Friday 7 October 2011

မိအေးရိုက်ချက်


မိအေး... နင် ရက်စက်လှချည်လား။ ဘာဖြစ်လို့ ဒီလောက်တောင် အပြောင်းအလဲ မြန်ရတာလဲ။ မနေ့တုန်းက အကောင်းသား။ ဒီနေ့မှ ဘာဖြစ်လို့ အခုလို ဖြစ်သွားရတာလဲ။ နင့်ရဲ့ မာယာတွေကို ငါ လုံးဝ နားမလည်တော့ဘူး။ ငါ မသင်ခဲ့ဖူးတဲ့ သင်ခန်းစာတွေ နင် ချချပြတော့ ငါ အလူးအလဲ ခံရတော့တာပေါ့။ ခက်ပါလား မိအေးရယ်။

နင်မှတ်မိသေးလား မသိဘူး။ တုံးဖလားရွာလေးမှာတုန်းက ငါတို့ သိပ် ချစ်ခဲ့ကြတယ်လေ။ ငါက နင့်ကို ချစ် နင်ကလဲ တစ်နှစ်နီးပါး ငါ့အနားက ခွါခဲ့တယ်ကို မရှိပါဘူး။ ငါ မှတ်မိသေးတယ်။ ငါတို့ လယ်တောထဲက စပါးပင်တွေ ရိပ်သိမ်းချိန်တုန်းကပေါ့။ မနက် ဝေလီဝေလင်း စပါးတလင်းကို အတူသွားရင်း နင်က ငါ့ကို မေးတယ်။ ဘယ်လောက်ထိ ချစ်လဲတဲ့။ ငါက တုန်နေအောင် ချစ်တယ်လို့ ပြောတော့ နင်က မယုံပါဘူးတဲ့။ ဒါနဲ့ ငါကလဲ ငါ နင့်ကို တကယ် တုန်နေအောင် ချစ်တာပါ ဆိုပြီး အထက်မေးနဲ့အောက်မေး ဂတ် ဂတ် ဂတ် မြည်အောင် မေးရိုက်ပြတော့ နင်က ပြောတယ်။ သိပ် ပိုတာဘဲတဲ့။ မပိုပါဘူးဟာ ဒီထက်တောင် နင့်ကို ပိုချစ်ပါသေးဆိုတော့ သက်သေပြလေတဲ့။ အခု နင်နဲ့ငါ အတူနေနေရပေမဲ့ တစ်နေ့နေ့ ဝေးများသွားရရင် ဆိုတဲ့ အတွေးနဲ့ ငါ့ရင်ထဲ ငရဲမီး တောက်နေတယ်လို့ ပြောတဲ့အခါ နင်က အားလူးဘဲတဲ့။ မယုံရင် ဟောဒီမှာ ကြည့် ဆိုပြီး ပါးစပ်ထဲက ၀ူးးးကနဲ လေမှုတ်ထုတ်လိုက်တော့ အခိုးငွေ့တန်းကြီး ထွက်သွားတယ်။ အဲဒါ အထဲမှာ အရမ်းပူလောင်နေလို့ မီးခိုးတွေ ပါးစပ်က တဆင့် ထွက်လာတာ ဆိုတော့။ ဟင် တကယ်ကြီးလားတဲ့။ တော်သေးတာပေါ့ ထွက်ပေါက်အနေနဲ့ မီးခေါင်းတိုင်ကြီးရှိနေလို့တဲ့။ နို့မို့ဆို ငုတ်တုတ်ကြီး မီးလောင်သေလောက်တယ်တဲ့။ အင်း လွမ်းစရာတွေပေါ့ဟာ။

ဒါပေမဲ့ နင်က တစ်ခါတစ်လေ ငါ့ကို (အမြဲတမ်း) အနိုင်ကျင့်တတ်တယ်။ နင် နှိပ်စက်ခဲ့လို့ ငါ့မှာ နှုတ်ခမ်းတွေလဲ ကွဲရ၊ လက်အရေခွံတွေလဲ ကွာရနဲ့။ ယုတ်စွအဆုံး နင့်ရဲ့ ဒဏ်တွေကြောင့် နှာခေါင်းက နှာရည်ယိုနေရင်တောင် ငါ သတိမထားမိတတ်ခဲ့ဘူး။ ဒါပေမဲ့ နင့်ကို ငါချစ်တယ်။ မြတ်နိုးတယ်။ ငါ့ဘ၀မှာ အချစ်မရှိလို့ ဖြစ်တယ်၊ နင်မရှိလို့ မဖြစ်ဘူး။

ဒီလိုနဲ့ ငါ ပညာရေးအတွက် မန္တလေးကို ပြောင်းလာခဲ့တယ်။ ခဏခဏ မတွေ့ရတော့ နင် နဲနဲ စိမ်းကားသွားသလိုဘဲ။ ငါရှိတဲ့ မန္တလာမြေကို နင် မကြာခဏလာခဲ့မယ်လို့ ကတိပေးခဲ့ပြီး နင် ကတိမတည်ဘူး။ တစ်နှစ်မှ တစ်ခါလောက်ဘဲ နင်ပေါ်ပေါ်လာတယ်။ ငါမှတ်မိပါသေးတယ်။ နင် နတ်တော်ပြာသိုလလောက် ရောက်မှ ငါ့ဆီ ပေါ်လာတယ်လေ။ နင်ဘယ်လို ပြောင်းလဲပြောင်းလဲ ငါကတော့ ငါ့ရဲ့ နှလုံးသားစင်တာတည့်တည့်ကနေ နင့်ကို တွယ်တာမြတ်နိုးနေဆဲပါဘဲ။

ငါ မန္တလေးကနေ ရန်ကုန်ကို ပြောင်းလာတော့ နင်နဲ့ ပိုအလှမ်းဝေးသွားတယ်။ စပါးရိပ်သိမ်းပြီးခါစ ပြာသို တပိုတွဲလလောက်မှဘဲ နင် ဘုရားဖူးလာရင်း မျက်စိလည်ပြီး ငါ့ဆီ ပေါ်လာတတ်တယ်။ နင်လာရင် ငါပျော်တယ်။ နင်ပြန်သွားရင် ငါ ၀မ်းနည်းတယ်။ နောက်တစ်နှစ် နင်လာမဲ့ နေ့ရက်တွေကို လက်ရေချိုးပြီး မျှော်နေတတ်တယ်။

တစ်နေ့ နင် ရန်ကုန်ကို အလည်လာတုန်း ငါက နင့်ကို ငါ လန်ဒန်သွားတော့မယ်ဟာ လို့ ပြောတော့ နင်က လေအိုး အပလာတွေ လာမပြောနဲ့တဲ့။ မဟုတ်ဘူး ငါ တကယ် သွားမှာဆိုပြီး အတည်ပြောတော့ နင်သွားရင် ငါလဲ လိုက်ခဲ့မယ်တဲ့။ နင့်ဖာသာ နင် လိုက်ခဲ့၊ ငါကတော့ တာဝန် မယူဘူးဆိုတော့ နင်တို့ ယောက်ျားတွေက ဒါမျိုးတွေချည်းဘဲတဲ့။

ဒီလိုနဲ့ ငါလန်ဒန်ရောက်ခဲ့တယ်။ ငါ လန်ဒန်ရောက်ရောက်ချင်း နင့်ကို လန်ဒန်မှာ ဗြုန်းစားကြီး တွေ့လိုက်ရတော့ အတော်လေး အံ့သြသွားမိခဲ့တယ်။ နင်က ပြောတဲ့အတိုင်း တကယ် လိုက်လာတာဘဲ။ ဒါပေမဲ့ နင့်စရိုက်က နဲနဲ ပိုကြမ်းလာသလိုဘဲနော်။ တစ်ရက်မှာ နင်က ပြောတော့ ချစ်စနိုးလေး မွှေးမွှေးပေးမယ်တဲ့။ ဒါပေမဲ့ ငါ့ပါးပြင်ပေါ်မှာတော့ နင်ချော်လဲထားခဲ့တဲ့ ကဗျာမဆန်တဲ့ ရှပ်ပြေးအနမ်းတွေကြောင့် ပတ်ကြားလေးတွေတောင် အက်နေလေရဲ့။ နင်က နှိပ်စက်လိုက် ငါက ထိပ်ကွက်လိုက်နဲ့ ငါ့ရဲ့ ထိပ်မှာလဲ အက်ကြောင်းလေးတွေ မနည်းတော့ဘူး။ နင့်ရဲ့ အေးစက်စက် ရှတတ အနမ်းတွေကို ကြောက်လွန်းလို့ ငါ့မှာ ခန္ဓာကိုယ်ကို ကောက်ညှင်းထုပ်လို အ၀တ်ထူထူနဲ့ ထုပ်ပိုးထားရတယ်။ နင်ကတော့ ပြောဦးမယ်။ အပိုတွေလို့။

အခုဆို ငါတို့ လန်ဒန်မှာ နေလာခဲ့ကြတာ လေးနှစ်လောက် ရှိရော့မယ်။ အချင်းချင်း နွေးထွေးမှုလေးတွေ ပေးလိုက်၊ ချမ်းအေးမှုလေးတွေ ပေးလိုက်နဲ့ အစာမကြေ့တကြေ ဖြစ်နေခဲ့တာ တမေ့တမောပါဘဲ။ နင့်ကို ငါ မကြိုက်တာက နင်လာရင် နင့်ချည်းသက်သက်လာတာ မဟုတ်ဘူး။ ဟို.. မေပဇ္ဇုန်တို့၊ မိဝါယုတို့၊ မစနိုးတို့ကိုပါ တစ်ပါထဲ ခေါ်လာတတ်လာတယ်။ နင့်ဒဏ် သက်သက်တောင် ငါက အလူးအလဲ ခံနေရတာ။ သူတို့ ဒဏ်ကိုပါ ပေါင်းခံရတော့ ငါ့ရဲ့ ချိနှဲ့နှဲ့ နှလုံးသား သစ်ကိုင်းလေး နင်တို့ရဲ့ ကြမ်းတမ်းတမ်း ကျီစယ်မှုကို ဘယ်လို တောင့်ခံနိုင်ပါတော့မလဲ။ ထက်ပိုင်း ကျိုးသွားတော့မပေါ့။

နင် ပြန်စဉ်းစားကြည့်စမ်းပါ။ မနေ့တုန်းက နင် အကောင်းသား။ သာယာဝင်းပလို့။ ကြည်ရွှင်ပျော်မြူးလို့။ ဒီနေ့မှ နင် ဘယ်လို ဖြစ်လာရတာလဲ။ နင်.. မေပဇ္ဇုန်၊ မိဝါယုတို့နဲ့ အတူ ရောက်လာတယ်။ မျက်နှာကလဲ မဲတူးပြီး စူပုပ်နေတာဘဲ။ ပေါင်းလာတာ ကြာပေမဲ့ အခုထက်ထိ နင့်ကို ငါ ကောင်းကောင်း နားမလည်သေးဘူး။ ဒီနေ့ နင်နှင့်အပေါင်းပါတွေ နှိပ်စက်လိုက်လို့ ငါ့မှာ ခြေအေး ၀မ်းယောင်တောင် ဖြစ်လု မတတ်ဘဲ။ ပြီးတော့ ညနေဘက် အပြင် လမ်းလျှောက် ထွက်နေကျတောင် မသွားဖြစ်လိုက်တော့ဘူး။ နင်သိပ်ရက်စက်တယ်။ မနေ့တုန်းက ငါ သေချာကြည့်ထားတယ်။ နင့် ချစ်ဒီဂရီက ၂၆ တဲ့။ အဲဒီလို သက်တောင့် သက်သာ ဒီဂရီလေးနဲ့ ချစ်နေရတာကိုဘဲ ငါက စွဲလန်းနေတာပါ။ ဒါပေမဲ့ ဒီနေ့ နင်လုပ်ပုံကို ကြည့်ဦး။ ချစ်ဒီဂရီ ၁၁ တဲ့။ မနေ့ကနဲ့ဒီနေ့ ဘယ်လောက် ကွာသွားသလဲ။ နင် ဘာဖြစ်လို့ လျော့ချလိုက်ရတာလဲ။

နင့်ရဲ့ ရက်စက်မှုတွေကြောင့် ငါ့ရဲ့ ခြေဖျားလက်ဖျားတွေ အေးစက်နေကုန်ပြီ။ တစ်ခါတစ်ခါ ဟပ်ချိုးတောင် လုပ်မိလိုက်သေးတယ်။ ဒီပုံစံအတိုင်းဆို ဒီနေ့က စပြီး နင်တို့ တစ်တွေရဲ့ နှိပ်စက်မှုဒဏ်ကို ငါ အလူးအလဲ ကော့နေအောင် ခံရတော့မဲ့ ပုံဘဲ။ အဲဒီလောက်ကြီး မရက်စက်ပါနဲ့လား မိအေးရယ်။ ငါ အမြဲကွေးပြီး အိပ်ရာထဲမှာဘဲ မနေချင်လို့ပါ။ နင်ကတော့ ပြောမှာ သေချာတယ်။ ငါတို့ရဲ့ ခပ်ကြမ်းကြမ်း အနမ်းဒဏ်ကို ကြောက်ချေးပါနေရင်လဲ ခပ်ပေါပေါ အနွေးထည်လေးတွေ အခုကထဲက စပြီး ၀ယ်ထားပေတော့လို့။ အေးလေ.. နင်ပြောမယ်ဆိုလဲ ပြောချင်စရာပါ။ အခုတောင် ငါ အင်္ကျီနှစ်ထပ် ၀တ်နေရပြီ မဟုတ်လား။

မိအေး... နင်.. ရက်..စက်..လွန်း...တယ်...။ နင်.... ရက်.....စက်... {ဂတ် ဂတ် ဂတ် }(မေးရိုက်သံ) လွန်း...တယ်..
အမလေး... ချမ်းလိုက်တာဗျာ...

တိုက်ပင်ရိုက်ချိန်။
(၀၆.၁၀.၂၀၁၁ ကြာသပတေးနေ့)

...

34 comments:

မဒမ်ကိုး said...

မိအေးရယ် ..ချစ်လို့ပါကွယ်

ဂတ် ဂတ် ဂတ် ဂတ်

မန်ဒါလီအော်သွားပါသည်

ကိုရင် said...

ထင်တော့ ထင်ပါတယ်..ဒီလူကြီး ဒိလောက် အဖြစ်မရှိဘူးဆိုတာ...အေးလွန်းရင် ကျုံ့  သွားတတ်တယ် သတိထား..:D

Anonymous said...

မိအေး ကတော့ ဒီမှာ အေးဆေးဘဲ သဘောကောင်းတုန်းရှိသေး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုဇော် said...

ဒီ့ထက် အေးပါစေ ဝေးဟေးဟေး . . :D

Anonymous said...

မိအေးရက်စက်တော့မီးလှုံပေါ့ ။ :O



ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Myanmar Good Knowledg Co., Ltd said...

သဂျီးရဲ့မိအေး
ဂျပန်ဘက်ကိုလာတယ်။
ထင်သလောက်တော့မဆိုးပါဘူး။
သူကပြောတယ် နှစ်ကုန်လို့ ခရစ်စမတ်လောက်ကနေစပြီး သောင်းကြမ်းမယ်တဲ့။သူလာရင် လုံလုံခြုံခြုံနဲ့ နေတတ်အောင်နေပါတဲ့။

mstint said...

မိအေးရိုက်ချက်က ဆိုးပါ့နော် မေးရိုးအက်နိုင်တယ် အခုထဲက ဆာဂျရီလေးဘာလေးနဲ့ အဆက်အသွယ်လုပ်ထားအုံး သူကြီးမင်းရေး))
ဒီလိုလေးတွေ ဟုတ်မယောင် ဟုတ်မယောင်ရေးရင်း သီတင်းကျွတ်ပြန်ပြီ တစ်နှစ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

လာရောက်အားပေးသွားပါ၏
လွင်ပြင်၏ ဘလော့လေးသို့လဲ လာရောက် အားပေး စေဖန် သင်ကြားပေးပါအုံး

နေ၀သန် said...

ကွန်မန့်တွေတော့ပေးသွားပြီ.. အေးလွန်းရင် ကျုံ့သွားတတ်တယ်တဲ့... :P.. သူကြီးမင်း.. သတိသာထားပေတော့... :P


ခင်မင်လျက်
နေ၀သန်

(အန်တီတင့်ကလည်း သီတင်းကျွတ်ပြီတဲ့လေ... ဟိဟိ... သတိပေးတာ.. သူကြီးကို.. :P)

seesein said...

သူဂျီး
အေးရင် အေးတယ် မှတ်ပေါ့ သူဂျီးရဲ့

မိအေးကို တလို့မရတော့ဘူး မန်းရွှေပြည်မှာတော့ မိအေးက ရက်ရက်စက်စက် ပစ်သွားတာ ကြာပြီ...အခုတော့ သီတင်းကျွတ်လဲ မလာ ဘူး မကျွတ်လဲ မလာဘူး ဖြစ်နေတာ

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပ တော်တော်ရက်စက်တဲ့ မိအေး :):) အကိုရေ ဆောင်းဝင်ပြီဆိုတော့ နွေးနွေးထွေးထွေး ရှိမှနော်... မဟုတ်ရင်တော့လား....
ကောင်းသောနေ့လေး ဖြစ်ပါစေလို့...

စံပယ်ချို said...

ဘာလဲမသိမိအေးရိုက်ချက်တဲ့
အော်....အေးတာကိုး...

Candy said...

မိအေးဆိုတာ လတ်စသတ်တော့ အေးတာကိုး... ဂတ် ဂတ် ဂတ်... :P

Anonymous said...

အဲဒါကြောင့် ပြောတာပေါ့ သူကြီးမင်းရယ်
ထွေးစရာလေး ဘာလေး ရှာပါတော့လို့။

ပြောသာပြောရတယ် တုံးဖလား သူကြီးလည်း
ရွာကျန်ကြီး ထင်ပါတယ်းး)။

အင်္ဂါဟူး said...

သူဂျီးအကြောင်း ကျွန်တော်မျိုး ကောင်းကောင်းသိပါတယ်... ရွာကနေ ဘိလပ်ထိ လိုက်လာတယ်ဆိုကတည်းက မိအေးက သူဂျီးကို ဘယ်လောက်ချစ်လဲဆိုတာ...အဲဒီမိအေးကို နှုတ်မိနေဘီ။ ဒါထက် သဘောကျတာ မိအေးပုံကို ဆွဲထားတာ...အသည်းပုံလေးတွေနဲ့...။

blackroze said...

ရာသီဥတုအေးလာပြီ ဆိုရင်လည်းပြီးတာဘဲဟာ..
လူပြိုကြီးတွေများတယ်ခက်သကိုး...
နည်းနည်းလေးချမ်းတာနဲ့
မိအေးရက်စက်တယ်လေးဘာလေးနဲ့
အင်းပေါ့လေ..
လူပြိုကြီးဆိုတော့..အခုလိုဘဲ
ချမ်းရင်လည်း..ထွေးပွေ့စရာလူမရှိတော့..
အခုလိုဘဲချမ်းတဲ့အကြောင်းရေးတာပေါ့..ဟီးးဟီးးး
အဲတာကြောင့်ပြောတာ..ဘိလပ်ကမပြန်ခင်ရှာပါလို့
သူကြီးကတော်ရာထူးအတွက်လေ..ခွိခွိခွိ

အေးနေပြီဆိုရင်လည်းနွေးနွေးထွေးထွေးနေ..
ရေချိုးတာဂရုစိုက်
အပြင်ထွက်ရင်လည်း..အနွေးထည်လေးဘာလေး
သေချာဝတ်...
ဦးထုပ်လေးဆောင်း
take care bro..

San San Htun said...

ရက်စက်လှချင်လား မိအေးရယ်...တဂျီးမင်း ကျန်းမားရေးကို ဂရုစိုက်ဦးဗျ...ဒီမှာတော့ နည်းနည်းလေး အေးလိုက်..များများလေး နွေးလိုက်နဲ့ ...နိုဝင်ဘာလမှ မိအေးလာမယ်လို့  ဆိုတယ်

မိခွန် said...

:D LOL...


ခွန်တို့ဆီလဲ မိအေး လာတော့မယ်
မိအေးကို မကြိုက်ဘူး.... :(

သတိုး said...

သူကြီးကတော့လေ...။ တုံဖလားက ငယ်ချစ်ကလေးအကြောင်း မှတ်လို့ ။ အင်းလေ.. မိအေးလည်း ငယ်ချစ်ပါပဲ။ နှစ်စဉ်အမြဲ ဘယ်လောက်ထိ ဆက်ချစ်နေရဦးမယ် မသိ။ အနွေးထည်တွေသာ စုထားပါတော့ ဗျို့။ ရယ်လိုက်ရတာတာ ဂတ်..ဂတ် မြည်တာပဲ။း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ထင်တယ် ထင်တယ်
စကတည်းက တစ်ခုခုတော့ တစ်ခုခုဘဲလို့
မိအေးဆိုတာ မိန်းခလေးတော့မဖြစ်လောက်ပါဘူးလို့
သူဂျီးတို့ ဒီလောက်အဖြစ်မရှိတာ သိနေတယ်လေ ဟင်းဟင်း
ဒီမှာလည်း စပြီးချမ်းပြီသူဂျီးရေ
ဒါပေမဲ့ တအားတော့ မအေးသေးဘူး
မိုးက သိပ်မကုန်သေးတော့ နေလို့ထိုင်လို့ ကောင်းရုံလောက် အေးတာ
နောက်လထဲတော့ တော်တော်အေးပြီ.. ၁၂လပိုင်း ၁လပိုင်းများဆို
နေ့ခင်းတောင် ဂွမ်းစောင်နဲ့ နေရတော့မယ်
တော်တော်ဆိုးတဲ့ မိအေး

အလွမ်းမြို့ said...

လာရောက်ဖတ်သွားတယ်။
မအေးကို ချစ်တယ်ဆို တွဲလက်တွေ မြဲစေပေါ့..
ပျော်ရွှင်ပါစေ

ဆူးသစ် said...

အတွေးလေးကောင်းတယ်။ ကြိုက်တယ်ဗျ။ တဖြည်းဖြည်းနဲ့မှ အတွေးက ဘာကိုပြောချင်လည်းဆိုတာ ပေါ်လာတယ်။ အဲဒါ စာရေးသူရဲ့ပညာပါပဲ။

Maung Myo said...

ဂယ်ကြီးမှတ်နေတာ ဆုံးမှ ဟား ဒီလူကြီးကတော့ဗျာ လို့ဖြစ်သွားတယ် ။

မြသွေးနီ said...

မအေးရယ်...ချစ်လို့ပါကွယ်..ဆိုတဲ့ သီချင်းလေးတောင် သတိရသွားတယ်။ မိအေးလုပ်ပုံ အနွေးထည်ခြုံရပြီပေါ့ သူကြီးမင်း..။ :)

ဟန်ကြည် said...

အင်း...သိသိချည်းနဲ့ အငိုက်မိသွားပြန်ပါပေါ့လား သူကြီးမင်းရယ်...

ဖတ်ရင်းနဲ့စဉ်းစားလာလိုက်တာ...သူကြီးရဲ့ ငယ်ရည်းစားက အတော်လည်း ရက်စက်သကိုးလို့တွေးရင်း သနားလာလို့ ဘိလပ်သံနဲ့ ကျွတ်စ်ကျွတ်စ်လို့တော့ စုပ်သတ်နေမိသေးရဲ့...ဒီကြားထဲမှာ အရေးအသားကလည်း သွက်သွက်လက်လက်ဆိုတော့ တကယ့်ဖီလင်တွေကို အပီအပြင် ဖောက်ခွဲပြီး ပေါက်ကွဲထွက်လာသလား အောက်မေ့နေမိသကိုး...ကောင်းပါလေ့..

မေပဇ္ဇုန်တို့၊ မိဝါယုတို့၊ မစနိုး ဆိုတဲ့ စာသားတွေမြင်တော့မှ နည်းနည်း သံသယ၀င်လာတယ်...ဆက်ဖတ်တော့မှပဲ နှာခေါင်းပိအောင် အကြောင်းသိသွားတော့တာကိုး...

ကိုင်း သူကြီးရေ ၀ါလည်းကျွတ်ပြန်ပါပေါ့လား...ဆောင်းအမီ စောင်လေးဘာလေးလည်း ၀ယ်ချေဦးပေါ့...မိအေးကိုကြောက်ရင်ဖြင့်လည်း ဂွမ်းစောင်သာ ထူထူရုံပေရော့...ရင်ငွေ့မှ မလှုံနိုင်ရှာသေးပဲကိုး...ကျွတ်စ်ကျွတ်စ်...းးးး))))

စကားမစပ်...ဒီတစ်ပို့စ်က စာသားလေးတွေ ကြိုက်သဗျား...

အလင်းသစ် said...

မိအေးရက်စက်တာတော့ မပြောပါနဲ့တော့ ညညဆို ဒူးတွေကို ကိုက်လို့။။။ ကွေးကွေး အိပ်ရတာ ပြောပါတယ်။။။ဟီးးးးးးးးးးးး။။။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါသူကြီး
မိအေး---လို့ ရေးထားတဲ့ ဒီဇိုင်းကလေးကိုကြိုက်တယ်-

မောင်သီဟ said...

ပြောကြပြီတွေ့လား တယ်ဂျီးမင်း
လုပ်ဗျာ မြန်မြန်လေး သီတင်းလည်းကျွတ်ပြီ
အိပ်ရာထဲချည်း ပုဆိုးကျွတ်မနေနဲ့အုံး
တကယ့်မိအေးကိုရှာတော့
ဘိလပ်သူတစ်ယောက်လောက် ကောက်ယူလိုက်ဗျာာာ
(ဒုက္ခရောက် တယ်ဂျီးရောက်ပေါ့ မောင်ဘကြိုင်နဲ့ဆိုင်ပေါင်)

အားပေးသူ
မောင်ဘကြိုင်

မဒမ်ကိုး said...

ကွန်းမန့်တွေ အားတာနဲ့ထိုင်ဖတ်လိုက်တာ တဂျီး အဖြစ်မရှိတာ လုံးလုံးပေါ်တော့တယ် ငှဲငှဲ ငှဲငှဲ
တနားလိုက်တာ တဂျီးရယ် ..
အဲလိုဘဲ ..အမြဲလိုပဲ ရေမကူးတတ်တဲ့ဘဲလိုပဲ အော်သာအော်နေး)
အေးလို့မသိုးသေးတာ
ပူတဲ့အရပ်ဆို လူပျိုသိုး လူပျိုပုပ် ဖြစ်နေလောက်ပြီ ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ
ခင်တဲ့
မဒိုးကန်

ညိမ်းနိုင် said...

တဂျီး....ခင်ဗျားကြီး ကျုပ်တို့ကို အရူးလုပ်ပေါင်းများဘီ....၊
ထင်တော့တင်တယ်...မစနိုးတို့ဘာတို့ဆိုတော့ ဘာလိုလို..
ဒါပေမယ့် အဆုံးရောက်တဲ့အထိ တဂျီးမင်းအရူးလုပ်တာ
ခံလိုက်ရတာပါပဲ...လူဇိုးတဂျီး.....:)))

မေသိမ့်သိမ့် ကျော် said...

မိအေးနှိပ်စက်လိုက်တာ ဂတ်ဂတ်ဂတ် တဲ့... အဟီး။ ဖတ်ကောင်းတဲ့ ပို့စ်ပါ တဂျီးရေ။း)

ခင်တဲ့
မေသိမ့်

မြစ်ကျိုးအင်း said...

လန်ဒန်က မိအေး တို့ အားကြီးဆိုးတယ်ဗျ။
ဒီက မမအေးကတော့ တွေ့ဆုံဆက်ဆံလို့ ကောင်းတယ်။
အေးတာကြိုက်ပေမယ့် အရမ်းအေးတာမျိုး ကျတော့လည်း နေရထိုင်ရ ခက်လှတယ်။
စောင်လေးနဲ့ ကွေးရတာလည်း အရသာတမျိုးပဲ မဟုတ်လား။

သဒ္ဓါလှိုင်း said...

ရက်စက်တဲ့ မိအေးနဲ့ပဲ တွေ့နေကြတာပေါ့နော်။
ဖတ်လို့ကောင်းအောင် အမြဲရေးတတ်တယ်။
(နေမကောင်းဖြစ်နေလို့ ခုမှမဖတ်ရသေးတဲ့စာတွေ ဖတ်နေရတယ်. နောက်ကျတဲ့အတွက် ဆောရီးပါ)။
ခင်မင်လျက်
သဒ္ဓါ

writings service online said...

of citizens in the political life of the country is an essential condition of the execution of
writings service online