Saturday 1 October 2011

ခွေးရူးကိုက်ခံရခြင်း


"သန်းမေသား မောင်ခွေးတစ်ယောက် ခွေးရူးကိုက်ခံရလို့တဲ့"

လက်ပံပွင့်ချိန် ခွေးရူးပေါ်ချိန်မို့ ခွေးလေခွေးလွင့် ခွေးရူးတွေ တစခန်းထနေကြသည်။ ကလေးများကို အပြင်မထွက်ဖို့ မိဘများက အထူးသတိထား ကြည့်ရှုစောင့်ရှောက်ရချိန် ဖြစ်သည်။ ဒီလောက် ဂရုစိုက် စောင့်ရှောက်သည့်ကြားထဲမှ မောင်ခွေးတစ်ယောက် ခွေးရူးကိုက်ခံရသည်တဲ့။ ကြားဖူးသည်မှာ ခွေးရူးကိုက်ခံရသူသည် ကိုက်ခံရခါစတွင် ခွေးရူးမပြန်တတ်ပေမဲ့ တစ်ပတ်အတွင်း ဒါမှမဟုတ် တစ်လအတွင်း ဒါမှမဟုတ် ငါးလအတွင်း ခွေးရူးပြန်တတ်သည်တဲ့။ ဒါကြောင့် ခွေးကောင်းကိုက်ကိုက် ခွေးရူးကိုက်ကိုက် ခွေးကိုက်ခံရသူတိုင်း ခွေးရူးကာကွယ်ဆေး ထိုးထားသင့်သည်တဲ့။ ခွေးရူးကိုက်ခံရသူသည် ယောင်တိယောင်နဖြစ်ခြင်း အလင်းရောင်ကို ကြောက်ခြင်း ဖြစ်တတ်သည်တဲ့။ အထူးသဖြင့် ရေကို သောက်ဖို့ ချိုးဖို့နေနေသာသာ မျက်စိဖြင့် မြင်ကာမျှနဲ့ပင် ကြက်သီးမွေးညှင်းထပြီး အလွန်ကြောက်တတ်သည်တဲ့။ ထိုကဲ့သို့ ရေကို အရမ်းကြောက်သည့်အဆင့် ရောက်သွားလျှင် ပြန်ကုသဖို့ လုံးဝ မလွယ်ကူတော့တဲ့။

"မောင်ခွေးကို ကျေးလက်ဆေးပေးခန်း အမြန်ပို့သင့်တယ်"

ရွာသူရွာသားများက မောင်ခွေးခွေးရူးကိုက်ခံရသည့် သတင်းကို တဆင့်စကား တဆင့်ကြားပြီး မောင်ခွေးအတွက် စိုးရိမ်ပူပန်ကြသည်။ မောင်ခွေးနှင့် ကစားဖော်ကစားဖက် သူတို့၏ သားသမီးများထံသို့ မောင်ခွေးမှ တဆင့် ပြန်ကူးစက်မှာလဲ စိုးရိမ်ကြသည်။ ရပ်ရွာထုံးစံအတိုင်း ကလေးများ ရွာထဲမှာ အတူတူ ကစားနေကျဖြစ်သည်။ အချင်းချင်း ထိမိခိုက်မိ ခြစ်မိရှမိကြရာမှ တဆင့် ခွေးရူးရောဂါ ကူးစက်လာမှာကို ကြောက်နေကြသည်။ ထို့ကြောင့် ခွေးရူးမဆိုထားနဲ့ ခွေးရူးကိုက်ခံရသူကိုပင် သူတို့၏ သားသမီးများအား ဝေးဝေးက ရှောင်ရှားစေလိုကြသည်။ အတူတူ မကစားလိုကြတော့။

တောသူတောင်သားတို့၏ ထုံးစံအတိုင်း လူတစ်ယောက် တစ်ခုခု ဖြစ်လျှင် "ဟိုရွာက ဟိုလူတစ်ယောက်တော့ ဟိုလိုဖြစ်လို့ အဲဒီလို ဘ၀ကို ရောက်သွားရရှာတာ" စသည်ဖြင့် အပိုစကား ကောလာဟလစကားများ ပေါ်ထွက်လေ့ရှိကြသည်။ အခုလဲ မောင်ခွေးတစ်ယောက် ခွေးရူးကိုက်ခံသည်ဟု ကြားသိကြပြီးနောက် ရပ်ရွာအတွင်း သတင်းပေါင်းစုံ ပေါ်ပေါက်လာလေတော့သည်။

"လွန်ခဲ့တဲ့ ငါးနှစ်လောက်က တောင်ကုန်းရွာက ကလေးတစ်ယောက်တော့ ခွေးကိုက်ခံရပြီး တစ်ပတ်အတွင်း ခွေးရူးပြန် ရောဂါနဲ့ သေဆုံးသွားခဲ့တယ်"

"ညောင်ပင်ရွာက ကလေးတစ်ယောက်ကတော့ ပါးစပ်ထဲက အမြှုပ်တွေ ထွက်ပြီး ရှောဘရားသား ဖြစ်သွားခဲ့ပါရောလား"

"မဲဇလီရွာက ကောင်လေးတစ်ယောက်ကတော့ ခွေးကိုက်ခံရပြီး ဘာမှ မဖြစ်ဘူး။ အေးအေးဆေးဆေးဘဲ။ ဒါပေမဲ့ ငါးလလောက် ကြာတဲ့ အခါမှာမှ ခွေးသားစားမိပြီး ခွေးရူးပြန်ရောဂါ ပေါ်လာတယ်။ ရေကိုမြင်ရင် ကြောက်ဒူးတုန်ပြီး ငိုတော့တာဘဲတဲ့။ မကြာပါဘူး သူလဲ ဂိုးတာပါဘဲ"

စကားပေါင်းစုံ အတွေ့အကြုံပေါင်းစုံကြားရသည်။ ခွေးရူးကိုက်ခံရသည့် မောင်ခွေးကိုတော့ သူတို့ကိုယ်တိုင် မေးမြန်းအကြံပြုမည် စိတ်မကူး။ ရောက်တတ်ရာရာ စိတ်မချမ်းသာစရာ စကားများကိုသာ ပုံကြီးချဲ့ ပြောဆိုနေကြလေသည်။ ကာယကံရှင်များသာ ဒီစကားတွေကို ကြားရရင်ဖြင့် မြွေပူရာ ကင်းမှောင့်၊ နူရာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်း၊ မီးလောင်ရာ လေပင့်၊ မြေနိမ့်ရာ လှံစိုက် ဖြစ်ချေတော့မည်။ လူဆိုတာကလဲ ပါးစပ်ကသာ သနားပြတတ်ကြသည်။ စိတ်ထဲမှာတော့ သူတစ်ပါး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေတာ မြင်ရရင် ကျိတ်ပြီး ၀မ်းသာနေတတ်ကြသည်လား မပြောတတ်တော့ချေ။

ရွာအတွင်း မောင်ခွေးနဲ့ ငါးအိမ်ကျော် နေအိမ်တွင် မောင်ခွေးထက် နှစ်နှစ်လောက် အသက်ပိုကြီးသည့် ခွေးအောင်ဆိုသည့် ကောင်လေးတစ်ယောက်ရှိသည်။ မွေးစကထဲက ခပ်ကြောင်ကြောင် မူမမှန်သည့် စိတ်ဓါတ်အခြေအနေ ချို့တဲ့မှုကြောင့် မိဘများက အရွယ်ရောက်လာသည့်အခါ စိတ်ဓါတ်ပုံမှန် ဖြစ်စေရန် ရည်မှန်းပြီး ခွေးအောင်ဆိုသည့် နာမည်ကို ပေးခဲ့ခြင်း ဖြစ်လေသည်။ နာမည်မှာသာ "အောင်" ဆိုသည့် စကားလုံး ပါသော်လဲ ဆယ်ကျော်သက်အရွယ်ထိ ငယ်မူအတိုင်းပင် ဖြစ်သည်။ အူချာချာ ငူတူတူကြီးပင်ဖြစ်သည်။ ထို့ကြောင့် သူနှင့် ရွယ်တူ သူငယ်ချင်းများက ကွယ်ရာမှာ "ခွေးအောင်ဆိုတဲ့ကောင် သူ့နာမည်ထဲက ပထမ စကားလုံးနဲ့ဘဲ ကိုက်ညီတယ်။ ဒုတိယစာလုံးနဲ့တော့ ဆန့်ကျင်ဘက်ဘဲ။ အမှန်က အဲဒီကောင် စောင်နဲ့ အိပ်တဲ့ကောင် မဟုတ်ဘူး" ဟု အတင်းဆိုကြသည်။ "စောင်နဲ့ မအိပ်ဘူး"ဟု ဆိုလျှင် "စိတ်မအောင်ဘူး"ဟု ဆိုလိုသည်ကို ရွာသားတိုင်းက နားလည်ကြလေသည်။ "စိတ်မအောင်ဘူး" ဆိုသည်မှာ "အရူး"ဟု တိုက်ရိုက်အနက်ထွက်လေသည်။

ပိုဆိုးသည်မှာ ခွေးအောင်၏ မျက်စိနှစ်ဘက်လုံး စွေစောင်းနေခြင်းပင်ဖြစ်သည်။ သူ့ လက်မောင်းနှစ်ဘက်လဲ တစ်ဘက်နှင့်တစ်ဘက် အရှည်အတို မညီမျှကြရှာချေ။ ကစားဖော်ကစားဖက်များက ခွေးအောင်အား စ နောက် ကျီစယ်ကြသည်။ "မျက်စိစွေစောင်း၊ လက်မောင်းတိုရှည်၊ အကြောင်းမသိ မပေါင်းနဲ့လေ" တဲ့။ ခွေးအောင်တစ်ယောက် စိတ်တို လိုက်သည့် ဖြစ်ခြင်း။ "ဒါဖြင့် မင်းတို့က ဘာဖြစ်လို့ ငါနဲ့ လာပေါင်းကြသေးလဲ" ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပက်တတ်လေသည်။ ကစားဖော်များကလဲ ခေသူ မဟုတ်။ "ငါက မင့်အကြောင်း ကောင်းကောင်း သိလို့ ပေါင်းသင်းနေတာလေ" တဲ့။ ခွေးအောင်သည် ပင်ကိုယ်အားဖြင့် ခင်စရာကောင်းသည်။ စိတ်ပုံမှန် ဖြစ်နေသည့်အချိန်တွင် သဘောကောင်းသည်။ ကူညီတတ်သည်။ သို့သော် စိတ်ဓါတ် ဖောက်ပြန်လာပြီး ငူတူတူ ဖြစ်လာပြီဆိုရင်တော့ တွေ့ကရာ ရန်လုပ်တတ်လေသည်။

"မောင်ခွေးလေး ခွေးရူးကိုက်ခံရတာ အတော်လေး အထိနာသွားတယ်တဲ့"

"သူ့မိဘတွေက ကျေးလက်ဆေးခန်းမသွားဘဲ အိမ်မှာဘဲ ရိုးရာတိုင်းရင်းဆေးနဲ့ ကုမယ်ဆိုဘဲ"

"အေးလေ... သူတို့ဆင့်နဲ့ ငွေမှ မတတ်နိုင်ကြတာ။ ခွေးရူးဆေးဆိုတာကလဲ ပတ်လည်မိအောင် ထိုးရတာလေ။ အားလုံး အပြီးအစီးဆို သိန်းကျော်ကုန်မယ်"

"မောင်ခွေးက ခွေးရူးကိုက်ခံရမဲ့ ကံဇာတာကို ပါလာတာ ဖြစ်ရမယ်"

"ခွေးရူးကိုက်ခံရတဲ့သူဟာ ဘုန်းနိမ့်လို့ ကိုက်ခံရတာတဲ့"

"အေးဟယ်... မောင်ခွေးလေး သနားပါတယ်"

စိတ်ဓါတ်ဖြူစင်ပြီး စိတ်ထားနူးညံ့သည့် မောင်ခွေးလေးအကြောင်းကို သိတဲ့သူတိုင်းက သနားစာနာနေကြသည်။ မောင်ခွေးမိဘများနဲ့ အဆင်မသင့်သူများကတော့ ကျိတ်ဝမ်းသာနေကြလေသည်။ သူတစ်ပါး ဆင်းရဲအတိ ဖြစ်နေတာကို ကျိတ်ပြီး ၀မ်းသာခြင်းသည် အကုသိုလ်တစ်မျိုးပင် ဖြစ်သည်။ အကုသိုလ်ဆိုတာလဲ ဒီလိုဘဲ အလွယ်တကူ ရနိုင်သည် မဟုတ်ပါလား။ အကုသိုလ်များ ဈေးချိုလိုက်ပုံက Buy one get one free တင် မကတော့ဘဲ အကုသိုလ်များ အခမဲ့ ရနိုင်သည်ဟု ဆိုင်းဘုတ်ကြီးကြီး စိုက်ထူထားသယောင် ထင်မှတ်ရလေသည်။

တစ်ဆင့်စကား တစ်ဆင့် ကြားပြီး ရ၀တလူကြီးဦးသိန်းမောင်တစ်ယောက် မောင်ခွေး အိမ်သို့ ရောက်လာလေသည်။ ရပ်ရွာအတွင်း ဖြစ်ပျက်သည့် အမှုမှန်သမျှ ရ၀တလူကြီးမှာ တာဝန်ရှိလေသည်။ တွေ့ဆုံမေးမြန်းရမည်။ တိုင်ပင်ဆွေးနွေးရမည်။ အားပေးချီးမြှောက်ရမည်။ ဒါမှ လူကြီးပီသရာ ရောက်မည်။

"သန်းမေရေ... သန်းမေ့သား မောင်ခွေးတစ်ယောက် ခွေးရူး ကိုက်ခံရတယ်ဆို"

"ဟုတ်တယ် ဦးသိန်းမောင်ရေ့"

"အတော်လေး ထိမိသွားလား။ ပြီးတော့ ကျေးလက်ကျန်းမာရေးဋ္ဌာနကိုကော မပို့ဘူးလား"

"တော်တော်လေး ထိလား မထိလားတော့ မသိဘူး။ ငါးချက်တိတိ ချုပ်လိုက်ရတယ်။ ကျေးလက်ကျန်းမာရေးဋ္ဌာနကိုတော့ မပို့တော့ပါဘူး။ ကိုက်တဲ့နေရာကို အစိမ်းချုပ်ချုပ်ပြီး မန်းသေအောင် အိမ်နောက်ဘေးမှာ စိုက်ထားတဲ့ ကြိတ်မှန်ရွတ်ကို ထောင်းထုပြီး အုပ်ထားပေးလိုက်တယ်"

ရ၀တလူကြီးလဲ ငွေကြေးမတတ်နိုင်ကြသည့် မောင်ခွေးရဲ့ မိသားစုကို စာနာသနားမိသည်။ သို့သော် သူကိုယ်တိုင်ကပင် ရရစားစားဆိုတော့ မောင်ခွေးအတွက် ခွေးရူးပြန်ရောဂါ ကုသစရိတ်ကို စိုက်ထုတ်မပေးနိုင်ပေ။

"အခု မောင်ခွေးက ဘယ်မှာလဲ။ ခွေးရူးကိုက်ထားတဲ့ သူ့ဒဏ်ရာလေး ကြည့်ချင်လို့"

"မောင်ခွေးရေ.... လာဦး ဒီကို။ ရ၀တလူကြီးက မင့်အနာကို ကြည့်ချင်လို့တဲ့"

မောင်ခွေးတစ်ယောက် အခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းထဲရှိ ရ၀တလူကြီးနဲ့ သူ့အမေရှေ့သို့ ရောက်လာလေသည်။ ရ၀တလူကြီးတစ်ယောက် မောင်ခွေးရဲ့ ခြေထောက်နှစ်ဖက်လုံးကို မျက်စိကစားကြည့်နေမိသည်။ ခွေးရူးကိုက်ထားသည့် ဒဏ်ရာကို လုံးဝ မတွေ့ရပေ။ ပိုပြီး သေချာအောင် မျက်စိပွတ်သပ်ပြီး ပြန်ကြည့်သည်။ သို့သော် လုံးဝ မတွေ့။

"သန်းမေ... နင့်သား ခွေးရူးကိုက်ခံရတဲ့ နေရာက ဘယ်မှာလဲ"

"ဒီမှာလေ ဦးသိန်းမောင်ရဲ့ ဒီမှာ"

မောင်ခွေးကို ထိုင်ခိုင်းပြီး မောင်ခွေးရဲ့ ခေါင်းကို ကိုင်ကာ ချုပ်ရိုးရာ ငါးချက်တိတိရှိပြီး ကြိတ်မှန်ရွက်နဲ့ အုံထားသည့် ဒဏ်ရာအား ရ၀တ လူကြီးအား ပြသလေသည်။

"ဟင်... ခွေးရူးကိုက်တာ ခြေထောက်ကို အကိုက်မခံရဘဲ ဘယ်လို လုပ်ပြီး ခေါင်းကိုမှ ရွေးပြီး အကိုက်ခံရတာလဲ"

"ပြော မပြောချင်တော့ပါဘူး ဦးသိန်းမောင်ရယ်။ ခွေးကောင်းနဲ့ ခွေးရူးကိုက်တော့ ခွေးကောင်းက နာတာပေါ့"

"ဘယ်လို.. ဘယ်လို... မသန်းမေ"

"ဘယ်လိုမှ မဟုတ်ဘူး ဦးသိန်းမောင်ရေ့။ ရွာထဲမှာ သူ့သူငယ်ချင်း (အရူး)ခွေးအောင်နဲ့ အတူကစားရင်း အချင်းချင်း အစအနောက်လွန်ပြီး ရန်ဖြစ်ကြတာလေ။ ခွေးအောင်က ဗလလဲ ပိုကြီး မိုက်လဲ ပိုမိုက်ရိုင်းတော့ မောင်ခွေးလေး ခံခဲ့ရရှာတာပေါ့။ ခွေးအောင်က မောင်ခွေးလေးကို တွေ့ကရာ သစ်ကိုင်းခြောက်အပိုင်းတစ်ပိုင်းနဲ့ ရိုက်လိုက်တာလေ။ ခေါင်းကို ထိသွားတယ်။ သွေးတွေဆို နဲတာ မဟုတ်ဘူး။ အဲဒါနဲ့ ရွာထဲက ဗမာဆေးဆရာ ဦးဘမှုံကို အိမ်ပင့်ပြီး ငါးချက်တိတိ ချုပ်လိုက်ရတယ်။ အခု ဦးသိန်းမောင် မြင်တဲ့ အတိုင်းဘဲ"

ရ၀တလူကြီး ဦးသိန်းမောင် သဘောပေါက်သွားလေပြီ။ ရပ်ရွာအတွင်း ကောလာဟလများကိုလဲ အတော်လေး ရယ်သွမ်းသွေးချင်လာမိသည်။ ကိုယ့်ရပ်ရွာအတွင်းမှာတောင်မှ ဒီလို ကောလာဟလကြောင့် မမှန်သတင်း ထွက်ပေါ်နေသေးရင် အခြားရွာ အခြားနယ် အခြားမြို့များမှာဆိုရင်တော့ ကောဟာဟလသတင်းက ဘယ်လောက် ကြောက်စရာ ကောင်းမည်ကို စဉ်းစားကြည့်က သိရှိနိုင်လေသည်။ ရ၀တလူကြီး ဦးသိန်းမောင် တစ်ယောက် သန်းမေနှင့်မောင်ခွေးအား အားပေးစကားပြောကြားပြီး နှုတ်ဆက်ပြန်လာခဲ့လေသည်။ သူ့စိတ်ထဲ အတွေးစတစ်ခု ၀င်လာပြီး သူ့မျက်နှာမှာ ပြုံးရိပ်ပြုံးရောင်များ သန်းနေလေသည်။ မောင်ခွေးနှင့် ခွေးအောင်။

"အော်...လက်စသတ်တော့ ခွေးနှစ်ကောင် အချင်းချင်း ကိုက်ကြတာကိုးး"

...

22 comments:

ကိုဇော် said...

အင်း . . ခွေးခွေးချင်းကိုက်တော့လည်း ခွေးကိုက်တာပါပဲလေ။ ဆေးကတော့ ထိုးထားတာ ကောင်းပါတယ် ဟဲဟဲ ... ပြောမရဘူးလေ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ သူကြီး-
သူကြီး ဘာပြောချင်နေတာလဲ- သိသလိုလိုဘဲနော်-

ကိုရင် said...

ဘယ်အချိန် ကိုက်မိမယ် မသိလို့ ဆေးဆောင်ထားတာတော့ အကောင်းဆုံးပဲ သူကြီးရ..:D

mstint said...

အော် ဒီလိုကိုး။ ဆေးမထိုးနိုင်လို့ စိတ်မကောင်းဖြစ်နေတာ တော်သေးတာပေါ့။
ကောလာဟလဆိုတာတော့ ဒီလိုပဲလေ 'စကား' ဆိုတဲ့အတိုင်း စကထဲကကားတော့တာပဲ မဟုတ်လား။
ဒီဇာတ်လမ်းမှာ သူကြီးကဘယ်အခန်းကမှ မပါပါလားး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

အလယ်လောက်အထိ စိတ်ပူနေသေးတာ..အဆုံးသတ်ကျတော့မှပဲ ဟင်းချနိုင်တော့တယ်..တတ်လည်း တတ်နိုင်တဲ့ တဂျီးမင်း...း)

Candy said...

ဟီးဟီး.. လတ်စသတ်တော့ ဂလိုကိုး... :D

ယွန်း said...

သူဂျီးခွေးရူးကိုက်ခံရတယ်ထင်လို့  ပြေးလာတာ ..
လတ်စသတ်တော့ ဒီလိုကိုးး :)

ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီးတို့ကတော့ ခွေးနှစ်ကောင်ကိုက်တာတောင် စာနဲ့ပေနဲ့ ရေးဖွဲ့တတ်တယ်
တကယ်တကယ်..
ပန်းသီးကြွေတာလည်း စာတစ်ပုဒ်ဖြစ်အောင်ရေးနိုင်တယ်
မချီးကျူးဘဲ မနေနိုင်ဘူး
သူဂျီးတို့ကတော့ လက်စောင်းထက်ပါ့
ဒါကြောင့်လည်း တုံးဖလား သူဂျီးဖြစ်ပေသကိုး

blackroze said...

ခွေးဆိုရင်ဘယ်ခွေးမှကိုက်တာမကောင်းဘူး
သူများဆိုရင်ခွေးကိုဝေးဝေးရှောင်တယ်

SHWE ZIN U said...

သကြီး တို့ ကတော့ လုပ်ချလိုက်ပြန်ပြီ

ခွေးနှစ်ကောင် ကိုက်တာတောင် ရပ်ကြည့်ကြတဲ့ ဓလေ့ သဘာဝ အရ
ခွေးရူး ကိုက် ကိုက် ခွေးကောင်း ကိုက်ကိုက် ဘလော့ဂ် ရွာမှာ လာကြည့်ပါတယ်ဗျာ

ခင်မင်တဲ့
ရွှေစင်ဦး

Anonymous said...

အိုဗျာ ပွဲဆို မောင်ဘကြိုင်တို့ကလည်း ခွေးအချင်းချင်းကိုက်ပွဲလည်း မရှောင်ပေါင်
ခွေးကိုက်ပွဲလည်းကြည့်ပေါ့

တဂျီးနော် တဂျီး ဟွင်းဟွင်း
ကိုက်ကြပါစေဗျာ


မောင်ဘကြိုင်

ဆူးသစ် said...

ခွေးနှစ်ကောင်ကိုက်တာ ဖတ်သွားပါတယ်။ ရေးတတ်တယ်ဗျနော်။ လင့်ပါယူသွားပါတယ်။ ချိတ်ထားလိုက်ပါပြီ။

မင်းဧရာ said...

သူကြီးတို့ လုပ်လိုက်မှဖြင့်......း)

ကောင်းလှတယ်ဗျာ
စာဆိုတာ ဖတ်ပြီးရင် တွေးစရာလေးတွေရလိုက်မှ
ကြိုက်တာ။

စံပယ်ချို said...

ဖတ်ရင်နဲ့ပဲ ရူးတော့မယ်ထင်တယ်
ပါးစပ်ကနေ အမြုပ်တွေထွက်လာမှာလားမသိဘူး
ဘာဖြစ်မလဲပေါ့....အော်....
ပြီးတော့လဲ ခွေး၂ ကောင်ကိုက်တာတဲ့....
အင်းလူပျိုကြီးတွေဆိုတော့လဲ....
ဟဲဟဲ....ခင်မင်တဲ့ jasmine

ညိမ်းနိုင် said...

တစ်ခုခုတော့တစ်ခုခုပဲ....တဂျီးလုပ်လိုက်ရင် မြုပ်ကွက်
လေးတွေနဲ့....၊ခေါင်းစဉ်မြင်ကာစက တဂျီးကိုခွေးရူးကိုက်
တယ်ထင်ပြီး ဝမ်းသာ.....အဲလေ.....ထိတ်ကနဲတောင်
ဖြစ်သွားတာ.....:)

Angelhlaing(May everybody be happy and healthy! said...

အကိုကတော့ လုပ်ပြီ ဆိုးပ နော် ...:):)
မရောက်တာကြာလို့ သရဲ လာခြောက်တာ :P:P
ကောင်းသောနေ့လေးဖြစ်ပါစေလို့ ...

ဟန်ကြည် said...

ဗျိုးသူကြီး...ကျေးလက်ကျန်းမာရေးဌာနမှ ဆရာဝန်တိရစ္ဆာန်(မှားလို့) တိရစ္ဆာန်ဆရာဝန် မရှိပေါင်ဗျာ...သူကြီးတို့ရွှာက ခေတ်မီသား...းးး)))

အဟုတ်မှတ်လို့ ဖတ်ရင်းနဲ့ ခွေးရူးပြန်ရောဂါတွေအကြောင်း မီးခိုးကြွက်လျှောက် စဉ်းစားလာတာ နောက်ဆုံးစာပိုဒ်ရောက်မှ နှစ်ပေါက်တစ်ပေါက်အရိုက်ခံရတာ သဘောပေါက်တော့တယ်...တတ်လည်း တတ်နိုင်ပါ့...

မဒမ်ကိုး said...

သူကြီးတို့လည်ချက်ကကမ်းကုန်း)
မြှုပ်ကွက်တွေနဲ့ချည်းပဲ
အတွင်းမှာဝဲတွေး)

နေ၀သန် said...

:)... လုပ်ပြီ.. သူကြီးကတော့... :P..

ခင်မင်လျက်
နေ၀သန်

အင်္ဂါဟူး said...

ကိုယ်က အစကတည်းက စောင်နဲ့ မအိပ်မိတော့... ကိုယ်ရေနစ်တုန်း ၀ါးကူ ထိုးသူတွေနဲ့ တွေ့တော့တာပါပဲဗျာ။

မနေ့ကဖတ်တာ.. ဒါဒီနေမှ မန့်ရတယ်. သူဂျီးရေ... (အကောင်းစားဝိုင်ယာလက်ကြီး သုံးမိနေလို့)

Myanmar Good Knowledg Co., Ltd said...

"မျက်စိစွေစောင်း၊ လက်မောင်းတိုရှည်၊ အကြောင်းမသိ မပေါင်းနဲ့လေ"
အရင်ခေတ်က အဲလို ခန္ဒာကိုယ်ရဲ့ ချို့ယွင်းချက်ကို စတတ်ကြတယ်နော်။

အခုတော့မရှိတော့ဘူးထင်ပါရဲ့။

ပုံပြင်ကလည်း ကောင်း။
အစ်မရွှေစင်ပြောသလို နောက်ဆုံးကျ ကိုယ်လည်း ခွေးရူးကိုက်တာတောင် လာကြည့်တဲ့သူထဲပါနေပြီတော့။

စော(အဝါရောင်မြေ) said...

ခွေရူးဆေးက ၃-သိန်း လောက်ကုန်တာလား တဂျီ။
ကိုက်ခံရဘူးတယ် ထင်တယ် . . . :P