Sunday, 7 February 2010

အတူတူနေကြတဲ့အခါ....


လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ ငှက်ဖြစ်စေ နာနာဘာဝတွေဖြစ်စေ များသောအားဖြင့် အုပ်စုလိုက် အသင်းဖွဲ့လိုက် နေထိုင်ကြရပါတယ်။
အသင်းအဖွဲ့ဆိုတဲ့နေရာမှာ မိသားစု မျိုးတူစု ဆွေမျိုး မိတ်ဆွေ လုပ်ငန်းတူ ဋ္ဌာနတူစတဲ့ အစုအစုလေးတွေအားလုံးပါဝင်ပါတယ်။ ဒီလိုနေထိုင်ကြတဲ့အခါမှာ ဘာတွေဖြစ်ပေါ်လာတတ်ကြသလဲဆိုတော့ ရှောင်လွဲမရနိုင်တဲ့ ချစ်ခြင်းမုန်းခြင်းတွေပါဘဲ။

အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းညှိဆိုသလို မြင်ပါများတော့ ချစ်ကျွမ်းဝင်တတ်ကြတာဟာ ဓမ္မတာတစ်ခုပါ။ ဒါပေမဲ့ နီးစပ်မှုကြောင့် ချစ်မေတ္တာတွေသာ ပေါက်ဖွားလာတတ်ကြတာ မဟုတ်ပါဘူး။
မြင်ပါများတော့ ပြယ်ဆိုသလို ချစ်ခြင်းတွေပြယ်ပျောက်ပြီး မုန်းတီးမှုတွေလဲ ဖြစ်တတ်ကြပါတယ်။ ကိုယ့်ရဲ့  အချစ်ဆုံးဇနီးမယားကိုတောင်မှ အနီးကပ်ဆုံးအကြီးမားဆုံးရန်သူတဲ့။ ဇာတ်တော်နိပါတ်တော်တွေမှာ အဲဒီလို ဆိုထားတယ်။ ပြီးတော့ နီးလွန်းတော့ ရန်တွေဖြစ် ဝေးသွားတော့ လွမ်းကျန်ရစ်ဆိုတာလဲ ရှိသေးတယ်။
ဘာကိုမှ ကြည့်မနေပါနဲ့။ အိမ်နီးချင်းနိုင်ငံတွေကိုဘဲ ကြည့်ပါ။ တစ်ခါတစ်ခါ အဆင်ပြေလိုက်။ တစ်ခါတစ်ခါ တိုက်မယ်ခိုက်မယ်လုပ်လိုက်နဲ့။ ပြောင်းလဲမှုတွေလေ။ အဲဒါ နီးစပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေပေါ့။

ကျနော်အပါအ၀င် မြန်မာလူမျိုးတွေရဲ့ အားနည်းချက်တစ်ခုက အစမှာ အရမ်းကောင်းတတ်ပြီး ကြာလာရင်အချင်းချင်း အပြစ်မြင်လာကြပြီး စည်းလုံးမှု မရှိကြတော့တာပါဘဲ။ စည်းလုံးမှုမရှိတာထက် ဆရာအတင်မခံချင်ကြတာက ပိုများမယ်ထင်တယ်။ မရှိသင့်တဲ့မာနတွေရှိတတ်ကြပြီး မယောင်ရာဆီလူးတတ်ကြပါတယ်။ အလုပ်ကို တကယ်လုပ်တာထက် လူကြီးရောက်လာမှ မျက်နှာသာရအောင် လုပ်ပြတတ်တာ များပါတယ်။ စေတနာနှင့်လုပ်ရမဲ့အလုပ်ကို မာနတွေတစ်သီကြီးနဲ့ ဟန်ပါပါ မာန်ပါပါ မဏ္ဍပ်တိုင်တက်ပြပြီး ငါတကောလုပ်ပြတတ်ကြတာလဲ ဒုနဲ့ဒေးပါဘဲ။ ပြီးတော့ အလုပ်လုပ်တာထက် နာမည်ရချင်တာက ပိုများတတ်ပါတယ်။ တာဝန်ကို ခေါင်းရှောင်တတ်ပြီး အခွင့်အရေးကို လုယူတတ်ကြသူတွေလဲ မမြင်ချင်အဆုံးမဟုတ်လား။

လူမှန်ရင် အရည်အချင်းတစ်ခုစီလောက်တော့ အနည်းဆုံးပိုင်ဆိုင်ထားတတ်ကြပါတယ်။ တစ်ခုခုဘက်မှာ အားနည်းနေတဲ့အတွက် အထင်သေးစရာမလိုသလို တစ်ဘက်ဘက်မှာ အားသာနေသူကိုလဲ အရမ်းကြီး အထင်ကြီးစရာမလိုပါဘူး။ ကျနော်ကိုယ်တိုင်က ကိုယ့်ထက်(ပညာရေးဘက်မှာ)သာလွန်တဲ့သူတွေကို အရမ်းအထင်ကြီးတတ်တဲ့ရောဂါရှိနေသူ တစ်ယောက်ပါ။ ဒါပေမဲ့လဲ.. အချိန်ရဲ့  စေ့ဆော်မှုကြောင့် အဲဒီရောဂါကတော့ မှုန်ဝါးသွားသလောက်ဖြစ်နေပါပြီ။ ဆိုလိုတာကတော့ အထင်ကြီးရုံအဆင့်လောက်ဘဲ ရှိပါတော့တယ်။ အရမ်းကြီး အထင်ကြီးတတ်တဲ့အဆင့်မှာ မရှိတော့ပါဘူး။

အဲဒီလိုဆိုတော့...
အတူတူနေထိုင်ကြတဲ့အခါ ဘာတွေလိုအပ်သလဲ။
အထူးသဖြင့် အခြေအနေအရ နိုင်ငံရပ်ခြားမှာ၊ မိဘနှင့်ဝေးတဲ့နေရာတွေမှာ နေထိုင်ကြတဲ့သူတွေအဖို့ ပိုအရေးပါပါတယ်။ အခြားသူတွေနဲ့ အတူနေရတဲ့အခါမှာ အပြုသဘောဆောင်တဲ့ ဆက်ဆံပေါင်းသင်းမှုအတွက် ဘာတွေလိုအပ်ပါသလဲ။ ကျနော့်အတွေ့အကြုံအရရော သီအိုရီအရပါ ကောက်ချက်ကလေးတွေ ဆွဲကြည့်မိတယ်။


၁။ကိုယ်ဘာကြိုက်တတ်သလဲဆိုတာထက် သူများတွေ ဘာမကြိုက်တတ်ဘူးလဲဆိုတာကို စဉ်းစားပါ။

၂။ကိုယ်ဘာမကြိုက်တတ်ဘူးလဲဆိုတာထက် သူများတွေဘာကြိုက်တတ်သလဲဆိုတာကို တွေးခေါ်ပါ။

၃။ကိုယ်လုပ်တဲ့အလုပ်မှအကောင်းထင်ပြီး သူများလုပ်တဲ့အလုပ်ကို မကောင်းမမြင်ပါနဲ့။

၎။ကိုယ်တိုင်ကောင်းမှုမလုပ်နိုင်ရင်နေပါစေ။ သူများတွေကောင်းမှုလုပ်နေတာကို မကောင်းမထင်ပါနဲ့။

၅။ကိုယ့်ရဲ့ အပြုအမူဟာ တစ်ဖက်လူအပေါ်ကြောသလိုဖြစ်နေသလားဆိုတာကို ဆင်ခြင်ပါ။

၆။တစ်ဘက်လူရဲ့ အပြုအမူဟာ ကိုယ့်အပေါ်ကြောသလိုဖြစ်နေရင် တစ်ဖက်လူနားလည်အောင် ယဉ်ယဉ်ကျေးကျေး ညှိနှိုင်းပြောဆိုပါ။

၇။အချင်းချင်းအရွဲ့မတိုက်ပါနဲ့။

၈။အချင်းချင်းအထင်မသေးပါနဲ့။

၉။အချင်းချင်းပိုင်နက်(ပိုင်နက်အမျိုးမျိုးရှိသည်)ကို မကျူးကျော်ပါနဲ့။

၁၀။အချင်းချင်းရဲ့ အသေးအဖွားအပြစ်များကို ဥပေက္ခာပြုပေးလိုက်ပါ။

၁၁။ကိုယ့်ဗီဇကို နှလုံးသွင်းပါ။

၁၂။သူ့ဗီဇကို နားလည်ပေးပါ။

၁၃။ပတ်ဝန်းကျင်နှင့်အညီ Common sense ကို ပြုစုပျိုးထောင်ပေးပါ။

၁၄။လူတိုင်း မာနကိုယ်စီရှိတယ်ဆိုတာကို မမေ့ပါနဲ့။

၁၅။ဖြစ်နိုင်ရင် အချင်းချင်းကြိုတင်ပြီး နားလည်မှုယူထားကြရင် အကောင်းဆုံးပါဘဲ။


ဘုတ်ကျီးရိုသေ၊ ကျီးဘုတ်ရိုသေသဘောမျိုးထွေးပိုက်ပြီး တစ်လှေထဲစီး တစ်ခရီးထဲသွားသူချင်းအတူတူ အထက်က အချက်အလက်တွေကို နှလုံးသွင်းပြီး အပြန်အလှန်နားလည်ခွင့်လွတ်ပေးကြရင် အတူတူနေထိုင်တဲ့အခါ ပိုအဆင်ပြေမှာသေချာပါတယ်။ အစကောင်းမှ အနှောင်းသေချာ လို့စကားပုံရှိပေမဲ့ အခုရှုပ်မှ နောင်ရှင်း ဆိုတဲ့စကားပုံက ပိုသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ စစချင်း ဆောက်နဲ့ထွင်းတော့ မလုပ်သင့်ဘူးပေါ့လေ။ အစမှာ ညှိညှိနှိုင်းနှိုင်းကြိုလုပ်ထားကြဖို့ဆိုလိုတာပါ။ အဲဒီအတိုင်းပြုလုပ်ရင် အချင်းချင်းပဋိပက္ခတွေနည်းပါးသွားပါလိမ့်မယ်။ ပြီးတော့ ဘယ်အရာကိုဘဲ လုပ်လုပ် ညီညွတ်စွာလုပ်ဆောင်နိုင်ပြီး အောင်မြင်မှုတွေ ရရှိလာမှာ သေချာပါတယ်။

ဥာဏ်မှီသလောက်စိတ်ကူးတင်ပြပေးလိုက်ခြင်းရယ်ပါ။ ။ မိတ်ဆွေတို့ တွေ့ကြုံတာလေးတွေ၊ တွေးခေါ်မှုလေးတွေ၊ သင်ခန်းစားလေးတွေ ဒီထက်ပိုရှိခဲ့ရင်လဲ ထပ်ဖြည့်ပေးကြစေလိုပါတယ်။

အားလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် ပျော်ပျော်ပါးပါး အတူတူနေထိုင်နိုင်ကြပါစေ။


..........

13 comments:

ဝက်ဝံလေး said...

ဟိုက် စကားပုံတွေ များလှချည်တကား
ဟုတ်ကဲ့ မှတ်သွားပါတယ်နော်

Ko Min Htet said...

မှန်တယ်ဗျို့၊ အဲလိုပဲ တစ်ခါတစ်လေ (အခုလောလောဆယ်တော့ အမြဲတမ်း) ခံစားနေရတယ်ဗျား။

ဇွန်မ said...

အမှန်တွေပါပဲလားနော်။ မှတ်သားစရာတွေမို့ ဖတ်ပြီး မှတ်သွားပါတယ် အကိုရေ။

လင်းကြယ်ဖြူ said...

စိတ်ကူးကောင်းလေးပါပဲခင်ဗျာ...
ပျော်ပါစေ ဘော်ဒါရေ
*.*.*

ခွန်သဒ္ဒါ said...

မိဝေးဖဝေးမှာ ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်နေရတဲ့အတွက်
လူမှု့ရေးက အတော်ကိုအရေးကြီးပါတယ်။
တခါတလေတော့လည်း အတော့်ကို
စိတ်အကုန်သားလား။
ဖတ်ပြီး မှတ်သားသွားပါတယ် အစ်ကိုရေ။

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

ချော (အစိမ်းရောင်လွင်ပြင်) said...

မှတ်သားစရာတွေပါလား.. စုဆောင်းထားတာ တော်လှချည့်..
အားလုံးကိုမှတ်သားဖို့ဘောပင်နဲ့စာအုပ်ယူပြီး နောက်တစ်ခေါက်ထပ်လာဦးမယ်..
စိတ်ရှည်လက်ရှည် ရေးထားတာ ချီးကျုးသွားပါတယ်..

ခြေလှမ်းသစ် said...

ဟုတ်တယ်ဗျာ ဒီဝိနည်းလေးတွေ အတိုင်း ကျင့်ကြံတာ ကောင်းတယ်ဗျာ .... ကျနော်လည်း ဒါမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဗျာ ...

Anonymous said...

အင်း မှတ်သွားပါတယ်

တစ်ခုခုတော့ တစ်ခုခုပဲ

အဆင်ပြေပါသလား


မင်းအိမ်ဖြူ

noblemoe said...

အဲဒီ 15 ချက်သာအားလုံးလိုက်နာနိုင်ရင်တို့ လောကကြီးမှာ နေထိုင်ရတာ ပျော်စရာကောင်းမှာပါ။
သာယာချမ်းမြေ့ ပါစေနော်
မိုး

ကြယ်ပြာ said...

တော်တော်လေးပြည့်စုံတယ်ရှင့် ... တခုတော့ပြောချင်တာလေးရှိတယ် ... အတူနေရတဲ့သူတိုင်းက ဒီအချက်တွေကို သတိပြုမိဖို့လိုတယ် ... အဲ့လိုမှမဟုတ်ရင် တော့ ကြာရှည်သည်းခံနိုင်မယ်မထင်ဘူး .... ကြုံဖူးတယ် သူငယ်ချင်းတစ်ယောက်ရဲ့ အသိ တစ်ယောက် ရောက်ရောက်ချင်း အခန်းအဆင်မပြေလို့ ကြယ်ပြာ့အခန်းမှာခဏနေတယ် ... သူက ဖုန်းတအားပြောတယ် ... လူငယ်တွေချည်းပဲနေတော့ ကိစ္စမရှိပေမယ့် ကြယ်ပြာ့မိဘတွေအလည်လာတဲ့အချိန် မှာလဲ ညဘက် ၁၂ ကျော် ၁ နာရီ လောက်ထိ ဖုန်းတွေလာ ဖုန်းတွေပြောတယ်...ကြယ်ပြာက silent လုပ်ထားဖို့ပြောတော့ လုပ်ထားပေမယ့် စကားပြောရင် နာရီချီကြာတတ်ပြီး အပြင်ထွက်မပြောဘူး ... အမေက နေသိပ်မကောင်းတော့ အိပ်မပျော်ဘူး ဖြစ်ဖြစ်လာရော ... သူကဖုန်းလာတိုင်းပြောလေ့ရှိတာက အားတော့နာပါတယ် အစ်မရယ်တဲ့ ... တစ်ရက် နှစ်ရက် သည်းခံတယ် ...နောက်နေ့ ဖုန်းထပ်လာတော့ ထုံးစံအတိုင်း အားနာလိုက်တာ ပေါ့ ... ဒီတော့ ကြယ်ပြာလဲ “ညီမရယ် အားနာတတ်ရင် ဖုန်းပိတ်ထားပါလား ... နောက်နေ့တွေအခန်းထဲဖုန်းမပြောနဲ့နော် ... အမေလန့်လန့်နိုးလို့လို့” ပြောလိုက်မှ အဲ့ကိစ္စအဆင်ပြေသွားတယ် ....

နောက် အခန်းတံခါးပိတ်တာကို အချိန်မတော် ၀ုန်းဒိုင်းကြဲပြီးပိတ်တာမျိုး ... သူများတွေ အိပ်နေပါလားဆိုတာ နည်းနည်းမှမသိတတ်တဲ့လူမျိုး ...

နောက် လူကြီးတွေထမင်းစားဖို့ ခုံမလောက်လို့ အခန်းထဲသွင်းထားတဲ့ခုံကို ပြန်ထုတ်ပေးရကောင်းမှန်းမသိ ... မတ်တပ်ရပ်စားနေတာမြင်ရက်သားနဲ့ မသိချင်ယောင်ဆောင်တတ်တဲ့ သူငယ်ချင်းမျိုး .. (ကိုယ်သူ့မိဘတွေကို တခါမှဒီလိုမဆက်ဆံဖူးဘူး)

အများနဲ့စုနေတာ သန့်ရှင်းရေးအလှည့်ကျလုပ်ဖို့ကို ခိုနိုင်သလောက်ခိုနေတာမျိုး ပြောတော့လဲမကြိုက် ကိုယ့်ဘာကိုယ်လဲမလုပ် ....

အင်း ... သူငယ်ချင်းတွေနဲ့ချည်းပဲနေခဲ့တာပါပဲ ... အတော်လေးသည်းခံပြီး စိတ်တွေဆင်းရဲ့ခဲ့ဖူးတယ် ... အတူနေကြည့်တော့မှ ကိုယ်ဘက်တစ်ဘက်တည်းသိတတ်နေလို့မရဘူးဆိုတာ ပိုသိလာတယ် ... မလွယ်ဘူး ...

flowerpoem said...

ကောင်းတယ်ဗျို့ မှတ်သားသွားတယ် ကိုကိုမောင်ရေ

ဂျေဂျူဝိုင် said...

လိုက်နာ သင့်တဲ့ စကားတွေပါပဲ ကိုကိုမောင်

မိုးစက်အိမ် said...

အစ်ကိုခံယူချက် ဒသနလေးတွေက တန်ဖိုးရှိပါတယ်
ဒီပို့ စ်တစ်ပိုဒ်ဖြစ်ဖို့  အစ်ကိုအများကြီးတွေးလိုက်
ရမှာပါ . . . လေးစားအားပေးလျက်ပါအစ်ကိုရေ