Tuesday 16 March 2010

ရင်ထဲရှိတာတွေ (တဂ်ပို့စ်)


ရင်ထဲရှိတာတွေဆိုတဲ့ ခေါင်းစဉ်ကို မြင်လိုက်ကထဲက တကယ်လက်တွေ့ မဖြစ်သေးဘူးဆိုတာ ထင်ရှားပါတယ်။ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အတွေးလေးတွေ တစ်ချို့ ကို မချောရဲ့ တဂ်ကြွေးဆပ်ရင်း ရေးသားဖော်ပြလိုက်ခြင်းရယ်ပါ။ အတ္တဆန်တယ်လို့ ပြောချင်လဲ ပြောစေတော့။ မတတ်နိုင်ဘူး။ ကျနော့်ရွာအကြောင်းကိုဘဲ ဖောက်သည်ချရတော့မှာပါဘဲ။

စိတ်ကူးနဲ့ ဘုရားတည်၊ ကောင်းမှုတော်ထက် မငယ်စေနဲ့ ဆိုတဲ့ စကားပုံလောက်တော့ ကျနော့်စိတ်ကူးက မကြီးမားပါဘူး။ ရိုးရိုးရှင်းရှင်းလေးပါဘဲ။ ကျနော့်ရွာ့နာမည်က တုံးဖလားတဲ့။ ပင်လည်ဘူးမြို့နယ်ထဲက ရွာလေးတစ်ရွာပါ။ အရှေ့အနောက်တောင်မြောက် ဘယ်ဘက်ကိုဘဲ ကြည့်ကြည့် တောင်တန်းနှင့်တောအုပ်တွေ ချည်းပါဘဲ။ အဲဒီလို တောင်တွေကာရံထားတဲ့ လျှိုမြှောင်ထဲမှာ တုံးဖလားရွာလေးကို တည်ထားတာပါ။ ဘယ်အချိန်က စတည်ခဲ့သလဲ၊ ဘာဖြစ်လို့ တုံးဖလားလို့ နာမည်ပေးရသလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြတော့ပါဘူး။ ဟိုရှေးရှေးတုန်းက ရှမ်းလူမျိုးတွေ နေထိုင်သွားခဲ့ကြပုံရတယ်ဆိုတဲ့ ထင်မြင်ချက်မှတစ်ပါး ဘာသမိုင်းမှ မကျန်ရစ်ခဲ့ပါဘူး။

ရွာရဲ့အဓိကလုပ်ငန်းကတော့ လယ်ယာမြေပါဘဲ။ ဒါကြောင့် မိုးခေါင်တဲ့နှစ်ဆို သိပ်မလွယ်ကူလှဘူး။ ရွာသူရွာသားတွေ အရမ်းပင်ပန်းကြတယ်။ လယ်ယာမြေတွေကလဲ လျှိုရိုးတစ်လျောက် တည်ထားကြတာဆိုတော့ စပါးထွက်နှုန်းကတော့ အောက်အကြေအရပ်တွေလောက် ထွက်အားမကောင်းပါဘူး။ ဘုန်းကြီး ဖိုထိုး၊ နွား ချိုကျိုး၊ လယ် လျိုရိုး ဆိုတဲ့ စကားပုံအတိုင်းပါဘဲ။ သိပ်ပြီးတော့ အသုံးမ၀င်လှပါဘူး။ ( ရေးရင်းနဲ့ ဇာတိတွေ ပေါ်ကုန်တော့မှာဘဲးဝ)။ ဒါကြောင့်မို့ ပွင့်လင်းရာသီရောက်ရင် တစ်နယ်တစ်ကြေးကို အလုပ်ထွက်ရှာလေ့ရှိကြပါတယ်။ အထူးသဖြင့်တော့ ကချင်ပြည်နယ် ကျောက်စိမ်းနယ်မြေတစ်လျောက်ကိုပေါ့။ ဒါပေမဲ့ ဒီနေ့ထိ အရမ်းချမ်းသာသွားတဲ့ သူ တစ်ယောက်မှ မရှိသေးပါဘူး။

တစ်ရွာလုံးမှာ အိမ်ခြေက စုစုပေါင်းမှ သုံးဆယ်လောက်ဘဲရှိပါတယ်။ ဒါကြောင့်မို့ စာသင်ကျောင်းမရှိဘူး။ ဆေးပေးခန်းမရှိဘူး။ ဈေးဆိုင်မရှိဘူး။ စာကြည့်တိုက်ဆို ဝေလားဝေးပေါ့။ အရေးအကြောင်းဆို အိမ်နီးချင်းရွာတွေကို သွားပြီး ၀ယ်ခြမ်းကြရတယ်။ ပွဲလမ်းသဘင်အတွက်ဆိုရင်တော့ မြို့တက်ပြီး စားသောက်ကုန်တွေသွားဝယ်ရတယ်။ ပင်လည်ဘူးမြို့နယ်ထဲမှာတည်ရှိပေမဲ့ အဆင်အပြေဆုံးဖြစ်တဲ့ ကောလင်းမြို့ကိုဘဲ သွားပြီးဝယ်ရတာပါ။ ရွာရဲ့အဆိုးထဲက အကောင်းတစ်ခုကတော့ ကောလင်းနှင့်ပင်လည်ဘူးပြေးဆွဲတဲ့ ဘတ်စ်ကားလမ်းကြောင်းနှင့် ကပ်လျက်တည်ရှိတာပါဘဲ။

ကျနော်တို့ ကလေးဘ၀တုန်းက ရွာမှာ ဘုန်းတော်ကြီးကျောင်းလဲ မရှိခဲ့ပါဘူး။ တစ်မိုင်လောက်ဝေးတဲ့ ရွာသာယာရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းကိုဘဲ ကိုးကွယ်ကြရတာပါ။ နေ့စဉ် ပို့မဲ့ဆွမ်းတွေအားလုံးကို တစ်အိမ်အိမ်မှာ စုပြီး အလှည့်ကျ သွားပို့ရတာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က အဲဒီရွာသာယာ ဘုန်းတော်ကြီးကျောင်းကို ပြန်မွမ်းမံတယ်။ ဘုရားတည်တယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာရှိတဲ့မြေဂမူတွေကို လူအားနဲ့ ညှိကြတယ်။ အလှူငွေတို့ လုပ်အားပေးတို့ကို ကျနော်တို့ရွာကလဲ ရွာသာယာရွာသားတွေနဲ့ အညီအမျှ ပါဝင်ထည့်ကြရပါတယ်။ ဒါနဲ့ဘဲ ကျနော်တို့ရွာလူကြီးတစ်ချို့တိုင်ပင်ဆွေးနွေးကြတယ်။ တစ်ခြားရွာက ဘုန်းတော်ကြီးကျောင်းမှာ ပါဝင်လှူဒါန်း လုပ်အားပေးရမဲ့ ပမာဏထဲကို နဲနဲလောက် ထပ်ဖြည့်လိုက်ရင် ကျနော်တို့ရွာမှာလဲ ကိုယ်ပိုင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရနိုင်တယ်ဆိုတဲ့ အဖြေကို အားလုံးသဘောတူလက်ခံပြီး ရွာသာယာရွာမှ ခွဲထွက်လိုက်ပြီး ကိုယ်ပိုင်ဘုန်းတော်ကြီးကျောင်းကို တစ်ပိုင်တစ်နိုင်နဲ့ တည်ထောင်ခဲ့ကြပါတယ်။

လူအင်အား ငွေအင်အား အခြေအနေကြောင့် ဆယ်စုနှစ်ကျော်လာမှ ဘုန်းတော်ကြီးကျောင်းဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ဒါတောင်မှ ရုပ်လုံးပေါ်ရုံလောက်ပါဘဲ။ အထဲက ကလီစာတွေ ဘာမှမဖြည့်ခဲ့နိုင်ကြဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတော့ ကျောင်းမျက်နှာကျက်အချို့နှင့် ဘုရားခန်းမျက်နှာစာ ပိဋကတ်တိုက်တို့ကို ကျနော်လှူဒါန်းဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဆိုးဆုံးက ကုဋီအိမ်(အိမ်သာ)ပါ။ ရေလောင်းကုဋီပေမဲ့ ကျင်းတူးပြီး ကျင်းပေါ်မှာ ကုဋီကို ဆောက်လုပ်ထားတယ်။ ရှေးစတိုင်လ်ပေါ့။ ကြွေခွက်လဲ မပါဘူး။ အောက်ကကျင်းကိုလဲ အလုံပိတ်မထားဘူး။ ဒီထက်ပိုဆိုးတာက တစ်ကျောင်းလုံးမှ ကုဋီအိမ်က တစ်လုံးထဲ ရှိတဲ့အတွက် ကျောင်းထိုင်ဘုန်ကြီးလဲ ဒီကုဋီ၊ ကိုရင်ကျောင်းသားလဲ ဒီကုဋီ၊ ကပ္ပိယလဲ ဒီကုဋီဘဲ သုံးနေကြရတယ်။ ဒါနဲ့ဘဲ ကျနော် ဒီကို မလာခင်လေးမှာ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး သုံးခန်းတွဲရေလောင်းကုဋီအိမ်တစ်လုံး (မြို့စတိုင်လ်)ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ (ဒါကတော့ ကျနော့်ရွာအကြောင်း အကျဉ်းချုပ်အနေအထားပါ)။

အခုမှ စိတ်ထဲ ရှိတာတွေကို ရေးမလို့ပါ။
ကျနော် ဒီကို မထွက်ခဲ့ခင်လေးမှာ ရွာထဲက လူကြီးတစ်ယောက်က.... "လူလေး.. ဘကြီးတို့ မသေခင် ရွာဦးကျောင်းဝင်းထဲမှာ ထုံးဖြူဖြူသုတ်လိမ်းထားတဲ့ မြေစိုက်ဘုရားတစ်ဆူလောက်တော့ ဖူးမြှော်သွားချင်သေးတယ်" လို့ အားကိုးတစ်ကြီး ပြောပြရှာတယ်။ အဲဒီစကားကို အခုထိ ကျနော်ကြားယောင်နေဆဲပါဘဲ။ အသက်ကြီးသူတွေ ဘ၀နေမ၀င်ခင် မီးအိမ်လေးထွန်းပေးချင်စိတ် တစ်ဖွားဖွား စိတ်ကူးထဲမှာ ပေါ်ပေါက်နေမိပါတယ်။ ပြီးတော့ ရွာသူရွာသားတွေကို (အထူးသဖြင့်) ကလေးတွေကို ဘာသာရေး ယဉ်ကျေးမှုတို့နှင့် မဝေးရလေအောင် စာကြည့်တိုက်အသေးစားလေးကို ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ တည်ဆောက်ပေးချင် နေမိပါတယ်။

နောက်ပြီး နှစ်စဉ်နှစ်တိုင်း (တစ်နှစ်တစ်ကြိမ်) တစ်ပိုင်တစ်နိုင်ဘာသာရေးသင်တန်းလေးတွေဖွင့်ပြီး စာမေးပွဲလေးတွေ ကျင်းပပေးချင်တယ်။ အောင်မြင်သူတွေကို ဆုချမယ်။ မအောင်မြင်တဲ့သူတွေကို ကြိုးစားချင်စိတ်ပိုရှိလာအောင် ပြုလုပ်ပေးမယ်။ နှစ်တွေကြာလာတဲ့အခါ ရွာသူရွာသားတွေအားလုံး ပရိတ်ကြီးပါဠိနှင့်အနက် ဓမ္မပဒ၊ ဗုဒ္ဓ၀င်၊ ဇာတ်တော်၊ ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏသုတ်စတဲ့ အဓိကကျတဲ့ ဘာသာရေးစာပေတွေကို ရင်းနှီးပြီးသားဖြစ်စေရမယ်။ အခြေခံအဘိဓမ္မာတွေကို သိပြီးသားဖြစ်စေရမယ်။ အလိမ္မာ စာမှာရှိ ဆိုတဲ့စကားအတိုင်း လိမ္မာယဉ်ကျေးမှု ပိုရှိလာစေရမယ်။ အမြင်ကျယ်လာစေရမယ်။ ပြီးတော့ ခေတ်ပညာအတွက် အင်္ဂလိပ်စာအခြေခံကို နားလည်ပြီးသားဖြစ်စေရမယ်။

အဲဒါတွေကတော့ ကျနော့်ရွာနဲ့ ပတ်သက်ပြီး ကျနော်စိတ်ကူးကြည့်မိတာလေးတွေထဲက အချို့ ပါ။ ကျနော်ကိုယ်တိုင် ကျနော့်ရွာမှာ အခြေချပြီး မနေထိုင်နိုင်ပေမဲ့ စိတ်ကူးလေးတွေအကောင်အထည်ဖော်ဖို့တော့ တစ်ဖက်တစ်လှမ်းကနေပြီး ကျနော် ကြိုးစားနေမှာပါ။ ကျောင်း ကန် ဘုရား သိမ် ဇရပ် စာကြည့်တိုက်တွေ ပြည့်ပြည့်စုံစုံရှိပြီး ယဉ်ကျေးမှုနှင့်ဘာသာတရားကိုင်းရှိုင်းတဲ့ တက်လူငယ်တွေ စုဝေးနေထိုင်ကြမဲ့ နောင်အနာဂါတ်ကာလ တုံးဖလားရွာလေးကို စိတ်ကူးယဉ်ပုံဖော်ရင်း ကျနော်ကြည်နူးစွာ ပြုံးလိုက်မိပါတယ်။

ကဲ.. အဲဒါကြောင့်ပြောတာပေါ့။ ကျနော် အတ္တကြီးနေသလိုများ ဖြစ်နေပြီလားလို့။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခြားဒေသတွေနှင့်တစ်ခြားသူတွေ ကောင်းစားရေးထက် ကျနော့်ရွာ သာယာလှပရေးကိုသာ တွေးတောနေမိတဲ့ အတွက်ကြောင့်ပါဘဲ။

မချောရေ...
တဂ်ပို့စ်လေး ရေးလိုက်ပြီနော်။ အဓိပ္ပါယ်ရှိမရှိတော့ မသိဘူး။ စိတ်ထဲ ပေါ်လာတာကိုဘဲ တန်းရေးချလိုက်မိတယ်။

......

14 comments:

Anonymous said...

ကိုကိုမောင်ရေ
အိမ်ခြေ ၃၀လောက်ရှိတဲ့ရွာကလေး
ဆေးခန်းမရှိ၊စာသင်ကျောင်းမရှိ၊ စာကြည့်တိုက်မရှိတဲ့အရပ်ဒေသကနေ
အင်္ဂလန်လိုနေရာမျိုးကို ရောက်အောင် ပညာသင်လာနိုင်တဲ့ ကိုကိုမောင်ကို အရမ်းကို ချီးကျူးလေးစားပါကြောင်းအရင်ပြောပါရစေ..
အစ်မလဲ တောမှာ မွေးလာတဲ့သူပါ.ဒါပေမဲ့ ပညာရေးကို အရမ်း စိတ်အားထက်သန်ခဲ့တယ်..
နိုင်ငံခြားထိအောင် ပညာသင်ချင်စိတ်
အကြီးအကျယ်ရှိခဲ့တယ်.. ဒါပေမဲ့အခွင့်အရေးမရခဲ့ပါဘူး..
အခု ကိုကိုမောင်ကို အားကျပါတယ်.. တကယ်ပြောတာ
အစ်မက ပိုက်ဆံထက် ပညာကိုပိုပြီး တန်ဖိုးထားမိတယ်.
ရွာလေးအပေါ်ထားတဲ့စေတနာကိုလဲ လေးစားမိပါတယ်..
စိတ်ကူးတွေအားလုံး လက်တွေ့ဖြစ်လာပါစေနော်..
Tag ပိုစ့်လေးရေးပေးတဲ့အတွက်လည်း ကျေးဇူးပါ..
အောင်မြင်ပျော်ရွှင်ပါစေမောင်လေးရေ...

Flower said...

အဲ
နံမည်က ဘာလို့ပါမသွားတာလဲမသိ
အပေါ်မှာ..
ဒီမှာတစ်ခေါက်ပြန်ရေးလိုက်တယ်..
စာလဲကြိုးစား.. ရပ်ရွာကိုလဲ ပြန်အကျိုးပြုနိုင်ပါစေနော်..

ခင်တဲ့
မချော

မြစ်ကျိုးအင်း said...

ကိုယ်ရပ်ရွာ အတွက် သတိရတာပဲ တော်နေပါ ပြီ ကိုကိုမောင်ရယ်။ ခုထိ မမေ့မလျော့နဲ့ ဖြည့်ဆည်းပေးချင်စိတ် ရှိနေသေးလို့ ဆန္ဒတွေ ပြည့်ဝလာမယ်ဆိုတာ ယုံကြည်ပါတယ်။
ရလာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး လုပ်နိင်ပါစေဗျာ။ ရွာရဲ့ အလင်းရောင်ကို ထွန်းညှိနိင်မှာပါ။

ဝက်ဝံလေး said...

အယ် ပိုက်ချံ အများဂျီး ရှိရင်လာလှူမယ် စိတ်ချ နော် သိရားးး ထု လောလောချယ်တော့ အရှိတေးဘူးနော် တမီးကို ပြန်ချေးလိုက်အူးနော် ဟိဟိ

လင်းကြယ်ဖြူ said...

အင်မတန်မှ လှပသေသပ်တဲ့
စိတ်ကူးကောင်းလေးပါပဲ..
ကြံတိုင်းအောင်လို့
ပျော်ပါစေ ဆရာပန်းရေ....
*.*.*

သူကြီးမင်း (တုံးဖလား) said...

ဝက်ကလေးရေ...
အလှူခံနေတာမဟုတ်ပါဘူး...
ကိုယ် လုပ်နိုင်မယ်ထင်တဲ့ စိတ်ကူးလေးတွေကို ပုံဖော်ကြည့်နေတာပါ.. မလုပ်ပါနဲ့... ကိုကိုမောင်ကြီး အလှူခံနေပြီလို့ နာမည်ကြီးပြီး စာဖတ်တဲ့သူတွေ လာမဖတ်ရဲဘဲ နေပါဦးမယ်။း))

ဒါပေမဲ့.. ရွာမှာ ဘုရားတည်ပြီးလို့ ဘုရားပွဲလုပ်တဲ့အခါကျရင်တော့ ၀က်ကလေးရဲ့အကူအညီလိုတယ်။ အရောက်လာခဲ့နော်။ ဒါပေမဲ့ ပြန်လမ်းတော့ ရှိမှာ မဟုတ်ဘူး။ ဘုရားပွဲမှာ ၀က်ပေါ်ပြီး ကျွေးချင်လို့။ ဟဲ ဟဲ။

မိုးခါး said...

ကိုယ့်မြို့ကိုယ့်ရွာလေးကို သတိတရ ရှိနေတယ်ဆိုလို့ လေးစားမိပါတယ် ..း) စိတ်ကူးတွေ ရည်ရွယ်ချက်တွေ အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေ ..း)

ခွန်သဒ္ဒါ said...

အဲဒါ အတ္တကြီးတယ်လို့မခေါ်ဘူးထင်တယ် အစ်ကို။
ဘယ်သူမဆို ကိုယ်ကြီးပြင်းရာ
နေရာဒေသကို ပိုပြီးဖြစ်ထွန်းစေချင်တာပါ။
သိပ်ကိုကောင်းတဲ့စိတ်ကူးဆန္ဒပါ။
တကယ်အကောင်အထည်ဖော်ဖြစ်ပါစေ။

မိခွန်

ဇွန်မ said...

ဒါတောင် လက်တန်းချရေးတာနော် အဲဒီပညာလေးတွေ နည်းနည်းလောက် မျှဝေလို့ရရင် ကောင်းမှာပဲ။ တုံးဖလား ရွာကလေးကို ရောက်ဖူးသွားပြီ ဘုရားပွဲကျ ထပ်လာမယ် အကိုရေး)

flowerpoem said...

သယ်ရင်းရဲ့ ရင်ထဲရှိတောတွေ အကုန်ဖြစ်ပါစေ ရည်ရွယ်ချက်တွေအရမ်းကောင်းပါတယ် ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ ဂရုစိုက်တဲ့ သယ်ရင်းရဲ့ စိတ်ကိုလည်း လေးစားပါတယ်

Anonymous said...

ဘုန်းဘုန်းက..လုပ်သင့်တာပေါ့..ဘုန်းဘုန်းရဲ့..

ဘုန်းဘုန်းတို့ရွာ သာသနာထွန်းကားပါစေ။

ရွှေရတုမှတ်တမ်း said...

ကိုကိုမောင်တို့လက်စသတ်တော့..ဂဒူးလေးကိုး..
ကောလင်း၊ပင်လည်ဘူး၊ဗန်းမောက်နယ်တကြောField ဆင်းဖူးပါ့ဗျား..ကောလင်းပင်လည်ဘူးလမ်းက ရွာတွေနာမည်တော့မေ့ကုန်ပြီ..အင်းဂါးတော့မှတ်မိတယ်

Anonymous said...

လူတော်





ခင်တဲ့
မင်းအိမ်ဖြူ

တူတူပဲ စာမေးပွဲနဲ့ အလုပ်နဲ့ နပန်းလုံးနေရတယ်

Anonymous said...

သြ ပိုစ့် ရေးတုန်းက ကိုကြီးကျောက်တောင် မဆုံးသေးဘူးနော် ကျနော် မသိလိုက်ဘူး ဘလောဂ့် တော့ ရှိတယ်ထင်တယ်

ရွှေစင်ဦး