲ့ပြောစကားသည် ဘယ်လောက်မှန်မယ်လို့လဲ ပုံသေယူဆလို့ မရပါဘူး
ယဉ်ကျေးတဲ့ အသုံးအနေနဲ့ သုံးတယ်လို့ ကိုယ့်စိတ်က ခံယူရင်ပြီးပါတယ်..
ဒါက အစ်မတစ်ယောက်တည်းရဲ့ အမြင်ပါ..
ဘယ်သူ့ကိုမှ ပြောချင်တာမဟုတ်ပါဘူး
အစ်မကိုယ်တိုင်က ကျွန်မလို့သာ အားရပါးရ သုံးတတ်သူတစ်ယောက်မို့ပါ..

နှင်းနဲ့မာယာ said...

မရောက်တာကြာနေပြီ..
စာတွေစုပြီးဖတ်သွားရတယ် ...
အခုနောက်ဆုံး တင်ထားတဲ့ ပို့စ်တွေအကုန်ကောင်းတယ်..
မသိတာတွေ သိလိုက်ရတယ်...
မင်းတုန်းမင်းကိုတော့ ၅၀% ၅၀% ပေါ့
အကောင်းမြင်တာတစ်ဝတ် အဆိုးမြင်တာတစ်ဝက်...
ဘာပဲပြောပြော သူတော်ပါတယ်...
Management အရမ်းကောင်းခဲ့တယ်လေ..

နှင်း

Anonymous said...

မင်းတုန်းမင်းကို management ကောင်ခဲ့တယ်တဲ့လား..မနှင်း
ကျေးဇူးပြု၍ထောက်ပြပါ. ဘယ်အချက်တွေကို ပြောချင်တာပါလဲ။မိန်းမတွေအချင်းချင်း ရန်မဖြစ်အောင် စီမံခန့်ခွဲတာကိုပြောတာလားဟင်။
တကယ်သိချင်လို့ပါ။

မြတ်နိုး

ဗညားရှိန် said...

ကိုမောင်တို့က ရေးချလိုက်ရင် လိုက်လို့ကိုမမှီအောင်ပါပဲ တကယ် ရေးနိင်ပါပေတယ် စုံလင်ပါပေတယ်ဗျာ

ဇွန်မ said...

မန္တလေးသူ 'ကျွန်တော်' သုံးခဲ့ရခြင်း အကြောင်းရင်းက ကတော့ စိတ်ဝင်စားစရာပါ ဒါပေမဲ့ 'ကျွန်မ' ဖြစ်ဖြစ် 'ကျမ' ဖြစ်ဖြစ် နာမ်စားပဲလေ အတွေးလွန်တာ အယူသည်းတာမျိုး ဖြစ်နေသလားလို့ နောက်တစ်ခုက "ရေးတော့အမှန် ဖတ်တော့အသံ" ကနေ တစတစ ရာဇဝင်တွေ ဆွဲထုတ် ဖြစ်ပေါ်လာတာမျိုးကော မဖြစ်နိုင်ဘူးလား။ (ဦးဏှောက်က နုသေးတော့ မှားသွားရင် ဆောရီးအကိုရေ)

မြစ်ကျိုးအင်း said...

ကြားဖူးတဲ့ ပါးစပ်ရာဇဝင် ပြောရရင် ညဘက်တွေမှာ မင်းတုန်းမင်း ဆောင်တော်ကူးရင် အသက်ရှူသံ ပြင်းပြင်းကို တောင် နန်းဆောင်ထဲက ကြားရတယ်ဆိုပဲ။
တစ်ည တစ်ည အဆောင်များစွာ ကူးပေမယ့် ကျန်ရှိသေးတဲ့ ဇော အဟုန်ကြောင့် ထွက်တဲ့ အသက်ရှူသံ လို့လည်း ပြောကြတယ်။
(တစ်ကယ် ဟုတ်မယ်တော့ မထင်ဘူး)

မိုးစက်အိမ် said...

တကယ်တန်ဖိုးရှိတဲ့ပို့ စ်လေးပါဘဲ အစ်ကိုရေ
ရှင်းပြပြောပြထားတာလေး တွေကလည်းတကယ်
ကောင်းတယ်ဗျာ...မင်းတုန်းမင်းကိုဘာမှတော့
မပြောချင်ပါဘူးဗျာ ဒါပေမဲ့သူသာတကယ်လို့ 
ပြတ်သားခဲ့မယ်ဆိုရင် ကနောင်မင်းသားလည်း
မသေလောက်ဘူး မြန်မာပြည်လည်းသူ့ ကျွန်မဖြစ်
လောက်ဘူးထင်တယ်လို့ သုံးသပ်မယ်တယ်
ကံအကြောင်းတ၇ားဆိုပေမဲ့လည်း ကျွန်တော်တို့ 
နိုင်ငံခေတ်နောက်မှာပြတ်ကျန်ခဲ့ရခြင်းအကြောင်းတ
ရားတွေက မင်းတုန်းမင်းကနေစပြီး နိဒါန်းပျိုးခဲ့တယ်
လို့ ထင်မိတယ်ဗျာ အဲဒါလေးတစ်ခုတော့စိတ်မကောင်း
ဘူးဗျာ ကျန်တာကတော့သူကသက်ဦးဆံပိုင်ဘုရင်
ဆိုတော့မပြောတတ်ပါဘူး သူနေတာနဲ့ သူညီကနောင်
မင်းသားနေတာနဲ့ တော့ပြောင်းပြန်ဖြစ်နေတယ် ဒီပို့ စ်
လေးဖတ်ရတာ အနှစ်သာရတော အသိရော အတွေး
လေးတွေရောတကယ်ကျန်ခဲ့ပါတယ် အစ်ကိုရေ အား
ပေးလျက်ပါဗျာ . . .

လသာည said...

ရေးသားတင်ပြထားတာ အရမ်းကိုစုံစုံလင်လင်ပါပဲ။ ဗဟုသုတလည်းရ၊ (တချို့နေရာတွေဆို)ရယ်မိအောင်ကို အရေးအသား ကောင်းပါတယ်။ ဒါမျိုးတွေကို အချိန်ရရင် များများရေးပါဦး..။

နှင်းဟေမာ said...

ဗဟုသုတလေးတွေ ယူသွားတယ် အစ်ကိုရေ...
ကျမ လို့ပြောရတာကိုတော့ အသုံးအနှုန်းတွေအားလုံးထဲမှာ အားရကျေနပ်မှုအရှိဆုံးနဲ့ ယဉ်ကျေးသိမ်မွေ့မှုအရှိဆုံးလို့ခံစားရတဲ့အတွက် များသောအားဖြင့် ၇ွယ်တူနဲ့ သိပ်မရင်းနှီးတဲ့သူ ၊ မိမိထက်ကြီးသူတွေကို ကျမလို့သုံးဖြစ်ပါတယ်....။
ကိုအောင် (ပျူနိုင်ငံ)ရေးခဲ့ဘူးတဲ့ မန်းလေးသူတွေဘာကြောင့်ကျမလို့သုံးရသလဲဆိုတဲ့ ပို့စ်လေးတစ်ပုဒ်ကို ဖတ်ဘူးတော့ အရမ်းသဘောကျမိတယ်...။သမိုင်းတွေထဲမှာ ကျမ လေ့လာမိသလောက်တော့ မင်းတုန်းမင်းကိုလေးစားတာရှိသလို ရှုံ့ချမိတာလဲရှိခဲ့ပါတယ် ....။ ဒီ့ထက်မကတွေးတော ဆင်ခြင်စရာ မတ်သားစရာ ဗဟုသုတများကို ဆက်လက်ရေးသားနိုင်ပါစေ....
ခင်မင်လေးစားလျှက်
မနှင်း

မေဓာဝီ said...

ဒီပို့စ်ကို ခုမှ လာဖတ်ဖြစ်တယ်။
ကျွန်တော် ကျွန်မနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရေးသားပေးတဲ့ ကိုကိုမောင်ကို ကျေးဇူးတင်ပါတယ်။
ကျမလဲ ကျွန်မ ဆိုတာ မသုံးချင်လို့ ဘလော့မှာတော့ ကျမပဲ ရေးဖြစ်ပါတယ်။ ဒါပေမဲ့ စာနယ်ဇင်းမှာ publish လုပ်တဲ့အခါမှာတော့ စာလုံးပေါင်း အမှန်ပဲ သုံးပါတယ်။
ကျမ ကြားဖူးတာ တခုက ခင်ဗျား ဆိုတာ သခင်ဘုရား၊ ရှင် ဆိုတာ အရှင် ... အဲဒီလို ဆင်းသက်လာတာလို့ ကြားဖူးပါတယ်။ ကျွန်ုပ် ဆိုတာလဲ နုပ်သောကျွန်၊ လို့ အဓိပ္ပါယ်ရတယ်လို့ ကြားဖူးပါတယ်။ အဲဒီအကြောင်း ကျမ ဘလော့မှာ ရေးတုန်းက တော်တော်လေး အပြောခံလိုက်ရသေးတယ်ရှင့်။ (ကိုကိုမောင်လို အရေးမတတ်တော့ လူအမြင်ကပ် ခံရလို့ပါ။)

"ခင်ဗျား၊ ကျွန်တော်၊ ရှင်၊ ကျွန်မလို့ တောမကျအောင် ပြောပါ့မယ်" ဆိုတာလေး ငယ်ငယ်က ကြားဖူးခဲ့ပါသေးတယ်။ အဲဒီအသုံးအနှုန်းတွေက မရိုင်းဘူး၊ ယဉ်ကျေးမှုကို ကိုယ်စားပြုတယ်လို့ နားလည်ထားပါတယ်။
တခါတုန်းက အကယ်ဒမီပေးပွဲမှာ ဒွေးက ခင်ဗျားတို့ လို့ ပရိသတ်ကို ပြောမိလို့ ရိုင်းတယ်ဆိုပြီး ဝေဖန်ကြတာနဲ့ နောက်တော့ ပြန်တောင်းပန်ရဖူးတယ်တဲ့။

ခင်ဗျား၊ ရှင် ဆိုတာ ယဉ်ကျေးတယ်ဆိုပေမဲ့ အဖေ ခင်ဗျားမှာ ပိုက်ဆံရှိရင် ပေးပါ၊ လို့ပြောပြန်တော့ ရိုင်းသလို ဖြစ်သွားပြန်တယ်နော်။ အမေ ရှင်ရော နေကောင်းရဲ့လား ဆိုရင်လဲ အမေက ထရိုက်မှာပဲထင်တယ်။

ဒါပေမဲ့ မောင်ဘယ်သူရေ .. လို့ ခေါ်ရင် ခင်ဗျာ လို့ ထူးတာ၊ မဘယ်သူဆိုရင် ရှင်လို့ ထူးတာကတော့ ယဉ်ကျေးနေပြန်ရော။ ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ရှင့် ဆိုရင်လဲ ယဉ်ကျေးတယ် ဆိုကြပြန်တယ်။
စကားလုံးတလုံးထဲပဲ နောက်မှာထားတော့ တမျိုး၊ ရှေ့မှာထားတော့ တမျိုး ကွဲလွဲတာတွေ ကျမလဲ အတော်လေး စဉ်းစားရခက်ခဲ့ဖူးတယ်။ :)

Anonymous said...

ရေးထားတာတော်တော်လေး ဗဟုသုတရလို့ ကျေးဇူးပါ။
ကျွန်တော်၊ ကျွန်မဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာလက်ရှိ စစ်အစိုးရလက်ရှိထိ သုံးနှုန်း သုံးစွဲနေတဲ့ စကားဖြစ်တယ်။ ဒါကြောင့် မြန်မာပြည်တွင်းမှာတော့ အစိုးရနဲ့ပတ်သက်တဲ့ ရုံး၊ကျောင်းနဲ့ တခြား စာပေစိစစ်ရေးလို နေရာမျိုးတွေမှာ ကျနော်သုံးရင်လက်မခံတာမှန်ပါတယ်၊ အဘိဓါန်တွေဆိုတာလည်း သူတို့ ခွင့်ပြုချက်တွေနဲ့ ထုတ်ထားရတာကိုး ကိုကိုမောင်ရေးတဲ့ ”ကျွန်တော် ကျွန်မဆိုတဲ့ စာလုံးတွေကမှ မြန်မာစာပေရဲ့ တကယ့် သတ်ပုံအမှန်ဖြစ်တဲ့အတွက် ကျွန်တော် ကျွန်မလို့ ရေးမှဘဲ အမှန်ဖြစ်ပါလိမ့်မယ်။ စကားပြောတဲ့အခါ ၊ စကားပြောစတိုင်လ်ကို ရေးတဲ့အခါ၊ အချင်းချင်း ပေးစာပြန်စာရေးတဲ့အခါ (ဘလော့ဂ်မှာ အပျော်တမ်းရေးတဲ့အခါ)တွေမှာကတော့ ကြိုက်သလို ရေးနိုင်ကြပါတယ်။ မြန်မာလက်ကွက်က ခက်တာကိုး။” ဆိုတာလေးကိုတော့ နည်းနည်းလေး ပြောပြစေ မြန်မာပြည်က အစိုးရနဲ့ အထူးသဖြင့် စာပေစီစစ်ရေးနဲ့ ကင်းလွတ်ခွင့်ရတဲ့ နေရာမျိုးတွေက စာပေသမားတွေ မီဒီယာတွေ၊ မဂ္ဂဇင်းတွေမှာတော့ ကျနော်၊ ကျမဘဲ သုံးနှုန်းပါတယ်၊ ဒီအသုံးနှုန်းနဲ့ ပတ်သက်လို့လည်း မြန်မာစာပေကိုတန်ဖိုးထားပြီး အမှားမခံတတ်ကြတဲ့ ဆရာကြီး ဦးတင်မိုးတို့၊ ဆရာကြီးမောင်စွမ်းရည်တို့ကိုလည်း မေးဘူးပါတယ်။ ကျွန်သဘောက်ဘ၀မှာ နေချင်သေးရင်တော့ ဆက်သုံးကြပေါ့ဆိုတဲ့ အဖြေရရှိခဲ့ဘူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ကျွန်တော်ဆိုတဲ့ အသုံးအနှုန်းကိုမသုံးချင်လို့ "ကျုပ်"ဆိုတဲ့ အသုံးအနှုန်းကို သုံးခဲ့တာဖြစ်ပါတယ်။ ကျနော်၊ ကျမဆိုတဲ့ စကားကို အပျော်တမ်းရေးတဲ့ ဘလော့ဂ်တို့ ကိုယ့်အချင်းချင်းတွေ စာရေးတဲ့အခါ အလွယ်သုံးတယ်ဆိုတာ ကိုတော့ လက်မခံနိုင်ပါကြောင်း ၀င်ရောက်ဆွေးနွေးပါရစေ။

ပြည်ပစာနယ်ဇင်း အယ်ဒီတာ