Monday, 1 February 2010

အမေ့အချစ် (ပို့စ် ၅၀၀ ပြည့် အမှတ်တရ)


ကျနော် ငယ်ငယ်တုန်းက အတိုဆုံးဝတ္ထုတစ်ပုဒ်ဖတ်ခဲ့ဖူးတယ်။ အခုထက်ထိ မှတ်မိနေတုန်းပါဘဲ။ ဘယ်သူရေးမှန်းတော့ မသိတော့ပါဘူး။ တိုတိုလေးနဲ့ ထိမိလှပါတယ်။
...

ကျောင်းသွားခါနီး သမီးလေးဖို့ ကြက်သားကြော်လေး ချိုင့်ထဲထည့်ပြီး......

"သမီးရေ... ကြက်သားကြော်လေးကို ကျောင်းမှာ စားဖို့ယူသွားနော်"


"အမေ့ကကော ဘာဟင်းနဲ့စားမှာလဲ။ ခွဲချန်ထားတာလဲ မတွေ့ဘူး"


"အမေက ကြက်သားမကြိုက်ဘူးသမီးလေးရဲ့ ။ ထမင်းဖြူလေးနဲ့ငါးပိရည်နဲ့က အမေ့အကြိုက်ဆုံး"


အဲဒီသမီးလေးအရွယ်ရောက်ပြီး အိမ်ထောင်ကျတယ်။ သမီးတစ်ယောက်မွေးဖွားတယ်။
သူ့သမီးလေးကျောင်းသွားခါနီးမှာ ကြက်သားကြော်လေးကို ချိုင့်ထဲထည့်ပေးပြီး.....

"သမီး..... ကြက်သားကြော်လေးကို ကျောင်းမှာ စားဖို့ယူသွားနော်"


"အမေ့အတွက်ကော ချန်ထားသေးလို့လား"


ဒီအချိန်မှာ အဲဒီအမေဟာ သူ့အမေကို သတိရပြီး မျက်ရည်တွေကျလို့နေလေရဲ့ ။ ပြီးတော့ စကားတစ်ခွန်းကိုလဲ တိုးတိုးလေး ပြောလိုက်တယ်။

"အမေရယ်... သမီးလဲ အခုဆို ကြက်သားမကြိုက်တော့ပါဘူး
" တဲ့။
......


အမေအကြောင်းရေးမယ်ဆိုရင် ရေးလို့ ကုန်နိုင်အံ့မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေ့မေတ္တာဟာ အရာအားလုံးတို့ထက် မွန်မြတ်နေလို့ပါဘဲ။ သားသမီးတွေအတွက် အငတ်ခံနိုင်သူဟာ အမေတစ်ယောက်ဘဲ ရှိပါတယ်။ သားသမီးတွေအတွက် အသက်စတေးနိုင်တဲ့သူဟာလဲ အမေတစ်ယောက်ဘဲရှိပါတယ်။

သားဇောနှင့်ကြမ်းတမ်းလှတဲ့ ရုရှားဇာဘုရင်ကို အံတုခဲ့တဲ့ အမေ၊ တိုးအေးသင်္ဘောပျက်ပြီး သေဆုံးကြတဲ့အထဲမှာ ရေထဲ ၁၅ရက်ကြာမှ တွေ့ရတဲ့ (သေဆုံးပြီးခန္ဓာကိုယ်ပုပ်ပွသည့်တိုင်) သားသေလေးကို ဖက်လျက်နဲ့ သေဆုံးနေတဲ့ အမေ။ "သားတို့ရဲ့ ပညာရေးကို အရှုံးမခံနိုင်ဘူး၊ အမေ့အသက် သေချင်သေပါစေ။ ကျောင်းစာတွေရပ်ထားပြီး ဘာဖြစ်လို့ ပြန်လာခဲ့ရတာလဲ"လို့ အမေသေဆုံးခါနီး (ကျောင်းစာခဏရပ်ထားကာ အမေ့ဆီအပြေးပြန်လာခဲ့တဲ့) ကျနော်တို့ကို တစ်ဖွဖွပြောသွားတဲ့ ကျနော်တို့အမေ။ အားလုံးဟာ အမေတွေ... အမေတွေ ပါဘဲလေ။

လူသားတိုင်းမှာ အမေရှိပါတယ်။ အမေနဲ့မကင်းနိုင်ပါဘူး။ သူ့အမေ ကိုယ့်အမေကွဲပေမဲ့ အမေအားလုံးကတော့ သားသမီးတွေရဲ့  မိခင်တွေပါဘဲ။
.....

မိခင်တွေအားလုံးထဲမှာမှ တရုတ်ပြည် စီချွန်းပြည်နယ် ငလျင်ဒဏ်ကြောင့် အိမ်ပြိုကျပြီး အုတ်ကျိုးအုတ်ပဲ့ဖိမိကာ သေဆုံးသွားတဲ့ မိခင်တစ်ယောက်ရဲ့ 
အဖြစ်ကတော့ ကျနော့်ရင်ကို အလှုပ်ခတ်စေဆုံးပါဘဲ။
*****

၂၀၀၈ခု၊ မေလ ၁၂ ရက်နေ့က တရုတ်ပြည် စီချွန်းပြည်နယ်မှာ ၈.၀ မတ်ဂနီကျုအင်အားရှိမြေငလျင်တစ်ခု ပြင်းထန်စွာလှုပ်ခတ်ပြီး လူပေါင်း ၈၀၀၀၀ ထက်မနည်းသေဆုံးကာ ၄၀၀၀၀၀ ခန့် ဒဏ်ရာရရှိကြပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ ပြည်တွင်းပြည်ပရှိ ကယ်ဆယ်ရေးလုပ်သားတွေက အားတက်သရော အဆောက်အဦအပျက်တွေကို ဖယ်ရှားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။

တစ်နေ့။
ငလျင်ဒုက္ခသည် ကယ်ဆယ်ရေးအသင်းသားတွေ အဆောက်အဦးတစ်ခုကို အသွားမှာ အသင်းခေါင်းဆောင်က ရုတ်တရက် နောက်ပြန်လှည့်ကာသူ့အသင်းသားတွေကို "မြန်မြန်လာ" ဆိုပြီး အော်ဟစ်ကာပြိုကျနေတဲ့အိမ်တစ်ခုဆီ ပြေးသွားပါတယ်။ ၀န်ထမ်းတွေလဲ သူ့နောက်အပြေးလိုက်လာခဲ့ကြတယ်။ အဲဒီရောက်တော့ သူတို့ တွေ့လိုက်ရပါပြီ။
အိမ်ပျက်ကြားထဲမှာ ပိမိနေတဲ့ အမျိုးသမီးတစ်ဦး။

ဒါပေမဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ သူမကို တွေ့လိုက်ရတဲ့အချိန်မှာ သူမဟာ သေဆုံးနေခဲ့ပါပြီ။ အိမ်ပြိုကျပြီးအုတ်အကျိုးအပဲ့ ကွန်ကရစ်အပဲ့တွေဖိမိလို့ သေဆုံးရတာပါ။ အုတ်ပုံတွေကြားထဲက သူမရဲ့ ခန္ဓာကိုယ်ပုံစံအနေအထားကို အထင်ရှားတွေ့မြင်နေရပါတယ်။ ဒူးနှစ်ဖက်လုံးမြေပေါ်ထောက်ထားပြီး (ခန္ဓာကိုယ်ပြိုလဲမကျသွားအောင်) လက်နှစ်နှစ်နဲ့လဲ မြေကြီးကိုကြံ့ကြံ့ခံထောက်ထားတဲ့အနေအထားပါ။ ရှေးရိုးရာ အခမ်းအနားတစ်ခုမှာ သစ္စာတိုင်တည်ဟန် (ဒူး လက် လေးဘက်ထောက်) အနေအထားအတိုင်းပါဘဲ။ ဒါပေမဲ့ သူမရဲ့ ကိုယ်ခန္ဓာအနေအထားဟာ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့ ဒီလိုပုံစံဖြစ်နေရတာပါလိမ့်။

ကယ်ဆယ်ရေးတစ်ဦးက အုတ်ပုံကြားထဲကတစ်ဆင့် သူမ အသက်ရှင်သေးလားဆိုတာ အတည်ပြုဖို့ သူမကို အော်ခေါ်ပါတယ်။ ပြီးတော့ လက်နှိုက်ပြီး တူလက်ကိုင်ရိုးနဲ့ အုပ်ကျိုးလေးတွေကို အသာထုပြီး တုန့်ပြန်သံကို နားထောင်ပါတယ်။ ဒါပေမဲ့ ဘာတုန့်ပြန်သံမှ မကြားရပါဘူး။ ဒါဆို သေဆုံးနေတာ သေချာပါပြီ။

ကယ်ဆယ်ရေးလုပ်သားတွေ ကြိုးစားပြီး သတိထားကာ သူမအလောင်းပေါ်ဖုံးနေတဲ့ အကျိုးအပဲ့အစတွေကို ဖယ်ရှားပစ်ကြပါတယ်။ ကယ်ဆယ်ရေးအသင်းခေါင်းဆောင်က သူမအလောင်းရှိရာသို့လာပြီး ကျွမ်းကျင်ညှင်သာစွာ သူမအလောင်းအောက်ကို လက်နှိုက်ပြီး ရှာဖွေပါတယ်။ ပြီးတော့ ရုတ်တရက် သူ ထအော်လိုက်တယ်။
"ဒီထဲမှာ တစ်ယောက်ယောက်ရှိနေတယ်။ ဟာ...ကလေးလေးတစ်ယောက်ဘဲ။ အသက်မသေသေးဘူး"

သူမရင်ဘတ်အောက်တည့်တည့်မှာ ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်။ အော်.. ဒါကြောင့်မို့ ဒူးထောက် လက်ထောက်ပြီး ကလေးအသက်ကို ကာကွယ်ပေးဖို့ ကုန်းကွကွဖြစ်နေတာကိုး။ အဲဒီမြင်ကွင်းကြောင့် ကယ်ဆယ်ရေးဝန်ထမ်းတွေ ပါးစပ်အဟောင်းသား ဖြစ်ကြရပါတယ်။ ကလေးလေးကို အ၀ါရောင်ပန်းပွင့်နှင့်ခြယ်သထားတဲ့ စောင်အနီကလေးနဲ့ သေချာကျနစွာ ထုပ်ပိုးထားပါတယ်။ ကလေးအသက်ကတော့ ၃-၄လ အရွယ်လောက်ပါ။ ယောက်ျားလေးပါ။ အပျက်အစီး အသက်အန္တရာယ်တွေကြားထဲက လူမမယ် လသားအရွယ်သားလေးတစ်ယောက်ကို အသက်အသေခံပြီး ကာကွယ်စောင့်ရှောက်ခဲ့တဲ့ သူမရဲ့ မိခင်မေတ္တာကတော့ ရှာမှရှားပါဘဲ။

သူ့အမေရဲ့ ခန္ဓာကိုယ်အကာအကွယ်နဲ့ ကလေးလေးဟာ ဘာမှ အနာတရမရှိခဲ့ပါဘူး။ လောကကြီးဘာတွေဖြစ်နေမှန်းလဲ သူနားလည်မှာ မဟုတ်ပါဘူး။ သူ့ကို အပြင်ထုတ်လာတဲ့အထိ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဘဲ ဖြစ်ပါတယ်။ သူ့ရဲ့  နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ မျက်နှာလေးက အဲဒီမြင်ကွင်းမှာရှိကြတဲ့ ကယ်ဆယ်ရေးလုပ်သားတွေရဲ့ နှလုံးသားကို နွေးထွေးစေခဲ့ပါတယ်။

ကယ်ဆယ်ရေးအသင်းဒေါက်တာက ကလေးလေးကို စစ်ဆေးဖို့ ထုပ်ပိုးထားတဲ့စောင်ကို ဖြေလိုက်တဲ့အခါမှာ တွေ့လိုက်ရတာကတော့.....။ စောင်ထဲထည့်ထားတဲ့ မိုဘိုင်းဖုန်းလေးတစ်လုံး
သူက အမှတ်မထင် ဖုန်းလေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ မက်ဆေ့ခ်ျ တစ်ခုကို တွေ့လိုက်ရတယ်။

"My Dear Baby, If you were to stay alive, you must remember that I love you"
"သားလေးရယ်၊ တကယ်လို့ သားလေးအသက်မသေဘဲ ရှင်ကျန်ရစ်မယ်ဆိုရင်လေ၊ အမေကလေ.. သားလေးကို အရမ်းချစ်တယ်ဆိုတာ သတိရပေးပါ သားလေးရယ်.. နော်"

ဒေါက်တာတစ်ယောက်အတွက် လူတွေသေလို့ နာကြင်စရာ ကြေကွဲစရာတွေဖြစ်ကြတာဟာ အထူးအဆန်းမဟုတ်ပေမဲ့ ဒီအချိန်မှာတော့ မက်ဆေ့ခ်ျကိုဖတ်ပြီး ဒေါက်တာလဲ စိတ်မထိန်းနိုင်ဘဲ ရှိုက်ကြီးတစ်ငင် ငိုကြွေးနေပါတော့တယ်။ အဲဒီ မိုဘိုင်းဖုန်းလေးကို ကယ်ဆယ်ရေးဝန်ထမ်းအားလုံး တစ်ယောက်စီ ကြည့်ကြပြီး မက်ဆေ့ခ်ျလေးကို ဖတ်ရင်း အားလုံးဘဲ ယူကြုံးမရစွာ ငိုကြွေးနေကြပါတော့တယ်။ အဲဒီအကြောင်းအရာလေးကို အင်တာနက်နှင့်အီးမေးလ်ဖော်ဝါ့ဒ်ကတစ်ဆင့် သိရှိကြရတဲ့ ကမ္ဘာအရပ်ရပ်ကလူအများစုဟာလဲ မျက်ရည်ဥလေးတွေ ခိုတွဲလို့ပေါ့။ လူမျိုး ဘာသာ သတ္တ၀ါကွဲပြားကြပေမဲ့ မိခင်မေတ္တာကတော့ အနစ်နာခံစွာ မကွဲမပြားတစ်သားထဲဘဲ ဖြစ်ပါတော့တယ်။
........

အဲဒီမှတ်တမ်းဖိုင်လေးကို ဖတ်ကြည့်ပြီး ကျနော်လဲ မျက်ရည်ကျမိပါတယ်။
ဒါပေမဲ့....
မိခင်မေတ္တာကြောင့် ကျခဲ့တဲ့ အဲဒီကျနော့်မျက်ရည်အတွက် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ ပြီးတော့ အဲဒီမျက်ရည်အတွက် ကျနော် ကျေနပ်စွာ(ကြည်နူးစွာ)ဂုဏ်ယူနေလျက်ပါဘဲ။


မှတ်ချက်။
ပို့စ် ၅၀၀ ပြည့်အမှတ်တရအနေနဲ့ ဒီအကြောင်းလေးကို ရေးချင်လို့ရေးလိုက်ခြင်းရယ်ပါ။ ဒီအဖြစ်အပျက်ကို လူတိုင်းနီးပါး သိပြီးသလောက်ဖြစ်နေပြီလို့ ယူဆပါတယ်။ ကျနော့် ဒီပို့စ်ဟာ မိခင်မေတ္တာကို လုံးဝ မပေါ်လွင်စေဘူး၊ မထင်ဟပ်စေဘူးဆိုရင် ကျနော့်ရဲ့  အရေးအသားအားနည်းချက်ကြောင့်ဘဲ ဖြစ်မှာပါ။ မိခင်မေတ္တာဟာ စကြာဝဠာပျက်သုဉ်းသည့်တိုင် ရှင်သန်နေလျက် ရှိနေမယ်ဆိုတာကတော့ မြေကြီးလက်ခတ် မလွဲပါဘဲခင်များ။ ။

ကြည့်ချင်ရင် ဒါလေးကို ကလစ်လိုက်ရုံပါဘဲ။

...

12 comments:

မိုးစက်အိမ် said...

ကျွန်တော်ကတော့ခုမှဖတ်ရတယ် အစ်ကို ၀မ်းနည်း
သွားတယ်ဗျာ တကယ်ခံစားရတယ် အော်မိဘမေတ္တာ
တကယ်ပါဘဲဗျာ ကျွန်တော်စာတွေရေးလိုက်ရင်
ပေါ့သွားမယ်ထင်တယ် အစ်ကိုရာ သေချာတာကတော့
မိဘမေတ္တာ ဟာ မြင့်မိုရ်ထက်မြင့်တာတော့ အမှန်ဘဲ . . .

ဇွန်မ said...

၅၀၀ပြည့် ပို့စ်လေးမှာ ထူးထူးခြားခြား မိခင်မေတ္တာ အကြောင်းရေးထားတာ ခံစားပြီး ဖတ်သွားပါတယ် အကိုရေ။

ဝက်ဝံလေး said...

ဟွင့် လုပ်ပြီအကျင့်ကိုမကောင်းဘူး
ပို့စ် ၅၀၀ ပြည့်တာ ရီစရာလေး ဘာလေး ရေးပါလားလို့ ဟွင့်
ထုတော့ နိုသွားတယ် ဗြဲဟဲဟဲ
ကျေနပ်ဘူး ညက်ရည်တွေ ပြန်လျော်ပေးးးးးးးးး
အီးးဟီးးးးးးးးးး
လွမ်းပါတယ်ဆိုကာမှ ထပ်ဆင့် ပိုလွမ်းသွားပြီ

လင်းကြယ်ဖြူ said...

ဘယ်တော့မှ...
ဘာနဲ့မှ ...အစားထိုးလို့မရတဲ့..
တုနှိုင်းမဲ့ မေတ္တာတရားတော်တို့နဲ့ ထုံလွှမ်းရာ
တစ်ဖက်သတ်စီးဆင်းနေတဲ့ မြစ်ကြီးတစ်စင်း
ဘယ်တော့မှ ခန်းခြောက်သွားမှာ မဟုတ်ပါဘူး...

ပျော်ပါစေခင်ဗျာ
*.*.*

Anonymous said...

ပို့စ် ၅၀၀ ပြည့်မှသည်နှောင်
စာရေးချင်နေသ၍ ဆက်လက်ရေးနိုင်ပါစေ
ဒီပို့စ်ကို ဖတ်မိတိုင်း ဗီဒီယိုလေးကိုကြည့်မိတိုင်း
အင်မတန်ဝမ်းနည်းမိတယ်

ရေတမာ said...

ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ။ အကိုရေးထားတာ မိခင်မေတ္တာကို အပြည့်အ၀ ဖော်ကျူးပါတယ်။ ပိုစ့် ၅၀၀ မှသည် ပိုစ့်ပေါင်းများစွာ ရေးသားနိုင်ပါစေ။

flowerpoem said...

ပို့စ် ၅၀၀ ပြည့်မှာ အမေအကြောင်း ကို အမှတ်တရရေးတာ အရမ်းကောင်းပါတယ် သယ်ရင်းရေ

ခွန်သဒ္ဒါ said...

ခွန်လည်းခုမှဖတ်ဖူးတယ်။
အမေ့မေတ္တာကတော့ စာဖွဲ့လို့မမှီပါဘူး
အစ်ကိုရေ။
ဒီထက်ပိုပြီးစာတွေရေးနိုင်ပါစေ။

ချော (အစိမ်းရောင်လွင်ပြင်) said...

မိခင်မေတ္တာကို ဖော်ညွှန်းတဲ့ စာတွေဖတ်ရတိုင်း ဘယ်တော့မှ ရိုးသွားတယ် ဆိုတာ မရှိပါဘူး... လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်.. တစ်ဆက်တည်း မောင်လေးရေ.. အစ်မ ဘလောဂ့်ကို လင့်ချိတ်ထားတာ http://missgreenlady.com အစား ကျေးဇူးပြုပြီး http://missgreenlady.mylovecafe.net လို့ပြောင်းချိတ်ပေးပါလား..အရင်အဟောင်းက update မဖြစ်ဘဲ ပိုစ့်အဟောင်းဘဲ ပေါ်နေလို့ပါ.. ကျေးဇူးပါနော်

နှင်းနဲ့မာယာ said...

ကိုကိုမောင်ရေ
ပို့စ် ၅၀၀မှသည် နောင် ပို့စ်ပေါင်းများစွာရေးနိုင်ပါစေ...
ဒီအမှတ်တရ ပို့စ်လေးကို သေချာခံစားပြီး ဖတ်သွားပါတယ်နော်...

ခြေလှမ်းသစ် said...

ကိုကိုမောင်ရေ ပိုစ့်လေးက အမေ့မေတ္တာတွေကို တကယ် ထင်ဟပ်စေပါတယ်ဗျာ ... ဖတ်ရင်းနဲ့ ပိုစ့်ထဲ ကို စိမ့်ဝင်သွားလို့ မနဲပြန်ထွက်လာရတယ်ဗျ.. ဒီလိုပါပဲ လူသားတွေဟာ ဘယ်လိုပဲ ကွဲပြား အမေ့မေတ္တာတွေ ကတော့ အတူတူပါပဲ ဖတ်လို့ အရမ်းကောင်းပါတယ် ...

ကောင်းမွန်ဝင်း said...

၅၀၀ပြည့်မှာ ၅၂၈မေတ္တာကိုရေးထားတာလာဖတ်ပါတယ်။ သိပ်ကောင်းတာပဲ။ တကယ့်ကို ခံစားရပါတယ်။ လက်တို့ခံလိုက်ရသလိုပဲ။ ငိုချင်ရဲ့ လက်တို့ဆိုသလိုပေါ့။