Friday, 11 November 2011

ဂိဟိဘာဝ ဒုက္ခ (အားကျပြီး လူဝတ်လဲမိရာဝယ်...)


မှတ်ချက်။
တစ် ခြောက်လုံး (၁၁.၁၁.၁၁) နေ့မှာ အမှတ်တရ ဖြစ်စေဖို့ ဤပို့စ်ကို ရေးသားပါသည်။ ။

သင်္ကန်းဝတ်နဲ့နေလာခဲ့သည်မှာ ကြာခဲ့ပြီ။ ကြာဆို ၁၀ နှစ်သား၌ ကိုရင်ဝတ်သည်။ အသက် ၂၀ ၌ ရဟန်းခံသည်။ အခု အသက် ၃၀ ရှိလေပြီ။ ကိုရင်သက် ၁၀ နှစ်၊ ရဟန်းသက် ၁၀ နှစ်၊ စုစုပေါင်း သင်္ကန်းသက် အနှစ် ၂၀ တိတိ ရှိလေပြီ။ ပရိယတ်စာပေကိုလဲ အထိုက်အလျောက် သင်ယူခဲ့သည်။ ၀ိနည်းသိက္ခာပုဒ်တော်များကိုလဲ ကြိုးစားပြီး ထိန်းသိမ်းလာခဲ့သည်။ ရဟန်းဘ၀ကား ကျေနပ်ဖွယ် ကောင်းလေစွ။ သူ၏ ဘွဲ့အမည်မှာ ဣန္ဒြိယ ဖြစ်၏။ ထို ဣန္ဒြိယဟူသည့် ဘွဲ့နာမည်ကို ရွာထဲမှ ကာလသားသမီးများက ရံဖန်ရံခါ "ဦးအိမ်သတိရ" ဟု စကြနောက်ကြတတ်သေး၏။

တစ်နေ့၌ ဦးဇင်းဣန္ဒြိယ မြို့တက်ပြီး ဓမ္မာစရိယစာမေးပွဲ သွားဖြေ၏။ ဘုန်းကြီးစာမေးပွဲတွေကို ဘယ်အချိန်ကစပြီး စာသင်ကျောင်းတွေမှာ ဖြေဆိုစေခဲ့သည်၊ ဘာအတွက် စာသင်ကျောင်းတွေမှာ ဖြေဆိုစေခဲ့သည်ကို မသိ။ ယနေ့တိုင်အောင် ဘုန်းကြီးစာမေးပွဲများကို အထက်တန်းကျောင်းများ၌ ဖြေဆိုစေမြဲ ဖြစ်လေသည်။ ဦးဇင်းဣန္ဒြိယသည် စာမေးပွဲဖြေရန် အထက်တန်းကျောင်းတစ်ခုသို့ ဘတ်စ်ကားဖြင့် အသွား ဘတ်စ်ကားပေါ်တိုးတက်စဉ် မတော်တစ်ဆ ၀ိသဘာဂအာရုံဖြစ်သည့် မာတုဂါမတစ်ယောက်နဲ့ အသားချင်း ထိခိုက်မိလေ၏။ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းထကာ ခေါင်းနပန်းကြီးသွား၏။ စိတ်တွေ လှုပ်ရှားသွား၏။ ဘတ်စ်ကားပေါ်က ဆင်းခဲ့ပြီးနောက် စိတ်တွေဂယက်ရိုက်နေသည်မို့ ပြင်ပအာရုံတစ်ခုနဲ့ အစားထိုးဖြေဖျောက်ရန် ပတ်ဝန်းကျင် ဟိုဟိုဒီဒီ လိုက်လံကြည့်နေမိ၏။

ဖြေဆေးရှာမှ အဆိပ်နဲ့ တန်းတိုးသလို အာရုံစုစည်းနိုင်ဖို့ ပတ်ဝန်းကျင်ရဲ့ အကူအညီကို ယူကာမှ ရောင်စုံအလှအပတို့ဖြင့် ရွှန်းလဲ့နေသည့် မိန်းခလေးတစ်သိုက်ဆီသို့ မျက်လုံး ရောက်သွားလေတော့၏။ ပိုဆိုးသွားလေပြီ။ သဘာဝတရားက ဖန်ဆင်းပေးထားသည့် ကောက်ကြောင်းတွေနောက် အာရုံတွေ ရောက်ရောက်သွားပြီး စိတ် အညစ်ညမ်းကြီး ညစ်ညမ်းမိလေတော့၏။ ကြောက်မက်စရာ အာရုံတွေပါတကား။ ပစ္စည်းဥစ္စာနှင့် မာတုဂါမ(အမျိုးသမီး)ဟာ ဘိက္ခု(ရဟန်း)ကို ရက်ရက်စက်စက် သတ်ပစ်နိုင်သည့် လက်နက်ကြီးများပင် ဖြစ်ပေတော့၏။

ပစ္စည်းမာတု၊ ဤနှစ်ခု၊ ဘိက္ခု သေမင်း၊ ဓါးနှစ်စင်း။
ပစ္စည်းမာတု၊ ဤနှစ်ခု၊ ဘိက္ခု သေကြောင်း၊ ဓါးနှစ်ချောင်း။

ဦးဇင်းဣန္ဒြိယတစ်ယောက် စာမေးပွဲလဲ ကောင်းကောင်း မဖြေဆိုနိုင်ခဲ့ပေ။ စိတ်ဓါတ်တွေလဲ အကျကြီးကျနေပြီး လောကီလူ့ဘောင်သို့သာ စိတ်ကူးယဉ်နေမိလေတော့၏။ မီးလောင်ရာ လေပင့်ဆိုသလို သူငယ်ချင်းရဟန်းလူထွက်ဖြစ်သူ တစ်ယောက်နဲ့ တိုင်ပင်ကြည့်ရာ ထိုရဟန်းလူထွက်က လူ့ဘောင်မှာဆို သားမယားနဲ့ ဇိမ်ကျကျနေနိုင်ပြီး ငါးပါးသီလလေး လုံခြုံကာမျှဖြင့် အပါယ်မကျနိုင်တော့ကြောင်း၊ ရဟန်းဘ၀မှာဆို ၀ိနည်းသိက္ခာပုဒ်တွေ အလွန်များကြောင်း၊ မစောင့်ထိန်းနိုင်ရင် အပါယ်သို့ ဇောက်ထိုးဆင်းမည်ဖြစ်ကြောင်း၊ ငရဲပြည်မှာ ၀ိနည်းမလိုက်နာနိုင်လို့ ငရဲကျနေတဲ့ ရဟန်းတွေ အများကြီးရှိကြောင်း လေပေးကောင်းကောင်းဖြင့် လူ့ဘောင်သို့ ၀င်ရောက်ကူးပြောင်းရန် ဆွဲဆောင်လေတော့၏။

မချွေခင်က ကြွေချင်နေသူမို့ ဦးဇင်းဣန္ဒြိယလဲ ရဟန်းဘ၀မှ လူဝတ်လဲကာ ထိုသူငယ်ချင်း ရဟန်းလူထွက် အကူအညီဖြင့် ရွာထဲမှ ရွက်ကြမ်းရေကြို ရုပ်ရည်ရှိသည့် မိနှင်းဆိုသည့် အသက် ၂၀ ကျော်ကျော် မိန်းခလေးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး လူ့ဘ၀ကို စတင်လေ၏။ မိဘအကူအညီဖြင့် သီးသန့်အိမ်လေးတစ်လုံး ဆောက်ပြီး နေထိုင်ကြ၏။ အသက် ၃၀ ကျော်မှ ဘ၀ စသူမို့ အယောင်ယောင် အမှားမှား မကြာခဏဖြစ်၏။

ပြဿနာမှာ မင်္ဂလာဦးညကပင် စ၍ဖြစ်၏။ ကာလသားများ စားပွဲသောက်ပွဲပြီးလို့ ပြန်သွားကြတော့ ညဉ့်ပင် အတော်လေး နက်နေလေပြီ။ လူထွက် ဣန္ဒြိယသည် အိပ်ရာမ၀င်ခင် ဧည့်ခန်းရှိ ဘုရားစင် ရှေ့၌ ငုတ်တုတ်ထိုင်ကာ ဘုရားရှိခိုး၏။ ထို့နောက် တရားထိုင်နေပြန်၏။ ဇနီးပူပူနွေးနွေးလေး မိနှင်းခမျာ အိပ်ရာထဲကနေ လင်တော်မောင် ဘုရားရှိခိုး ပြီးနိုးနိုးဖြင့် စောင့်ရင်း အိပ်ပျော်သွားလေ၏။ လူထွက် ဣန္ဒြိယ အိပ်ရာထဲ ၀င်လာတဲ့အချိန်မှာတော့ မိနှင်းတစ်ယောက် တခေါခေါဖြင့် တောင်တက်နေလေပြီ။

လူထွက် ဣန္ဒြိယသည် မနက်မိုးလင်းလင်းချင်း ဘုရားဝတ်တက်ပြန်၏။ ထို့နောက် ဘုရားစင်ရှေ့ မိန့်မိန့်ကြီး တင်ပလ္လင်ခွေထိုင်ပြီး မိန်းမ အိပ်ရာအနိုးကို စောင့်ကာ "မိန်းမရေ... မနက်စာ ပြင်ဆင်ပြီးရင် လာကပ်တော့နော်၊ ငါ ဘုဉ်းပေးချင်နေပြီ" ဟူ၍ ပြောလေတော့၏။ ဟုတ်တော့လဲ ဟုတ်ပေသားဘဲ။ ဒီအချိန်ဟာ ရဟန်းဘ၀ကဆို အရုဏ်ဆွမ်း အချိန်မဟုတ်လား။ အကျင့်များ တယ်လဲ ဖျောက်ရ ခက်ပေသကိုး။ အင်းပေါ့လေ။ နှစ် ၂၀ လုံးလုံး သင်္ကန်းဝတ်နဲ့ နေလာခဲ့တာဆိုတော့လဲ အကျင့်ဝါသနာ ဗီဇက ပယ်ဖျောက်ရ အခက်သား။ အကျင့်ဗီဇဆိုတာကလဲ ဘုရားရှင်မှသာ ပယ်သတ်နိုင်တာ မဟုတ်ပါလား။

ဒီလိုနဲ့ ညဘက် ဘုရားဝတ်တက်၊ တရားထိုင်၊ ပုတီးစိပ်၊ မေတ္တာပို့၊ အမျှဝေ လုပ်လိုက်၊ အိပ်ရာထဲဝင်တော့ မိန်းမ တစ်ခေါခေါ အိပ်ပျော်နေတာ တွေ့လိုက်နဲ့ အိမ်ထောင်ပြုပြီးတာသာ တစ်ပတ်ကျော်သွားတယ်၊ ရဟန်းလူထွက်တို့ စုံတွဲ လင်မယား အရာ မမြောက်ကြသေးဘဲ ရှိလေသည်။ ရဟန်းလူထွက်ကလဲ ခပ်ရှက်ရှက်၊ မိနှင်းကလဲ မိန်းခလေးမို့ ခပ်ရှက်ရှက်။ ဆိုတော့။ ဘယ်လိုက ဘယ်လို အစပျိုးရမှန်းမသိ ဖြစ်နေကြလေသည်။

တစ်နေ့မှာတော့ အကြံဖြင့် ရဟန်းလူထွက်တစ်ယောက် ညနေခင်း ခပ်စောစောကထဲက ဘုရားဝတ်တက်ခြင်း လုပ်ငန်းတို့ကို ကြိုတင်ပြုလုပ်လေ၏။ အမျိုးသမီးကလဲ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သောကခြေရာ ကဗျာများကို ဖယောင်းတိုင် မီးဖြင့် ဧည့်ခန်းထဲ၌ပင် ထိုင်ဖတ်နေ၏။ အမျှဝေ ကြေးစည်ထုပြီး ဘုရားကိစ္စ အဆုံးသတ်လိုက်၏။ သို့သော် ဘုရားကိစ္စပြီးတော့ မယားကိစ္စ ဘယ်လို ဆက်ရမည် မသိ ဖြစ်နေပြန်၏။ ဒီလိုနဲ့ လူထွက်တစ်ယောက် "ငါက ယောက်ျားဘဲလေ၊ အရာအားလုံးမှာ ငါက ဦးဆောင်သင့်ပါတယ်" ဟု စဉ်းစားကာ အရဲစွန့်ပြီး "မိန်းမရေ... ကာမဂုဏ်လေးများ အလိုရှိရင် ပွင့်ပွင့်လင်းလင်းပြောနော်။ အားမနာနဲ့" ဟူ၍ မိန်းမအနား ကပ်ကာ မတိုးမကျယ် ဒဲ့ဒိုးကြီး ပြောချလိုက်လေတော့၏။ မိန်းမ ဖြစ်သူ မိနှင်းကလဲ ခေသူမဟုတ်။ "သေနာကြီး အခုမှ လာပြောရသလား၊ တကထဲမှဘဲ။ ရဟန်းအကျင့်ကို မပျောက်တတ်သေးဘူး... လာ.... " ဆိုပြီး လက်ဆွဲကာ အိပ်ခန်းထဲ ၀င်ရောက်သွားလေတော့မှ အရာမြောက်ကြလေတော့၏။ လက်ချိုးရေတွက်ကြည့်လိုက်တော့ မင်္ဂလာဦးညမှသည် ယခု အကြင်လင်မယား မြောက်တဲ့ နေ့အထိ ဆယ်ရက် တိတိ။

မနက်မိုးလင်းတော့ ရဟန်းလူထွက် မျက်နှာမှာ ပြုံးဖြီးဖြီးကြီး ဖြစ်နေလေ၏။ ကျေနပ်သည့် အပြုံးပင် ဖြစ်၏။ ရွာထဲမှ တင်ဖေကြီး စောစောစီးစီး ရဟန်းလူထွက်အိမ်ပေါက်ချလာပြီး "ဘယ်လိုလဲ ကိုရင်ကြီးရ အစစ အရာရာ အဆင်ပြေပြေ ရှိမှ ရှိပါလေစ" ဟူ၍ ရဟန်းလူထွက်အား မေးမြန်းလေ၏။ ရဟန်းလူထွက်ကလဲ "ကျုပ် ငယ်ငယ်ရွယ်ရွယ်နဲ့ လူမထွက်ခဲ့ရတာ နာလှသဗျာ၊ နောင်တ ရလို့ကို မဆုံးဘူး" ဟု ဘွင်းဘွင်းကြီး ပြန်ဖြေလေ၏။ တင်ဖေကြီးကလဲ ရပ်မနေဘဲ "ဘာဖြစ်လို့လဲဗျ" ဟု ထပ်တွန့်ကာ မေးလေ၏။ ရဟန်းလူထွက်လဲ မိန်းမမိနှင်းကို တစ်လှည့် တင်ဖေကြီးကို တစ်လှည့်ကြည့်ကာ ရှက်ပြုံးဖြင့် "အဟီးဟီး" ဟု လူကြီးရှက်တော့ ရယ်လိုက်လေတော့၏။ ထိုအခိုက် ရဟန်းလူထွက်အား မိနှင်းရဲ့ မျက်စောင်းထိုးပုံမှာ မျက်လုံးများပင် ကျွတ်ထွက်လာပြီး ထိမှန်လာတော့ မယောင်ယောင်။

ဒီလိုနဲ့ မိုးဦးကျရာသီ ရောက်လာလေ၏။ မိဘများက လုပ်စားဖို့ လယ်ကွက်တစ်ခု ပေးထား၏။ သို့သော် မိနှင်းလဲ မိဘလုပ်စာ စားပြီး ကြီးပြင်းလာသူမို့ ဘာအလုပ်မှ မလုပ်တတ်၊ လူထွက်လဲ ဘာအလုပ်မှ မလုပ်ဖူးသောကြောင့် ဘယ်ကစပြီး ဘယ်လို လုပ်ရမှန်းမသိ။ တစ်နေ့သော် ရဟန်းလူထွက်တစ်ယောက် တတ်သလောက် မှတ်သလောက် စမ်းသပ်ကာ လယ်ကွက်ကို ထယ်ထိုးလေ၏။ မိန်းမဖြစ်သူ မိနှင်းကလဲ ကန်သင်းပေါ်၌ ထိုင်နေပြီး လင်တော်မောင် ထယ်ထိုးသည်ကို ကြည့်နေလေ၏။ လယ်ကွက်အတွင်း တစ်ပတ်(one round) နှစ်ပတ်(two rounds) ထယ်ထိုးပြီးသော အခါ ထယ်ထုဖြင့် အရာဝတ္ထုတစ်ခုအား ထိုမိပြီး ထိုအရာဝတ္ထုသည် အပေါ်သို့ ငေါကနဲ ပေါ်လာလေ၏။ "ဟာ.. ထယ်သွားကြီး၊ ဘယ်တုန်းက ဘယ်သူ ကျန်ထားခဲ့လဲ မသိဘူး။ ငါနဲ့ ထိုက်လို့ ငါ ရတာ" ဟူ၍ စဉ်းစားကာ လယ်ကန်သင်းရှိ မိန်းမအား "မိန်းမရေ... ထယ်သွားကြီး တစ်ခု ထယ်ထိုးရင်း တွေ့တယ်။ အဆင်ပြေတာဘဲ၊ ငါတို့ ကံရှိလို့ ရတာ နေမှာ" ဟု အော်ပြောလေ၏။

"ဘယ်မှာလဲ ပြစမ်းပါဦး" ဟု မေးလဲမေး အနားသို့လဲ လာရောက်ကာ ယောက်ျားဖြစ်သူထံမှ အသစ်ရသည် ဆိုသော ထယ်သွားကြီးကို ကြည့်ရှုပြီးနောက်.....

"ရှင် ဒီလောက် အ ရ တုံးရသလား။ ဒါ ဘယ်သူ့ ထယ်သွားမှ မဟုတ်ဘူး။ ကျုပ်တို့ ထယ်သွားကြီး။ ရှင် ထယ်ထိုးရင်း ပထမအပတ်က ပြုတ်ကျထားခဲ့တာ။ အခု နောက်တစ်ပတ်(another round) ဒီနေရာရောက်မှ ရှင် ပြန်တွေ့တာ" ဟူ၍ အော်ငေါက် ပြောဆို လေတော့သည်။ ဟုတ်ပေသားဘဲ။ လယ်ကွက်ကို ထယ်ရေးညက်အောင် တစ်ပတ်ပြီးတစ်ပတ် ခပ်စိပ်စိပ် ထယ်ထိုးရသည် မဟုတ်ပါလား။ ပထမအပတ်က ပြုတ်ကျ ကျန်ထားခဲ့သည့် ထယ်သွားကို အခုတစ်ပတ် ဒီနေရာရောက်တော့ ထယ်ထုဖြင့် ပြန်ထိုးမိခြင်း ဖြစ်လေ၏။

တစ်နေ့
လင်နှင့်မယား လျာနှင့်သွား ဆိုရိုးစကားအတိုင်း လင်မယားနှစ်ယောက် အချင်းချင်း စကားများ ရန်ဖြစ်ကြပြီး စကားအချေအတင် သူနိုင် ကိုယ်နိုင် ပြောနေကြလေ၏။ မိနှင်းက "ကျွန်မ မိဘအရိပ်အောက်မှာ နေစဉ်က အခုလို ဒုက္ခမရောက်ဖူး။ ခြေမွေးမီးမလောင် လက်မွေး မီးမလောင်နေလာခဲ့ရတာ။ ရှင်နဲ့ အိမ်ထောင်ကျပြီးမှဘဲ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ရတာ။ ရှင်နဲ့ ရတာ ကျွန်မကံဆိုးတယ်" ဟူ၍ လင်တော်မောင်အား နှက်လိုက်လေ၏။ ယောက်ျားဖြစ်သူကလဲ အားကျမခံ "ငါလဲ နင်နဲ့ အိမ်ထောင်ကျမှ အခုလို ဒုက္ခဆိုးတွေနဲ့ ကြုံတွေ့ရတာ။ ငါ ရွာဦးကျောင်းမှာတုန်းကဆို ဘာမှ လုပ်စရာ မလိုဘူး။ ဘုရားရှိခိုးလိုက်၊ စာလေးကျက်လိုက်၊ တရားလေးထိုင်လိုက်နဲ့ အဆင်ကို ပြေလို့။ အခု နင်နဲ့ ရမှ ငါ့ဘ၀မှာ မကြုံဖူးတဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတာ" ဟူ၍ ပြန်ပက်လိုက်လေတော့၏။

ဤသို့ဤနှယ် ဖိုက်လိုက် ကိုက်လိုက် မိုက်လိုက် ရိုက်လိုက် ပြန်ခေါ်လိုက် ပြန်ဆော်လိုက် ပြန်ချစ်လိုက် ပြန်ကစ်လိုက် အက်ကြောင်းပျိုးလိုက် မျက်စောင်းထိုးလိုက် ပြန်အော်လိုက် ပြန်ဆော်လိုက် ပြန်မုန်းလိုက် ပြန်ပြုံးလိုက် ဘုရားဝတ်ပြုလိုက် မယားဝတ်ပြုလိုက်ဖြင့် ရှစ်လခန့်မျှ ကြာသောအခါ မိနှင်းရဲ့ ခပ်ချပ်ချပ်ဗိုက်ကလေး တစ်ထွာလောက် အပေါ်သို့ ဖောင်းတက်လာသောဟူ၏။ ။ ပြီးပြီ။ ။


သင်ခန်းစာ။
အသက်ကြီးမှ လူ့ဘောင်ကနေ ရဟန်းဘောင်သို့ ကူးပြောင်းလာသူသည်လည်းကောင်း
အသက်ကြီးမှ ရဟန်းဘောင်ကနေ လူ့ဘောင်သို့ ကူးပြောင်းလာသူသည်လည်းကောင်း
လွန်စွာမှ ကိုးလို့ကန့်လန့် နိုင်လှပေ၏။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

.

27 comments:

ကိုရင် said...

အင်း..တစ်ခြောက်လုံးမှာ ရေးတဲ့စာကို ပထမဆုံး comment ပေးရလို့ ကျွန်တော်လည်း တစ်ခြောက် လုံး ပါတယ်..:D

နောက်တစ်ခု လုပ်ပါအုံး..
“အားကျပြီး မိန်းမယူမိရာဝယ်” ဆိုတာလေး လုပ်စမ်း
ပါအုံး... :D

Anonymous said...

haaaaaa--------yu chin own . ti pi lar?

နေ၀သန် said...

ထိပ်ဆုံးက သင်္ကန်းသက်က ဘယ့်နှယ် နှစ် ၃၀ ဖြစ်နေသတုန်း.. သူကြီးရ... ဒီတစ်ခါတော့ သူကြီးမဟုတ်တာသေချာပါ၏... :D.. ကျူပ်တို့ သူကြီးက လူပြိုကြီးဆိုတာ သတင်းရထား၏.. ဟိဟိ

ခင်မင်လျက်
နေ၀သန်

ကိုကိုမောင်(ပန်းရနံ့) said...

ဟား ဟား ဟား။ မောင်နေ၀သန် တော်တယ်။
ပြင်လိုက်ပြီ။ ၂၀ လို့။
၃၀ ဟုတ်ဘူးးးးးး။း)
ကျေးဇူးးး


ခင်မင်လျှက်

လွင်ပြင်လှိုင်းငယ် said...

ကိုရင်ပြောသလိုပဲ
“အားကျပြီး မိန်းမယူမိရာဝယ်” ဆိုတာလေးရေးပါအုံး
၁၂.၁၂.၂၀၁၂ မှရေးမယ်တော့ မလုပ်နဲ့နော်
ခင်မင်လျက်
လွင်ပြင်လှိုင်းငယ်

jasmine(တောင်ကြီး) said...

ဒီအဲဖြစ်ကတော့သကြီးမဟုတ်တာသေချာနေပါတယ်
သကြီးကလူပျိုကြီးလေနော်
ချစ်တတ်သူ....အိမ်ထောင်ရှိသူတွေက်ုအားကျပြီး
ချစ်သူရှာတဲ့အကြောင်းလေးလဲရေးပါသကြီးရယ်
ဒီနေ့ညကိုသာရေးလိုက်တော့
ထူးခြားသွားအောင်လို့တစ်၆လုံးမှာ....
ခင်မင်တဲ့ ဂျက်စမိုင်း(ဒိုးကန်အရေး)
မုန်လာထုပ်(တောင်တစ်လုံးပေးတဲ့အမည်)

An Asian Tour Operator said...

သာဓုပါဗျာ။ သင်္ခန်းစာ ယူသွားပါတယ်။ :)

flowerpoem said...

ဖတ်လို့ကောင်းတယ် လူ့ဘောက်ဒုက္ခတွေက ကွက်ကွက်ကွင်းကွင်းကို မြင်ရတာပဲ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

၁ ခြောက်လံုး အမှတ်တရကို ခပ်ပြုံးပြုံးဖတ်သွးတယ် သူဂျီး..
အော် ရဟန်းလူထွက်ကလည်း လု့ဘောင်လောကနဲ့ အံမဝင်ဖြစ်နေတာ ရယ်စရာပြုံးစရာရယ်..
၁ခြောက်လုံးမှာ ကိုကိုမောင်လဲ ပြုံးနိုင်ပါစေကြောင်း...

mstint said...

ကိုကိုမောင်တစ်ယောက် 'ဘုရားရှိခိုးလိုက်၊ စာလေးကျက်လိုက်၊ တရားလေးထိုင်လိုက်နဲ့ အဆင်ကို ပြေလို့' ဆိုတဲ့ဘဝကို အားကျမိတာတော့ မဟုတ်လောက်ပါဘူးနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

one round
two round
another round ;)
သူကြီး..ရေးလည်း.ရေးတတ်ပါပေ့ဗျာ့းP
လေးစားလျှက်
မိစံ

ဆူးသစ် said...

ဖတ်လို့ကောင်းပါတယ်။

ဘုန်းဘုန်းတောက် said...

သူကြီးမင်းက ဒီလိုလေးကော ကြားဖူးလား ဟိုဝါလေ ဘုန်းကြီးလူထွက်က သူ့ရည်းစားနဲ့ တွဲပြီး လမ်းလျှောက်သွားတယ်။ တစ်နေရာရောက်တော့ သစ်ပင်ကြီးကြီးတစ်ပင်တွေ့တယ်။ သူ့ရည်းစားက "မောင် ဟို သစ်ပင်အောက်မှာ..."လို့ ပြောမလို့ရှိသေး "ဘုန်းကြီးဘ၀တုန်းက သစ်ပင်အောက်မှာ တရားထိုင်ခဲ့တာ ပြန်အမှတ်ရတယ်"တဲ့။ အင့် တုံးလိုက်ထှာနော်။ ဘုန်းဘုန်းတောက် လူထွက်ရင်တော့ အဲဒီလိုကြီးတော့.................။

မေသိမ့်သိမ့် ကျော် said...

ဟီးဟီး။ ရယ်လိုက်ရတာ ပြောမနေနဲ့တော့။ (ကြံကြံဖန်ဖန်ပဲ ရေးတတ်ပါ့) ထပ်ဖတ်သွားပါတယ်ရှင်။


ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

အင်းးး အင်းး သေချာတယ် သေချာတယ်
တဂျီးကိုယ်တွေ့တွေနေမှာ
တခါတခါများသံသယတောင်ဝင်မိပါရဲ့
တဂျီးဟာဘုန်းကြီးလူထွက်များဖြစ်နေလေရော့သလားး)

ဟန်ကြည် said...

မိုက်ပါဘိ မဒိုးကန်ရယ်...
သူကြီးက ဘုန်းကြီးလူထွက်ဆိုရင် အခုအချိန်လောက်ဆို မာတုဂါမလေးတစ်ယောက်နဲ့ နှစ်ပါးကြည်နေရောပေါ့...ပြီးတော့ ဘာတဲ့ ...“ ကာမဂုဏ်လေးများအလိုရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါဘိ ” တွေဘာတွေ တတ်မှာပေါ့... အခုကြည့် တို့သူကြီးခမျာ ဘယ်ကလောက် ရိုးသားရှာသလဲ မိန်းကလေးများဆိုရင် စေ့စေ့တောင် မကြည့်ရှာဘူး...( ကြိုက်မိမှာစိုးလို့ ... ဟဲ ဟဲ )

ဘုန်းကြီးလူထွက်တစ်ယောက် မိန်းမယူပြီးတော့ တစ်နယ်တစ်ကျေးကို ခရီးထွက်ကြပါလေရောတဲ့...ရာသီကလည်း ဆောင်းတွင်းကြီးဖြစ်ပြန်တော့ အအေးဒဏ်ကို မခံနိုင်တော့တဲ့ လူပြန်တော်ဘုရားက သူ့မိန်းမဘက်လှည့်ပြီး “ သူ့ရွာ...သူ့ပြည်...ချမ်းသလေ...စောင်ကော ” ဆိုပြီး စောင်တောင်းတယ်ဆိုပဲ သူကြီးရဲ့...ကမ္ပ၀ါဖတ်နေကျဆိုတော့ “ သုနာ...သုတေ...ဘန္ဒေ...သံဃော” ဆိုတာနဲ့လည်း အထာကျနေရဲ့ မဟုတ်လား...


တစ်ခြောက်လုံးမှာ သူကြီးတို့ ရေးနိုင်ပေမယ့် ကွန်ပျူတာ နှာစေးသွားရှာလို့ လွတ်ပြန်ပေါ့ တစ်ရက်...

san htun said...

တဂျီးမင်း ကိုယ်တွေ့ လားဗျ..မဟုတ်နိုင်ပေါင် လူပြိုကြီးဟု သတင်းရထားသည်..:P

ကိုဇော် said...

သူများရဲ့ စိတ်ကူး အိပ်မက်လေးတွေကို ဒီပို့စ်ကြီးနဲ့ ဖျက်ပစ်တယ် လူဇိုးးးးးးးးးးးးးးးးးးးးးးး
အခုတော့ အသစ်ပြောင်းသွားပြီ . . . နှစ်ယောက် တခါတည်းပဲ ယူလိုက်တော့မယ် . . ဟဟဟ

ဟန်ကြည် said...

မနေ့ကပဲ မဒိုးကန်နောက်ကနေ ကွန်မန့်တင်လိုက်ပါသေးတယ်...ဘယ်များခြေထောက်ပေါက်သွားပါလိမ့်...

အားကျပြီး ဘာညာကွိကွ...နောက်ဆက်တွဲပို့စ်များကိုလည်း စောင့်မျှော်လျှက်ပါဗျား...

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်ကြည်ရေ့..
ဒီကွန်မင့်လေး ရောက်ခဲ့လာမှ ဆရာ့ကွန်မင့်တစ်ခု ပျောက်နေတာ သတိထားမိတယ်။ ဆရာ့ကွန်မင့်ကို မနေ့က အီးမေးလ်ထဲကဘဲ ဖတ်ခဲ့တာလေ။ ဘလော့ကွန်မင့်ထဲမှာ မဖတ်ဖြစ်ခဲ့ဘူး။ အခု စစ်ကြည့်လိုက်တော့မှ Spam ထဲ ရောက်နေတယ်။ ဆရာကွန်မင့်နဲ့ နောက်ကွန်မင့်တစ်ခုလေ။
အခုမှ ပြန်ဆွဲထုတ်လိုက်ရတယ်။
ဆောရီးနော် ဆရာ။ နောက်ဆို Spam ထဲ ခဏခဏ ၀င်ကြည့်မှ။ တော်ကြာ သူတို့ကွန်မင့်တွေ ဖျက်ပစ်တယ်ဆိုပြီး ဒေါသပွါးတာ ခံနေရမှာ ကြောက်ရတယ်။ ဘယ်သူ့ကွန်မင့်ကိုမှ တစ်ခါမှ Delete မလုပ်ခဲ့ဖူးပါဘူး။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ခင်မင်လျှက်
တဂျင်းမီးးးးး

ညိမ်းနိုင် said...

အိမ်း....တဂျီးရေ....၁ခြောက်လုံးကို အတော်ကြီးလွန်မှ
ရောက်လာရတယ်ဗျာ....၊လူပြန်ဒေါ်တဂျီးမင်းရဲ့ ကိုယ်တွေ့
ဟုတ်ဟန်မတူတဲ့ကိုယ်တွေ့လေးကို တပြုံးပြုံးနဲ့ဖတ်သွား
ပါတယ်ဗျားးးးးး။

Anonymous said...

ကိုတင်ဖေကြီးမေးတော့ အဆင်ပြေပါတယ် အားလုံးရှောရှောရှုရှုပါပဲလို့ပြန်မဖြေမိတာကံကောင်းပေါ့း)

သယ်ဂျီးရယ်ရတယ်ဗျာ့း)

မောင်ဘကြိုင်

Anonymous said...

ရှောရှောရှုရှုဆိုတာ ဗမာစကားရှိသလားသိဖူးဗျာ့ တိန်း)
ရှောဆိုတာက ချောတာ ရှုဆိုတာကမွေ့ ချောမွေ့တာကိုပြောတာထင်တာပဲ

တိန်
ကိုယ့်ဟာနဲ့ကိုယ်ရှုပ်ကုန်ပါပြီဗျာာ

မောင်ဘကြိုင်

blackroze said...

တဂျီး
သူများကောမက်ဖျက်ထားတယ်မှတ်လား..
ဒါကိုသူများဖတ်ပြီးတာကြာလှပေါ့ ကောမက်လည်း
ရေးခဲ့တယ်..အခုမရှိတော့ဘူး..
တဂျီးဖျက်လိုက်တာနေမှာ
ကောမက်ပြန်ထည့်ပေးပါတဂျီး..
သူများစနေတာမဟုတ်ဘူးနော်
အတည်ပြောနေတာ

ဂျယ်ရီပစ်ပစ်

ဟန်ကြည် said...

သူကြီးတစ်ယောက် ဘာတွေကြံစဉ်နေပါလိမ့်...စာလေးဘာလေးများလည်း ရေးစမ်းပါဦးတော့...အိုဖို့အတွက်များကြိုးပမ်းနေရော့သလားမသိ...သူကြီးစာလေးတွေမဖတ်ရတာကြာတော့ သတိရသဗျား...

Candy said...

မိန်းကလေးက လာဆိုပြီး လက်ဆွဲခေါ်သွားတယ်တဲ့.. အဟိ.. ရှက်ချာကြီး

ရီရတယ်.. :P :D :D

custom essays writing service online said...

anymore, to die purposelessly anymore, to get injuries anymore. custom essays writing service online