ဟိုဝင်ဒီထွက် သွားလာလှည့်ပတ်ရင်း တုံးဖလားရွာအတွင်း တစ်ရွာလုံးမှ တစ်ဆိုင်ထဲ ရှိသည့် မညွန့်ဆိုင်ကို ဖြတ်သန်းလာမိသည်နဲ့...
"သူကြီးမင်း.. ကျေးဇူးနော်"
ဟူသော အပျိုကြီး မညွန့်၏ ကျေးဇူးတင်စကားကို ထူးဆန်းစွာ ကြားလိုက်ရလေသည်။ ဘာအတွက် ကျေးဇူးတင်မှန်း မသိ။ အပြန်အလှန် စဉ်းစားကြည့်မိသည်။ လောလောလတ်လတ် ဘာတစ်ခုမှ မညွန့်ကို မကူညီခဲ့သေးပေ။
"ဘာအတွက် ကျေးဇူးတင်နေရတာလဲ အပျိုကြီးရဲ့"
"သူကြီးနော်။ သူများကို အပျိုကြီးလို့ မခေါ်ပါနဲ့။ အခုမှ ၃၅။ အလတ်စားကြီးဘဲ ရှိပါသေးတယ်"
"အော်... အရေးထဲ နွဲ့ပြနေသေးတယ်" ဟု စိတ်ထဲ ကျိတ်ရေရွတ်ရင်း ရှေ့နေ့ နောက်ကြည့် ဘေးကြည့် ဘယ်လိုကြည့်ကြည့် နဲနဲလေးမှ ရင်ခုန်စရာ မကောင်းသည့် အပျိုကြီးကို မလိုအပ်သည့် စကားများ မပြောချင်သောကြောင့်..
"ဘာကို ကျေးဇူးတင်နေတာလဲ မညွန့်ရဲ့"
ဟု လိုရင်းကိုသာ မေးလိုက်လေတော့၏။
"ရောင်းလိုက်တဲ့ ရောင်းကုန်တွေ လျော့မသွားဘဲ အကျိုးအမြတ် မြက်မြက်ကလေး ရလိုက်လို့လေ"
"ဟေ.. ဘယ်လို ဘယ်လို"
"ဘယ်လိုမှ မဟုတ်ဘူး။ သူကြီးမင်းရဲ့။ ဒီလို ဒီလို.."
...
"သြကာသ.. သြကာသ.. သြကာသ........"
"ဟေ့ကောင်တွေ.. ဆက်ဆိုလေကွာ.. သြကာသ သုံးခွန်းထဲနဲ့ ဘာဖြစ်လို့ ရပ်တန့် နေကြရတာလဲ"
"အလွတ်မရတော့ဘူး သူကြီးမင်း။ ဒါကြောင့် ဆုသာ ပေးပါတော့"
သီတင်းဝါလကျွတ်ပြီမို့ ရွာထဲမှ ပေါက်ကျော်နဲ့ ကံလှ သူကြီးမင်းအား လာကန်တော့ကြခြင်းဖြစ်၏။ ကန်တော့ပစ္စည်းကတော့ နှစ်ယောက်ပေါင်းမှ ဖယောင်းတိုင်အသေးစား တစ်ထုပ်နှင့် သဇင်ဘီစကွတ်တစ်ထုပ်။
သည်ကောင်တွေအကြောင်း သူကြီးမင်းကောင်းကောင်းသိ၏။ မုန့်ထုပ်ကလေးတွေနဲ့ မျက်နှာလုပ် ရိုသေပြပြီး မုန့်ဖိုး မျှော်ကိုးကြသူများ ဖြစ်၏။ ရိုးရာယဉ်ကျေးမှု ထုံးတန်းစဉ်လာမို့ သူကြီးမင်းလဲ တောက်တောက်လဲ အကုန်အကျခံပြီး ကန်တော့ခံနေရလေ၏။
သူကြီးမင်းသည် ကျန်းမာချမ်းသာစေကြောင်း ဆုပေးပြီး သူတို့အား ကော်ဖီ သွားရည်စာများနဲ့ ကျွေးမွေးဧည့်ခံလိုက်၏။ ထို့နောက် မုန့်ဖိုးပေးရန် အခန်းထဲ ၀င်ပြီး တစ်ယောက် ငါးရာစီပေးရန်ဟူသော စိတ်ကူးဖြင့် ပိုက်ဆံ အိတ်ထဲမှ ငါးရာတန် နှစ်ရွက်အား ဆွဲထုတ် လိုက်လေ၏။ ထိုအခိုက် အပြင်မှ ပေါက်ကျော်နှင့် ကံလှ အချင်းချင်း စကားတိုးတိုးပြောသံကို ကြားဖြစ်အောင် ကြားလိုက်လေ၏။
"ပေါက်ကျော်ရေ.. ငါတို့ အရင်းမှ ကျေပါ့မလား မသိဘူးနော်"
"အာ.. မင်းကလဲ.. သူကြီးမင်းက အရူးမှ မဟုတ်တာ။ လေးငါးရာလေးဘဲ ပေးပါ့မလား။ အနည်းဆုံးတော့ ထောင်ဂဏန်းဘဲ"
"သေချာပါ့မလား ပေါက်ကျော်"
"လောင်းတောင် လောင်းလိုက်ချင်သေးတယ်။ သူကြီးမင်းက ဒီလောက် စေတနာ သဒ္ဓါတရား ရက်ရက်ရောရော ရှိတာ။ မုန့်ဖိုးကို နဲနဲလေး ပေးပါ့မလား။ ဟ ကောင်ရ။ မှတ်ထား။ သူကြီးမင်းက လူဆင်းရဲ ငတုံးငအ ကပ်စေးနှဲ လူ့ဂွစာ မဟုတ်ဘူး"
ထိုစကားပြောသံတို့ကို အခန်းတွင်းမှ ကြားရပြီး စိတ်မသက်သာစွာဖြင့် နောက်ထပ် တစ်ထောင်တန် တစ်ရွက်စီ ပိုက်ဆံအိတ်ထဲမှ ဆွဲထုတ်လိုက်ရလေတော့၏။ အခန်းတွင်းမှ ထွက်လာစဉ် ပေါက်ကျော်က ကံလှ ပေါင်ကြောကို လက်ကလေးနဲ့ အသာကုတ်ပြီး "ထွက်လာပြီ ထွက်လာပြီ ကြည့်နေ" ဟူသော အသံတိတ်ဖြင့် အချက်ပေးနေသည်ကို သူကြီးမင်း မြင်ဖြစ်အောင် မြင်လိုက်မိသေး၏။ ထို့နောက် တစ်ယောက် ၁၅၀၀ စီပေးလိုက်သောအခါ ပေါက်ကျော်က ကံလှကို ကြည့်ပြီး "ဘယ်လိုလဲ ငါပြောတာ မမှန်ဘူးလား" ဟူ၍ အဓိပ္ပါယ်ထွက်သော မျက်နှာရိပ်ကို ပြလေ၏။
"အော်.. ကလေးတွေ.. ကလေးတွေ.. တစ်ရက်ကြီး တစ်နည်းသာ မဟုတ်တော့ဘဲ တစ်ရက်ငယ် တစ်ရက်လည် ဖြစ်နေကြပြီကော" ဟူ၍ သူတို့လေးတွေ၏ ပညာရပ်ကို ကျိတ်၍ ချီးကျူးမိလေ၏။ မောင်ပေါက်ကျော်နှင့် ကံလှတို့နှစ်ယောက် သူကြီးမင်းအား နှစ်ပေါက်တစ်ပေါက် ရိုက်သွားသည်ကို သူကြီးမင်း သိသိကြီးနဲ့ ခံလိုက်ရလေ၏။
ထို့နောက်တွင်တော့ ရွာထဲမှ လူငယ်တွေ တစ်ဖွဲဖွဲ မုန့်ထုပ် ဖယောင်းတိုင်ထုပ် လဘက်ထုပ် ဂျင်းထုပ် စသည် ကိုင်စွဲပြီး သူကြီးမင်းအား လာကန်တော့ကြလေတော့၏။ အားလုံးကို မုန့်ဖိုး ကိုယ်စီပေးရလေ၏။ လူငယ်တွေ ပြီးတော့ လူကြီးတွေ အလှည့်။ လူကြီးတွေမို့ ကိုယ်က သြကာသ ဆိုရမလား ထင်နေခဲ့၏။ သို့သော် သူတို့က အသက်အရွယ် ပိုကြီးပေမဲ့ သူကြီးမင်းရဲ့ ဂုဏ၀ုဍ္ဎိ (ဂုဏ်ကြီးမြတ်ခြင်း)ကို လာကန်တော့တာဟူ၍ ဆင်ခြေပေးကြလေ၏။ ထိုသို့ဖြင့် ရွာလုံးကျွတ် တစ်ယောက်မကျန် လာကန်တော့ကြလေ၏။ လာသမျှ လူကြီး လူငယ် လူရွယ် လူလတ် အားလုံးတို့အား သူကြီးမင်းက ကော်ဖီ ရေနွေးကြမ်း လဘက်ရည် လဘက်သုပ် ထန်းလျက် ကိတ်ခြောက်တို့ဖြင့် ဧည့်ခံရလေ၏။ လူငယ်တို့အား မုန့်ဖိုး၊ လူကြီးများအား လဘက်ရည်ဖိုး ဟု ခေါင်းစဉ်တပ်ကာ ပေးနေရသည့်အတွက် သူကြီးမင်းရဲ့ ပိုက်ဆံအိတ်ဖောင်းဖောင်းကလေးသည် သီတင်းကျွတ်မှာ ပြားပြားလေးသာ ကျန်လေတော့၏။ ကန်တော့ခံ ပစ္စည်းအားလုံးကို ရွာထဲရှိ အပျိုကြီးမညွန့်ဆိုင်က ၀ယ်လာကြခြင်းဖြစ်လေ၏။
လာကန်တော့ကြသည့် ရွာသူရွာသားများ အားလုံး ပြန်သွားကြသည့်အခါ သူကြီးမင်းအိမ်၌ ဘီကစ်မုန့်ထုပ်၊ ဖယောင်းတိုင်ထုပ်၊ လဘက်ထုပ်၊ သကြားထုပ်၊ ကယေကယာထုပ် စသည်တို့ဖြင့် ထင်းဆိုင်ကြီးသမျှ ဧည့်ခန်းပြည့်လုနီး ကျန်ရစ်ခဲ့လေ၏။ ကန်တော့ခံ ပစ္စည်းများပင် ဖြစ်၏။ သူကြီးမင်းလဲ ဘာတစ်ခုမှ အသုံးမလိုသည့်အတွက် ဘုန်းတော်ကြီးကျောင်းသို့ အကုန်လှူပစ်လိုက်လေ၏။ ရွာဦးကျောင်းဆရာတော်က ထိုပစ္စည်းများအား ကိုရင်ကျောင်းသားများအား အညီအမျှ ခွဲဝေပေးလေ၏။ ကိုရင်ကျောင်းသားများကလဲ ရွာထဲမှ လာပို့ကြသည့် စားစရာများနဲ့ ဗိုက်အင့်နေကြသည့်အတွက် ထိုပစ္စည်းတို့အား အပျိုကြီး မညွန့်ဆိုင်သို့ ပြန်သွင်းကြလေတော့၏။ မညွန့်က တစ်ဝက်ဈေးဖြင့် ပြန်ဝယ်လေ၏။
"မညွန့်... ဒီ အထုပ်က ၀ယ်တုန်းက ငါးရာ ပေးရတယ်တဲ့။ အခု လေးရာနဲ့ ပြန်ဝယ်ပါလား"
"မရဘူး။ အားလုံး တစ်ဝက်ဈေးဘဲ။ ငါးရာတန်ကို နှစ်ရာ့ငါးဆယ်ဘဲပေးမယ်။ တစ်ထောင်တန်ကို ငါးရာဘဲ ပေးမယ်။ မရောင်းချင် ပြန်ယူသွား"
အပျိုကြီးမညွန့်ကလဲ ခပ်တင်းတင်း။ ကိုရင်ကျောင်းသားများကလဲ အရင်းအနှီး မစိုက်ရသည့်အတွက် ရသည့်ဈေးဖြင့်သာ မညွန့်ဆိုင်မှာ အထုပ်တွေအားလုံး ပြန်ရောင်းကြလေတော့၏။ ပထမ မညွန့်ဆိုင်က အထုပ်တွေ သူကြီးမင်းအိမ်ရောက်၏။ ထို့နောက် ဘုန်းတော်ကြီးကျောင်းသို့ ရောက်၏။ ထို့နောက် မညွန့်ဆိုင်သို့ ပြန်ရောက်လေ၏။ သံသရာလည်သည် ဆိုသည်မှာ ထိုသည်ကိုပင် ခေါ်သည် ထင်၏။
.....
"အဲဒါပါဘဲ သူကြီးမင်း... ဒါကြောင့် သူကြီးမင်းကို ကျေးဇူးတင်တယ်လို့ ပြောတာ။ သူကြီးမင်းကို အကြောင်းပြုလို့ အခုလို အမြတ်များများ ရတာလေ"
"အော်... အေး အေး... ၀မ်းသာပါတယ်။ သာဓု သာဓု သာဓု"
ဟူ၍ ဘာကို ဘာကြောင့် သာဓုခေါ်မှန်း ကိုယ်တိုင်ပင် မသိဘဲ အပျိုကြီးမညွန့်ဆိုင်မှ ဖဲခွါလာခဲ့လေ၏။ ထို့နောက် သီတင်းမကျွတ်ခင်က အဖြစ်အပျက်ကလေး တစ်ခုအား အမှတ်ရမိလေပြန်၏။ နှစ်စဉ် သီတင်းကျွတ်ပြီဆိုလျှင် သူကြီးမင်းအိမ်၌ လူစည်မြဲဖြစ်၏။ ဒီနှစ်လဲ သေချာပေါက် လူစည်ကားဦးမည်ဖြစ်၏။ ထို့ကြောင့် ဧည့်ခံ ကျွေးမွေးရန်အတွက် သီတင်းမကျွတ်ခင်က မြို့တက်ပြီး ကြိုတင် စားစရာ သောက်စရာများကို သူကြီးမင်းကိုယ်တိုင် သွားဝယ်လေ၏။ အိမ်မှာ ရေနွေးထည့်ရန် ဓါတ်ဗူးတစ်လုံး လိုအပ်နေသည့်အတွက် စည်ပင်သာယာဈေးထဲမှ ဓါတ်ဗူးအကြီးတစ်လုံးအား ၀ယ်လိုက်လေ၏။ ဈေးထဲ ဟိုလျှောက်ဒီလျှောက် သွားနေရသည့်အတွက် မောပန်းလာပြီး ရေဆာလာလေ၏။ ထို့နောက် ဓါတ်ဗူးကလေးအား ဆွဲကာ မြို့ပေါ်ရှိ အသိမိတ်ဆွေ အိမ်တစ်အိမ်သို့ ရေအေးအေးလေး သောက်ရင်း သာကြောင်း မာကြောင်းမေးရင်း အလည်အပတ်သွားလေ၏။ အိမ်ပေါ်သို့ ရောက်သည်နဲ့ တစ်ပြိုင်နက် မိတ်ဆွေ၏ အမျိုးသမီးဖြစ်သူ မကြည်အေးက...
"သူကြီးမင်းရယ်... အားနာစရာကောင်းလိုက်တာ.. ဘာဖြစ်လို့ ဓါတ်ဗူးကြီး ၀ယ်လာရတာလဲ။ ကျမတို့က သိပ်မလိုအပ်ပါဘူး။ ဓါတ်ဗူး သေးသေးလေးဆို အဆင်ပြေပါတယ်"
ဟု... ရောက်မဆိုက် ထင်ရာ မြင်ရာကို ဇွတ်ပြောနေလေတော့၏။ သူကြီးမင်းသည် ထိုအမျိုးသမီး၏ အသံကို ကြားလိုက်ပြီး ရေဆာနေသည့် စိတ်ပင် ပျောက်သွားလေ၏။ ထိုစဉ် မိတ်ဆွေ ဖြစ်သူ (ထိုအမျိုးသမီး၏ယောက်ျား) ထွန်းမောင်က အခန်းတွင်းမှနေပြီး သူ့အမျိုးသမီးအား.....
"မိန်းမရေ... ဓါတ်ဗူးအကြီးဆို ပိုကောင်းတယ်ကွ။ ယူထားလိုက်ပါ။ သူကြီးမင်းက အားနာစရာ မလိုပါဘူး။ လွတ်သဘောကောင်းတာ။ ငါတို့ ဓါတ်ဗူးကြီး လွန်ခဲ့တဲ့ တစ်လလောက်က ကျကွဲသွားတာနဲ့ အတော်ဘဲ..."
ဟု လှမ်းပြောလေ၏။
"သွားပြီ သွားပြီ။ ရေတစ်ခွက်နဲ့ ဓါတ်ဗူးတစ်လုံး လဲသောက်ရကိန်းဘဲ" ဟု စိတ်တွင်း မသက်သာစွာဖြင့် သူကြီးမင်းလဲ...
"ရပါတယ်ဗျာ။ အားမနာပါနဲ့။ ကျနော်က ခင်ဗျားတို့ လိုအပ်မယ်ထင်လို့ တမင်သကာ ၀ယ်လာခဲ့တာပါ" ဟု ချောလဲ ရောထိုင် ပြောဆိုရင်း သောက်ရေအိုးထဲမှ ရေကို အညှိုးဖြင့် ငါးခွက်လောက် ဂွပ် ဂွပ် ဂွပ် ကနဲမြည်အောင် ဆက်သောက်ပစ်လိုက်လေ၏။ ထို့နောက် စကားစမြည်ပြောပြီး ဓါတ်ဗူးကြီးအား ပေးထားခဲ့ကာ စည်ပင်သာယာဈေးသို့ ဓါတ်ဗူး နောက်တစ်လုံး ထပ်ဝယ်ရင် ထပ်သွားလိုက်ရလေတော့၏။
သီတင်းမကျွတ်ခင်က အဖြစ်အပျက်ကလေးကို သတိရလိုက်၊ သီတင်းကျွတ် လာကန်တော့ကြတဲ့ ကန်တော့ခံ ပစ္စည်းများကို သတိရလိုက်၊ မုန့်ဖိုးပေးရသည်ကို သတိရလိုက်ဖြင့်.. "မဖြစ်ချေဘူး.. မဖြစ်ချေဘူး.. လာမဲ့နှစ် သီတင်းကျွတ်ကျရင်တော့ သီတင်းမကျွတ်ခင် တစ်ပတ်လောက် ကြိုတင်ပြီး တစ်လ တရားစခန်းသွားဝင်ထားမှ.. ဒါမှ အကုန်အကျလဲ သက်သာ ကုသိုလ်လဲရ..." ဟု တစ်နှစ်လောက် လိုသေးသည့် လာမဲ့ သီတင်းကျွတ်အား စိတ်ကူးလေးနဲ့ ပုံဖော်ကာ ယောဂီဟန်ပန်လေးဖြင့် "ဘယ်လှမ်းတယ်.. ညာလှမ်းတယ်.. ကြွတယ်... ချတယ်.. ထိတယ်.... သိတယ်.... ထိစ..ထိလယ်..ထိဆုံး.. " ဟူ၍ မမှတ်တတ် မှတ်တတ် မှတ်ကာ ခပ်ပြုံးပြုံး ခပ်ဖုံးဖုံး အနေအထားဖြင့် အိမ်သို့ ပြန်လာခဲ့လေတော့၏။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)
.

30 comments:
လာကန်တော့တယ်ရှင့်။ သူကြီးမင်းရေ မုန့်ဖိုးပေးပါဗျိုးးးး။
အဲ ခနနေ တရားစခန်းဝင်သွားမှ ဟုတ်ပေ့...း)
ခင်တဲ့
မေသိမ့်
ဟင်းးဟင်းးဟင်းး
လူပြိုတဂျီးမင်း ဆိုတော့လည်း
အခုလိုဘဲပေါ့လေ..
သီတင်းကျွတ်အခါသမယမှာလက်ကလေး
တွဲလို့..ပွဲဈေးလျှောက်စရာဘိုလုပ်ပြီး
အဖော်၇ှိမလဲလေ..ဖြစ်တတ်ပါတယ်
ဖြစ်တတ်ပါတယ်..
လာကန်တော့တဲ့သူတွေကိုပုန်းချင်တော့လည်း
တရားစခန်းဘဲပြေးရတာပေါ့လေ
အင်းးးး လူပြိုကြီးဖြစ်ရတဲ့ ဒုက္ခ..
စတာနော် အကို ဟီးးဟီးးး
ခင်လို့စတာစိတ်မဆိုးကြေး
ဝစ္စနှစ်လုံးပေါက် ပီ
ဒီလောက် တွန့်တိုနေမှတော့ မိန်းမယူမလို့ ကျိတ်စုနေတာများလား.. :D
နောက်နှစ် တရားစခန်းလား..မင်္ဂလာခန်းလား ကြည့် ကြသေးတာပေါ့ သူကြီးရာာာာ ..:D
သူကြီးမင်း..
နောက်မှ အေးဆေးလာအုံးမယ်
အခုတော့ ကျွန်တော်အကောင့် သမ သွားလို့
အသစ်ဖွင့်လိုက်တယ်ဗျာ ဒီအမှု့ကိုလည်း
သူကြီးကိုအပ်ပါတယ်းး)။။
(မနေ့က မင်းဧရာ )
အခုတော့ မဟုတ်တော့ဘူး။
လူပြိုကြီးတိုတိုမှောင်ရေ
မိဂျက်တို့ လက်သံလေးချန်ခဲ့ပါပြီ
ဒါနဲ့သကြီးမင်းကဘယ်တော့မိန်းမ
ယူမှာလဲ...အဲတာအရင်ဖြေပါ????????????
ခင်မင်တဲ့ jasmine
အဟေး...
ဦးဟန်ကြည်တို့က ဒီနေရာမှာတော့ သူကြီးမင်းထက် သာသွားချေပြီကိုး...ကျောင်းသားသစ် ကျောင်းသားဟောင်းတွေ ဖွေးဖွေးလှုပ်လာကန်တော့ကြပေမယ့် ဆရာတပည့်ဆက်ဆံရေးကို မြန်မာ့လူမှုမှာ သတ်မှတ်ထားတဲ့ ထုံးတမ်းစဉ်လာအရ ဖွတ်ကလိဒင်္ဂါးအကုန်ခံပြီး မုန့်ဖိုးပဲဖိုး ပေးစရာ မလိုကြောင်းပါဗျား...
အလကားရတဲ့ လေကို အားရပါးရအသုံးပြုပြီးသကာလ ခပ်ငယ်ငယ် ကိုရင်ဝတ်စဉ်က နှုတ်တိုက်အာဂုံဆောင်ထားခဲ့တဲ့ ဣစိတ္တံ ဆုပေးလေးမှာ အောင်ပါစေ၊ ဂုဏ်ထူးရပါစေလေးစွက်ပြီး ကလေးတွေအကြိုက် ဖရဏာပီတိမှာ ဂွမ်းဆီလေးထိအောင် ဆုပေးလိုက်ရုံနဲ့အဆင်ပြေသဟာကြောင့် စိတ်ကူးမလွဲဘဲ ပညာရေးလောကကို အပြေးတစ်ပိုင်း ၀င်လာဖို့ ၀မ်းမလီးဝဲလ်ကမ်းမ်းလိုက်ပါကြောင်း သူကြီးမင်း လူပြိုဂျီးရေ...
ကိုင်း တစ်ဝါပြီး တစ်ဝါတော့ ကျော်လာပါပကော...စောတင်မောင် မောင်ဘကြိုင်တောင် စွံဖို့အရေး လုံးပန်းနေသဟာဖြင့် အနှီသကြီးမင်းက အဘယ်ကြောင့်များ ၀ါယမစိုက်ထုတ်ခြင်း မပြုအံ့သေးသည်ကို စောကြောချင်စိတ်ပေါ်လာမိပါ၏...
တရားစခန်း ပြေးမယ်ကြံလို့  ဘယ်ရပါ့မလဲ တဂျီးမင်းရယ်...မညွှန့် ဆိုင်က ဖယောင်းတိုင်ထုပ်၊ မုန့် ထုပ်တွေနဲ့  လာကန်တော့သွားပါတယ်...မုန့် ဖိုးများများပေးပါ ခင်ည...
ဒီလိုလေတွေနဲ့ပဲ တ၀ါပြီးတ၀ါကျွတ်ပါပေါ့.
မောင်ဘုန်း ကတုံးသာတုံးရတော့မယ်ပ
အဖြစ်ရယ်မှ တယ်မရှိချင်ဘု ..
ဒီမောင်မှာ အဖော်မဲ့လှတယ်
ကျွတ်ပါ့မလား.......
ငှဲငှဲ ငှဲငှဲ တဂျီးးးးးးးးးးးးးးးးးးးးးးးးးးးး)
:))))) ရီလိုက်ရတာ..
လူကြီးတွေကို ကန့်တော့ရမှကိုကျေနပ်တာဆိုတော့
တရားစခန်းဝင်လဲ ထွက်အလာမှကန်တော့မှာပဲးD
ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
အဟီး... ဒီပုံပြင်လေးမိုက်တယ်... သူကြီးမင်းကို ကန်ဒီလည်း လာကန်တော့ပါတယ်... မုန့်ဖိုးပေးပါတော့... သူကြီးမင်းက သဘောကောင်းပါတယ်.. နော့်... (မျှော်လင့်ချက်ကြီးသော မျက်လုံးလေးနှင့်ပြောသည် :P)
သူကြီးမင်း.. တစ်ဝါကျွတ်ပြန်ပြီ... ဘယ်လိုတုန်း.. ဒုံရင်းကဒုံရင်းပဲလား.. ဟိဟိ... :P
ခင်မင်လျက်
နေ၀သန်
သကြီး ရေ
ဒီတခါ သီတင်းကျွတ်ရင် သကြီး စီ ကို သတင်းကျွတ် ကန့်တော့ တာတွေ တိုက်ရိုက် အပျိုကြီးထက် ဦးအောင် လာသိမ်းမယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မရဘူး..... တရားစခန်းဝင်ချင်ရင်လည်း... ကန်တော့ခံပြိးမှ ဝင်....နော်အကို...:):) အခုလောလောဆယ်တော့ မုန့်ဖိုးပေး.....လို့ ..:P
ထောင့်ငါးရာ လောက် နဲ့  မကိုက်သေးဘူးဗျာ။ နည်းနည်း တိုးပေးပါဦးလား။ :)
သူကြီးမင်းရဲ့ တွက်ချေမကိုက်သော သီတင်းကျွတ်ပေါ့..။
တဂျီး....မညွှန့်ဆိုင်က ဇီးထုတ်တစ်ထုတ်နဲ့လာကန်တော့
တယ်....မုန့်ဖိုးပေးတော့....:)))
တယ်ဂျီး မကျွတ်သေးတာအရမ်းခက်တယ်
သူများတွေပြောကုန်ကြပီ ကျွန်တော်ဆိုမခံဖူးဗျာ
တယ်ဂျီးပဲခံး)း)
မောင်ဘကြိုင်
ကိုင်းဘယ်လိုလဲ သူကြီးမင်း..
အခုတော့ သူများပြောစရာတွေဖြစ်ကုန်ပြီ
အမလေး အထက်က ချဉ်ပေါင်ခင်း ကလည်း
ဗူဗူခြင်း ၁ လုပ်ချင်နေသေးတယ်
သူလည်းအဖြစ်ရှိတာ မဟုတ်ဘဲနဲ့းး)။
ကျွန်တော်ကတော့ မကန်တော့သေးဘူးနော်
သူကြီးမင်း နှစ်ယောက်ဖြစ်မှပဲ လာပြီးကန်တော့
တော့မယ် အဲဒီကြမှပဲ မုန့်ဖိုးကို နှစ်ယောက်စာ ပေးနော်။
Email အကောင့်ကို သမ သွားတာ သူကြီးမင်းရာ
ဘလောက်ဒ် ကို sign ၀င်လို့မရတော့လို့ အသစ်ဖွင့်လိုက်ရတာ။
(မင်းဧရာ)
သူကြီးမင်း ဦးကိုကိုမောင်နဲ့ ဦးပန်းရနံ့ ရေးတဲ့ စာလေးတွေက ဖတ်သူကို စိတ်လက်ပေါ့ပါး ပြုံးရယ်စေလို့ ကျေးဇူးပါ။ လူပျိုကြီး ဦးကိုကိုမောင် သီတင်းကျွတ်မှာ လူပျိုဘ၀ကို စွန့်လွှတ်နိုင်ပါစေး))
သူဂျီးမင်းရဲ့ပိုစ့်ကိုဖတ်ပြီး ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေက သီတင်းကျွတ်ဆို လူကြီးတွေကို လက်ဆောင်ခြင်းတွေ အရက်ပုလင်းတွေနဲ့ လက်ဆောင်ပေး ကန်တော့ကြတာ သတိရမိတယ်
အဲဒီခြင်းတွေ အရက်ပုလင်းတွေ သူဂျီးမင်းပြောသလို တစ်ဝက်ဈေးနဲ့ စတိုးဆိုင်တွေမှာ လူကြီးကတော်တွေက ပြန်သွင်းကြတာ မမြင်ချင်မှ အဆုံး။ ဒီတော့ အပျိုကြီးကို အပြစ်မြင်မနေပါနဲ့တော့
သူဂျီးမင်းသာ သီတင်းကျွတ်တိုင်း ပိုက်ဆံအိတ်ဖောင်းအောင် ကြိုးစားထားပါလို့း)
To : Chief of Tone-Pha-Lar Village
From : M-D-W @ Wolves Village
Subject : Paying respect for Thadingyut festival
_/\_ _/\_ _/\_
_/\_ _/\_ _/\_
_/\_ _/\_ _/\_
Requirement : £1,000,000 (GBP 1 million) for pocket money. :))
***
သီတင်းကျွတ်ရင် လူပြိုကြီးတွေရဲ့ မင်္ဂလာသတင်းပဲ စိတ်ဝင်စားတယ်ဗျ ကဲ ဘီလိုတုန်း သူကြီးး)
အကြိမ်ကြိမ် သီတင်းကျွတ်ခဲ့ပေမယ့် ထူးခြားပြောင်းလဲမှုမရှိတဲ့ သူကြီးမင်းရေ ရင်မခုန်သ၍ ဒီလိုပဲအချိန်တွေဖြတ်သန်းနေရမှာပေါ့ကွယ်း))
'သူကြီးမင်းက ဒီလောက် စေတနာ သဒ္ဓါတရား ရက်ရက်ရောရောရှိတာလူဆင်းရဲ ငတုံးငအ ကပ်စေးနှဲ လူ့ဂွစာ မဟုတ်ဘူး' ဆိုတာကို ကြော်ငြာဝင်လိုက်မယ်နော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရယ်ရတယ်ကွာ ရယ်ရတယ် သူကြီးမင်းရယ် ဟား ဟား ဟား ဆိုပြီး အသံထွက်အောင် ထပ်ရယ်လိုက်ပါဦးမယ်နော်။ ဓာတ်ဘူးနဲ့ ရေငါးခွက်နဲ့ လှဲရတယ်တဲ့။ ဟား ဟား။
ကျွန်တော်တို့သိထားတဲ့သီတင်းကျွတ်ကို ပုံစံတစ်မျိုးပြောင်းပြီးတင်ပြထားတာကောင်းတယ်ဗျာ။ ရေးတတ်တဲ့သူတွေမှာ ရေးစရာမရှားဘူးဆိုတာ သက်သေပေါ့။

ဟာသ သဘောဖတ်ရပေမယ့် ဒါဟာ မြန်မာ့ရိုးရာ ချစ်စဖွယ်ဓလေ့လေးပါပဲ သူကြီးရေ။ ကလေးဘဝက အဲဒီလိုပဲ ခပ်ပေါပေါမုန့်ထုပ်လေးတွေ ဝယ်ပြီး လိုက်ရင်းရတာ ပြန်သတိရသွားတယ်။
(မအားမလပ်လို့ ခုမှရောက်ဖြစ်တာ ခွင့်လွှတ်ပါသူကြီးရေ)
နောက်ကျမှရောက်လာရတာအတွက် ခွင့်လွှတ်ပါ သူကြီး ခင်ဗျာ..။ မုန့်ဖိုးမရပေမယ့် ရယ်မောပျော်ရွှင် ကျေနပ်ခဲ့ရပါတယ်။ တန်ဆောင်တိုင်မှာရော...။ သူကြီးရဲ့ အတွေ့အကြုံလေးတွေ ရယ်ရယ်မောမော မှတ်သားပါရစေဦး...။
ခင်မင်သော ....
သတိုး
အရမ်းကိုရယ်ရတယ်...
people cannot be excluded from the political life. In stark contrast, the active involvement writing services online
Post a Comment