Tuesday, 8 November 2011

ဒုလ္လဘ ဒုက္ခ (အားကျပြီး ရဟန်းဝတ်မိရာဝယ်...)


ဦးပဇင်းတောက်ထိန်ကို မြင်ကထဲက သောင်းဟန်တစ်ယောက် ပဇင်းဝတ်ချင်စိတ်ပေါက်နေမိသည်။ ဦးပဇင်း တောက်ထိန်သည် ခေါင်းတုံးပြောင်ပြောင် အသားဖြူဖြူ သင်္ကန်းညိုညိုနဲ့ အတော်လေး ကြည်ညိုဖွယ်ကောင်းနေလေသည်။ တောက်ထိန်ပဇင်းတက်ခဲ့သည်မှာ တစ်နှစ်နီးနီးပင် ရှိလေပြီ။ "လူ့ဘောင်လောကမှာ စိတ်ညစ် စိတ်ရှုပ်စရာတွေချည်း" ဟု အကြောင်းပြပြီး ပဇင်းတက်ခဲ့ခြင်းဖြစ်သည်။ တေဇသာမိဟု ရွာဦးကျောင်းဆရာတော်က ဘွဲ့နာမည်ပေးထားသော်လဲ လူနာမည်ဖြစ်သည့် တောက်ထိန်ဟုပင် နာမည်တွင်လျှက် ရှိနေလေသည်။

ဦးပဇင်းတောက်ထိန်ကို အားကျပြီး သောင်းဟန်တစ်ယောက် စိတ်ထိန်းချုပ်မရလောက်အောင် ပဇင်းဝတ်ချင်စိတ် ပေါက်နေလေတော့သည်။ ထို့ကြောင့် သီတင်းကျွတ်ကာလလေးမှာ မိဘနှစ်ပါးကို စပါးရိတ်အမီ လူဝတ်ပြန်လဲခဲ့မည်ဟု ကတိပေးပြီး ပဇင်းတက်ဖို့ ရွာဦးကျောင်း ဆရာတော်ဆီ လာခဲ့လေသည်။ စိတ်အတွင်းမှလဲ ဆရာတော်တော့ ရဟန်းသစ် တစ်ပါး တိုးမှာမို့ ၀မ်းသာနေမှာဘဲ ဟု စဉ်းစားကာ ကြည်နူးသလိုလို ဖြစ်မိနေလေသည်။

"ဆရာတော်... တပည့်တော် ပဇင်းတက်ချင်လို့ပါဘုရား"

"ဟေ... ပြန်လျှောက်စမ်း"

"ပဇင်းတက်ချင်လို့ပါဘုရား"

"မင်း...မင်း... နောက်တစ်ခါ ထပ်မပြောနဲ့တော့၊ ငါ ထွေးခံနဲ့ ပေါက်လိုက်ရ။ သွား... အခု ငါ့ရှေ့က ထွက်သွားစမ်း"

"တပည့်တော် ဘာများ မှားသွားလို့လဲ ဘုရား"

"မင်း.. ထပ်မပြောနဲ့တော့လို့ ပြောထားတယ်နော်။ ငါ စိတ်တိုလာရင် မင်းမလွယ်ဘူး။ ပဇင်းတက်ချင်ရင် ငါ့ကျောင်းကို ဘယ်တော့မှ မလာခဲ့နဲ့၊ တစ်ခြား ကျောင်းကိုသာသွား..."

အထင်နဲ့အမြင် လွှဲစင်နေသည်ကို တွေ့ရ၍ သောင်းဟန်တစ်ယောက် ဆရာတော် ဘာဖြစ်လို့ စိတ်ဆိုးဒေါသထွက်မှန်း သဘောမပေါက် ဖြစ်နေလေသည်။ သို့သော် ထပ်မပြောနဲ့တော့ဟု စကားလမ်းကြောင်း ပိတ်ထားသောကြောင့် ဘာစကားမှ မပြောရဲတော့ဘဲ ရွာဦးကျောင်းမှ အမြန် ပြန်လာခဲ့ရလေသည်။

ထို့နောက် အကြံကောင်း ရလိုရငြား ဆရာတော်နဲ့ ရင်းနှီးကျွမ်းဝင်ရှိသည့် ရွာထဲမှ ဦးဘမှုံထံသို့ ခြေဦးတည်ခဲ့လေသည်။ ဦးဘမှုံကြီးအား အခန့်သား သူ့အိမ်ပေါ်မှာ တွေ့လိုက်ရသည့်အတွက် ၀မ်းသာသွားသည်။ အမှန်ဆို ဦးဘမှုံတစ်ယောက် ရွာရိုးလျှောက်ပြီး အလွတ်ကျက်မှတ်ထားသည့် အစိန္တေယျဘုရား ရှိခိုးစာတွေကို ရွတ်ဆိုနေကြဖြစ်သည်။

"ဘကြီးမှုံရေ.. မေးစရာရှိလို့ဗျ"

"မေးလကွာ"

"ကျနော် ပဇင်းဝတ်ချင်လို့ ညနေက ရွာဦးကျောင်းဆရာတော်ဆီ သွားခွင့်ပန်တာ အငေါက်ခံထိပြီး ပြန်လာခဲ့ရတယ်။ ဘာဖြစ်လို့ ဆရာတော် အဲဒီလောက် စိတ်ဆိုးမှန်း မသိဘူး"

"မင်းက ဆရာတော်ကို ဘယ်လို လျှောက်လိုက်လို့လဲ"

"ရိုးရိုးလေးပါဘဲ။ တပည့်တော် ပဇင်းတက်ချင်လို့ပါဘုရားလို့ လျှောက်လိုက်တယ်လေ"

"မင်း.. အဲဒါ ခက်တာပေါ့။ ရွာဦးကျောင်း ဆရာတော်အကြောင်း မသိတာလဲ မဟုတ်ဘဲနဲ့"

"ဘာဖြစ်လို့လဲ ဘကြီးမှုံ"

"ဆရာတော်က အမျိုးသားရေးဝါဒသမားကြီးလေကွာ"

"အဲဒါနဲ့ ဘာဆိုင်လို့တုန်းဗျ"

"ဆိုင်ပါပကော မောင်သောင်းဟန်ရယ်။ မင်းက ပဇင်းတက်ချင်တယ်လို့ သွားလျှောက်တာကိုးကွ။ မင်း မှတ်ထား။ ဆရာတော်ကို နောက် ဘယ်တော့မှ ပဇင်းတက်ချင်တာတို့ ရဟန်းတက်ချင်တာတို့ ဆိုတဲ့ အသုံးအနှုန်းနဲ့ သွားမလျှောက်နဲ့။ မင်းကို ဘယ်နည်းနဲ့မှ လက်ခံစဉ်းစားပေးမှာ မဟုတ်ဘူး"

"ဒါဖြင့် ဘယ်လို လျှောက်ရမှာလဲ ဘကြီးမှုံ"

"လွယ်လွယ်လေးပါ။ ဆရာတော်က အမျိုးသားရေးဝါဒသမားဆိုတော့ ပဇင်းတက်ချင်တာတို့ ရဟန်းတက်ချင်တာတို့ အစား ပဇင်းခံချင်တယ် ရဟန်းခံချင်တယ်ဆိုပြီး ပြင်လျှောက်လိုက်ရုံပေါ့။ ဒါဆို ဆရာတော် သေချာပေါက် မင်းကို လက်ခံလိမ့်မယ်"

ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပါဘဲ။ သို့ပေသည့် မတတ်နိုင်ပြီ။ သူ့အရပ် သူ့ဇာတ်ပေဘဲ။း) ဘကြီးမှုံ ပေးခဲ့တဲ့ အကြံအတိုင်း နောက်တစ်နေ့မှာ သောင်းဟန်တစ်ယောက် ရွာဦးကျောင်းသို့ ခြေဦးလှည့်ပြီး ဆရာတော်ထံ ခွင့်ပန်ပြန်လေသည်။

"ဆရာတော်.. တပည့်တော် ရဟန်းခံချင်လို့ပါဘုရား"

ဘကြီးမှုံပေးခဲ့တဲ့ အကြံ တိုက်ရိုက်ထိလေသည်။ ဆရာတော်က..

"အေး အေး... ရဟန်းခံချင်ရင်တော့ မင်းကို လက်ခံမယ်။ မင်းကို ရဟန်းတက်ပေးမယ်။ ရဟန်းတက်ချင်ရင် ပဇင်းတက်ချင်ရင်တော့ တစ်ခြားကျောင်းကိုသွား။ ဟုတ်ပြီလား"

ဟူ၍ အမျိုးသားရေးဝါဒသမားပီပီ ရှောရှောရှူရှူ လက်ခံလိုက်လေတော့သည်။ ထူးထွေတည့်.. အံ့ရာသော်ဝ်ပါဘဲ။ အသုံးအနှုံးလေး ကွဲပြားရုံနဲ့ လက်ခံခြင်း လက်မခံခြင်းတို့ ကွဲပြားခြားနားတတ်သည်ကိုးး။ ဒီလိုနဲ့ သောင်းဟန်တစ်ယောက် သီတင်းကျွတ်ကာလမှာ ရဟန်းဘောင်သို့ ရောက်ရှိခဲ့လေသည်။ ရဟန်းဘွဲ့အမည်မှာ ဦးသုတစာဂ ဟူ၍ ဖြစ်၏။ သို့သော် ဦးပဇင်းသောင်းဟန်ဟုပင် အားလုံးက ခေါ်ကြလေသည်။

ရဟန်းဝတ်ပြီး အကြီးမားဆုံး ပြဿနာမှာ ညနေပိုင်း၌ ဗိုက်ဆာခြင်းပင်ဖြစ်သည်။ အရာအားလုံးကို ခံနိုင်ရည်ရှိပေမဲ့ ဗိုက်ဆာခြင်းကို ဘယ်လိုမှ သည်းခံ၍ မရ။ ပထမတစ်နေ့၌ အောင့်အီးပြီး ရေသောက်ကာ ဗိုက်တဂွီဂွီနဲ့ ကြိတ်မှိတ်ကာ နေခဲ့ရသော်လဲ နောက်တစ်နေ့၌မူ နေ့ဆွမ်းစားပြီးချင်း ထမင်းအဖြူကို ၀ှက်ယူကာ ချန်ထားလိုက်လေသည်။ သို့သော် ညနေပိုင်းသို့ ရောက်သောအခါ စားဖို့ နေရာက အရေးကြီးပြန်လေသည်။ ဆရာတော်နဲ့လဲ မမိအောင် ကိုရင်ကျောင်းသားတွေနဲ့လဲ မတိုးမိအောင် ဘယ်လို စားရမှန်းမသိ။ တစ်ယောက်ယောက် တွေ့မြင်သွားရင် ဆရာတော်ဆီ သံတော်ဦးတင်လိုက်မှဖြင့် မဟာဒုက္ခ။ ဤသို့ဖြင့် ညဦးပိုင်းသို့ ရောက်လာလေသည်။

ဗိုက်ကလဲ အရမ်းဆာလာပြီမို့ ဆားဖြူးထားသည့် ထမင်းဖြူထုပ်ကလေးကို စောင်ခြုံထဲယူပြီး ခေါင်းမြီးခြုံအိပ်ကာ အိပ်ရင်းနဲ့ ဖြေစားလိုက်ရလေသည်။ ဟောခန်းထဲ စုပေါင်း အိပ်ရသည်မို့ သတိ အတော်လေး ထားပြီး စားနေရသည်။ ကိုယ့်ထမင်း ကိုယ် ခိုးစားရတဲ့ ဘ၀၊ တယ်လဲ သနားစရာ ကောင်းလိုက်ပါဘိ။ တစ်လုပ်နှစ်လုပ် စားပြီးသောအခါ တစ်စုံတစ်ယောက် လမ်းလျှောက်ပြီး သူ့ဆီ ဦးတည်လာနေသည့် ခြေသံကို ကြားလိုက်ရလေသည်။ ဆရာတော်များ ရောင်း(Round) လာလှည့်လေသလားမသိ။

ခြေသံကို နားထောင်ကြည့်လိုက်တော့ သူ့ခြေရင်းမှာ လူးလာခေါက်တုံ့ လမ်းလျှောက်နေခြင်း ဖြစ်သည်ကို သိလိုက်ရပြီးနောက် စောင်ခြုံထဲက ထမင်းကိုလဲ ဆက်ပြီး မစားရဲ၊ ခေါင်းမြီးခြုံလဲ မဖွင့်ကြည့်ရဲဘဲ ခြေသံအတိတ်ကိုသာ သည်းခံပြီး စောင့်မျှော်နေရလေတော့သည်။ သို့သော် ခြေသံက ဆက်လက် ရှိနေမြဲပင်။ ဦးဇင်းသုတစာဂတစ်ယောက် ခြေသံပိုင်ရှင် ထွက်အသွားကို စောင့်ရင်း ဗိုက်ထဲလဲ အစာ နှစ်လုပ်လောက် ၀င်ပြီး ဖြစ်လို့ မျက်လုံးလေး စင်းကာစင်းကာဖြင့် အိပ်ပျော်သွားလိုက်လေတော့သည်။

ညဉ့်နက်သန်းခေါင်ကျော်ကျော်လောက်မှာ ခြေထောက်ကို တစ်စုံတစ်ယောက်က ကန်ပြီးနိုးလိုက်သည့်အတွက် ဖြတ်ကနဲ နိုးလာလေသည်။ လာနိုးသည့်သူကို ကြည့်လိုက်တော့ ဖယောင်းတိုင်မီး ကိုင်ဆောင်ထားသည့် ဆရာတော်ကိုယ်တိုင် ဖြစ်နေသည်ကို အိပ်ချင်မူးတူး မှုန်ဝါးဝါး အမြင်ဖြင့် မြင်လိုက်ရလေသည်။ ပိုပြီး သဲသဲကွဲကွဲ မြင်ရရန် မျက်စိပွတ်ကြည့်ဖို့ လက်ဝါးကို မျက်နှာပေါ်တင်လိုက်တော့ စေးကပ်ကပ် အရာတွေ မျက်နှာတစ်လျှောက် ကပ်နေသည်ကို စမ်းမိလေသည်။ ဘာတွေပါလိမ့်။

အနားမှာ ရပ်ကြည့်နေတဲ့ ဆရာတော်က သူ့မျက်နှာရှေ့ မှန်တစ်ချပ် လာထောင်ပေးလေသည်။ မှန်ထဲ သေချာမျက်လုံး ပြူးပြဲကြည့်လိုက်တော့ ထမင်းစေ့တွေ။ဘုရား ဘုရား။ ညတုန်းက ထမင်းခိုးစားရင်း စောင်ခြုံထဲ အိပ်ပျော်သွားသည်ကို အခုမှ အမှတ်ရမိလိုက်သည်။ အိပ်ပျော်နေခိုက် အအိပ်ဆော့သည့်အတွက် မျက်နှာနဲ့ ထမင်းထုပ်နဲ့ အပ်မိပြီး မျက်နှာပြင်တစ်လျှောက်လုံး ထမင်းစေ့တွေ ကပ်နေခြင်းဖြစ်သည်။ အိပ်မောကျနေခိုက် ဘယ်လူးညာလူးဖြင့် စောင်က မျက်နှာပေါ်က ကွာကျသွားခြင်းဖြစ်မည်။ ဆရာတော်က ညဘက်ညခင်းတွေမှာ ကိုရင်ကျောင်းသားတွေကို အခုလို ကြည့်ရှုနေကြဖြစ်သည်။ သီတင်းကျွတ်ကာလမို့ အအေးဓါတ် အတော်ကလေး ၀င်ရောက်လာပြီ ဖြစ်သည်။ ထို့ကြောင့် ကိုရင်ပေါက်စ ကျောင်းသားပေါက်စလေးတွေ အိပ်ပျော်ရင်း စောင်လွတ်ပြီး အအေးပတ်မှာ စိုး၍ အခုလို ညဘက် ရောင်းလှည့် စစ်ဆေးခြင်းပင်ဖြစ်သည်။ စစ်ဆေးရင်း ဦးဇင်းသုတစာဂ ဖြစ်ပုံကို မြင်တွေ့သွားခြင်း ဖြစ်သည်။ ဗုဒ္ဓေါ။ ဖြစ်မှ ဖြစ်ရလေ။ "ဆရာတော် ခွင့်လွတ်ပါဘုရား၊ ဗိုက်အရမ်းဆာလို့ ခိုးစားမိပါတယ်" ဟု ကပျာကယာ တောင်းပန်လိုက်ရလေတော့သည်။

နောက်တစ်နေ့ မိုးလင်းတော့ ဦးပဇင်းသုတစာဂကို ဒဏ်ပေးလေသည်။ ထင်းခွဲခိုင်းခြင်းပင် ဖြစ်သည်။ ထင်းတုံးပေါင်း အတုံး နှစ်ဆယ်ခန့်ရှိသည်။ ထင်းခွဲနေသည့် နေရာအနီး၌ ဆရာတော်က ခုံလွတ်တစ်လုံး ယူပြီး ထိုင်ကြည့်နေလေသည်။ ထင်းတုံးတစ်တုံး၌ မြက်ဆုံကြီးကို တွေ့ရာ...

"ဆရာတော်... ဒီတုံးမှာ မြက်ဆုံကြီးရှိတယ်။ ပေါက်ဆိန်နာလိမ့်မယ် ထင်တယ်။ ဒါကြောင့် ထင်းတစ်တုံးနဲ့ အစာထိုးပြီး ပေးပါဘုရား"

ဟု လျှောက်ထား အသိပေးလိုက်လေရာ ဆရာတော်က သူ၏ လက်သုံးစကား အတိုင်း...

"ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခုံနဲ့ ရိုက်လိုက်လို့၊ ခါးကျိုးသွားမယ်"

ဟူ၍ အသံခပ်မာမာဖြင့် ပြန်ဟောက်လေတော့သည်။ ဦးဇင်းသုတစာဂလဲ ဘာမှ ဆက်မပြောတော့ဘဲ ပေါက်ဆိန်ကျိုးကျိုး ထင်းတုံးကွဲကွဲ အားကုန်ခဲ၍ ထင်းခွဲခြင်းလုပ်ငန်းကို ချွေးဒီးဒီးကျသည်ထိ လုပ်ကိုင်လိုက်ရလေတော့သည်။ ထမင်းတစ်လုပ် ဒုတ်တစ်ချက်ဆိုတာ ဒါကို ခေါ်တာဘဲ ဖြစ်ရမယ်။း)

နောက်တစ်နေ့ရောက်တော့ ထမင်း ခိုးမစားရဲတော့ပေ။ သို့သော် "ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဟူ၍ ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။ ငတ်ပြီဆိုမှဖြင့် ဘာကိုမှ ထည့်မတွက်တတ်တော့။ ညပိုင်းရောက်တော့ ထုံးစံအတိုင်း ဦးဇင်းသုတစာဂ ဗိုက်ဆာရောဂါက ဆန္ဒပြလာပြန်သည်။ နေ့လည်တုန်းက ထမင်းလဲ ၀ှက်မယူထားခဲ့လေတော့ အကြံရခက်နေလေသည်။ သို့သော် မီးဖိုဆောင်နဘေးမှာ ဆယ်ဝင်စဉ့်အိုးကြီးဖြင့် တည်ထားသည့် မုန့်ညှင်းချဉ်အိုးကြီး ရှိနေသည်ကို ဦးပဇင်းသုတစာဂ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် လူခြေတိတ်ချိန်တွင် အမှောင်ကို အားပြုကာ ထိုမုန့်ညှင်းချဉ်အိုးကြီးဆီသို့ တိုးတိုးတိတ်တိတ် သွားပြီး အဖုံးကို အသာကလေးဖွင့်ကာ အချဉ်ပေါက်နေပြီ ဖြစ်သည့် မုန့်ညှင်းချဉ်ဖတ်တို့ကို တစ်ဆုပ်ယူကာ အားရပါးရ စားသောက်လေတော့သည်။

ထိုအခိုက် လက်နှိပ်ဓါတ်မီးရောင် တစ်ခု မျက်နှာပေါ်တည့်တည့် ကျရောက်လာလေသည်။ အထိတ်တလန့်ဖြစ်ကာ ပါးစပ်ထဲ ရောက်ပြီးသား မုန့်ညှင်းချဉ်ဖတ်တို့ကို ထွေးပစ်ရနိုးနိုး မျိုချရနိုးနိုးဖြင့် ခိုးထုပ်ခိုးထည်တို့နှင့်အတူ လက်ဆုပ်လက်ကိုင် အမိခံလိုက်ရလေတော့သည်။ "ငါ့နှယ်နော်။ တစ်ခါခိုး တစ်ခါမိ ဆိုတာ ဒါကို ခေါ်တာဘဲ ဖြစ်ရမယ်" ဟု စိတ်ထဲ ရေရွတ်ရင်း ဟန်ဆောင်ကာ မာန်ပါပါဖြင့် သူခိုးက လူလို ဟစ်ကာ "ဘယ်သူလဲ" ဟု အော်မေးမိလိုက်ရာ "ဘယ်သူရမှာလဲ မင့်အဖေ ငါ" ဟု ပြန်ပြောခဲ့သည့် ရွာဦးကျောင်းဆရာတော်၏ အသံကို တုန်လှုပ်ချောက်ခြားစွာ ကြားလိုက်ရလေတော့သည်။း(

နောက်တစ်နေ့၌...

"ပဇင်းသစ် သုတစာဂ။ ကုသိုလ်လိုချင်လို့ သင်္ကန်းဝတ်လာတာဆိုရင်ဖြင့် ၀ိနည်းစည်းကမ်းကို လိုက်နာပါ။ အသက်လဲ ငယ်တော့တာ မဟုတ်ဘူး။ ၀ိနည်း မထိန်းသိမ်းနိုင်ရင်လဲ လူဝတ်လဲလို့ ရပါတယ်။ ခိုးစားတာဟာ ပစ္စည်းခိုးယူတာနဲ့ အတူတူပါဘဲ။ အပြစ်ကြီးလှပါတယ်။ ဒါကြောင့် ရှေးဆရာတော်တွေက အခုလို လင်္ကာလေးတွေ စီထားခဲ့ကြတယ်။ အပြစ်မကျူးလွန်မိအောင်ပေါ့။

ဘာသာတိုင်းက၊ တားမြစ်ကြ၊ ဆိုးလှ ခိုးဝှက်ခြင်း။
ယခုဘ၀၊ ပြစ်ဒဏ်ကျ၊ သေက အပါယ်ဆင်း။

အခု ကိစ္စမှာတော့ ငါ သိပ်ခွင့်လွတ်လို့ မဖြစ်ဖူး။ မောင်ပဇင်းကို လက်မှတ်ထိုးခိုင်းရမယ်။ ဒါမျိုး နောက်တစ်ခေါက် ထပ်ကျူးလွန်ရင် ကျောင်းတိုက်က နှင်ထုတ်ပစ်ရမယ်။ ဒါကြောင့် ဒီမှာ လက်မှတ်ထိုးပါ"

ကျောင်းတိုက် စည်းကမ်းဖောက်ဖျက်သူကို သမိုင်းချီပြီး မှတ်တမ်းတင်ထားသည့် ထို မှတ်တမ်းစာအုပ်အတွင်း ဦးပဇင်းသုတစာဂသည် နောက်တစ်ကြိမ် ယခုကဲ့သို့ မကျူးလွန်တော့ကြောင်း လက်မှတ်ရေးထိုးလိုက်ရလေသည်။ ဘောလုံးစကားနဲ့ ပြောရလျှင်ဖြင့် ဦးဇင်းသုတစာဂ အ၀ါကပ် ထိသွားခြင်းပင် ဖြစ်လေတော့၏။ ထို့နောက် ကိုရင် ကျောင်းသား အများရှေ့၌ ဆရာတော် တိုင်ပေးသော အောက်ပါ လင်္ကာလေးအား သုံးခါတိတိ ခပ်ကျယ်ကျယ် လိုက်ဆိုခဲ့ရလေတော့၏။

"(မုန့်ညှင်းချဉ်အိုး၊ စားဖို့ခိုး၊ ဒါမျိုးမလုပ်တော့ပါဘုရား) ၃"

ရဟန်းဘ၀ဖြင့် ကျင့်သားရနေပြီဖြစ်သည့် ဦးဇင်းတောက်ထိန်ကို အားကျပြီး ရဟန်းဝတ်လာမိသည့် သောင်းဟန်တစ်ယောက် ရဟန်းဘ၀ တကယ်မလွယ်မှန်း ညနေစာမစားရခြင်းလေးဖြင့်ပင် သဘောပေါက်သွားလေ၏။ "ရဟန်းဘ၀ အလွယ်မမှတ်နဲ့...တကယ် ကြပ်သကွဲ့ ဒကာတို့ရေ...အနယ်နယ် အရပ်ရပ် ငါတို့ပြည်မှာ....." ဆိုတဲ့ တေးထပ်ကလေးကို အခုလို အခက်အခဲမျိုးအတွက် ရေးသားခဲ့ကြဟန် တူပါရဲ့။

နောက် သုံးရက်ခန့်အကြာ၌
ဦးပဇင်းတွေ ကိုရင်ကျောင်းသားတွေအားလုံးကို ဆရာတော်က စာကျက်ခိုင်းထားလေ၏။ ဦးပဇင်းသုတစာဂလဲ ကိုရင်ကျောင်းသားတွေနဲ့အတူ ၀ိုင်းဖွဲ့ပြီး စာကျက်စာအံအမှု ပြုရလေသည်။ သို့သော် စာကျက်ခြင်းထက် ၀တ္ထု မဂ္ဂဇင်းဖတ်ခြင်းကိုသာ စိတ်အားထက်သန်သည့် ဦးပဇင်းသုတစာဂသည် စာအံရင်း ဆရာငြိမ်းကျော်၏ "အတိတ်လွင်ပြင်ကို ဖြတ်သန်းသွားသော အကြင်နာမျက်နှာစိမ်းများ" အမည်ရှိ ၀တ္ထုစာအုပ်အား ဘုရားစာအုပ် အကာအကွယ်ဖြင့် ဖတ်နေလေ၏။ ထိုအခိုက် ကိုရင်တစ်ပါးက ဦးပဇင်း သုတစာဂအား "ဆရာတော်နဲ့ မိရင် မလွယ်ဘူးနော်" ဟု သတိပေးလေသည်။ သို့သော် ဦးဇင်းသုတစာဂက သူ၏ သီအိုရီအား ကိုရင်ကျောင်းသားတွေကို အခုလို ပြောပြလေသည်။

"ဘုရားစာဖတ်ခြင်းဖြင့် ဗဟုသုတ မစုံနိုင်၊ ၀တ္ထု မဂ္ဂဇင်းဖတ်ခြင်းဖြင့်သာ ဗဟုသုတ စုံနိုင်တယ်"

ထိုကဲ့သို့ ကိုရင် ကျောင်းသားများအား ပြောပြလိုက်ရာ ကိုရင်ကျောင်းသားတွေအားလုံးလဲ တိုင်ပင်ထားသည့်အလား ညီညီညာညာဖြင့် ဆရာတော်၏ လက်သုံးစကားဖြစ်သည့်...

"ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခုံနဲ့ ရိုက်လိုက်လို့၊ ခါးကျိုးသွားမယ်"

ဟု ခပ်ကျယ်ကျယ် ရွတ်ဆိုပြီး ရယ်မောနေကြလေသည်။ ထိုစဉ် မျက်နှာချင်းဆိုင်မှ ကိုရင်တစ်ပါး ဦးပဇင်းသုတစာဂ၏ ခေါင်းပေါ်သို့ ကျော်ကြည့်ကာ ရုတ်တရက် တထိတ်တလန့် မျက်စိမျက်ဆံပြူး အမူအယာ ဖြစ်သွားသည်ကို မြင်တွေ့လိုက်ရလေ၏။ ဦးပဇင်းသုတစာဂလဲ ရောယောင်ကာ နောက်သို့ သမင်လည်ပြန် လှည့်၍ ကြည့်လိုက်တော့ ဒေါသအပြုံးဖြင့် နီနီရဲရဲ ပြုံးဖြဲဖြဲကြီးဖြစ်နေသည့် ဆရာတော့် မျက်နှာကြီး။

ဗုဒ္ဓေါ။



သဗ္ဗေသတ္တာ အဝေရာ ဟောန္တု
ကိုကိုမောင် (ပန်းရနံ့)

.

18 comments:

ကိုရင် said...

ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခုံနဲ့ ရိုက်လိုက်လို့၊ ခါးကျိုးသွားမယ်" ကြားတယ်နော် တဂျီးး)

mstint said...

ဒုလ္လဘ ဒုက္ခ တကယ်မလွယ်လှပါလားနော်း) ဦးပဇင်းသုတစာဂရဲ့ ဆင်ခြေကောင်းလေး "ဘုရားစာဖတ်ခြင်းဖြင့် ဗဟုသုတ မစုံနိုင်၊ ၀တ္ထု မဂ္ဂဇင်းဖတ်ခြင်းဖြင့်သာ ဗဟုသုတ စုံနိုင်တယ်" ဆိုတာလေးကို မှတ်သားသွားပါတယ် ကိုကိုမောင်ရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

ကြည့်ရတာ..တဂျီးကိုယ်တွေ့တွေ
ထင်ပါရဲ့နော်...ဟီးးဟီးးး

နေ၀သန် said...

စိတ်ခိုင်မှ ၀တ်တာအကောင်းဆုံးပါပဲ... မဟုတ်ရင် ကုသိုလ်ထက် အကုသိုလ်ပိုများလေရဲ့...

ခင်မင်လျက်
နေ၀သန်

စံပယ်ချို said...

အဲတာသကြီးပဲထင်ပါရဲ့နော်
ဘုရားစာဖတ်ခြင်းဖြင့် ဗဟုသုတ မစုံနိုင်၊ ၀တ္ထု မဂ္ဂဇင်းဖတ်ခြင်းဖြင့်သာ ဗဟုသုတ စုံနိုင်တယ်" ဆိုတာလေး ကတော့ အကြိုက်ဆုံးပါပဲသကြီးရေ...
ခင်တဲ့ မုန်လာထုပ်(မောင်တစ်လုံးပေးသောနာမည်)
jasmine

လွင်ပြင်လှိုင်းငယ် said...

ကိုယ်တွေ့ထင်ပါရဲ့ အားပေးဖတ်မှတ်သွားပါတယ်ခင်ဗျာ

Angelhlaing(May everybody be happy and healthy! said...

"ဘုရားစာဖတ်ခြင်းဖြင့် ဗဟုသုတ မစုံနိုင်၊ ၀တ္ထု မဂ္ဂဇင်းဖတ်ခြင်းဖြင့်သာ ဗဟုသုတ စုံနိုင်တယ်"


အပြည့်အဝ ထောက်ခံပါတယ်အကို....:):)
အဟီးးးး ငယ်ငယ်တုန်းက ဘုရားစာကျက်ရင် အမှီးအမောက်မတည့်နဲ့ ဦးလေးဆူတာ အမြဲခံရလို့..:P

ညိမ်းနိုင် said...

အော်...လက်စသတ်တော့ တဂျီး ခုတလောပျောက်နေတာ
ဒုလ္လဘ သွားဝတ်နေတာကိုး.....:)

ချော(အစိမ်းရောင်လွင်ပြင်) said...

သူကြီးမင်းရဲ့ ကိုယ်တွေ့အဖြစ်အပျက်ထင်ပါရဲ့..
ဖတ်လို့အကောင်းသားသူကြီးရဲ့..
ခနခန သူခိုးလူမိတာတော့ မနှိပ်ဘူး..
ဦးသုတစာဂ သနားပါတယ်.. ထင်းပေါက်ရ လက်မှတ်ထိုးရနဲ့
ဒါနဲ့ ဝတ္ထုခိုးဖတ်တာ မိသွားတော့ ဘာများ ဖြစ်သွားပါလိမ့်.. ကြိမ်လုံးစာများ မိသွားလေသလား.. :P

အဖြူရောင်နတ်သမီး said...

သူကြီး ..ဘုန်းဘုန်းဝတ်တာ မသိလိုက်ဘူး..
သိရင် ဆွမ်းလာကပ်ပါတယ်..
ဓာတ်ပုံလေးလည်းရိုက်ရင်းပေါ့...း)

Anonymous said...

အဲဒါ တဂျီးပေါ့ သိနေတယ် ဟင်းဟင်း
နေမကောင်းလို့ခုမှလာရတာနော်း(

ခင်တဲ့

မဒိုးကန်

An Asian Tour Operator said...

ရဟန်းခံမှာ လား ပဇင်းတက်မှာလား :))

San San Htun said...

တဂျီးမင်း ကိုယ်တွေ့ လားဗျ...

ဆူးသစ် said...

တွေးပြီးရယ်အောင်လို့ ရေးတတ်တယ်ထင်ပါတယ်။

မေသိမ့်သိမ့် ကျော် said...

ဟားဟား။ ဖြစ်မှဖြစ်ရလေ။ ခြင်ထောင်ထဲမှာ တိတ်တိတ်လေး ထမင်းထုပ်လေးဝှက်စားနေတာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ဆိုတော့ မသင်္ကာစရာကောင်းလို့နဲ့တူပါတယ်။ ခိခိ။ မနက်ကျတော့ ထမင်းက မျက်နှာမှာ ပေနေတော့ မိပြီပေါ့။း)

ဟန်ကြည် said...

ကွန်ပျူတာ ကြောင်နေလို့ လိုင်းပေါ်မတက်ဖြစ်ဘူးဖြစ်နေတယ် သူကြီးရေ...ဒုလ္လဘ၀တ်ရတာလဲ တယ်မလွယ်ပါကလား...သဲဒဏ်ထမ်းရတာလောက်ကတော့ နိုင်သေးပေမယ့် ထင်းပေါက်တဲ့အထိကျတော့ မနိုင်တော့ဘူးဗျို့...ထမင်းခိုးစားရင် မျက်နှာမှာမပေအောင် ကျင့်ထားပြီးမှပဲ ၀တ်တော့မယ်...( ရဦးမယ့် ကုသိုလ်...ဟား ဟား )

ဘုန်းဘုန်းတောက် said...

တို့ငယ်ငယ်က ထမင်းခြောက်တွေကို ရေနွေးလေးနဲ့စိမ်ပြီး ဟင်းအစား ဆီတို့ဟူးလေးနဲ့ စားခဲ့ရတယ်ကွယ့်။ သူကြီးမင်းလို (သို့မဟုတ်) ဦးသောင်းဟန်လို ထင်းမပေါက်ခဲ့ရသလို လက်မှတ်လည်း မထိုးခဲ့ရဘူး။ ဟိ။

custom essay writing online said...

citizens in the political life. In this respect, it is possible to refer to the example of the custom essay writing online