Tuesday 4 August 2015

အမေသည်မြန်မာ (Mother, the Myanmar)


အမေ့ရပ်ဝန်း၊ လွန်တင့်ရွှန်း၍
စိမ်းလန်းဝန်းကျင်၊ မြစ်ရေပြင်နှင့်
ပေါရွှင်ဥစ္စာ၊ ရတနာတို့
ခြယ်ကာစိုက်ပျိုး၊ လယ်ယာမျိုးဝယ်
တန်ခိုးထက်မြက်၊ စွမ်းအားထက်၍
ချေဖျက်ရန်သူ၊ များပြည်သူကို
ရန်မူခပင်း၊ ထိုသင်းပင်းမှ
အရှင်းကာကွယ်၊ ငြိမ်းချမ်းနယ်သို့
ပျော်ဖွယ်မဆုံး၊ ပီတိဖုံးသည်
ဟိုတုန်းကပါ အမေ။
............

ခုတော့
အမေမွေးဖွား၊ အမေ့သားများကြောင့်.....။

အမေ့ခြေလက်၊ သစ်ကိုင်းခက်လည်း
ချိုးဖျက်ခုတ်ထွင်၊ လောဘယှဉ်ကာ
အစဉ်ရှေ့ ရေး၊ ပေါ့ဆတွေး၍
ဆွေးမြေ့ပြုတ်ကြွေ၊ ညှိုးနွမ်းလေပြီ
မဖြေသာမှန်း သိတယ်အမေ။

အမေ့နှလုံးသား၊ ဥစ္စာများလည်း
ဆိုးရွားအန္ဓ၊ လူ့ဗာလတို့
တူးဆွဖောက်ထွင်း၊ အပြတ်ရှင်း၍
တလင်းပြောင်ကာ၊ အနှစ်ကွာပြီ
ရင်နာနေမှန်း သိတယ်အမေ။

အမေ့နှလုံးသွေး၊ မြစ်ရေဖွေးလည်း
နီစွေးစွန်းထင်၊ ဆီးပိတ်ပင်၍
ဟိုဝင်ဒီထွက်၊ ဒဏ်ရာချက်နဲ့
အသက်လုစီး၊ ထိုခရီးမှာ
ငိုညည်းနေမှန်း သိတယ်အမေ။

အမေ့ဝမ်းစာ၊ လယ်တောယာမှာ
စိုက်ကာစပါး၊ မျိုးပွါးထားလည်း
မိုးများရွာချ၊ ပျက်စီးကြ၍
နွမ်းလျပူဆွေး၊ ဒုက္ခဘေးကြောင့်
ငိုကြွေးနေမှန်း သိတယ်အမေ။
..........

ခြေလက်နှလုံး၊ သွေးများဆုံး၍
ဆက်ရှုံးဝမ်းစာ၊ ကံကြမ္မာကြောင့်
ရိက္ခာပြတ်တောက်၊ ငါးပါးမှောက်ပြီး
အကြောက်အန္တရာယ်၊ ရှေ့ကကွယ်၍
ကာကွယ်နိုင်အား၊ မရှိငြားလည်း
အားမငယ်ပါနဲ့ အမေ။

သည်ရေသည်မြေ၊ သည်ရေမြေကို
အမေဟုပင်၊ နာမတင်၍
ခေါ်တွင်သမုတ်၊ စိုက်အားထုတ်ပြီး
ပတ်ကုတ်ကြိုးစား၊ တန်ဘိုးထားမယ်
အားတင်းပါတော့ အမေ။

စိမ်းလန်းပြေစွာ၊ ရတနာနှင့်
မြစ်မှာသန့်ရှင်း၊ မှန်စီးဆင်း၍ 
စိုက်ခင်းများစွာ၊ ဖြစ်ထွန်းလာအောင်
ညီညာပေါင်းစု၊ တည်ဆောက်ပြုမယ်
ရတုဆက်ဆက် အားတက်ပါတော့ အမေ။

တုံးဖလားသူကြီးမင်း (သြဂုတ်လ ၄ ရက် ၂၀၁၅ ၁၉း၃၀ နာရီ)


*****
ဒီ "အမေသည် မြန်မာ" ဆိုတဲ့ ကဗျာလေးကို ရသလောက်ဈေးနဲ့ ရောင်းလိုပါတယ်။ မည်သူမဆို ၀ယ်ယူလိုသူများ ထိုတန်ဖိုးငွေကို ရေဘေးအလှူသို့ သွားရောက်ထည့်ဝင် လှူဒါန်းပေးစေလိုပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ (အမေရိကန်နိင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က ဒေါ်ခင်မေက ဒီကဗျာလေးကို စတာလင်ပေါင် ၁၀၀ (ပေါင်တစ်ရာတိတိ) နဲ့ ၀ယ်ယူပြီး ဖြစ်ပါသည်။ ထို ပေါင် ၁၀၀ ကိုလည်း ရေဘေးအလှူသို့  မနက်ဖန် လှူဒါန်းသွားပါမည်။ (သြဂုတ် ၀၅ ၂၀၁၅ ဗုဒ္ဓဟူးနေ့)

ဝန်ခံချက်။
ဤကဗျာကို မေဓာဝီ May Nandar​ ရဲ့ "ကာလသုံးပါးနဲ့ တို့ရဲ့တိုင်းပြည်" ဆိုတဲ့ ကဗျာလေးကို ဖတ်ရှုပြီး အလားတူ ကဗျာလေးတစ်ပုဒ် မွေးထုတ်ချင်စိတ်နဲ့ ရေးသားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

.

2 comments:

Aunty Tint said...

သူကြီးရဲ့လက်ရွှေချထားလိုက်ချင်ပါဘိ ... :P (ရွှေဈေးတွေတက်နေတော့ မတတ်နိုင်သေးလို့)
လူကသာနေမယ် ပညာကမနေဘူးဆိုသလိုပေါ့ မကြာခဏလက်စွမ်းပြပါလားသူကြီးရယ်။
ဖေ့ဘုတ်မှာဖတ်ခဲ့ပြီးပေမယ့် သဘောကျလို့ နောက်တစ်ခေါက် ဘလော့မှာထပ်ဖတ်သွားတယ် ...

သူကြီးမင်း (တုံးဖလား) said...

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ တီတင့်အားပေးရင် အားတက်ပြီးသား။
နည်းနည်းအချိန်ရရင် ရသလို မြှောက်တိုင်း ကွေးနေအောင် ကပစ်လိုက်ဦးမယ်။း)